သူတို့ကိုပိုက်ဆံပြန်အမ်းလိုက်ပါ
Vol. 20 Ch. 268
“ဖန့်ကြွယ်ယွီ…မင်းအပြင်ထွက်သွားတာ ကြာလှချည်လားကွ”
ဖန့်ကြွယ်ယွီက ဟိုတယ်ပြန်ရောက်ချိန်တွင် လုချောင်တို့က သူ့ကိုပြုံးစိစိနှင့်ကြည့်နေကြသည်။
“သန့်ရှင်းရေးလာလုပ်..ဘာတွေလျှောက်လုပ်နေတာလဲ”
“ငါ့ကောင်ရေ ကောင်မလေးက အသက်မပြည့်သေးဘူးနော်”
“မင်းတို့ပါးစပ်တွေပိတ်ထားကြ။ မင်းတို့ဒီလောက်ပေါက်ကရတွေးကြတာ ဘယ်လိုလုပ်ပြီး ကျန်းနန်တက္ကသိုလ် ကို ဝင်ခွင့်ရသွားတာလဲ။ ငါတို့နိုင်ငံရဲ့ အနာဂတ်က ငါတို့အပေါ်မူတည်နေတာမဟုတ်လား”
“ငါတို့လူမျိုးအားလုံးသာ မင်းတို့လိုစိတ်ဓာတ်ရှိရင် တရုတ်ပြည်ကြီးရဲ့ အနာဂတ်ကရင်လေးစရာပါကွာ။ ပြီးတော့ မင်းတို့ဘာသိလို့လဲ ငါကရင်းနှီးမြှုပ်နှံနေတာကွ။ မင်းတို့က တွက်ချက်နေ။ ငါကတော့ ပိုက်ဆံကို အကျိုးရှိရှိ
ရင်းနှီးမြှုပ်နှံတော့ အဆုံးသတ်မှာ ငါက ဘယ်လောက်တောင် အမြတ်ရမယ်ထင်လဲ”
လုချောင်တို့ သုံးဦးက ဘာစကားမှ ပြန်မပြောနိုင်တော့ပေ။
ဖန့်ကြွယ်ယွီက ထန်ရွှမ်ကုမ္ပဏီကို ဘီလီယံနှင့်ချီပြီး ဝယ်ယူခဲ့သည်။ ယခုအခါ ထန်ရွှမ်၏ စျေးကွက်တန်ဖိုးက ၁.၂ထရီလီယံထိ မြင့်တက်သွားသဖြင့် သူ၏ပိုင်ဆိုင်မှုက နှစ်ဆတိုးသွားသည်ဟု ဆိုနိုင်သည်။
ခြောက်လဆိုသည့်ကာလအတွင်း ဘီလီယံနှင့် ချီပြီး အမြတ်ရတာမို့ သူ့ကို ပိုက်ဆံသုံးဖြုန်းသည်ဟု မည်သူက စွပ်စွဲနိုင်မည်နည်း။
သူ့ကို စီးပွါးရေးလောက၏ ပါရမီရှင်တစ်ဦးဟုတောင် ခေါ်ထိုက်ပေသည်။
သူသည် တရုတ်ပြည်၏ သဲကန္တာရ စီမံခန့်ခွဲမှုအတွက် အမေရိကန်ဒေါ်လာ သန်းနှင့်ချီပြီး အသုံးပြုခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုက အရှုံးပေါ်လိမ့်မည်ဟု တွေးထားကြသော်ငြား အမှားကြီးမှားလိမ့်မည်။ နိုင်ငံတော်မှ ပေးသော မြေနေရာပေါ်တွင် ရုပ်ရှင်မြို့တော်တစ်ခုကို တည်ထားသဖြင့် ထိုလုပ်ငန်းမှ နှစ်စဉ် ဘီလီယံနှင့်ချီပြီး အမြတ်ရနေသည်။
ဒါတင်မကသေးဘဲ သူသည် ဒေါ်လာ၁၀၀ဘီလီယံသုံးပြီး တရုတ်ပြည်၏ ရုပ်ရှင်ရုံများကို အဆင့်မြှင့်တင်ပေးခဲ့သဖြင့် နှစ်စဉ် ဘီလီယံနှင့်ချီပြီး အမြတ်ပြန်ရနိုင်သည်။
ရုပ်ရှင်လောက၏တန်ဖိုးသည် ရုံတင်ကားများမဟုတ်သေးပေ။ ထိုအရာသည် ရုပ်ရှင်လောကတွင် သူ၏ အင်ပါယာတစ်ခုကို တည်ထောင်ရန် ဖန့်ကြွယ်ယွီ၏ ကနဦးခြေလှမ်းတစ်လှမ်းဖြစ်ပေမည်။
ထိုအကြောင်းအရာများကို တွေးမိသောအခါ လုချောင်တို့ ဘာမှ ပြန်မပြောနိုင်တော့ပေ။
လူတစ်ယောက်ကပိုက်ဆံရှိပြီး အကျိုးရှိရှိအသုံးချတတ်ပါက ပိုက်ဆံများက ပွါးလာစမြဲဖြစ်သည်။ သူတို့၏ လုပ်ရပ်တိုင်းက သာမန်လူများ သဘောပေါက်ဖို့ခဲယဉ်းသော ရင်းနှီးမြှုပ်နှံမှုများဖြစ်နိုင်သည်။
“ထားပါတော့ မနက်ဖြန် အမေရိကန်အသင်းနှင့်ပြိုင်ဖို့ မင်းအဆင်သင့်ဖြစ်နေပြီလား”ဟု လုချောင်က မေးသည်။
တစ်ဖက်အသင်းက ဖယ်ခါ၏ အနေအထားကလည်း လျှော့တွက်လို့မရပေ။ အမေရိကန်အသင်းက ပွဲတိုင်းလိုလို ၁၀:၀ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။
ဖန့်ကြွယ်ယွီနှင့် ဖယ်ခါနှစ်ဦးလုံးသည် အမှတ်ပြည့်ထူးချွန်ကျောင်းသားများဖြစ်ကြသဖြင့် မည်သူက ပိုတော်လဲဆိုတာ ခွဲခြားရန် ခဲယဉ်းပေသည်။
“အေးဆေးပေါ့ မနက်ဖြန်လည်း ငါတို့ ၁၀:၀ နဲ့ အပြတ်အသတ်နိုင်မှာလေ”
“ဒီစကားကြားရမှပဲ ငါစိတ်အေးတော့တယ်”ဟု ကျောရှန့်ခယ်က တိုးတိုးလေးရေရွတ်သည်။
ကျောရှန့်ခယ်က ကျောင်းသားများစကားပြောတာကို ခိုးပြီးနားထောင်နေခြင်းဖြစ်သည်။ သူတို့တရုတ်အသင်းက ချန်ပီယံဖြစ်ဖို့ စောင့်ခဲ့ရတာ ကြာမြင့်ခဲ့လေပြီ….
…..
“ဒီနေ့ပွဲကိုလာကြည့်တဲ့လူတွေကများလှချည်လား”
ဖိုင်နယ်ပွဲစဉ်ကို နန်ယန်းတက္ကသိုလ်၏ အားကစားခန်းမသို့ ပြောင်းရွှေ့ကျင်းပသည်။ ဖန့်ကြွယ်ယွီပေးသော စပွန်ဆာဖြင့် LEDကြီးများကို ပွဲခင်းထဲ တပ်ဆင်ထားသည်။
“ဒါပေါ့ ဒီနေ့က ဖိုင်နယ်ပွဲလေ။ လက်စွမ်းထက်နေတဲ့ ငါတို့တရုတ်အသင်းနဲ့ ချန်ပီယံဟောင်းအမေရိကန် အသင်းတို့ ပွဲစဉ်ဆိုတော့ ကြည့်တဲ့သူတွေများတာပေါ့။ ဒီနေ့ပွဲအတွက် လက်မှတ်တွေတောင် ရောင်းတယ်ပြော တာပဲ”
“ဟာ ဒီအဖွဲ့အစည်းက တအားငွေမက်တာပဲ။ ငါပေးတဲ့ စပွန်ဆာနဲ့ မလောက်လို့လား”
ဖန့်ကြွယ်ယွီက စိတ်ပျက်လက်ပျက် ရေရွတ်မိသည်။
“ပြောရမယ်ဆို ဒါကိုခုတုံးလုပ်ပြီး ငွေရှာတာပေါ့ကွာ” လုချောင်ကပင် ဆက်ပြီး “ဒါပေမဲ့ ဒီပွဲက e-sports လို ပရိတ်သက်အင်အားလည်းမများဘူးလေ။ ဒါကြောင့်အမြတ်ဆိုတာ ဘယ်ကျန်မလဲ။ မနှစ်ကပွဲတုန်းကဆို ပွဲစီစဉ်တဲ့လူတွေရဲ့ အိတ်ထဲကတောင်စိုက်ရတယ်ဆိုလားပဲ”
“ဪ သနားစရာပါလား”
ထိုသို့ပြောပြီး ဖန့်ကြွယ်ယွီက အိတ်ထဲမှာရှိသော ဖုန်းကို ကပျာကယာထုတ်သည်။
“မင်းဘာလုပ်တာလဲ”
“ဪ ဝယ်မလို့လေ”
“အမကျွမ်းရီ..တစ်ခုလောက်ကူညီပါဦး။ ကမ္ဘာ့တက္ကသိုလ်များ ဆိုက်ဘာလုံခြုံရေးပွဲကျင်းပတဲ့ အဖွဲ့ကို ဝယ်ပေးပါလား။ အဲ့အဖွဲ့ကို စီမံဖို့ တစ်ယောက်ယောက်ရှာလိုက်ပါဦး။ပြီးတော့ အခုချိန်ကစပြီးပြိုင်ပွဲကို တရုတ်ပြည်မှာပဲကျင်းပမယ်”
“ဟုတ်ကဲ့သခင်လေး လုပ်လိုက်ပါ့မယ်”
“အဲ့အတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိမယ်လို့ထင်လဲ”
“ဘယ်လောက်မှမရှိဘူးသခင်လေး။ ကမ္ဘာ့အဆင့်ပွဲတွေ ကျင်းပတယ်ဆိုပေမဲ့ အဖွဲ့ကသေးသေးလေး။ သေချာတာတော့ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီးပဲကုန်ကျမယ်”
“ဟုတ်ပြီ အဲ့တာဆိုလည်းဝယ်လိုက်ပါ”
လုချောင်တို့က သူပြောတာကို နားထောင်ပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ထိုအဖွဲ့က ပွဲစီစဉ်ကျင်းပဖို့အတွက် လောက်ငှသောပိုက်ဆံမရှိတာကို သိသိချင်း ဖန့်ကြွယ်ယွီက တန်းပြီး ဝယ်ပစ်သည်။
“ဖန့်ကြွယ်ယွီ အဲ့လိုလုပ်ဖို့လိုလို့လား”
“မဟုတ်ဘူး မဟုတ်ဘူး ဒီနေ့ပွဲကိုလာကြည့်တဲ့လူတွေက ပိုက်ဆံပြန်တောင်းမှာကို စိုးရိမ်လို့ပါ။ သူတို့မှာဝင်ငွေမရှိဘဲနဲ့ နောက်ထပ်ပွဲတစ်ပွဲကို မကျင်းပနိုင်ဘူးလေ။ ဒါကြောင့် ငါဝယ်မှဖြစ်မှာမို့လို့ပါ”
“လက်မှတ်ခတွေပြန်တောင်းမယ် ဟုတ်လား ဘာလို့လဲ”
ဖန့်ကြွယ်ယွီပြောတာကို သုံးဦးစလုံး နားမလည်ကြပေ။
“အထဲကိုဝင်ပါ အချိန်တန်ရင်မင်းတို့သိလာကြလိမ့်မယ်”
သူတို့သုံးဦးလည်း တစ်ဦးမျက်နှာတစ်ဦးကြည့်ပြီး ဖန့်ကြွယ်ယွီ၏ နောက်ကို လိုက်လာကြသည်။
“ဖယ်ခါနဲ့ ထိပ်တိုက်ရင်ဆိုင်ရမဲ့အခွင့်အရေးကို စောင့်နေခဲ့တာကြာပြီ”
လုချောင်၏လက်များက တုန်ရီနေသည်။
“ဒီလိုလုပ်လေ။ ငါက အေးဆေးအိပ်နေမယ်။မင်းတို့ပြိုင်နေလိုက်”
“မလုပ်နဲ့ ဖယ်ခါက မင်းလိုပဲ သောက်ရမ်းတော်တာကွ”
“တိုးတိုးပြောပါကွာ”
သူတို့က စင်မြင့်ထက်က ခုံပေါ်တွင် နေရာယူချိန်တွင် အမေရိကန်အသင်းက ကွင်းအတွင်းဝင်လာသည်။ အမေရိကန်အသင်းတွင် ယောကျာ်းလေးသုံးဦးနှင့် မိန်းကလေးတစ်ဦး ပါဝင်သည်။ ဖယ်ခါသည် အသင်းသား သုံးဦးကို ခြံရံပြီး ကွင်းထဲဝင်လာသည်။
အမေရိကန်အသင်းဝင်လာသောအခါ ပရိတ်သက်များက တခဲနက်အားပေးကြသည်။
ပရိတ်သက်များက မျှော်လင့်တကြီးစောင့်စားနေချိန်တွင် ဖယ်ခါက ခုံကို နောက်ကိုလှန်ပြီး တရုတ်အသင်းသားများ လုပ်သလို စင်ပေါ်မှာ အိပ်ဖို့ပြင်တော့သည်။
ထိုမြင်ကွင်းကို မြင်ရသော ပရိတ်သက်များထံမှ အသံများစီခနဲထွက်လာသည်။
ဒါက တရုတ်အသင်းကို လှောင်ပြောင်ချင်လို့ လုပ်နေတာလား။
“သူက ဘာတွေလုပ်နေတာလဲ”
ထိုမြင်ကွင်းကိုမြင်ရမည်ဟု မတွေးထားသဖြင့် လုချောင်တို့က တအံ့တဩကြည့်နေမိသည်။
“ဖယ်ခါ နင်ဘာတွေလျှောက်လုပ်နေတာလဲ”
သူမ၏ အသင်းသားများကလည်း မယုံကြည်နိုင်အောင်ဖြစ်ပြီး မေးခွန်းများမေးနေမိသည်။
“ငါ သူ့ကို မနိုင်ဘူး”
ထိုသို့ပြောပြီး ဖယ်ခါက ပြန်အိပ်နေသည်။
“နင်တကယ်ပြောနေတာလား ဖယ်ခါ”
“ငါ အတည်ပြောနေတာ။ ငါသူ့လောက်မတော်ဘူး”
“ဒါဆိုလည်း အရှုံးပေးကြတာပေါ့”
ဖယ်ခါကိုယ်တိုင်က လက်လျှော့နေတာမို့ သူတို့အတွက်လည်း မထူးတော့ပေ။
“ငါလက်ခံတယ်”
“ငါလည်း ဒီအကြံကို သဘောတူတယ်”
“ဒိုင်လူကြီး ငါတို့အရှုံးပေးတယ်”
အမေရိကန်အသင်းခေါင်းဆောင်က ဒိုင်လူကြီးကို လှမ်းပြောသည်။
“ဘာကြီး”
အမေရိကန်အသင်းက စင်ပေါ်ကိုရောက်ရောက်ချင်း အရှုံးပေးလိုက်သည့်အပေါ် ပရိတ်သက်များက အံ့အားသင့်နေကြသည်။
“ဘယ်လို နားကြားမှားတာလား အမေရိကန်ဘက်က အရှုံးပေးတယ်
ဟုတ်လား”
“ဖြစ်နိုင်ပါ့မလား။ တရုတ်အသင်းက ဘယ်လောက်တောင် တော်လို့ အရှုံးပေးတာလဲ”
“ဘာတွေဖြစ်ကုန်တာလဲ။ ပွဲကြည့်ဖို့ တကူးတကလာခဲ့ရတာ။ပွဲက ခုလိုပြီးသွားတော့ ငါတို့ဘာကို သွားကြည့်ရတော့မှာလဲ”
“ပိုက်ဆံပြန်ပေး”
“လေယာဉ်ခတွေကုန်ကျတာတွေပါ ပြန်ပေး”
“သူဌေး ပြသနာတော့တက်ပြီ”
“ဘာဖြစ်လို့လဲ ဆိုပါဦး”
“အမေရိကန်အသင်းဘက်က အရှုံးပေးလိုက်လို့ ပရိတ်သက်တွေက ဒေါသပုန်ထပြီး ပိုက်ဆံပြန်တောင်းနေကြပြီ”
“ဪ ဒါလား။ ရပါတယ် အားလုံးကို ပိုက်ဆံပြန်အမ်းပေးလိုက်ပါ”
“သူဌေး ကျွန်တော်တို့မှာ အဲ့လောက်ငွေပမာဏမရှိဘူးလေ။ ချန်ပီယံဆုကြေးပေးဖို့တောင် မနည်းကြိုးစားရတာ။”
“ရတယ် ကိစ္စမရှိဘူး။ငါတို့အသင်းမှာရင်းနှီးမြှုပ်နှံတဲ့ သူဌေးတစ်ဦးပေါ်လာပြီ ။သူတို့တောင်းသလောက် ပေးလိုက်ပါ။ ပရိတ်သက်တွေကို လက်မှတ်ပြန်အပ်ခိုင်းပြီး ငွေပြန်အမ်းပေးလိုက်ပါ”
“ဘယ်ကုမ္ပဏီမှာ ဒီလောက်ပိုက်ဆံအများကြီးရှိမှာလဲ”
“ကမ္ဘာ့အချမ်းသာဆုံး သူဌေး ဖန့်ကြွယ်ယွီရဲ့ ကုမ္ပဏီလေ”