← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

ကျင်းဟိုင်မြို့စားကြီးနှင့် ကျန်းချုံးတို့ဆီသို့ မဖိတ်ခေါ်ထားသည့် ဧည့်သည် တစ်ယောက် ရောက်ရှိလာခဲ့၏။ “ကျုပ်ဆီမှာကျွမ်းကျင်သူဆယ်ယောက်ရှိတယ်။ ကျင်းဟိုင် မြို့စားကြီးအိမ်တော်အနေနဲ့ အတွေ့အကြုံရအောင်လို့ သူတို့ကိုခေါ်သင့်တယ်”

ဤလူသည် စုကျန့်ထင်ပင်ဖြစ်လေ၏။ ကျန်းယွမ်နယ်စားအိမ်တော်၏သားပင်။

၎င်းတို့သည် တော်ဝင် မျိုးနွယ်များဆီမှ တချို့သောအကျိုးအမြတ်များကို တောင်းဆိုခဲ့ပြီးသည့်နောက် ကျွမ်းကျင်သူများကို ငှားရမ်းခဲ့၏။ သို့ပေမည့် ကျန်းယွမ်နယ်စားကြီးအိမ်မှ စုကျန့်ထင်သည် ကျွမ်းကျင်သူများကို အစဦး လာရောက်ကာ ငှားရမ်းခဲ့ခြင်းဖြစ်လေ၏။ တခြားငွေကြေးများကို တောင်းခံခဲ့ခြင်း မရှိချေ။

လောကကြီးတွင် ဤမျှကောင်းမွန်သည့်လူ ရှိနေသည်လား။ ကျင်းဟိုင်မြို့စားကြီးပင်လျှင် အနည်းငယ် ကြောင်အသွား၏။ ကျန်းချုံးသည်လည်း အံ့အားသင့်နေ၏။ လောကကြီးသည် ဤကဲ့သို့ ဆိုးယုတ်လှသည်လား။

ကျန်းယွမ်နယ်စားအိမ်တော်သည် တော်ဝင်မျိုးနွယ်များ၏ ခေါင်းဆောင်ပင်ဖြစ်၏။ ထို့အပြင် ရွှမ်ဝူ အိမ်တော်နှင့် ခမည်းခမက် အမျိုးတော်စပ်သည့် လူများလည်း ဖြစ်လို့နေ၏။ အရေးအကြောင်း အခြေအနေမျိုးတွင် ကူညီခြင်းကိုမပြုလုပ်ဘဲ အောက်သို့ဆွဲချရန် ကြိုးစားလျက် ရှိနေ၏။ ရွှမ်ဝူအိမ်တော်ဆီသို့ ကျွမ်းကျင်သူများကို မငှားပေးဘဲ သူတို့ဆီသို့ လာရောက်ကာ ငှားပေးလျက် ရှိနေ၏။

ကျန်းချုံးသည် အရှက်မဲ့သည့်လူပေါင်းများစွာကို မြင်ခဲ့ဖူး၏။ သို့ပေမည့် ကျန်းယွမ်နယ်စားကြီး၏သား စုကျန့်ထင်လောက် အရှက်မဲ့လှသည့်လူမျိုးကို မမြင်ခဲ့ဖူးချေ။ လူသားတို့၏ သဘောသဘာဝကို နားလည်မှုသည် သူ၏အမြင်နှင့် တစ်ခေတ်ဆန်းစေခဲ့သည်။

ကျန်းချုံးက 'ဘာကြောင့်လဲ' ဟု မေးချင်သည်။ သို့ပေမည့် သူသည် လိမ္မာပါးနပ်သော နိုင်ငံရေးသမား ဖြစ်သောကြောင့် မမေးဘဲ ဦးညွှတ်ရင်း ပြောလိုက်၏။ “ကျန်းယွမ်နယ်စားရဲ့ မူဝါဒသစ်အတွက် ပံ့ပိုးကူညီမှုကို ကျုပ် တစ်သက်လုံး အမှတ်ရနေမှာပါ၊ နောင်တစ်ချိန်မှာ ဘုရင်မင်းမြတ်ကို အမှန်အတိုင်း ပြန်လည်တင်ပြပါ့မယ်”

စူးကျန့်ထင်က ပြုံးပြီး ထွက်ခွာသွားသည်။

‘ကျုပ် စူးမျိုးနွယ်က အစွမ်းထက်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ပုံစံနဲ့ အလုပ်လုပ်တာ။ ဘယ်သူ့ကိုမှ ရှင်းပြနေစရာ မလိုအပ်ဘူး’

အရုဏ်မတက်မီ ဒါဇင်ပေါင်းများစွာသော စစ်တပ်ကျွမ်းကျင်သူများက ကျင်းဟိုင်မြို့စားအိမ်တော် စနည်းချရာ နေရာဆီသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။ သူတို့သည် ကျင်းဟိုင်မြို့စားအိမ်တော်၏ သံချပ်ဝတ်စုံအပြည့်အစုံကို လဲလှယ်ဝတ်ဆင်လိုက်ကြပြီး မျက်လုံးများသာ ဖော်ထားသည်။ သူတို့က ကျင်းဟိုင်မြို့စားအိမ်တော်၏ စစ်သည်တော်များအဖြစ် လွယ်ကူစွာ ပြောင်းလဲသွားကြသည်။ ချင်းကန်မြို့စား အိမ်တော်မှ စေလွှတ်သော ကျွမ်းကျင်သူခေါင်းဆောင်သည် မွေးစားသား ဝူယွမ်ပေါင် ပင်။

...

နောက်တစ်နေ့ နံနက်

ရာသီဥတုက သိပ်မကောင်းလှချေ။ မိုးကုတ်စက်ဝိုင်းတွင် နီရဲသော တိမ်တိုက်များဖြင့် ပြည့်နေသည်။ 'မိုးသောက်နီလျှင် မိုးရွာမည်၊ နေဝင်နီလျှင် ခရီးရှည်သွားနိုင်သည်' ဟူသော ဆိုရိုးရှိ၏။ ထိုအရာမှာ ယနေ့ မိုးရွာနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

တော်ဝင်ဦးရီးတော် နင်ချီသည် ကျင်းချန်ကျွန်းလုပွဲ၏ နှစ်ဦးနှစ်ဖက်စလုံးကို ခေါ်ယူတွေ့ဆုံလိုက်၏။ “ရွှမ်ဝူ၊ ကျင်းဟိုင်၊ ဒီနေ့ ရာသီဥတုက သိပ်မကောင်းဘူး၊ နေ့လည်မှာ မိုးရွာနိုင်တယ်။ စာပေပြိုင်ပွဲကို ဟောခန်းအတွင်းပိုင်းမှာ ကျင်းပမှာဆိုတော့ နေ့လည်ပိုင်းကို ရွှေ့လိုက်ရင်ရော။ တပ်ဖွဲ့တိုက်ပွဲက အပြင်မှာ ကျင်းပမှာဆိုတော့ မနက်ပိုင်းကို ရွှေ့လိုက်ရင် ဘယ်လိုလဲ”

စိုစွတ်သော ရာသီဥတုက တပ်နှစ်တပ်၏ သတ်ဖြတ်ပွဲကို မနှောင့်နှေးစေနိုင်ပေ။ သို့ပေမည့် ကြည့်ရှုခြင်းကိုတော့ နှောင့်နှေးစေသည်။ အထူးသဖြင့် ပရိသတ်အားလုံးမှာ ချမ်းသာကြွယ်ဝသူများ သို့မဟုတ် ဂုဏ်ကြီးမြင့်သူများ ဖြစ်သောကြောင့် မိုးသည်းထန်စွာရွာသွန်းပါက မကောင်းပေ။

ရွှမ်ဝူမြို့စားနှင့် ကျင်းဟိုင်မြို့စားတို့က ဦးညွှတ်အရိုအသေပေးရင်း ပြောလိုက်၏။ “တော်ဝင်ဦးရီးတော်ရဲ့ ညွှန်ကြားချက်အတိုင်းပါပဲ”

နင်ချီက ပြောလိုက်သည်။ “ဒါဆို ဆုံးဖြတ်လိုက်ပြီ၊ မနက်ပိုင်းမှာ တပ်ဖွဲ့တိုက်ပွဲ၊ နေ့လည်ပိုင်းမှာ စာပေပြိုင်ပွဲ၊ နှစ်ယောက်စလုံး ပြင်ဆင်ကြတော့”

ဤကိစ္စမှာ ထူးဆန်းခြင်းမရှိပေ။ ယခင်ကလည်း ထိုသို့သော ထုံးစံရှိခဲ့သည်။

ရွှမ်ဝူမြို့စား ထွက်ခွာမည်အပြုတွင် တော်ဝင်ဦးရီးတော် နင်ချီက ရုတ်တရက် မေးလိုက်၏။ “ရွှမ်ဝူ.. ဒီနေရာမှာ မင်းနဲ့ ရင်းနှီးခင်မင်တဲ့ မိတ်ဆွေတွေ ဘယ်သူတွေရှိလဲ”

မေးပြီးနောက် ရွှမ်ဝူမြို့စား၏ အဖြေကို မစောင့်ဘဲ တော်ဝင်ဦးရီးတော် နင်ချီ ထွက်ခွာသွားသည်။ စံအိမ်တော်သို့ ပြန်ရောက်ချိန်မှာတော့ ရွှမ်ဝူမြို့စားကြီးသည် တော်ဝင်ဦးရီးတော် နင်ချီ၏ စကားများကို ရှမ့်လန်အား ပြန်ပြောပြ၏။ ရှမ့်လန် ချက်ချင်းနားလည်သွားသည်။ “တော်ဝင်ဦးရီးတော် နင်ချီရဲ့ ဆိုလိုရင်းက အဖေ့ကို တခြားတော်ဝင် မျိုးနွယ်တွေဆီက ကျွမ်းကျင်သူတွေ သွားငှားခိုင်းတာပဲ”

ရွှမ်ဝူမြို့စားက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “ကျုပ် ကြိုးစားကြည့်မယ်”

...

မူလန် အဝတ်အစားလဲနေသည်။ ကိုယ်ပေါ်တွင် ပိုးဘောင်းဘီတိုနှင့် အတွင်းခံအင်္ကျီသာရှိ၏။

ရှမ့်လန် အထဲသို့ ဝင်လာသည့်အချိန်မှာတော့ ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ ထို့နောက် သူ အနည်းငယ် ကြောင်သွား၏။ ‘ဒီမိန်းကလေးက အဝတ်မပါချိန်မှာ အရမ်းလှသလို၊ အဝတ်အစားနဲ့ဆို ပိုတောင်လှသေးတယ်၊ အခုလို အနည်းငယ်သာ ဝတ်ထားချိန်မှာလည်း တခြားသူတွေရဲ့ ဝိညာဉ်ကို ဆွဲထုတ်သွားနိုင်လောက်တယ်။ ကျန်းချွင်းဟွာတို့၊ ချီယွီတို့၊ ရှစ်ချင်းချင်းတို့က ငါ့ မိန်းမလောက် ဘယ်မှာလှလို့လဲ။ ဒီခန္ဓာကိုယ် အချိုးအစားက အတွင်းခံအင်္ကျီပွပွကို ဝတ်ရင်တောင် ကိုယ်ကျပ်ဘီကီနီလို ဖြစ်သွားတာပဲ’

“ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေပြန်တာလဲ...” မူလန်သည် ရင်ဘတ်ကို အလိုလိုဖုံးကွယ်လိုက်သည်။

ရှမ့်လန် ရှေ့တိုးသွားပြီး ဇနီးလေး၏ ခါးသေးသေးလေးကို ဖက်ကာ သူမ၏ လည်ကုပ်ဖြူဖြူလေးကို နောက်မှ နမ်းရှိုက်လိုက်၏။

“လာနှောင့်ယှက်ပြန်ပြီ၊ အဝတ်အစားလဲနေတာကို မနှောင့်ယှက်နဲ့” မူလန်က ပြောလိုက်သည်။

ဘေးတွင် ခမ်းနားသော စကတ်တစ်ထည်ရှိသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး ခမ်းနားသော ခရမ်းရောင်၊ ရှမ့်လန်၏ ဆေးဆိုးနည်းအသစ်ဖြင့် ဆိုးထားခြင်းဖြစ်သည်။ အပေါ်တွင် ငွေရောင်ချည်မျှင်များဖြင့် ပန်းထိုးထား၏။ မူလန်က ရှမ့်လန်၏ ဟန်ဆောင်ပလွှားမှုများကို မကြိုက်သလို ရွှေချည်မျှင်များကိုလည်း မကြိုက်ပေ။ သူမက ငွေချည်မျှင်က ပို၍ တည်ငြိမ်ပြီး လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်၏။

“မိန်းမ မလဲနဲ့တော့” ရှမ့်လန်က ပြောလိုက်သည်။

မူလန်က တကယ်တမ်း ဤကဲ့သို့ ခမ်းနားသည့် စကတ်မျိုးကို ဝတ်ရတာ မကြိုက်ပေ။ သို့ပေမည့် ယခု ဝတ်ဆင်ရန် လိုအပ်သည်ဟု သူမထင်သည်၊ အဘယ်ကြောင့်ဆိုသော် သူမက ယနေ့ ပရိသတ်တစ်ဦးဖြစ်ပြီး ယောက်ျား၏ ဘေးတွင် ရပ်တည်ရမည်ဖြစ်သည်။ သူမက တခြားလှပသော ပန်းပွင့်များအားလုံးကို ဖုံးလွှမ်းသွားစေရမည်။ တန်ဖိုးမရှိသော လှပမှုအားလုံးသည် သူမနှင့် ယှဉ်မရအောင် လုပ်ရပေမည်။

‘ဒီအသုံးမကျတဲ့ ယောက်ျားကို ရှင်းရှင်းလင်းလင်း နှိုင်းယှဉ်ကြည့်နိုင်အောင်၊ ဘယ်သူက ပိုလှလဲဆိုတာ ကြည့်စမ်း။ ရှင့်လို အသုံးမကျတဲ့လူက ဒီလောက်လှတဲ့ ဇနီးကို ပိုင်ဆိုင်ထားတာတောင် အပြင်မှာ ကမြင်းကြောထ ချင်သေးတယ်။ ရှင့်ရဲ့ မျက်လုံးတွေက ဒီလောက်ကန်းနေတာ၊ ကျွန်မ.. ကျွန်မ ရှင်ရဲ့ မျက်တောင်မွှေးတွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပစ်မယ်... သတိထား’

ရှမ့်လန်က ပြောလိုက်၏။ “မင်းက သံချပ်ဝတ်စုံလဲရမှာ၊ တပ်ဖွဲ့ချင်း စစ်ပြိုင်ပွဲမှာ ပါဝင်ရမှာ”

မူလန်က ပြောလိုက်သည်။ “ယောက်ျား.. ထုံးစံအရ ကျွန်မ ပါဝင်လို့မရဘူး။ ဘာလို့လဲဆိုတော့ ပထမတိုက်ပွဲ သိုင်းပြိုင်ပွဲမှာ ပါဝင်ပြီးသားမို့လို့”

ရှမ့်လန်က ပြောလိုက်၏။ “ဒီထုံးစံက ပျက်စီးသွားပြီ၊ စောင့်ထိန်းနေစရာ မလိုတော့ဘူး”

မူလန် အလွန်ဝမ်းနည်းသွားသည်။ သူမသည် ဤသို့ အခမ်းအနားကြီးမျိုးကို ရှားရှားပါးပါး တက်ရောက်ရခြင်းဖြစ်ပြီး စိတ်ထဲမှာတော့ လှပသော စကတ်ကို ဝတ်ဆင်ကာ ယောက်ျား၏ဘေးတွင် ထိုင်ချင်၏။ လူတိုင်းကို ဒါက ကောင်းကင်ဘုံက ဖန်ဆင်းပေးတဲ့ စုံတွဲတစ်တွဲပဲလို့ မြင်စေချင်သည်။

“ဒီနေ့ တခြားမိန်းမတွေကို မကြည့်ရဘူး။ ကျန်းချွင်းဟွာလို မြေခွေးမနဲ့ မျက်စိမှိတ်ပြ မနောက်ရဘူး” မူလန်က ပြောလိုက်၏။

“မလုပ်ပါဘူး” ရှမ့်လန်က နွေးထွေးစွာဆိုရင်း သူ့မိန်းမ၏ နုနယ်သော လည်ကုပ်လေးကို ညင်သာစွာ ကိုက်လိုက်သည်။ ယနေ့ ကျန်းချွင်းဟွာသည် သူနှင့် မျက်စိမှိတ်ပြ နောက်နေမည် မဟုတ်ချေ။ နှစ်ယောက်သား၏ ရပ်တည်ချက်များ မတူညီသဖြင့် ရှမ့်လန် ရှုံးနိမ့်တော့မည်ဆိုလျှင် ကျန်းချွင်းဟွာက သူ့ကို ဆွဲဆောင်ရန် နည်းလမ်းများ သုံးလိမ့်မည်။ သို့ပေမည့် ရှမ့်လန် နိုင်နေမည်ဆိုလျှင် အရာအားလုံး ပြောင်းလဲသွားလိမ့်မည်။

“ရှင် အပြင်ထွက်။ ကျွန်မ အဝတ်အစားလဲရမယ်” မူလန် တိုက်ခိုက်ချိန်တွင် ကိုယ်ကျပ်သားရေဝတ်စုံကို ဝတ်ဆင်သည်။ ဆွဲဆောင်မှုရှိစေရန် မဟုတ်၊ ခန္ဓာကိုယ်အချိုးအစားကို မဖော်ပြရန် မဟုတ်ဘဲ တိုက်ခိုက်ရေး စွမ်းရည်ကို အထွတ်အထိပ်သို့ ရောက်စေရန် ဖြစ်သည်။ ဤကိုယ်ကျပ်သားရေဝတ်စုံက ကျပ်တည်းမှုကို ခံစားရစေပြီး ခွန်အားကို စုစည်းစေ၏။

ဤဝတ်စုံအသစ်မှာ ရာစုသစ် ရေကူးကန်ရှိ ရေကူးဝတ်စုံအသစ်ဝတ်ဆင်ထားသော ကစားသမားများကဲ့သို့ပင်။ ရလဒ်မှာ သိသာသော တိုးတက်မှုရှိသည်။ ကိုယ်ကျပ်မြွေရေခွံဝတ်စုံကို ဝတ်ဆင်ပြီးနောက် အပြင်မှ သံချပ်ဝတ်စုံ ထပ်ဝတ်ထားပါက ပေါ်သွားနိုင်သည့် အခွင့်အလမ်း လုံးဝမရှိတော့ပေ။ သို့ပေမည့် ဤကိုယ်ကျပ်မြွေရေခွံဝတ်စုံကို ဝတ်ဆင်ရန် အလွန်ခက်ခဲပြီး အတွင်းတွင် ဘာအဝတ်အစားမှ မရှိရပေ။ တစ်ကြိမ် ချွတ်လိုက်တိုင်း မြွေအရေခွံ လဲသလို ခံစားရသည်။

ရှမ့်လန်က ပြောလိုက်၏။ “မိန်းမ.. ကိုယ် မင်းကို ဝတ်ပေးမယ်

မူလန်က ပြောလိုက်သည်။ “မကောင်းဘူး”

ရှမ့်လန်က မပျော်မရွှင်ဖြင့် မေးလိုက်၏။ “ဘာလို့လဲ”

မူလန်က ဖြေလိုက်သည်။ “ကျွန်မ... ခြေထောက်နှစ်ဖက်လုံးသာ ပျော့ခွေသွားရင် ခဏနေရင် ဘယ်လို တိုက်ခိုက်ရမလဲ”

ဤအဖြေက ရှမ့်လန်ကို အလွန်ကျေနပ်စွာ ထွက်ခွာသွားစေ၏။ မူလန်က သူမယောက်ျား၏ အကြောင်းကို တဖြည်းဖြည်း နားလည်လာပြီဖြစ်ကြောင်း တွေ့ရှိလိုက်သည်။ အကြမ်းဖက်မှုအပြင် သူမ၏ အခြားသော ယောက်ျားကို ထိန်းကျောင်းသည့် ကျွမ်းကျင်မှုများလည်း တဖြည်းဖြည်းတိုးတက်လာ၏။

...

ခဏအကြာတွင် ရွှမ်ဝူမြို့စားတစ်ယောက် ဒေါသထွက်နေသော မျက်နှာဖြင့် ပြန်ရောက်လာသည်။ ကျွမ်းကျင်သူ တစ်ယောက်မှ ငှားမရခဲ့ပေ။ ထိုတော်ဝင်မျိုးနွယ်များက မကူညီနိုင်ကြောင်း ဖော်ပြကြသည်။ အချို့က မိမိတို့ ကျွမ်းကျင်သူတစ်ယောက်မှ မခေါ်လာခဲ့ကြောင်း ပြောပြီး၊ အချို့က မိမိတို့၏ လူယုံစစ်သည်တော်များက ရာသီဥတုနှင့် မတည့်၍ နေမကောင်းဖြစ်နေကြောင်း ပြောကြ၏။ ဆိုလိုရင်းမှာ ရှင်းလင်းသည်။

‘ရွှမ်ဝူမြို့စား... ကျုပ်တို့ ခင်ဗျားကို တကယ်ပဲ သနားပါတယ်။ ကျုပ်တို့ရဲ့ နှလုံးသားတွေက ခင်ဗျားနဲ့ တစ်ထပ်တည်းပါပဲ။ ဒါပေမဲ့ ကျုပ်တို့ကို ရေထဲဆွဲမချပါနဲ့။ ဒီနေ့ ဘယ်သူက ခင်ဗျားကို ကျွမ်းကျင်သူငှားရဲသလဲ။ မနက်ဖြန် ဘုရင်မင်းမြတ်ရဲ့ နာမည်ပျက် စာရင်းထဲ ရောက်သွားမှာပေါ့။ မူဝါဒသစ်ရဲ့ နောက်ဓားတစ်ချောင်းက ကျုပ်တို့အပေါ် ကျရောက်လာမှာလေ’

“နှုတ်ခမ်းမရှိလျှင် သွား အအေးပက်တယ် ဆိုတဲ့ ရိုးရှင်းတဲ့အမှန်တရားကို သူတို့နားမလည်ကြဘူးလား” ရွှမ်ဝူမြို့စား ဒေါသထွက်နေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “သူတို့ နားလည်ကြမှာပါ၊ သူတို့က မမိုက်မဲပါဘူး၊ ဒါပေမဲ့... သူတို့က လည်လွန်းနေတာ။ ကိုယ့်အိမ်ရှေ့က နှင်းကို ကိုယ့်ဘာသာ ရှင်းကြတာပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတယ်။ အဖေ… ကျုပ်တို့ အပြည့်အဝ အောင်ပွဲရပြီးတဲ့နောက်မှာ မူဝါဒသစ်ရဲ့ မီးက သူတို့အပေါ် လောင်ကျွမ်းလာပါလိမ့်မယ်”

“အဲ့ဒီအချိန်ကျရင် ကျုပ်လည်း လဲနေသူကို ထပ်ကန်ပြီး သူတို့ဆီက အသားတစ်ချို့ကို အဆင်ပြေသလို လှီးဖြတ်ယူမှာပဲ။ အဖေ စောင့်နေလိုက်ပါ၊ မကြာခင်မှာပဲ ဒီလူတွေက အဖေ့ရှေ့မှာ ဒူးထောက်တောင်းပန်ပြီး 'နှုတ်ခမ်းမရှိရင် သွားများအေးပါတယ်' လို့ အော်ဟစ်ကြလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့ခေါင်းပေါ် ရက်ရက်စက်စက် နင်းချေဖို့ မမေ့ပါနဲ့”

တရားမျှတမှု၊ စည်းလုံးမှု၊ အပြန်အလှန် စောင့်ကြည့်ကာကွယ်မှု ဆိုသည်မှာ မရှိတော့ချေ။ ကျန်းယွမ်နယ်စားလို အဓိကတရားခံ၏ ပုန်ကန်မှုကြောင့် တော်ဝင်မျိုးနွယ်မဟာမိတ်တစ်ခုလုံးအား အပြည့်အဝ ပြိုကွဲသွားစေခဲ့ပြီ မဟုတ်ပါလား။

..

နှစ်နာရီခန့်အကြာတွင် ကျင်းချန်ကျွန်းလုပွဲ၏ ဒုတိယတိုက်ပွဲ၊ တပ်ဖွဲ့ချင်း စစ်ပွဲကြီး တရားဝင်စတင်ပေတော့မည်။

ယခင်က ကျင်းချန်ကျွန်းလုပွဲ၏ တပ်ဖွဲ့ချင်း စစ်တိုက်ပွဲများတွင် မြင်းတပ်တိုက်စစ်များ ပါဝင်သည်။ ထိုတိုက်ပွဲများမှာ သွေးထွက်သံယို ပိုဖြစ်ပြီး တိုက်ပွဲတွင်ကျဆုံးသော စစ်သည်တော်များမှာ အရိုးတစ်ချောင်းမကျန်အောင် ကြေမွသွားသည်အထိ နင်းခြေခံရလေ့ရှိ၏။ တပ်ဖွဲ့တိုက်ပွဲတစ်ပွဲတိုင်းတွင် အနည်းဆုံး စစ်မြင်းကောင်ရေ ၁၀၀ ကျော် ဆုံးရှုံးသည်။ နောက်ဆုံးတွင် ဘုရင်မင်းမြတ်များက သည်းမခံနိုင်တော့ဘဲ တပ်ဖွဲ့တိုက်ပွဲများတွင် ခြေလျင်တပ်သားများသာ တိုက်ခိုက်ရန်နှင့် မြင်းတပ်ကို အသုံးမပြုရန် အမိန့်ထုတ်ပြန်ခဲ့၏။

ထိုသို့ဖြစ်လာသောအခါ တပ်ဖွဲ့တိုက်ပွဲ၏ ခမ်းနားထည်ဝါမှုသည် ယခင်င်ကလောက် မရှိတော့ပေ။ သို့ပေမည့် ရက်စက်ကြမ်းကြုတ်မှုမှာမူ ပို၍ပင် ဆိုးရွားလာ၏။ များသောအားဖြင့် နောက်ဆုံးသွေးတစ်စက်အထိ တိုက်ခိုက်ကြရလေ့ရှိသည်။

...

ရွှမ်ဝူမြို့စား၏ စစ်သည်တော် ၁၀၀ သည် ညီညာစွာဖြင့် တည်ငြိမ်စွာရပ်နေကြ၏။ သူတို့၏ မျက်နှာများတွင် လေးနက်တည်ကြည်ပြီး သူရဲကောင်းဆန်သော အမူအရာများ ထင်ဟပ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ နှလုံးသားထဲတွင် ဤတိုက်ပွဲသည် ပြန်လမ်းမရှိသော တိုက်ပွဲဟု ခံယူထားသောကြောင့်ပင်။

လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ရှမ့်လန်သည် သူတို့ကို ယခုအချိန်အထိ ပုံစံသစ်သံချပ်ဝတ်စုံနှင့် ဓားများကို မထုတ်ပေးသေးပေ။ အလေးချိန်နှင့် ပုံသဏ္ဌာန်မှာ အတူတူပင်ဖြစ်သောကြောင့် ကြိုတင်လေ့ကျင့် နေစရာမလိုဘဲ ဓားကိုကိုင်ကာ တန်းခုတ်ရုံသာဖြစ်သည်။

လွန်ခဲ့သော နှစ် ၂၀ အတွင်း ကျင်းချန်ကျွန်းလုပွဲများတွင် ဤစစ်သည်တော်များ မပါဝင်ခဲ့ဖူးသော်လည်း သမိုင်းကို သူတို့သိကြ၏။ တပ်ဖွဲ့တိုက်ပွဲတိုင်းတွင် ရွှမ်ဝူမြို့စားအိမ်တော် ရှုံးနိမ့်ခဲ့သည်။ ကျွမ်းကျင်မှုညံ့ဖျင်း၍ မဟုတ်ဘဲ လက်နက်နှင့် အသုံးအဆောင် ပစ္စည်းများက သူများထက် နိမ့်ကျနေသောကြောင့်ပင်။ သို့ပေမည့် သေရမည်ဆိုလျှင်တောင် သူတို့ နောက်မဆုတ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ရွှမ်ဝူမြို့စားအိမ်တော်၏ အထက်မြက်ဆုံးသော လူတစ်စုဖြစ်သောကြောင့်ပင်။

ငယ်စဉ်ကတည်းက သူတို့ကို ရွှေဒင်္ဂါးများ အကုန်အကျခံပြီး သွေး၊ ဂုဏ်သိက္ခာတို့ဖြင့် ပျိုးထောင်ခဲ့သည်။ သူတို့လည်း ကြောက်ရွံ့ကောင်း ကြောက်ရွံ့လိမ့်မည်။ သို့ပေမည့် မည်သည့်အခါမှ နောက်ဆုတ်ရန် မငြင်းဆန်ခဲ့ကြပေ။ ဤတပ်ဖွဲ့ကို ဦးဆောင်သူမှာ ကျင်းရှိယန်ဖြစ်ပြီး ယခု မူလန်ပါလာသောအခါ သူက လက်ထောက်ဖြစ်သွားသည်။

နောက်ထပ် သေတ္တာကြီးတစ်လုံးကို သယ်ဆောင်လာ၏။ ဖွင့်လိုက်သောအခါ စစ်သည်တော်အားလုံး၏ မျက်လုံးများက အရောင်တလက်လက်တောက်သွားပြီး အသံတိုးတိုးဖြင့် အော်ဟစ်လိုက်ကြသည်။

“လှလိုက်တဲ့ဓားတွေ”

ပုံသဏ္ဌာန်မှာ အရင်ဓားများနှင့် တစ်ထပ်တည်းတူညီသော်လည်း ဤဓားသွား၏ အရောင်အဆင်းနှင့် အကွက်အစင်းများမှာ စိတ်ကိုလုယူသွားနိုင်လောက်အောင် လှပနေသည်။ လက်နက်သည် စစ်သည်တော် တစ်ဦး၏ ဒုတိယအသက်ဖြစ်၏။ သူတို့ သံရည်ကျိုခြင်းကို နားမလည်ကြသော်လည်း ဓားတစ်ချောင်း၏ အရည်အသွေးကို သူတို့မျက်လုံးများက မြင်နိုင်ကြ၏။

သံချပ်ကာဝတ်စုံ... ယခင်က သံချပ်ကာဝတ်စုံ၏ အရောင်မှာ မှိုင်းပြီး ဖြူဖျော့၏။ သို့ပေမည့် ယခု သံချပ်ကာ ဝတ်စုံတိုင်းက တလက်လက်တောက်ပနေသည်။ အထူးသဖြင့် ရင်ဘတ်ရှေ့မှ နှလုံးကိုကာကွယ်သည့် သံပြားမှာ မှန်တစ်ချပ်လိုပင် အသုံးပြုနိုင်လောက်အောင် ကြည်လင်နေ၏။ ဤပုံစံသစ်ဓားများနှင့် သံချပ်ကာဝတ်စုံအသစ် များသည် အရင်ကနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်ပေ။ အလွန်ဆွဲဆောင်မှုရှိပြီး အလွန်အံ့ဩထိတ်လန့်ဖွယ် ကောင်းလှသည်။

ကျင်းရှိယန်သည် ဤအသစ်စက်စက်ဓားများနှင့် သံချပ်ဝတ်စုံများကို မြင်သည့်အချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွား၏။ သူ ကြိုတင်မသိခဲ့ပေ။

“လဲလှယ်ဝတ်ဆင်ကြ” ကျင်းမူလန်က အမိန့်ပေးလိုက်သည်။

စစ်သည်တော်များသည် အသစ်စက်စက် သံချပ်ဝတ်စုံများကို စိတ်မရှည်စွာ ဝတ်ဆင်ကြ၏။ စစ်သည်များသည် အချင်းချင်း အပြန်အလှန်ကူညီ၍ ဝတ်ဆင်ကြသည်။ ငါးမိနစ်မပြည့်မီမှာပင် စစ်သည်တော်အားလုံး လဲလှယ် ဝတ်ဆင်ပြီးသွားကြသည်။ ထို့နောက် သူတို့က အံ့ဩဝမ်းသာစွာဖြင့် နောက်ထပ်အရာတစ်ခုကို တွေ့ရှိသွားကြ၏။

ဒိုင်းလွှားအသစ်များမှာ အံ့ဩစရာကောင်းလောက်အောင် အရင်ကထက် ပေါ့ပါးနေခြင်းပင်။ တိုက်ပွဲအတွင်း၌ ကာကွယ်မှုအစွမ်းက မည်သို့ရှိမည်ဆိုသည်ကို မသိသေးပေ။

ရှမ့်လန်က မူလန်ကို ကိုယ်တိုင် သံချပ်ဝတ်စုံဝတ်ဆင်ပေးသည်။ သူက မူလန်၏ နှာခေါင်းနှင့် မိမိနှာခေါင်းကို ထိကပ်ကာ ချစ်ခင်စွာ ညင်သာစွာပွတ်သပ်လိုက်သည်။

မူလန်သည် လူအများရှေ့တွင်ဖြစ်သောကြောင့် အနည်းငယ် မျက်နှာနီရဲသွား၏။

“မိန်းမ.. ကိစ္စတစ်ခုကို သေချာမှတ်ထားရမယ်နော်” ရှမ့်လန်က ပြောလိုက်သည်။

“အင်း”

ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ ဒဏ်ရာမရစေနဲ့၊ အမာရွတ်သေးသေးလေးတောင် မဖြစ်စေနဲ့”

မူလန်က မေးလိုက်သည်။ “ဒဏ်ရာမရအောင်လုပ်တာက အဓိကပန်းတိုင်ပဲ မဟုတ်လား”

ရှမ့်လန်က ဖြေလိုက်၏။ “ဟုတ်တယ်”

ယခင်ကဆိုလျှင် မူလန်က တိုက်ရိုက်ခေါင်းခါပြီး သေလျှင်သေပါစေ၊ နောက်မဆုတ်ဟူ၍ ဆိုပေလိမ့်မည်။ သို့ပေမည့် ယခုအချိန်မှာတော့ သူမသည် လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်မ သိပါပြီ”

“သွားတော့”

ရှမ့်လန်က သူမ၏ တင်ပါးကို ပုတ်လိုက်၏။ ဤအပြုအမူမှာ လွန်ကဲလွန်းသည်။ လူပုံအလယ်မှာပင် နတ်မိနယ်တစ်ပါးကဲ့သို့ လှပသည့် မိန်းကလေး၏ တင်ပါးကို ပုတ်လိုက်ခြင်းပင်။

သို့ပေမည့် ရှမ့်လန် ဘာမှမခံစားလိုက်ရပေ။ ဦးနှောက်ထဲမှာသာ မှန်းဆကြည့်နိုင်၏။ မူလန်သည် သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည် မဟုတ်ပါလား။

All Chapters