အခန်း (၁၅၀)
Vol. 11 Ch. 150
ပြီးနောက် သူမသည် သူမ၏ယောက်ျားကို အမှတ်မထင် လှည့်ကြည့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ကံကြမ္မာ အလှည့်အပြောင်းကို ဖန်တီးပေးခဲ့သည့်သူသည် သူမ၏ယောက်ျားဖြစ်သောကြောင့်ပင်။ ယခု မူလန်သည် သူမနှင့် သူမယောက်ျားတို့သည် တစ်သားတည်း ဖြစ်တည်နေသကဲ့သို့ပင် လေးနက်နက် ခံစားမိကြ၏။
ယောက်ျားသည် ဦးနှောက်ဖြစ်ပြီး မူလန်မှာတော့ ခန္ဓာကိုယ်ဖြစ်၏။ ဦးနှောက်နှင့် ခန္ဓာကိုယ်တို့၏ ပေါင်းစပ်မှုသည် လိုက်ဖက်ညီသည့် အတွဲအဖက်ပင်ဖြစ်၏။ သို့ပေမည့် သူမသည် ခန္ဓာကိုယ် အလွတ်ကြီးသာဖြစ်ပြီး ဦးနှောက် မရှိသလိုပင် ခံစားနေမိသည်။
“ကျင်းမူလန်က ဒီလောက်တောင်မှ အရူးလိုဖြစ်နေပြီလား။ ငါအရင်တုန်းက အရမ်းကိုဉာဏ်ကောင်းတဲ့ မိန်းမ တစ်ယောက်ပါ”
သို့ပေမည့် ဤအရာက ကိစ္စရပ်ကြီးမဟုတ်ချေ။ ကောင်းချီးတစ်ခုဟုပင် သူမက ခံစားမိ၏။ နှစ်ကိုယ့်တစ်စိတ်ကဲ့သို့ပင်။ အလွန်လှပသည့် ချစ်ခြင်းမေတ္တာတစ်ခုကို ဖော်ညွှန်းပြသနေသကဲ့သို့ပင်။
သို့ပေမည့် မူလန်သည် ရှမ့်လန်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်း ဒေါသထွက်သွားမိ၏။ အဘယ်ကြောင့် ဆိုသော် သူမ၏ယောက်ျားသည် ကျန်းချွင်းဟွာနှင့် အပြိုင်အဆိုင် ကလူ ကျီစယ်ကစားနေသောကြောင့်ပင်။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် တခြားမိန်းမတစ်ယောက်နှင့် ဆော့ကစားဖို့ အချိန်ရှိနေ သေးသည်လား။
‘ကျွန်မကတော့ တစ်သားတည်းဖြစ်တည်နေပြီလို့ စဉ်းစားနေခဲ့တာ။ ရှင်က ဘယ်လိုဖြစ်ပြီးတော့ ဖောက်ပြန်နေရ တာလဲ။ အရူး ရှင့်ကို အပိုင်းပိုင်းခုတ်သတ်ပစ်မယ်။’
ရှမ့်လန်သည် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်း မဟုတ်ချေ။ သူသည် နှာဗူးတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ ဤကဲ့သို့ နှာဗူးမျိုးမဟုတ်ချေ။ သူ၏မိန်းမနှင့် ထန်ယင်တို့၏တိုက်ပွဲသည် အရေးအကြောင်း အခြေအနေဖြစ်၏။ ထို့ကြောင့် သူသည် တကယ်ပင် အလေးအနက်ထားကာ စိုးရိမ်ပူပန်နေမိ၏။
သို့ပေမည့် သူသည် သူ့မိန်းမကို ကြည့်ရှုလျက် ရှိနေတုန်းမှာပဲ လှပသည့်အမျိုးသမီးတစ်ယောက်သည် သူ့ကို စူးစိုက်ကြည့်ရှုနေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ ဤအရာသည် ချောမောသည့် ယောက်ျား တစ်ယောက်၏ အလိုလို တုန့်ပြန်မှုပင်ဖြစ်၏။ ယနေ့ဟောခန်းတစ်ခုလုံးတွင် ရှမ့်လန်ကို စူးစိုက်ကြည့် နေသည့် အမျိုးသမီး မိန်းမလှလေးပေါင်းများစွာ ရှိနေ၏။ သူတို့အားလုံးသည် သူ့ကို စူးစိုက်ကြည့်ရှုနေသည်။
ရှမ့်လန်သည် အရာအားလုံးကို ဂရုစိုက်တတ်သူတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် အမျိုးသမီးများစွာတို့က သူ့ကို စူးစိုက်ကာကြည့်ရှုသည့်အချိန်တွင် မတုံ့ပြန်သည်ဆိုပါက ရိုင်းစိုင်းရာကျမည် မဟုတ်ပါလား။ ထို့ကြောင့် တိုက်ခိုက်ပွဲ ခေါင်းလောင်းမြည်သည့်အချိန်တွင် အားလုံးသောသူတို့သည် မူလန်နှင့် ထန်ယင်တို့ကို အကြည့် ရောက်သွားမည်ဖြစ်၏။ ထိုအချိန်မှသာလျှင် သူသည် လူပေါင်းများစွာတို့ကို အကဲခတ်ရန် စဉ်းစားထားမိ၏၊
သို့ပေမည့် ထိုကဲ့သို့သော တိုက်ပွဲအချိန်အတောအတွင်းမှာပင် မျက်လုံးတစ်စုံက သူ့ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ လှမ်းကာကြည့်ရှုချိန်မှာတော့ ကျန်းချွင်းဟွာ ဖြစ်လို့နေခဲ့၏။ ဤမိန်းကလေး သည် သူမ၏ကြာဖူးကဲ့သို့သော လှပသည့် နှုတ်ခမ်းများကို စူကာဖြင့် အဝေးတစ်နေရာဆီမှ သူ့ကို အနမ်းပေးနေလေသည်။
ဤအပြုအမူသည် ရှမ့်လန်ကို အံ့အားတသင့်ဖြစ်စေခဲ့၏။ လူပေါင်းများစွာတို့ တည်ရှိနေသည့် အခြေအနေမျိုး တွင်ပင် ဤမိန်းကလေးသည် ပေါ်ပေါ်တင်တင်နှင့် သူ့ကို ဆွဲဆောင်လျက် ရှိနေ၏။ ရှမ့်လန်သည် အချိန် ခဏကြာလောက် တွေဝေငေးငိုင်သွား၏။
ထိုကဲ့သို့ တွေဝေငေးငိုင်နေသည့် အချိန်အခိုက်အတန့်မှာပင် သူ့မိန်းမ၏ တိုက်ပွဲက ပြီးဆုံးသွားခဲ့လေ၏။ ထန်ယင်ကို ချက်ချင်းပဲ အနိုင်ယူတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မူလန် သူ့ကိုလှမ်းကြည့်သည့် အချိန်တွင် ရှမ့်လန်တစ်ယောက် ကျန်းချွင်းဟွာနှင့် မျက်စပစ်ကာ ဆော့ကစားနေသည်ဟု ထင်မှတ်မှားခဲ့ခြင်းဖြစ်၏။ သူ့မိန်းမ၏ သတ်ဖြတ်လိုခြင်း အငွေ့အသက်သည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည်ကို ခံစားမိ၏။ ရှမ့်လန်၏ လည်ဂုတ်ပေါ်တွင်ရှိနေသည့် အမွေးများပင်လျှင် ထောင်ထသွားခဲ့မိကြ၏။ ခန္ဓာကိုယ်တစ်ခုလုံးလည်း အေးစက်သွား၏။
“ငါ ငါတော့ သွားပြီပဲ”
အခြေအနေကို ပြန်ပြန်ဆန်ဆန်နှင့် ပြန်လည် လမ်းကြောင်းပြောင်းနိုင်ရန်အတွက် ရှမ့်လန်သည် ရုတ်တရက် မတ်တပ်ထရပ်ကာ လက်ခုပ်တီးလိုက်သည်။ “တော်တယ်၊ တော်တယ်... ငါ့မိန်းမက အံ့အားသင့်စရာပဲ”
ရှမ့်လန် အော်ဟစ်ပြီး လက်ခုပ်တီးလိုက်သည့် အချိန်မှာတော့ လူပေါင်းများစွာတို့သည် သတိဝင်သွားခဲ့၏။ အားလုံးသောသူတို့သည် ထိုအခါမှသာလျှင် သတိဝင်နိုင်တော့၏။ ထိုကဲ့သို့ မယုံကြည်နိုင်ဖြစ်နေသည့် လူပေါင်းများစွာထဲတွင် ထန်လွမ်နှင့် ဆက်ခံသူထန်ယွင်တို့လည်း အပါအဝင်ဖြစ်၏။ ၎င်းတို့သည် ထန်ယင်၏ ပြိုင်ဘက်ကင်း သိုင်းနည်းစနစ်ကို ကောင်းကောင်း သိရှိပြီးသားဖြစ်၏။
ဤနှစ်ပိုင်းအတွင်းတွင် လူပေါင်း ၂၀၀ လောက်ရောက်ရှိလာပြီး ထန်ယင်ကို တိုက်ခိုက် စိန်ခေါ်ခဲ့လေ၏။ သို့ပေမည့် အားလုံးသော သူတို့သည် ရှုံးနိမ့်ခဲ့ကြ၏။ ထန်လွမ်နှင့် ထန်ယွင်တို့သည် ထိုကဲ့သို့ တိုက်ခိုက်မှုများကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဖူးပြီးသားဖြစ်၏။ တချို့သောသူများသည် ကျင်းမူလန်ထက်ပင် ပိုမိုကာ အားကောင်းကြသည်။
ယခု ထန်ယင် ရှုံးနိမ့်ခဲ့လေသည်လား။ ကျင်းမူလန်က တစ်ခါတည်း အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့လေသည်လား။ မည်သို့ ဖြစ်နိုင်မည်နည်း။ နေသည် အနောက်ရပ်က ထွက်လာခဲ့လေသည်လား။ ထန်ယင်သည် ခေါင်းထဲတွင် ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လျက်ရှိနေပြီး မိုးကြိုးပစ်ချခံရသကဲ့သို့ပင် နဝေတိမ်တောင်နှင့် ဖြစ်လို့နေခဲ့၏။ ပထမဦးဆုံး သူခံစားမိသည့်အရာသည် အစစ်အမှန် မဟုတ်ခဲ့သလိုပင်။
တိုက်ပွဲရှုံးနိမ့်မှု၏ အကျိုးဆက်သည် တကယ့်ကို ကြီးမားလွန်းလှချေ၏။ အချိန်အတော်ကြာမှသာလျှင် တုန့်ပြန်နိုင်ခဲ့၏။ ဤအရာသည် ကျင်းချန်ကျွန်းတိုက်ပွဲဖြစ်၏။ ပထမဦးဆုံး တိုက်ပွဲကို ရှုံးနိမ့်ခဲ့ပြီ ဖြစ်၏။
ဤအရာသည် ကျိန်းသေပေါက် အနိုင်ယူနိုင်မည့် တိုက်ပွဲမျိုးပင်ဖြစ်၏၊ ဘယ်လို သောက်ကျိုးနည်းကိစ္စမျိုး ဖြစ်သွားရသနည်း။ သူသည် သူ၏သားကို လှမ်းကာကြည့်ရှုလိုက်၏။ သူ၏သားသည် တစ်ဖက်မိန်းကလေး၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးခဲ့လေသည်လား။ ထို့ကြောင့် ကျင်းမူလန်ကို သနားညှာတာခဲ့လေသည်လား။ မဖြစ်နိုင်ပေ။ ထန်ယင်၏မျက်လုံးထဲတွင် ဤကဲ့သို့သော အရိပ်အယောင်များ မရှိချေ။ သူသည် အမျိုးသမီးများကို စိတ်ဝင်စားတတ်သည့် လူတစ်ယောက်မဟုတ်ချေ။
သူ၏သားသည် အကောင်းမွန်ဆုံး ထုတ်ဖော်မတိုက်ခိုက်ခဲ့၍လား။ ထန်ယင်သည် ဤဓားနည်းစနစ်ကို အကြိမ်ပေါင်း သန်းနှင့်ချီ၍ ထုတ်ဖော်တိုက်ခိုက်ခဲ့ပြီးသားဖြစ်၏။ ထို့အပြင် ထန်လွမ်သည် ထန်ယင်၏ ကြယ်ကြွေဓားနည်းစနစ်တွင် မည်သည့်ပြဿနာမှမရှိဟု သုံးသပ်မိ၏။ ထိပ်ဆုံးအခြေအနေဆီသို့ပင် ထုတ်ဖော် တိုက်ခိုက်ခဲ့သည်။
“အဖေ သုံးပွဲမှာ နှစ်ပွဲနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာပဲ”
ထန်ယွင်က ပြောလိုက်၏။ “ဒီလို ပထမဦးဆုံးပွဲ ရှုံးသွားတာ ပြဿနာကြီးတော့ မဟုတ်ပါဘူး”
ကျင်းဟိုင်မြို့စားကြီးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဟုတ်တယ်။ အနိုင်ရဖို့အတွက် ယုံကြည်ချက် ရှိနေပါသေးတယ်။ ဒါပေမယ့် ဘာကြောင့်လဲ”
................
ဤကဲ့သို့ အခြေအနေဖြစ်ပေါ်လာသည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားနေရသော ဒုတိယလူသည် ကျန်းချုံးးပင်ဖြစ်၏။ သူသည် ဘာမှမသက်ဆိုင်သည့် တတိယလူနေရာ၌ ကြည့်ရှုနေသည် ဖြစ်လျှင်တောင်မှ ကျင်းချန်ကျွန်းတိုက်ပွဲသည် သူ့အတွက် အလွန်အရေးကြီးလှ၏။
ရွှမ်ဝူမြို့စား၊ ကျင်းဟိုင်မြို့စားနှင့် ကျန်းချုံး၊ သုံးဖက်သုံးဖလှယ်သည် မိမိ၏အကျိုးအတွက် အလုပ်လုပ် နေကြသည့် လူများပင်ဖြစ်၏။ ကျန်းချုံးးအနေနှင့် အစကတည်းက ဆိုးရွားလှသည့် ခံစားချက်များကို ရရှိနေ၏။ သူသည် မကောင်းသည့် အတိတ်နမိတ်များကိုလည်း ခံစားမိနေသည်။
ပထမဦးဆုံး လွန်ခဲ့သည့်လေးရက် စတုတ္ထမင်းသား နင်ကျန့်၏ ဧည့်ခံပွဲတွင် ရှမ့်လန်သည် ပြစ်ချက်တစ်ခုကို ထုတ်ဖော်ပြသခဲ့၏။ ဤအရာကို ကျန်းချုံးက သဲလွန်စအဖြစ် ကိုင်ဆောင်ခဲ့၏။ သို့ပေမည့် ယနေ့အချိန်မှာတော့ ရှမ့်လန်နှင့် သူ၏သမီး ကျန်းချွင်းဟွာတို့သည် အကြည့်ချင်းဖလှယ်ပြီး ကလူကျီစယ်လျက် ရှိနေလ၏။ ထို့ကြောင့် သူက လေးလေးနက်နက် ထားခဲ့မိသည်။ ကျန်းချုံး၏ စိတ်ထဲတွင် ရှိနေသည့် မကောင်းသည့် ခံစားချက်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။ အချက်အလက်အားဖြင့် ဤဆိုးရွားသည့် ခံစားချက်များ သည် မှန်ကန်ကြောင်း ပထမဦးဆုံးသက်သေ ထွက်ပေါ်လာခဲ့ပြီဖြစ်၏။
“ဘယ်လို.. ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျန်းကျင်းသည် တုန်လှုပ်သွားမိ၏။ “ကျင်းမူလန်ရဲ့ ဓားပညာက စုကျန့်ထင် လောက်တောင် အားမကောင်းဘူး။ ဘယ်လိုဖြစ်ပြီး နိုင်ရတာလဲ။ ကြယ်ကြွေဓားနည်းစနစ်ကို ဘယ်လို ချိုးဖျက်နိုင်ရတာလဲ။ ဒါဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပဲ”
ဘေးတစ်ဖက်တွင်ရှိနေသည့် ကျန်းချွင်းဟွာသည်လည်း ကြောင်အသွားမိ၏။ သူမသည် ရှမ့်လန်နှင့် ဆက်၍ ကလူကျီစယ်ခြင်းကို မပြုလုပ်တော့ချေ။ သူမ၏လှပသည့် မျက်နှာထက်တွင် တည်ကြည် လေးနက်မှုများနှင့် ပြည့်နှက်သွားခဲ့ပြီး ကျင်းမူလန်ကို စူးစိုက်ကာကြည့်ရှုနေ၏။ အဘယ်ကြောင့်ဆိုသော် သူမအဖေ၏ကံကြမ္မာ၊ ကျန်းမိသားစု၏ ကံကြမ္မာနှင့် သက်ဆိုင်နေသောကြောင့်ပင်။ သူမအဖေ၊ သူမ၏မိသားစုနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ယောက်ျားနှင့် မိန်းမကြားထဲတွင် ရှိနေသည့် ချစ်ခြင်းမေတ္တာဆိုသည်မှာ ဘာဖြစ်သနည်း။ ဘာမှအသုံးမဝင်ချေ။
အချိန်ခဏကြာပြီးသည့်နောက် ကျန်းချုံးးက ပြောလိုက်သည်။ “တစ်စုံတစ်ခုတော့ မှားနေပြီ။ တကယ့်ကို ကြီးမားတဲ့အရာ တစ်ခုခုဖြစ်တော့မယ်”
........
ဤနေရာတွင် တခြားသူများ မရှိချေ။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ပွဲကြည့်သူများကြားတွင် သူက အံ့အားအသင့်ဆုံးဖြစ်၏။ ဤလူသည် စုကျန့်ထင်ပင်ဖြစ်လ၏ ကျန်းယွမ်နယ်စားကြီး၏သားလည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထန်ယင်၊ ကျင်းမူလန်တို့နှင့် တိုက်ခိုက်ဖူးသည့် တစ်ဦးတည်းသောလူပင်ဖြစ်၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ၏အတွင်းအားနှင့် သိုင်းပညာ အဆင့်အတန်းသည် ထန်ယင်ထက် ပိုမိုကာ သာလွန်၏။ သို့ပေမည့် သူရှုံးနိမ့်ခဲ့၏။ ကျင်းမူလန်နှင့် တိုက်ခိုက်သည့်အချိန်တိုင်းတွင် သူ အလွယ်တကူနှင့် အနိုင်ယူခဲ့၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ အခြေအနေတစ်ခုလုံးက ပြောင်းပြန်လှန်၍ ပြောင်းလဲသွား ခဲ့လေ၏။ မည်သို့မှ လက်မခံနိုင်ခဲ့သလိုပင်။
သူသည် ကျင်းမူလန်၏ ဝမ်းကွဲအစ်ကို တစ်ယောက်ဖြစ်ပြီး ရွှမ်ဝူအိမ်တော်နှင့် ခမည်းခမက် တော်စပ်သည့် လူလည်းဖြစ်၏။ သို့ပေမည့် ကျင်းမူလန်ကို အနိုင်မရချင်ဆုံးသော လူသည် သူလည်းဖြစ်၏။ သူနှင့် ကျင်းမူလန်တို့၏ စေ့စပ်ပွဲသည် ပျက်စီးသွားခဲ့ပြီဆိုလျှင်တောင်မှ သူ၏စိတ်ထဲတွင် ဤမိန်းကလေးသည် သူနှင့် သက်ဆိုင်နေသည့် လူတစ်ယောက်ဖြစ်ပြီး တခြားသောသူများနှင့် သက်ဆိုင်နေသည့်လူတစ်ယောက်လူ မဟုတ်ကြောင်း ခံစားမိနေတုန်းပင်။
ကျင်းမူလန် တခြားတစ်ယောက်နှင့် လက်ထပ်သွားခဲ့သည်ဆိုလျှင်တောင်မှ သူက စိတ်ထဲမှာ မထားချေ။ ရှမ့်လန်ကဲ့သို့ လူမျိုးဆိုလျှင် ပိုမိုကာ ဆိုးရွား၏။ စုကျန့်ထင်တစ်ယောက် ဤကဲ့သို့ အတွေးမျိုး တွေးနေသည်ကို အပြစ်တင်၍ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည်လည်း ဤကဲ့သို့ တွေးနေခြင်းကြောင့်ပင်။ သူနှင့် ပတ်သက်ဆက်နွယ်နေသည့် လှပသော အမျိုးသမီးများသည် တခြားသောသူများ ယူဆောင်သွား၍ရမည် မဟုတ်ချေ။ လောကတွင် ရှိရှိသမျှသော နှာဗူးများသည် ညီအစ်ကိုများသာလျှင်ဖြစ်၏။ တူညီသည့် စိတ်ဆန္ဒ ရှိကြသည့် လူများပင်။
စုကျန့်ထင်၏ နှလုံးသားထဲမှာတော့ ကျင်းမူလန်သည် မသေဆုံးသွားသရွေ့ သူမကို ကယ်တင်ရ၏။ ရွှမ်ဝူအိမ်တော် ပျက်စီးဆုံးရှုံးသွားသည့် အခြေအနေမျိုးသို့ရောက်သည့်အချိန်တွင် သူသည် ကျင်းမူလန်၏ အရှေ့တွင် ကယ်တင်ရှင် တစ်ယောက်ကဲ့သို့ ပေါ်လာရပေလိမ့်မည်။ ယခု မပျက်စီး၊ မဆုံးရှုံးသည်ဆိုပါက သူ အဘယ်သို့ ကယ်တင်ရှင်ဖြစ်မည်နည်း။
ကျင်းမူလန် အနိုင်ရရှိသွားခဲ့၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ရွှမ်ဝူအိမ်တော်ကို အနိုင်မယူနိုင်ဘူး ဆိုပါက ဘာတွေ ဖြစ်ပျက်သွားမည်နည်း။
ဖြစ်လာသည့်ရလဒ်ကို မြင်ရသည့်အချိန်မှာတော့ အပျော်ရွှင်ဆုံးသောလူသည် ရွှမ်ဝူဖြစ်သည်။ သူသည် အလွန်ပင် ပျော်ရွှင်နေမိ၏။ သို့ပေမည့် အဘယ်ကြောင့် စိတ်လှုပ်ရှားမှု တစ်ခုလေးကိုမှ မခံစားနေရသနည်းကိုတော့ နားမလည်နိုင်ခဲ့ချေ။
ဤအရာသည် ဖြစ်ကိုဖြစ်သင့်သည့် အကြောင်းအရာကဲ့သို့ပင်။ အဘယ်ကြောင့်ဆိုသော် သူ့သမက်တော်၏ ဦးနှောက်ဆေးခြင်းကို ခံထားရသောကြောင့်ပင်။ သမက်တော်သည် အရာအားလုံးကို နားလည်နေ၏။ ထို့ကြောင့် ဤတိုက်ပွဲသည် ကျိန်းသေပေါက် အနိုင်ယူနိုင်မည်ဟု အကြိမ်ပေါင်း ၅၀၀ နီးပါး သူ့၏နားထဲသို့ ရိုက်သွင်းခဲ့ လေ၏။ ထို့အပြင် ထန်ယင် ရှုံးနိမ့်လိမ့်မည်ဟု အကြိမ်ပေါင်း ၃၀၀ ခန့်ပြောဆိုခဲ့၏။
တကယ်တမ်း ဖြစ်လာသည့်အချိန်မှာတော့ ရွှမ်ဝူ၏တုံ့ပြန်မှုများသည် ‘ဪ ဒီလိုပဲကိုး’ ဆိုသည့် အခြေအနေမျိုးသို့ ဖြစ်သွားခဲ့၏။ ကျင်းမူကုန်းမှာရော။ အားနာပါသည်။ ကျင်းမူကုန်းကို သေသေချာချာ မမြင်ရချေ။ သူသည် မျက်လုံးကို မှိတ်ပြီးသည့်နောက် သူ့ကိုပေးထားသည့် စာတမ်းများကို ရွတ်ဖတ်လျက်ရှိနေသည်။
ရှမ့်လန်အနေနှင့် မျှော်လင့်ချက် မရှိဟု ပြောဆိုခဲ့သည်ဆိုသော်လည်း ကျင်းမူကုန်းသည် သူ့ကိုယ်သူ ကယ်တင်နိုင်သေးသည် ဟု ခံစားမိ၏။ ထို့ကြောင့် အစစ်အမှန် ကြိုးစားနေခြင်းပင် ဖြစ်၏။ အကယ်၍ ကံကောင်းပြီး အတတ်ပညာပြိုင်ပွဲတွင် နိုင်သွားသည်ဆိုပါက ကောင်းကင်ကို ငြင်းပယ်နိုင်သည့်အရာ ဖြစ်လာမည် မဟုတ်ပါလား။
ထို့ကြောင့် ကျင်းမူကုန်းသည် တစ်ချိန်လုံးစာများကို ရွတ်ဖတ်နေခြင်းပင်။ သူသည် စိတ်အာရုံ ပျက်လွင့်သွားမည် စိုးပြီး မဖွင့်ရဲချေ။ မျက်စိတစ်ချက်ဖွင့်လိုက်သည်နှင့် မှတ်ထားသမျှ အရာအားလုံး မေးလျော့သွားမည်ကိုတောင် စိုးရိမ်မိ၏။ ယခု စုတ်တံနှင့် စာရွက်ကို ယူဆောင်မလာသည်က ကံကောင်း၏။ မဟုတ်ပါက ချပြီး ရေးနေလောက်မည် ဖြစ်၏။ အလွန်ကောင်းမွန်ပါသည်ဆိုသော မှတ်ဉာဏ်သည် စုတ်တံစုတ်တစ်ချောင်း လောက်ပင် အသုံးမဝင်ချေ။ ကျင်းမူကုန်းသည် စာအုပ်များကို ကူးယူရေးသားခြင်းတွင် ပါရမီရှင်တစ်ယောက် ဖြစ်၏။
....
ခဏလောက်ကြာပြီးသည့်နောက် ထန်ယင်သည် သတိဝင်လာ၏။ သူသတိဝင်လာပြီးသည့်နောက် ကျင်းမူလန်ကို မေးလိုက်သည်။ “ကျုပ်ရှုံးသွားခဲ့တာလား”
အားလုံးသောသူတို့က တုန်လှုပ်သွား၏။ ကိုယ်ရှုံးသွားသည်ကိုပင် ကိုယ်မသိလေသည်လား။ ဤလူသည် အရူးပင် ဖြစ်ပေလိမ့်မည်။ ရှုံးနိမ့်ခဲ့ပြီးသည့်နောက်မှာတော့ အားလုံးသောသူတို့သည် ထန်ယင်ကို အံ့အားတသင့်ဖြင့် လှမ်းကာကြည့်ရှုနေ၏။
မူလန်သည် လေးလေးနက်နက်ဖြင့် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ... ရှင်ရှုံးသွားတာ”
ထန်ယင်က ပြောလိုက်၏။ “ကျုပ် တကယ် ရှုံးသွားခဲ့တာလား” သူလက်ကို ဆန့်တန်းပြီးသည့်နောက် သူ၏ဓားကြီးကို အသာလှမ်းကြည့်လိုက်၏။ ၁၄ နှစ်တိတိရှိခဲ့ပြီဖြစ်၏။ သူသည် ၁၄ နှစ်တိတိ ကြယ်ကြွေဓားကို လေ့ကျင့်ခဲ့၏။ ဤနှစ်ပိုင်းအတွင်း သူတစ်ခါမှ မရှုံးခဲ့ချေ။ သူ၏ပြိုင်ဘက်များအား တစ်စက္ကန့်အတွင်း အနိုင်ယူနိုင်ခဲ့၏။ ယခု သူရှုံးနိမ့်ခဲ့လေပြီ။ အစစ်အမှန် မဟုတ်သကဲ့သို့ပင်။
မဟုတ်သေးပေ။ အစစ်အမှန် ဖြစ်ရပေလိမ့်မည်။ အရင်တိုက်ပွဲများသည် အစစ်အမှန် မဟုတ်ဘဲ သူ့စိတ်ကူးထဲတွင် ထင်နေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ အရင်တုန်းက နောက်ထပ်ဓားနည်းစနစ်တစ်ခုကို လေ့ကျင့်ရမှန်း မသိခဲ့ချေ။ သူ၏ဆရာ လီချင်းချိုးသည် သူ့ကို တိုက်ပွဲတစ်ခုခု၌ ရှုံးနိမ့်ခဲ့ပြီးသည့်နောက် တခြားသော ဓားနည်းစနစ်များကို လေ့ကျင့်သင့်သည်ဟု ပြောခဲ့၏။ ယခု နောက်ဆုံးမှာတော့ သူရှုံးနိမ့်ခဲ့၏။
“ဟားဟားဟား ဟားဟားဟားဟားဟား”
ထန်ယွင်က ရုတ်တရက်ထကာ ရယ်မောလိုက်သည်။ “ကျုပ်ရှုံးပြီ။ ကျုပ်တကယ်ရှုံးသွားပြီပဲ။ ရှုံးသွားတာကောင်းတယ်။ ရှုံးသွားတာ အရမ်းကောင်းတယ်”
ပြီးနောက် ထန်ယင်သည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ဓားကြီးကို အသာ ကောက်ကိုင်ကာဖြင့် ထွက်လျှောက်သွားခဲ့၏။
“ဆရာ.. ကျုပ်ရှုံးသွားပြီ။ ကျုပ်ရှုံးသွားပြီ။ ဟားဟားဟား... ဆရာ ကျုပ်ရှုံးသွားပြီ”
သူ၏အမြန်နှုန်းသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ ပထမဦးဆုံး သူ၏အသံသည် ဝမ်းနည်းနေသည့်ပုံပေါ်၏။ နောက်တော့ အလွန်အမင်း ဝမ်းသာသွားသည့်ပုံပေါ်ခဲ့၏။ ပြီးနောက်မှာတော့ ထန်ယင်သည် ထိုကဲ့သို့ပင် ထွက်ခွာသွားခဲ့သည်။
ဟောခန်းထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို ထားကာ ထွက်ခွာသွားခဲ့၏ ဤအရာသည် အစသာရှိသေး၏။ သို့ပေမည့် သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုမစိုက်ခဲ့ချေ။ သူသည် သူ၏ ကိုယ်ပိုင်ကမ္ဘာတွင် တစ်ယောက်တည်း နေထိုင်နေသည့် လူတစ်ယောက်ကဲ့သို့ပင်။ သူသည် သူ၏ပြိုင်ဘက်ကို လေးလေးနက်နက် မကြည့်ရှုခဲ့ချေ။ ပွဲကြည့်ပရိသတ်များဆိုလျှင် ပို၍ပင် ဝေလာဝေးပင်ဖြစ်၏။
အားလုံးသောသူတို့သည် သူ့အကြောင်း ပြောလျက်ရှိနေသည်။ “သူက တကယ့်ကိုအရူးပဲ”
“ဒီကောင်အရူးပဲနေလိမ့်မယ်။ သူရဲ့ဂုဏ်သိက္ခာအကြောင်း ချဲ့ကားပြောဆိုနေတာပဲ ဖြစ်မယ်”
“လူတွေက သူ့ကို မြှောက်ပင့်ပြောဆိုတာပဲ ဖြစ်မယ်။ ဒီလိုလူမျိုးက ဘယ်လိုဖြစ်ပြီး ပြိုင်ဘက်ကင်း ဖြစ်လာတာလဲ”
အားလုံးသောသူတို့၏ အထင်အမြင်သေး ရှုံ့ချမှုများကို နားထောင်ပြီးသည့်နောက် ရှမ့်လန်သည် ထန်ယင်၏ နောက်ကျောကို ကြည့်ကာ လေးလေးနက်နက်နှင့် ပြောလိုက်၏။ “ဒီလူက ကြောက်စရာပဲ”
ဤအရာသည် ကြီးကျယ် ခမ်းနားလွန်းလှသည့် သိုင်းဆရာတစ်ယောက် ဖြစ်တည်လာခြင်း၏အစပင် ဖြစ်ပေလိမ့်မည်။ ယနေ့ရှုံးနိမ့်မှုသည် ထန်ယင်အား ကျိန်းသေပေါက် ပိုမိုကာ အားကောင်းလာစေလိမ့်မည်။ ယခင်တုန်းက ကြယ်ကြွေဓား နည်းစနစ်သည် အားကောင်းရုံသာလျှင်ရှိ၏။ တစ်ဖက်လူသည် ပြိုင်ဘက်ကင်း မဖြစ်ခဲ့ချေ။ သို့ပေမည့် ယနေ့ အချိန်မှာတော့ သူသည် ပြိုင်ဘက်ကင်း ဖြစ်လာပေတော့မည်။
မူလန်သည် ထန်ယင်၏ ပျောက်ကွယ်သွားသည့် နောက်ကျောကို လှမ်းကြည့်ပြီး အနည်းငယ် မနာလို သလိုပင်ဖြစ်မိနေ၏။ တကယ် အစစ်အမှန် သိုင်းပါရမီရှင်တစ်ယောက်ကို လက်ညှိုးထိုးပြပါဆိုလျှင် ထိုလူပင် ဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် ထန်ယင်၊ အရူးကြီးသည်လည်း အပါအဝင်ဖြစ်၏။ ထန်ယင်၏ မျက်လုံးထဲတွင် သိုင်းပညာသာလျှင်ရှိ၏။ အရူးကြီးအတွက်မှာတော့ မျက်လုံးထဲတွင် ဘာမှမရှိချေ။ သူ့ကိုယ်သူ ပါရမီရှင်မှန်းပင်လျှင် မသိရှိချေ။ ဤအရာကသာလျှင် တကယ့်အစစ်အမှန် ပြိုင်ဘက်ကင်းပင်ဖြစ်၏။
ကျင်းမူလန်သည် ပါရမီရှင်မျိုး မဟုတ်ချေ။ သို့ပေမည့် သူမသည် ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်တော့ ဖြစ်နေသေး၏။ တကယ့် ထိပ်တန်းသိုင်းပညာရှင်များနှင့် ပုခုံးချင်းယှဉ်ကာ ရပ်တန့်နိုင်သောကြောင့်ပင်။ သို့ပေမည့် ထိုကဲ့သို့ ရပ်တန့်နိုင်ခြင်းသည် သူမယောက်ျား၏ ပုခုံးပေါ်တွင် ထိုင်နေရသောကြောင့်ပင်။
..............
ပြီးသည့်နောက် ဒိုင်လူကြီးသုံးဦးတို့၏ ဆုံးဖြတ်ချက်များ ပေါ်ပေါက်လာခဲ့၏။ ဦးရီးတော်နင်ချီက ပြောလိုက်၏။ “အံ့အားသင့်စရာပဲ။ ဘယ်လိုထင်လဲ အမတ်ကြီး စော့ရွှမ်း”
စော့ရွှမ်းက ပြောလိုက်၏။ “ကျုပ် သိုင်းပညာကို မသိဘူး။ ကဗျာကိုပဲသိတယ်”
ဦးရီးတော်နင်ချီက ပြောလိုက်သည်။ “မင်းကြီးဝေဝူ … ခင်ဗျားက တကယ့်ကျွမ်းကျင်သူတစ်ယောက်လေ။ သိုင်းပညာမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ပဲ။ ဘယ်လိုထင်လဲ”
“တကယ်ပဲလား” ပျံ့ရှောင်က မေးမြန်းလိုက်၏။
နင်ချီက ပြန်လည်ပြောဆိုလိုက်၏။ “ဟုတ်တယ်၊ အမှန်ပဲလေ။ ဒီလောကကြီးထဲမှာ ခင်ဗျားကို ဘယ်သူက အံ့အားသင့်အောင် လုပ်နိုင်မှာလဲ။ ဟုတ်တယ်မလား”
ဝေဝူမင်းကြီး ပျံ့ရှောင်က ပြောလိုက်သည်။ “ကျုပ် ကြယ်ကြွေဓားနည်းစနစ်ကို လုံးဝမကြိုက်ခဲ့ဘူး။ ဒါ လှည့်စားထားတဲ့ အရာတစ်ခုပဲလေ”
ဤလူသည် တကယ်ပင် မောက်မာလွန်းလှ၏။ ကျန်းပေနယ်စားသည် ခေါင်းကို အမြဲတမ်း မော့ထား၏။ ဝူဝေမင်းကြီးမှာတော့ မျက်လုံးသည် အမြဲတမ်း ကောင်းကင်ပေါ်သို့ ရောက်နေ၏။
“ဒါပေမယ့်”
ပျံ့ရှောင်းက ပြောလိုက်သည်။ “ထန်ယင်က အနာဂတ်မှာ ကျိန်းသေပေါက် ကျွမ်းကျင်လွန်းတဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”
ဦးရီးတော်နင်ချီက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လေးနက်စွာ ပြောလိုက်၏။ “ကျင်းချန်ကျွန်းရဲ့ ပထမတိုက်ပွဲက ပြီးသွားပြီ။ ရွှမ်ဝူအိမ်တော် အနိုင်ရတယ်။ ရွှမ်ဝူအိမ်တော်၊ ကျင်းဟိုင်အိမ်တော် အဆင်သင့် ပြင်ထားပါ။ မနက်ဖြန် ဒုတိယနဲ့ တတိယ ပြိုင်ပွဲကိုကျင်းပကြမယ်”
............................
“မိန်းမ.... ငါမှားပါပြီ၊ ငါမှားပါပြီ။ လက်ကိုမစိတ်ပါနဲ့တော့။ ငါထုချေလွှာရေးပါ့မယ်။ ဒါပေမယ့် အခုဒီမှာ တိုက်ခိုက်လို့ မဖြစ်ဘူး။ အိမ်ရောက်မှ ရိုက်ပါလား။ ကောင်းပြီနော်”
အိမ်တော်ဆီသို့ပြန်ရောက်ပြီးသည့်နောက် ရှမ့်လန်သည် သနားညှာတာပေးရန် တောင်းပန်ရန် ပြင်ဆင်ထားခဲ့၏။ ယနေ့ သူသည် အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့၏။ သူ၏မိန်းမသည် ထန်ယင်နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေ၏။ သူသည်မှာတော့ တခြားသောမိန်းမတစ်ယောက်နှင့် ကလူ၏မြူ၏ လုပ်လို့နေသည်။
မူလန်သည် ရှမ့်လန်ကို အချိန်အတော်ကြာသည်အထိ စူးစိုက်ကြည့်နေ၏။ “ကျွန်မရှင့်ကို မရိုက်ဘူး။ ကျင်းမိသားစုရဲ့ စည်းမျဉ်းစည်းကမ်းအရ မိန်းမတွေက သူတို့ရဲ့ယောက်ျားကို မရိုက်ရဘူး”
ရှမ့်လန်သည် စိတ်သက်သာရာရလိုက်၏။ နောက်ဆုံးမှာတော့ သူသည် အသက်ရှင်နိုင်ခဲ့ပြီဖြစ်၏။ သို့ပေမည့် မူလန်သည် သူမ၏မွှေးပျံ့လွန်းလှသည့် ပါးစပ်လေးကို ဖွင့်ပြီးသည့်နောက် သွားဖြူဖြူလေးများကို ဟကာဖြင့် ရှမ့်လန်၏ပါးကို ခပ်နာနာကိုက်လိုက်သည်။
“အား” ရှမ့်လန်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ မူလန်၏ ကိုက်ခဲမှုသည် တကယ့်ကို တိတိကျကျပင် ဖြစ်၏။ နက်ရှိုင်းသည့် အရာကြီးတစ်ခုပင် ပေါ်လာခဲ့၏။ ဤအရာသည် သွေးထွက်အောင် ကိုက်ခြင်းနှင့် မတူချေ။ တံဆိပ်တုံး ရိုက်နှက်လိုက်သကဲ့သို့ပင်ဖြစ်၏။ မိန်းကလေးပေါင်းများစွာတို့အား ဤလူသည် ပိုင်ရှင်ရှိသည်ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်၏။
“အား အား” ရှမ့်လန်သည် နာကျင်စွာဖြင့် အော်ဟစ်လျက် ရှိသည်။
မူလန်သည် သူ၏နှုတ်ခမ်းကို အသာ နမ်းရှိုက်လိုက်၏ ဤနမ်းရှိုက်မှုသည် ရှမ့်လန်အား နှုတ်ခမ်းသွေးများပင် ထွက်စေခဲ့လေ၏။ “နှာဗူးယောက်ျား... အဆင်ပြေပြီလား”
ရှမ့်လန်သည် ခေါင်းကို တဆတ်ဆတ်နှင့် ညိတ်လိုက်သည်။
…….