ဒီအိမ်ထဲနေလို့ရလား?
Vol. 70 Ch. 1043
လင်းချီနှင့်ဆရာဝန်များက လက်ဖက်ခြောက်ကိုစိတ်ဝင်စားသွားသည်။
ဒီလက်တွေ့စမ်းသပ်ချက်ကြောင့် ဝန်ကြီးလုစိတ်ချမ်းသာပြီးလက်ဖက်ရည်သောက်ချင်နေသည်ဟုတောင် အမှတ်တမဲ့ထင်မိကြသည်။
သို့သော် ဖျတ်ခနဲ တစ်ခုခုမှားနေသလိုခံစားမိသည်။ သူလက်ဖက်ရည်သောက်ချင်ရင် ဒီအတိုင်းလက်ဖက်ခြောက်ယူလာရုံပေါ့။ လျှို့ဝှက်သေတ္တာနဲ့ လက်ဖက်ခြောက်ဘူးကိုယူလာစရာမလိုဘူးမလား?
လက်ဖက်ခြောက်ဘူးကိုထုတ်ပြီး ယွမ်ရှန်ကသေသေချာချာယူလိုက်သည်။ ထို့နောက် လင်းချီတို့အား_
"ဒါရိုက်တာလင်း... လက်တွေ့စမ်းသပ်မှာ ဒီလက်ဖက်ပဲ''
"ဒီကင်ဆာလူနာတွေကို အမျိုးမျိုးစမ်းသပ်ပြီးရင် သူတို့သောက်ဖို့လက်ဖက်ရည်ပေးမယ်... အစပိုင်းမှာ တစ်နေ့ ၆ ခွက်သောက်ရမယ်... အခြေအနေကြည့်ပြီးအတိုးအလျှော့လုပ်မယ်''
"လက်ဖက်ခြောက်ကိုထိန်းသိမ်းတဲ့သူရှိမယ်... အချိန်တန်ရင်ရပါမယ်''
ယွမ်ရှန်စကားကြောင့် လင်းချီတို့ဆရာဝန်များမျက်လုံးပြူးသွားသည်။
လက်ဖက်ခြောက်နဲ့ ကင်ဆာကုမယ်?
သူတို့ကဗဟုသုတခေါင်းပါးသူမဟုတ်သော်လည်း ဒီသတင်းကလန့်စရာကောင်းလွန်းသည်။
တခြားဆေးတမျိုးမျိုးထုတ်ပြရင်တောင် အံ့ဩမှာမဟုတ်။
ဒါပေမဲ့ ဒါ လက်ဖက်ခြောက်တွေ!
ဒီနေ့မတိုင်ခင်အထိ လက်ဖက်ခြောက်ကကင်ဆာကုနိုင်တယ်လို့ဘယ်သူပြောရဲလဲ?
ဒါပေမဲ့ ဝန်ကြီးလုကဟာသလုပ်မှာမဟုတ်။ လူတွေကိုအမြဲအံ့ဩစရာပေးနေတဲ့ချင်းလင်ဓာတ်ခွဲခန်းဆိုမပြောနဲ့တော့။

ကင်ဆာစမ်းသပ်ချက်က မြန်မြန်မရ။ လက်တွေ့စမ်းသပ်ချက်ဆိုရင်တောင် ကျောက်ချွန်းဟယ်တို့ရလဒ်က နောက်တစ်နေ့မှသာအဖြေထွက်မည်။
ကင်ဆာလက္ခဏာချင်းမတူသောကြောင့် အချက်အလက်ချင်းမတူကြ။
ဥပမာ ကျောက်ချွန်းဟယ်ကအသည်းကင်ဆာဖြစ်၍ AFP နှင့် CIA ကဲ့သို့အချက်အလက်များကိုအဓိကထားရသည်။
ကျောက်ချွန်းဟယ်လိုအသည်းကင်ဆာနောက်ဆုံးအဆင့်ရောက်နေသူများအဖို့ ထိုတန်ဖိုးများက သာမန်ထက်ဆယ်ဆတက်နေသည်။
တခြားလူများက CA19 -9, CA724, CA50, CA242, CA15 -3 နှင့်တခြားအချက်အလက်များကိုအဓိကထားရသည်။
လက်တွေ့စမ်းသပ်မှုမစခင် ထိုတန်ဖိုးများကိုသေချာမှတ်တမ်းတင်ပြီး နေ့စဉ်စမ်းသပ်၍နှိုင်းယှဉ်ကြည့်ရမည်။
CT စကင်န်မှတ်တမ်းများလည်းပါသည်။
စမ်းသပ်ချက်ထွက်လာသောအခါ ကျောက်ချွန်းဟယ်တို့က ဆေးရုံမှသီးသန့်ပြင်ဆင်ပေးသော၊ အာဟာရပြည့်ဝသောအစားအစာကိုစားရသည်။
လင်းချီကိုယ်တိုင် ဆရာဝန်များကိုဦးစီးပြီး လက်ဖက်ရည်နှင့်တရားဝင်လက်တွေ့စမ်းသပ်ရန်စတင်သည်။
လက်ဖက်ရည်ပြင်နေရင်း လက်ဖက်ကကင်ဆာအတွက်အာနိသင်ရှိကြောင်း လင်းချီတို့အတည်ပြုပြီးဖြစ်သော်လည်း ထူးဆန်းသလို၊မယုံနိုင်သလိုပုံပေါက်နေကြသည်။
ကျောက်ချွန်းဟယ်တို့က သူနာပြုများယူလာသောအဝါရောင်အရည်ဖန်ခွက်များမြင်ပြီး သူတို့သောက်ရမည့်ဆေးဟုထင်ကြသည်။
"အားလုံးကုန်အောင်သောက်ရမယ်''
သူနာပြုက လူတိုင်းကိုလက်ဖက်ရည်တစ်ခွက်စီပေးပြီး ထူးဆန်းသောမျက်နှာထားနှင့်သတိပေးလိုက်သည်။
လက်ဖက်ရည်ဆိုပေမဲ့ အခုကင်ဆာကုတဲ့ဆေးဖြစ်နေပြီ။
ကျောက်ချွန်းဟယ်က ချက်ချင်းလက်ဖက်ရည်ခွက်ယူပြီးမော့သောက်လိုက်သည်။

ဒါသူပြန်ကောင်းလာဖို့တစ်ခုတည်းသောမျှော်လင့်ချက်မှန်းသိ၍ လိုလိုလားလားလုပ်သည်။ သူ့ကင်ဆာပြန်ကောင်းလာမှ အိမ်ပြန်ရင်သူ့မိသားစုဒုက္ခသက်သာမည်။
သို့ရာတွင် သောက်ပြီးပြီးချင်း သူအံ့ဩသွားသည်။ သူက မမေးဘဲမနေနိုင်_
"သူနာပြု... လက်ဖက်ရည်လား? ဆေးမဟုတ်ဘူးလား!''
တခြားလူနာများလည်း ကြောင်သွားသည်။
သူတို့ခွက်များလည်းလက်ဖက်ရည်ဖြစ်နေသောကြောင့် အားလုံးကမေးကြသည်_
"ဟုတ်တယ်... ငါ့ဟာလည်း လက်ဖက်ရည်ပဲ... ဘာတွေဖြစ်နေတာလဲ?''
"သူနာပြု... ခွက်မှားတာလား?''
"……"
ဒီကိုကင်ဆာလာကုတာ။ လက်ဖက်ရည်သောက်ဖို့မဟုတ်။
သူနာပြုက အလောတကြီးရှင်းပြသည်_
"ဒါသာမန်လက်ဖက်ရည်မဟုတ်ဘူး... ချင်းလင်ဓာတ်ခွဲခန်းကသီးသန့်ပျိုးထောင်ထားတဲ့လက်ဖက်... ကင်ဆာကုဖို့အတွက်နော်... အလဟဿမဖြစ်စေနဲ့''
ကျောက်ချွန်းဟယ်တို့ကနားထောင်ရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
သို့သော် နောက်ခဏတွင် တချို့ကလက်ဖက်ရည်ကိုအမြန်ဆုံးမော့သောက်လိုက်ကြသည်။
လက်ဖက်ကကင်ဆာကုနိုင်တယ်ဆိုယုံမှာမဟုတ်။
ချင်းလင်ဓာတ်ခွဲခန်းကလက်ဖက်ဆို သေချာပေါက်ယုံသည်။
သူနာပြုက သက်ပြင်းချလိုက်သည်။
ကျောက်ချွန်းဟယ်တို့က လက်ဖက်ရည်သောက်ပြီး ထူးခြားမှုကိုခံစားမိသည်။
ဘာပဲဖြစ်ဖြစ် လက်ဖက်တွင် ကင်ဆာဆန့်ကျင်သောအာနိသင် +၂ ရှိသည်။
လက်ဖက်ရည်ခွက်ကြီးတစ်ခွက်သောက်ပြီး ကျောက်ချွန်းဟယ်က သူ့အသည်းတွင်ထူးထူးခြားခြားနွေးနေသည်ကိုခံစားမိသည်။
ထိုနွေးထွေးမှုက အလွန်နေလို့ထိုင်လို့ကောင်းသည်။
နောက်ပြီး အသည်းကင်ဆာနောက်ဆုံးအဆင့်တွင် တချက်တချက်မချိမဆံ့နာတတ်သည်။ သို့ရာတွင် လက်ဖက်ရည်တစ်ခွက်သောက်ပြီး နာကျင်မှုကိုလုံးဝမခံစားရပေ။
ကျောက်ချွန်းဟယ်ကချက်ချင်းသတိထားမိပြီး မပြုံးဘဲမနေနိုင်။ လက်ဖက်ရည်မှာတကယ်အာနိသင်ရှိကြောင်း သူခံစားမိသည်။
မြန်မြန်ဆန်ဆန်ရက်ပိုင်းကုန်လွန်သွားသည်။
ထိုရက်ပိုင်းတွင် ကျောက်ချွန်းဟယ်တို့အုပ်စုမှာ နေ့တိုင်းလက်ဖက်ရည်ခွက်ကြီး ၆ ခွက်သောက်ရသည်။
ရက်ပိုင်းလွန်ပြီးနောက် မယုံနိုင်စရာရလဒ်ကို လင်းချီတို့စသတိထားမိသည်။
ထိုလက်တွေ့စမ်းသပ်သည့်ရက်ပိုင်းအတွင်း ကျောက်ချွန်းဟယ်တို့က အကိုက်အခဲပျောက်ဆေးမသောက်ရသောကြောင့်ပင်။
ကင်ဆာနောက်ဆုံးအဆင့်တွင် တချက်တချက်နာကျင်မှုရှိပြီး အကိုက်အခဲပျောက်ဆေးသောက်ရသည်။ သာမန်လူများသည်းမခံနိုင်သောနာကျင်မှုမျိုးပင်။
သို့ရာတွင် ကျောက်ချွန်းဟယ်တို့က နာကျင်မှုရှိပုံမရ။
လင်းချီကရုံးခန်းထဲတွင် စိတ်လှုပ်ရှားပုံနှင့် အစီရင်ခံဖို့စောင့်နေသည်။
ဒီနေ့ စွန်းရှန်နှင့်ချန်လီလည်း ရောက်လာသည်။ သူတို့လည်းစောင့်ရင်းနည်းနည်းစိတ်လှုပ်ရှားနေပုံရသည်။
ဝန်ကြီးလုနှင့်ယွမ်ရှန်နှစ်ယောက်လုံးထိုင်လိုက်သည်။ သူတို့ပုံစံကတည်ငြိမ်နေသော်လည်း နည်းနည်းစိတ်လှုပ်ရှားနေပုံရ၏။
သူတို့အားလုံး ကျောက်ချွန်းဟယ်တို့၏စမ်းသပ်ချက်ကိုစောင့်နေကြသည်။
ကင်ဆာလက်တွေ့စမ်းသပ်ချက်မှာ ရက်ပိုင်းအတွင်း အာနိသင်လုံးဝရှိမည်မဟုတ်။ လက်တွေ့စမ်းသပ်ချက်ပထမအဆင့်မှတတိယအဆင့်ကို နှစ်အလိုက်တွက်ချက်ပြီး ၅ နှစ်မှ ၁၀ နှစ်ကြာနိုင်သည်။
ဒါပေမဲ့ သူတို့အခုသောက်တဲ့လက်ဖက်ရည်ကမတူ။ နောက်ပြီး ကျောက်ချွန်းဟယ်တို့က ဒီရက်ပိုင်းမှာနာကျင်မှုလုံးဝမရှိပေ။