← Chapters

ခမ်းနားသည့်ကောင်းကင်နတ်ဘုရား

Vol. 104 Ch. 1449

ခမ်းနားသည့်ကောင်းကင်နတ်ဘုရား

Vol. 104 Ch. 1449

အခန်း (၁၄၄၉) ခမ်းနားသည့်ကောင်းကင်နတ်ဘုရား

မိုးကြိုးသွားများဖြင့် ဖန်တီးထားသည့် ကြေးမုံမှန်အပိုင်းအစများမှာ ဖုန်မှုန့်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည့်အလား ထွန်းလင်းနေသောအလင်းရောင်က မှိန်ဖျော့သွားသည်။

ကြေးမုံမှန်အလင်းတန်းများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်နှင့်အမျှ မမြင်ရသော မိုးကြိုးသံများလည်း တိုးတိတ်သွားသည်။

ရွက်လှေပေါ်တွင်ရှိနေသည့် ဖန်းယွင်ရှန်း၊ ရန်တိနှင့် ကောင်းချင်းရွှမ်တို့က ဤအပြောင်းအလဲများကြောင့် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။

သို့သော် ရွက်လှေ အတွင်းခန်းထဲတွင်ရှိနေသော ၊ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို နှိမ်နင်းရာတွင် အရေးကြီးဆုံးအခိုက်အတန့်သို့ ရောက်ရှိနေသော ၊ ရှီကျွင်းတို့အတွက်တော့ ဤအပြောင်းအလဲက သေစေနိုင်လောက်သည့် အန္တရာယ်ဖြစ်လာသည်။

ညှိုးနွမ်းနေသော သစ်ပင်အနီးတွင် ရပ်နေသည့် ရန်ကျောက်ကဲပင်လျှင် တစ်စုံတစ်ရာ မူမမှန်ကြောင်း ခံစားမိသည်။

သူ၏ မူလက အေးဆေးတည်ငြိမ်နေသော စိတ်အခြေအနေက မငြိမ်မသက်ဖြစ်လာပြီး စိတ်ခံစားချက်များက လှိုင်းလုံးများပမာ ဖြည်းဖြည်းချင်းထကြွလာသည်။

ထိုခံစားချက်လှိုင်းလုံးများက တစ်ခုပြီးတစ်ခု ပိုမိုများပြားလာသည်။

သူ့စိတ်ထဲမှအမှောင်ထု ထိန်းချုပ်မရသည့်ပမာဖြစ်လာပြီး ရောင်စုံပုံရိပ်ရောင်များပင် သူ့စိတ်အစဉ်တွင် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ တုန်လှုပ်သွားပြီး...

“မူလစိတ်ဝိညာဉ်နတ်ဆိုးလား...”

သူက မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် အလွန်နီးကပ်နေသည်ဖြစ်ရာ မူလစိတ်ဝိညာဉ်နတ်ဆိုး လှုပ်ရှားလာချိန်တွင် သူ၏စိတ်အခြေအနေကို ပြင်းထန်စွာထိခိုက်စေပြီး အတွင်းစိတ်အမှောင်ထုသည်ပင် ထင်ရှားလာခဲ့သည်။

သူက ချက်ချင်းပင် ကျင့်ကြံခြင်းစွမ်းအားကိုလှည့်ပတ်လိုက်ပြီး မငြိမ်မသက်ဖြစ်နေသည့် စိတ်ခံစားချက်များကို အတင်းအကျပ် ဖိနှိပ်လိုက်၏။

စိတ်စေရာကောင်းကင်ကျမ်းစာနှင့် သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကဲ့သို့သော ပညာရပ်များက စိတ်အတွင်းရှိ အမှောင်ထုကို ဖိနှိပ်နိုင်စွမ်းရှိသည်။

သို့သော် ရန်ကျောက်ကဲက ထိုပညာများကို အသုံးမပြုခဲ့ပေ။

ရုတ်ချည်းပင် ရန်ကျောက်ကဲ၏စိတ်အခြေအနေက ပရမ်းပတာဖြစ်သွားပြီး ဗလာကျင်းသည့်အဆင့်သို့ ပြောင်းလဲသွားသည်။

အစမရှိ ၊ အဆုံးမရှိ ၊ အတိတ်မရှိ ၊ အနာဂတ်မရှိ...။

အဆုံးမရှိသော ပကတိတရားက ရှိရှိသမျှ သက်ရှိအားလုံးကို ပျက်ဆီးသွားစေပြီး သူ၏စိတ်ထဲမှ အမှောင်ထုကို ရပ်တန့်ပျောက်ကွယ်သွားစေသည်။

ရန်ကျောက်ကဲ သူ၏စိတ်အခြေအနေကို အတင်းကျပ်တည်ငြိမ်အောင်ထိန်းချုပ်ပြီးနောက် စိတ်အာရုံမြင်ကွင်းများလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုး၏ ရုတ်တရက်ဝင်ရောက်နှောင့်ယှက်ခြင်းမှာ မတော်တဆဖြစ်ရပ်တစ်ခု မဟုတ်ပေ။

သူ၏တန်ခိုးစွမ်းအား ရုတ်တရက် အားကောင်းလာသေသာကြောင့်လား ၊ သို့မဟုတ် တောင်ပိုင်းချန်စန်းဧကရာဇ် တစ်စုံတရာ ဖြစ်ပွား၍လား မဆိုနိုင်ပေ။

မိုးကြိုးသွား ကြေးမုံမှန်အပိုင်းအစများမှ အလင်းရောင်များပျောက်ကွယ်သွားသည်ကို အာရုံခံမိသည်နှင့် ရန်ကျောက်ကဲ စိတ်ဓာတ်ကျသွားရသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်က တခြားအလုပ်ကိစ္စရှိသည်ဆိုလျှင်လည်း မြေကမ္ဘာပလ္လင်နတ်ဆိုးကို

ယခု ထုံးတမ်းအစီအရင် ထိန်းမနိုင်သိမ်းမရဖြစ်သွားပြီး တန်ခိုးစွမ်းအားလည်း အားနည်းလာသည်။

တောင်ပိုင်းချန်စန်းဧကရာဇ်က စွမ်းအားမြင့်မားသည့်ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပြီး ရန်ကျောက်ကဲတို့ဘက်သို့ ကူညီရန်နည်းလမ်းမရှိတော့သည့် သဘောပင်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက တစ်ယောက်ယောက်နှင့် တိုက်ခိုက်နေသည့်တိုင် အဝေးတစ်နေရာမှ အခြားသူများ၏စိတ်ကိုလည်း ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

ဤသည်က သူ အထူးကျွမ်းကျင်သည့်နယ်ပင် ဖြစ်၏။

သူက မထင်မရှားအနေအထားဖြင့် နေရာအနှံ့သို့သွားရောက်နိုင်ပြီး လူအများကို တပြိုင်တည်း ထိခိုက်အောင်လုပ်ဆောင်နိုင်စွမ်းရှိသည်။

ငရဲကိုးထပ်ကို အခြားသောအင်အားစုများကလည်း ဝိုင်းဝန်းတိုက်ခိုက်နေကြသဖြင့် တာအိုဝါဒ ကျွမ်းကျင်သူများ အနည်းငယ် ဝန်ထုပ်ဝန်ပိုး သက်သာခဲ့ရသည်။

ထို့ကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်က ရန်သူများကို သတိထားနေရသည့်တိုင် ရန်ကျောက်ကဲတို့ဘက်သို့လည်း ဆက်လက်ကူညီနိုင်ခဲ့သည်။

ယခု ဖြစ်ပေါ်လာသည့်အခြေအနေအရ တောင်ပိုင်းချန်စန်းဧကရာဇ်က ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်မှာ ထင်ရှားသည်။

တောင်ပိုင်းချန်စန်းဧကရာဇ် အလေးအနက်ထားပြီးရင်ဆိုင်ရသည့်ရန်သူမှာ သေချာပေါက် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပေမည်။

မည်သို့ပင်ဖြစ်စေ အခြေအနေ ဤသို့ဖြစ်လာသည့်အတွက် ရန်ကျောက်ကဲတို့ဘက်မှ အားသာချက်မှာ အောက်ဆုံးအထိ ကျဆင်းသွားသည်။

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကဲ့သို့ စိတ်ဝိညာဉ်နတ်ဆိုး၏ တိုက်ခိုက်မှုကို ဖိနှိပ်မည့်အစီအရင်များမရှိသဖြင့် စိတ်ဝိညာဉ်နတ်ဆိုးအနေဖြင့် မြေကမ္ဘာပလ္လင်နတ်ဆိုးဖြင့် တိုက်ပွဲဝင်နေသော ရှီကျွင်းတို့အား တိုက်ရိုက်ဝင်ရောက်နှောင့်ယှက်နိုင်သည်။

ရန်ကျောက်ကဲ အံတင်းတင်းကြိတ်လိုက်သည်။

သူ၏ခန္ဓာကိုယ် ရိပ်ခနဲလှုပ်ရှားသွားပြီး ညှိုးနွမ်းနေသော သစ်ပင်၏ အမြစ်များဆီသို့ ဦးတည်သွားလိုက်သည်။

ထို့နောက် သူက အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အမြစ်များ၏ အလင်းရောင်အစုအဝေးထဲသို့ ချက်ချင်းနစ်မြုပ်သွားသည်။

သူ အထဲသို့ဝင်လိုက်သည်နှင့် နတ်ဆိုးချီများ လွှမ်းခြုံနေသည်ကို တွေ့လိုက်ရသည်။

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဖိနှိမ်ရန် သူတို့လုပ်ဆောင်ထားသမျှ မအောင်မြင်တော့ဘဲ နယ်မြေတစ်ခုလုံး ညစ်နွမ်းလျှက်ရှိသည်။

အောင်မြင်မှုနှင့် ကျရှုံးမှုဆိုသည်က မျဉ်းပါးပါးလေးတစ်ကြောင်းသာပင်။

အခြေအနေ ပြောင်းပြန်ဖြစ်သွားပါက ရေရှည်တိုက်ရမည့် တိုက်ပွဲမျိုးမဟုတ်တော့ဘဲ ကျရှုံးသည့်ဘက် မရပ်မနား နစ်မွန်းသွားမည်ဖြစ်၏။

လက်ရှိအခြေအနေအရ နတ်ဆိုးများက အသာစီးရသွားဟန်ပင်။

ကြောက်မက်ဖွယ်ရာ နတ်ဆိုးအငွေ့အသက်များက နေရာတစ်ခုလုံး ပြည့်နက်နေပြီး လူများကို အသက်ရှူကြပ်စေသည်အထ ဖိအားများဖြစ်ပေါ်နေသည်။

ရန်ကျောက်ကဲသည်ပင် နက်ရှိုင်းသောတွင်းနက်ထဲ အတင်းဆွဲဖိခံရသလို ခံစားလိုက်ရသည်။

ယင်ယွီကျန်း သူမ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုမျက်လုံးများထဲတွင် အမှောင်ထုတစ်ခုသာ လွှမ်းခြုံထား၏။

သူမ၏ မျက်ခုံးနှစ်ခုကြားမှ အက်ကွဲကြောင်း ပြန်လည်ထွက်ပေါ်လာပြီး မြေဝါရောင်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထို့နောက် သူမက ရန်ကျောက်ကဲအားလှမ်းကြည့်လိုက်ပြီး...

“ငါတို့ ထပ်တွေ့ကြပြန်ပြီ”

သူမ၏ လေယူလေသိမ်းက မူလစိတ်ဝိညာဉ်နတ်ဆိုး၏ အသံပင် ဖြစ်၏။

ရှီကျွင်း၏ ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်ယင်လာပြီး နဖူးထက်တွင် ချွေးစက်များက မိုးရွာသည့်ပမာ စီးဆင်းကျလာသည်။

သို့သော် ရုန်းကန်နေရသည့်တိုင် သူ၏မျက်ဝန်းများတွင် ပြတ်သားသောဆုံးဖြတ်ချက် ထင်ရှားနေပြီး နတ်ဆိုးကိုဦးညွှတ်ရန် ငြင်ဆန်ထာသည်။

သူ၏ မျက်ခုံးနှစ်ခုကြားမှ အက်ကွဲကြောင်းသည်လည်း အသက်ဝင်လာသည့်ပမာ လှုပ်ခတ်လာသည်။

ထို့နောက် အသံတစ်သံ ထွက်ပေါ်လာသည်။

“သခင်ကြီးကို ဂါရဝပြုပါတယ်”

“ယင်ယွီကျန်း” ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ဘေးတွင်ရှိသောရွှီဖေးက တင်ပျဉ်ခွေထိုင်နေပြီး လက်နှစ်ဖက်ဖြင့် အင်းသင်္ကေတများ ဖွဲ့စည်းလိုက်သည်။

ရှီကျွင်းကဲ့သို့ပင် သူ၏ မျက်နှာတွင်လည်း ချွေးများဖုံးလွှမ်းနေသည်။

သို့သော် သူက စိတ်တည်ငြိမ်စေရန် အတင်းအကျပ်ထိန်းထားသဖြင့် နတ်ဆိုးလွှမ်းမိုးခံရခြင်းမှ လွတ်မြောက်ခဲ့သည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက အေးဆေးသောလေသံဖြင့်...

“ရန်ကျောက်ကဲ ငါနဲ့ အပေးအယူတစ်ခု လုပ်ချင်လား”

သူက ဆက်ပြောလိုက်သည်။

“မြေကမ္ဘာပလ္လင်နတ်ဆိုးနဲ့ ကျုန်းယွမ်ကို ‌ဘေးကင်းကင်းနဲ့ လူပြန်ဝင်စားခွင့်ပေးလိုက်ပါ ၊ ဘယ်လိုလဲ”

ထို့နောက် “ယင်ယွီကျန်း” က ရွှီဖေးကိုကြည့်လိုက်ပြီး ပြုံးလျှက်...

“ဒါဆို သူဘေးကင်းဖို့ အာမခံတယ်”

မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ က ရှီကျွင်းနှင့် ယင်ယွီကျန်း၏ ခန္ဓာကိုယ်များကို အသုံးပြုပြီး လူပြန်ဝင်စားရန် ကြံစည်နေသည်။

သို့သော် သူတို့၏လက်ရှိအနေအထားက အပြင်ဘက်တွင်ရှိသော ဗုဒ္ဓဘာသာကျင့်ကြံသူများ ၊ နတ်မိစ္ဆာမျိုးနွယ်များနှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းသေးသည်။

ပြန်လည်မွေးဖွားခြင်းက အဆင်ပြေလျှင်တောင်မှ သူတို့အတွက် ဘေးကင်းသောပတ်ဝန်းကျင်ရရှိရန် လိုအပ်သည်။

မဟုတ်ပါက နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို မပြီးမြောက်ဘဲ အထွတ်ထိပ်သို့ အချိန်မီပြန်မရောက်ပါက သေဆုံးခြင်းကသာ စောင့်ကြိုနေပေမည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့အနေဖြင့် ထိုသို့မဖြစ်ချင်သည်မှာ ထင်ရှားသည်။

ရှီကျွင်းနှင့် ယင်ယွီကျန်းကို ကယ်တင်လိုသည့် ရန်ကျောက်ကဲတို့အုပ်စုမှလွဲပြီး အပြင်ဘက်ရှိ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်များက သူတို့ကိုသတ်ဖြတ်ရန် မည်သည့်အရာမဆို လုပ်ဆောင်မည်ပင်။

ရန်ကျောက်ကဲက ရွှီဖေးနှင့် ရှီကျွင်းတို့ဘက်သို့ ကြည့်လိုက်သည်။

သူတို့မျက်နှာများထက် အလွန်အမင်းနာကျင်မှုခံစားရသည့်အရိပ်အယောင်များရှိနေသော်လည်း (၂)ယောက်လုံးက ပြတ်သားစွာ ခေါင်းခါယမ်းလိုက်ကြသည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးက...

“ငါ့ရဲ့စိတ်ရင်းမှန်ကို ပြသနိုင်ပါတယ်”

သို့သော် သူ့အသံက ရုတ်တရက် ရပ်တန့်သွားသည်။

ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် လှုပ်ခတ်သွားပြီး ပြင်ပလောက်တွင် တစ်စုံတစ်ခု အပြောင်းအလဲဖြစ်ပေါ်နေကြောင်း အာရုံခံမိသည်။

ရွက်လှေထက်တွင် မတ်တတ်ရပ်နေသော ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများမှာလည်း သိသိသာသာ မျက်နှာပျက်သွားကြသည်။

အဆုံးမရှိသော ပြင်ပဗလာနယ်တွင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ရွှေရောင်မီးအိမ်များထွန်းလင်းလာပြီး စိမ်းလဲ့သောကြာပန်းများလည်း ပွင့်လန်းလာသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံး ကျက်သရေရှိလှသည့် ဗုဒ္ဓဘာသာကျမ်းစာရွတ်ဆိုသံများ ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်စကြဝဠာတစ်ခုလုံးကို တုန်ခါသွားသည်။

ငရဲကိုးထပ်မှဖြစ်စေ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်စေ၊ နတ်မိစ္ဆာမျိုးနွယ်ဖြစ်စေ နေရာတွင်ရှိနေသူများအားလုံး လှုပ်ရှားမှုများ နှေးကွေးသွားကြသည်။

အကြောင်းမှာ တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့်နှင့် ညီမျှသော ဗုဒ္ဓတစ်ပါး ဤနယ်မြေသို့ ဆင်းသက်လာသောကြောင့်ပင်။

ထို့ပြင် ဆင်းသက်လာသော ဤဗုဒ္ဓက ကောင်းကင်နတ်ဘုရားအဆင့်ထဲတွင်ပင် အလွန်ထူးခြားပြီး အထွတ်ထိပ်အဆင့်ရှိသူ ဖြစ်သည်။

ဖုလော်ကျီကဲ့သို့ ထိပ်တန်းနတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်ပင်လျှင် ဤဗုဒ္ဓပေါ်ထွက်လာသည့်အခါ အားနည်းပြီး သေးသိမ်သွားရသည်။

ရန်သူနှင့်တိုက်ခိုက်နေသည့် တောင်ပိုင်းချန်စန်းဧကရာဇ်အပြင် နောက်ထပ် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် တိုက်ပွဲထဲသို့ ဝင်ရောက်လာပေပြီ။

ကောင်းချင်းရွှမ်နှင့်အခြားသူများ ချက်ချင်းပင် ဆိုးရွားစွာခံစားလိုက်ရပြီး ချက်ချင်းပင် ဓားသိုင်းထုတ်ဖော်ကာ ထိုဗုဒ္ဓ၏တန်ခိုးစွမ်းအားမှ ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် ကြည်လင်တောက်ပပြီး ကျက်သရေရှိသော ဗုဒ္ဓအလင်းတန်းက မိုးပျံရွက်လှေကြီးအား လွှမ်းခြုံလာလေသည်။

ထိုအလင်းရောင် နေရာအနှံ့သို့ကျရောက်သွားပြီး အရာအားလုံးကို လွှမ်းမိုးနိုင်သည့်အပြင် အချိန်နှင့်နေရာ အပိုင်းအခြားကိုပင် ကျော်လွန်သွားသည်။

ရွေ့လျားနေသည့် သွေးနီရောင်ဓားအလင်းတန်းမှာ ထိုဗုဒ္ဓအလင်းတန်းဖြင့် ထိမှန်ခံလိုက်ရသည်။

ထိုအချိန် ကောင်းကင်ထက်မှ ကြီးမားသောလက်တစ်ဖက် ထွက်ပေါ်လာပြီး သွေးနီရောင်ဓားအလင်းတန်းထက်သို့ ကျရောက်လာသည်။

ပြင်းထန်သောတုန်ခါမှုနှင့်အတူ သွေးနီရောင်ဓားအလင်းတန်း ချက်ချင်းအက်ကွဲသွားသည်။

တိုက်ခိုက်မှုက ဓားအလင်းတန်းနှင့်ထိတွေ့သည့်အခါ မြင်ကွင်းတို့ဝေဝါးသွားပြီး အစိမ်းရောင် ကြာပလ္လင်ထက်တွင်ထိုင်နေသည့် ဗုဒ္ဓတစ်ပါး၏ပုံရိပ် ထွက်ပေါ်လာသည်။

ထိုဗုဒ္ဓတွင် ဦးခေါင်းအလုံး(၂၀)နှင့် လက်(၁၈)ဖက်ရှိပြီး လက်တစ်ဖက်စီတွင် လည်ဆွဲ ၊ ထီး ၊ ပန်းအိုး ၊ မိုးကြိုးသွား ၊ ရွှေခေါင်းလောင်း ၊ ရွှေမြားတံ ၊ ငွေသားလှံရှည် ၊ အလံရှည်နှင့် အခြားသောရတနာပစ္စည်းများစွာကို ကိုင်ဆောင်ထားသည်။

သူ၏ဦးခေါင်းထက်တွင် ထွက်ပေါ်နေသောရောင်ခြည်က ရွှေရောင်တိမ်တိုက်များပမာ ဖြစ်ပြီး ၊ ထိုရွှေရောင်တိမ်တိုက်များထက်တွင် ရွှေရောင်မီးအိမ်တစ်ခုထွန်းလန်းနေလျှက် မီးအိမ်ထဲတွင် သရီရဓာတ်တော်တစ်ခု ရှိနေလေသည်။

ဖန်းယွင်ရှန်းက စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်သည်။

“တိုက်တိုင်းအောင်ဗုဒ္ဓ...”

All Chapters