အခန်း (၁၄၄)
Vol. 11 Ch. 144
“မလုပ် … မလုပ်ပါနဲ့ …. မလုပ်ပါနဲ့” ကျန်းချွင်းဟွာသည် မြန်မြန်ပဲ ရှမ့်လန်၏ နှုတ်ခမ်းကို ဖိအုပ်လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းကလေးကျန်း ခင်ဗျား ကျုပ်ကိုကြိုက်နေတာ မဟုတ်ဘူးလား။ နောက်ဆုံး တစ်ကြိမ်တုန်းက ခင်ဗျား အချစ်ကဗျာရေးပြီး ကျုပ်ကို တံတားဆီလာဖို့ ဖိတ်ခဲ့သေးတယ်လေ။ အဲ့ဒီအချိန်တုန်းက ကျုပ်လာခဲ့ချင်တယ်။ ဒါပေမယ့် ကျုပ်မိန်းမက ကျုပ်ကို တားပြီးတော့ ရိုက်နှက်ခဲ့လို့ပဲ”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “မူလန်က ရှင့်အပေါ် အဲလောက်တောင် ကြမ်းတမ်းတာလား”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ် သူမက ရိုက်တယ်။ ပြီးတော့ ဆူငေါက်တယ်။ မကြာသေးခင်က သူ ကျုပ်လက်ကို ချိုးမလို့တောင်လုပ်ခဲ့သေးတယ်။ ကျုပ် အမှတ်မထင်နဲ့ ပါးစပ်ကနေ မဟုတ်တာ ပြောထွက်မိသွားလို့တဲ့”
ကျန်းချွင်းဟွာသည် ငိုတော့မလိုကဲ့သို့ပင် ပြောလိုက်၏။ “ရှမ့်လန်.. ရှင် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးနဲ့ အသက်ရှင်နေရတာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဘယ်သမက်တော်က ဒီလိုမျိုး မဟုတ်လို့လဲ။ ကြီးကျယ်မြင့်မြတ်တဲ့ လူတွေရဲ့ အရှေ့မှာ လူတွေက ဦးခေါင်းကို ငုံ့ပြီးပဲ နေထိုင်ရတာလေ။ ကျုပ်လို နိမ့်ကျတဲ့နောက်ခံကိုသာ ပိုင်ဆိုင်တဲ့ လူတစ်ယောက်အနေနဲ့ အနိုင်ကျင့်မှုတွေကို သည်းခံပြီး နေရုံပဲ ရှိတာပေါ့”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ရှမ့်လန်.. ရှင်ကျွန်မကို ကြိုက်လား”
ရှမ့်လန်က ပြောလိုက်သည်။ “ကြိုက်တာပေါ့”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဒါဆိုရင် ရှင်ကျွန်မနဲ့အတူတူ မနေချင်ဘူးလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း သိပ်နေချင်တာပေါ့”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဒါဆိုရင် ရှင် ရွှမ်ဝူအိမ်တော်ကနေ ထွက်ခဲ့။ ပြီးတော့ ကျွန်မတို့အိမ်မှာ အိမ်ပါသမက် လာလုပ်လေ။ အိမ်ပါသမက် မဟုတ်ဘူး။ ရိုးရိုးသမက်လည်း ဖြစ်တယ်။ ကျွန်မအဖေက ရှင့်အတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်တယ်။ ရှင့်ရဲ့ပါရမီကိုလည်း မဖြုန်းတီးတော့ဘူးပေါ့”
ရှမ့်လန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မဖြစ်ဘူး”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဘာကြောင့်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ရွှမ်ဝူမြို့စားအိမ်တော် အရေးတကြီး ဒုက္ခရောက်နေတဲ့ အချိန်တုန်းမှာ မထားခဲ့နိုင်ဘူး။ ဒါဆို ကျုပ်က အရမ်းရက်စက်ပြီးတော့ လူ့သိက္ခာကို မထိန်းသိမ်းနိုင်တဲ့သူတစ်ယောက်လို ဖြစ်သွားလိမ့်မယ်။ ကျုပ် ... ကျုပ်မိန်းမကို စိတ်ဓာတ်ကျစေလို့ မဖြစ်ဘူး”
ထိုအချိန်မှာတော့ ကျန်းချွင်းဟွာသည် မည်သို့မှ မနေနိုင်တော့ချေ။ တစ်ဖက်လူသည် သူမကို ဖက်ထား၏။ သို့ပေမည့် သူ၏မိန်းမကို စိတ်ဓာတ်ကျအောင် မလုပ်ဘူးလည်း ပြောဆိုလျက်ရှိ၏။
“ကျုပ် ကျုပ်မိန်းမကို အရမ်းချစ်တာ”
ရှမ့်လန်သည် ကြင်နာစွာ ပြောလိုက်သည်။ “ဒါကြောင့် သူ့ကို စိတ်ဓာတ်ကျစေလို့ မဖြစ်ဘူး”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဒါဆိုရင် ရှင်အခု ဘာလုပ်နေတာလဲ။ ကျွန်မက ရှင့်လက်ထဲရောက်နေပြီလေ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ... ကျုပ်မိန်းမကို ချစ်တယ်။ ဒါပေမယ့် ခင်ဗျားကိုလည်း ကြိုက်တယ်။ ဒီလိုလုပ်ကြရအောင် တစ်နေ့ ရွှမ်ဝူအိမ်တော် ကြီးကြီးမားမား ပြောင်းလဲသွားလို့ရှိရင် ကျုပ်ခင်ဗျားကို လာပြီး လက်ထပ်လို့ရလား”
ကျန်းချွင်းဟွာက နားလည်သွား၏။ ရှမ့်လန်ဆိုလိုသည်မှာ ရွှမ်ဝူအိမ်တော်သည် ဖျက်ဆီးမခံရသေးချေ။ ထို့ကြောင့် သူ မထွက်ခွာချင်သေးပေ။ သို့ပေမည့် တစ်နေ့ ရွှမ်ဝူအိမ်တော် ဖျက်ဆီးခံရသည်ဆိုပါက ရှမ့်လန်သည် သူမကို လာရောက်ကာ လက်ထပ်မည်ဖြစ်ကြောင်းပင်။ လောကတွင် အရှက်မဲ့သည့် လူပေါင်းများစွာတို့ကို သူမ မြင်ခဲ့ဖူး၏။ သို့ပေမည့် ဤကဲ့သို့ အရှက်မဲ့လွန်းသည့် လူတစ်ယောက်ကို မြင်ရသည်မှာတော့ ပထမဦးဆုံး အကြိမ်သာလျှင် ဖြစ်၏။
ရှမ့်လန်က အသာပင် ပြောလိုက်သည်။ “ချွင်းဟွာ … ဆိုရိုးစကားတစ်ခုကို ကြားဖူးလား”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဘာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ထာဝရဆိုတာ မသေချာဘူး။ တစ်ခါ ပိုင်ဆိုင်ခဲ့ဖူးတာကိုပဲ အလေးထားပါ။ အရာ အားလုံးက ယာယီပါပဲ။ ဒါကြောင့် ပျော်နိုင်တုန်း ပျော်ထားရမယ်။ ခံစားချက်တွေ ရှိနေရင် ဘာလို့ မနက်နဲ့ ညနေကို ခွဲခြားနေအုံးမှာလဲ။ ဒီလို ကြုံတောင့်ကြုံခဲ အခွင့်အရေးက လောကကြီးမှာရှိတဲ့ အရာအားလုံးထက် သာလွန်ပါတယ်”
ဤလှပလွန်းသည့် စကားလုံးများ၌ ဆိုလိုရင်းတစ်ခုတည်းသာလျှင် ရှိ၏။ ပေါက်တတ်ကရ ပြောဆိုခြင်းများကို ရပ်တန့်၍ လုပ်ချင်တာကို ပထမဦးဆုံး ဦးစားပေးလုပ်ရန်ပင် ဖြစ်၏။ အနာဂတ်တွင် ဘာတွေဖြစ်လာမည်လဲ ဆိုသည်ကို စိုးရိမ်ပူပန်စရာမလိုပေ။ လက်ရှိအခြေအနေတွင် ရဲရဲကြီး သံဝါသ ပြုလိုက်ရုံပင်။
ကျန်းချွင်းဟွာသည် ဒူးများပင် ခွေယိုင်သွားခဲ့မိ၏။ သူမသည် နှာဘူးပေါင်း များစွာကို မြင်ခဲ့ဖူး၏။ သို့ပေမည့် ပါရမီရှင်နှာဘူးကိုတော့ ပထမဦးဆုံးအကြိမ် မြင်ခဲ့ဖူးခြင်းသာ ဖြစ်၏။ ဤကဲ့သို့ လှပသည့် စကားလုံးများကို ပြောဆိုပြီးသည့်နောက် တစ်ဖက်လူ၏ ရည်မှန်းချက်သည် သူမနှင့် အတူတူ သံဝါသပြုရန်ပင် ဖြစ်၏။
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ရှမ့်လန်... ရှင် ကျွန်မရဲ့ ခန္ဓာကိုယ်ကိုပဲ လိုချင်တာလား”
ရှမ့်လန်သည် လက်ကို အသာဆန့်တန်းပြီးသည့်နောက် သူမ၏ နှလုံးသားပေါ်သို့ လက်တင်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ် ခင်ဗျားရဲ့ နှလုံးသားကိုလည်း လိုချင်တာပေါ့။ ချွင်းဟွာ… ကျုပ်တို့သာ ချစ်နေတယ်ဆိုရင် ဘာကြောင့် လက်ထပ်တယ်ဆိုတဲ့ အကြောင်းအရာကို စိတ်ဝင်စားနေဖို့လိုလဲ။ ဒါ လူတွေ လျှောက်ပြီး ပြောနေတဲ့ အကြောင်းအရာပဲလေ။ အချစ်စစ်ဆိုတာ လက်ထပ်စာချုပ်ပေါ်မှာ တည်ရှိနေတဲ့အရာ မဟုတ်ဘူး”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ဒီလိုဆိုရင် ကျွန်မနဲ့ ကျင်းမူလန်နဲ့ ကြားထဲမှာ ရှင်ရွေးချယ်မယ်ဆိုရင် ဘယ်လိုလဲ”
ရှမ့်လန်သည် နာကျင်စွာ ပြောလိုက်၏။ “ဒါဆိုလို့ရှိရင်တော့ ကံကြမ္မာကိုပဲ ပုံချတော့မှာပေါ့။ ကျုပ်တို့က ရေစက်မပါဘူးလို့ သတ်မှတ်ရတော့မှာပေါ့”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “ဘာ့ကြောင့်လဲ။ သူမ ရှင့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တယ် မဟုတ်လား။ ရှင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာလည်း မဟုတ်ဘဲနဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်မိန်းမက ကျုပ်ကို အကြိမ် ရာပေါင်း ထောင်သောင်းချီ မှားယွင်းဆက်ဆံခဲ့တယ်။ ဒါပေမယ့် ကျုပ်ကတော့ သူမကို ပထမဦးဆုံး အချစ်လိုပဲ သဘောထားတယ်။ ချွင်းဟွာ ကျုပ် ခင်ဗျားကို ကြိုက်တယ်။ ဒါပေမယ့် ခင်ဗျားဆီကို မလာနိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။ ဒါပေမယ့် အချစ်မှာ တစ်ယောက်တည်း ချစ်ရမယ်လို့ ဘယ်သူပြောခဲ့လဲ။ ခင်ဗျား မြင်ဖူးတယ် မဟုတ်လား။ ရေနွေးခွက်တစ်ခွက်ထဲ သုံးတဲ့ ရေနွေးအိုးဆိုတာ ရှိလား”
“ဖြန်း”
ကျန်းချွင်းဟွာသည် မည်သို့မှ မနေနိုင်တော့ချေ။ ရှမ့်လန်၏ မျက်နှာကို ပိတ်ရိုက်လိုက်မိ၏။ “ရှမ့်လန်.. ရှင်တကယ်ကို ပေါက်ပန်းလေးဆယ် ပြောတာပဲ။ ရှင့်ကို ဒီလိုလူမျိုးလို့ ကျွန်မ မထင်မိဘူး။ ကျွန်မ မျက်လုံးကန်းသွားမိပြီ”
ပြီးနောက် ကျန်းချွင်းဟွာသည် ရထားလုံးပေါ်မှ ခုန်ချသွား၏။ သူမ ထွက်ခွာသွားခဲ့၏။ သို့ပေမည့် တကယ်တမ်း ထွက်ခွာမသွားသည်ဆိုပါက အန္တရာယ်အတွင်းသို့ ကျရောက်မှာ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် တစ်ဖက်လူ၏ လက်သည် သူမ၏ စကတ်ထဲသို့ပင် ရောက်နေပြီ ဖြစ်သည်။
အပြင်ဘက်မှာတော့ ကျင်းဟွေ့သည် အလျင်အမြန် ပြောလိုက်၏။ “သမက်တော် ကျုပ် ကျိန်ပြောရဲပါတယ်။ ကျုပ် ဘာတစ်ခုမှ မမြင်ခဲ့ပါဘူး။ အိမ်ကိုပြန်ရောက်ရင် ကျုပ် ဘာမှပြောမှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျား ဘယ်လိုလုပ် မမြင်ဘဲနေမှာလဲ။ ကျန်းချွင်းဟွာတစ်ယောက် ကျုပ်ကို လာပြီးတော့ မြူဆွယ်ခဲ့တာကို ခင်ဗျား သေသေချာချာ မြင်နေရတာပဲ။ ဒါပေမယ့် ကျုပ် ဂုဏ်သိက္ခာရှိရှိနဲ့ သူမကို ငြင်းပယ်ခဲ့တယ် မဟုတ်လား။ ဒါကြောင့် သူမက ကျုပ်ကို ပါးတောင် ပိတ်ရိုက်သွားသေးတယ်။ ခင်ဗျားမြင်တယ် မဟုတ်လား”
ကျင်းဟွေ့သည် ကြောင်သွားမိ၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် ခေါင်းကို ညိတ်ကာဖြင့် ပြောလိုက်၏။ “မြင်ခဲ့တယ်။ မြင်ခဲ့တာပေါ့။ သမက်တော်က တကယ့်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ငြင်းပယ်ခဲ့တာပဲ။ ဒါကြောင့် သူမရဲ့ ရိုက်နှက်ခြင်းကိုတောင် ခံခဲ့ရတယ်”
ရှမ့်လန်သည် သက်ပြင်းချကာ ပြောလိုက်သည်။ “အင်း သဘာဝအတိုင်း ချောမောတာနဲ့ ပတ်သက်ပြီး ကျုပ် ဘာမှ မလုပ်နိုင်တော့ဘူး။ မတူညီတဲ့ မိန်းမတွေကို နေ့စဉ်နေ့တိုင်း အသည်းခွဲသလို ဖြစ်နေရတာ ဆိုးတာပဲ။ ကျုပ်တကယ်ကို ပင်ပန်းနေပြီ”
...........
ကျန်းချွင်းဟွာသည် ကျန်းချုံး၏ စာကြည့်ခန်းထဲသို့ ပြန်လည်ရောက်ရှိသည့် အချိန်မှာတော့ ဒေါသတကြီး ဖြစ်လို့နေ၏။
“ဘယ်လိုဖြစ်တာလဲ” ကျန်းချုံးက မေးမြန်းလိုက်သည်။
“အရူး.... တဏှာရူး... နှာဘူး နှာဘူး” ကျန်းချွင်းဟွာသည် ဒေါသတကြီးဖြင့် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ ပြီးနောက် ရေနွေးခွက်ကို အသာ ကောက်ယူကာဖြင့် သောက်ရန် ပြင်လိုက်၏။ သို့ပေမည့် ရေနွေးအိုး၏ ဘေးနားတွင် ခွက်လေးခွက် ရှိနေသည်ကို မြင်လိုက်ရ၏။ ချက်ချင်းပဲ ဒေါသတကြီးဖြင့် ကျန်သည့် ခွက်သုံးခွက်ကို ရိုက်ခွဲလိုက်၏။
ကြီးမားသည့် ထိုင်ခုံကြီးပေါ်တွင် ခြေချိတ်ကာ ထိုင်ပြီးသည့်နောက် ကျန်းချွင်းဟွာက ပြောလိုက်သည်။ “သူ့အကြောင်းက ကြားရတာနဲ့ လူကိုယ်တိုင်တွေ့ရတာနဲ့ တခြားစီပဲ။ တကယ့်ကို ဆိုးရွားတဲ့လူပဲ။ နံပါတ်တစ် အယုတ်တမာကောင်။ လောကရဲ့ နံပါတ်တစ် အယုတ်တမာကောင်ပဲ”
ကျန်းချုံးက ပြောလိုက်၏။ “မင်း တော်တော်ခံစားခဲ့ရလို့လား”
ကျန်းချွင်းဟွာက မည်သည့်စကားမှ မဆိုချေ။
ကျန်းချုံးက ပြန်လည်ကာ ပြောဆိုလိုက်သည်။ “သူနဲ့ ပတ်သက်ပြီးတော့ အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပြီလား”
ကျန်းချွင်းဟွာသည် သေသေချာချာဖြင့် ရှမ့်လန်၏ လှုပ်ရှားမှု၊ အပြုအမူ၊ မျက်နှာသွင်ပြင် အရာအားလုံးကို ပြန်လည်ကာ စဉ်းစားလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။
ကျန်းချုံးက ပြောလိုက်သည်။ “တကယ်လို့ မင်းသူ့ကို မကြိုက်ဘူးဆိုရင် ငါ အတင်း တွန်းအားပေးမှာ မဟုတ်ပါဘူး”
“မဟုတ်ဘူး။ မဟုတ်ဘူး။ သူ့ကို မကြိုက်ဘူးလို့ ဘယ်သူက ပြောလဲ”
ကျန်းချွင်းဟွာက ပြောလိုက်၏။ “သူက နှာဘူးပဲ။ ဒါပေမယ့် အရမ်းချောတဲ့ နှာဘူးလေ”
ပြီးနောက် သူမသည် ထိုင်ခုံပေါ်မှ ခုန်ဆင်းပြီးထွက်ခွာသွားခဲ့သည်။
ကျန်းချုံးသည် လှမ်းကာ ပြောဆိုလိုက်၏။ “စားပွဲက မကြာခင် စတော့မယ်။ ဘယ်သွားမလို့လဲ”
ကျန်းချွင်းဟွာက ပြောလိုက်သည်။ “ရေသွားချိုးမလို့လေ”
“ရေသွားချိုးမလို့ ဟုတ်လား။ ခုနလေးတင် ရေချိုးခဲ့တယ် မဟုတ်ပါလား”
...........
ရှမ့်လန်သည် မြို့တော်ဝန် အိမ်တော်ဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ ကျန်းချွင်းဟွာကို ထပ်မံကာ မြင်လိုက်၏။ သူမသည် အဝတ်အစားလဲပြီးသား ဖြစ်၏။ သူမ၏ လှပလွန်းပြီး ဆွဲဆောင်မှုရှိသည့် အပြုအမူ အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထိုနေရာတွင် နူးညံ့ကြင်နာလွန်းသည့် ကျောင်းတော်သူ တစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် ပြောင်းလဲသွားခဲ့၏။
စကားလုံးတိုင်း ပြုမူဆောင်ရွက်မှု တစ်ခုချင်းစီတိုင်း၊ မျက်နှာပေါ်ရှိ အပြုံး၊ အရာအားလုံးသည် စံပြပုဂ္ဂိုလ် တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ပြည့်စုံနေ၏။ သူမသည် ကျိန်းသေပေါက် ပါရမီရှင်အမျိုးသမီးတစ်ယောက် ဖြစ်၏။ ဂုဏ်သိက္ခာထည်ဝါပြီး ရာထူးကြီးမားလွန်းသည့် အရာရှိ အရာခံတစ်ယောက်၏ သမီး တစ်ယောက်လည်း ဖြစ်နေသည် မဟုတ်ပါလား။
“ဒီမိန်းကလေးက ရှမ့်ကို ကြိုဆိုပါတယ်” သူမသည် ကြည့်ကောင်းလွန်းစွာဖြင့် ဦးကို ညွှတ်လိုက်၏။ ပြီးနောက် လမ်းဘေးတစ်ချက်ဆီသို့ အသာဖယ်ရှားကာဖြင့် လမ်းဖယ်ပေးလိုက်သည်။
ရှမ့်လန်သည် ပိုမို၍ ယဉ်ကျေးစွာဖြင့် ဦးညွှတ်လိုက်၏။ “နှုတ်ဆက်ပါတယ် မိန်းကလေးကျန်း”
ပြီးနောက် သူသည် ဘေးတစ်ဖက် တစ်ချက်ဆီသို့ တစ်ချက်ကလေးမှ ထပ်မကြည့်တော့ချေ။
လောကကြီးထဲတွင် ဤကဲ့သို့ လူမျိုး ရှိနေလေသည်လား။ တကယ့်ကို ခပ်တည်တည်နှင့်ပင်။ သို့ပေမည့် ရှမ့်လန်သည် အနီးနားသို့ ဖြတ်၍သွားသည့် အချိန်မှာတော့ ချက်ချင်းပဲ သူ၏လက်တွင်တော့ စာရွက်တစ်ရွက် ပေါ်ပေါက်လာခဲ့၏။ ထိုစာရွက်သည် ကျန်းချွင်းဟွာ ပေးလိုက်သည့် အရာဖြစ်၏။ သူသည် ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းလျှောက်ပြီးနောက် စာရွက်ကို ဖွင့်ကာ ဖတ်ကြည့်လိုက်သည်။
“ရှမ့်... ကျွန်မကို ကယ်ပါအုံး။ ကျူးဝမ်ဟွာက ပြည်နယ်အုပ်ချုပ်ရေးမှူးကျူးကို အကူအညီတောင်းပြီး ကျွန်မကို လက်ထပ်ပွဲ ကမ်းလှမ်းတော့မယ်။ ဒီအချိန် သူက တကယ့်ကို လေးလေးနက်နက် လုပ်နေတာပဲ”
ထိုစကားကို ကြားပြီးသည့်နောက် ရှမ့်လန်သည် စာရွက်ကို အစိတ်စိတ်ပိုင်းပိုင်း ဖြစ်အောင် ဆုတ်ဖြဲပြီး လွှတ်ပစ် လိုက်၏။ ပြီးနောက် ရွှမ်ဝူ မြို့တော်ဝန်အိမ်တော်၏ ခန်းမထဲသို့ လျှောက်ဝင်လိုက်၏။
ဤအချိန်မှာတော့ အထဲတွင် လူနှစ်ယောက်တည်းသာလျှင် ရှိ၏။ ကျန်းကျင်းနှင့် သူမသိသော လူငယ်တစ်ယောက်ပင်။
ကျန်းကျင်းက ပြောလိုက်၏။ “မိတ်ဆက်ပေးရဦးမယ်။ ဒါက ဝူယွမ်ဟွာတဲ့။ ချင်းကန်မြို့စားအိမ်တော်ရဲ့ ဆက်ခံသူလေ။ ဒါကတော့ ရှမ့်လန်ပဲ။ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ သမက်ပဲ”
ဝူယွမ်ဟွာသည် မျက်မှောင်ကုတ်လိုက်မိ၏။ ယခင်တုန်းက လင်းကျိုး ရောဂါခံစားခဲ့ရပြီး ချင်းကန်မြို့စား အိမ်တော်တွင် ရှိနေသည့် လူတစ်ဒါဇင်ကျော်တို့သည် ရောဂါ၏ သက်ရောက်ခြင်းကို ခံခဲ့ရ၏။ အဓိက ရင်းမြစ်ကို သူတို့ ရှာဖွေတွေ့ရှိခဲ့၏။ ဤအရာအားလုံးသည် ရှမ့်လန်ပြုလုပ်ခြင်း ဖြစ်၏။ ဤယောကျာ်းဖာသည် သည် တကယ်ကို ကြမ်းတမ်းပြီး ဆိုးယုတ်လွန်းလှချေသည်။
ရှမ့်လန်သည် ချင်းကန်မြို့စားအိမ်တော် တစ်ခုလုံး၏ သေမျိုးရန်သူပင် ဖြစ်၏။ ရန်သူသည် လက်ရှိ အခြေအနေတွင် မျက်စိအရှေ့သို့ ရောက်လို့လာခဲ့၏။ ဝူယွမ်ဟွာသည် ရှမ့်လန်ကို လှမ်းကြည့်ပြီး မည်သည့် စကားမှ မဆိုတော့ချေ။ ခေါင်းသာလျှင် ညိတ်ပြခဲ့၏။
............
အားလုံးသော သူတို့ ရောက်ရှိလာခဲ့၏။ စားပွဲသည် မကြာခင် ကျင်းပတော့မှာ ဖြစ်၏။ စတုတ္ထမင်းသား နင်ကျန်း သည် ရှမ့်လန်ကို မြင်ရသည့် အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားမိ၏။ သို့ပေမည့် လျစ်လျူရှု၍ ထားလေ၏။ သူသည် ရှမ့်လန်နှင့် ပတ်သက်၍ စိတ်ဝင်စားမှု ရှိသည်ဆိုသော်လည်း ဖာသိဖာသာ နေထိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် မကြာမီ သေဆုံးတော့မည် လူတစ်ယောက်ကို နှုတ်ဆက် စကား ပြောဆိုရန် သူ စိတ်ပါဝင်စားမှု မရှိသောကြောင့်ပင်။
လက်ရှိတွင် လူများများစားစား တည်ရှိနေသည်တော့ မဟုတ်ပေ။ အုပ်ချုပ်ရေးမှူး ကျူးကျွင်း၊ ချင်းကန်မြို့စား အိမ်တော်၏ သားအဖ၊ မြို့စားလေး ကျူးလန်ထင်တို့ သားအဖ၊ ကျန်းချုံးတို့ သားအဖနှင့် ယင်ယွမ် အဖွဲ့အစည်း၏ သံတမန် ရှူတင်းယုတို့ပင် ဖြစ်၏။
ကျင်းဟိုင်မြို့စားကြီးနှင့် ထန်ယွင်တို့သည် လက်ရှိ ဤနေရာတွင် မရှိချေ။ သူတို့သည် မလိုအပ်သည့် သံသယများ ပေါ်ပေါက်လာမည်ကို ရှောင်ရှားသည့်အနေဖြင့် ဤနေရာသို့ မလာခြင်းပင်။ တော်ဝင်မိသားစုအနေနှင့် ကျင်းဟိုင်မြို့စားအိမ်တော်ကို ထောက်ပံ့ပေးလျက် ရှိနေသည်ဟု အထင်မှားနိုင်သည့် အခြေအနေမျိုးကို ရှောင်ရှားရမည် မဟုတ်ပါလား။
ဤနေရာတွင် အမျိုးသမီးနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ကျန်းချွင်းဟွာဖြစ်ပြီး အခြားသော တစ်ယောက် မှာတော့ ရှမ့်လန်မသိသည့် မိန်းကလေးတစ်ယောက် ဖြစ်၏။ ရှမ့်လန်သည် ထိုမိန်းကလေးကို ပထမဦးဆုံး မြင်ခဲ့ဖူးခြင်း ဖြစ်၏။ ထိုအမျိုးသမီးဆီမှ ကျောင်းတော်သူတစ်ယောက်၏ ဂုဏ်သိက္ခာအရှိန်အဝါများနှင့် ထွက်ပေါ်လျက်ရှိ၏။ သူမသည် စာအုပ်ထဲမှ ထွက်လာသည့် ကျောက်စိမ်းမင်းသမီးတစ်ပါးကဲ့သို့ပင် ဖြစ်၏။
သူမသည် အမွှေးနံ့သာဘုရင် ချီယု၏ သမီးလည်းဖြစ်၏။ ဖြစ်စဉ်တစ်ခုလုံးတွင် သူမသည် မည်သူ့ကိုမှ စကားမပြောချေ။ သို့ပေမည့် ရှမ့်လန်၏ နှလုံးသားထဲမှာတော့ သူမသည် ပညာတတ်အသိုင်းအဝိုင်းဆီမှ မွေးဖွားလာခဲ့သည့် မိန်းကလေးတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် ပညာတတ်အသိုင်းအဝိုင်းမှ မိန်းကလေးများ ထက်ပင် ပိုမိုကာ ယဉ်ကျေးသိမ်မွေ့လို့ နေသည်။
................
စားပွဲသည် တကယ်ကို ပျင်းရိစရာ ကောင်းလွန်းလှ၏။ အထူးသဖြင့် ယနေ့စားပွဲပင်။ အားလုံးသော သူတို့သည် စတုတ္ထမင်းသား နင်ကျန်း ကို မြှောက်ပင့်ပြောဆိုလျက် ရှိနေ၏။ ဘုရင်မင်းမြတ် မည်မျှ ကြီးကျယ် ခမ်းနားကြောင်း၊ ဘုရင်မင်းမြတ်သည် မြင့်မြတ်မှန်ကန်ပြီး စိတ်သဘောထား ကောင်းမွန်ကြောင်း အကြောင်းအရာများကို ပြောဆိုနေကြခြင်းပင်။
ရှမ့်လန်မှာတော့ နောက်ဆုံးထိုင်ခုံပင် ထိုင်လျက်ရှိနေပြီး အလုံးစုံ လျစ်လျူရှုထားခြင်းကို ခံထားရလေ၏။
ရုတ်တရက် ကျူးဝမ်ဟွာက ပြောလိုက်သည်။ “ရှမ့်လန်... ခင်ဗျားတို့ ရွှမ်ဝူမြို့စားအိမ်တော်က ယင်ယွမ် အဖွဲ့အစည်းကို အကြွေးတွေ အများကြီး ပေးရမယ်လို့ ကျုပ်ကြားခဲ့တယ်။ ဒီဘဝတစ်သက်တာလုံး ပြန်တောင်ပေးနိုင်မှာ မဟုတ်ဘူးတဲ့”
ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်လား။ ဘာလို့ ကျုပ်မသိရတာလဲ”
ကျူးဝမ်ဟွာက ပြောလိုက်သည်။ “မြို့စားအိမ်တော်သာ ကျဆုံးသွားခဲ့တယ်ဆိုရင် အစ်ကိုရှမ့်လန်.. ခင်ဗျားဘယ်ကို သွားမှာလဲ”
ရှမ့်လန်သည် ချက်ချင်းဆိုသလိုပဲ ပြောလိုက်တော့၏။ “ဘယ်သူက နိုင်မလဲ မသိသေးဘူးလေ။ အစ်ကိုကျူး ဒီလိုပြောဖို့ စောပါသေးတယ်”