မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း
Vol. 104 Ch. 1454
အခန်း (၁၄၅၄) မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း
မရေမတွက်နိုင်သော သိပ်သည်းပြင်းထန်လှသည့် အမှောင်ထုအမျှင်တန်းများက ကျယ်ပြန့်သော ဗလာနယ်ထဲတွင် ရွေ့လျားနေပြီး ပတ်ဝန်းကျင်ကိုလွှမ်းမိုးသော မရဏဓားသွားများအသွင် ပြောင်းလဲသွားသည်။
“ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါးက နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ဒီအဆင့်အထိ အသုံးပြုနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျွမ်းကျင်သူများက စိတ်ထဲမှ တိတ်တဆိတ်တွေးတောရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။
ဖန်းယွင်ရှန်းနှင့် တိုက်ခိုက်နေသော တိုက်တိုင်းအောင်ဗုဒ္ဓသည်ပင် သူ၏စိတ်ထဲ တုန်လှုပ်မှုတစ်ခုခံစားလိုက်ရသည်။
သူ၏မျက်ဝန်းများက စကြာဝဠာအလွှာများကို ဖြတ်ကျော်ပြီး နတ်ဘုရားသတ်ဖြတ်ဓား၏ ဘေးနားတွင်ရှိနေသော ယွီယဲ့ကို စူးစိုက်ကြည့်လိုက်၏။
သူမမျက်ဝန်းများထဲမှ သေမင်းပမာ တိတ်ဆိတ်မှုဗလာနယ်ဖြင့် ပရမ်းပတာအဆုံးသတ်ကို ပုံဖော်ထားသည့်မြင်ကွင်းကိုကြည့်ရင်း တိုက်တိုင်းအောင်ဗုဒ္ဓ ထိုးထွင်းသိမြင်မှုတစ်ခုကို ရရှိလိုက်သည်။
နေရာတွင်ရှိနေသူများထဲတွင် ဖုလော်ကျီသည်လည်း အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။
သူက ရွှေအတောင် မဟာဂဠုန်မျိုးနွယ်မှဖြစ်သည်။
ရှေးခေတ်ကာလတွင် ငှက်မွှေးနတ်ဘုရားက စန့်ချင်ကျိုးဂိုဏ်းလက်အောက်တွင် ကျင့်ကြံခြင်းကို လေ့လာခဲ့သည်။
ထို့ကြောင့် နတ်မိစ္ဆာမျိုးနွယ်များထဲတွင် မဟာဂဠုန်မျိုးနွယ်များက စန့်ချင်အဆက်အနွယ်၏ ထူးခြားသောကျင့်စဉ်များအကြောင်း အများဆုံးနားလည်သူများ ဖြစ်ကြ၏။
ဖုလော်ကျီက ယွီယဲ့ကိုင်ထားသောဓားကို စူးစိုက်ကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
ပုံမှန်ဆိုလျှင် မည်မျှအရည်အချင်းရှိသူဖြစ်ပါစေ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ဤအဆင့်ထိ အသုံးပြုနိုင်မည် မဟုတ်ပေ။
သို့သော် အသုံးပြုနိုင်မည်ဆိုပါက... ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။
“မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း...”
ဖုလော်ကျီ ရေရွတ်လိုက်သည့် သူ့မျက်နှာတစ်ခုလုံးလည်း မဲမှောင်သွားသည်။
စန့်ချင်အဆက်နွယ် ကျမ်းစာ(၁၀)စောင်တွင် နောက်ဆုံးကျမ်းဖြစ်သော “မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” ကို ကျင့်ကြံထားသူများသာ နတ်ဘုရားအဆင့်သို့တက်လှမ်းပြီးသည်နှင့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို ဤအဆင့်ရောက်အောင် ထုတ်ဖော်နိုင်မည်ဖြစ်သည်။
ဖုလော်ကျီ၏ရေရွတ်သံကိုကြားသည်နှင့် လူတိုင်း တအံ့တသြ ဖြစ်သွားကြသည်။
“မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း” က စန်းချင်း(၃)ပါးတာအိုဝါဒတွင် စွမ်းအားအကြီးမားဆုံးများထဲမှ တစ်ခုဖြစ်၏။
ထိုကျမ်းစာက လောက၏ထိပ်တန်းပညာရပ်များထဲတွင်ပါဝင်ပြီး ကောင်းကင်နတ်ဘုရားအဆင့်ကိုပင် လွှမ်းမိုးနိုင်စွမ်းရှိသော ထူးခြားသည့်ပညာရပ်တစ်ခု ဖြစ်သည်။
ထိုပညာရပ်က ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကဲ့သို့ပင် တစ်ချိန်တွင် လူတစ်ယောက်သာလျှင် ကျင့်ကြံနိုင်သည်ဟု ကောလဟလများ ရှိခဲ့သည်။
စန့်ချင်အရှင်သခင်’လင်ပေါင်ထျန်းကျွင်း’ လောကကို မကျော်လွန်ခင်က ထိုပညာရပ်ကိုကျင့်ကြံရန် မည်သူမှ အရည်အချင်းမပြည့်မီခဲ့ကြပေ။
လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်သွားမှသာ နောက်လူတစ်ယောက်က ထပ်မံကျင့်ကြံခွင့်ရမည် ဖြစ်သည်။
သို့သော် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကဲ့သို့ပင် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းသည်လည်း နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့လေသည်။
မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနှင့်ပတ်သက်ပြီး နောက်ဆုံးသတင်းမှာ ထိုကျမ်းစာက နတ်ဘုရားသုတ်သင်အစီအရင်ကို အပြည့်အဝနားလည်ထားသူဖြစ်သော သောပေါင်ထျန်းကျွင်းလက်ထဲသို့ ရောက်ရှိသွားသည်ဆိုသောအချက် ဖြစ်၏။
သို့သော် သောပေါင်ထျန်းကျွင်းက အလယ်ခေတ်ကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းသည်လည်း သူနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး ဒဏ္ဍာရီအဖြစ်သာ ကျန်ရစ်တော့သည်။
ယနေ့မှ ဤလောကတွင် ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ယွီယဲ့ ခေါင်းမော့လိုက်ပြီး မျက်လုံးများကို ပြန်လည်ဖွင့်ဟလိုက်သည်။
သူမ၏အေးစက်သောအကြည့်များက သေမင်းပမာ တိတ်ဆိတ်မှုဗလာနယ်ဖြင့်ပြည့်နက်နေပြီး ဖုန်လော်ကျီကဲ့သို့သော ရန်သူများဆီသို့ ဖြတ်သန်းစီးဆင်းသွားသည်။
ထိုက်ရွှီးမူလနတ်ဘုရားအဆင့်အောက် နတ်မိစ္ဆာမျိုးနွယ် ၊ ငရဲကိုးထပ်နတ်ဆိုးများ ၊ ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံး သူမ၏အကြည့်ဖြတ်သန်းသွားသည်နှင့် ကျောရိုးတစ်လျှောက် အေးစိမ့်သွားရသည်။
ရန်ကျောက်ကဲ၏ နတ်သက်ကြွေဓားသိုင်းထွက်ပေါ်မလာခင်က နတ်ဘုရားသတ်ဖြတ်ခြင်းအစီအရင်က သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူများက နတ်ဘုရားများကို သတ်ဖြတ်နိုင်သည့် တစ်ခုတည်းသော အစီအရင် ဖြစ်ခဲ့သည်။
ထိုပညာရပ်များဖြင့်ဆိုလျှင် အစစ်အမှန်နတ်ဘုရားတစ်ပါးကလည်း နက်ရှိုင်းနတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်ပြီး နက်ရှိုင်းနတ်ဘုရားတစ်ပါးကလည်း ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်မည်ဖြစ်သည်။
အကယ်၍ ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက နတ်ဘုရားသုတ်သင်ဓား(၄)လက်ကို လက်ထဲတွင်ကိုင်ဆောင်ထားပါက ကောင်းကင်နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
ထိုသို့သတ်ဖြတ်နိုင်ရန်အတွက် နတ်ဘုရားသုတ်သင်အစီအရင်၏ အံ့မခန်းစွမ်းအားအပြင် မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းသည်လည်း အဓိကကျပေသည်။
ကံမကော်းသည်မှာ ကနဦးကောင်းကင်မှာပင် တာအိုအဆင့်သို့တက်လှမ်းသွားသည့် စန့်ချင်အရှင်သခင်’လင်ပေါင်ထျန်းကျွင်း’ အပြင် သောပေါင်ထျန်းကျွင်းသာလျှင် ‘မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း’ ကို ထိတွေ့ခွင့်ရခဲ့သည်။
ထို့ကြောင့် ကောင်းကင်နတ်ဘုရားအောက် အဆင့်ရှိသော ကျင့်ကြံသူ မည်သူမဆို ဤပညာရပ်ကို မထီမဲ့မြင်ပြုရဲခြင်း မရှိကြပေ။
စန့်ချင်အဆက်အနွယ်၏ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းက လူသားနှင့်နတ်ဘုရားအကြားမှ အတားအဆီးကို ဖြိုချဖျက်ဆီးနိုင်စွမ်းရှိကြောင်း မည်သူမှ သံသယမရှိကြပေ။
ထိုပညာရပ်က အစစ်အမှနနတ်ဘုရားမှ နက်ရှိုင်းနတ်ဘုရား ၊ နက်ရှိုင်းနတ်ဘုရားမှ ထိုက်ရွှီးမူလနတ်ဘုရား ၊ ထိုက်ရွှီးမူလနတ်ဘုရားမှ ကောင်းကင်နတ်ဘုရားအကြား ကွာဟချက်များကိုပင် ဖြတ်တောက်နိုင်စွမ်းရှိပေသည်။
ဤပညာရပ်ကို ထိပ်တန်းသိုင်းညာတစ်ရပ်ဟု ခေါ်ဆိုခြင်းအပြင် သတ်ဖြတ်မှုတွင် ထူးချွန်သောပညာဟု ခေါ်ဆိုပါက ပိုမိုသင့်တော်ပေမည်။
အနည်းငယ်မျှယိုစိမ့်ထွက်လာသော စွမ်းအားရောင်ဝါဖြစ်သည့်တိုင် ဖန်းယွင်ရှန်းမျက်ဝန်းများထဲမှ နက်ပြန်ရောင်နတ်ဆိုးမီးလျှံများက ပရမ်းပတာပျက်ဆီးမှုကို ခံစားမိသည်နှင့် လှုပ်ရှားတက်ကြွလာသည်။
သူမစိတ်ထဲမှ နတ်ဆိုးအငွေ့အသက်က အလိုအလျောက် ပိုမိုအားကောင်းလာသည်။
လင်ပေါင်ထျန်းကျွင်း။
ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး။
ဤနှစ်ယောက်က ကမ္ဘာပျက်ခြင်းကို ဆောင်ယူလာသူများအဖြစ် စာရင်းဝင်ခဲ့ကြသည်။
သို့သော် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးက အမှန်တကယ် ဆင်းသက်လာခြင်းမရှိသဖြင့် ဆိုးရွားသော ဘေးအန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်မလာခဲ့ပေ။
သို့ပေသိ ဤနှစ်ယောက်က တာအိုလမ်းကြောင်းတွင် ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။
အကယ်၍ သူတို့(၂)ယောက်လုံး ကမ္ဘာပေါ်တွင် တပြိုင်တည်းရှိနေပါက သေချာပေါက် တိုက်ပွဲတစ်ခု ဖြစ်လာပေမည်။
ဖန်းယွင်ရှန်းရရှိထားသော ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာက ပြီးပြည့်စုံခြင်းမရှိသော်လည်း လုံးဝအိပ်မောကျနေခြင်း မဟုတ်ပေ။
“ဟား...”
ဖန်းယွင်ရှန်း တစ်ချက်အော်ဟစ်လိုက်သည်။
ထို့နောက် သူမမျက်ဝန်းများ ပြန်လည်တည်ငြိမ်လာပြီး စိတ်အခြေအနေလည်း ငြိမ်သက်သွားသည်။
ထို့နောက် သူမက တိုက်တိုင်းအောင်ဗုဒ္ဓနှင့် နတ်ဆိုးအငွေ့အသက် (၂)ခုလုံးအား ဆက်လက်ရင်ဆိုင်တိုက်ခိုက်သွားသည်။
ယွီယဲ့ကတော့ သူမလက်ထဲမှ နတ်ဘုရားသတ်ဖြတ်ဓားကို ထပ်မံဝှေ့ယမ်းလိုက်သည်။ အမှောင်ထုအမျှင်တန်းများက နေရာတိုင်းတွင် ပိုမိုသိပ်သည်းလာပြီး ရန်သူများရှိရာသို့ လျှင်မြန်စွာပင် ဖြတ်သန်းသွားကြသည်။
နတ်မိစ္ဆာများ ၊ နတ်ဆိုးများနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများအားလုံး ထိုအရာများကို ရှောင်ဖယ်ရုံမှလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြပေ။
“အမှောင်ထုအမျှင်တန်းတွေကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရှောင်ကြပါ ၊ အလျင်စလိုမလုပ်ကြနဲ့”
ဖုလော်ကျီက ယွီယဲ့ကိုစိုက်ကြည့်ရင်း သူ့လူများကို အော်ဟစ် သတိပေးလိုက်သည်။
“သူက အစစ်အမှန်နတ်ဘုရားအဆင့်ပဲရှိတာ ၊ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကြောင့်သာ နတ်ဘုရားသတ်ဖြတ်ဓားကို အသုံးပြုနိုင်တာ ၊ ခဏနေရင် သူ့ရဲ့စွမ်းအားကုန်ခမ်းသွားလိမ့်မယ်”
အစစ်အမှန်နတ်ဘုရားတစ်ပါးက ထိုသို့ စွမ်းအားကုန်ခမ်းမှုကို ခံနိုင်ရည် မရှိနိုင်ပေ။
အထူးသဖြင့် စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည့် ယွီယဲ့မှာ ရုပ်ခန္ဓာကြံ့ခိုင်မှုတွင် ထင်ရှားခြင်းမရှိပေ။
ဤနေရာတွင်ရှိနေသော ကျွမ်းကျင်သူများအားလုံးက သာမန်လူများမဟုတ်ပေ ၊ တိုက်ပွဲများစွာကိုဖြတ်သန်းခဲ့ကြသည့် အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြသည်။
ဖုလော်ကျီက ယွီယဲ့၏အားနည်းချက်ကို ထုတ်ဖော်ပြီးနောက် သူတို့အားလုံး အသက်ရှင်ရန် ဘာလုပ်ရမည်ကို နားလည်လိုက်ကြသည်။
ထို့ကြောင့် သူတို့က အမှောင်ထုချည်မျှင်တန်းများကို ဆက်လက်ရှောင်ရှားပြီး ယွီယဲ့အားအင်ကုန်ခမ်းသွားတော့မှ တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်လိုက်ကြသည်။
သို့သော် လူတိုင်းမျှော်လင့်မထားသည့်ကိစ္စ ဖြစ်ပျက်လာခဲ့သည်။
ယွီယဲ့က အားအင်ကုန်ခမ်းသွားခြင်းမရှိဘဲ နတ်ဘုရားသတ်ဖြတ်ဓားဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်လာသည်။
တိုက်ခိုက်မှုလှိုင်းများက တက်လိုက်ကျလိုက်ဖြင့် သူမ၏ စွမ်းအားကြီးမားမှုက လူတိုင်း၏ထင်မြင်ချက်ကို ကျော်လွန်သွားသည်။
အမှောင်ထုအမျှင်တန်းများက ဗလာနယ်တစ်ခုလုံးကို လွှမ်းခြုံထားပြီး တစ်ခုနှင်တစ်ခု ယှက်နွယ်သွားလေရာ သူတို့အအေနဖြင့် ရှောင်တိမ်းရန် မတတ်နိုင်ကြတော့ပေ။
ထိုအချိန် လူပေါင်းများစွာမှာ ဓားသင်္ကေတ အမှောင်ထုအမျှင်တန်းများဖြင့် ထိမှန်ခံလိုက်ရပြီ ဖြစ်၏။
သွေးများပေကျံစွန်းထင်းခြင်းမရှိ ၊ ရန်ငြိုးဖွဲ့ နာကျင်ခံစားရခြင်းများမရှိ။
သူတို့ခန္ဓာကိုယ်ထက်တွင် အနက်ရောင်သင်္ကေတတစ်ခုသာ ထင်ကျန်ရစ်ခဲ့ပြီး ထိုသင်္ကေတက သေမင်းရောက်ရှိလာသည့်ပမာ မလွှဲမရှောင်သာ သေခြင်းတရားကို ဖြစ်ပေါ်စေသည်။
ယွီယဲ့၏ဓားအလင်းရောင်ဖြတ်သန်းရာနေရာတိုင်း သူမက စစ်မြေပြင်ကို ရိတ်သိမ်းကာ ရန်သူများ၏အသက်ကို တစ်ယောက်ပြီးတစ်ယောက် သိမ်းယူသွားသည်။
“အတော်ဆိုးတာပဲ”
မြင်ကွင်းကိုကြည့်ရင်း လူတိုင်း စိတ်မသက်မသာ ညည်းညူမိကြသည်။
ယွီယဲ့၏ညာဘက်လက်က နတ်ဘုရားသတ်ဖြတ်ဓားကိုကိုင်ထားပြီး နျဲ့ကျင်းရှန်၏ ဘယ်လက်က သူမ၏လက်ကို အုပ်မိုးဆုပ်ကိုင်ထားသည်။
ထို့နောက် နတ်ဘုရားသတ်ဖြတ်ဓားအနီးတွင် ဖြူဖျော့သည့်အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ထိုအဖြူရောင်အလင်းက သူ၏ပုံစံကိုထိန်းသိမ်းထားပြီး ကြီးထွားလာခြင်းမရှိသလို ကျုံ့ဝင်သွားခြင်းလည်းမရှိပေ။ ယိမ်းယိုင်သွားခြင်းမရှိ ၊ ပျက်ဆီးသွားခြင်းမရှိ ၊ ထာဝရတည်ရှိနေလေသည်။
ထိုအလင်းရောင်က ကောင်းကင်ဖွင့်လှစ်ပြီး မိုးမြေမပိုင်းခြားခင်ကပင် တည်ရှိခဲ့သည့်ပမာ ဖန်ဆင်းခြင်းကိုကျော်လွန်လျှက် မူလပုံစံကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
အမှန်တော့ ဖုလော်ကျီ၏ခန်းမှန်းချက် မမှားပေ။
ယွီယဲ့တစ်ယောက်တည်းသာဆိုလျှင် နတ်ဘုရားသတ်ဖြတ်ဓားကိုအသုံးပြုရင်း ခံနိုင်ရည်မရှိဘဲ စွမ်းအားကုန်ခမ်းသွားမည် ဖြစ်သည်။
ယခု နျဲ့ကျင်းရှန်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေသည့်တိုင် ကန့်သတ်ချက်တစ်ခု ရှိနေသေးသည်။
သို့သော် သူတို့ရရှိသည့် အကန့်အသတ်ရှိသော အချိန်အတွင်းမှာပင် သူတို့က ရန်သူများကို တန်းစီသတ်ဖြတ်ပစ်နေပြီး သူတို့ရှေ့တွင် ရပ်တန့်နေသူမှန်သမျှကို သုတ်သင်ပစ်ခဲ့သည်။
ထိတ်လန့်ဖွယ်ရာ အမှောင်ထုအမျှင်တန်းများက ကိုယ်ပိုင်ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပုံရသည်။ ထိုအမျှင်တန်းများက ဗလာနယ်ထဲတွင် ပျံသန်းနေသည့်တိုင် ရန်ကျောက်ကဲတို့အုပ်စုကိုတော့ တိုက်ခိုက်ခြင်းမရှိဘဲ တိကျစွာ ရှောင်တိမ်းသွားခဲ့၏။
ရန်ကျောက်ကဲ၊ ရန်တိ၊ ယွဲ့ကျန့်ပေ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက ရှေးဟောင်းဓားဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြသည်။
ရန်ကျောက်ကဲက ဝမ်းမြောက်ဝမ်းသာစွာဖြင့် သက်ပြင်းချလိုက်ပြီး...
"ဂိုဏ်းတူအစ်ကိုနျဲ့၊ ဂိုဏ်းတူအစ်မယွီ၊ မင်းတို့နှစ်ယောက်လုံး ဘေးကင်းလို့တော်သေးတာပေါ့”
ရန်တိ၊ ယွဲ့ကျန့်ပေ၊ ကောင်းချင်းရွှမ်၊ လုန်ရှင်းချွမ်နှင့် အခြားသူများကလည်း အလားတူပင် ဝမ်းသာနေကြသည်။
“မင်းတို့နှစ်ယောက်ဘေးကင်းလို့ တော်သေးတာပေါ့”
နျဲ့ကျင်းရှန်က ခေါင်းညိတ်ရင်း...
“ကျွန်တော်တို့(၂)ယောက် မထင်မှတ်ဘဲ နေရာတစ်ခုကိုရောက်သွားခဲ့တယ် ၊ အဲဒီနေရာက အချိန်တွေက အရမ်းရှုပ်ထွေးတယ် ၊ အချိန်အတော်ကြာအောင်ကြိုးစားပြီးမှ ထွက်ပေါက်ရှာတွေ့ခဲ့တာပါ ၊ ကံကောင်းတာက... အပြင်ဘက်က အချိန်စီးဆင်းမှုနဲ့ အရမ်းကွာခြားမနေခဲ့တာပဲ ၊ မဟုတ်ရင် ပြန်လာဖို့ ဘယ်လောက်ကြမယ်မှန်းတောင် မသိနိုင်ဘူး”
သူက ဆက်ပြောလိုက်သည်။
"နတ်ဘုရားသတ်ဖြတ်ဓားကို သောပေါင်ထျန်းကျွင်းဆရာသခင်ဆီက ရရှိခဲ့တာပါ ၊ ဒါပေမဲ့ သောပေါင်ထျန်းကျွင်းဆီက အကူအညီတော့ မျှော်လင့်လို့မရတော့ပါဘူး”
နျဲ့ကျင်းရှန်က တည်ကြည်သောအသံဖြင့် ဆက်ပြောလိုက်၏။
“သူ သေဆုံးသွားခဲ့ပါပြီ... အသေးစိတ်ကိစ္စတွေကိုတော့ အခုတိုက်ပွဲကိုကိုင်တွယ်ပြီးမှ ဆက်ပြောကြရအောင်”
ထို့နောက် သူ၏အကြည့်များက အဝေးတစ်နေရာမှ ရွှေရောင်မီးအိမ်များ ၊ အစိမ်းရောင်ကြာပန်းများဖြင့်ပြည့်နက်နေသည့် နယ်မြေဆီသို့ ရောက်ရှိသွားလေသည်။
ထိုနေရာတွင် တိုက်တိုင်းအောင်ဗုဒ္ဓသည်လည်း သူတို့ကို စူးစိုက်ကြည့်လျှက် ရှိလေ၏။