အဆင်မပြေမှုများဖြင့်အဆုံးသတ်ခြင်း
Vol. 104 Ch. 1456
အခန်း (၁၄၅၆) အဆင်မပြေမှုများဖြင့်အဆုံးသတ်ခြင်း
ရှီကျွင်း၊ ရွှီဖေးနှင့် ယင်ယွီကျန်းတို့က အလင်းရောင်အစုအဝေးဖြင့် ဖန်တီးထားသည့် နယ်မြေထဲတွင် ရှိနေကြသည်။
အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များက သူတို့နှင့် လုံးဝ မသက်ဆိုင်လှပေ။
သူတို့တတ်နိုင်သည်က နတ်ဆိုးများကို ဖိနှိပ်ရန်နှင့် သူတို့ ပြန်လည်မွေးဖွားလာမည်ကို တားဆီးရန်သာ ဖြစ်သည်။
နတ်ဆိုးသင်္ကေတနှင့် နတ်ဆိုးအငွေ့အသက်များကို အပြည့်အဝ ဖယ်ရှားနိုင်ခဲ့လျှင် အခြားမည်သည့်ထူးခြားချက်မှ မရှိသရွေ့ ဤဖြစ်စဉ် ပြီးဆုံးသွားပေမည်။
ထိုအချိန်ရောက်လျှင် သူတို့ မည်သည့်အရာကိုမှ စိုးရိမ်စရာ မလိုတော့ပေ။
အပြင်ဘက်မှာတော့ နတ်ဆိုးချီများ ပတ်ဝန်းကျင်ကိုလွှမ်းခြုံလာပြီး အခြေားသောနတ်ဆိုးများချဉ်းကပ်လာမှုကို ပြသနေသည်။
ရွှီဖေးနှင့် ရှီကျွင်းတို့လည်း အန္တရာယ်ကို ခံစားမိကြသည်။
သို့သော် သူတို့က လက်ရှိအလုပ်ကိုပင် ဆက်လက်လုပ်ဆောင်နေပြီး မည်သည့်အရာကိုမှ အာရုံမစိုက်ခဲ့ကြပေ။
ကံကောင်းစွာဖြင့် နတ်ဆိုးချီများ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားလေရာ ရွှီဖေးနှင့် ရှီကျွင်းတို့လည်း များစွာ စိတ်သက်သာရာ ရသွားခဲ့သည်။
ကျွမ်းကျင်သူများ ချဉ်းကပ်လာပြီး ပြန်လည်ထွက်ခွာသွားကြသဖြင့် သူတို့ စိတ်အေးလက်အေး ရှိသွားကြသည်။
"ရှီကျွင်းလေး၊ နည်းနည်းလောက်ထပ်ပြီး တောင့်ခံထားဦးနော်”
ရွှီဖေးက မြေခွင်းပုလဲ၏စွမ်းအားကို အသက်သွင်းရင်း ပြောလိုက်သည်။
ရှီကျွင်းက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
သာမန်လူများနှင့်ယှဉ်လျှင် သူ၏ကျင့်ကြံခြင်းက အတော်လေးမြင့်မားသည်ဟု ပြောနိုင်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာတစ်ခုတွင်သာဆိုလျှင် သူ၏အဆင့်ကို အထွတ်ထိပ်အဆင့်ဟု ခေါ်ဆိုနိုင်သည်။
သို့သော် သူရင်ဆိုင်နေရသောရန်သူက မဖြစ်နိုင်သော အခက်အခဲများဖြင့် ပြည့်နက်နေသည်။ ရန်ကျောက်ကဲနှင့် ချန်ရွှမ်ကျုန်းတို့က မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ဖယ်ရှားရန် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့သော်လည်း ၎င်းတွင် သတ်မှတ်ထားသော လိုအပ်ချက်များ ရှိနေသည်။
ယခု ရှီကျွင်းက ထိုဝန်ထုပ်ဝန်ပိုးကို တစ်ယောက်တည်း ထမ်းပိုးနေရပြီး အချိန်မရွေး ပြိုလဲသွားနိုင်သည်။
သူက အံတင်းတင်းကြိတ်ရင်း တောင့်ခံလျှက်ရှိသည်။
ရှီကျွင်းက ဖြည်းညင်းသောလေသံဖြင့်...
"စိတ်မပူပါနဲ့ ဆရာ ၊ ကျွန်တော် ခံနိုင်ပါတယ် ၊ အောင်မြင်လုနီးပါး ဖြစ်နေပါပြီ ။ ဒီပြဿနာရင်းမြစ်ကို အဆုံးသတ်ဖို့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနိုင်ရမှာလဲ”
ရွှီဖေးက ခေါင်းညိတ်ပြီး မြေခွင်းပုလဲ၏စွမ်းအားကို ဆက်လက်အသက်သွင်းရင်း နတ်ဆိုးများကိုဖိနှိပ်နေသော ရှီကျွင်းနှင့် ယွင်ယွီကျန်းကို ကူညီပေးနေသည်။
ရုတ်တရက်...
သူ အနည်းငယ် မျက်နှာပျက်သွားသည်။
သူ မြေခွင်းပုလဲကို အသက်သွင်းနေစဉ် တစ်စုံတစ်ယောက်က မြေခွင်းပုလဲ၏အလင်းရောင်ဖြင့် ဖန်တီးထားသော နယ်မြေကို ဆုတ်ဖြဲလိုက်ကြောင်း မသိမသာ ခံစားလိုက်ရလေသည်။
သူ့စိတ်ထဲ မကောင်းသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။
မကြာမီမှာပင် ခရမ်းရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် သူတို့ရှေ့တွင် ထွက်ပေါ်လာသည်။
ထိုလူငယ်၏မျက်နှာက ဘာကိုမှအရေးမစိုက်ဟန် ပျင်းရိပျင်းတွဲပုံစံမျိုးဖြစ်သည်။
ယခု သူက ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကို ပျော်ရွှင်မြူးတူးသည့်အကြည့်ဖြင့် စူးစိုက်ကြည့်နေလေသည်။
ထိုသူ၏မျက်နှာကိုတွေ့လိုက်သည်နှင့် ရွှီဖေးတို့ဆရာတပည့် စိတ်ထဲ အေးခဲသွားမတတ် ခံစားလိုက်ရသည်။
ထိုသူက “ချန်ချန်းဟွာ” ပင် ဖြစ်လေ၏။
ချန်ချန်းဟွာ၏ ထူးခြားပြီး နားလည်ရန်ခက်ခဲသော အမူအကျင့်များကို ရန်ကျောက်ကဲမှလွဲပြီး မည်သူမှ နားမလည်နိုင်ကြပေ။
ရွှီဖေးတို့က ရန်ကျောက်ကဲထံမှ ကြားသိထားသည့်သတင်းများကြောင့် ချန်ချန်းဟွာအကြောင်း အတော်လေးသိရှိထားသည်။
သို့ဖြစ်ရာ ဤလူငယ် ရုတ်တရက် ထွက်ပေါ်လာခြင်းက သူတို့ကူညီရန်ဖြစ်မည်ဟု ရွှီဖေး လုံးဝ မယုံကြည်ခဲ့ပေ။
ချန်ချန်းဟွာက ပြုံးလိုက်ပြီး...
"စိတ်ဝင်စားစရာပဲ...."
ထို့နောက် သူက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး လေထဲတွင်ဝှေ့ယမ်းလိုက်ရာ မြေခွင်းပုလဲနယ်မြေသည်လည်း ညှိုးနွမ်းနေသော သစ်ပင်နှင့်အတူ အက်ကွဲသွားလေသည်။
ရွှီဖေး၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကြားရှိ ဗလာနယ်အာကာသ အက်ကွဲသွားပြီး ဧရာမတွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာသည်။
သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ရွှီဖေးနှင့် ရှီကျွင်းတို့သားအမိကြားတွင် ဗလာနယ်အက်ကွဲသွားပြီး ခွဲထုတ်ခြင်းခံလိုက်ရသည်။
မြေခွင်းပုလဲက နတ်ဘုရားတစ်ပါး၏ ရတနာဖြစ်သည်။
ရွှီဖေးက ထိုပုလဲ၏စွမ်းအားကို အသက်သွင်းနိုင်သော်လည်း အခြားသူများကိုတိုက်ခိုက်ရန်အတွက် ထိုရတနာကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။
သို့သော် သူက ရှီကျွင်းတို့ရှိရာသို့ မြေခွင်းပုလဲကို လှမ်းပစ်ပေးလိုက်သည်။
တစ်ချိန်တည်းပင် ဗလာနယ်အရှုပ်အထွေးများဖြစ်ပေါ်လာပြီး ရွှီဖေးမှာ ရှီကျွင်းတို့နှင့်ဝေးရာသို့ ဆွဲခေါ်ခံလိုက်ရသည်။
"ဆရာ..."
ရှီကျွင်း ညည်းညူသံတစ်ချက်ပြုရင်း အော်ခေါ်လိုက်သည်။
မြေခွင်းပုလဲ အကူအညီမရတော့သဖြင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ အပေါ် ဖိနှိပ်နိုင်မှုအားနည်းသွားပြီး နတ်ဆိုးက တန်ပြန်တိုက်ခိုက်မှုများ စတင်လာသည်။
ထို့ထက်ပိုပြီးအရေးကြီးသည်မှာ ယွင်ယွီကျန်းထံမှ နတ်ဆိုးအငွေ့အသက်ကို ဖယ်ရှားရန်မှာလည်း အရှိန်အဟုန် နှေးကွေးသွားခဲ့ခြင်းပင်။
သူတို့ အောင်မြင်ရန် ခြေတစ်လှမ်းသာသလိုတော့သည်။
ယင်ယွီကျန်းခန္ဓာကိုယ်ထဲမှ နတ်ဆိုးအငွေ့အသက် အကြွင်းအကျန် အနည်းငယ်ရှိနေသောကြောင့်သာ လုပ်ငန်းစဉ်က ကြာရှည်နေခဲ့ခြင်း ဖြစ်၏။
ယင်ယွီကျန်း၏ မျက်လုံးများက ဆက်လက်မှေးမှိတ်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်ပမာ ထင်မှတ်ရသည်။
သို့သော် သူမ၏ခန္ဓာကိုယ်ထဲတွင် အခြားသော အငွေ့အသက်တစ်ခု နိုးကြားထကြွလာသည်ကို အာရုံခံနိုင်သည်။
ရှီကျွင်း အံတင်းတင်းကြိတ်ရင်း ချန်ချန်းဟွာကို စိုက်ကြည့်လိုက်သည်။
ထို့နောက် သူက မည်သည့်စကားမှမပြောဘဲ မျက်လုံးများကိုမှိတ်လိုက်ပြီး စိတ်ခံစားမှုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။
သူက နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ကို ခုခံကာကွယ်ရင်း မိခင်ဖြစ်သူ အခြေအနေကိုလည်း တည်ငြိမ်အောင်ကူညီရန် ကြိုးစားနေသည်။
ချန်ချန်းဟွာက ပျင်းရိပျင်းတွဲလေသံဖြင့်...
“မင်း တခြားသူတွေ လာကူညီမှာကိုစောင့်နေတာဆိုရင်တော့ မလိုအပ်တော့ဘူး”
သူက ဆက်ပြောလိုက်သည်။
“ငါက တမင်သက်သက် အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေကို ဒီကိုမျှားခေါ်လာခဲ့တာ ၊ ဒီတော့... ဖုယွင်ချီနဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အချိန်တိုအတွင်း ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး”
ရှီကျွင်း မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ချန်ချန်းဟွာကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများအကြောင်း ယခင်က ကြားခဲ့ဖူးသည်။
သို့သော် သူက ထိုသူများအကြောင်း အနည်းငယ်သာသိရှိပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အကြောင်း သိရှိခဲ့ခြင်း မရှိပေ။
သို့ပေသိ အနည်းဆုံးတော့ ပြင်ပတာအိုကျင့်ကြံသူများနှင့် လမ်းမှန်တာအိုဝါဒကြား ပဋိပက္ခရှိကြောင်း သူ သိရှိထားသည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှခွဲထွက်ပြီး နေရာရွှေ့ပြောင်းသွားခြင်းမှာ အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများနှင့် သက်ဆိုင်ကြောင်းကိုလည်း သိရှိထားသည်။
ထိုသူများက လမ်းမှန်တာအိုဝါဒအတွက် အကြီးမားဆုံး ရန်သူများဖြစ်သည်။
ယခု ချန်ချန်းဟွာက သူတို့နှင့်ပူးပေါင်းလိုက်ကြောင်း သိရသည့်အခါ စိတ်ထားဖြောင့်မတ်သော ရှီကျွင်း ဒေါသထွက်သွားရသည်။
သူက ဒေါသကို အတင်းအကျပ် ထိန်းချုပ်ထားပြီး စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ကို ဆက်လက်ခုခံနေသည်။
ချန်ချန်းဟွာ၏ ပျင်းရိပျင်းတွဲအမူအရာက မပြောင်းလဲဘဲရှိနေပြီး သူက အမတခုံရုံးနှင့် ပြင်ပတာအိုကျင့်ကြံသူများအကြောင်း ထပ်မပြောတော့ပေ။
ဤကိစ္စများက ချန်ချန်းဟွာအတွက် လုံးဝ စိတ်ဝင်စားစရာ မကောင်းခဲ့ပေ။
သူက ရှီကျွင်း ဒေါသထွက်သွားစေရန် မရည်ရွယ်ဘဲ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်ခြင်း ဖြစ်၏။
ပြီးတော့ ရှီကျွင်း၊ ယင်ယွီကျန်း၊ သို့မဟုတ် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်မွေးဖွားမှုကိစ္စများကိုလည်း သူက စိတ်ဝင်စားခြင်း မရှိပေ။
ချန်ချန်းဟွာ ပိုပြီးစိတ်ဝင်စားသည့် ကိစ္စတစ်ခု ရှိနေသည်။
“မင်းတို့နှစ်ယောက်သာ နတ်ဆိုးအဖြစ်ပြောင်းလဲသွားရင် ရန်ကျောက်ကဲ ဘာများလုပ်မလဲမသိဘူး”
ချန်ချန်းဟွာ၏ ရုတ်တရက် မေးခွန်းက ရှီကျွင်းကို အံ့အားသင့်သွားစေသည်။
“သူက မင်းတို့ကို သတ်ပစ်မလား ၊ ဒါမှမဟုတ် အန္တရယ်ကိုခါးပိုက်ထဲထည့်ပြီး မင်းတို့ကို ဆက်ရှင်သန်ခွင့်ပေးမလား”
ချန်ချန်းဟွာမျက်နှာထက်မှ ပျင်းရိပျင်းတွဲအမူအရာ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာသည်။
ရှီကျွင်းက ချန်ချန်းဟွာကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး...
“မင်းက အရူးပဲ”
ရှီကျွင်း၏ မှတ်ချက်က ချန်ချန်းဟွာကို ဒေါသမထွက်စေခဲ့ပေ။
သူက ဆက်ရေရွတ်နေသည်။
"ရန်တိက ဘာလုပ်မလဲ... နျဲ့ကျင်းရှန်ကရော ဘာလုပ်မလဲ"
သူ့ပုံစံက စူးစမ်းလိုစိတ် အပြည့်နှင့်ဖြစ်သည်။
“မင်းက အဲဒီသားအဖနဲ့ တစ်ဂိုဏ်းတည်းမဟုတ်လား ၊ မင်း သူတို့အကြောင်းသိသလောက်နဲ့ ခန့်မှန်းကြည့်စမ်း ၊ သူတို့ ဘာလုပ်မယ်ထင်သလဲ”
ရှီကျွင်းက ချန်ချန်းဟွာထက်အားနည်းနေသော်လည်း ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
သူက ချန်ချန်းဟွာကို ဆဲဆိုကြိမ်းမောင်းရန် ဟန်ပြင်လိုက်သည်။
သို့သော် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ၏ တန်ပြန်တိုက်ခိုက်မှုကို ခံစားလိုက်ရသောအခါ သူက စိတ်အာရုံပြန်လည်စုစည်းပြီး နတ်ဆိုးအငွေ့အသက်များကို တိုက်ခိုက်ရန် အာရုံစူးစိုက်လိုက်ရသည်။
ချန်ချန်းဟွာက ရှီကျွင်းတို့သားအမိဘေးသို့ လျှောက်လာပြီး ပြီးလိုက်၏။
“တကယ်လို့ ငါက ပြင်ပတာအိုကျင့်ကြံသူတွေကို မင်းတို့နှစ်ယောက်ကို ဉာဏ်အလင်းပေးခွင့်ပြုလိုက်ရင်... သူတို့မှာ ရွေးချယ်စရာတစ်ခုပဲရှိတယ် ၊ အဲဒါက မင်းတို့ကို ဖမ်းဆီးထိန်းသိမ်းပြီး စောင့်ကြည့်ဖို့ပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းတို့နှစ်ယောက် ငရဲကိုးထပ်အမှောင်ထုထဲကျရောက်သွားရင်တော့ ဘာဖြစ်မလဲ ငါလည်း သေချာမသိဘူး ၊ ဘာလို့လဲဆိုတော့ မင်းတို့ထဲကတစ်ယောက်က ထိပ်တန်းမဟာနတ်ဆိုး(၁၂)ပါးထဲက တစ်ပါးဖြစ်လာမှာမို့လို့ပဲ”
သူက ခေါင်းမော့ပြီး သက်ပြင်းချလိုက်သည်။
“သူတို့ ဘာလုပ်မလဲ ငါသိချင်လိုက်တာ”
ရှီကျွင်းက အံတင်းတင်းကြိတ်ရင်း...
“ငါ ဘယ်တော့မှ ငရဲကိုးထပ်အမှောင်ထဲကို မကျစေရဘူး”
ထို့နောက် သူက နတ်ဆိုးများ၏ တန်ပြန်တိုက်ခိုက်မှုကို ဆက်လက်ဖိနှိပ်လိုက်သည်။
နတ်ဆိုးတွန်းလှန်အင်းသင်္ကေတက နတ်ဆိုး(၂)ယောက်ကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။
သို့သော် ရှီကျွင်းက သူ့အတွက် နောက်ဆုံးနည်းလမ်းကို ပြင်ဆင်ထားပြီး ဖြစ်သည်။
သူက ငရဲကိုးထပ်သို့အကျခံမည့်အစား သေရမည်ကိုသာရွေးချယ်ပေမည်။
ထိုအချိန် ချန်ချန်းဟွာက ရုတ်တရက် လှုပ်ရှားလိုက်သည်။
အရင်ဆုံးသူက ယင်ယွီကျန်းထံသို့ လက်ညှိုးလက်ခလယ်ဖြင့် ညွှန်ပြလိုက်ရာ ယင်ယွီကျန်း၏ ခန္ဓာကိုယ်က တုန်ခါလာသည်။
ထို့နောက် သူမနဖူးထက်ရှိ အက်ကွဲကြောင်းက ပိုမိုကျယ်ပြန့်လာပြီး အတွင်းမှ နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာသည်။
ရှုံးနိမ့်လုဆဲဆဲဖြစ်နေသော မြေကမ္ဘာပလ္လင်နတ်ဆိုးက နက်ရှိုင်းသည့်ဟိန်းဟောက်သံတစ်သံ ထုတ်လွှတ်လိုက်ပြီး သူ၏ ပြန်လည်နိုးထာလာမှုကို ကြေညာလိုက်၏။
ရှီကျွင်းမျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်လုံးထဲတွင် အနီရောင်သွေးကြောများ ထင်ဟပ်လာသည်။
သူက ချက်ချင်း မျက်လုံးများကို ပိတ်လိုက်သည်။
နတ်ဆိုးတွန်းလှန်အင်းသင်္ကေတ၏ည် အကျိုးသက်ရောက်မှု စတင်လာသည်။
ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကြားတွင် ယှက်နွယ်နေသော နတ်ဆိုးချီများပုံပျက်သွားသည်။
သို့သော် ချန်ချန်းဟွာက ရယ်မောပြီး ထပ်မံလက်ညှိုးထိုးလိုက်ရာ ရှီကျွင်းထုတ်ဖော်လိုက်သော နတ်ဆိုးတွန်းလှန်အင်းသင်္ကေတ ရပ်တန့်သွားရသည်။
“ဒီအင်းသင်္ကေတက အတော်စိတ်ဝင်စားစရာကောင်းတာပဲ ၊ ငါသဘောကျတယ်”
ချန်ချန်းဟွာက ချီးကျူးစကားဆိုလိုက်၏။
“ဒါပေမဲ့ ငါက ထပ်ခါတလဲလဲ ဖြစ်နေတဲ့ကိစ္စတွေကို အရမ်းမုန်းတယ် ၊ မင်းကို တစ်ခုခုထူးခြားတာဖြစ်လာအောင် လုပ်ပေးချင်တယ်”