ကောင်းကင်နတ်ဘုရားအဆင့်ကို ရင်ဆိုင်တိုက်ခိုက်
Vol. 104 Ch. 1457
အခန်း (၁၄၅၇) ကောင်းကင်နတ်ဘုရားအဆင့်ကို ရင်ဆိုင်တိုက်ခိုက်
ချန်ချန်းဟွာက လေထဲတွင် လက်ဖြင့်လှည့်ပတ်ပြီး ရေးဆွဲလိုက်သည်။
အလင်းရောင်များ ပြောင်းလဲသွားသည်နှင့်အမျှ နတ်ဆိုးတွန်းလှန်အင်းသင်္ကေတက ပုံပျက်ပန်းပျက် ဖြစ်သွားသည်။
ထို့နောက် သူက လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အတော်လေးကောင်းတယ်”
ရှီကျွင်း တစ်ချက်ညည်းညူရင်း မြေပေါ်သို့ လဲကျသွားသည်။
သူ၏မျက်ခုံးနှစ်ခုကြားမှ အက်ကွဲကြောင်းပွင့်ဟလာပြီး အတွင်းမှ မြေဝါရောင်နတ်ဆိုးအလင်းတန်းများထွက်ပေါ်လာကာ အနက်ရောင်မီးခိုးများပင် ထွက်ပေါ်လာသည်။
ချန်ချန်းဟွာက လုပ်စရာမရှိတော့သဖြင့် လက်နှစ်ဖက်နောက်ပစ်ရင်း စိတ်လှုပ်ရှားစွာ ဘေးမှကြည့်နေသည်။
သို့သော် ခဏကြာတော့ သူ ခေါင်းမော့ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသည်။
မြေခွင်းပုလဲ မရှိတော့သည်ဖြစ်ရာ သူ ဆုတ်ဖြဲခဲ့သော နယ်မြေက ပုံပျက်ပန်းပျက်ဖြင့် စတင်ပြိုပျက်လာသည်။
နယ်မြေ အက်ကွဲကြောင်းများမှတစ်ဆင့် အဝေးတစ်နေရာ ဗလာနယ်ဆီမှ အလင်းရောင်များကို တွေ့မြင်လိုက်ရသည်။
“ထပ်ရောက်လာကြတာလား ၊ မင်းတို့တွေ ငါ့ပျော်စရာကိုတော့ လာမဖျက်ဆီးကြနဲ့”
ချန်ချန်းဟွာ တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူက ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး ပြိုကျနေသော အလင်းရောင်နယ်မြေထဲမှထွက်ခွာကာ အဝေးဆီသို့ ပျံသန်းသွားသည်။
သူ ပိုမိုနီးကပ်လာသည်နှင့်အမျှ ဆန့်ကျင်ဘက်အရပ်မှ တောက်ပနေသည့် အလင်းရောင် ရပ်တန့်သွားသည်။
ထို့နောက် နဂါးနှင့်ကျားပုံရေးထိုးထားသောဝတ်ရုံကိုဝတ်ဆင်ထားသည့် လူရွယ်တာအိုဆရာတစ်ယောက်အသွင် ထွက်ပေါ်လာသည်။
ထိုသူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ငြိမ်သက်ဧကရာဇ်’ခွန်နင်ကျီ’ ဖြစ်သည်။
ယခင်က သူက နွယ်ပင်ဧကရီ’လီယင်း’ ၏ အမိန့်ကိုသာ နာခံသူဖြစ်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အဂ္ဂိရတ်ခန်းမသို့ ပြောင်းရွှေ့သွားသောအခါ နွယ်ပင်ဧကရီက စန့်ချင်အဆက်အနွယ်တစ်ခုလုံးအတွက် အကျိုးရှိသည့်ကိစ္စဖြစ်သဖြင့် ခွင့်ပြုခဲ့သည်။
ထို့ကြောင့် ခွန်နင်ကျီသည်လည်း ထျန်းစူးစကြာဝဠာသို့ ရောက်ရှိလာခဲ့သည်။
ယခု တာအိုဝါဒကျင့်ကြံသူများအားလုံး သူတို့ကြားမှရန်ငြိုးကိုဘေးဖယ်ထားပြီး ငရဲကိုးထပ်နတ်ဆိုးများကိုကိုင်တွယ်ရန်နှင့် ရေပလ္လင်နတ်ဆိုး ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးတို့ ပြန်လည်မွေးဖွားလာမည်ကို တားဆီးရန် ပူးပေါင်းလုပ်ဆောင်နေကြသည်။
ဝူတန့်မယ်တော်၏ ကူညီပေးမှုနှင့်အတူ စန့်ချင်အဆက်အနွယ်များက ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် အစွမ်းကုန်လှုပ်ရှားနေကြသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဦးဆောင်ထိန်းသိမ်းနေသည့် ကောင်းရွှယ်ပေါ်မှလွဲပြီး စန့်ချင်အဆက်အနွယ်မှ ကျွမ်းကျင်သူများအားလုံး ထွက်ခွာလာခဲ့ကြသည်။
ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့သည်လည်း ခြွင်းချက်မရှိခဲ့ပေ။
သူတို့က ပိုးသားဧကရာဇ် – ဖုယွင်ချီ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့နှင့်အတူ ပြင်ပဗလာနယ်ထဲတွင် အကာအကွယ်ပေးသူများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
တည်ငြိမ်ဧကရာဇ်က ဗလာနယ်ထဲတွင် ဖုံးကွယ်နေခဲ့ခြင်း ဖြစ်၏။
ရုတ်တရက် သူ့ပတ်ဝန်းကျင်တွင် နတ်ဆိုးချီများ တဟုတ်ထိုးထကြွလာသည်ကိုခံစားလိုက်ရသည်။
ထိုနတ်ဆိုးချီများက ပြင်းထန်ရက်စက်လွန်းပြီး သိပ်သည်းမှုများလွန်းသည်ဖြစ်ရာ သာမန်နတ်ဆိုးအဆင့်ထက် ကျော်လွန်နေသည်။
ထို့ကြောင့် သူက နတ်ဆိုးချီ ထွက်ပေါ်လာရာနေရာသို့ ချဉ်းကပ်လာခဲ့ခြင်းပင်။
မထင်မှတ်ဘဲ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့က ထိုနေရာတွင် ရှိနေခဲ့သည်။
သူ အနားသို့နီးကပ်လာချိန် ပြိုကျပျက်ဆီးနေသည့် အလင်းရောင်နယ်မြေမှ အလင်းတန်းတစ်ခု လှစ်ခနဲ ထွက်ပေါ်လာသည်။
ချန်ချန်းဟွာက သူ၏လမ်းကြောင်းကို ပိတ်ဆို့ရန် ရောက်ရှိလာခြင်းသာပင်။
နတ်ဆိုးချီများ ပိုမိုပြင်းထန်လာပြီး ဖိနှိပ်မရနိုင်လောက်သည့် အရိပအယောင်များ ပြသလာသည်။
ထိုသို့ခံစားမိတော့ ခွန်နင်ကျီ၏ရင်ထဲ ကျောက်တုံးတစ်တုံးဖိထားသည့်ပမာ လေးလံလာသည်။
ရန်ကျောက်ကဲတို့အုပ်စုက ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ နတ်ဆိုးသင်္ကေတဖယ်ရှားရာတွင် ဘေးကင်းစေရန်အတွက် အကူအညီတောင်းခဲ့ကြသည်။
အကယ်၍ ပြန်လမ်းမရှိသည့်အနေအထားသို့ရောက်သွားပါက စန့်ချင်အဆက်နွယ် ကျွမ်းကျင်သူများအနေဖြင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ငရဲကိုးထပ်သို့ ပြန်လည်ဝင်ရောက်ပြီး အားပြန်ပြည့်လာမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
ရှီကျွင်းတို့သားအမိသာ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားပါက ခွန်နင်ကျီသည်လည်း ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် နတ်မိစ္ဆာမျိုးနွယ်များကဲ့သို့ပင် သူတို့နှစ်ယောက်ကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်ထားသည်။
အန္တရယ်အငွေ့အသက်ကိုခံစားမိသည်နှင့် ခွန်နင်ကျီက သူ၏ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုခန္ဓာကို အားကိုးကာ ချန်ချန်းဟွာ၏တိုက်ခိုက်မှုများကို တောင့်ခံလျှက် ရှီကျွင်း၏ဘေးသို့ ချဉ်းကပ်လာခဲ့သည်။
ချန်ချန်းဟွာက သိုင်းသူတော်စင်အဆင့်သို့ ပြန်လည်ရောက်ရှိသွားသည့်တိုင် သူက ကနဦးကောင်းကင် မူလကောင်းကင်ကျမ်းစာ(၃)စောင်ကို ကျင့်ကြံထားသူဖြစ်လေရာ သူ၏တန်ခိုးစွမ်းအားက ထူးခြားနေဆဲဖြစ်ပြီး သိုင်းသူတော်စင်အဆင့်ထက် ကျော်လွန်နေသည်။
ချန်ချန်းဟွာက ခွန်နင်ကျီကို ထိခိုက်အောင်လုပ်နိုင်စွမ်း မရှိသော်လည်း သူက ထိန်းချုပ်မှုများပြုလုပ်ပြီး ရှီကျွင်းတို့ဆီသို့ ရောက်အောင်သွားခွင့် မပြုခဲ့ပေ။
“ငါ့ပျော်စရာကို မဖျက်ဆီးနဲ့”
သူက ပေါ့ပါးစွာပင် ပြောလိုက်သည်။
“မင်းလည်း ငါနဲ့အတူ ဒီနေရာမှာပဲ စိတ်ရှည်လက်ရှည်စောင့်ကြည့်နေစမ်းပါ ၊ ခဏနေရင် စိတ်ဝင်စားစရာတွေ တွေ့ရလိမ့်မယ်”
ခွန်နင်ကျီက မကျေမနပ် နှာမှုတ်လိုက်ပြီး သူ့ကိုယ်သူထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
အဝေးမှ အလင်းရောင်နယ်မြေက ဆက်လက်ပြိုကွဲနေပြီး အတွင်းမှထွက်ပေါ်လာသည့် နတ်ဆိုးချီများက ပိုမိသိပ်သည်းပြင်းထန်လာသည်။
***
အခြားတစ်ဖက်တွင်တော့ တာအိုဝါဒကျွမ်းကျင်သူများက နတ်ဘုရားသတ်ဖြတ်ဓားပတ်ပတ်လည်တွင် စုရုံးနေကြပြီး ဓားအစီအရင်တစ်ခု ဖွဲ့စည်းနေသည့်အလား ထင်မှတ်ရသည်။
ထိုအစီအရင်က ဖုလော်ကျီ၊ မြူခိုးအရိပ်နတ်ဆိုးဘုရင်နှင့် အခြားကျွမ်းကျင်သူများအားလုံးကို တားဆီးထားပြီး နယ်စည်းကျော်ကာ ဝင်ရောက်ခွင့်မပြုခဲ့ပေ။
တစ်ချိန်တည်းမှာပင် သူတို့က တိုက်တိုင်းအောင်ဗုဒ္ဓနှင့်လည်း ယှဉ်ပြိုင်နေကြသည်။
ယခု ရန်ကျောက်ကဲက နတ်ဘုရားသတ်ဖြတ်ဓားဘေးတွင် မတ်တတ်ရပ်နေလေသည်။
ယွီယဲ့က နတ်ဘုရားသတ်ဖြတ်ဓားကို ကောင်းချင်းရွှမ်ထံ လွှဲပြောင်းပေးပြီး ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
ထို့နောက် သူမက လက်ညှိုးလက်ခလယ်ဖြင့် ရန်ကျောက်ကဲ၏ မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်သည်။
သူတို့နှစ်ယောက်၏မျက်ဆံများထဲတွင် အစီအရင်သင်္ကေတများ မရပ်မနားထွက်ပေါ်လာသည်။
ယခင်တိုက်ပွဲတွင် ရန်သူအုပ်စုကြီးကိုခုခံခဲ့ရသဖြင့် ရန်ကျောက်ကဲတို့အုပ်စုမှာ များစွာ ပင်ပန်းနွမ်းနယ်နေကြရသည်။
လက်ရှိမှာတော့ အခြေအနေက ကောင်းချင်းရွှမ်အပေါ် များစွာ သက်ရောက်မှုရှိသည်။
သူမက ဖုလော်ကျီနှင့် မြူခိုးအရိပ်နတ်ဆိုးဘုရင်တို့ ရှေ့တက်မလာစေရန် တားဆီးရာတွင် ဦးဆောင်အင်အားဖြစ်သည်။
သူမ၏ နှစ်ကိုယ်ခွဲဓားသိုင်းကြောင့်သာ အလွန်တရာလျှင်မြန်သည့် ရန်သူ(၂)ယောက်ကို ကိုင်တွယ်နိုင်ခြင်း ဖြစ်၏။
ဤသို့တိုက်ခိုက်ခြင်းအတွက် သူမကိုယ်တိုင်ရော သူမ၏ကိုယ်ပွားပါ ပေးဆပ်ရမည့်တန်ဖိုး ရှိခဲ့သည်။
တိုက်ပွဲအစမှ ယခုချိန်ထိ ရှည်လျားစွာ ကြံ့ကြံ့ခံ တိုက်ခိုက်ခဲ့ပြီးနောက် သူမ၏ခန္ဓာကိုယ်က ဒဏ်ရာများဖြင့် ပြည့်နက်နေပေပြီ။
သို့သော် ကောင်းချင်းရွှမ်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏စွမ်းအာရောင်ဝါသည်လည်း ပြင်းထန်ထက်မြက်နေဆဲပင်။
သူမ နတ်ဘုရားသတ်ဖြတ်ဓားကို လက်ခံယူလိုက်သည်နှင့် ဓားကို ရုတ်ချည်းပင် ပိုမိုစွမ်းအားမြင့်မားလာသည်။
ယွီယဲ့ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းကို အသုံးပြုရင်း ကိုင်ဆောင်စဉ်ကထက်ပင် ပိုမိုအားကောင်းလာသည်။
အကြောင်းမှာ ကောင်းချင်းရွှမ်က ယွီယဲ့ထက် ကျင့်ကြံခြင်းအဆင့် များစွာမြင့်မားသောကြောင့် ဖြစ်၏။
နတ်ဘုရားသတ်ဖြတ်ဓားနှင့်အတူ သူမ၏ ပြင်းထန်ထက်ရှသော စွမ်းအားရောင်ဝါက အခြားသူများကို ကြောက်ရွံ့ထိတ်လန့်စေပြီး နောက်ဆုတ်သွားစေရန် ဖိအားပေးခဲ့သည်။
အစိမ်းရောင်ကြာပန်းထက်တွင်ရှိနေသော တိုက်တိုင်းအောင်ဗုဒ္ဓသည်ပင် ပြင်းထန်သော ဓားဝိညာဉ်ကို ခံစားလိုက်မိ၏။
သူက နတ်ဘုရားသတ်ဖြတ်ဓားကို လုံးဝကြောက်ရွံ့ခြင်းမရှိပေ။
စန့်ချင်အဆက်အနွယ် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် နတ်ဘုရားသတ်ဖြတ်ဓားကို ကိုင်ဆွဲထားလျှင်တောင်မှ သူ့အတွက် သိပ်ပြီးပြဿနာမရှိပေ။
သို့သော် ဖန်းယွင်ရှန်းကို ဖိနှိပ်ထားရင်း နတ်ဘုရားသတ်ဖြတ်ဓား၏စါမး်အားကို ရင်ဆိုင်ရမည်ဆိုပါက သူသည်ပင်လျှင် သတိထားရမည် ဖြစ်သည်။
ဖန်းယွင်ရှန်း၏ ခုခံမှုက ပိုမိုအားကောင်းလာနေကြောင်း တိုက်တိုင်းအောင်ဗုဒ္ဓ အာရုံခံမိသည်။
ထို့ပြင် သူစိုးရိမ်သည့် အခြားတစ်ခုလည်း ရှိနေသေးသည်။
"မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်း..."
ထိုနာမည်စိတ်ထဲပေါ်လာသည်နှင့် တိုက်တိုင်းအောင်ဗုဒ္ဓ သက်ပြင်းချလိုက်သည်။
“အော်မီတော်ဖော်”
ကျမ်းစာရွတ်ဆိုပြီးနောက် သူက ဖန်းယွင်ရှန်းအပေါ် ဖိနှိပ်ထားမှုကို ချက်ချင်းလွှတ်ပေးလိုက်သည်။
ဖန်းယွင်ရှန်း အံ့အားသင့်သွားရသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်ကြသည်။
ထို့နောက် ရွှေရောင်မီးအိမ် တောက်ပသွားပြီး အစိမ်းရောင်ကြာပန်း နေရာရွှေ့ပြောင်းသွားသည်။
ထိုအရာက နတ်ဘုရားသတ်ဖြတ်ဓားအထက်သို့ ချက်ချင်း ပြောင်းရွှေ့သွားပြီး ပြင်းထန်သောအလင်းရောင်များကိုထုတ်လွှတ်ကာ အောက်သို့ဖိနှိပ်လိုက်သည်။
သူက ဖန်းယွင်ရှန်းအပေါ် ဖိနှိပ်မှုကို လုံးဝစွန့်လွှတ်ခြင်းမဟုတ်ဘဲ ရန်ကျောက်ကဲတို့အုပ်စုကို ဦးစွာအနိုင်ယူရန် ရည်ရွယ်လိုက်ခြင်း ဖြစ်၏။
စောစောက တိုက်တိုင်းအောင်ဗုဒ္ဓက ဖန်းယွင်ရှန်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဝင်နေခဲ့သည်။
သူ လှုပ်ရှားမှုမပြုခြင်းက အသာစီးရနေသည့်သဘော ဖြစ်၏။
ယခု ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားက ဤလောကသို့ တဖန်ပြန်လည်ဆင်းသက်လာသည်။
သူက ရန်ကျောက်ကဲတို့အုပ်စုကို ဦးစွာအနိုင်ယူပြီး ၊ နောက်ပိုင်းမှ ဖန်းယွင်ရှန်းကိုဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။
သူရင်ဆိုင်ရမည့် တစ်ခုတည်းသော အန္တရာယ်မှာ ဖန်းယွင်ရှန်းက အခြားမည်သည့်အရာကိုမှမစိုးရိမ်တော့ဘဲ မူလကောင်းကင်ကပ်ဘေးကို အတင်းအကျပ်စိန်ခေါ်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းသွားခြင်းပင် ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲတို့အုပ်စုရှိနေသဖြင့် သူမက ထိုသို့စွန့်စားလုပ်ဆောင်မည် မဟုတ်ပေ။
လက်ရှိတွင် ဖန်းယွင်ရှန်းက အကောင်းဆုံးအနေအထားတွင် ရှိမနေခဲ့ပေ။
သူက ရန်ကျောက်ကဲတို့အုပ်စုနှင့် ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင်တောင်မှ တိုက်တိုင်းအောင်ဗုဒ္ဓက အရေးစိုက်မည် မဟုတ်ပေ။
လောလောဆယ်တွင် သူ့အနေဖြင့် အခြေအနေကို သင့်လျော်အောင်ကိုင်တွယ်ပြီး သူ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးရန်သာ လိုအပ်သည်။
“အိုး...”
အခြေအနေကို အလွန်အကျွံအာရုံစိုက်ထားသည့် ရန်ကျောက်ကဲမှာ ရုတ်တရက် သူ့စိတ်ထဲ တစ်စုံတစ်ခု လှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။
“ရှီကျွင်းရဲ့ နတ်ဆိုးတွန်းလှန်အင်းသင်္ကေတမှာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားပြီ”
သူ့ဘေးတွင်ရှိသော ရန်တိက မေးလိုက်သည်၊
"ဘာဖြစ်သွားတာလဲ..."
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ဘာဖြစ်မှန်း မသိရသေးဘူး ၊ ဒါပေမဲ့ အခြေအနေက သိပ်မျှော်လင့်စရာမရှိတော့ဘူး”
ရန်ကျောက်ကဲ၏စကားကို အတည်ပြုလိုက်သည့်ပမာ မြူခိုးအရိပ်နတ်ဆိုးဘုရင်နှင့် အခြားကျွမ်းကျင်သူများက တိုက်ခိုက်လိုသည့်စိတ်များ ပြန်လည်တက်ကြွလာကြသည်။
သူတို့က တာအိုဝါဒ ကျင့်ကြံသူများ၏ ခံစစ်စွမ်းအားကို ရှောင်တိမ်းကာ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ကို ဆက်လက်ရှာဖွေရန် ကြိုးစားလိုက်ကြသည်။
ရန်ကျောက်ကဲက အေးစက်စွာဖြင့်...
“မင်းတို့ဒီလိုလုပ်လေ ၊ ငါက မင်းတို့တွေ မာန်တက်နေတာကို ငါကချိုးပစ်ချင်လေပဲ”
ရန်ကျောက်ကဲ၊ ယွီယဲ့၊ လုန်ရွှယ်ကျီးနှင့် တိမ်လွှာခွင်းဧကရာဇ်တို့က ဦးတည်ရာ(၄)ခုသို့ ရွှေ့ပြောင်းလှုပ်ရှားလိုက်ကြသည်။
ယွဲ့ကျန့်ပေ၊ လုန်ရှင်းချွမ်၊ ရန်တိနှင့် နျဲ့ကျင်းရှန်တို့က ဘေးဘက်တွင် နေရာယူလိုက်ကြသည်။
ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွား ၊ နတ်ဘုရားသတ်ဖြတ်ဓားနှင့် လင်ချင်းတို့က အထက်သို့ ပျံသန်းသွားကြပြီး အားလုံး၏ ဦးခေါင်းထက်တွင် နေရာယူလိုက်ကြသည်။