မင်းကိုအနောက်ဘက်ကိုခေါ်ဆောင်သွားမလို့
Vol. 104 Ch. 1450
အခန်း (၁၄၅၀) မင်းကိုအနောက်ဘက်ကိုခေါ်ဆောင်သွားမလို့
ကောင်းကင်နတ်ဘုရားအဆင့်ရှိသူများက အချိန်နှင့်နေရာတန်းတူ ထာဝရတည်ရှိသူများ ဖြစ်ကြသည်။
ထို့ကြောင့် “ကောင်းကင်နတ်ဘုရား၏ မဟာရုပ်ခန္ဓာကို မပျက်သုဉ်းနိုင်သည့်ထာဝရတည်ရှိမှု” ဟု ပြောဆိုကြခြင်းပင်။
ဤစကားတွင် မဆုံးနိုင်သော သိမ်မွေ့သည့်ထူးခြားမှုများ ပါဝင်နေသည်။
သူတို့ကို “ကမ္ဘာတည်သရွေ့ ကျင့်ကြံခြင်း” သို့မဟုတ် “ကမ္ဘာတည်သရွေ့တည်ရှိခြင်း” ဟုလည်း ခေါ်ဆိုကြသည်။
ကောင်းကင်နတ်ဘုရားအဆင့်အောက် ရှိသူများအတွက ကောင်းကင်နတ်ဘုရားများက နေရာတိုင်းတွင်ရှိနေနိုင်သည့် တည်ရှိမှုများအဖြစ် သိသာထင်ရှားသည်။
ကောင်းကင်နတ်ဘုရားများက အချိန်စီးဆင်းမှုကို ကျော်လွှားနိုင်သူများဖြစ်ကြပြီး မခန့်မှန်းနိုင်မှုများဖြင့် ဆေးခြယ်သထားကြသည်။
ထို့ကြောင့်ပင် သူတို့ကို “သံသရာမှလွတ်မြောက်သူများ ၊ လောက၏ ကန့်သတ်ချုပ်ချယ်မှုများမှ လွတ်မြောက်သူများ” ဟု တင်စားကြသည်။
တာအိုအဆင့် ထိပ်တန်းတန်ခိုးစွမ်းအားရှင်များသာလျှင် ကောင်းကင်နတ်ဘုရားများကို ထိတ်းချုပ်နိုင်ကြသည်။ သို့သော် တာအိုအဆင့်ကျင့်ကြံသူများ လောကအလယ် ထွက်လာခြင်းက အလွန်ရှားပါးသည်။
ကျင့်ကြံသူတစ်ယောက် တာအိုအဆင့်ရောက်ရှိသွားလျှင်တော့ သူကိုယ်တိုင်က “တာအိုတရား” ဖြစ်သွားသည်။
ကောင်းကင်နတ်ဘုရားအဆင့်ကတော့ တာအိုနှင့် အနီးဆုံးဖြစ်တည်မှုပင်။
အချို့သောအခြေအနေများတွင် သူတို့သည် တာအိုနှင့်တန်းတူဖြစ်သွားနိုင်သလို တာအိုကို ကျော်လွန်သွားနိုင်သည်။ အခြားသူများ နားမလည်နိုင်သော မဖြစ်မနေ အံ့ဖွယ်ဆန်းကြယ်မှုများကိုလည်း ဖြစ်ပေါ်စေသည်။
ထို့ကြောင့်ပင် သူတို့ကို တာအိုတရားက သိသိသာသာ တိုက်ခိုက်တတ်ပြီး ပိုမိုကြီးမားသော ကန့်သတ်ချုပ်ချယ်မှုများကို ခံစားရသည်ဟု ဆိုနိုင်သည်။
ဤသဘောတရားများက နက်ရှိုင်းကျယ်ပြန့်လွန်းသည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ကျင့်ကြံသူများက သူတို့၏ မဟာတာအို စူးရှတေးသံကို အချင်းချင်းပယ်ဖျက်နိုင်ကြသလို ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသည်လည်း သူတို့၏ ဆန်းကျယ်သောတန်ခိုးစွမ်းအားများကို အချင်းချင်း ပယ်ဖျက်နိုင်စွမ်း ရှိကြသည်။
အထူးသဖြင့် အချိန်နှင့်နေရာတို့ဖြင့် ပတ်သက်သော နက်နဲသည့်သဘောတရားများကိုကျော်လွန်သည့် တန်ခိုးစွမ်းအားများ ဖြစ်သည်။
နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင် ‘တိမ်မြူမိုင်တစ်သောင်းဂဠုန်’ ကို လူအများကြောက်ရွံ့ရသည့်အဓိကအကြောင်းရင်းမှာ သူက ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်များအနက် နေရာတိုင်းတွင်ရှိနေသော တည်ရှိမှုနှင့် အလွန်နီးကပ်သောကြောင့် ဖြစ်၏။
သူက ဖန်ဆင်းခြင်း၏ အံ့သြဖွယ်ရာနေရာတိုင်းတွင် ရောက်ရှိနေသလို ထင်မှတ်ရသည်။
ထို့ကြောင့် လူတိုင်းက သူ့ကို အခြားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအများစုထက် “ပိုမြန်” သည်ဟု ထင်မှတ်ကြခြင်းပင်။
တိမ်မြူမိုင်တစ်သောင်းဂဠုန်အပြင် အခြားသော ထိပ်တန်းပုဂ္ဂိုလ်များစွာသည်လည်း အထူးကျွမ်းကျင်ရာနယ်ပယ်များရှိပြီး အခြားသော ကောင်းကင်နတ်ဘုရားများထက် ထူးခြားစွာ သာလွန်သူများရှိသည်။
ထို့ကြောင့် သူတို့က သိသိသာသာ စွမ်းအားကြီးမားပုံရပြီး ကြီးကျယ်ခမ်းနားသော ဒဏ္ဍာရီပုံပြင်များကို ချန်ထားခဲ့သည့် ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်များဖြစ်လာကြသည်။
ဥပမာ - နတ်ဘုရားအပ်နှင်းခြင်းခေတ်ကာလကပင် ထင်ရှားကျော်ကြားခဲ့သော ဒေါင်းမဟာသူတော်စင်’ခုန်ရွှမ်’ ဖြစ်သည်။
သူ၏ ‘ရောင်စဉ်ငါးသွယ်’ သိုင်းပညာက ထိုခေတ်ထိုကာလတွင် သန့်ရှင်းသောပညာရပ်တစ်ခုအဖြစ် ထင်ရှားခဲ့သည်။
အခြားသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများနှင့်တိုက်ခိုက်ရာတွင် တစ်ချက်လှုပ်ရှားရုံဖြင့် ရန်သူများကို လွှမ်းမိုးနိုင်ခဲ့သည်။
ရှေးခေတ်အချိန်မှစတင်ကာ ကျင့်ကြံသူမျးကိုနှိုင်းယှဉ်ရာတွင် ထို ဒေါင်းမျိုးနွယ်၏ကျင့်ကြံခြင်းအား ထိပ်တန်းအဆင့်(၃)ယောက်တွင် ထည့်သွင်းထားသည်။
ထိုအဆင့်သတ်မှတ်မှုက ကောင်းကင်နတ်ဘုရားများအတွက်သာဖြစ်ပြီး တာအိုအဆင့်ကျင့်ကြံသူများတော့ မပါဝင်ပေ။
ပြောရမည်ဆိုလျှင် ကောင်းကင်နတ်ဘုရားအဆင့်အောက် ကျင့်ကြံသူများသည် ကောင်းကင်နတ်ဘုရားများကို မကြည့်ဝံ့ ၊ မပြောဝံ့ ၊ နားလည်ရန်ပင် မဝံ့မရဲဖြစ်ရလေသည်။
ကောင်းကင်နတ်ဘုရားတစ်ပါးဆင်းသက်လာပါက သာမန်လူများအနေဖြင့် ကောင်းကင်တစ်ခွင်ဖုံးလွှမ်းထားသော ထူးဆန်းသည့်ဖြစ်စဉ်များကိုသာ တွေ့မြင်ကြရပြီး ထိုနတ်ဘုရား၏ အစစ်အမှန်အသွင်အပြင်ကို တွေ့မြင်နိုင်မည် မဟုတ်ပေ။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားစဉ်က ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးဘုရင်ဆင်းသက်လာသောအခါ ငရဲကိုးထပ်နှင့်အသွင်တူသော နတ်ဆိုးနယ်မြေတစ်ခု ထင်ရှားဖြစ်ပေါ်စေခဲ့သည်။
ခေါင်းကိုးလုံးပိုးကောင်ရောက်ရှိလာသောအခါ ကောင်းကင်တစ်ခုလုံး အက်ကွဲသွားပြီး အဖြူရောင်အလင်းတန်းများ နေရာအနှံ့ တောက်ပလာသည်။
ဖန်းယွင်ရှန်းက သူတို့နှင့်ရင်ဆိုင်တိုက်ခိုက်တော့မှ သူတို့၏ဆန်းကျယ်သောဖြစ်စဉ်များ အတိုင်းအတာတစ်ခုအထိ လျော့ကျသွားပြီး နောက်ဆုံး သူတို့ပင်ကိုယ်အသွင် ထင်ရှားလာခဲ့သည်။
ယခု ရောက်ရှိလာသော ဗုဒ္ဓက သွေးနီရောင်ဓားအလင်းတန်းကိုတိုက်ခိုက်လိုက်သည်နှင့် ရွက်လှေထက်မှ လူအားလုံး သူ့အသွင်အပြင်ကို သိမြင်လိုက်ကြရသည်။
ထိုသူက “တိုက်တိုင်းအောင်ဗုဒ္ဓ” ဖြစ်သည်ပင်။
အစပိုင်းတွင် သူက အလယ်ပိုင်းသုခဘုံတွင်နေထိုင်ခဲ့သူ ဖြစ်သည်။
နောက်မှ အနောက်ဘက်သူတော်စင်ဘုံသို့ဝင်ရောက်ခဲ့ပြီး ထိုနေရာတွင် သီးသန့် ကျင့်ကြံနေထိုင်ခဲ့သည်။ ယခုတော့ အခြားဗုဒ္ဓများနှင့်အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပေပြီ။
သူပေါ်ထွက်လာပြီးနောက် တစ်ခဏအတွင်းမှာပင် နောက်ထပ်လက်ဝါးရိုက်ချက်တစ်ချက်ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်သည်။
ဗလာနယ်တစ်ခွင် ရန်သူများအားလုံးကို လှည့်ပတ်ရှောင်ရှားခဲ့သော သွေးနီရောင်ဓားအလင်းတန်းကြီးမှာ တိုက်တိုင်းအောင်ဗုဒ္ဓ၏ လက်ဝါးရိုက်ချက်ကိုတော့ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
ဤသို့ဖြစ်ရသည်မှာ ကောင်းချင်းရွှမ် နှေးကွေးသွားသောကြောင့် မဟုတ်ပေ။ တိုက်တိုင်းအောင်ဗုဒ္ဓက လျှင်မြန်လွန်းသောကြောင့်သာ ဖြစ်၏။
ပြောရမည်ဆိုလျှင် သွေးနီရောင်ဓားအလင်းတန်းက မည်သည့်နေရာသို့ ရွှေ့ပြောင်းလိုက်ပါစေ ထိုနေရာတွင် တိုက်တိုင်းအောင်ဗုဒ္ဓ၏ လက်ဝါးရိုက်ချက်က စောင့်ဆိုင်းနေသည့်ပမာပင်။
ထို့ကြောင့် ‘လျှင်မြန်ခြင်း’ ဆိုသည့်အဓိပ္ပါယ် ပျောက်ဆုံးသွားရသည်။
တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် သွေးနီဗရာင်ဓားအလင်းတန်းကြီး ချက်ချင်းပျောက်ကွယ်သွားရသည်။
ရန်တိနှင့်အခြားသူများက ကောင်းချင်းရွှမ်ကို ကူညီရန်ကြိုးစားကြသော်လည်း အချည်းနှီးသာပင်။
နှစ်ဦးနှစ်ဖက် ကျင့်ကြံခြင်းကွာဟချက်က အလွန်ပင် ကြီးမားလှသည်။
ကောင်းကင်နတ်ဘုရားအဆင့်၏ အမတပန်းပွင့်သရဖူနှင့်နှိုင်းယှဉ်လျှင် နက်ရှိုင်းနတ်ဘုရားအဆင့်၏ အမတစွမ်းအားရောင်ဝါက အလွန်ပင် သေးနုတ်သွားရသည်။ လုံးဝ အရေးစိုက်စရာမလိုသည့် တန်ခိုးစွမ်းအားဟုပင် ပြောနိုင်ပေ၏။
နေရာတွင်ရှိနေသူများထဲတွင် ဖန်းယွင်ရှန်းနှင့် လင်ချင်းသာလျှင် ကောင်းချင်းရွှမ်ကို ကူညီနိုင်ခဲ့သည်။ သို့သော် သူတို့သည်လည်း တိုက်တိုင်းအောင်ဗုဒ္ဓ၏တန်ခိုးစွမ်းအားကို အနိုင်ယူရန် မျှော်လင့်ချက်မရှိကြပေ။
ဖန်းယွင်ရှန်းက စိတ်ပူပန်မှုများကိုလျှော့ချပြီး လက်ရှိအခြေအနေကို အာရုံစိုက်လိုက်သည်။
သူမ၏မျက်ဝန်းထဲမှ နက်ပြာရောင်နတ်ဆိုးမီးလျှံများ ထွက်ပေါ်လာပြီး ဧရာမ မိုးပျံရွက်လှေကြီး ပြိုကွဲမသွားအောင် ကာကွယ်ထားလိုက်သည်။
သို့သော် ထိုသို့ပြုလုပ်လိုက်သည်နှင့် သူမ၏မျက်ဝန်းများထဲတွင် မီးလျှံများ ပြင်းထန်စွာတောက်လောင်လာပြီး ထိန်းမနိုင်သိမ်းမရ လှုပ်ရှားလာသည်။
သူမ၏ လူသားဆန်သောခံစားချက်များအားလုံး တဖြည်းဖြည်း ပျောက်ဆုံးလာသည့်ပမာ ခံစားရသည်။
“အော်မီတော်ဖော်...”
ဗလာနယ်ထဲတွင် ဗုဒ္ဓတရားရွတ်ဆိုသံတစ်ချက်ထွက်ပေါ်လာသည်။
“အို... ကရုဏာရှင်ဗုဒ္ဓ ၊ ဓမ္မအဆုံးသတ်ခြင်းကပ်ဘေးကို ဘယ်လိုသည်းခံနိုင်ပါ့မလဲ”
ဖန်းယွင်ရှန်းက အေးစက်စွာဖြင့်...
“ရှင်သာ ဒီကိုရောက်မလာရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး”
အနက်ရောင်အလင်းများ ဆက်လက်တောက်ပလာပြီး သူမ၏ဦးခေါင်းထက်တွင် အလင်းတန်းနှစ်ခု ထင်ရှားထွက်ပေါ်လာသည်။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတိုက်ပွဲတွင် သူမ စွမ်းအားကုန် အသုံးပြုခဲ့ရပြီး အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ရသည်။ ယခု သူမ ပင်ပန်းနွမ်းနယ်ခြင်းမရှိသည့်တိုင် စိတ်အခြေအနေက ထိန်းချုပ်မရသည့်အနေအထားဖြင့် နီးကပ်နေပေပြီ။
သူမသာ ထပ်မံပြီး အားကုန်တိုက်ခိုက်ရမည်ဆိုပါက သူမစိတ်ထဲမှ နတ်ဆိုးအငွေ့အသက်က ပိုမိုပြင်းထန်စွာ ကြီးထွားလာပေမည်။
သို့သော် အရေးကြံပါက သူမက တိုက်ပွဲထဲမဝင်ရောက်ဘဲနေမည် မဟုတ်ပေ။
အစိမ်းရောင်ကြာပန်းထက်တွင်ထိုင်နေသည့် တိုက်တိုင်းအောင်ဗုဒ္ဓက တည်ငြိမ်အေးဆေးစွာရှိနေပြီး မျက်နှာအမူအရာကလည်း တည်ကြည်နေသည်။
သူက...
“မင်းကို အနောက်ဘက်ကိုခေါ်ဆောင်သွားဖို့ ကျုပ် ရောက်လာခဲ့တာပဲ”
ထို့နောက် သူက လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး အလယ်တွင် ပြန်လည်ဆုပ်ကိုင်လိုက်သည်။
မရပ်မနားထွက်ပေါ်လာသော ဗုဒ္ဓအလင်းတန်းများက အဆုံးမရှိသည့်အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး အလုံပိတ်နယ်မြေပမာ ဖန်းယွင်ရှန်းကို ပိတ်လှောင်ထားလိုက်သည်။
ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ မရပ်မနားထွက်ပေါ်လာပြီး ဖန်းယွင်ရှန်းရင်ထဲ ပျော်ရွှင်မြူးတူးသည့်ခံစားချက်များ ပေါက်ဖွားလာသည်။
အလုံပိတ်နယ်မြေထဲတွင်ပိတ်မိနေချိန် သူမက ဓားကိုစွန့်လွှတ်ပြီး တည်ငြိမ်အေးချမ်းသောဘဝတွင် နေထိုင်လိုသည့်ဆန္ဒက လွှမ်းမိုးလုနီးပါး ဖြစ်လာသည်။
တိုက်တိုင်းအောင်ဗုဒ္ဓက ဖန်းယွင်ရှန်းအား ဉာဏ်အလင်းပေးရန် ကြိုးစားနေစဉ် သူမအား မူလကောင်းကင်ကပ်ဘေးကို စိန်ခေါ်နိုင်မည့်အလားအလာကို ပိတ်ဆို့ထားသည်။
မဟုတ်ပါက ဖန်းယွင်ရှန်း ခေါင်းမာစွာဖြင့်ရှိနေပြီး နေရာမှာပင် ကောင်းကင်နတ်ဘုရားအဆင့်သို့တက်လှမ်းသွားပါက တိုက်တိုင်းအောင်ဗုဒ္ဓအနေဖြင့် တိုက်ပွဲဆင်နွှဲရပေမည်။
တိုက်တိုင်းအောင်ဗုဒ္ဓက အစွမ်းထက်သည်မှာ သေချာသည်။
သို့သော် သူအနေဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကမ္ဘာဖျက်နတ်ဆိုးဓားကို ရင်ဆိုင်ရမည်ဖြစ်သည်။
သူ မည်မျှသန်မပါစေ တိုက်ပွဲရလဒ်က ခန့်မှန်းနိုင်မည် မဟုတ်ပေ။
“အိုး...”
ထိုအချိန် ဖန်းယွင်ရှန်းစိတ်က အနည်းငယ် တုန်ခါသွားသည်။
သူမ၏နတ်ဆိုးအငွေ့အသက် ပိုမိုပြင်းထန်လာသ်ညနှင့်မျှ ပိုပြီးသတိထားရန်လိုအပ်ပြီး နတ်ဆိုးဓား၏ ထိန်းချုပ်ခံရမည်ကို မလိုလားခဲ့ပေ။
ဤသည်မှာ သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် သူမ၏ မလျှော့သော ဇွဲလုံ့လနှင့် ယုံကြည်ချက်ဖြစ်သည်။
သို့သော် ထိုယုံကြည်ချက်ကို တိုက်တိုင်းအောင်ဗုဒ္ဓ အသုံးချခြင်း ခံလိုက်ရသည်။
ဗုဒ္ဓဘာသာအဆုံးအမများနှင့် နတ်ဆိုးအငွေ့အသက်ဆိုသည်က အစကတည်းက ဆန့်ကျင်ဘက် သဘောတရားနှစ်ခုဖြစ်သည်။
ယခု ဖန်းယွင်ရှန်းကို သိမ်းယူရန်ကြိုးစားနေရင်း အပြန်အလှန် လွှမ်းမိုးမှုများကို တွန်းကန်နေကြသည်။
အကယ်၍ ဖန်းယွင်ရှန်းက သူမ၏ စိတ်အခြေအနေကို ထိန်ချုပ်ချင်သည်ဆိုပါက ဗုဒ္ဓဘာသာတန်ခိုးစွမ်းအားရော နတ်ဆိုးအငွေ့အသက်ကိုပါ တွန်းလှန်ရမည် ဖြစ်၏။
သို့သော် ဤသဘောတရား(၂)ခုလုံးက သူမထက်ခိုင်မာသော အခြေခံအုတ်မြစ်ရှိသည့် ပုဂ္ဂိုလ်(၂)ဦးထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထို တန်ခိုးစွမ်းအားနှစ်ခု အချင်းချင်းဆန့်ကျင်နေကြသည်ကို သူမ ဘေးထွက်ပြီးကြည့်ချင်သည့်တိုင် အနေအထားက ထိုသို့မဟုတ်ခဲ့ပေ။
ဖန်းယွင်ရှန်းက စွမ်းအားနှစ်ခုကြားတွင် ကြားညပ်နေခဲ့သည်။
သို့သော် အဖြူရောင်ဝတ်ဆင်ထားသော မိန်းကလေးသည် သူမ၏စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီး ထိုစွမ်းအားနှစ်ခုလုံး၏ လွှမ်းမိုးမှုကို တွန်းလှန်နိုင်ခဲ့သည်။
အတိတ်တစ်ချိန် သူမက နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်အဆင့်တွင်ရှိစဉ်ကပင် သူမက ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ ၏ စိတ်ဆန္ဒကို တိုက်ခိုက်ခဲ့သူ ဖြစ်၏။
သူမက နှစ်ပေါင်းများစွာ စိတ်ဝိညာဉ်ကို ကျင့်ကြံခဲ့သူဖြစ်ပြီး နဂိုဗီဇကပင် မယိမ်းမယိုင် ပြတ်သားခိုင်မာသော သူမ၏စိတ်ဝိညာဉ်က ပို၍ပင် ခိုင်မာလာခဲ့သည်။
အစောပိုင်းတွင် သူမက နတ်ဆိုးအငွေ့အသက်ကိုအသုံးပြုပြီး ရွက်လှေကိုကာကွယ်ခဲ့ရသဖြင့် သူမအတွက် အကောင်းဆုံးမဟုတ်သော အခြေအနေတစ်ခုထဲသို့ နစ်မြုပ်သွားခဲ့သည်။
ယခု ဖန်းယွင်ရှန်းက တည်ငြိမ်အောင်ထိန်းရင်း တိုက်ပွဲဦးတည်ချက်ပြောင်းလဲရန်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓကို တိုက်ပွဲအတွင်းဆွဲသွင်းရန် ဆုံးဖြတ်လိုက်၏။
သူမ၏ ပြိုင်ဘက်က ကောင်းကင်နတ်ဘုရားအဆင့်ရှိသူဖြစ်သည်။
အံ့သြဖွယ်ရာတန်ခိုးစွမ်းအားကို ဘေးဖယ်ထားလျှင်တောင်မှ ထိုသူက အဆုံးမရှိသော နက်နဲဆန်းကျယ်မှုများဖြင့် ပြည့်နက်နေသည်။
သို့သော် ထိုသူက သူမကို ဉာဏ်အလင်းပေးလိုပါက မတူညီသော တိုက်ကွင်းတစ်ခုထဲတွင် သူမနှင့်တိုက်ခိုက်ပြီးမှသာ ထိုသို့ပြုလုပ်နိုင်ပေမည်။
“အော်မီတော်ဖော်”
တိုက်တိုင်းအောင်ဗုဒ္ဓက ချက်ချင်းပင် အပြောင်းအလဲများကိုအာရုံခံလိုက်မိသည်။
“မျှော်လင့်ထားတဲ့အတိုင်း ဒီမိန်းကလေးက တကယ်ထူးခြားတာပဲ”
သူက ဗုဒ္ဓကျမ်းစာများကိုရွတ်ဆိုရင်း ဦးခေါင်းထက်ရှိ ရွှေရောင်မီးအိမ်မှ သရီရဓာတ်တော်က ရုတ်တရက် ပျံသန်းထွက်ပေါ်လာသည်။