ထွက်သွားရန် တွန့်ဆုတ်နေခြင်း
Vol. 149 Ch. 2118
မုယွင်လုံနှင့် အခြားလူများ ထွက်ခွာသွားပြီးနောက် အဘိုးမာက လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။ "မုယွင်မိသားစုကို ထုတ်ပယ်လိုက်တာက ကျုပ်တို့မှာ မိသားစုတစ်ခု လျော့သွားပြီလို့ ဆိုလိုတာပဲ။ အခု ကျုပ်တို့မှာ နတ်ဘုရားနည်းစနစ်တွေကို ကျွမ်းကျင်တဲ့သူတစ်ယောက် ရှိခဲ့ပြီ။ ဒါကြောင့် ကျုပ်က သူ့ကို မုယွင်မိသားစုနေရာမှာ အစားထိုးချင်တယ်။ မင်းတို့ ဘာပြောချင်တာ ရှိလဲ။"
လူတိုင်းသည် အဘိုးမာ မည်သူ့ကို ရည်ညွှန်းနေကြောင်း ချက်ချင်း နားလည်ကြပေသည်။
သူသည် နတ်ဘုရားနည်းစနစ်များအား ကျွမ်းကျင်ကာ ဖန်းချွင့်ကိုလည်း နတ်ဘုရားနည်းစနစ် သင်ကြားပေးခဲ့သည့် ရီဖူရှင်းကို ဆိုလိုကြောင်း သေချာပေသည်။
ရွာထဲမှ လူများ၏ မျက်လုံးအားလုံးက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ ရီဖူရှင်းသည် ရွာအတွက် အများကြီး လုပ်ပေးခဲ့ကြောင်း လူအများက သဘောတူပေသည်။ သူ့ကို ရွာခေါင်းဆောင်အဖြစ် တင်မြှောက်ရန်မှာ အနည်းငယ် စည်းကျော်သလို ဖြစ်နေသော်လည်း သူက လေးမျက်နှာကျေးရွာ၏ ရွာသားတစ်ယောက် ဖြစ်လာရန် ဆန္ဒရှိသရွေ့ သူ့အား မုယွင်မိသားစုနေရာ၌ အစားထိုးမှုကို လက်ခံပေးရန်မှာ ဖြစ်နိုင်ပေသည်။
"ခင်ဗျားတို့က ဘာတွေ တွေဝေနေတာလဲ။ ဆရာမရှိရင် ရွာက ဒီလောက်တိုးတက်လာပါ့မလား။ ဆရာက အဲဒီစဥ်းလဲတဲ့ မုယွင်မိသားစုရဲ့ လူတွေလောက်တောင် မထိုက်တန်ဘူးလို့ ထင်နေကြတာလား။" ဖန်းချွင့်က အချို့ သဘောမတူသည့် တီးတိုးသံများအား ကြားသည့်အခါ စိတ်မကျေမနပ် ဖြစ်လာပေသည်။
"ဆရာရီက တကယ့်ကို အကောင်းဆုံး ရွေးချယ်ခံ ဖြစ်လိမ့်မယ်။" ရွာအတွင်းမှ တစ်စုံတစ်ယောက်က ရီဖူရှင်းအတွက် စကားပြောပေးလာသည်။
"ဆရာရီက သော်ယွီကို ကြင်ကြင်နာနာ ဆက်ဆံခဲ့တယ်။ ဒါကြောင့် သူက ကျင့်ကြံနိုင်ရုံမက နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်ပြီး ဆရာရီကို သူ့ဆရာအဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဒါကြောင့် ကျွန်မ ဆရာရီကို ထောက်ခံတယ်။" တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ပိုမိုများပြားသော ရွာသားများက သူတို့၏ အမြင်ကို ထုတ်ဖော်ပြသလာကြသည်။ သူတို့၏ သဘာဝက ရိုးသားကာ ဖြူစင်ကြပြီး သူတို့က ထိုချီးကျူးစကားများကို ကြားသည့်အခါ တော်တော်များများက ခွင့်ပြုချက်ပေးလာကြသည်။
ထို့နောက် အဘိုးမာက ပြောလိုက်သည်။ "အားလုံး သဘောထားကို ထုတ်ပြောပေးကြပါ”
"သဘောတူတယ်။" မျက်မမြင်ထျယ်က ပြောလိုက်သည်။
"ကျွန်တော်လည်း သဘောတူတယ်။" သော်ယွီက လျင်မြန်စွာ ပြောလိုက်သည်။
"ကျုပ်ဘက်ကလည်း အဆင်ပြေတယ်။" ဖန်းကိုင့်က ပြောလိုက်သည်။
ယခု မိသားစုလေးခုက သဘောတူခဲ့ပြီး ဖြစ်ရာ လိုအပ်သည့် မဲအရေအတွက်၌ တစ်ဝက်မက ကျော်ခဲ့ပြီး ဖြစ်သည်။
"ကျုပ်လည်း သဘောတူတယ်။" ရှီမိသားစု၏ ရှီခွေ့က ရီဖူရှင်းအား ကြည့်ကာ ခေါင်းညိတ် သဘောတူလိုက်သည်။
ယခုတွင် ၎င်း၏ ရပ်တည်မှုကို မဖော်ပြရသေးသော မုယွင်မိသားစုနှင့် ရင်းနှီးသည့် ကုမိသားစုသာ ကျန်တော့သည်။ ကုမိသားစုခေါင်းဆောင် ကုဟွိုက်က ရီဖူရှင်းထံ၌ သူ့မျက်လုံးများကို ကျောက်ချထားရင်း ပြောလိုက်သည်။ "ကန့်ကွက်စရာမရှိဘူး။"
"ပြည့်စုံသွားပြီ။" အဘိုးမာက အပြုံးနှင့် ပြောလိုက်သည်။ "အခု လူတိုင်းက သဘောတူတယ်ဆိုတော့ ဆုံးဖြတ်ပြီးသွားပြီ။ ဆရာရီ ကျေးဇူးပြုပြီး.."
ရီဖူရှင်းက မလွှဲသာ မရှောင်သာသော အပြုံးနှင့် အဘိုးမာအား ကြည့်လိုက်သည်။ သူက နောက်ကွယ်၌သာ နေချင်သော်လည်း အဘိုးမာက သူ ပါဝင်လာအောင် အတင်းအကျပ် ပြုမူနေသည်။ သူက ရွေးချယ်စရာမရှိ ထိုင်ခုံသို့လျှောက်လာပြီး လေးမျက်နှာကျေးရွာမှ လူတိုင်းကို မျက်နှာမူကာ ပြောလိုက်သည်။ "ခင်ဗျားတို့ရဲ့ ယုံကြည်မှုအတွက် ရီဖူရှင်းက ကျေးဇူးတင်ပါတယ်။"
လူအများက ကျေနပ်သွားကြပြီး အထူးသဖြင့် ရီဖူရှင်း၏ တပည့်များလေးယောက်က တောက်ပစွာ ပြုံးလိုက်ကြသည်။ ကြည့်ရသည်မှာ အဆုံး၌ သူတို့က ဆရာ့ကို ရွာတွင် ထိန်းသိမ်းထားနိုင်စွမ်း ရှိခဲ့ပြီဟု ထင်ရပေသည်။
ရှားရှင်းယွန်နှင့် အခြားလူများကလည်း ဝမ်းသာနေကြသည်။ ဤဆွေးနွေးမှု၌ ပါဝင်ခွင့်ရခဲ့သော အပြင်လူများ သူတို့သာလျှင် ဖြစ်ပေသည်။ ယခု ရီဖူရှင်းက ရွာသို့ အပြည့်အဝ ဝင်ရောက်၍ သူတို့ထဲမှ တစ်ယောက် ဖြစ်လာပြီ ဖြစ်သည်။
"ဆရာရီ မုယွင်မိသားစုရဲ့ ပြဿနာက ဖြေရှင်းပြီးသွားပေမယ့် အခု ရွာထဲမှာ နေရာအသီးသီးက တန်ခိုးရှင်တွေ ရောက်နေတယ်။ ကျုပ်တို့က သူတို့ကို တိုက်ရိုက်နှင်ထုတ်လိုက်ရင် ရှန်ချင်းနယ်မြေတစ်ခွင်လုံးကို ဆန့်ကျင်မိလိမ့်မယ်။ ဘယ်လို အကြံဉာဏ်ပေးချင်လဲ။" အဘိုးမာက ရီဖူရှင်းကို မေးလိုက်သည်။ သူက နေရာယူလိုက်ရုံရှိသေး ခက်ခဲသည့် ပြဿနာတစ်ရပ်ကို ဖြေရှင်းရတော့မည် ဖြစ်သည်။
ဤပြဿနာက အမှန်တကယ် ဖြေရှင်းရန် ခက်ခဲပေသည်။ အနည်းငယ် ဂရုမပြုမိသည်နှင့် ပြဿနာကြီးကြီး တက်သွားပေလိမ့်မည်။
"လေးမျက်နှာကျေးရွာက အရင်ကနဲ့ အတူတူပဲ လေးနှစ်တစ်ကြိမ် ဖွင့်လှစ်မယ်ဆိုတာ လူတိုင်း သိစေရမယ်။ ရှန်ချင်းနယ်မြေ ထိပ်သီးအင်အားစုတွေရဲ့ ရွေးချယ်ခံအနည်းငယ်က ရွာကို ဝင်ရောက် ကျင့်ကြံနိုင်လိမ့်မယ်။ အရင်က ကံကြမ္မာကောင်းတွေ ရှိတဲ့ သူတွေပဲ ရွာကို ဝင်ရောက်နိုင်ပေမယ့် အခု ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်နဲ့ လူတွေပဲ ရွာကို ဝင်ရမယ်လို့ ပြောင်းလဲနိုင်တယ်။ သူတို့ ရွာထဲမှာ နေနိုင်တဲ့ အချိန်ကိုလည်း ကန့်သတ်ရမယ်။"
ရီဖူရှင်းက ဖြေးညင်းစွာ ပြောလိုက်သည်။ "ထပ်ပြောရရင် အခုကစပြီး လေးမျက်နှာကျေးရွာက ရှန်ချင်းနယ်မြေအတွင်းက တခြားအင်အားစုတွေလိုပဲ ကိုယ့်အုပ်ချုပ်ခွင့်နဲ့ကိုယ် ရပ်တည်လိမ့်မယ်။ လေးနှစ်တာကာလအတွင်းမှာ ရွာထဲ လာရောက်ဖို့ ဆန္ဒရှိတဲ့ ဘယ်အင်အားစုက တန်ခိုးရှင်မဆို သူတို့ လာလည်လိုတဲ့ ရည်ရွယ်ချက်အကြောင်း ရွာကို အရင်ဆုံး အကြောင်းကြားရမယ်။ သူတို့ရဲ့ တောင်းဆိုချက်ကို ရွာက ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူတို့ လာလည်လို့ရတယ်။"
ယခုချိန်မှစကာ လေးမျက်နှာကျေးရွာသည် ရှန်ချင်းနယ်မြေ၏ အခြားအင်အားစုများကဲ့သို့ပင် ရပ်တည်လိမ့်မည် ဖြစ်သည်။ ၎င်းက လေးမျက်နှာကုန်းမြေအတွင်း အခြေစိုက်သော အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကာ အပြင်လောက၌ အမြဲ ပေါ်ထွက်နေမည်မဟုတ်ပေ။ လေးနှစ်တစ်ကြိမ် ဖွင့်လှစ်ပေးခြင်းက သင့်တော်သော ရွေးချယ်မှုဖြစ်ပြီး ကောင်းမွန်သည့် ကြားနေသဘောထားဖြစ်သည်။ ၎င်းသည် ယခင်က သူတို့ကျင့်သုံးခဲ့သော နည်းလမ်းနှင့် ဆင်တူပြီး အပြောင်းအလဲများကြောင့် အခြား အင်အားစုများအား ဆန့်ကျင်မိခြင်းမှ ရှောင်ရှားနိုင်ပေသည်။
"အဲဒါက သင့်တော်တယ်။" အဘိုးမာက ခေါင်းညိတ်သဘောတူလိုက်သည်။
အခြားလူများကလည်း ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း၏ အကြံဉာဏ်သည် ရှန်ချင်းနယ်မြေအတွင်းရှိ အင်အားစုများ အပါအဝင် နှစ်ဘက်လုံး လိုအပ်သည့် အခြေအနေများကို ထည့်သွင်းစဥ်းစားထားသည်။ သူတို့က ထိုဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး မကျေနပ်လျှင် အနည်းငယ် ကျိုးကြောင်းမလျော်ကန် ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ထိုအင်အားစုများက သူတို့ကို ပြင်ပလောကသို့ အချိန်မရွေး ဝင်ရောက်ဖို့ရာ ခွင့်ပြုရန် ဆန္ဒရှိလိမ့်မည် မဟုတ်ပေ။
လေးမျက်နှာကျေးရွာက ပြင်ပလောကနှင့် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်စဥ်ကပင် သူတို့သည် ရိုးရှင်းသော 'ရွာ' လေးတစ်ရွာ မဟုတ်တော့ဘဲ အင်အားစုတစ်ခုအဖြစ် တည်ရှိလိမ့်မည် ဖြစ်သည်။
ရွာအတွင်းမှ လူတိုင်းသည်လည်း ခေါင်းညိတ်သဘောတူလိုက်ကြကာ ရီဖူရှင်း၏ အကြံပြုချက်ကို ခွင့်ပြုလိုက်ကြသည်။ အခြားမိသားစုခြောက်ခုသည်လည်း မတူညီသော အကြံဉာဏ်များ မရှိသည့်အတွက် ထိုကိစ္စအား တစ်စိတ်တစ်ဝမ်းတည်း ခွင့်ပြုဆုံးဖြတ်လိုက်ကြသည်။
"အဲဒီအင်အားစုတွေ ကျင့်ကြံဖို့ ရွာထဲမှာ နေနိုင်တဲ့ အချိန်ကာလကို ဘယ်လောက် သတ်မှတ်ရင် သင့်တော်မလဲ။" ရှီခွေ့က မေးလိုက်သည်။
"ခုနစ်ရက်ပဲ လုပ်ကြတာပေါ့။ ဒီနေ့ကနေစပြီး အင်အားစု အားလုံးက ရွာထဲမှာ ခုနစ်ရက်နေနိုင်လိမ့်မယ်။ ဒီအချိန်ကာလပြီးသွားရင် သူတို့က နောက်လေးနှစ်ထိ ပြန်လာနိုင်မှာ မဟုတ်ဘူး။" အဘိုးမာက ပြောလိုက်ပြီး လူတိုင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
"ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ သူတို့ကို သတင်းပေးလိုက်ကြတာပေါ့။" ရှီခွေ့က ထပ်ပြောလိုက်သည်။ သူတို့သည် လူအများက ဤသတင်းကို ကြားပြီးနောက် မည်သို့ တုန့်ပြန်မည်ကို မသိသလို လေးမျက်နှာကျေးရွာ၏ ဆုံးဖြတ်ချက်ကို လက်ခံမခံကိုလည်း မသိပေ။
သူတို့က လက်မခံရန် ရွေးချယ်ခဲ့လျှင် ကိစ္စတစ်ခုလုံးက ထင်ထားသည်ထက်ပို၍ ပြဿနာများနိုင်ပေသည်။
"ဒီနေ့ ဆွေးနွေးမှုကို နိဂုံးချုပ်လိုက်ပြီ။ မင်းတို့ သွားလို့ရပြီ။" အဘိုးမာက ပြောလိုက်သည်။ ချက်ချင်းပင် ရွာအတွင်းမှ လူတိုင်းက လူစုခွဲသွားကြပေသည်။ ခေါင်းဆောင်များက ဤဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ အပြင်လူများအား ပြောကြားလိမ့်မည်ဖြစ်ကာ သာမန်ရွာသားများက စောင့်ကြည့်နေရုံသာ ရှိသည်။
ရွာအတွင်းမှ လူများ လူစုခွဲသွားပြီးနောက် အဘိုးမာနှင့် အခြားလူများက သီးသန့်ကျောင်းဘက်သို့ လှည့်ကာ လေးစားစွာနှင့် အရိုအသေ ပေးလိုက်ကြသည်။ သူတို့ထွက်သွားသည့်တိုင် ဆရာသခင်က ထိုကိစ္စအား မည်သည့် စိတ်ဝင်စားမှုမှ မပြသခဲ့ပေ။ သို့သော်လည်း ဆရာသခင်သည် ထိုလူသိရှင်ကြား ဖြစ်ပျက်သည့် အရာအားလုံးကို သိရှိမည်မှာ အသေအချာဖြစ်ပြီး ဝင်စွက်ဖက်ရန် လိုအပ်သည်ဟု ထင်မြင်သည့် အချိန်၌ ပေါ်ထွက်လာမည်မှာ အသေအချာပင် ဖြစ်သည်။
လူတစ်စုက ရှေးဟောင်းသစ်ပင်သို့ ပြန်ရောက်လာကြသည်။ ယခုတွင် အားလုံးသော အင်အားစုများမှ လူများသည် ရှေးဟောင်းသစ်ပင်က ထူးခြားသည်ကို သိရှိကြသောကြောင့် အများစုမှာ ဤနေရာ၌ ကျင့်ကြံရန် စုစည်းနေကြပြီး သစ်ပင်အား နားလည်သဘောပေါက်ရန် ကြိုးစားနေကြသည်။
အင်အားစု အားလုံးမှ လူများသည် အဘိုးမာနှင့် အခြားလူများ ချဥ်းကပ်လာသည်ကို မြင်သည့်အခါ ထရပ်လိုက်ကြသည်။ သူတို့က လေးမျက်နှာကျေးရွာမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက်နှင့် ပတ်သတ်ပြီး ခန့်မှန်းချက် အချို့ ရှိပေသည်။
လူစုထဲမှ လူတစ်ယောက် လျှောက်ထွက်လာပြီး ၎င်းက ဖန်းကိုင့် ဖြစ်ပေသည်။ သူက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက ရွာသားတွေကို ဆင့်ခေါ် ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီနေ့ရဲ့ လေးမျက်နှာကျေးရွာက အရင်ကနဲ့ မတူဘူးဆိုတာ သတိပြုမိမယ် ထင်ပါတယ်။ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာပြီး တားမြစ်ချက်လည်း ပျက်ပြယ်သွားတာကြောင့် ပိုမိုများပြားတဲ့ လူတွေ ရွာထဲကို ဝင်လာကြတယ်။ ဒီနေ့ လေးမျက်နှာကျေးရွာက ကျုပ်တို့ရဲ့ လောကလေးထဲကနေ ထွက်ပြီး ရှန်ချင်းနယ်မြေအတွင်း အင်အားစုတစ်ခုအဖြစ် ရပ်တည်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ လူတိုင်းအနေနဲ့ ရွာထဲမှာ ဆက်လက်နေပြီး ကျင့်ကြံဖို့က သိပ်မသင့်တော် ဖြစ်လိမ့်မယ်။ ဒါကြောင့် မကြာသေးခင်က ရွာသားတွေ စုပေါင်းပြီး ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။"
ဖန်းကိုင့်က သူတို့၏ ဆုံးဖြတ်ချက်ကို လူတိုင်းအား သတင်းပေးခဲ့ပြီး သူ စကားပြောပြီးနောက် လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။
လေးမျက်နှာကျေးရွာက ရှန်ချင်းနယ်မြေအတွင်းမှ အဓိကအင်အားစုတစ်ခု ဖြစ်လာပြီး လောကကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာရန် ဆုံးဖြတ်ခဲ့လေရာ ၎င်း၏ အလားအလာက အဆုံးမဲ့ပေသည်။
မည်သူကမှ မတုံ့ပြန်သော်လည်း ထိုကိစ္စနှင့် ပတ်သတ်၍ လူတိုင်းထံ၌ သူတို့၏ ကိုယ်ပိုင်အတွေးများ ရှိပေသည်။ လေးမျက်နှာကျေးရွာသည် လောကမှ သီးခြားရပ်တည်ခဲ့သော်လည်း ယခု အပြောင်းအလဲက သူတို့အတွက် မတူညီသော အဓိပ္ပါယ်ရှိပေသည်။ ၎င်းသည် ရှန်ချင်းနယ်မြေ၏ တည်ဆောက်မှုစွမ်းအားကို တိုက်ရိုက် လွှမ်းမိုးနိုင်ပေသည်။
ထို့အပြင် ၎င်း၏ သမိုင်းတွင် အရှင်ဒွန်ဟောင်သည် လေးမျက်နှာကျေးရွာ၌ ကျင့်ကြံရေးလမ်းစဥ် ရှာဖွေခဲ့သည်။
"နှစ်ပေါင်းများစွာအတွင်းမှာ လေးမျက်နှာကျေးရွာက အမြဲတမ်း လောကကြီးရဲ့ အထက်မှာ ရှိခဲ့တာ။ ရှန်ချင်းနယ်မြေရဲ့ သန့်စင်မြင့်မြတ်နယ်မြေတစ်ခုအနေနဲ့ မဟာအင်ပါယာ ကိုယ်တိုင်ကတောင် ရွာထဲက ပြဿနာတွေကို တားဆီးဖို့ အမိန့်ချမှတ်ပေးခဲ့တယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ရွာကို လာကြတဲ့ အင်အားစုအားလုံးက လူတွေ လမ်းစဥ်ရှာဖွေဖို့ လာရောက်ကြပြီး ရွာကိုလည်း လေးစားမှု ရှိခဲ့ကြတယ်။ အခု လေးမျက်နှာကျေးရွာက စကားလုံးလေး နည်းနည်းနဲ့ အင်အားစုအားလုံးကို ငြင်းဆန်ချင်နေတယ်။ ရွာထဲမှာ ကျင့်ကြံဖို့ ကျုပ်တို့ကို လေးနှစ်တစ်ကြိမ်မှာ ရက်နည်းနည်းပဲ ပေးတယ်။ တော်တော်လေး လွန်တယ် မထင်ဘူးလား။" အသံတစ်ခုကို ကြားလိုက်ရပြီး ထိုပြောလိုက်သူမှာ အခြားမဟုတ်ဘဲ နန်ဟိုင်မိသားစုမှလူ ဖြစ်လေသည်။ သူက ဆုံးဖြတ်ချက်အား ပထမဆုံး ကန့်ကွက်သူ ဖြစ်သည်။
"အောက်မေ့တမ်းတခြင်းအခမ်းအနားနေ့က လေးနှစ်တစ်ကြိမ် ကျင်းပခဲ့တာ။ အမှန်တကယ် ဘယ်သူမှ ရွာထဲ ဝင်ခွင့်ရတာမျိုး မရှိခဲ့ဘူး။ ပုံမှန်အားဖြင့် လေးနှစ်တစ်ကြိမ် အခမ်းအနားနေ့အတွင်းမှာ ခင်ဗျားတို့ အားလုံးက အခွင့်အလမ်းရှာဖွေဖို့ ရောက်လာကြတယ်။ အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့က ရက်အနည်းငယ်ပဲ ကြာတာကြောင့် များများစားစား အပြောင်းအလဲ မရှိဘူးလို့ ပြောလို့ရတယ်။ ထပ်ပြောရရင် လေးမျက်နှာကျေးရွာက လောကကြီးနှင့် အဆက်အသွယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ကတည်းက ကျုပ်တို့မှာလည်း ကျုပ်တို့ရဲ့ အခွင့်အရေး ရှိတယ်။ လာပြီးကျင့်ကြံချင်တဲ့ ကျေးရွာရဲ့ မိတ်ဆွေတွေက ကျုပ်တို့ဆီ အကြောင်းကြားမယ်ဆိုရင် ကျုပ်တို့က သေချာပေါက် ဧည့်ဝတ်ကျေကျေနဲ့ ဧည့်ခံမှာ။ ဒါပေမယ့် ခင်ဗျားတို့က စိတ်ထင်သလို ဝင်ထွက်သွားလာချင်တယ်ဆိုရင်တော့ ကျုပ် မေးပါရစေ။ နန်ဟိုင်မိသားစုကရော သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေကို စိတ်ကြိုက်ဝင်ထွက်ခွင့် ပြုမှာလား။"
ဖန်းကိုင့်က ပြန်လည် ပြောဆိုလိုက်ပြီးနောက် ထိုလူ၏ တုန့်ပြန်မှုကို ဂရုမစိုက်တော့ဘဲ လျစ်လျူရှုလိုက်သည်။
နန်ဟိုင်ဝူကျီးက ပြုံးကာ ပြောလိုက်၏။ "ကြည့်ရတာ ရွာက ကျုပ်တို့ကို မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်။ ဒီလိုဆိုရင် ဒီမှာနေရမယ့် ရက်အနည်းငယ်ကို တန်ဖိုးထားကြတာပေါ့။"
မည်သူကမှ စကားထပ်မပြောကြပေ။ သို့သော်လည်း ရီဖူရှင်းသည် ထိုလူများက အချင်းချင်း စိတ်ချင်းဆက်သွယ်ကာ ပြောဆိုနေကြသည်ဟု ခံစားမိပေသည်။
မည်သူကမှ ပွင့်ပွင့်လင်းလင်း မေးခွန်းမထုတ်သလို ကန့်ကွက်ခြင်းလည်း မရှိပေ။ ၎င်းနယ်မြေက လေးမျက်နှာကျေးရွာနှင့် သက်ဆိုင်ပြီး ရွာသည် မည်သူ့စွက်ဖက်မှုမှ မပါဘဲ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အား ချမှတ်ပိုင်ခွင့်ရှိသည်။ သူတို့က ရွာကို သိမ်းပိုက်ရန် ရည်ရွယ်ချက် မရှိလျှင် အားလုံးက တိတ်ဆိတ်စွာ နေရန်သာ တတ်နိုင်ပေသည်။
သို့သော် ဤတိတ်ဆိတ်မှုအတွင်း၌ စိတ်မကျေနပ်ခြင်းများကို ရှင်းလင်းပြတ်သားစွာ ခံစားမိနိုင်ပေသည်။
ထိုလူများ ဆက်လက်ကျင့်ကြံနေသည်ကို စောင့်ကြည့်ရင်း ဖန်းကိုင့်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဖိနှိပ်သည့် ခံစားချက်အား ခံစားမိပြီး အနည်းငယ် မသက်မသာ ခံစားမိလိုက်ပေသည်။
ဆန့်ကျင်ဘက်အနေနှင့် ဤတိတ်ဆိတ်မှုက မကောင်းသော အတိတ်နိမိတ်ကို ဆောင်နေသည်။ ဤအင်အားစုများက ခုနစ်ရက်ကြာပြီးနောက် ထွက်ခွာသွားလိမ့်မည်လား။
သူတို့က မည်သို့လုပ်ရန် စီစဥ်နေသနည်း။
ယခုအချိန်တွင် အဖြေကို မည်သူမှ မသိပေ။
မုယွင်မိသားစုက ရွာမှ မထွက်ခွာခဲ့ဘဲ မုယွင်ရှုကို နှင်ထုတ်ခဲ့သည်။ သူတို့က မုယွင်ရှုအား နန်ဟိုင်မိသားစုသို့ ပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။ အခြားလူများအတွက် သူတို့က စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။ သူက ခုနစ်ရက်ပြီးနောက် လေးမျက်နှာကျေးရွာအတွင်း မည်သို့ ဖြစ်လိမ့်မည်ကို ကြည့်ရှုရန် စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သလား။
လူတိုင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်ရင်း ရီဖူရှင်းသည် ဤပြဿနာက လွယ်လွယ်လေး အဆုံးသတ်သွားမည် မဟုတ်ဟု သိလိုက်ပေသည်။
***