ငါသူတို့ကို သတ်ပစ်ချင်နေတုန်းပဲ
Vol. 20 Ch. 270
စင်ကာပူနယ်စပ်ရှိလူနေထိုင်ခြင်းမရှိသော ကျွန်းပေါ်တွင် ရွက်ဖျင်တဲလေးတစ်လုံးရှိနေသည်။ တူညီဝတ်စုံဝတ်ဆင်ထားသော လူသုံးဦးက မီးဖိုတွင် ငါးကင်နေကြသည်။
ရုတ်တရက် လူတစ်ဦးကနားကိုထိလိုက်ပြီး အမူအရာပြောင်းလဲသွားသည်။
“ဟီဂါဘာဖြစ်တာလဲ။ ဌာနချုပ်ဘက်က သတင်းတစ်ခုခုရလို့လား””
“ဌာနချုပ်ဘက်ကမဟုတ်ဘူး။ အမေရိကန် အသင်းခေါင်းဆောင်က သတင်းပေးပို့လာတာ။ ပြိုင်ပွဲပြီးတဲ့နောက် ဖယ်ခါက သူတို့နဲ့ပြန်လိုက်မလာဘူးတဲ့။”
ဟီဂါဆိုသောလူက အရပ်နှစ်မီတာမြင့်သော လူထွားကြီးတစ်ဦးဖြစ်သည်။
“လက်စ်..ကွန်ပျူတာကိုဖွင့်ပြီး သူဘယ်နားရောက်နေလဲဆိုတာ ကြည့်ကြည့်ပါလား”
ဖယ်ခါ၏ လှုပ်ရှားမှုကိုစောင့်ကြည့်ရန် သူမ၏ ကိုယ်ပေါ်မှာ ခြေရာခံစက်ကို တပ်ဆင်ထားသည်။ ထိုစက်က တိကျသဖြင့် ဖယ်ခါတည်ရှိနေသောနေရာကို စင်ကာပူပြင်ပမှာနေပြီး ကြည့်နိုင်သည်။
“အမ်”
လက်စ်သည် သူ့လက်ကောက်ဝတ်ပေါ်ရှိ ကိရိယာထက်က ဖန်သားပြင်ကို ပြန်လည်ချိန်ညှိသည်။ ဖန်သားပြင်ထက်မှာပေါ်လာသော မြေပုံပေါ်ရှိအနီရောင်အစက်ကလေးက ဖယ်ခါတည်ရှိရာနေရာကို ညွှန်ပြနေသည်။
ထူးဆန်းစွာဖြင့် ထိုအနီစက်လေးက လေယာဉ်ပျံတစ်စင်းထက်မြန်ဆန်သော အရှိန်နှုန်းဖြင့် သိသိသာသာ ရွေ့လျားနေသည်။
“ဖန်ရီ..ဖယ်ခါနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်သလိုပဲ။သူက ငါတို့ရှိရာလားရာအတိုင်း ရွေ့လျားနေတာ။ အရှိန်နှုန်းကလည်း Mach 24နဲ့လာနေတာ”
“ဘာပြောတယ် Mach 24ဟုတ်လား”
ပုံမှန်လေယာဉ်တစ်စင်းသည် Mach1ထက်မကျော်ပေ။ ယခုအခါ Mach 24ဟုပြနေသဖြင့် သာမန်လေယာဉ်ထက် အဆပေါင်း ၂၄ဆမြန်ဆန်သောအနေအထားဆိုတာကို သိလိုက်ရသောအခါ ရုတ်ရုတ်သဲသဲဖြစ်ကြရသည်။
သူမက အာကသကိုသွားရန် ဒုံးပျံပေါ်မှာရောက်နေတာလားဟုတောင် မဆီမဆိုင် တွေးမိကြသည်။
“ဘာလဲဟ။ သူမကို တခြားတစ်ဖွဲ့က ဖမ်းခေါ်သွားတာလား။ စင်ကာပူစွမ်းအားရှင်တွေကလည်း သူ့အလုပ်သူလုပ်နေကြတာမဟုတ်လား”
“မဖြစ်နိုင်တာ..ဒီလောက်မြန်တဲ့ယာဉ်ဘယ်တုန်းကများကြားဖူးလို့လဲ”
“မြန်မြန်ထွက်ကြည့်ရအောင်။ ဒီလောက်အမြန်နှုန်းနဲ့ဆို ဒီနေရာကို သိပ်မကြာခင်ဖြတ်တော့မှာ”
သူတို့ ပြုလုပ်ထားသော မီးဖိုကို ကပျာကယာ မီးငြှိမ်းပြီးနောက် ကမ်းခြေမှာ အသင့်ရပ်ထားသော ဟယ်လီကော်ပတာပေါ်မှာ စောင့်နေကြသည်။
“ဘယ်မှာတုန်းကွ”
အနီစက်လေးက အလွန်နီးကပ်သောနေရာမှာ ရောက်နေသည်ဟု ညွှန်ပြသော်လည်း ကောင်းကင်ထက်မှာ ထူးထူးဆန်းဆန်းတစ်စုံတစ်ရာဟူ၍ မတွေ့ကြပေ။
“ရေဒါကိုဖွင့်လိုက်လေ”
“ရေဒါက ဘာမှ အချက်မပြနေဘူး။ ဘယ်ပစ်မှတ်ကိုမှ ခြေရာခံတာမရှိနေဘူး”
“အောက်မှာ သူတို့က ငါတို့အောက်မှာပဲ”
စွမ်းအားရှင်များပီပီ သာမန်လူများထက် ပိုမိုကောင်းမွန်သည့် စူးရှထက်မြက်သောအမြင်ဖြင့်ကြည့်သောအခါ
ကားတစ်စီးက အရှိန်အဟုန်ပြင်းပြင်းဖြင့် ရွေ့လျားလာတာကို တွေ့ရသည်။
ကားတစ်စီးလုံးက နက်ပြီး ပြောင်လက်နေသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၀မီတာအမြင့်မှာ ရွေ့လျားနေပြီး ကားနောက်ပိုင်းတွင် ထူးဆန်းသော အပြာရောင်ပစ္စည်းတစ်ခုကို တပ်ဆင်ထားသည်။
ထိုနေရာကနေပြီး စိမ်းပြာရောင်အလင်းတန်းများဖြာထွက်နေသည်။
“ဟာကွာ..လေယာဉ်ကိုထိန်းလို့မရတော့ဘူး”လက်စ်ကလေယာဉ်ပေါ်ရှိ ကိရိယာများကို ကြိုးစားပြီး ဖွင့်ကြည့်သော်လည်း ဘာတစ်ခုမှအလုပ်မလုပ်တော့ပေ။
နေရောင်ခြည်သုံးဓာတ်ပေါင်းဖိုမှ ထုတ်လွှတ်သော GNအမှုန်များက ရေဒါ၏ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ရုံသာမက တခြားကိရိယာများကိုလည်း အကျိုးသက်ရောက်နိုင်သည်။ ဖယ်ခါကိုယ်ပေါ်က နောက်ယောင်ခံသည့် ကိရိယာကြောင့်သာ သူမကိုမြင်ရခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူမက သူတို့ရှေ့မှာတင်ပျောက်ချင်းမလှ ပျောက်ကွယ်သွားနိုင်သည်။
“လေယာဉ်ကိစ္စကိုနောက်မှလုပ်..အခုသူတို့ကို အရင်ဆုံးတားရအောင်”
“ငါရှင်းမယ်”
လက်စ်က သူ၏ အစွမ်းကိုထုတ်ပြီး အောက်မှာရှိသော ပင်လယ်ရေပြင်ကြီးကို ချက်ချင်းအေးခဲစေပြီး ထိုအပေါ်မှာ လေယာဉ်ကိုရပ်ထားလိုက်သည်။
လက်စ်သည် ရေနှင့်ရေခဲအစွမ်းကို ထုတ်သုံးနိုင်သော စွမ်းအားရှင်တစ်ဦးဖြစ်သည်။
“ဝှစ်”
ငြိမ်သက်နေသော ပင်လယ်ရေပြင်က ချက်ချင်းဆိုသလို လှိုင်းထန်လာသည်။ မီတာ၂၀ကျော်မြင့်သော ရေလှိုင်းကြီးများက ဖန့်ကြွယ်ယွီ၏ ကားဆီသို့ တဟုန်ထိုးပြေးလာနေသည်။
ထိုအချိန်မှာပင် ပင်လယ်ပြင်က ချက်ချင်း အေးခဲသွားပြီး ဆယ်မီတာအထူရှိသော ရေခဲနံရံကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။
“ဖန့်ကြွယ်ယွီ သူတို့ဒီမှာရောက်နေကြပြီ”
သူတို့သုံးဦး၏ တိုက်ခိုက်မှုများကို မြင်တွေ့နေကျဖြစ်တာမို့ ဖယ်ခါက လက်စ်၏ လက်ချက်ဆိုတာ ချက်ချင်း သဘောပေါက်လိုက်သည်။
ရေနှင့်ရေခဲအစွမ်းကို ပိုင်ဆိုင်ထားသောစွမ်းအားရှင်တစ်ဦးပီပီ လက်စ်သည်တစ်ချက်တွေးလိုက်ရုံဖြင့် ဧရိယာကျယ်ကြီးတစ်ခုလုံးကို အေးခဲသွားစေသည်။ သူဖန်ဆင်းလိုက်သော ရေခဲနံရံကြီးက ဒုံးကျည်များပင်ထိုးဖောက်ဖို့ခက်ခဲသည်အထိ မာကျောသည်။
“မင်းကိုစောင့်ကြည့်နေတာဆိုတာ ဒီသုံးယောက်လား”
“ဟုတ်တယ် သူတို့ပဲ”
“စိတ်မပူပါနဲ့။ ဒီကောင်တွေ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး”
“ရှောင်းရီ Trans AMစနစ်ကို အသက်သွင်းလိုက်ပါ”
ထိုစနစ်သည် နေရောင်ခြည်သုံးဓာတ်ပေါင်းဖို၏ အဓိက အစွမ်းတစ်မျိုးဖြစ်ပြီး GN အမှုန်များ၏ အရှိန်ပြင်းပြင်းပေါက်ကွဲထွက်မှုကြောင့် ကား၏ အမြန်နှုန်းနှင့် အဖျက်နှုန်းကို သုံးဆပိုမိုမြင့်တက်လာစေသည်။
“ပိုင်ရှင်အဲ့တာတော့မဖြစ်နိုင်လောက်ဘူး။ ဖယ်ခါက စွမ်းအားရှင်ဆိုပေမဲ့ ပိုင်ရှင်လောက်တော့ အားမကောင်းဘူး။အရှိန်ကိုသုံးဆထပ်မြှင့်လိုက်မယ်ဆို သူမဒဏ်မခံနိုင်လောက်ဘူး”
“ဪ အဲ့လိုလား။ ကိစ္စမရှိပါဘူး။ ဒီတိုင်းဖျက်စီးလိုက်”
Sun God ကား၏မျက်နှာပြင်က ဥက္ကာပျံတမျှ မာကျောတာမို့ သာမန်ရေခဲပြင်လောက်က အသာလေးဖြစ်သည်။
“ဂျွတ်”
ရေခဲနံရံကို အရှိန်ဟုန်ပြင်းပြင်းဖြင့် ထိုးဖောက်လိုက်သော်လည်း ကားက တစ်ချက်လေးတောင်မလှုပ်သွားပေ။
“ဘာတုန်းဟ”
လက်စ်က ကြောင်အမ်းအမ်းဖြစ်သွားသည်။ မာကျောလှပါသည်ဟု ဆိုသော ရေခဲပြင်ကို ထိုအရှိန်နှုန်းဖြင့် ဖျက်စီးခံရသည်ကိုမြင်ရသည့်အပေါ် သူမယုံကြည်နိုင်အောင်ဖြစ်ရသည်။
“ကူးဝမ် ငါ့ကိုကူပါဦး”
“သခင်လေး ကျွန်တော်ရောက်ပြီ”
ကူးဝမ်က ကားဘေးမှာ ရုတ်တရက်ပေါ်လာသည့်အပေါ် ဖယ်ခါက ထိတ်လန့်သွားသည်။
“သူ…သူ က”
“သူက ငါ့သက်တော်စောင့်ပါ။စိတ်မပူနဲ့”
“ကူးဝမ် ဒီသုံးယောက်ကို မင်းရှင်းလိုက်တော့။ သူတို့က ငါတို့ကိုလိုက်မမှီဘူးဆိုပေမဲ့ သူတို့ကို မှတ်လောက်သားလောက်အောင် ပညာပေးချင်သေးတာ”
“ဒါဆို ဒီကောင်တွေကို သတ်ပစ်လိုက်ရမလား သခင်လေး”
“မလိုဘူး သူတို့ကို ပင်လယ်ပြင်အောက်က သစ်တောထဲခေါ်လာခဲ့”
“ဟုတ်ကဲ့ပါ သခင်လေး”
“နေစမ်းပါဦး..မင်းဘယ်သူလဲ”
ကူးဝမ်က ရုတ်တရက်ပေါ်လာသဖြင့် ထိုသုံးဦးကကြောင်ပြီးကြည့်နေမိသည်။ကူးဝမ်က လေပေါ်မှာ ဝဲပျံနေတာကိုလည်း သူတို့အတွက် အထူးအဆန်းဖြစ်နေသည်။
“ပင်လယ်ပြင်အောက်က သစ်တောထဲ”
ကူးဝမ်က ဘေးဘီဝဲယာကို တစ်ချက်အကဲခတ်နေသည်။
ရေအောက်ထဲသွားတာက ကိစ္စမရှိပေ။ တောထဲဝင်ဖို့အတွက်ကျ….
“အင်း”
မလှမ်းမကမ်းကျွန်းပေါ်က အုံ့မှိုင်းမှိုင်း သစ်တောကို ကူးဝမ်သတိထားမိသည်။ သူ့အတွက် အဖြေရှာရခက်နေသော ပုစ္စာကို ယခုမှပင် သဘောပေါက်တော့သည်။
“အင်း နားလည်ပြီ”