အရာအားလုံး ဆုံးရှုံးခြင်း
Vol. 149 Ch. 2117
"ဒီနေရာမှာ မင်း စကားပြောဖို့ အခွင့် မရှိဘူး။" ရီဖူရှင်းက ပြောလိုက်သည်နှင့် မုယွင်ရှုထံမှ အပြစ်တင်သံကို ကြားလိုက်ရသည်။ ထိုလူငယ်လေး၏ မျက်လုံးများထဲတွင် ရန်လိုမှုများ ရှိနေခဲ့၏။
သူက ရွာထဲတွင် အမြဲ လူကြိုက်များကာ လူအများ၏ မြှောက်စားမှုကို ခံရသူ ဖြစ်သည်။ ရီဖူရှင်း ရွာ၌ ထွက်ပေါ်မလာခင် လူတိုင်းက သူ မည်သည့်အရာကို လုပ်လုပ် အရေးယူခြင်း မရှိကြပေ။ ထို့နောက် အရာအားလုံးက ပြောင်းလဲသွားပေသည်။
ယခု ထိုလူယုတ်များက လေးမျက်နှာကျေးရွာ၏ သူ့မျိုးဆက်များထဲ နံပါတ်တစ် ပါရမီရှင် မုယွင်လုံကို ရွာမှ ထုတ်ပယ်ရန် အမှန်တကယ် အကြံပြုရဲပေသည်။ မည်မျှ ကျိုးကြောင်းမဆီလျော်ကာ ရယ်စရာကောင်းလိုက်သနည်း။
"ကောင်လေး မင်းပါးစပ်ကို ပိတ်ထား။" ဖန်းကိုင့်က မုယွင်ရှုအား ဆူပူလိုက်သည်။ သူသည် မုယွင်ရှုအား မည်သည့်အခါကမှ နှစ်သက်ခဲ့ခြင်း မရှိဘဲ ဤနှစ်များအတွင်း သူ၏ မကြိုက်နှစ်သက်မှုကို ဖိနှိပ်ထားခဲ့ရခြင်း ဖြစသည်။ ယခု သူက ကိုယ်ပိုင်ရွေးချယ်မှု ပြုလုပ်နိုင်ခဲ့ပြီဖြစ်ရာ မုယွင်မိသားစုကို ရွာမှ ထုတ်ပယ်ရတော့မည် ဖြစ်သည်။ မုယွင်မိသားစုက လေးမျက်နှာကျေးရွာ၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သော်လည်း သူတို့၏ နှလုံးသားများက ရွာအတွက် မဟုတ်တော့လေရာ သူတို့ကို ဆွဲထားရန် မည်သည်ကို အသုံးပြုရလိမ့်မည်နည်း။ ဆန့်ကျင်ဘက်အနေနှင့် သူတို့ ပိုသန်မာလာလေ ရွာအတွက် ခြိမ်းခြောက်မှု ပိုကြီးလာလေ ဖြစ်သည်။
"ရွာကနေ ထုတ်ပယ်ခံရမယ့်လူက စကားပြောဖို့ အခွင့်အရေး မရှိဘူး။" ဖန်းချွင့်သည်လည်း ရှေ့သို့ တက်လာကာ မုယွင်ရှုအား ဆူပူခဲ့သည်။
မုယွင်ရှုက ဖန်းချွင့်ကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲ၌ ပြင်းထန်သည့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ထင်ဟပ်နေခဲ့သည်။
ဖန်းချွင့်၏ မျက်လုံးများက အထင်အမြင်သေးမှုများနှင့် ပြည့်နေခဲ့ပြီး အကြောက်တရားမရှိ ပြန်လှည့်ကြည့်ခဲ့သည်။ ရွာထဲတွင် ဖန်းချွင့်က အမြဲတမ်း မုယွင်ရှုအား မကြောက်သော လူငယ်လေးတစ်ယောက် ဖြစ်သည်။ ယခု သူက နတ်ဘုရားနည်းစနစ်ကို ဆက်ခံပြီးပြီ ဖြစ်ရာ သူက ကြောက်ရွံ့နေရန် အကြောင်းပြချက် နောက်ထပ် မရှိတော့ပေ။ အထူးသဖြင့် ထိုကောင်က သူ့ဆရာအား အော်ဟစ်ရဲသည့်အခါ၌ သူက ဒေါသထွက်သွားတော့သည်။
"မင်း သေချင်နေတာလား။" မုယွင်ရှုက ရှေ့သို့ ခြေလှမ်းလာ၏။ သူ့ခန္ဓာကိုယ်အနီးတဝိုက်မှ အရှိန်အဝါက ချက်ချင်း မြင့်တက်လာပေသည်။
"ငါက မင်းကို ကြောက်မယ်ထင်နေလား။" ဖန်းချွင့်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ လူငယ်လေးနှစ်ယောက်က အချင်းချင်း ရင်ဆိုင်လိုက်ရ၏။ သူတို့က သက်တူရွယ်တူဖြစ်ပြီး နှစ်ယောက်လုံးက နတ်ဘုရားနည်းစနစ်ကို ဆက်ခံခဲ့ကြသည့်အတွက် အကြောက်အလန့် မရှိကြပေ။
မုယွင်လုံနှင့် မုယွင်လန်က သူတို့ကို မရပ်တန့်ခဲ့ပေ။ ဖန်းကိုင့်နှင့် အခြားလူများကလည်း တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ပေသည်။
ထျယ်ထိုက ကူညီရန် ခြေလှမ်းလိုက်ချင်သော်လည်း မျက်မမြင်ထျယ်က သူ့အား ရပ်တန့်ရန် ပခုံးကို ဆုပ်ကိုင်လိုက်ပြီး လူငယ်လေး နှစ်ယောက်ကြားမှ ပဋိပက္ခကို ဆက်လက်ဖြစ်ပွားစေသည်။
ဘုန်း...
မဟာလမ်းစဥ်စွမ်းအားက ထွက်ပေါ်လာပြီး မုယွင်ရှုက လေထဲသို့ တက်လာသည်။ သူ့အနောက်တွင် ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းက လွှမ်းမိုးနိုင်သည့် ရွှေရောင်နတ်ငှက်ပန်းချီတစ်ချပ် ဖြစ်ပေသည်။ သူက အောက်ဘက်ရှိ ဖန်းချွင့်ကို ငုံ့ကြည့်ကာ အော်လိုက်၏။ "ဒီကိုတက်လာခဲ့။"
ဖန်းချွင့်က လေထဲသို့ တက်သွားပြီး သူ့ဝန်းကျင်မှ မဟာလမ်းစဥ်အလင်းက တောက်ပလာသည်။ စီးဆင်းနေသည့် မရေတွက်နိုင်သော အလင်းများက ထိုလေဟာနယ်အတွင်း သေးငယ်သော လောကလေးတစ်ခု ဖြစ်တည်လာစေသည်။
ဤလောကသေးသေးလေးတွင် ကောင်းကင်နှင့် မြေကြီးမှ မရေတွက်နိုင်သော အပြောင်းအလဲများစွာနှင့် သဘာဝဖြစ်စဥ်များ ဖြစ်ပေါ်လာပေသည်။ တောင်တန်းများ၊ မြစ်များနှင့် စကြဝဠာအတွင်း အပြောင်းအလဲများ ဖြစ်လာခဲ့သည်။ ဤသေးငယ်သော လေဟာနယ်အတွင်း မြှုပ်နှံထားသည့် လောကတစ်ခု ရှိသည်။
ဖန်းချွင့်က နတ်ဘုရားနည်းစနစ် ခုနစ်ပါးမှ တစ်ခုဖြစ်သော လောကအသေး နတ်ဘုရားနည်းစနစ်ကို ဆက်ခံရရှိခဲ့သည်။
ရီဖူရှင်းသည် ဖန်းကိုင့်က သူတို့ထံ၌ လောကအသေး နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်သော အလားအလာရှိကြောင်း သိရှိခဲ့သဖြင့် ဖန်းချွင့်ကို ထိုအမည်ပေးခဲ့သလားဟု သံသယဖြစ်မိပေသည်။ ယခု ကြည့်ရသည်မှာ ဖန်းချွင့်က လောကအသေး၏ နတ်ဘုရားနည်းစနစ်ကို ဆက်ခံရန် သေချာပုံရလေသည်။
ဘုန်း...
မရေတွက်နိုင်သော နတ်အလင်းများဖြင့် ဖွဲ့စည်းထားသော တောင်ပံများက တဖျတ်ဖျတ်ခတ်လာသောအခါ လေပြင်းထန်စွာ တိုက်ခတ်လာပေသည်။ တောက်ပနေသော ရွှေရောင်က လေဟာနယ်အား ဖြတ်ကာ မုယွင်ရှုသည် ဖန်းချွင့်ထံ တိုးဝင်လာခဲ့၏။ သူ့မျက်လုံးများက အလွန် အေးစက်နေပြီး သူက ဤနေရာ၌ ဖန်းချွင့်၏ အသက်အား အဆုံးသတ်ရန် ဆန္ဒကို ထုတ်ဖော်ပြသလာသည်။
လူကြီးများအားလုံးက သူ့တို့ကို ကြည့်နေကြပြီး သူတို့၏ နှလုံးသားများက အနည်းငယ် တုန်ယင်နေခဲ့သည်။ မုယွင်ရှုသည် ဆယ်ကျော်သက်လေး ဖြစ်သော်လည်း ကြောက်မက်ဖွယ် ခွန်အားကို ထုတ်ဖော်ပြသလာသည်။ လူကြီးများကြားမှ စစ်ပွဲသည်ပင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည် မဟုတ်ပေ။
ဘုန်း...
နတ်အလင်းက ကျဆင်းလာပြီး လောကအသေးထဲသို့ ထိုးဖောက်သွားသော်လည်း မရေတွက်နိုင်သော အလင်းတန်းများက ၎င်း၏ အတွင်း၌ ပေါက်ကွဲထွက်လာသည်။ ၎င်းတို့က မုယွင်ရှု၏ တိုက်ခိုက်မှုကို ပြိုကွဲသွားစေသည့် အတွက်ကြောင့် လောကအသေးအတွင်းမှ ဖန်းချွင့်အနီး တိုးကပ်သွားရန် မဖြစ်နိုင်ပေ။
လေက လေဟာနယ်ကို ဖြတ်သန်းဆုတ်ဖြဲသွားပြီး မုယွင်ရှုက ထိုးဆင်းလာကာ သူ့အတောင်များကို ဖြန့်ကျက်၍ ကောင်းကင်အား ကာရံလိုက်ပေသည်။ ၎င်းက မြင့်မြတ်သော ရွှေရောင်နတ်ငှက်ကဲ့သို့ပင် လေဟာနယ်အား နှစ်ခြမ်းခြမ်းရန် ကြိုးစားလိုက်သည်။ ဖန်းချွင့်က ၎င်းနှင့် ရိုက်ခတ်မိလျှင် သူက ထက်ဝက်ပိုင်းခံလိုက်ရမည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
လွှမ်းမိုးနိုင်သော ရွှေရောင်နတ်ငှက်ပန်းချီမှ တောက်ပသည့် အလင်းတို့ ထွက်ပေါ်လာသည်။ ထျယ်ထိုနှင့် အခြားလူငယ်လေးများက စိတ်လှုပ်ရှားနေကြပြီး ဖန်းချွင့် ထိခိုက်သွားမည်အား စိုးရိမ်ပူပန်နေကြပေသည်။
ဘုန်း...
လောကအသေးက ဖန်းချွင့်အနီး ပေါက်ကွဲထွက်လာသည်။ ရုတ်တရက် တောင်များက ပြိုကျလာသလို မြစ်များက တစ်ရှိန်ထိုး လှုပ်ရှားလာ၏။ ကြောက်မက်ဖွယ် မြင်ကွင်းက ကောင်းကင်နှင့် မြေကြီးကြား ပေါ်ပေါက်လာသည်။ တောက်ပသော ရွှေရောင်ငှက်တစ်ကောင်က တောင်တန်းနှင့် မြစ်များကို ဖြတ်သန်းကာ ၎င်း၏ လမ်းကြောင်းအား ဆက်လက် ဖြတ်သန်းသွားခဲ့သည်။
ဖန်းချွင့်၏ မျက်လုံးများ၌ အလွန်ထက်ရှသော အလင်းများ ဖြတ်ပြေးသွားကာ အလွန် ပြတ်သားသော ဆုံးဖြတ်ချက် အချို့ ပြသနေ၏။ အဆုံးမဲ့ ရွှေရောင်နတ်တောင်ပံကဲ့သို့ ရွှေရောင်အလင်းတို့က လောကအသေးမှ ပေါက်ကွဲထွက်လာသည်။ ခဏချင်းအတွင်းတွင် လူအုပ်ကြီးက များပြားလှသော ရွှေရောင်နတ်ငှက်များ ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရပေသည်။
ဘုန်း...
ကြီးမားလှသည့် ရွှေရောင်နတ်ငှက်တစ်ကောင်က ကြီးမားသော အရှိန်အဟုန်နှင့် ထိုးတက်လာကာ ကောင်းကင်အား စုတ်ဖြဲရန် ကြိုးစားလိုက်သည်။ ၎င်းက သတ်ဖြတ်ရန် တိုးဝင်လာနေသည့် မုယွင်ရှုနှင့် တိုက်မိသွားသည်။ ရွှေရောင်နတ်အလင်းနှစ်ခု တိုက်မိသည့်အခါ လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားလေသည်။ မုယွင်ရှုက နောက်သို့ ပြန်ဆုတ်ခွာသွားရသလို ဖန်းချွင့်လည်း အတူတူပင် ဖြစ်၏။ ထိုလူငယ်လေးနှစ်ယောက် ကွဲကွာသွားသည့်အခါ မုယွင်ရှု၏ မျက်လုံးများထဲ၌ ကြီးမားသော ထိတ်လန့်တုန်လှုပ်မှုတို့ ဖြစ်ပေါ်လာသည်။
"ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ်။"
မုယွင်ရှုသာ မဟုတ်ဘဲ သူတို့အနီးမှ လူတိုင်း ပြောစရာစကားရှာမတွေ့တော့အောင် ဆွံ့အသွားလေသည်။ ရွာထဲမှ လူတိုင်း အံ့သြမှင်တက်သွားခဲ့၏။ အဘိုးမာနှင့် ဖန်းကိုင့်ပင်လျှင် ဖန်းချွင့်အား မယုံကြည်နိုင်စွာ မော့ကြည့်နေခဲ့သည်။
ဘာဖြစ်နေသနည်း။
လောကအသေးကို အပြင် သူက မည်သို့ဖြစ်၍ ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ်ကို တတ်ကျွမ်းနေရသနည်း။
၎င်းက အများက သိရှိထားသည့် သဏ္ဌာန်မဟုတ်သေးဘဲ မုယွင်ရှု ထုတ်လွှတ်ခဲ့သော တစ်ခုကဲ့သို့ ချို့ယွင်းချက်ကင်းမဲ့နေခြင်း မဟုတ်သော်လည်း ၎င်းက အမှန်တကယ်ပင် ပြီးပြည့်စုံခြင်း မရှိသေးသော ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ်ပင် ဖြစ်လေသည်။ ၎င်း ပညာရပ်၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
မုယွင်လုံနှင့် မုယွင်လန်တို့၏ နှလုံးသားက ခုန်ပေါက်နေခဲ့သည်။ သူတို့၏ မျက်လုံးများက ဖန်းချွင့်ထံ၌ ရောက်ရှိနေပြီး မုယွင်လုံက ဖန်းကိုင့်အား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။ "ဘယ်လိုခိုးခဲ့တာလဲ။"
မုယွင်ရှုထံမှ ပေါက်ကြားခဲ့သည်လား။
ဖန်းကိုင့်သည်လည်း မည်သို့ ဖြစ်သည်ကို မသိရှိသည့်အတွက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူက ဖန်းချွင့်အား ကြည့်ကာ အော်လိုက်၏။ "ဖန်းချွင့် ဘာတွေ ဖြစ်နေတာလဲ။"
ဖန်းချွင့်က ပြန်လှည့်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ ရီဖူရှင်း ခေါင်းညိတ်ကာ ခွင့်ပြုချက်ပေးသည်ကို မြင်သည့်အခါ ဖန်းချွင့်က ပြောလိုက်သည်။ "ဆရာ ပြောခဲ့ပြီးပြီ မဟုတ်ဘူးလား။ လူတွေ ရွာက ထွက်သွားရရင်တောင် နတ်ဘုရားနည်းစနစ်က ကျန်နေခဲ့မှာ။ နတ်ဘုရားနည်းစနစ်က ရွာနဲ့ပဲ သက်ဆိုင်တာမို့ ဘယ်သူမှ အဝေး ယူသွားလို့မရနိုင်လို့ ဘယ်သူမဆို အစားထိုးလို့ရတယ်။"
ဖန်းချွင့်၏ စကားလုံးများနှင့် သူ့အပြုအမူကို လူတိုင်း မြင်နိုင် ကြားနိုင်ပေသည်။ ချက်ချင်းပင် ရီဖူရှင်းထံသို့ အားလုံး၏ မျက်လုံးများ တစ်ဖန် ပြန်ရောက်လာပြန်သည်။ ၎င်းကို သူ သင်ပေးခဲ့သည်လား။
မုယွင်လုံ၏ အမူအရာက မည်းမှောင်ကာ အေးစက်လာသည်။ ဖန်းချွင့်က ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ် အကြောင်း သိနေသည်မှာ ရီဖူရှင်းက ဖန်းချွင့်၏ တရားဝင်ဆရာ ဖြစ်မလာခင် လူတိုင်း အခွင့်အလမ်းများ ရှာနေစဥ်အချိန်ကပင် သင်ကြားပေးနေခြင်းဟု ဆိုလိုသည်လား။
ရီဖူရှင်းက မည်သည့်အတွက်ကြောင့် ဤသို့ လုပ်ရသနည်း။
ကြည့်ရသည်မှာ ၎င်းက သူတို့ကို ရည်ရွယ်ထားပုံပေါ်သည်။ သူတို့သည် ထိုနေ့က ရီဖူရှင်းအား မောင်းထုတ်ရန် အဘိုးမာအိမ်သို့ သွားခဲ့ကြသည်။ ထို့နောက် အဘိုးမာက မုယွင်မိသားစုအား ထုတ်ပယ်ရန် အကြံပြုခဲ့၏။ ရီဖူရှင်းသည် ထိုအချိန်မှ စတင်ကာ သူတို့ကို ထောင်ချောက်ဆင်ရန် ကြိုးစားခဲ့ပုံရလေသည်။
မည်သူမဆို အစားထိုး၍ ရနိုင်သည်။ မုယွင်မိသားစုက ရွာ၌ ရှိမနေခဲ့လျှင်ပင် နတ်ဘုရားနည်းစနစ်က ဤနေရာ၌ ရှိနေလိမ့်မည် ဖြစ်သည်။
ဖန်းချွင့်က ရီဖူရှင်းအား မတူကွဲပြားစွာ ဆက်ဆံပြီး သူ့နောက်ကို လိုက်ကာ သူ့လက်အောက်၌ တပည့်ခံရန် ကြိုးစားခြင်းမှာ အံ့သြစရာမရှိတော့ပေ။
ဖန်းကိုင့်က အနည်းငယ် အံ့သြတုန်လှုပ်သွားခဲ့သည်။ သူက ထိုကဲ့သို့ အကြောင်းအရာကို ဖုံးကွယ်ခံထားရကာ သူ့ကလေးက ထိုမျှ နှုတ်လုံမည်ဟု ထင်မှတ်မထားခဲ့ပေ။ မည်သို့ပင် ဖြစ်စေ သူက ယခုအချိန်၌ ကျေနပ်အားရမိပေသည်။ ကြည့်ရသည်မှာ မုယွင်မိသားစု၏ ကံကြမ္မာက စည်းအပြင်ဘက်ရောက်သွားရန် ကြမ္မာဖန်ပုံရလေသည်။
သူက ရီဖူရှင်းအား တစ်ချက်လှမ်းကြည့်လိုက်ကာ သည်လူက မျက်လုံးဖြင့် မြင်ရသည်ထက် ပို၍ သာလွန်ကြောင်း တွေးလိုက်မိသည်။ သူက အလွန် တည်ငြိမ်ကာ အပြင်ဘက်၌ မည်သို့မှ မဖြစ်သလို မြင်ရသော်လည်း သူသည် မုယွင်မိသားစုအား ဆန့်ကျင်ရန် တိတ်တဆိတ် စီစဥ်ခဲ့ပေသည်။
မည်သို့ပင်ဖြစ်စေ ဤကိစ္စ၌ ရီဖူရှင်းတွင် ရွေးစရာမရှိခဲ့ပေ။ သူက မုယွင်မိသားစုကို ဆန့်ကျင်ခဲ့ပြီး သူ့သရုပ်မှန်က ပေါ်ပေါက်ခဲ့သည်။ ယခု တားမြစ်ချက်က ပျက်ပြယ်သွားပြီဖြစ်ရာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် မုယွင်လုံအား နှင်ထုတ်ရန်သာ ရှိပေသည်။ မဟုတ်လျှင် မကြာခင်၌ ကပ်ဘေးဆိုးကြီး ကြုံတွေ့ရမလားပင် မသိနိုင်ပေ။
မုယွင်ရှုက မည်းမှောင်သော မျက်လုံးများနှင့် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ထိုသူက မည်သို့ဖြစ်၍ ရွှေရောင်နတ်ငှက် ကောင်းကင်ခွင်းပညာရပ်ကို သိရပါသနည်း။
"မင်း ဘယ်လိုလုပ်ခဲ့တာလဲ။" မုယွင်လုံ၏ မျက်လုံးများက ရီဖူရှင်းထံ စူးစိုက်နေခဲ့သည်။
"မုယွင်မိသားစုခေါင်းဆောင်ပဲ ကျုပ်က ကံကြမ္မာကောင်းတွေ ပိုင်ဆိုင်ထားတဲ့သူလို့ မပြောခဲ့ဘူးလား။ ကျုပ်က ကံကြမ္မာကောင်းတွေနဲ့ လူဖြစ်နေမှတော့ လူအများ မမြင်နိုင်တဲ့အရာတွေကို ကျုပ် မြင်နိုင်စွမ်းရှိတယ်လေ။ နတ်ဘုရားနည်းစနစ်ကို ကျုပ် မဆက်ခံနိုင်ပေမယ့် အဲဒီကနေ သင်ယူနိုင်တာ ရှိတာပေါ့။" ရီဖူရှင်းက ပြောလိုက်သည်။
"အဲဒီတော့ မင်းဆိုလိုတာက နတ်ဘုရားနည်းစနစ်ခုနစ်ပါးလုံးကို ကျွမ်းကျင်တယ်ပေါ့။" မုယွင်လုံက ထပ်မေးလိုက်သည်။
"လေ့လာနိုင်ရုံပါပဲ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ မုယွင်လုံက ခေါင်းကို လှည့်ကာ အဝေးသို့ ကြည့်လိုက်ရင်း ပြောသည်။ "အဲဒီတော့ မင်းက တခြားလူတွေထက် ပိုပြီး မြင်နိုင်တာကြောင့် ရှေးဟောင်းသစ်ပင်အောက်မှာ နားလည်သဘောပေါက်နိုင်ခဲ့တယ်။ ကြည့်ရတာ သူတို့ နိုးထလာပြီး ကျင့်ကြံနိုင်တာ လုံးဝ တိုက်ဆိုင်မှု မဟုတ်ဘူးပေါ့။"
ထိုအချိန်၌ မုယွင်လုံသည် သူ ဆုံးရှုံးသွားပြီး အမှန်တကယ် အပြတ်အသတ် ရှုံးနိမ့်သွားကြောင်း သိရှိလိုက်သည်။ ဖန်းချွင့် ပြသခဲ့သော စွမ်းရည်ကို ကြည့်လျှင် ရီဖူရှင်းသည် သူတို့ ခန့်မှန်းထားသည်ထက် ပို၍ လေးမျက်နှာကျေးရွာအား များစွာအကျိုးပြုနိုင်ကြောင်း သိရှိနိုင်ပေသည်။ သူက သူတို့ ခန့်မှန်းထားသည်ထက် ပိုမိုသော အရာများအား ယူဆောင်ပေးခဲ့ပြီး ဖြစ်သည်။
မုယွင်မိသားစုနှင့် ရီဖူရှင်းတို့ ကြားမှ ဆက်ဆံရေးက မည်သည့်အခါမှ အတူယှဥ်တွဲနေရန် မဖြစ်နိုင်ပေ။ ထပ်ပြောရလျှင် ရီဖူရှင်းသည် မိသားစုခုနစ်ခုတွင် လေးခုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ သူတို့အားလုံးက ရီဖူရှင်းကို ထောက်ပံ့ထားပေသည်။ ဆိုလိုသည်မှာ မုယွင်လုံသည် ရွာထဲမှ လူများ၏ အမြင်တွင် ရီဖူရှင်းအား မည်သည့်အခါမှ ကျော်နိုင်တော့မည် မဟုတ်ပေ။
သူက တစ်ကိုယ်ကောင်းဆန်ပြီး ရီဖူရှင်းက လေးမျက်နှာကျေးရွာ တိုးတက်ရေးအတွက် လုပ်ဆောင်ပေးခဲ့သည်ကို သူသိပေသည်။ ရီဖူရှင်းက ရွာသားတစ်ယောက် မဟုတ်သည့်အချက်သာ မရှိလျှင် သူက အမှန်တကယ် ကျေးရွာခေါင်းဆောင် ဖြစ်နေပြီး ဖြစ်လိမ့်မည်။
"မုယွင်လုံ ဆရာသခင်က အရာအားလုံးကို မျက်မြင်တွေ့ပြီးပြီ။ အခု ဆုံးဖြတ်ချက်က ချတော့မှာ။ မင်း ဘာလို့ ဂုဏ်သိက္ခာဆယ်ဖို့ ကိုယ့်ဘာသာ ထွက်မသွားသေးတာလဲ။" အဘိုးမာက ပြောလိုက်သည်။ မုယွင်လုံအား မိသားစုကြီး ခုနစ်ခုမှ ထုတ်ပယ်ရန်တောင်းဆိုခြင်းမှာ မိသားစုလေးခုက သဘောတူပြီး ဖြစ်သောကြောင့် နောက်ထပ် မိသားစုနှစ်ခုက ကန့်ကွက်လျှင်ပင် မုယွင်လုံက ရှုံးနိမ့်နေဆဲ ဖြစ်ပေသည်။
"ပြီးတော့ မုယွင်ရှုရဲ့ မောက်မာမှုက စည်းကျော်လွန်းတယ်။ သူက ဒီနေ့ တစ်ခေါက် ထပ်လှုပ်ရှားပြီး မိုက်ရူးရဲဆန်တဲ့ တချို့အရာတွေ ပြောခဲ့တယ်။ သူ့ကို ရွာကနေ နှင်ထုတ်ပေးပါ။" အဘိုးမာက ဆက်ပြောလိုက်သည်။ မုယွင်ရှု၏ မျက်လုံးများက အလွန် အေးစက်သွားသော်လည်း မုယွင်လုံက ထရပ်ကာ ပြောလိုက်သည်။ "သွားကြစို့။"
သူက ပြောပြီးသွားသည်နှင့် အပြင်ဘက်သို့ လျှောက်လှမ်းသွားကာ ဤနေရာ၌ ထပ်နေရန် ရည်ရွယ်ချက် မရှိတော့ပေ။
ဤတစ်ကြိမ်၌ သူက အပြတ်အသတ် ရှုံးနိမ့်သွားသည့်အတွက် မည်သည့်စကားမှမဆိုဘဲ ထွက်ခွာသွားလေသည်။
မုယွင်လန်သည် ရီဖူရှင်းနှင့် အခြားလူများကို တစ်ချက်လှမ်းကြည့်ကာ ထွက်ခွာသွားပေသည်။ သူသည် နှစ်ပေါင်းများစွာ ကြာပြီးမှ ပြန်လာခဲ့သော်လည်း ဤသို့ အဆုံးသတ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ထိုသည်မှာ အနည်းငယ် ကိုးယို့ကားယားနိုင်သော အခြေအနေပင် ဖြစ်၏။
ရီဖူရှင်းနှင့် သူ့လူများက မုယွင်မိသားစု၏ ထွက်ခွာသွားမှုအား စောင့်ကြည့်နေကြသည်။ သူတို့သည် မုယွင်မိသားစုက ဤကဲ့သို့ အလွယ်တကူ လက်လျှော့ကာ အဆုံးသတ်ရန် ခွင့်ပြုလိမ့်မည်လား။
သေချာပေါက်မဖြစ်နိုင်ပေ။
မုယွင်လုံ၌ ကြီးမားသော ရည်မှန်းချက်ရှိပြီး မုယွင်ရှုက အလွန် မောက်မာသည်။ မုယွင်လန်နှင့် နန်ဟိုင်မိသားစုကြားမှ ဆက်ဆံရေးကိုပါ ထည့်ပေါင်းလျှင် အရာအားလုံးက အလွယ်တကူ အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ နန်ဟိုင်မိသားစုခေါင်းဆောင် နန်ဟိုင်ဝူကျီး အပါအဝင် နန်ဟိုင်မိသားစု၏ တန်ခိုးရှင်များက ယခု ရွာအတွင်း ရှိနေပေသည်။
***