ပညာရွှေအိုး လူခိုး! ၂ …
Vol. 70 Ch. 1041
ချင်လင်ကချက်ချင်း လီခိုင်ကွန်ပျူတာပေါ်မှစာတမ်းကိုကြည့်လိုက်သည်။ ဒီတစ်ခါ ထူးထူးဆန်းဆန်း သူနားလည်နေသည်။
"ညီလေးချင်... မင်းကိုစာတမ်းကူရေးပေးဖို့ ငါအရမ်းအားစိုက်ထုတ်နေတာ''
လီခိုင်က ကျေးဇူးတင်ခံချင်သလိုပြောသည်။
"အစ်ကိုလီ အလုပ်ကြိုးစားနေတာပဲ... ဒီစာတမ်းကိုကျွန်တော့်ဘာသာရေးပါမယ်''
ချင်လင်ကပြုံးပြီး လီခိုင်ပခုံးကိုပုတ်လိုက်သည်။ ထို့နောက် လီခိုင်ကြောင်ကြည့်နေသည့်ကြားက သုတေသနသမားများကိုတန်းပြောလိုက်၏_
"လက်ဖက်ပင်စမ်းသပ်ချက်ကိုမိတ္တူဆွဲပေးပါ... ပြီးတော့ စမ်းသပ်ကိရိယာတွေပြင်ပေးပါဦး''
"ကောင်းပါပြီ ဥက္ကဌချင်!''
ချင်လင်ညွှန်ကြား၍ သုတေသနသမားများကချက်ချင်းအလုပ်စသည်။
သူတို့မျက်စိထဲတွင် ဥက္ကဌချင်က ရှန်းရွှေလက်ဆောင်ဆန်နှင့်လက်ဖက်ပင်ကိုပျိုးထောင်ခဲ့သောဉာဏ်ကြီးရှင်သုတေသီဖြစ်သည်။ နောက်ဆုံးသုတေသနက သူတို့စိတ်ထဲမှာစွဲနေဆဲပင်။
တဖက်တွင် လီခိုင်ကထိုမြင်ကွင်းကိုတအံ့တဩကြည့်နေသည်။
သုတေသနသမားတွေက ညီလေးချင်အကြောင်းမသိပေမဲ့ သူသိသည်။
သူကလောကကြီးကိုလှည့်စားပြီးနာမည်ကြီးလာတာဆိုရင် အခုညီလေးချင်ကလည်း သူ့ထက်မလျော့။
ညီလေးချင်က ဒီလိုအဆင့်ရှိတဲ့စာတမ်း၊စမ်းသပ်ချက်တွေကို ဘယ်လိုလုပ်တင်ပြနိုင်မှာလဲ?
ညီလေးချင်သာ ဒီစာတမ်းရေးပြီး ဝန်ကြီးလုနဲ့တရုတ်သိပ္ပံအကယ်ဒမီကလူတွေကိုပြလိုက်ရင် အကုန်ပေါ်ကုန်မယ်မလား?

ချင်လင်ကမူ သုတေသနသမားတစ်ယောက်ပေးသောလက်ဖက်ပင်စမ်းသပ်ချက်ကိုယူဖတ်နေလေပြီ။
အရင်ကဒါတွေကြည့်ရင် သူသိထားတဲ့မျိုးစိတ်သုတေသနစာအုပ်နဲ့ လုံးဝနားလည်နိုင်မှာမဟုတ်။
ဒါပေမဲ့ ဒီတစ်ခါတစ်ချက်ကြည့်ရုံနဲ့ ဘာဖြစ်နေလဲတန်းသိပြီး ကောက်ချက်ချနိုင်သည်။
စမ်းသပ်ချက်ဖတ်ပြီး တခြားသုတေသနသမားများကလည်း သုတေသနပစ္စည်းများပြင်ဆင်ထားသည်။
ချင်လင်လည်း စောစောကသူချိုးလာသောလက်ဖက်ကိုင်းနှင့် ကိရိယာများဆီသွားပြီးအလုပ်စသည်။
လီခိုင်ဇဝေဇဝါဖြစ်နေသည်။ ဒီနေ့ ချင်လင်တစ်ခုခုဖြစ်နေသလိုပင်။ သူကအနားသွားပြီးအခြေအနေကြည့်ရာ ချင်လင်၏လုပ်ရပ်ကြောင့် သူအံ့ဩသွားသည်။
မျိုးပြောင်းသုတေသနတွင် အလွန်ရှုပ်ထွေးသောဖယ်ထုတ်မှုကိုလုပ်နေသည်။
သို့ရာတွင် ညီလေးချင်ကအသားတကျဖြစ်နေ၏။ ဒါ အရင်တစ်ခါသူလုပ်သောသုတေသနထက်တောင်ပိုရှုပ်သေးသည်။
ဒီသုတေသနကိုလက်ဖက်ပင်စာတမ်းတွင်အသုံးချနိုင်သည်။
သုတေသနတစ်ခုပြီးလျှင် ချင်လင်ကနောက်စမ်းသပ်ချက်တစ်ခုပြောင်းပြီး လက်ဖက်ရွက်များကိုစမ်းသပ်စစ်ဆေးသည်။
လီခိုင်မှာကြည့်လေ အံ့ဩလေပင်။ သူ့ရှေ့က ညီလေးချင်မှဟုတ်ပါလေစ။ ဒီအပိုင်းမှာထဲထဲဝင်ဝင်လေ့လာထားတဲ့ကျွမ်းကျင်ပညာရှင်များလား?
သုတေသနသမားများက လေးစားသောအကြည့်နှင့်ကြည့်နေကြသည်။ သူတို့သူဌေးရှေ့တွင် လုံးဝငြိမ်ကုပ်နေကြ၏။ သူဌေးကခရီးသွားမေဂျာဆိုတာ ဘယ်သူယုံမလဲ?

အမှန်အတိုင်းပြောရရင် သူတို့အားလုံးပေါင်းရင်တောင် ခရီးသွားမေဂျာလေ့လာထားတဲ့သူဌေးချင်ကိုမယှဉ်နိုင်။ သူတို့လေ့လာထားသမျှ အလကားဖြစ်ကုန်သလားမသိ။
လီခိုင်ကမမေ့မလျော့ဖုန်းထုတ်ပြီး ချင်လင်ကိုဓာတ်ပုံရိုက်ထားလိုက်သေးသည်။
ရှားရှားပါးပါး။ ဒါအသုံးတည့်လာလိမ့်မည်။
ချင်လင်ကဓာတ်ခွဲခန်းမှာအချိန်ဆက်ဖြုန်းပြီး သုတေသနလုပ်၊စာတမ်းဆက်ရေးသည်။ ဒီတစ်ခါ အသိပညာပင်လယ်မှာနစ်မျောပြီး ပျော်ပျော်ကြီးသုတေသနလုပ်နေသည်။
သိပ္ပံပညာရှင်တွေဘာလို့ သူတို့တစ်ဘဝလုံးကိုသုတေသနမှာနှစ်မြှုပ်ထားလဲ သူနားလည်ပြီထင်သည်။
တဖက်တွင် သူခိုးထားသောပညာရွှေအိုးကို သူအားထားနေရသည်။ သူကပညာသူခိုးဖြစ်ပြီး သူများဆီမှလုယူခြင်းနှင့်လှည့်စားခြင်းမှာ အလွှာပါးလေးသာခြားသည်။
ချင်လင်ကစိတ်ပါလက်ပါလုပ်လေလေ လီခိုင်အံ့ဩလေလေပင်။
သူ့မှာမယုံနိုင်၍ အံတင်းတင်းကြိတ်ကာသူ့ပါးသူရိုက်ပြီး အိပ်မက်မဟုတ်ကြောင်းအတည်ပြုလိုက်ရသေးသည်။
…
ရုံချန်းရွာတစ်ရွာတွင် ကျောက်ချွန်းဟယ်ကို သူ့မိန်းမကအဝတ်အစားထုပ်ပိုးပေးနေသည်။
ဘေးမှမိန်းမဖြစ်သူက မျှော်လင့်ချက်နှင့်_
"ရှင် ဒီတစ်ခါလက်တွေ့စမ်းသပ်ချက်ကိုပူးပေါင်းပေးရမယ်... ချင်းလင်ဓာတ်ခွဲခန်းကိုယုံရမယ်နော်''

"အင်း!''
ကျောက်ချွန်းဟယ်ခေါင်းညိမ့်လိုက်သည်။ ဒါတစ်ခုတည်းသောအခွင့်အရေးမှန်း သူသိသည်။
မဟုတ်ရင် သူတို့မိသားစုဝင်ငွေနဲ့ ဒီကင်ဆာကိုကုနိုင်မှာမဟုတ်ပေ။
ရုံချန်းက ခေတ်နောက်ကျသောနေရာမဟုတ်။ ဘာပဲဖြစ်ဖြစ် အိမ်ရာစျေးနှုန်းက ယွမ် ၂၀၀၀၀ ကျော်တက်နေသည်။ သို့ရာတွင် စီရင်စုငယ်လေးဖြစ်၍ ဖွံ့ဖြိုးပြီးသောနေရာလည်းမဟုတ်ပေ။
သို့သော် ချင်းလင်စံအိမ်နှင့်ချင်းလင်ကုမ္ပဏီ၏လွှမ်းမိုးမှုကြောင့် လွန်ခဲ့သော ၂ နှစ်အတွင်း ရုံချန်းသားများအများကြီးတိုးတက်လာသည်။ သူတို့ဘဝဘယ်လောက်ကောင်းကောင်း ကင်ဆာနှင့်ရင်ဆိုင်ရသောအခါ ဆင်းရဲလာကြသည်။
ကျောက်ချွန်းဟယ်မိသားစုလည်း ဒီလိုပင်။
သူကလူပျင်းမဟုတ်။ နေ့တိုင်း ကြိုးကြိုးစားစားအလုပ်လုပ်သည်။
အရင်က သဲမြို့တော်စက်ရုံတစ်ခုမှာအလုပ်လုပ်ပြီး တစ်လယွမ် ၇၀၀၀ ကျော်ရသည်။ သူ့ရာထူးအလျောက် ငွေလည်းစုမိဆောင်းမိသည်။
မနှစ်ကစပြီး သူရုံချန်းပြန်လာခဲ့သည်။ ချင်းလင်ဖရဲသီးစိုက်ပြီးနောက် သူ့မိသားစုချမ်းသာလာကာပြည့်ပြည့်စုံစုံနေခဲ့ရသည်။
သို့ရာတွင် ရာသီဥတုကမခန့်မှန်းနိုင်။ သူ့ဘဝအဆင်အပြေဆုံးအချိန်တွင် အသည်းကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး သူ့တစ်မိသားစုလုံးဇော်ထိုးမိုးမျှော်ဖြစ်သွားသည်။
အရင်ကသူစုဆောင်းထားသမျှမှာ တောမီးကိုလောင်းလိုက်သောရေတစ်ခွက်မျှသာရှိသည်။
သူကူကယ်ရာမဲ့နေစဉ် သူ့အိမ်ကိုတံခါးလာခေါက်ပြီး ချင်းလင်ဓာတ်ခွဲခန်းလက်တွေ့စမ်းသပ်ချက်မှာ သူ့ကင်ဆာကိုကုနိုင်ကြောင်းပြောသူရှိလာသည်။ သို့ရာတွင် ကုသမှုခံယူသည့်အတောအတွင်း လျှို့ဝှက်စာချုပ်ချုပ်ထားရမည်။
ရေနစ်နေသူက မြက်ပင်ကိုကျစ်ကျစ်ပါအောင်ဆုပ်တတ်သည်။
အထူးသဖြင့် ချင်းလင်ဓာတ်ခွဲခန်းကလက်တွေ့စမ်းသပ်ချက်လည်းဖြစ်နေသည်။
ရုံချန်းမှာ ချင်းလင်ဓာတ်ခွဲခန်းကိုမယုံတဲ့သူရှိမလား?
ဒါကြောင့်လည်း မျှော်လင့်ချက်ရှိလာသလိုမျှော်လင့်မိသည်။
ကျောက်ချွန်းဟယ်ကထုပ်ပိုးပြီး အိမ်ထဲမှထွက်လာသည်။ အပြင်မှာလူနာတင်ကားက အသင့်စောင့်နေ၏။
လူနာတင်ကားပေါ်မှလူတစ်ယောက်ဆင်းလာပြီး ကျောက်ချွန်းဟယ်အား_
"ကျောက်ချွန်းဟယ်လား? ID ကတ်နဲ့သက်ဆိုင်ရာအချက်အလက်တွေပြပါဦး''