ဘရိတ်တွေက အလုပ်မလုပ်တော့ဘူး
Vol. 20 Ch. 272
Sun God ကားသည် ပစိဖိတ်သမုဒ္ဓရာဆီကို ဒုံးကျည်တစ်စင်းသဖွယ် ဖြတ်သန်းသွားသည်။ GN အမှုန်များကျေးဇူးကြောင့် သူတို့၏ယာဉ်ကို သာမန်လူများက သတိမထားမိကြပေ။
စင်ကာပူမှ သူတို့သွားချင်သောနေရာသည် ကီလိုမီတာ ၁၀,၀၀၀ကွာဝေးသည်။ ပုံမှန်လေယာဉ်ဆို ထိုအကွာအဝေးကို တစ်နေ့အချိန်ယူပြီး သွားရမည်။သို့သော် ဖန့်ကြွယ်ယွီ၏ ယာဉ်က မြန်နှုန်းမြင့်အရှိန်နှင့် သွားနေသဖြင့် နာရီဝက်ကျော်လောက်သာ ကြာမြင့်၏။
ထိုအရှိန်နှုန်းသည် အမြင့်ဆုံးအနေအထားနှင့် ယှဉ်ပါက သုံးပုံတစ်ပုံသာရှိပေသည်။ ထိုအရာများသည် နေရောင်ခြည်သုံးဓာတ်ပေါင်းဖို၏ ကောင်းခြင်းများဖြစ်ပေသည်။
ဖန့်ဟွိုက်ပေးသော ပစ္စည်းများတွင် နေရောင်ခြည်သုံးဓာတ်ပေါင်းဖို နှစ်လုံးတပ်ဆင်နိုင်သော ပစ္စည်းများပါဝင် သည်။ နောက်ထပ်တစ်လုံးကိုလည်း ဆက်လက်လုပ်ဆောင်နေပြီဖြစ်သည်။
အကယ်၍ နေရောင်ခြည်သုံးဓာတ်ပေါင်းဖို နှစ်လုံးကို ကားမှာတပ်ဆင်ပါက GN အမှုန်ပမာဏနှင့် အရှိန်သည် နှစ်ဆမြင့်လာနိုင်ပြီး လူသားတို့လိုက်မမှီနိုင်သော အရှိန်နှုန်း ဖြစ်သွားတော့မည်။
ထိုယာဉ်ကိုလိုက်ပါစီးနင်းရန် ကနဦးလိုအပ်ချက်မှာထိုမျှလောက်မြန်သောအရှိန်နှုန်းကြောင့် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာနွမ်းနယ်မှုကို ခံနိုင်ရည်ရှိဖို့ဖြစ်သည်။
အထူးလေ့ကျင့်ထားသော အာကာသယာဉ်မှူးများတောင်မှ ထိုအမြန်နှုန်းကို တွေ့ကြုံခံစားပါက သွေးအန်သည့် လက္ခဏာများပြနိုင်သည်။
“ပိုင်ရှင် ကမ်းရိုးတန်းတောင်တန်းတွေကို ရောက်ခါနီးပါပြီ”
ရှောင်းရီက သတင်းပို့သည်။
“မြန်သားပဲ”
ဖန့်ကြွယ်ယွီတို့သည် တောင်တန်းများကို ခပ်ရေးရေးလေးမြင်နေရသည်။ ဖယ်ခါ၏
စကားအရဆို Sanctuary ဆိုသောအဖွဲ့က တောင်ကြားထဲမှာ ပုန်းခိုနေသည်ဟု ဆိုသည်။
“အရှိန်လျှော့တော့”
“အရှိန်လျှော့နေပါပြီ”
“ဌာနချုပ်ရဲ့ နေရာအတိအကျဘယ်မှာလဲဆိုတာ သိနေတာလား”
ဖယ်ခါက တအံ့တဩမေးသည်။
သူမကို ဌာနချုပ်ဆီခေါ်လာတိုင်း မျက်လုံးကိုအဝတ်ဖြင့်အုပ်ပြီး အာရုံခံနိုင်စွမ်းများအားလုံးကို ယာယီပိတ် ဆို့ထားသည်။ သူမက စိတ်တန်ခိုးအစွမ်းကိုသုံးပြီး လမ်းကိုမှတ်မိစေရန် ကြိုးစားသော်လည်း သူမနှင့် တူတူ ပါလာသော စွမ်းအားရှင်က သူမထက် အစွမ်းပိုထက်၏။ သူမတောင်မှ ဌာနချုပ်နေရာအတိအကျကို မသိပေ။
“ဒါပေါ့ သိတာပေါ့။ ငါနဲ့ ပတ်သက်သမျှအရာတွေကို ဘာမှ မအံ့ဩနဲ့လို့ ကြိုမှာထားတယ်မဟုတ်လား။ ဒါတွေက ငါ့အတွက် ဘာမှ မဟုတ်ပါဘူးကွာ”
ဖန့်ကြွယ်ယွီက တည်နေရာကိုသိနေသလိုဖြစ်သည်။ သွားချင်သော နေရာအတိအကျဆီ ရောက်ရန်အရှိန်မြှင့် လိုက်သည်။
တကယ်တော့ ထိုအဖွဲ့၏ တည်နေရာကို ဖန့်ကြွယ်ယွီသိတာမဟုတ်ဘဲ ရှောင်းရီက သိခြင်းဖြစ်သည်။
ထိုနေရာအတိအကျကို ကားထဲရှိ မြေပုံထဲမှာ ထည့်ထားသဖြင့် ကားက လားရာအတိုင်း အလိုအလျောက်မောင်းနေခြင်းဖြစ်သည်။
“မြောက်ဖျားပိုင်းဆီ မင်းနဲ့အတူတူခရီးတွေသွားချင်တယ်🎼🎶🎶”
ဖန့်ကြွယ်ယွီကြားဖူးနေကြဖြစ်သော အသံက သူ့နားထဲတွင် ပဲ့တင်သံထပ်နေသည်။အခုထိတော့ ဌာနချုပ်နှင့် တူသော အရိပ်အယောင်တစ်စုံတစ်ရာမတွေ့သေးပေ။
သူတို့ကိုတွေ့လိုက်ရသောလူကတော့ အတော်လေးအံ့အားသင့်သွားပေမည်။
“ငါတို့ရောက်ပြီ”
Sanctuary အဖွဲ့၏ ဌာနချုပ်ကို နှင်းတောင်တန်းတွေကြားမှာ လျှို့ဝှက်စွာတည်ဆောက်ထားသည်။ လူအင်အား၊ ငွေအင်အား အတော်လေးစိုက်ထုတ်ပြီး တည်နေရာကို လူမသိအောင် အဆင့်မြင့်နည်းပညာများသုံးကာ တည်ဆောက်ထားသည်။
ထိုအဖွဲ့တွင် မြောက်အမေရိကတိုက်ရှိ အဆင့်မြင့်စွမ်းအားရှင်များ၏ ၉၀% နှင့် သာမန်အဆင့်စွမ်းအားရှင် ၇၀% ပါဝင်သည်။ ထို့ပြင် ထိုစွမ်းအားရှင်များက မြောက်အမေရိကတိုက်ရှိ နိုင်ငံများမှာ တာဝန်ထမ်းဆောင်နေသဖြင့် Sanctuaryအဖွဲ့က ပိုပြီးအာဏာရလာခဲ့ပြီး အမေရိကားတခွင်ကြီးစိုးထားခဲ့သည်။ ထို့ကြောင့် သူတို့အဖွဲ့ကို ရှင်းပစ်ရန် လုံးဝမလွယ်ကူပေ။
စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့်နေရာအပြင် ဓာတ်ခွဲခန်းများထားရှိပြီး စွမ်းအားရှင်များကို အမျိုးမျိုးသော သုတေသနလုပ်ငန်းများအတွက် စုစည်းထားရှိသည်။
ဖယ်ခါသည် အစမ်းသပ်ခံစွမ်းအားရှင်များထဲတွင် လူသိအများဆုံးဖြစ်၏။
“ဝင်ပေါက်တွေကများလှချည်လား”
ဖန့်ကြွယ်ယွီ၏ကားထဲမှာရှိသောဖန်သားပြင်ထက်တွင် အဆောက်အဦ၏ 3Dပုံရိပ်ပေါ်နေသည်။ စွမ်းအားရှင်ပေါင်းများစွာရှိနေသော နေရာတစ်ခုဖြစ်သဖြင့် ဝင်ပေါက်ထွက်ပေါက်များ ရာနှင့်ချီပြီးရှိနေသည်။
သို့သော် ဝင်ပေါက်ထွက်ပေါက်တစ်ခုချင်းစီကို အစောင့်အကြပ်ပေါင်းများစွာချထားသည်။ အစောင့်အကြပ်များသည် စွမ်းအားရှင်များဖြစ်ပြီး ခေတ်မီလက်နက်များကိုတပ်ဆင်ထားသည်။
“အထဲကိုဘယ်လိုဝင်ကြမလဲ။ဖယ်ခါ မင်းမိသားစုတွေက အထဲမှာလား”
“ဟုတ်တယ် သူတို့က မြို့ထဲမှာမထင်မရှားနေကြတာ။ ဒါပေမဲ့ သူတို့ကိုယ်ထဲက အဆိပ်ကိုဖယ်ပစ်ဖို့ ဒီကို မကြာမကြာလာကြတာ။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က သူတို့လာရမဲ့ နေ့ဖြစ်နေတာ”
“ကောင်းတာပေါ့ အတော်ပဲဖြစ်သွားတယ်”
“ဖန့်ကြွယ်ယွီ နင်နောက်ထပ်တစ်ယောက်လောက် ထပ်ကယ်ပေးနိုင်ဦးမလား”
“မင်းသူငယ်ချင်းလား?”
“ဆိုပါတော့။ သူက ငါမရောက်ခင် နှစ်နှစ်လောက်စောပြီး ဒီကိုရောက်နေတာ။သူ့မှာ မိသားစုတော့
မရှိဘူး။ ဒီနေရာမှာ အစမ်းသပ်ခံအဖြစ်ရောက်နေခဲ့တာ။ ငါက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပဲ”
“ဒီကောင်တွေကတော့ကွာ….”
ဖန့်ကြွယ်ယွီက အံကိုခပ်တင်းတင်းကြိတ်သည်။တကယ်တော့ ဖယ်ခါနှင့် သူမ၏မိသားစုကို ကယ်တင်ရန် ကျွမ်းရှင်းယန်က တစ်ယောက်ယောက်စေလွှတ်လည်းရပေသည်။ သို့သော် ဤကဲ့သို့ လူမဆန်သော အဖွဲ့ကို သူကိုယ်တိုင် ဆုံးမချင်သောကြောင့်လိုက်လာခြင်းဖြစ်သည်။
“ငါကတိပေးတယ်။ သူ့ကိုလည်းကယ်ပေးမယ်။ ပြီးတော့ မင်းကိုအခွင့်အရေးတစ်ခုလည်းပေးမယ်။ နောက်နှစ်အနည်းငယ်ဆို မင်းလက်နဲ့ကိုယ်တိုင် ဒီအဖွဲ့ကို ပြန်ကလဲ့စားချေလို့ရမဲ့ အခွင့်အရေးလည်းပေးမယ်”
“တကယ်ကြီး”
Sanctuary အဖွဲ့ကိုလက်စားချေဖို့က သူမတစ်ဘဝလုံးမက်ခဲ့ရသော အိမ်မက်ဖြစ်သည်။ ထိုကဲ့သို့ လူမဆန်သော နေရာက မရှိသင့်ပေ။
“တကယ်ပြောတာပါ။ ငါ မင်းကိုတရုတ်ပြည်က နေရာတစ်ခုဆီခေါ်သွားမယ်။ အဲ့နေရာကို ရောက်ရင် မင်းသိလာလိမ့်မယ်။ ခုတော့ မင်းရဲ့သူငယ်ချင်းကိုကယ်ကြစို့”
“ခါးပတ်ပတ်ထား။ဖြစ်လာမဲ့ အကျိုးဆက်က မသေးဘူး။ ကားက ဆင်းရင်လည်း နည်းနည်းလှုပ်ခါနေမှာ”
“အကျိုးဆက်ဟုတ်လား”
ရုတ်တရက်ဆိုသလို အတွေးတစ်ခုက သူမ၏ ဦးနှောက်ထဲ ဝင်လာသည်။ ဖန့်ကြွယ်ယွီက ထိုအဆောက်အဦးကို ဝင်တိုက်ဖို့ ဆုံးဖြတ်ထားတာလား?
ထိုသို့ပြုလုပ်ပါက အဆောက်အဦထဲတွင်ရှိနေသော စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကို ခံရပေမည်။ ထောင်နှင့်ချီသော စွမ်းအားရှင်များကို သူတို့နှစ်ဦးတည်း ဘယ်လိုလုပ်ပြီး ခုခံနိုင်မည်နည်း။
“ခပ်ကြပ်ကြပ်ပတ်ထားး”
ဖယ်ခါက ဘာမှပြန်မပြောနိုင်ခင်မှာပင် ဖန့်ကြွယ်ယွီက ကားကို အရှိန်မြှင့်ရန် ရှောင်းရီအား အမိန့်ပေးလိုက်သည်။
ရှောင်းရီခန့်မှန်းထားသည့်အတိုင်း ထိုနေရာသည် တောင်ကြားအလယ်တည့်တည့်တွင် တည်ရှိသည်။ ပတ်ပတ်လည်ရှိ နံရံများကို သတ္ထုကိုယ်ထည်များဖြည့်တည်ဆောက်ထားပြီး လေ့ကျင့်ရေးကွင်း၊ သုတေသနစင်တာများနှင့် ၂၄နာရီမပျက်စည်ကားနေသော မြေအောက်ကမ္ဘာငယ်လေးတစ်ခုဖြစ်နေသည်။
“ဝုန်း”
အရှိန်လျှော့လိုက်သော်ငြား ကားသည် အဆောက်အဦကို ပြင်းပြင်းထန်ထန်ဝင်တိုက်ပြီး အဖြူရောင်အဆောက်အဦကို တစ်စစီကျိုးပဲ့ပျက်စီးစေသည်။
“တီ တီ တီ တီ”
အဆောက်အဦတစ်ခုလုံး သတိပေးသံများထွက်လာသည်။
“ငါတို့အဆောက်အဦကိုအမျိုးအမည်အသိ အရာဝတ္ထုတစ်ခုက ဝင်တိုက်တယ်။ အားလုံးချက်ချင်းစုကြမယ်”
တစ်ခဏအတွင်းမှာ ပျက်စီးနေသောအဆောက်အဦအနားကို ထောင်နှင့် ချီသော လူအုပ်ကြီးရောက်လာသည်။
ဖန့်ကြွယ်ယွီ၏ sun godကားက ဘာမှမဖြစ်ဘဲ အပျက်အစီပုံကြားထဲက ဖြည်းဖြည်းချင်းထွက်လာပြီး ထောင်ပေါင်းများစွာသော စွမ်းအားရှင်များနှင့် အစောင့်များ၏ ရှေ့တွင် ပေါ်လာသည်။
ကားထဲမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဆင်းလာသည်။ အမျိုးသမီးက စမ်းသပ်ခန်း (၂) က အစမ်းသပ်ခံစွမ်းအားရှင်နှင့် အတော်လေးဆင်နေသည်။
အမျိုးသားက စကားစပြောသည်။
“ငါ့ကားက ဘရိတ်ပေါက်ပြီး မင်းတို့အဆောက်အဦကိုဝင်တိုက်ပါတယ်လို့ဖြေရင် မင်းတို့ယုံကြမလား”