← Chapters

ဓားသွားဖြတ်သန်းရာအရပ်တွင် တံဆိပ်ခတ်ခံရသူတိုင်း သေဆုံးကြရမည်

Vol. 104 Ch. 1453

ဓားသွားဖြတ်သန်းရာအရပ်တွင် တံဆိပ်ခတ်ခံရသူတိုင်း သေဆုံးကြရမည်

Vol. 104 Ch. 1453

အခန်း (၁၄၅၃) ဓားသွားဖြတ်သန်းရာအရပ်တွင် တံဆိပ်ခတ်ခံရသူတိုင်း သေဆုံးကြရမည်

အမှောင်ထုအလင်းတန်း လွှမ်းခြုံသွားရာနေရာတိုင်းတွင် ရှိနေသူများအားလုံးစိတ်ထဲ ချမ်းစိမ့်သွားပြီး ကြောက်ရွံ့သိမ်ငယ်ခြင်းများကို ခံစားကြရသည်။

သူတို့၏ အသက်ဓာတ်စွမ်းအား ကုန်ဆုံးလုနီးပါးဖြစ်လာပြီး သွေးလည်ပတ်မှုများရပ်တန့်လျှက် ပင်ပန်းနွမ်းနယ်မှုက သူတို့ကိုဖုံးလွှမ်းကာ အတွေးများပင် ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

သူတို့အားလုံး ပျက်သုဉ်းကြရပြီး အထီးကျန်မှုအပြည့်ရှိသော မရဏလောကသို့ ဝင်ရောက်ကြတော့မည့်အလား ခံစားရစေသည်။

အမှောင်ထုအလင်းတန်းထဲတွင် ရှေးဟောင်းဓားတစ်လက် တိတ်ဆိတ်စွာ လွင့်မျောနေသည်။

နတ်ဘုရားသတ်ဖြတ်ဓား....။

ဤဓားက ဓားအားလုံးတွင် နံပါတ်(၁)အဖြစ် သတ်မှတ်ခံရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်စွမ်းကြောင့် နာမည်ကျော်ကြားသည်။

ဤသည်က နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို သင်ယူထားသူတစ်ယောက်၏ ဓားဝိညာဉ်မဟုတ်သလို ဓားအလင်းတန်းများ စုစည်းတည်ဆောက်ထားသော ဓားတစ်လက်လည်း မဟုတ်ပေ။

ဤဓားက စန့်ချင်အဆက်အနွယ်၏ တန်ဖိုးအကြီးဆုံး “ရတနာပစ္စည်း” ဖြစ်သည်။

နတ်ဘုရားများအပ်နှင်းခြင်းခေတ်ကာလတွင် ဆိတ်ညံနယ်မြေ(၈)ခုကို ထိန်းထားနိုင်သည့် “နတ်ဘုရားသုတ်သင်အစီအရင်’ သာမက ၊ စန့်ချင်အရှင်သခင်’လင်ပေါင်ထျန်းကျွင်း’ ကိုယ်တိုင် ဓား (၄)လက်အသုံးပြုပြီး အစီအရင်တစ်ခု ဖန်တီးခဲ့သည်။

ယခု အမှောင်ထုအလင်းတန်းထဲတွင် လွင့်မျောနေသည့် ရှေ့ဟောင်းဓားမှာ ထိုဓား(၄)လက်ထဲမှ တစ်လက်ဖြစ်သည့် “နတ်ဘုရားသတ်ဖြတ်ဓား’ ပင် ဖြစ်၏။

နှစ်ပေါင်းများစွာကြာပြီးနောက် ဤဓားက ကမ္ဘာပေါ်တွင် ပြန်လည်ထွက်ပေါ်လာပြီး သက်ရှိများအားလုံးကို ထိတ်လန့်စေခဲ့သည်။

နေရာတွင်ရှိနေသူများက ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြလေရာ “နတ်ဘုရားသတ်ဖြတ်ဓား” ကို မှတ်မိသိရှိပြီးနောက် သူတို့အားလုံး အံ့အားသင့်သွားကြသည်။

“နတ်ဘုရားသတ်ဖြတ်ဓားပိုင်ရှင်က ဘယ်သူများလဲ ၊ အတင့်ရဲပြီး မေးပါရစေ...”

တစ်ယောက်က မေးမြန်းလိုက်သည်။

ရှေးခေတ်ကာလ စစ်ပွဲကြီးပြီးဆုံးသည့်နောက် စန့်ချင်အဆက်အနွယ်များ ရှုံးနိမ့်သွားခဲ့သည်။

တာအိုဝါဒ တန်ခိုးစွမ်းအားရှင် (၄)ယောက်၏လက်တွင် နတ်ဘုရားသုတ်သင်အစီအရင် ပျက်ဆီးသွားပြီး နတ်ဘုရားသုတ်သင်ဓား(၄)လက်သည်လည်း ယွိချင်အဆက်အနွယ်များလက်ထဲသို့ ကျရောက်သွားသည်။

ဒဏ္ဍာရီများအရ ‘နတ်ဘုရားသတ်ဖြတ်ဓား’ က ယွိချင်အဆက်အနွယ်မှ တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်သော’ချိကျင်းကျီ’ လက်ထဲသို့ ကျရောက်သွားသည်ဟု ဆိုသည်။

သို့သော် ချိကျင်းကျီ လောကတွင်ထွက်ပေါ်မလာသည်မှာ ကာလအတန်ကြာခဲ့ြီ ဖြစ်သည်။

ထို့ပြင် အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်တွင် ချိကျင်းကျီ သေဆုံးသွားပြီဆိုသော ကောလဟလများလည်း ထွက်ပေါ်ခဲ့သည်။

သို့သော် ဤသည်က ကောလဟလသာဖြစ်ပြီး အမှန်တရားကတော့ လျှို့ဝှက်ခြင်းပင်လယ်ထဲတွင် နစ်မြုပ်နေဆဲပင်။

ဒီဘက်ခေတ်တွင်တော့ “မဟာကပ်ဘေးကြီး” ဟု လူသိများသော ကမ္ဘာပျက်ကပ်ဘေးကြီးဖြစ်ပေါ်ခဲ့ပြီး ၊ ထိုကပ်ဘေးကြီးကြောင့် သမိုင်းမှတ်တမ်းထဲမှ အမှန်တရားများ ပိုမိုဖုံးကွယ်သွားခဲ့သည်။

ယခု နတ်ဘုရားသတ်ဖြတ်ဓား ပြန်လည်ထွက်ပေါ်လာသည့်အခါ နေရာတွင်ရှိနေသူများ အဘယ်မှာ စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

အကြီးအကဲ’ချိကျင်းကျီ’ မသေဆုံးခဲ့ပါ ယနေ့ရောက်ရှိလာသူမှာ တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့်ရှိပြီး ရှေးခေတ်အချိန်ကတည်းက တာအိုကိုအောင်မြင်ခဲ့သော တန်ခိုးစွမ်းအားရှင်’ချိကျင်းကျီ’ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။

အကြီးအကဲ’ချိကျင်းကျီ’ သေဆုံးသွားပြီဆိုလျှင်တော့ ‘နတ်ဘုရားသတ်ဖြတ်ဓား’ ၏ လက်ရှိပိုင်ရှင်က ထူးခြားသူတစ်ယောက်ဖြစ်နိုင်ပြီး ချိကျင်းကျီထက်ပင် တန်ခိုးစွမ်းအား ပိုမိုမြင့်မားသူ ဖြစ်နိုင်သည်။

ဖုလော်ကျီတစ်ယောက်သာလျှင် စိုးရိမ်ပူပန်နေသည် မဟုတ်ပေ။

မြူခိုးအရိပ်နတ်ဆိုးဘုရင်သည်လည်း သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

“နတ်ဘုရားသတ်ဖြတ်ဓားရဲ့ အရင်ပိုင်ရှင်က မဟာလွတ်‌မြောက်ခြင်းကောင်းကင်နတ်ဆိုး လက်ချက်နဲ့ သေသွားပြီမဟုတ်ဘူးလား”

အသံတစ်သံ ထွက်ပေါ်လာသည်။

“ဒါပေမဲ့ အဲဒီအချိန်ကတည်းက နတ်ဘုရားသတ်ဖြတ်ဓားကို ဘယ်သူရသွားလဲဆိုတာ မသိရဘူး ၊ လက်ရှိ ဓားပိုင်ရှင်က ဘယ်သူများဖြစ်မလဲ”

လူတိုင်း အံ့အားသင့်နေချိန် ရန်ကျောက်ကဲနှင့် အခြားသူများက အမှောင်ထုအလင်းတန်းရှိရာသို့ တဖြည်းဖြည်းစုဝေးလာကြသည်။

ရန်သူများကိုတိုက်ခိုက်ရန် သူတို့၏ တိုက်ပွဲစိတ်ဓာတ် ပြန်လည်နိုးကြားလာပြီ ဖြစ်၏။

သို့သော် ထိုခဏတွင် အဝေးတစ်နေရာရှိ အစိမ်းရောင်ကြာပန်းထက်ရှိ ရွှေရောင်မီးအိမ်ဆီမှ ဗုဒ္ဓဘာသာကျမ်းစာရွတ်ဆိုသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ထိုအသံများက နားလည်ရန်ခက်ခဲသော်လည်း နေရာတွင်ရှိနေသူများအားလုံးက ဂီတဆန်သည့်အသံများအဖြစ် သဘောပေါက်လိုက်ကြသည်။

ထို့နောက် တိုက်တိုင်းအောင်ဗုဒ္ဓ၏အသံ ထွက်ပေါ်လာသည်။

“ဟိုအဝေးကလူသား... မင်းက အဲဒီဓားကိုကိုင်ဖို့ အရည်အချင်းမပြည့်မီသေးဘူး”

ထိုစကားကိုကြားသည်နှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်များ စိတ်လှုပ်ရှားသွားကြသည်။

သေချာအကဲခတ်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာဓားအငွေ့အသက်များက ရှေးဟောင်းဓားမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဖု‌လော်ကျီ ၊ မြူခိုးအရိပ်နတ်ဆိုးဘုရင်နှင့် အခြားကောင်းကင်နတ်ဘုရားအဆင့်ရှိ တန်ခိုးစွမ်းအားရှင်များ သဘောပေါက်လိုက်ကြသည်။

ထိုဓားက အသက်ရှူကြပ်စေလောက်သည့် တည်ရှိမှုကို ထုတ်လွှတ်နေသော်လည်း အတွင်းမှ စိမ့်ထွက်လာသော တင်းကျပ်သည့်ခံစားချက်ကိုကြည့်ခြင်းအားဖြင့် ထိုသူက အပြင်ပန်းမျှသာ စွမ်းအားကြီးမားဟန်ဆောင်ထားကြောင်း ဖော်ပြလျှက်ရှိ၏။

ရှေးဟောင်းဓားက စွမ်းအားကြီးမားပြီး ကိုယ်ပိုင်ဉာဏ်ရည်ပိုင်ဆိုင်ထားသော်လည်း ကိုယ်ပိုင်စိတ်ဆန္ဒ မရှိခဲ့ပေ။

ဟုတ်ပေ၏။

ဤသည်က ‘နတ်ဘုရားသတ်ဖြတ်ဓား’ ကြောင့် ဖြစ်ပေါ်ခြင်း မဟုတ်ပေ။

ထိုအစား လုံလောက်သည့် စွမ်းရည်ရှိသော ပိုင်ရှင်မရှိသဖြင့် သူ၏ အံ့သြဖွယ်ရာစွမ်းအားကို အပြည့်အဝ မပြသနိုင်ခြင်းသာ ဖြစ်သည်။

ဤအချက်ကိုသဘောပေါက်သွားသည်နှင့် ရန်ကျောက်ကဲတို့အား ဝိုင်းဝန်းတိုက်ခိုက်နေသော အင်အားစု(၃)ခုလုံး စိတ်သက်သာရာ ရသွားကြသည်။

ဖုလော်ကျီ၊ မြူခိုးအရိပ်နတ်ဆိုးဘုရင်နှင့် အခြားသော တန်ခိုးစွမ်းအားရှင်များ လျှင်မြန်စွာ သတိပြန်ဝင်လာပြီး ပြန်လည်စတင် လှုပ်ရှားလိုက်ကြသည်။

သူတို့က ရန်ကျောက်ကဲတို့အုပ်စုအား လျှင်မြန်စွာ တိုက်ခိုက်လိုက်ကြသည်။

ပြီးတော့ သူတို့က ကောင်းချင်းရွှမ်ကိုလည်း အာရုံစိုက်လာကြ၏။

စန့်ချင်အဆက်အနွယ်မှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ ‘ကောင်းချင်းရွှမ်’ သာ နတ်ဘုရားသတ်ဖြတ်ဓားကို ရရှိသွားပါက တန်ခိုးစွမ်းအား အပြည့်အဝထုတ်ဖော်နိုင်မည်မဟုတ်သည့်တိုင် လူတိုင်းကို ဒုက္ခပေးရန် လုံလောက်သည်။

ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုးဘုရင်က အလွန်လျှင်မြန်သည့် တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။

သူတို့(၂)ယောက်အနက် တစ်ယောက်က နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို သွားရောက်ယူငင်ပြီး တစ်ဘောက်က ကောင်းချင်းရွှမ်ကို ဦးတည်တိုက်ခိုက်လိုက်သည်။

ထိုအချိန် အမှောင်ထုအလင်းတန်းများကြားရှိ ရှေးဟောင်းဓားဘေးတွင် လူရိပ်နှစ်ခုပေါ်ထွက်လာသည်။

သူတို့ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုက်သည်နှင့် ရန်ကျောက်ကဲတို့အုပ်စု ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

“နတ်ဘုရားသတ်ဖြတ်ဓား” ၏ ညာဘက်တွင် အနက်ရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက် မတ်တတ်ရပ်နေပြီး သူ၏မျက်နှာက ခံစားချက်ကင်းမဲ့လျှက် မျက်ဝန်းများက ဆုံးဖြတ်ချက်ခိုင်မာမှုတို့ဖြင့် တောက်ပနေသည်။

ဓား၏ ဘယ်ဘက်တွင်တော့ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ရပ်နေပြီး သူမက ကော်းကင်ဘုံမှအပ်နှင်းထားသည့် အနုပညာလက်ရာတစ်ခုပမာ သဘာဝကျစွာ ချောမောလှပလေသည်။

သူတို့ (၂)ယောက်က ရှေး‌ဟောင်းဓား တစ်ဖက်တစ်ချက်တွင် မတ်တတ်ရပ်နေကြပြီး အမှောင်ထုအလင်းတန်းဖြင့် လွှမ်းခြုံခံထားရသည့်တိုင် ကျက်သရေရှိစွာ တောက်ပလျှက် လူတို့၏စိတ်နှလုံးကို ဆွဲဆောင်နိုင်ကြသည်။

သူတို့(၂)ယောက်က ဗလာနယ်ပုံပျက်ခြင်းတွင် တွင်းနက်ကြီးထဲကျကာ ပျောက်ကွယ်သွားသည့် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ပင် ဖြစ်၏။

စောစောကပင် ကောင်းချင်းရွှမ်နှင့် ယွဲ့ကျန့်ပေတို့က နျဲ့ကျင်းရှန်နှင့် ယွီယဲ့၏ သတင်းစကားများကို လက်ခံရရှိခဲ့ပြီးဖြစ်သည်။ သို့သော် နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ကို အမှန်တကယ် ဒဏ်ရာမရရှိဘဲ မြင်တွေ့ရသောအခါမှသာ စိတ်သက်သာရာရခဲ့ကြသည်။

သူတို့ရှေ့တွင် နတ်မိစ္ဆာမျိုးနွယ်များ၏ ကြုံးဝါးအော်ဟစ်သံများက ပဲ့တင်ထပ်နေပြီး နတ်ဆိုးအုပ်စုသည်လည်း လှုပ်ရှားတိုက်ခိုက်နေကြသည်။

ထို့ပြင် အနောက်ဘက်သူတော်စင်ဘုံ၏ အစိမ်းရောင်ကြာပန်းများသည်လည်း လွင့်ပျံလျှက် ရှိသည်။

ယခုအချိန်က စကားစမြည်ပြောရမည့်အချိန် မဟုတ်ပေ။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က မတုန်မလှုပ်သော မျက်နှာအမူအရာများဖြင့် ရန်ကျောက်ကဲ၊ ယွဲ့ကျန့်ပေ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများထံ ခေါင်းညိတ်ပြလိုက်ကြသည်။ ထို့နောက် သူတို့(၂)ယောက်လုံး လက်များကိုဆန့်ထုတ်လိုက်ကြပြီး “နတ်ဘုရားသတ်ဖြတ်ဓား” ကို တစ်ယောက်တစ်ဖက်စီ ဆုပ်ကိုင်လိုက်ကြသည်။

ယွီယဲ့၏ မျက်ဆံများထဲတွင် ထူးဆန်းသော ဖြစ်စဉ်များသည် လှုပ်ရှားလျက်ရှိသည်။

သက်ရှိအားလုံး၏ ဖန်ဆင်းမှုများ ၊ မိုးမြေ စကြာဝဠာတစ်ခုလုံး ပရမ်းပတာဖြစ်နေပြီး ဆုတ်ယုတ်ခြင်းလမ်းကြောင်းသို့ ဝင်ရောက်သွားသည်။ နောက်ဆုံးတွင် အရာအားလုံးက မရဏဆန်သော တိတ်ဆိတ်ခြင်းဆီသို့ ရောက်ရှိသွား၏။

ဤသည်က ထာဝရတည်ရှိမှု၏ အဆုံးသတ်၊ လောကတစ်ခုလုံး၏ နောက်ဆုံးအဆင့် ၊ တာအို၏အန္တိမပုံစံ ဖြစ်သည်။

ဤသည်က သေခြင်း ၊ ရှင်ခြင်း ၊ အစပြုခြင်း ၊ အဆုံးသတ်ခြင်း သို့မဟုတ် သံသရာလည်ခြင်း မဟုတ်ပေ။

သေခြင်း ၊ ရှင်ခြင်း ၊ အစပြုခြင်း ၊ အဆုံးသတ်ခြင်း သဘောတရားများအားလုံး၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်။

အရာအားလုံးက “မရှိမှု” သို့ ပြန်လည်ရောက်ရှိသွားပြီး ပရမ်းပတာအခြေအနေထဲ ပြန်လည်ဝင်ရောက်ကာ အစနှင့်အဆုံး သဘောတရားများအားလုံး ဆုံးရှုံးသွားသည်။

ပရမ်းပတာထဲတွင် အပြောင်းအလဲ၏ အရိပ်အယောင်များ ထွက်ပေါ်မလာတော့ပေ။

ဤမြင်ကွင်းကိုတွေ့တော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။

ယွီယဲ့က မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်စဉ် ၊ သူမ၏မျက်ဆံများထဲတွင် အမှန်တရားမဟုတ်သယောင်ထင်မှတ်ရသည့် ဗလာနယ်တစ်ခု ရှိနေသည်။

ထို့ကြောင့်ပင် သူမ လှုံ့ဆော်ခံလိုက်ရပြီး ဓားကိုင်ထားသော သူမ၏ညာလက်က ‘နတ်ဘုရားသတ်ဖြတ်ဓားသိုင်း’ ကို အသုံးပြုလိုက်သည်။

အမှောင်ထုအလင်းတန်းများက သူမပတ်ပတ်လည်တွင် ဝိုင်းရံနေပြီး အရာအားလုံးက တိတ်ဆိတ်သော ပရမ်းပတာအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည့် အသွင်ပြောင်းမြင်ကွင်းများ ထွက်ပေါ်လာသည်။

သေခြင်းဆိုသည်က သက်ရှိတစ်ယောက်၏ အဆုံးသတ်နေရာဖြစ်သည်။

ဤအခိုက်အတန့်တွင် ယွီယဲ့သည် သေခြင်းတရား အဆုံးသတ်နေရာပမာ ဖြစ်နေလေသည်။

ရှေးဟောင်းဓားသွားအစွန်းမှ တောက်ပသည့်အလင်းရောက်တစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် ရှေးဟောင်းဓားကိုလွှမ်းခြုံထားသော အမှောင်ထုအလင်းတန်းက အဆက်မပြတ် အပြင်သို့ ချဲ့ထွင်လာသည်။

ပါးလျားသော အမှောင်ထုအခိုးအငွေ့ အမျှင်တန်းများက အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာပြီး စကြာဝဠာဗလာနယ်ထဲသို့ သိပ်သည်းစွာ ပျံ့နှံ့သွားသည်။

“အဲဒီအမှောင်ထုအမျှင်တန်းတွေနဲ့ မထိမိစေနဲ့ ၊ အနားကို မကပ်နဲ့”

ဖုလော်ကျီ အလျင်စလိုအော်ဟစ်လိုက်သည်။

သူက အော်ဟစ်ရင်း သူ၏မဟာဂဠုန်အတောင်ပံများကို လွှဲရမ်းကာ ရောက်ရှိလာသည့် အမှောင်ထုအမျှင်တန်းများကို ရှောင်ရှားလိုက်သည်။

အခြားသူများသည်လည်း အန္တရာယ်ကို ခံစားမိပြီး လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြသည်။

သို့သော် အချို့သူများကတော့ အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။ အမှောင်ထုအမျှင်တန်းတစ်ခုက လူတစ်ယောက်အားထိမှန်သွားပြီ ချက်ချင်းပျောက်ကွယ်သွားသည်။

သို့သော် ထိုသူထံတွင် သင်္ကေတတစ်ခု ကျန်ရစ်ခဲ့သည်။

အမှောင်ထုအမျှင်တန်းများဖြင့် ထိတွေ့ရာနေရာတိုင်းတွင် ထိုသင်္ကေတထွင်းထုခံရသည်။ အမှောင်ထုအမျှင်တန်းများ လူတို့၏လည်ပင်းကိုဖြတ်သန်းသွားသည်နှင့် သင်္ကေတစ်ခုကျန်ရစ်ခဲ့ကာ ဓားဖြင့် ခုတ်ပိုင်းခံရသလို ခံစားရသည်။

ထို့နောက် သူတို့မသိခင်မှာပင် အသက်ဓာတ်စွမ်းအားများက ခန္ဓာကိုယ်မှ ယိုစီးထွက်ခွာသွားကြသည်။ လူအနည်းစုသာ အပြည့်အဝခုခံနိုင်ပြီး သူတို့၏အသက်ဓာတ်ကို ထိန်းသိမ်းရန် အပြင်းအထန် ကြိုးစားနိုင်ခဲ့ကြ၏။

လူအားလုံးကတော့ လည်ပင်းထက်တွင် သင်္ကေတ‌ရေးထွင်းမခံကြရပေ။

တချို့ကလက်မောင်း ၊ တချို့က ခြေထောက် ၊ တချို့က ခန္ဓာကိုယ်ထက််တွင်ဖြစ်သည်။ အများစုက အရေးပါသောအစိတ်အပိုင်းများကို ထိခိုက်မိခြင်း မရှိကြေပေ။

ထို့ကြောင့် အစပိုင်းတွင် သူတို့က သေမင်း၏ဆုပ်ကိုင်မှုမှ လွတ်မြောက်သည်ဟု ယူဆခဲ့ကြသည်။ သို့သော် အမှောင်ထုအမျှင်တန်းများ သူတို့ကိုထိတွေ့သည်နှင့် မည်သည့်နေရာကိုထိတွေ့မိပါစေ သူတို့၏အသက်ဓာတ်စွမ်းအားက ခန္ဓာကိုယ်မှ လျင်မြန်စွာ ပျံ့လွင့်သွားသည်။

ရှေးဟောင်းဓားမှထွက်ပေါ်လာသည်က စန့်ချင်အဆက်အနွယ်ဓားသိုင်းကျင့်ကြံသူတစ်ယောက်၏ ဓားဝိညာဉ်မဟုတ်သလို ဓားအလင်းတန်းလည်း မဟုတ်ပေ။

ဤသည်က နတ်ဘုရားသတ်ဖြတ်ဓားသိုင်း အထွတ်ထိပ်အဆင့်ရောက်ရှိသော ပုံသက်သေဖြစ်သည်။ နတ်ဘုရားသတ်ဖြတ်ဓားသိုင်း၏ အနှစ်သာရအားလုံး ပါဝင်လျှက် ရှိသည်။

အကယ်၍ ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုဓားကိုတန်ပြန်ရန် ကျင့်ကြံခြင်းစွမ်းအားမရှိပါက ဓား၏သင်္ကေတ ရေးထိုးခံရရုံဖြင့် ချက်ချင်း အသက်သေဆုံးခြင်းသို့ ‌ရောက်ရမည်ဖြစ်၏။

All Chapters