← Chapters

အခန်း (၁၄၆)

Vol. 11 Ch. 146

အခန်း (၁၄၆)

Vol. 11 Ch. 146

ခဏကြာပြီးသည့်နောက် စားပွဲသည် ပုံမှန်အတိုင်း ပြန်လည်ကာ ဖြစ်တည်သွား၏။ ကျူးဝမ်ဟွာသည် အချိန်အတော်ကြာသည်အထိ အုပ်ချုပ်ရေးမှူး အောင်သွယ်တော် လာမလုပ်သည်ကို မြင်ရသည့်အချိန်မှာတော့ ယနေ့ ပြုလုပ်မည့် အောင်သွယ်တော် အခမ်းအနားသည် ပြီးဆုံးသွားခဲ့သည်ဖြစ်ကြောင်း သိရှိ၏။ သူ၏ ရှမ့်လန်အပေါ်တွင် တည်ရှိသော အမုန်းတရားများသည် ပိုမိုကာ ကြီးမားလာခဲ့၏။

လန်ရှန်မြို့စားလေး ကျူးလန်ထင်သည် မျက်နှာပေါ်တွင်လည်း ဒေါသတရားများနှင့် ပြည့်နှက်နေ၏။ တစ်စုံတစ်ယောက်၏ ကောင်းမွန်သည့်အရာများကို ဖျက်ဆီးခြင်းဆိုသည်မှာ ထိုတစ်စုံတစ်ယောက်၏ မိဘကို သတ်ဖြတ်ခြင်းကဲ့သို့ပင် တူညီသည် မဟုတ်ပါလား။

‘ငါ့ရဲ့သား ကျူးဝမ်ဟွာက ကျန်းချွင်းဟွာနဲ့ လက်ထပ်တော့မယ်။ အဲဒါမင်းနဲ့ဘာဆိုင်လဲ ရှမ့်လန်။ မင်းဘယ်လိုဖြစ်ပြီး ထွက်လာပြီး တားဆီးရတာလဲ။’

မူလအားဖြင့် မည်သူမှ ဤအရာကို ဖျက်ဆီးလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ရှမ့်လန်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အားလုံးသောသူတို့၏ အစီအစဉ်များကို ဖျက်ဆီးပစ်ခဲ့၏။ အံကိုတင်းတင်း ကြိတ်ပြီးသည့်နောက် မြို့စားလေး ကျူးလန်ထင်သည် ခဏတာတွေးတောလိုက်၏။ ပြီးနောက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “အရှင်မင်းသား ကျုပ်သတင်းပေးစရာ တစ်ခုရှိပါသေးတယ်”

စတုတ္ထမင်းသား နင်ကျန့်သည် ကြောင်အသွားမိ၏။ “လန်ရှန် ကျေးဇူးပြုပြီး ပြောပါအုံး”

သူ၏ဘွဲ့ထူးကို ခေါ်ဆောင်ခြင်းဆိုသည်မှာ တကယ့်ကို အရေးအကြောင်း အခြေအနေမျိုးဖြစ်ကြောင်း သိသာ ထင်ရှားစေချင်သောကြောင့်ပင်။

ကျူးလန်ထင်ကပြောလိုက်သည်။ “ရှမ့်လန်က စာအုပ်တစ်အုပ်ကို ရေးသားခဲ့တယ်။ အဲစာအုပ်ကို မဟာမျဉ်းပြိုင်လို့ ခေါ်တယ်”

အားလုံးသောသူတို့က သိရှိပြီးသားဖြစ်၏။ ထိုအရာကိုလည်း အားလုံးက ဖတ်ရှုဖူးပြီးသား ဖြစ်၏။ ဘာဖြစ်သနည်း။

မြို့စားလေး ကျူးလန်ထင်က ပြောလိုက်သည်။ “ဒီစာအုပ်ထဲမှာ ရှီမင်ကျင်းက လီပင်ဟွာလို့ခေါ်တဲ့ မယားငယ် တစ်ယောက် ရှိခဲ့တယ်။ အရှင်မင်းသားဆီမှာ ပင်ဟွာလို့ခေါ်တဲ့ ကိုယ်လုပ်တော်တစ်ယောက် ရှိတယ်မလား။ ရှမ့်လန်က သူ့ရဲ့စာအုပ်ကို အသုံးချပြီးတော့ မင်းသားရဲ့ကိုယ်လုပ်တော်ကို ထိခိုက်အောင် ပြုလုပ်နေတာပါ။ အဲထဲမှာဆိုရင် လီပင်ဟွာက တော်တော်ကြီး ဆိုးသွမ်းခဲ့တယ်။ ဘယ်လောက် မလေးမစား လျှောက်ပြီး ရေးထားလဲဆိုတော့ ဖတ်သာကြည့်ပါတော့။ အရှင်မင်းသား ကျေးဇူးပြုပြီးတော့ အပြစ်ပေးပေးပါ”

ထိုစကားစု ထွက်ပေါ်လာသည့် အချိန်မှာတော့ ရှမ့်လန်သည် စိတ်ထဲတွင် ကြိတ်တ်ကာဆဲဆိုနေမိ၏။ “ချီးထဲမှ... ကျူးလန်ထင် မင်းသားနင်ကျန့်ရဲ့ ကိုယ်လုပ်တော် နာမည်ကို ကျုပ်ကဘယ်လိုလုပ်သိမှာလဲ”

စတုတ္ထမင်းသား နင်ကျန့်သည် မည်သို့မှမနေနိုင်ဘဲ သဘောမတွေ့သလိုပင် ဖြစ်သွားသည်။

လန်ရှန်မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “ဒီစာအုပ်ကို ပုံနှိပ်ပေးတဲ့ကုန်သည်က တန်းရှင်းတဲ့။ ကျုပ် သူ့ကိုလည်း ဖမ်းဆီးခဲ့တယ်”

တန်းရှင်းသည် ရန်ဝူစီရင်စုအုပ်ချုပ်ရေးမှူး ယူထားသော ကိုယ်လုပ်တော်တစ်ယောက်၏ အစ်ကို ဖြစ်၏။ သူ့၌ နောက်ခံကောင်းကောင်း တည်ရှိ၏။ ကျူးလန်ထင် သွားရောက်ဖမ်းဆီး၍ ရနိုင်သည့်လူမျိုး မဟုတ်ချေ။ သို့ပေမည့် လက်ရှိ ကျူးလန်ထင်သည် ပြဿနာထဲသို့ စတုတ္ထမင်းသားကို ဆွဲထည့်ခဲ့၏။ ရန်ဝူစီရင်စု၏ အုပ်ချုပ်ရေးမှူးသည် သူ့ကို မတားဆီးရဲတော့ချေ။

ကျန်းချုံးနှင့် သူသည် ကောင်းမွန်သည့်ဆက်ဆံရေးမျိုး မရှိဘူးဆိုလျှင်တောင်မှ အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်နေသည့် လူတစ်ယောက်ဖြစ်၏။ စတုတ္ထမင်းသားသည် အိမ်ရှေ့စံ၏ ညာလက်ရုံးလည်းဖြစ်၏။ ဟုတ်ပေ၏။ သူ့အနေနှင့် ကြိုက်တာကို လုပ်ပိုင်ခွင့်ရှိ၏။ ထို့ကြောင့် တန်းရှင်းကို သွားရောက်ဖမ်းဆီးထားခဲ့ခြင်းပင်။

မကြာခင်မှာပဲ တန်းရှင်းသည် အထဲသို့ဝင်လာခဲ့၏။ သူ့၏လက်များကို ကြိုးများနှင့် ချုပ်နှောင်ထားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ ကြည့်ရသည်မှာ ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရသည့်ပုံပင်။

အထဲသို့ဝင်လာပြီးသည့်နောက် ကျူးဝမ်ဟွာသည် ရှေ့ဆီသို့လှမ်းတက်ကာဖြင့် တန်းရှင်းကို ကန်ကြောက်လိုက်၏။ ပြီးနောက် ဒူးထောက်ရန် အမိန့်ပေး အော်ဟစ်လိုက်၏။

တန်းရှင်းသည် ရှမ့်လန်ကို မြင်ရသည့်အချိန်မှာတော့ သူ၏ကယ်တင်ရှင်ကို မြင်သွားသကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ရှမ့်.... ရှမ့် ကျေးဇူးပြုပြီး ကျုပ်ကိုကယ်ပါအုံး”

စတုတ္ထမင်းသား နင်ကျန့်သည် မပျော်မရွှင် ဖြစ်သွား၏။ “ကျူးလန်ထင်..... ခင်ဗျား ဘာတွေ ပြဿနာ ရှာထားပြန်ပြီလဲ။ ကျုပ် မာယာမျဉ်းပြိုင်စာအုပ်ကို မဖတ်ထားဘဲနေမှာလား။ အဲ့ထဲမှာ ရှိနေတဲ့ ကိုယ်လုပ်တော် လီပင်ဟွာရဲ့နာမည်ကို ကျုပ်က မသိဘဲနေမလား။ ဒါပေမဲ့ ကျုပ်တောင် မသိချင်ယောင်ဆောင်နေပြီ။ ခင်ဗျားက ဘာကိစ္စ အစဖော်နေရတာလဲ။’

ဤအရာသည် စတုတ္ထမင်းသားနင်ကျန့် စီစဉ်ထားခဲ့ခြင်း မဟုတ်ချေ။ ရွှဲ့ပြည်နယ်၏ ဆင်ဆာအဖွဲ့သည် ထိုအရာကို သေသေချာချာ နားမလည်ခဲ့ချေ။ ထို့ကြောင့်သာလျှင် မဖျက်ခဲ့ခြင်းဖြစ်၏။ ရန်သူကို အခွင့်ကောင်းယူ၍ မိမိ၏ စာပေအတတ်ပညာအတွင်းသို့ ထည့်သွင်းကာ အဆုံးစွန်ဂုဏ်သိက္ခာကို နှစ်မြှုပ်ပစ်ခြင်း သည် ကျောင်းတော်သားများ ပြုလုပ်တတ်သည့် အရာပင်ဖြစ်သည်။

ထိုကဲ့သို့သောအရာမျိုးအား စတုတ္ထမင်းသား နင်ကျန့်သည် ဂရုပြုလိမ့်မည် မဟုတ်ချေ။ အဓိက သော့ချက်အားဖြင့် တစ်ဖက်လူသည် သူ၏ကိုယ်လုပ်တော် ဖြစ်၏။ သူမနှင့် လက်ထပ်ထားခဲ့သည်မှာ တစ်လကျော်သာလျှင် ကြာရှိသေး၏။ ရှမ့်လန်သည် နတ်ဘုရားတစ်ယောက် မဟုတ်ချေ။ သူမ၏နာမည်ပြောင် သည် ပင်ဟွာဖြစ်မည်မှန်း အဘယ်သို့ ကြိုကာသိရှိမည်နည်း။

ရှမ့်လန်တစ်ယောက် စာအုပ်ထဲတွင် ထည့်ကာ ဝှက်ဖဲကဗျာများကဲ့သို့ ပြုလုပ်ခဲ့သောကြောင့် လီဝမ်ကျန့်ပင်လျှင် ကောင်းကောင်းမွန်မွန်နှင့် ထိခိုက်ဒဏ်ရာ ရရှိပြီးပြီ မဟုတ်ပါလား။ ယခု ဤကိစ္စကို မြို့စားလေး ကျူးလန်ထင်က ထုတ်ဖော်ခဲ့၏။ လျစ်လျှူရှုပြီး ထားလိုက်လျှင်ပြီးသည်မဟုတ်ပါလား။

ငြင်းပယ်မည်ဆိုပါက တချို့သောလူများသည် စတုတ္ထမင်းသား နင်ကျန့်မှာ အားနည်းပြီး အနိုင်ကျင့်၍ ရသည်ဟုပင် ပြောဆိုပေလိမ့်မည်။ သူ၏ကိုယ်လုပ်တော်များကိုလည်း တခြားသောသူများက အနိုင်ကျင့်၍ ရသည်ဟူ၍ အဓိပ္ပာယ် ဖော်ဆောင်သွားပေလိမ့်မည်။

ဤအရာကို ကျူးလန်ထင်ထံက မသိ၍ မဟုတ်ချေ။ အစကတည်းက ထိုကိစ္စကို ထိုသို့ဖြစ်လာမည်ကို သိရှိသောကြောင့် အသုံးချပြီး ရှမ့်လန်အား တိုက်ခိုက်ရန် စဉ်းစားခဲ့ခြင်း ဖြစ်၏။

စတုတ္ထမင်းသားသည် တကယ်ကို မပျော်မရွှင်ဖြစ်လွန်းနေခဲ့၏။

“မင်း ရှမ့်လန် ငါ့ရဲ့အစီအစဉ်ကို ဖျက်ဆီးပစ်တယ်။ ဒီတော့ ငါ့ကို ဆိုးယုတ်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့”

ရှမ့်လန်သည် သေရပေလိမ့်မည်။ သို့ပေမည့် အခုတော့ သေဆုံး၍ မဖြစ်သေးချေ။ သို့ပေမည့် ရှမ့်လန်ကို မသတ်ဖြတ်နိုင်ဘူးဆိုလျှင်တောင်မှ တန်းရှင်းကို သတ်ဖြတ်ပစ်နိုင်၏။ ထိုအရာသည် ရှမ့်လန်၏ မျက်နှာကို ပိတ်ရိုက်ခြင်းပင်ဖြစ်၏။ တန်းရှင်းသည် ရှမ့်လန်အတွက် စာအုပ် ထုတ်ဝေပေးခဲ့၏။ ထို့ကြောင့် ရှမ့်လန်အစား သေရပေလိမ့်မည်။ ရှမ့်လန်သည်လည်း မိမိ၏ကိုယ်ပိုင်ခွေးကိုပင် မကာကွယ်နိုင်သောလူ ဖြစ်သွားပေလိမ့်မည်။

စတုတ္ထမင်းသား နင်ကျန့်သည် ဤကိစ္စနှင့်ပတ်သက်၍ တကယ်ပင် အရေးမယူချင်ပေ။ သို့ပေမည့် ဂုဏ်သိက္ခာ တရားအတွက် သူသည် ကျိန်းသေပေါက် တန်းရှင်းကို အပြစ်ပေးရပေလိမ့်မည်။ ဤလူသည် ကံဆိုးလှသည့်လူပင်ဖြစ်၏။ သူ့အနေဖြင့် ကြိမ်ဒဏ်အချက် ၂၀ ၊ ၃၀ လောက်ရိုက်ရန် ဆုံးဖြတ်လိုက်လေ၏။ တစ်ခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ဤအရာသည် ပေါ့ပါးသည့် အပြစ်ပေးမှု တစ်ခုသာဖြစ်၏။

တစ်ခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် သူသည် တခြားသောသူများအတွက် စိတ်သဘောထား ကျဉ်းမြောင်းသည့် လူမျိုးအဖြစ် ခံယူ၍ မဖြစ်ချေ။ ထို့ကြောင့်ပင်လျှင် တန့်ရှင်းကို ရိုက်နှက်ရန်အတွက် အမိန့်ပေးရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပဲ ကျန်းချုံးသည် ရုတ်တရက် ပြုံးကာပြောလိုက်၏။ “အရှင်မင်းသား ဒီကိစ္စက မှားလား၊ မှန်လားဆိုတာ ပြောလို့မရဘူး။ ကျုပ်ဆီမှာ အကြံတစ်ခုရှိတယ်’

နင်ကျန့်က ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးကျန်း.. ကျေးဇူးပြုပြီးတော့ ပြောပါအုံး”

ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်လန် မင်းက ပါရမီရှင်ဖြစ်ပြီး ကဗျာစပ်ဆိုတဲ့နေရာမှာ တော်တယ် မဟုတ်လား။ ဒီတော့ တန်းရှင်းကို ကာကွယ်ဖို့အတွက် ကဗျာတစ်ပုဒ်စပ်ဆိုပေး။ ကဗျာက အရမ်းကောင်းပြီး အံ့အားသင့်စရာ ကောင်းတယ်ဆိုရင် တန်းရှင်းကို အပြစ်မပေးတော့ဘူး။ ဘယ်လိုလဲ”

စတုတ္ထမင်းသား နင်ကျန့်သည် စိတ်ဝင်တစားဖြစ်သွား၏။ ကျန်းချုံးသည် အဘယ်ကြောင့် ဤသို့လုပ်ချင်ရသနည်း။

ကျန်းချုံးက ဆက်လက်ကာ ပြောလိုက်သည်။ “ဟုတ်တယ်။ ဒီကဗျာက တန်းရှင်းကို ကာကွယ်ပေးရုံတင်မကဘူး ရွှမ်ဝူအိမ်တော်ရဲ့ အခြေအနေနှင့်ပတ်သက်ပြီး မင်းရဲ့ခံစားချက်တွေကိုလည်း ထုတ်ဖော်ပေးရမယ်။ ပြီးတော့ ကျင်းချန်ကျွန်းတိုက်ပွဲက မကြာခင်မှာ လာတော့မှာလေ။ ကျင်းမိသားစုရဲ့ အဆုံးအဖြတ်အခြေအနေတွေက မကြာခင်မှာ လာတော့မှာပေါ့။ မင်းအနေနဲ့ တကယ်ကို ရင်ထဲမှာ ထိခိုက်နေမှာ သေချာတယ်”

ရှမ့်လန်သည် အနည်းငယ် သတိအပြည့်နှင့် ဖြစ်သွား၏။ ကျန်းချုံးသည် တကယ့်အစစ်အမှန် အခြေအနေကို စမ်းသပ်ချင်ခြင်းသာ ဖြစ်ပေလိမ့်မည်။ ရွှမ်ဝူအိမ်တော်သည် ကျင်းချန်ကျွန်းတိုက်ပွဲတွင် ရှုံးနိမ့်လိမ့်မည်ဟု အားလုံးသောသူတို့က တွေးတောခဲ့၏။ ကျန်းချုံးသည်လည်း ထိုကဲ့သို့တွေးတော၏။ သို့ပေမည့် သူ၏ရန်သူ အကြောင်းကို ကောင်းကောင်းသိမှသာလျှင် တိုက်ပွဲတိုင်းကို အနိုင်ယူနိုင်မှာ ဖြစ်၏။

ကဗျာသည် နှလုံးသားထဲမှ ဖြစ်တည်လာသည့်အရာမျိုးဖြစ်ပြီး လူတစ်ယောက်၏ ခံစားချက်များကို ရောင်ပြန်ဟပ်ကာ ထုတ်ဖော်ပြသနိုင်သည့်အရာဖြစ်၏။ အထူးသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် နှလုံးသားထဲမှ ထွက်ပေါ်လာသည့် ခံစားချက်မျိုးသည် ဖျောက်ကွယ်ထား၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျန်းချုံးအနေနှင့် ရှမ့်လန်၏ စစ်မှန်သည့်အတွေးအခေါ်နှင့် စိတ်ခံစားချက်များကို ကဗျာမှတစ်ဆင့် ကြည့်ရှုနိုင်ရန် စီစဉ်ခဲ့ခြင်းပင်ဖြစ်သည်။

နင်ကျန့်သည် ချက်ချင်းပဲ ကျန်းချုံး၏အစီအစဉ်ကို နားလည်သွားမိ၏။ ထို့ကြောင့် ခေါင်းကိုညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီ ဒီလိုလုပ်ကြရအောင်။ ဒါအရမ်းကို ကောင်းတဲ့နည်းလမ်းပဲ မဟုတ်လား။ ဒါပေမဲ့ အခု စကားကြမ်းကြမ်းတွေ အရင်ဆုံးပြောထားမယ်။ ရှမ့်လန်... မင်းရဲ့ကဗျာကသာ မကောင်းဘူးဆိုရင် တန်းရှင်းကို ကြိမ်ဒဏ် ၅၀ အပြစ်ပေးမယ်”

ကြိမ်ဒဏ် ၅၀ ဆိုသည်မှာ တစ်စုံတစ်ယောက်ကို သေဆုံးသွားနိုင်၏။ တန်းရှင်းသည်သာ သေမတတ် ရိုက်နှက်ခြင်းကို ခံရသည်ဆိုပါက ရှမ့်လန်၏ စာအုပ်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူအဘယ်သို့ ငြိမ်ခံရမည်နည်း။ ထို့ကြောင့် ဤကဗျာသည် အားလုံးသောသူတို့ အံ့အားသင့်လောက်စရာ အကြောင်းအရာ ဖြစ်ရပေလိမ့်မည်။

ကောင်းမွန်သည့် ကဗျာများသည် စာတတ်ပေတတ်ကျမ်းများတွင် ရေးမှတ်ထားမှ ကောင်းမွန်သည့်ကဗျာဟူ၍ သတ်မှတ်ရသည် မဟုတ်ပေ။ တစ်စုံတစ်ယောက်၏ နှလုံးသားဆီမှ နက်နက်ရှိုင်းရှိုင်း ထွက်ပေါ်လာခဲ့သည့် ကဗျာများက တကယ့်ကို ထိပ်တန်းကဗျာများဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် ဤကဗျာသည် ရှမ့်လန်၏ ချစ်ခြင်းမေတ္တာ၊ ရွှမ်ဝူအိမ်တော်၏အခြေအနေ အရာအားလုံး ပါဝင်နေသည့်ကဗျာမျိုးပင် ဖြစ်ပေလိမ့်မည်။

ထိုကဗျာကို အခြေပြုပြီးသည့်နောက် ကျန်းချုံးနှင့် တခြားသောသူများ အားလုံးသည် ရွှမ်ဝူအိမ်တော်၏ အခြေအနေ၊ ကျင်းချန်ကျွန်း၏ တိုက်ပွဲအတွက် ရှုံးမလား၊ နိုင်မလားဆိုသည့် အခြေအနေ အရာအားလုံးကို သုံးသပ်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကဗျာသည် အလွန်ဆိုးဝါးစုတ်ပျက်နေသည်ဆိုပါက မြို့စား အိမ်တော်၏ အဓိကအဖွဲ့ဝင်တစ်ယောက်ဖြစ်သော ရှမ့်လန်သည် စိတ်ပျက်ပြီး အကူအညီမဲ့သလို ခံစားနေရမှာ သေချာ၏။

ကျန်းချုံးက အေးစက်စွာ ပြောလိုက်သည်။ “တန်းရှင်းကို အပြင်ကိုထုတ်သွား။ သူ့ကို ကြိမ်ဒဏ် ၅၀ ရိုက်လိုက်တော့။ သူသေသေ၊ ရှင်ရှင် ကိစ္စမရှိဘူး”

စစ်သည်အနည်းငယ်တို့သည် အထဲသို့ လျှောက်ဝင်လာခဲ့ပြီး တန်းရှင်းကို အပြင်ဘက်သို့ ဆွဲခေါ်သွား၏။

တန်းရှင်းသည် ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ “ရှမ့် ရှမ့်... ကျုပ်ကိုကယ်ပါအုံး”

တန်းရှင်းသည် အပြင်ဘက်ဆီသို့ ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။

ရှမ့်လန်သည် သနားညှာတာမှုအတွက် ကဗျာကောင်းတစ်ပုဒ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။ ဤအရာကို ရှုံးနိမ့်မှုဟု သတ်မှတ်ရမည်။ တန်းရှင်းသည်လည်း သေဆုံးသည်အထိ ရိုက်နှက်ခံရပေလိမ့်မည်။ အခြေအနေ သည် အလွန်တင်းကျပ်လျက်ရှိနေ၏။ တွေးတောရန် အချိန်မရှိချေ။ တစ်စက္ကန့်အတွင်းမှာပဲ တန်းရှင်းသည် အပြင်ဘက်ဆီသို့ ဆွဲထုတ်ခြင်းကို ခံရပြီး ရိုက်နှက်ခံရပေတော့မည်။ “ရှမ့်... ကျုပ်ကို ကယ်ပါအုံး။ ကျုပ်ကို ကယ်ပါအုံး”

ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “နေအုံး”

ကျန်းချုံးက ပြောလိုက်သည်။ “မင်းရဲ့စိတ်ထဲမှာ ကဗျာတစ်ပုဒ်ရှိထားလို့လား။ ဒါဆိုရင် ဖတ်ပြလိုက်လေ။ မင်းသာ ကောင်းကောင်း ဖတ်ပြနိုင်မယ်ဆိုရင် တန့်ရှင်းက အပြစ်ကနေ ကင်းလွတ်သွားလိမ့်မယ်။ မဟုတ်ရင်တော့ တန်းရှင်းက ရိုက်နှက်ခံရမှာပဲ”

ရှမ့်လန်သည် ဝမ်းနည်းသွားမိ၏။ သူသည် ဟောခန်းထဲတွင် ရှိနေသည့် အလင်းများကို ကြည့်လိုက်၏။ ညနေခင်းအချိန် ရောက်နေသည်ဆိုသော်လည်း ကောင်းကင်ယံတစ်ခုလုံးသည် အလုံးစုံ မမှောင်သေးချေ။ ထို့ကြောင့် ဖယောင်းတိုင်မီးများသည် အလွန်တောက်ပခြင်း မရှိလှချေ။ နေသည် အပြင်ဘက်တွင် ထွက်လျက် ရှိနေ၏။ မြင်ကွင်းသည် အလွန် လှပ၏။ ကံဆိုးစွာဖြင့် မကြာခင်တွင် ညသို့ရောက်ရှိလာတော့မည်ဖြစ်၏။ သူ့၌ ကဗျာတစ်ခုရှိ၏။ သူသည် ဝမ်းနည်းစွာဖြင့် ရွတ်ဆိုလိုက်၏။

“ညဉ့်နက် ဖယောင်းတိုင် တစ်ဝက် မလင်း၊

တစ်ကိုယ်တည်း ဟုန်မင်သို့ တက်ရောက်နေ။

နေဝင်ဆည်းဆာသည် အဆုံးမရှိ လှပသော်လည်း၊

ညနေစောင်းသို့ ကျရောက်တော့မည်”

ဤကဗျာကို ရွတ်ဆိုပြီးနောက် ပရိသတ်အားလုံး တိတ်ဆိတ်သွားသည်။ ကျန်းချွင်းဟွာ၏ နှလုံးသားများပင် တုန်ယင်သွား၏။ ဤကဲ့သို့သော ယောကျ်ားသည် တကယ်ပင် လူကိုစွဲလမ်းစေသည်။

ကျန်းချုံး၊ အုပ်ချုပ်ရေးမှူးမင်း ကျူးကျွင်း၊ မင်းသား နင်ကျန့်တို့ တစ်ယောက်ကိုတစ်ယောက ကြည့်လိုက်ကြ၏။ ရှမ့်လန်၏ ကဗျာစွမ်းရည်မှာ တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ ဤကဗျာသည် တကယ်ပင် ဂန္ထဝင်မြောက်၏။ အနည်းဆုံးတော့ ညစာစားပွဲထဲမှ မည်သူမျှ မရေးစပ်နိုင်ပေ။

ပထမဦးစွာ ကဗျာထဲတွင် တန်းရှန်အတွက် အပြစ်မှ လွတ်မြောက်စေရမည်။ ဤကဗျာ၏ စာကြောင်း တစ်ကြောင်းစီမှ တတိယ စကားလုံးများမှာ ‘တိုင်’ ၊ ‘ရှန်း’ ၊ ‘ဝူ’ ၊ ‘ကူ’ ဖြစ်သည်။ ဤသည်မှာ အသံတူ စကားလုံးများဖြင့် ‘တိုင်’ ၊ ‘ရှန်း’ ၊ ‘ဝူ’ ၊ ‘ကူ’ (တန်းရှန် အပြစ်မရှိ) ဟု ဆိုလိုသည်။

ဤစကားလုံးလေးလုံးကို ကဗျာထဲတွင် ဝှက်ထားရန် မခက်ခဲပေ၊ အဓိကမှာ အခြေအနေနှင့် ကိုက်ညီရန် ဖြစ်သည်။ ထိုပုံရိပ်များနှင့် မြင်ကွင်းများကို ကြည့်ရန်သင့်သည်။ ညနေစောင်းဖြစ်သဖြင့် ရာသီဥတု မှောင်မိုက် နေသောကြောင့် ဖယောင်းတိုင်မီးကို ထွန်းထားသည်။ သို့ပေမည့် ညဉ့်မနက်သေးသဖြင့် ဖယောင်းတိုင်မီးရောင်မှာ မလင်းပေ။ ထို့ကြောင့် ဤပထမစာကြောင်း၊ ‘ညဉ့်နက် ဖယောင်းတိုင် တစ်ဝက် မလင်း’ မှာ အလွန် သင့်လျော်သည်။

ဒုတိယစာကြောင်း ‘တစ်ကိုယ်တည်း ဟုန်မင်သို့ တက်ရောက်နေ’ ညစာစားပွဲထဲရှိ လူအားလုံးမှာ ရှမ့်လန်၏ ရန်သူများဖြစ်ရာ ‘ဟုန်မင်’(ထောင်ချောက်ဆင်သော ညစာစားပွဲ) ဟု ခေါ်ဆိုခြင်းမှာ မလွန်ပေ။

ပထမစာကြောင်းနှစ်ကြောင်းမှာ ဘာမှ မဟုတ်သေး၊ နောက်ဆုံးစာကြောင်းနှစ်ကြောင်းမှာ တကယ်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ နေဝင်ဆည်းဆာသည် အဆုံးမရှိ လှပသော်လည်း၊ ညနေစောင်းသို့ ကျရောက်တော့မည်”

ဤသည်မှာ ရှမ့်လန်က ရွှမ်ဝူမြို့စားအိမ်တော်အပေါ် အဆုံးမရှိသော ချစ်မြတ်နိုးမှုကို ဖော်ပြသော်လည်း ကျင်းမိသားစု၏ အနာဂတ်အပေါ် အဆိုးမြင်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုကို ဖော်ပြသည် အနောက်ဘက် နေလုံး နစ်မြုပ်သွားပြီး မည်သူမျှ မကယ်တင်နိုင်တော့ပေ။

ဤသည်မှာ ရွှမ်ဝူမြို့စားအိမ်တော်၏ ပျက်စီးခြင်းသည် ရှောင်လွှဲမရသော လမ်းကြောင်းဖြစ်ပြီး မည်သူမျှ မတားဆီးနိုင်၊ ရှမ့်လန်လည်း ကူကယ်ရာမဲ့နေသည်နှင့် တူသည်။ အဓိကမှာ ဤအချိန် အပြင်ဘက် ရာသီဥတုမှာ နေဝင်ဆည်းဆာ ဖြစ်နေခြင်းပင်။ ထိုပုံရိပ်များ၊ ဤနှလုံးသား၏ ခံစားချက်၊ ကဗျာတစ်ပုဒ်လုံးသည် အဆိုးမြင်မှုနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ ဤကဲ့သို့သော ကဗျာမျိုးမှာ ရှားပါးလှသည်။

လူပေါင်းများစွာတို့သည် သက်ပြင်းချမိသလို တကယ်လည်း တုန်လှုပ်မိနေကြ၏။

အရှေ့တွင် ဖြစ်နေသည့် အကြောင်းအရာများကို ရပ်တန့်ရမည်ဖြစ်ကြောင်းကို ရှမ့်လန်သိရှိ၏။ ထိုအရာသည် မကြာခင်တွင် ဖြစ်ပေါ်လာမည့် အကြောင်းအရာများပင် ဖြစ်လေ၏။ သို့ပေမည့် သူဘာတစ်ခုမှ မတတ်နိုင်ဆိုသည့် သဘောပင်။ ယနေ့စားပွဲ၏တာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်၏။ ဘာတစ်ခုမှ ထူးထူးခြားခြား မရှိချေ။

အားလုံးသော သူတို့အနေနှင့် ရွှမ်ဝူအိမ်တော်သည် မကြာခင် ဖျက်ဆီးခံရတော့မည်ဖြစ်ကြောင်း သိရှိနားလည် သွားလေ၏။ ကျင်းချန်ကျွန်းတိုက်ပွဲကို အနိုင်ယူပြီးသည့်နောက်မှ သူတို့သည် ရန်သူကို ထိတ်လန့်စရာ ကောင်းသည့် တခြားသောအရာများ ဆက်လက်ကာ လက်ဆောင်ပေးရမှာဖြစ်၏။

ရှမ့်လန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေလေ၏။ သူက ဝမ်းနည်းစွာ ပြောလိုက်မိ၏။ “ကျုပ်သိပ်ပြီး အဆင်မပြေတော့ဘူး။ ကျုပ် အခုထွက်သွားပါတော့မယ်။ နောက်ထပ် လေးရက်အကြာ ပြိုင်ပွဲနေ့ကျရင် ပြန်ပြီးတွေ့ကြတာပေါ့။ အဲနေ့ကျရင် ရွှမ်ဝူအိမ်တော်ရဲ့ သေခြင်းရှင်ခြင်း အခြေအနေက ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒအတိုင်း ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်က တကယ့်ကိုမမျှတဘူး”

ပြီးနောက် သူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး တွေဝေငေးငိုင်စွာဖြင့် တစ်ယောက်တည်း ထွက်လျှောက် သွားခဲ့၏။ ရွှမ်ဝူအိမ်တော်၏ အဆုံးသတ်သည် မကြာခင်ရောက်ရှိလာတော့မည်ဟူသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

သို့ပေမည့် ရှမ့်လန်၏နှလုံးသားတွင် စကားစုတစ်ခု တည်ရှိနေမိ၏။

“လေးရက်ကြာရင် ကျုပ် ခင်ဗျားတို့အားလုံးကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်။ ကျူးလန်ထင်၊ ကျူးဝမ်ဟွာ.. ခင်ဗျားတို့ကံကောင်းတယ်။ ဒီနေ့မသေသေးဘူး။ ကျင်းချန်ကျွန်းတိုက်ပွဲပြီးသွားရင်တော့ ခင်ဗျားတို့အားလုံးကို ကျုပ်သတ်မှာ မဟုတ်ဘူး။ ခင်ဗျားတို့ အားလုံးကို ကျုပ် အရေခွံခွာပြီး အရေခွံကို ခွေးကျွေးမယ် .....”

………..

ရှမ့်လန် ထွက်ခွာသွားခဲ့သည့် ဆိုသော်လည်း စားပွဲမှာတော့ ဆက်လက်ဖြစ်တည်နေ၏။

မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “ရှမ့်လန်က မောက်မာလွန်းလှတယ်ဆိုပေမဲ့ သူ့ဆီမှာ စွမ်းရည်အချို့တော့ ရှိနေသေးတာပဲ”

မည်သူမှသည် တုံ့ပြန်ခြင်း မရှိခဲ့ချေ။ ကျန်းချွင်းဟွာ တစ်ယောက်တည်းသည်သာ မျက်မှောင်ကုတ်ကာ ကျန်ခဲ့၏။ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို သူမ အစောကြီးတည်းက သိရှိပြီးဖြစ်၏။ ကျူးလန်ထင်သည် ရှမ့်လန်၏ လမ်းစဉ်ကို တားဆီးချင်ခြင်းသာ ဖြစ်လေသည်။

All Chapters