အနုပညာလောကမှာ အလုပ်လုပ်ခွင့်ပိတ်ပင်ခြင်း
Vol. 20 Ch. 278
“ဘုရားရေ မစ္စတာဖန့်က ဟင်းချက်ကောင်းတာပဲ။ ဟင်းပွဲတွေက အရသာရှိနေရော”
“ဒါက ငါစားဖူးသမျှထဲမှာ အကောင်းဆုံး ငါးဟင်းပဲ ဆိုတာ ကျိန်ပြောရဲတယ်”
“သူဌေး ထမင်းလေးတစ်ပွဲလောက်ထပ်ပေးပါဦး”
ဖန့်ကြွယ်ယွီ၏ လက်ရာကို ပထမဆုံးအကြိမ်မြည်းစမ်းဖူးကြသော ဒါရိုက်တာ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်အဖွဲ့သားများက ချီးကျူးထောပနာပြုကြသည်။
“ဒီထဲမှာလည်း အထူးပြုလုပ်ချက်တွေပါနေလား။ ဟားး။ မင်း ဒီလောက်ဟင်းချက်တတ်နေတာ တကယ့်နာမည်ကြီးစာဖိုမှူးတွေဆီက သင်ထားတာမဟုတ်လား”
နတ်ဘုရားအကယ်ဒမီအကြောင်းကို လေ့လာပြီးနောက် ဥာဏ်ရည်မြင့်စက်ရုပ်များနှင့် ပြည့်နှက်နေသော ထိုမှော်ကျောင်းကို အသိအမှတ်မပြုဘဲမနေနိုင်တော့ပေ။ ယခင်တစ်ခေါက်တုန်းက တိရစ္ဆာန်နှင့် ပတ်သက်သော အကြောင်းကို သင်ကြားပေးသော ဆရာရှောင်ကျစ်ကိုတောင် တွေ့ခဲ့ရသည်။
“ဟား မင်းသိပါတယ်”
“ဟုတ်ပြီ။ နောက်တစ်ခါကျ ငါ့ကိုလည်း တစ်ခုခုသင်ပေးလေ။ ငါလည်း အဲ့ကျောင်းကိုသွားရမယ်။ ဒါမှ ငါ့ယောက္ခထီးရှေ့မှာ အစွမ်းလေးဘာလေး ထုတ်ပြလို့ရမှာ”
“အရင်ဦးဆုံး အခြေခံအကျဆုံးဖြစ်တဲ့ အဆင့်တွေကိုသာ ကျွမ်းကျင်အောင်လုပ်ပါ။မဟုတ်လို့ရှိလျှင် မင်းမင်္ဂလာဆောင်ခါနီးကျမှ အဲ့ကိုရောက်လိမ့်မယ်”
“ဟူးး ငါ့ဘဝကလည်း အမြဲရုန်းကန်နေရတာပါလား။ ဘယ်တတ်နိုင်မလဲ သူရဲကောင်းလည်း မိန်းမလှလေးကို မလွန်ဆန်နိုင်ဘူးလေ”
ရုပ်ရှင်အဖွဲ့သားများက ဟိုတယ်ကို ဘွတ်ကင်ကြိုချိတ်ထားသည်။ ရိုက်ကွင်းပြီးသည်နှင့် စားသောက်ကြသည်။ ထို့နောက် အနားယူရန် ထိုဟိုတယ်ဆီ ပြန်လာကြသည်။ ညမှောင်နေပြီဆိုသော်လည်း လမ်းမှာလူမပြတ် သေးတာကိုကြည့်ခြင်းဖြင့် မြို့၏ ဖွံ့ဖြိုးမှုအနေအထားကို မှန်းဆနိုင်သည်။
“အကိုဝမ် မင်းဒီညအိမ်ပြန်မှာမလား။ အတူပြန်ကြရအောင်”
ဟိုတယ်က သန့်ရှင်းသပ်ရပ်သော်လည်း သူ၏ SunGodကားနှင့်ဆို အိမ်ကိုပြန်ရောက်ရန် ၁၀မိနစ်သာကြာသည်။ ထို့ကြောင့် ဘာလို့များ ဒီဟိုတယ်သေးသေးလေးမှာ တစ်ညအချိန်ကုန်ခံမည်နည်း။
“ပြန်မှာပေါ့။ မင်းရဲ့ ကားသစ်ကြီးက ဘယ်လောက်မိုက်သွားလဲဆိုတာ ကြည့်ရချည်သေးရဲ့”
ဝမ်ချုံးက အသံထက်မြန်သော ဂျက်လေယာဉ်ထက် အဆ၂၀ပိုမြန်သော ကားက ဘယ်လိုမျိုးလဲဆိုတာ သိချင်စိတ်များ ပြင်းပြနေသည်။
“သွားကြစို့”
သူတို့နှစ်ဦးက ဟိုတယ်ထဲက ထွက်ဖို့ပြင်နေချိန်တွင် နှစ်ဦးလုံး၏ ခြေလှမ်းများ ရုတ်တရက်ဆိုသလို တပြိုင်တည်း တုံ့ဆိုင်းသွားသည်။
သူတို့၏ အကြားအာရုံက စူးရှထက်မြက်သဖြင့် ဘေးခန်းက နည်းနည်းလေးလှုပ်သည့်အသံကိုတောင် ကြားနိုင်သည်။ ယခုအခါမှာတော့ အခန်းတစ်ခန်းဆီက အသံကျယ်ကြီးတစ်သံကို ကြားလိုက်ရသည်။
“မင်းကြားလိုက်လား”
ဝမ်ချုံးက မေးသည်။ “ဒီအသံက သွေးရိုးသားရိုးမဖြစ်နိုင်ဘူး”
“မင်းလည်းကြားလိုက်လား”
ဝမ်ချုံး၏ အမူအရာကိုကြည့်ပြီး သူနားကြားမမှားဘူးဆိုတာ သိလိုက်ရသည်။ ဟိုတယ်အခန်းတစ်ခန်းတွင် မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်နေပုံရသည်။
“ဒေါက် ဒေါက် ဒေါက်”
ဖန့်ကြွယ်ယွီက တံခါးကိုခေါက်သည်။
“ဘယ်သူလဲ။ ငါပင်ပန်းလို့ စောစောအိပ်ဖို့ပြင်နေတာ။ဘာကိစ္စပဲဖြစ်ဖြစ် မနက်ကျမှလာပြောကွာ”
အခန်းထဲမှ စိတ်မရှည်သည့်လေသံဖြင့် ပြန်ဖြေသည်။
“ဘယ်သူများပါလိမ့်”
ဒီအထပ်တစ်ထပ်လုံးက ရုပ်ရှင်အဖွဲ့သားများက အပြတ်ငှါးရမ်းထားသည်။ အခန်းအနေအထားအရဆို ရုပ်ရှင်စက်အဖွဲ့ခေါင်းဆောင်ဖြစ်မည်။ အခန်းထဲမှ အော်ဟစ်နေသော မိန်းကလေးအသံကိုကြားခြင်းဖြင့် ဘာတွေဖြစ်ပျက်နေလဲဆိုတာ တွေးတောစရာပင်မလိုတော့ပေ။
“ဟာကွာ…ငါ့ရုပ်ရှင်အဖွဲ့သားထဲက မိန်းကလေးကို ဘယ်သူကအနိုင်ကျင့်နေတာလဲ။ ငါစိတ်တိုလာပြီ”
ဝမ်ချုံးက အကျီလက်ကို မာန်ပါပါဆွဲတင်ရင်း တံခါးကိုထပ်ခေါက်သည်။
“ဘန်း”
ဖန့်ကြွယ်ယွီက အချိန်အတိုင်းအတာတစ်ခုထိ လေ့ကျင့်ပြီးသည့်နောက် ဝမ်ချုံး၏ အစွမ်းက အလယ်အလတ်အဆင့် သိုင်းပညာရှင်အနေအထားကိုရောက်လာခဲ့သည်။
သူ၏ ကန်ချက်က တံခါးမပြောနှင့် ဆင်တစ်ကောင်လုံးကိုတောင် ခွေခေါက်လဲကျစေနိုင်သည်။
တံခါးက ကြမ်းပြင်ပေါ် ဘုတ်ခနဲ ကျသွားပြီး အခန်းထဲရှိ မှန်ချပ်များလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြသည်။
ဖန့်ကြွယ်ယွီနှင့် ဝမ်ချုံးက အခန်းထဲပြေးဝင်သွားသည်။ ထင်သည့်အတိုင်းပင် အသက်-၄၀အရွယ် လူဝကြီး တစ်ဦး၏ ဘေးနားမှာ အသက် ၂၀ဝန်းကျင် ကောင်မလေးတစ်ဦးက ရှိနေသည်။ သူမ၏ အဝတ်အစားများက ကပိုကရိုဖြစ်နေပြီး မျက်ရည်များကျနေသည်။ သူမ၏ ပုံစံက ထိတ်လန့်ဖွယ်တစ်ခုခုနှင့် ကြုံခဲ့ရပုံပေါ်သည်။
“မင်း…မင်းတို့က ဘယ်သူလဲ”
ထိုလူဝကြီး၏ မျက်နှာကနီမြန်းနေပြီး စကားက ဗလုံးဗထွေးဖြစ်နေပုံအရ အရက်သောက်ထားပုံရသည်။
“ဪ ကျန်း ကျန်းကျုံး..ငါ့ရုပ်ရှင်အဖွဲ့သားကို ဒါမျိုးလုပ်ရဲတယ်ပေါ့”
ဝမ်ချုံးက ထိုလူဝကြီးကို ချက်ချင်းမှတ်မိသည်။
“ညီလေးဖန့်၊ ဒီကောင်က ငါတို့ရုပ်ရှင်ရဲ့ လက်ထောက်ဒါရိုက်တာလေ။ သူက ပညာလေးတော့တော်ပေမဲ့ မဟုတ်တရုတ်တွေလုပ်တတ်တယ်ဆိုပြီး သတင်းသဲ့သဲ့ကြားနေတာကြာပြီ။ အခုတော့ ငါကြားထားတဲ့ သတင်းတွေက မှန်တာထက်ကိုပိုသေးတယ်”
“မင်းရဲ့ သောက်မျက်လုံးကိုဖွင့်ပြီး ငါဘယ်သူလဲဆိုတာ မြင်အောင်ကြည့်စမ်း”
ဝမ်ချုံးက ထိုလူကို ပါးချလိုက်သည်။
“သခင်…သခင်လေးဝမ်”
ကျန်းကျန်းကျုံးက ဝမ်ချုံးကိုမှတ်မိသွားပြီး ကြောက်လန့်တကြားဖြစ်နေသည်။ သူက အရက်မူးပြီး မကောင်းတာကျူးလွန်မိသော်လည်း အခုလိုမျိုး ဝမ်ချုံးကိုယ်တိုင် သူ့လုပ်ရပ်ကို မြင်သွားလိမ့်မည်ဟု မတွေးထားပေ။
ဒါပေမဲ့ ဒီကောင်မလေးကို ဆွံ့အနားမကြားတစ်ယောက်ဖြစ်သည်။ သူမက လုံခြုံရေးကိုလည်း မခေါ်နိုင်ဘဲနဲ့ သူတို့က ဘယ်လိုရောက်လာကြတာလဲ။
“မင်းအဆင်ပြေရဲ့လား”
ဖန့်ကြွယ်ယွီက ကောင်မလေးကို ဆွဲထူပေးသည်။ သူမက ကြောက်လန့်ပြီး တစ်ကိုယ်လုံးတုန်ရီနေပြီး မျက်လုံးများကလည်း ဂဏာမငြိမ်ဖြစ်နေသည်။
“ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့ကိုပြောပြ။ မင်းဘက်ကနေ ငါတို့ မားမားမတ်မတ်ရပ်တည်ပေးမယ်”
စကားမပြောနိုင်ပေမဲ့ မိန်းကလေးက စိတ်ထဲကနေတစ်ဆင့် ဖန့်ကြွယ်ယွီအား ရှင်းပြနေသည်။
သူမက ဖန့်ကြွယ်ယွီကို တအံ့တဩကြည့်နေသည်။ ထိုကဲ့သို့နည်းလမ်းဖြင့် ဆက်သွယ်နိုင်သည့်အပေါ် သူမက အထူးတဆန်းဖြစ်နေသည်။
မိန်းကလေး၏ ဇာတ်ကြောင်းကို နားထောင်ပြီးနောက် ဖန့်ကြွယ်ယွီ၏ မျက်နှာက မာကြောခက်ထန်လာသည်။
ကောင်မလေး၏ နာမည်က သင်းခယ့်ဖြစ်ပြီး ဆွံ့အနားမကြားတစ်ဦးဖြစ်သည်။ သို့သော် သူမ၏ ချောမောလှပသည့် ရုပ်ရည်ကြောင့် ဤရုပ်ရှင်တွင် ဇာတ်ပို့နေရာက အရွေးချယ်ခံလိုက်ရသည်။ ကျန်းကျန်းကျုံး၏ အကြံက အသက်ငယ်ရွယ်ပြီး အပြစ်ကင်းစင်လှသူ မိန်းကလေးအတွက်တော့ ကြောက်မက်ဖွယ်အိပ်မက်ဆိုးတစ်ခုဖြစ်သည်။
သိပ်မကြာခင်မှာ တခြားရုပ်ရှင်အဖွဲ့သားများရောက်လာကြပြီး မြင်လိုက်ရသည့်မြင်ကွင်းကိုကြည့်ကာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ချက်ချင်းသဘောပေါက်ကြသည်။
“ထွက်သွားစမ်း”
ဝမ်ချုံးက အော်ဟစ်ပြီး ကျုံးကျုံးကျန်းအား မောင်းထုတ်သည်။
“ဒီလိုကောင်မျိုးကို မောင်းထုတ်ရုံနဲ့ ဘယ်ရမလဲကွ။ မင်းဘာသာမင်း ရဲစခန်းကို သွားပြီး အဖမ်းခံမလား။ ငါ့နည်း ငါ့ဟန်နဲ့ မင်းကိုထောင်ထဲထည့်ပစ်ရမလား။ မင်း ကြိုက်တာရွေး”
“မစ္စတာဖန့်…မစ္စတာဖန့်..ကျွန်တော်..မူး..မူးပြီး မှားမိတာပါ”
“အရက်သောက်လို့ မှားမိပါတယ်ဆိုပြီး အကြောင်းပြချက်ပေးလိုက်ရုံနဲ့မင်းကိုခွင့်လွှတ်ရမယ်လား။ ဟေ့ရောင် အဲ့တာ ကလေးအထာတွေကွ။ အခုချိန်ကစပြီး ကျုံးကျုံးကျန်းကို ရုပ်ရှင်လောကထဲ ဘယ်တော့မှ ဝင်ခွင့်မပေးဘူး။ အေး သူ့ကိုလက်ခံတဲ့ ဘယ်ကုမ္ပဏီကိုမဆို ငါရအောင်ဝယ်ပြီး သူ့ကိုရော သူ့ကိုခန့်တဲ့လူကိုရော အလုပ်ထုတ်ပစ်မယ်”
အားလုံးက ထိုစကားကိုကြားပြီး ကြက်သီးမွေးညင်းထကုန်သည်။ ဖန့်ကြွယ်ယွီက ပြောသည့်အတိုင်း လုပ်နိုင်သည့် ငွေကြေးကြွယ်ဝမှုလည်း ရှိသလို အာဏာပါဝါလည်းရှိပေသည်။
သူ့ကိုအလုပ်ခန့်ပါက မည်သူမဆို ဒုက္ခရောက်သွားမည်ဟူသော ဖန့်ကြွယ်ယွီ၏ သတိပေးချက်ကို ဘယ်သူကမှ လျစ်လျူရှုရဲမည်မဟုတ်ပေ။
“ငါပြောဦးမယ်။ သရုပ်ဆောင်တွေရော ဒါရိုက်တာတွေရော အတူတူပဲ။ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို အလေးထားကြပါ။ ဇာတ်ပို့တွေ နဲ့ ရုပ်ရှင်အဖွဲ့သားတွေအပေါ် မလျော်ကန်တဲ့အပြုအမူတွေနဲ့ စော်ကားပြော ဆိုတာတွေကို ငါပြန်ကြားရရင် ချက်ချင်းအလုပ်ထုတ်ပစ်မယ်”
“ဒီနေ့အဖြစ်အပျက်ကို သင်ခန်းစာယူကြ။ တစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုဖြစ်စေ ဝမ်ချုံးကိုဖြစ်စေ ချက်ချင်းသတင်းပို့။ တစ်ခုခုများဖြစ်ခဲ့လို့ မင်းတို့က သက်သေအထောက်အထားခိုင်ခိုင်လုံလုံပြနိုင်မယ်ဆို မင်းတို့ကို သီးသန့်ဆုချမယ်”
“ဟူး”
အားလုံးက သက်ပြင်းချကုန်ကြသည်။ ဖန့်ကြွယ်ယွီက ဒီတစ်ကြိမ်မှာတော့ တကယ်စိတ်ဆိုးနေပုံရသည်။
စာစဉ်ပြီး၏