ပြုတ်ကျခြင်း
Vol. 149 Ch. 2119
လေးမျက်နှာကျေးရွာက နောက်ထပ် ရက်အနည်းငယ်ကြာသည်ထိ ငြိမ်းချမ်းစွာ ဖြတ်သန်းခဲ့သည်။ လူတိုင်းက ဤရက်ပိုင်းတွင် တိတ်ဆိတ် ငြိမ်းချမ်းစွာ ကျင့်ကြံနေခဲ့ကြသည်။
ယခု ရီဖူရှင်းက လေးမျက်နှာကျေးရွာသားတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူက ကိုယ်ပိုင်နေရာကို စီမံပြီးနောက် ရှေးဟောင်းသစ်ပင်အောက်တွင် လူငယ်လေးများကို ကျင့်ကြံခြင်းနှင့် ပတ်သတ်သည့် သင်ခန်းစာများ မကြာခဏ ပေးတတ်သည်။ တဖြေးဖြေးနှင့် ပိုမိုများပြားသော လူငယ်များက ကျင့်ကြံခြင်းခရီးကို စတင်လာနိုင်သည်။
လက်ရှိတွင် ရီဖူရှင်းက ရှေးဟောင်းသစ်ပင်အောက်၌ ပေါ့ပါးလွတ်လပ်စွာ ထိုင်နေသည်။ အဝေး၌ အမျိုးသမီးတစ်ယောက် တိတ်ဆိတ်စွာရပ်နေပြီး ရီဖူရှင်းအား ကြည့်နေခဲ့သည်။ ထို့နောက် အသံတစ်ခုက သူ့စိတ်ထဲ ရောက်ရှိလာသည်။ "မဟာမိတ်ရှာဖို့ အစီအစဥ်တကယ်မရှိဘူးလား။"
ရီဖူရှင်းက အသံလာရာသို့ ကြည့်လိုက်သည့်အခါ အမြဲတောက်ပနေသော အန်းရော့ဆုကို မြင်လိုက်ရသည်။ ရီဖူရှင်းကလည်း စိတ်ချင်းပြန်ဆက်သွယ်ကာ ဖြေလိုက်၏။ "နတ်မိမယ်က ဘာပြောချင်နေတာလဲ။"
သူက ရှန်ချင်းနယ်မြေအတွင်း ထိပ်သီးအင်အားစုများကို ရှာဖွေကြည့်ခဲ့သည်။ အန်းရော့ဆုက အလယ်အလတ် ကောင်းကင်တတိယအလွှာနှင့် သက်ဆိုင်သော အဆင့်မြင့်ကောင်းကင်ကိုးလွှာ၏ အန်းမိသားစုမှ လာခြင်း ဖြစ်သည်။ ၎င်းက ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော အဓိကအင်အားစုတစ်ခု ဖြစ်သည်။
ပြောကြသည်မှာ အန်းမိသားစုက ရှေးဟောင်းတော်ဝင် မိသားစုတစ်ခု ဖြစ်ခဲ့သည်ဟု ဖြစ်သည်။ အတိတ်တွင် အန်းရော့ဆုက ရှေးဟောင်းတော်ဝင်မိသားစုမှ မင်းသမီးတစ်ပါးအဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်းက ယခုတွင် မိသားစုအုပ်ချုပ်မှုတစ်ခု ဖြစ်နေလျှင်ပင် ရှေးဟောင်းတော်ဝင်မိသားစုတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ၎င်း တည်ရှိမှုက ခမ်းနားသော သမိုင်းကြောင်းဖြင့် ထောက်ကန်ပေးထားပေသည်။
အန်းရော့ဆုသည် ရီဖူရှင်းအား မကြည့်တော့ဘဲ အဝေး၌ ထိုင်နေခဲ့သည်။ သူမက သူတို့ကြားမှ ဆက်သွယ်မှုအား လူအများကို သိစေချင်ပုံ မရပေ။
"တကယ်လို့ မဟာမိတ်ပူးပေါင်းခြင်း မလုပ်ခဲ့ရင် လေးမျက်နှာကျေးရွာက တသီးတခြား ခွဲထွက်သွားလိမ့်မယ်။" အန်းရော့ဆုက ပြန်ပြောလိုက်သည်။
ကိစ္စအများအပြားက ရိုးရှင်းသည့် အကြောင်းပြချက်ဖြင့် ဖြေရှင်း၍ မရနိုင်ပေ။ နယ်မြေသည် လေးမျက်နှာကျေးရွာနှင့် သက်ဆိုင်သော်လည်း သည်နေရာသို့ လာရောက်သော အင်အားစုများစွာက ၎င်းသည် ကံအခွင့်အလမ်းများ ရှိသော နတ်ဘုရားအမွေအနှစ်နယ်မြေဖြစ်ကြောင်း သိကြပေသည်။ သူတို့အား ထွက်သွားခိုင်းရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
"ရွာထဲမှာ ဆရာသခင် ရှိတယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ဆရာသခင်က အပြင်ဘက်လောကနှင့် သက်ဆိုင်သော ကိစ္စများကို ဝင်မစွက်သော်လည်း တစ်စုံတစ်ယောက်က ရွာအား တစ်ခုခု လုပ်လိုလျှင် ဆရာသခင်က လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
"ဆရာသခင်က တကယ်ကို အားကောင်းသန်မာပါတယ်။ ကျွန်မသိသလောက်တော့ ရှန်ချင်းနယ်မြေတစ်ခွင်လုံးမှာ ဆရာသခင်နဲ့ ခွန်အားက ထိပ်တန်းငါးယောက်ထဲ ဝင်တယ်။ ဒါပေမယ့် ဒီတစ်ခေါက် လေးမျက်နှာကျေးရွာ ရင်ဆိုင်ရမှာ အင်အားစုတစ်ခုတည်း မဟုတ်ဘူး။ တကယ်တော့ ဒီလူတွေကလည်း ဆရာသခင် ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မြင်ချင်နေကြတယ်။ သူက ထင်ထားတာထက် အားကောင်းသန်မာနေရင်တော့ အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီလိုမဟုတ်ခဲ့ရင် ဘာဆက်ဖြစ်မယ်လို့ ထင်လဲ။ ရှင် ဆရာသခင်ရဲ့ ခွန်အားနဲ့ ပတ်သတ်ပြီး သိရဲ့လား။" အန်းရော့ဆုက ပြောလိုက်သည်။
"ကြည့်ရတာ နတ်မိမယ်က ကျုပ်တို့ မသိတာတွေ သိထားတယ် ထင်တယ်။" ရီဖူရှင်းက တိုက်ရိုက်မတုံ့ပြန်ခဲ့ပေ။ အန်းရော့ဆု ပြောသည့်စကားမှ သူသည် ကျိုးကြောင်းဆင်ခြင်ကာ အဖြေကို ကောက်ချက်ချနိုင်သည်။ ယခု အင်အားစုများစွာက ပေါင်းစည်း၍ လေးမျက်နှာကျေးရွာကို ရင်ဆိုင်ရန် ပြင်ဆင်နေပုံရလေသည်။
သို့သော် ရှင်းလင်းစွာပင် ဤအင်အားစုများက သဘောတူညီမှု အပြည့်အဝ မရသေးပေ။ သို့မဟုတ်လျှင် အန်းရော့ဆုက ဤနေရာ၌ သူ့အား စကားလာပြောနေမည် မဟုတ်ပါချေ။ အဆုံးမှာတော့ သူတို့က တူညီသော အင်အားစုမှ မဟုတ်သလို သူတို့၏ စိတ်နှင့် နှလုံးသားများမှာလည်း လုံးဝ ဖြောင့်မတ်နေသည်မျိုး မဟုတ်ကြပေ။
တစ်ဖက်လူအား အားနည်းသွားစေရန် အင်အားစုအချို့နှင့် မဟာမိတ်ဖွဲ့လိုက်ခြင်းက မဖြစ်နိုင်သည်တော့ မဟုတ်သော်လည်း မည်သည့် အဖိုးအခ ပေးဆပ်ရမည်နည်း။
သူတို့က အနာဂတ်တွင် ထိုမဟာမိတ်များအား စိတ်ကြိုက်သွားလာဝင်ထွက်ခွင့် ပေးရလိမ့်မည်လား။
အန်းရော့ဆုက မတုံ့ပြန်ခဲ့သော်လည်း အမှန်တကယ်၌ သူမ သိထားသည့်အရာက အတော်လေး နည်းပါးပေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အင်အားစုများက တိတ်ဆိတ်စွာ ကျင့်ကြံရင်း နားလည်သဘောပေါက်အောင် လုပ်ဆောင်နေပုံပေါ်သော်လည်း ၎င်းက အရာအားလုံး မဟုတ်ပေ။ ယခုထိတိုင် အပြင်ဘက်လောကမှ လာနေသော လူများ ရှိနေဆဲ ဖြစ်သည်။
ရှန်ချင်းနယ်မြေမှ အင်အားစုများကို သုတ်သင်ရှင်းလင်းရန် လေးမျက်နှာကျေးရွာ၏ ကြိုးစားမှုက အတော်လေး လွယ်ကူမည်မဟုတ်ပေ။
"သတိပေးလို့ နတ်မိမယ်ကို ကျေးဇူးတင်ပါတယ်။ ကျုပ် သေချာစဥ်းစားကြည့်လိုက်ပါ့မယ်။" ရီဖူရှင်းက အန်းရော့ဆု တုံ့ပြန်မလာသည်ကို မြင်သည့်အခါ ထပ်ပြောလိုက်သည်။ အန်းရော့ဆုကလည်း သူ့ကို ထပ်မံ မဖျောင်းဖျတော့ပေ။ သူမက ပြောရုံသာ ပြောလိုက်၏။ "အသင့်ဖြစ်ရင် အသိပေးပါ။"
"ကောင်းပါပြီ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
ထို့နောက် အန်းရော့ဆုက ထရပ်ကာ ထွက်သွားလေသည်။ မကြာခင်၌ ရီဖူရှင်းသည်လည်း ထွက်ခွာသွားခဲ့သည်။ သူက အဘိုးမာကို ရှာကာ ပြောလိုက်သည်။ "ထင်ထားသလိုပဲ။ အဲဒီအင်အားစုတွေက ဒီတစ်ခေါက် လွယ်လွယ်နဲ့ လက်မလျှော့ကြဘူး။ ကျွန်တော်တို့ သူတို့ရဲ့ ဒေါသကို ရင်ဆိုင်ရလိမ့်မယ်။ အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းမရှာနိုင်ရင် သူတို့က ဒီအခွင့်အရေးမှာ ရွာရဲ့ အရင်းအမြစ်တွေကို သိမ်းသွားလိမ့်မယ်။"
အဘိုးမာက မျက်လုံးများကို ကျဥ်းမြောင်းကာ ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက အပြင်လောကနဲ့ အဆက်အသွယ် မရှိခင်ကတောင် ရွာထဲက လူတွေအများကြီး ကံမကောင်းခြင်းတွေ ကြုံခဲ့ရတယ်။ သူတို့တွေထဲမှာ မျက်မမြင်ထျယ်က အကောင်းဆုံး ဥပမာပဲ။ ရွာကနေ ထွက်သွားတဲ့ တချို့ ကျင့်ကြံသူတွေ ဘယ်တော့မှ ပြန်မလာတော့တာမျိုး ရှိတယ်။ ဒီလူတွေက လေးမျက်နှာကျေးရွာကို တပ်မက်နေတာ အတော်ကြာပြီ။ သူတို့ အခွင့်အရေး ရှာတွေ့ရင် ရွာကို တွေဝေခြင်းမရှိ ဖျက်ဆီးပစ်လိမ့်မယ်။"
အဘိုးမာက ထိုလူများ၏ အကြင်နာကင်းမဲ့မှုကို သံသယမရှိပေ။ ထိုသည်မှာ ကျင့်ကြံခြင်းလောက၏ စည်းမျဥ်းပင် ဖြစ်လေသည်။
"အဲဒါဆို ကျွန်တော်တို့ အင်အားစုတချို့နဲ့ ပူးပေါင်းဖို့လိုလား။" ရီဖူရှင်းက မရဲတရဲမေးလိုက်သည်။ အဘိုးမာက ရွာအကြောင်းကို သူသိသည်ထက် ပိုသိပေသည်။ အဘိုးမာနှင့် ပတ်သတ်သော သူ၏ အမြင်က ဟိုးအစမှစကာ ပြောင်းလဲသွားပေသည်။ အဘိုးမာက ရွာ၏ ခွန်အားအစစ်အမှန်အကြောင်း တစ်ခုနှစ်ခု သိထားပေလိမ့်မည်။
"မလုပ်ဘူး။ ကျုပ် အဲဒီလောဘကြီးတဲ့သူတွေ ဘာလိုချင်လဲ မြင်ချင်တယ်။" အဘိုးမာက အေးစက်စွာ ပြောလိုက်သည်။ "ဒီမှာ ခဏစောင့်။ ကျုပ် တစ်ယောက်ယောက်ကို သွားရှာလိုက်ဦးမယ်။"
"ကောင်းပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ အဘိုးမာက အေးစက်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည့် တန်ခိုးရှင်တစ်ယောက်နှင့်အတူ ပြန်လာရန် သိပ်မကြာခဲ့ပေ။ ထိုသူမှာ ကုမိသားစုမှ ကုဟွိုက် ဖြစ်ပေသည်။
"ကုမိသားစုခေါင်းဆောင်။" ရီဖူရှင်းက ထရပ်ကာ လေးစားမှုပြလိုက်သည်။
ကုဟွိုက်က အသာအယာ ခေါင်းညိတ်လိုက်၏။ ယခင်က သူနှင့် ရီဖူရှင်းကြား၌ စိတ်မကျေနပ်စရာ ကိစ္စအချို့ ဖြစ်ပွားခဲ့ဖူးသည်။ မုယွင်လုံက ရီဖူရှင်းအား ထုတ်ပယ်ချင်သည့်အခါ ကုဟွိုက်က သဘောတူခဲ့သည်။ ထိုအချိန်က ကုဟွိုက်သည် မုယွင်လုံအား ထောက်ခံခဲ့သည်မှာ ရှင်းလင်းပေသည်။ သို့သော် ယခု မုယွင်မိသားစုက ထုတ်ပယ်ခံရကာ လေးမျက်နှာကျေးရွာက သူတို့ကို ငြင်းပယ်ခဲ့သည်။
"ခေါင်းဆောင်ကု ကျင့်ကြံတဲ့ နတ်ဘုရားနည်းစနစ်က ရှေးဟောင်းနတ်ဘုရားအမတခန္ဓာ မလား။" ရီဖူရှင်းက ပြောလိုက်သည်။
"ကြည့်ရတာ ဒီရွာထဲမှာ ဆရာရီရဲ့ မုဆိုးမျက်လုံးကနေ ဘယ်လျှို့ဝှက်ချက်မှ ပြေးမလွတ်ဘူး ထင်ပါရဲ့။" ကုဟွိုက်က ရီဖူရှင်းအား စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင် ရန်လိုမှုများ ရှိနေခဲ့ပြီး သူ့အနီးမှ လူများကို စိတ်မသက်မသာဖြစ်အောင် လုပ်နေခဲ့သည်။
"ကျုပ် ကောင်းမွန်တဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတယ်ဆိုတာ ရွာထဲက လူတိုင်း သိကြတယ်။ ဒီနှစ်တွေတလျှောက်မှာ ကျုပ်ရဲ့ ကံက ကောင်းတယ်ဆိုတာထက် ပိုတာကြောင့် တခြားလူတွေ မမြင်နိုင်တဲ့ ရွာထဲက အရာတွေ အများကြီးကို မြင်နိုင်တယ်။" ရီဖူရှင်းက ပြုံးကာ ဆက်ပြောလိုက်သည်။ "ကျုပ်က ဒီနတ်ဘုရားနည်းစနစ်တွေကို လေ့လာခဲ့ပေမယ့် ဒါတွေက လေးမျက်နှာကျေးရွာနဲ့ သက်ဆိုင်ပြီး ရွာရဲ့ အစစ်အမှန် မျိုးဆက်တွေပဲ အပြည့်အဝ ဆက်ခံနိုင်လိမ့်မယ်။"
ကုဟွိုက်က အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။ အခြားလူများအတွက် ၎င်းကို အပြည့်အစုံ သင်ယူရန်မှာ မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။ အဆုံးမှာတော့ ၎င်းက လေးမျက်နှာကျေးရွာ၏ အမွေအနှစ်ပင် ဖြစ်လေသည်။
"ကုဟွိုက် မင်း အရင်တုန်းက မုယွင်လုံနဲ့ ဆက်ဆံရေးကောင်းခဲ့တာ ကျုပ် သိတယ်။ ပြီးတော့ မင်းက အမြဲတမ်း အပြင်လောကကို ထွက်ချင်နေခဲ့တယ်။ အခု ဆရာသခင်က ခွင့်ပြုချက်ပေးလိုက်ပြီး နောက်ပိုင်းမှာ ဒီရွာက ရှန်ချင်းနယ်မြေရဲ့ အင်အားစုတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အခု ကြည့်ရတာ အင်အားစုတွေအများကြီးက လေးမျက်နှာကျေးရွာကို ပစ်မှတ်ထားနေတဲ့ပုံပဲ။ မင်းလည်း မုယွင်မိသားစုရဲ့ အခြေအနေကို မြင်မှာပါ။ မင်းအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ ယုံကြည်တယ်။" အဘိုးမာက ပြောလိုက်သည်။
ကုဟွိုက်က သူ့ကို ကြည့်လိုက်လျှင် အဘိုးမာက ဆက်ပြောလာ၏။ "ဘယ်လိုဖြစ်ဖြစ် မင်းက ရွာသားတစ်ယောက်ပဲ။ မုယွင်မိသားစုက ဒီအကြောင်းကို မေ့သွားပေမယ့် မင်းကတော့ မမေ့ဘူးလို့ ကျုပ် ယုံကြည်တယ်။"
ကုဟွိုက်၏ အမူအရာက လေးနက်နေသည်။ ထိုအချိန်၌ ရီဖူရှင်းက ပြောလိုက်၏။ "အရင်တုန်းက စီနီယာနဲ့ ကျွန်တော့ကြားမှာ နားလည်မှုလွဲတာ တချို့ ရှိခဲ့ပေမယ့် အခု ကျုပ်က ရွာသားတစ်ယောက်ဖြစ်နေခဲ့ပြီ။ ကျုပ် လေးမျက်နှာကျေးရွာက လူငယ်လေးတွေကို အကောင်းဆုံး ထောက်ပံ့ကူညီပေးဖို့ ကြိုးစားမှာပါ။ လေးမျက်နှာကျေးရွာရဲ့ အလားအလာက ရှန်ချင်းနယ်မြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေလိမ့်မယ်။"
ရီဖူရှင်းနှင့် အဘိုးမာကို ကြည့်ကာ ကုဟွိုက်က အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားသည်။ သူက ပြန်လှည့်ကာ အပြင်သို့ လျှောက်သွားခဲ့၏။ အဘိုးမာနှင့် ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားသည်။ ထိုအချိန်တွင် ကုဟွိုက်က ရပ်တန့်ကာ ပြောလိုက်သည်။ "အဘိုးမာ ခင်ဗျား ကျုပ်ကို လျှော့တွက်ထားတာပဲ။"
သူက ပြောပြီးသွားသည်နှင့် အဝေးသို့ ထွက်သွားခဲ့သည်။ သို့သော်လည်း အဘိုးမာက ပြုံးကာ ပြောလိုက်၏။ "ရက်အနည်းငယ်အတွင်း ကျုပ်တို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ မင်းဆီလာခဲ့မယ်။"
ဤကိစ္စက ဖြေရှင်းပြီးသွားပြီဟု သူ သိလိုက်ပေသည်။
သူသည် ကုဟွိုက်နှင့် ရီဖူရှင်းကြားမှ ဆူးက ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်ခဲ့ပေသည်။ ယခင်က ကုဟွိုက်နှင့် မုယွင်လုံ ရင်းနှီးခဲ့သည်ကို ထည့်တွက်ကာ သူက ကုဟွိုက်အား တမင်သက်သက် ချဥ်းကပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ကြည့်ရသည်မှာ သူက အပိုသက်သက် အာရုံစိုက်မိသွားသလိုပင်။ သူ ပြောခဲ့သလိုပင် ကုဟွိုက်က လေးမျက်နှာကျေးရွာ၏ ရွာသားတစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။
ယနေ့တွင် ဖန်းကိုင့်၊ အဘိုးမာနှင့် အခြားလူများက ရှေးဟောင်းသစ်ပင်သို့ လာခဲ့ကြပြီး သူတို့သည် ဤနေရာ၌ အင်အားစုအသီးသီးမှ တန်ခိုးရှင်များ စုဝေးနေသည်ကို မြင်တွေ့လိုက်ရသည်။ သူတို့က မတူညီသော နေရာအသီးသီး၌ ရှိနေကြသည်။ သူတို့သည် မည်သို့မှ မဖြစ်သကဲ့သို့ ကျင့်ကြံခြင်းကို အာရုံစိုက်နေကြ၏။
"လူတိုင်းပဲ ခုနစ်ရက်က ပြည့်သွားခဲ့ပြီ။ ကျုပ်တို့ရွာက သေးလွန်းတယ်။ ဒါကြောင့် လူတိုင်းကို ထပ်ပြီး ဧည့်မခံနိုင်တော့ပါဘူး။" ဖန်းကိုင့်က ရှေ့တက်လာပြီး ပြောလိုက်သည်။
သူတို့က မကြားသလိုပင် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။ တစ်နေရာမှ လူတစ်ယောက်က ပြောလိုက်၏။ "ဒါက လေးမျက်နှာကျေးရွာရဲ့ ဧည့်ဝတ်ကျေပွန်မှုလား။"
"ဒီမှာလိုမျိုး ရက်အကြာကြီး ဧည့်သည်လက်ခံတဲ့ အင်အားစု ဘယ်မှာမှ ရှိမယ် မထင်မိဘူး။ လေးမျက်နှာကျေးရွာက လုပ်ပေးနိုင်တာထက် ပိုလုပ်ပေးခဲ့ပြီးပြီ။" ဖန်းကိုင့်က ပြန်ဖြေလိုက်သည်။
သို့သော် မည်သူကမှ သူတို့အား အရေးစိုက်ခြင်း မရှိပေ။ ထိုမြင်ကွင်းက ဖန်းကိုင့်၊ အဘိုးမာနှင့် အခြားလူများကို ပြင်းပြင်းထန်ထန် အနှောက်အယှက် ပေးနေ၏။ သိသာစွာပင် သူတို့က တမင်သက်သက် ဤသို့ ပြုမူနေခြင်း ဖြစ်ပေသည်။
"လူတိုင်းပဲ။" ဖန်းကိုင့်၏ အသံက အနည်းငယ် အေးစက်လာသည်။ သူက ဆက်ပြောလိုက်၏။ "အချိန်ကျလာပြီ။ ကျေးဇူးပြုပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ လေးမျက်နှာကျေးရွာကို ပြန်ပေးပါ။"
"ရှန်ချင်းနယ်မြေရဲ့ အင်အားစုတွေက ကျုပ်တို့ ရွာမှာ စုဝေးနေကြတယ်။ ဒါက ပျော်ရွှင်စရာ အခွင့်အရေးတစ်ခုလို့တောင် ယူဆရဦးမယ်။ ရွာက ဧည့်သည်တွေအပေါ် တာဝန်ကျေသင့်တာ။ ဒီ အပြုအမူက ဘာအဓိပ္ပါယ်လဲ ဖန်းကိုင့်။" မုယွင်လုံက မေးလိုက်သည်။
"မုယွင်လုံ" ဖန်းကိုင့်က သူ့ကို ဂရုမစိုက်စွာ ကြည့်လိုက်သည်။ ကြည့်ရသည်မှာ မုယွင်လုံက အပြင်လူများနှင့် တစ်ဘက်တည်းနေရန် ပြင်ဆင်ပြီးပုံရလေသည်။
"နှစ်များစွာအတွင်း ဒီနေရာက အမြဲတမ်း ရှန်ချင်းနယ်မြေရဲ့ သန့်စင်မြင့်မြတ်နယ်မြေ ဖြစ်ခဲ့တာ။ ဒီမြေပေါ်မှာ လေးမျက်နှာကျေးရွာ တည်ရှိပြီး ရွာသားတွေက ဖော်ရွေပျူငှာကြတယ်။ အပြန်အလှန်အနေနဲ့ ကျုပ်တို့ကလည်း လေးမျက်နှာကျေးရွာအပေါ် လေးစားမှုထားပြီး ပုတ်ခတ်စော်ကားတာမျိုး မလုပ်ရဲခဲ့ဘူး။ ဒါပေမယ့် အခုတော့ လေးမျက်နှာကျေးရွာက ဒီနေရာကို မောင်ပိုင်စီးပြီး ကိုယ်ကျိုးအတွက် တခြားသူတွေကို နှင်ထုတ်ချင်နေတယ်။ အဲဒါအပြင် အတိုက်အခံလုပ်ခဲ့တဲ့ ရွာအုပ်ချုပ်သူ မုယွင်မိသားစုခေါင်းဆောင်ကို နှင်ထုတ်ခဲ့တယ်။ ဘယ်လောက်ကောက်ကျစ်လိုက်သလဲ။"
အသံတစ်ခုကို ကြားလိုက်ရပြီး ထိုအသံမှာ နန်ဟိုင်မိသားစု၏ တန်ခိုးရှင်တစ်ယောက်ထံမှ ထွက်ပေါ်လာသည်။ သူ၏ စကားလုံးများက လေးမျက်နှာကျေးရွာ၏ လေဟာနယ်သို့ ပျံ့နှံ့သွားခဲ့သည်။ သူ့ စကားအရဆိုလျှင် ဤနေရာက ရှန်ချင်းနယ်မြေ၏ ကျင့်ကြံရေးနေရာတစ်ခုဖြစ်ပြီး လေးမျက်နှာကျေးရွာက သန့်စင်မြင့်မြတ်နယ်မြေ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ခွဲခြားကာ ဆိုလိုသွားပေသည်။
ထိုစကားများအား ကြားသည့်အခါ လေးမျက်နှာကျေးရွာမှ လူများ၏ မျက်လုံးများထဲ၌ ဒေါသများ ဖြစ်ပေါ်လာပြီး စကားပြောလာသူကို အေးစက်စွာ ကြည့်လိုက်သည်။
"အဲဒါမှန်တယ်။ တူညီတဲ့ နေရာမှာ ကျင့်ကြံနေရင် အချင်းချင်း ဖယ်ကြဥ်လို့မရဘူး။ ငြိမ်းချမ်းစွာနဲ့ နေကြရင် ပိုကောင်းတာပေါ့။" တစ်စုံတစ်ယောက်က ဆက်ပြောလိုက်သည်။ "ဒါပေမယ့် လေးမျက်နှာကျေးရွာက အဲဒီလိုလုပ်ဖို့ ငြင်းဆန်နေမယ်ဆိုရင် ကျုပ်တို့က ရွေးချယ်စရာ မရှိဘဲ မုယွင်မိသားစုအတွက် တရားမျှတမှု ရှာရလိမ့်မယ်။"
***