← Chapters

( ဆေးဆရာမကို အပြည့်အဝ ထောက်ပံ့ပေးမယ်တဲ့လား?)

Vol. 3 Ch. 35

( ဆေးဆရာမကို အပြည့်အဝ ထောက်ပံ့ပေးမယ်တဲ့လား?)

Vol. 3 Ch. 35

“ ဆုံးဖြတ်ရမယ်ဟုတ်လား? မလိုပါဘူး။ တော်ဝင်ဆရာမကြီး ညွှန်းပေးထားမှတော့ ငါကိုယ်တော် ယုံကြည်တယ်”

ရှကျိုးယွီ တည်ငြိမ်စွာ ပြောလိုက်သည်။

လျိုချင်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

ခဏလောက် တွေးပြီးမှ သူမ တည်ငြိမ်စွာ ပြောလိုက်လေသည်။

“ အရှင်မင်းကြီး သတိတော့ထားပါ။ ကျွန်တော်မျိုးမ ညီမလေးရဲ့ အရည်အချင်းက မဆိုးဘူးဆိုပေမဲ့ သူမက ရည်မှန်းချက် ကြီးပြီး ခေါင်းမာတယ်”

“ သာမာန်ဆေးလုံးတွေဆိုလဲ အထင်မကြီးဘူး။ အဲ့ဒါကိုလဲ ပေါ်တင် ထုတ်ပြတတ်တယ်။ သူမက မျှော်မှန်းချက်ကြီးပေမဲ့ အရည်အချင်း မပြည့်ဝသေးဘူး ပြောရမှာပေါ့”

“ ဟုတ်ပါပြီ။ ငါကိုယ်တော် မင်းကို ယုံကြည်တယ်”

ရှကျိုးယွီ ခပ်ဖွဖွ ရယ်ကာ ပြောလိုက်သည်။

လျိုချင်းချန် ဆက်ပြောလာသည်။

“ သူမ ဆေးလုံးဖန်တီးဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကလဲ အရမ်းဈေးကြီးတယ်။ တစ်ချို့ဆို နန်းတော်ထဲမှာတောင် ရှာမရနိုင်ဘူး။ ပြီး အရမ်းလဲ ခေါင်းမာတာနော်။ အရှင်မင်းကြီး အမျက်တော် မထွက်ရအောင် ကျွန်တော်မျိုးမ ကြိုပြောထားတာပါ”

“ အရှင်မင်းကြီး အရင် သေချာစဥ်းစားပါ! သူမက တာအိုဂိုဏ်းကဆိုပေမဲ့ ဆေးပညာဆိုတာ ဆန်းကြယ်တဲ့ပညာရပ်ပဲ။ တစ်ချို့နည်းလမ်းတွေက ရှေးဟောင်း စာအုပ်ထဲမှာ ရေးသားထားတာမျိုး ရှိပေမဲ့ လက်တွေ့မှာ မစမ်းသပ်ဖူးတာတွေလဲ ရှိတယ်”

လျိုချင်းချန်ရဲ့ မျက်နှာက တည်ငြိမ်နေပေမဲ့ သူမရဲ့ စိတ်ထဲမှာ တော်တော်လေး ပူပင်နေခဲ့သည်။

ဒါပေမဲ့ ရှကျိုးယွီကတော့ အလျင်မလိုပေ။

‘ ဒါဘယ်လောက် ကောင်းလိုက်သလဲ?’

‘ သေချာမသင်ကြားထားရသေးတဲ့အပြင် အရည်အချင်းလဲ မရှိဘူးတဲ့’

‘ ဒါပေမဲ့ လျှောက်တီထွင်ရတာ ကြိုက်တယ်’

‘ ရည်မှန်းချက် ကြီးပေမဲ့ ဒီနှစ်တွေထဲမှာ နာမည်လဲမရဘူး။ ရှေးဟောင်း စာလိပ်တွေ အများကြီး လိုက်စုစည်းပြီး လျှောက်လုပ်နေမှာ။ ပြီး အောင်​မြင်မှာလဲ မဟုတ်ဘူး’

‘ အရှင်မင်းကြီးရဲ့ တော်ဝင်ဆေးဆရာ ဖြစ်လာဖို့ အသင့်တော်ဆုံးပဲမလား?’

‘ ငါ့အတွက် ပိုက်ဆံထိုင်ဖြုန်းပေးမဲ့ အကူအညီလေးလေ!’

‘ ဒီကောင်မလေးက အသင့်တော်ဆုံးပဲ!’

‘ ကောင်းတယ်!’

‘ ဒါမျိုးနဲ့မှ ငါ ကံကြမ္မာအမှတ်ကို တိုက်ခိုက်လို့ရမှာ!’

ရှကျိုးယွီ အလွန်ကျေနပ်နေသည်။

'လျိုချင်းချန်ရဲ့ ညီမကို ကောင်းကောင်း အသုံးချရမယ်’

‘ ဆေးဖော်ခန်းရယ်… တရားဝင် အလုပ်သမားတွေရယ်.. လိုအပ်တာ အားလုံး ပြင်ဆင်ပေးထားရမယ်!’

ရှကျိုးယွီ တွေးရင်းနဲ့ ပိုပျော်လာခဲ့သည်။

သူ့ရဲ့မျက်နှာထက်မှာပါ အပြုံးရိပ်တစ်ချို့ ထင်လာသလိုပဲ

‘ ငါ စောက်ရမ်းတော်တယ်!’

ဒီလိုနဲ့သူ့ရဲ့ အတွေးတွေကို အဆုံးသတ်ပြီး လျိုချင်းချန်ကို ပြောလိုက်သည်။

“ တော်ဝင်ဆရာမကြီးနဲ့ သိကျွမ်းဖူးတဲ့ သူဆိုတော့ ဒီကိစ္စကို မင်းနဲ့အပ်ထားလိုက်ပြီ။ သူမကို ငါကိုယ်တော်ရဲ့ ကိုယ်ပိုင်ဆေးဆရာအဖြစ် ရာထူးပေးပြီး နန်းတော်ထဲမှာပါ ဆေးဖော်ခန်းတစ်ခု ဆောက်ပေးမယ်။ သူမသာ လုပ်မယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းအကုန် နန်းတော်က ထောက်ပံ့ပေးမယ်။ အလုပ်သမားတွေလဲ လိုသလောက် ရစေရမယ်”

လျိုချင်းချန်.., “......???”

ရှကျိုးယွီ ဆက်ပြောလိုက်သည်။

“ ပါရမီရှင်နဲ့ ရူးသွပ်နေသူ ဆိုတာက ပြောရရင် အလွှာပါးလေးတစ်ခုပဲ ခြားတာ”

“ သူက အထောက်အပံ့လိုတယ်။ ငါကိုယ်တော်က ဆေးလုံးလိုတယ်”

“ အချိန်ကတော့ သူကြိုက်သလောက် ယူလို့ရတယ်”

“ ငါကိုယ်တော်ရဲ့ ကြံ့ခိုင်မှုက အနှစ်ငါးဆယ်လောက်က မပြောပလောက်ဘူး။ အနှစ်ငါးဆယ်လောက်သာ လေ့ကျင့်ပြီးသွားရင် သူ့ရဲ့အရည်အချင်းက သေချာပေါက် တိုးမှာပဲလေ။ ဟုတ်တယ်မလား တော်ဝင်ဆရာမကြီး?”

လျိုချင်းချန် အံ့သြသွားသည်!

အနှစ်ငါးဆယ်..?

အနှစ်ငါးဆယ်စာ ဆေးပင်တွေ ထောက်ပံ့မှာလား?

ဒီလောက် အချိန်ပေးထားမှတော့ ဝက်တစ်ကောင် ဆိုရင်တောင် သေချာပေါက် ဆေးလုံးဖန်တီးနိုင်မှာပဲ!

အရှင်မင်းကြီး ဘာတွေ တွေးနေတာလဲ?

ငါတို့ တာအိုဂိုဏ်းကို ​ဖြိုချမလို့လား?

ဒါပေမဲ့လဲ မလိုအပ်ဘူးလေ ဟုတ်တယ်မလား?

အရှင်မင်းကြီးဆီကနေ တာအိုဂိုဏ်းက ဘယ်တုန်းက ဒီလောက်အမြင်ကောင်း ရသွားတာလဲ?

ဒါပေမဲ့ မကြာခင်မှာပဲ ရှကျိုးယွီရဲ့ရည်ရွယ်ချက်ကို သူမ သဘောပေါက်သွားခဲ့သည်။

ဆေးပညာ!

တာအိုက စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရတဲ့ ကျင့်ကြံမှုတစ်ခုပဲ။

စိတ်ကို လေ့ကျင့်တာနဲ့ ဆေးလုံးဖန်တီးတဲ့ ပညာရပ်မှာ တူညီတာမရှိဘူးလို့ သူမ အမြဲ တွေးခဲ့သည်။ ဒါပေမဲ့ ရှကျိုးယွီ ပေးလာတဲ့ ဆေးလုံးကို မြင်ပြီးနောက်မှာ…

ဆေးလုံးရဲ့ အရေးပါမှုကို သူမ ပထမဆုံးအကြိမ် သဘောပေါက်သွားရသည်။

တစ်ခါတစ်လေကျ ပြင်ပ အကူအညီဆိုတာ လိုအပ်တာပဲ။

ဒါဆို တာအိုပညာနဲ့ ဆေးပညာက ခွဲခြားလို့ မရဘူးပေါ့။

တိုင်းပြည်ရဲ့ ဆေးဖန်တီးတဲ့ပညာအပေါ် ထောက်ပံ့မှုက ဘာကြောင့် ဖြစ်မလဲ?

…. သေချာပေါက် တာအိုပညာရဲ့ လွှမ်းမိုးမှုကို ပိုကြီးလာအောင်လို့ပဲ!

အရှင်မင်းကြီးရဲ့ လုပ်ရပ်က အဓိပ္ပါယ် မရှိဘူးထင်ရပေမဲ့ တစ်ကယ်က ငါတို့ တာအိုဂိုဏ်းကို ထောက်ပံ့ပေးနေတာပဲ!

အရှင်မင်းကြီးက တစ်ကယ် ငါတို့အတွက် တွေးပေးနေတာပဲ!

ထို​အချိန်မှာ ရှကျိုးယွီကို ကြည့်နေတဲ့ လျိုချင်းချန်ရဲ့မျက်လုံးတွေမှာ မထိန်းနိုင်စွာပဲ ကျေးဇူးတင်မှုတို့ အရိပ်ထင်လာသည်။

တာအိုက တရှားတိုင်းပြည်မှာ အဓိက ကိုးကွယ်တဲ့ဘာသာ တစ်ခုဆိုပေမဲ့ အခုလောက် အရေးစိုက်မှု ခံခဲ့ရတာမဟုတ်ဘူး။

ဒါကြောင့် လျိုချင်းချန် မငြင်းတော့ဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ အရှင်မင်းကြီး မှန်တယ်! ကျွန်တော်မျိုးမ သေချာပေါက် ညီမလေးကို ကောင်းကောင်း ပြောပြီး အရှင်မင်းကြီးအတွက် ဆေးလုံးဖော်ခိုင်းလိုက်မယ်”

သူမရဲ့ မျက်လုံးတွေမှာ ကျေးဇူးတရားတို့ ပြည့်လျှံနေလေရဲ့။

ရှကျိုးယွီ ကျေနပ်သွားခဲ့သည်။

လျိုချင်းချန်ကတော့ အခုထိ ရှကျိုးယွီဆီကနေ အကြည့်မလွှဲသေးပေ။

သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်ကာ

“ အရှင်မင်းကြီးက တစ်ကယ်ကို မှန်းဆလို့ မရတဲ့သူပဲ”

“ အရှင်မင်းကြီး ဘာတွေ တွေး​နေလဲ ကျွန်တော်မျိုးမ တစ်ကယ် မသိတော့ဘူး..”

လျိုချင်းချန် ပြောရင်းနဲ့ သူမလက်ထဲက ဆေးပုလင်းဆီ အကြည့်ရောက်သွားခဲ့သည်။

ထိုအချိန်မှာ သူမ သဘောပေါက်သွားသည်။ ရှကျိုးယွီ အခုထိ ဆေးပုလင်း ပြန်မယူသေးဘူးပဲ…။

သူမ လက်ထဲက ဆေးပုလင်းထဲကနေ ဆွဲဆောင်တဲ့ရနံ့တို့ ထွက်ပေါ်နေသည်။

“ အရှင်မင်းကြီး ပေးထားတာပဲ”

လျိုချင်းချန်ရဲ့မျက်လုံးတွေ လက်သွားကာ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်လာတော့သည်။

ဒီလိုနဲ့ သူမ ထွက်သွားတော့သည်။

ဒါပေမဲ့ ရှကျိုးယွီ အခုချိန်ထိ စနစ်ရဲ့ သတိပေးသံ မကြားရသေးတော့ တစ်ခုခု လိုနေသလို ခံစားနေရသည်။

ဖြစ်နိုင်တာ တစ်ကယ် ဆေးဆရာမကို ခေါ်လာပြီး ပိုက်ဆံသုံးပြမှပဲ စနစ်ရဲ့အသိပေးသံ ထွက်လာမှာလား?

ရှကျိုးယွီ ခဏသာ အံ့သြပြီး အကြာကြီးမတွေးခဲ့ပေ။

ဘာလို့ဆို မဟာတံတိုင်း တည်ဆောက်မှုနဲ့ ကျူးကော့လုံကို မင်းသားဘွဲ့ အပ်နှင်းမှုက သတင်းအနှံ့ပျံ့သွားပြီး လူတွေတော်တော် ရုတ်ရုတ်သဲသဲ ဖြစ်ထားရသည်​လေ။

အကယ်လို့ တိုင်းပြည်ရဲ့ငွေကြေးတွေ အကုန်သုံးပြီး ဆေးဖော်ခိုင်းအုံးမယ် ဆိုတာကိုပါ သိသွားလို့ကတော့ နော​က်တစ်ပွဲ စပြီပဲ!

ရှကျိုးယွီ တွေးမိတာနဲ့ သူ့မျက်နှာမှာ အကျင့်မကောင်းတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက တိုင်းပြည်တစ်ခုကို ဘယ်လိုဖျက်ဆီးရမလဲ ဆိုတာပဲ… ကလေးတို့ ငါဘျင်ကြီးဆီက သင်ယူထားကြ!

ဒီလိုနဲ့ ရှကျိုးယွီ သူ့ရဲ့အိပ်ဆောင် ရှိရာကို ပြန်ရောက်လာခဲ့သည်။ ဒါပေမဲ့ ထိုင်လိုက်ရုံ ရှိသေးသည်။ ရင်းနီးနေတဲ့ မိန်းမစိုး တစ်ယောက် ဝင်လာလေ၏။

“ ကျောက်ကောင်း ငါကိုယ်တော်မင်းကို အမတ်ချန်ရှုံးကို ကာကွယ်ခိုင်းထားတာ မဟုတ်ဘူးလား?”

ရှကျိုးယွီ ပို့ထားတာမှ တစ်ရက်ပဲ ရှိသေးသည်။

ခွင့်ပြုမိန့်မရဘဲ ကျောက်ကောင်းက ပြန်ရောက်လာခဲ့သည်။

ကျောက်ကောင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်ကာ

“ အရှင်မင်းကြီးက ဉာဏ်အမျှော်အမျှင် ကြီးလွန်းပါတယ်။ ကျွန်တော်မျိုး ရောက်တာ တစ်ရက်ပဲ ရှိသေးတယ်။ ကိစ္စကြီးကို ရှာတွေ့ခဲ့တယ်။ အမတ်ချန်ရှုံး​က ဝေ့တိုင်းပြည်နဲ့ တိတ်တဆိတ် ပူးပေါင်းထားပုံပဲ။ ဒါကြောင့် ကျွန်တော်မျိုး ချက်ချင်း လာတင်ပြတာပါ!”

ဝေ့တိုင်းပြည်နဲ့ ပူးပေါင်းထားတယ် ဟုတ်လား?

သတင်းကောင်းပဲ!

ဒီအမတ်က တိုင်းပြည်သတင်းတွေကို တိတ်တဆိတ် ရောင်းစားနေပုံထောက်ရင် တော်တော် လုပ်ရည်ကိုင်ရည် ရှိတဲ့လူပဲဟ။

ဒါပေမဲ့ လုံခြုံရေးပိုင်း မကောင်းဘူး ပြောရမယ်။

ကျောက်ကောင်းကို လွှတ်တာ တစ်ရက်ပဲ ရှိသေးတယ်။ တန်းပြီး သံသယဝင်ခံလာရတယ်ဆိုတော့..။

ငါ ဒီလိုကိစ္စကြီးကို ဘယ်လို ဖုံးကွယ်ပေးလို့ ရတော့မှာလဲ?

မဖြစ်ဘူး။ ငါ ကူညီပေးမှရတော့မယ်!

ရှကျိုးယွီ ခဏလောက် တွေးပြီးနောက်မှာ ပြုံးလိုက်ကာ

“ ကိစ္စမရှိဘူး။ ငါကိုယ်တော် သိပြီးသားပဲ။ မင်း ဆက်ပြီးကာကွယ်နေပါ။ ဒီကိစ္စကို လူသိလို့ မရဘူး”

ကျောက်ကောင်း ထိုစကားကို ကြားတော့ ပြောစရာ ပျောက်ဆုံးသွားခဲ့သည်။

ဒါက ပုန်ကန်တဲ့ အပြစ်ကြီးပဲ။

ဘယ်လောက် ပြင်းထန်တဲ့ အပြစ်မျိုးလဲဆိုရင် မျိုးဆက်ကိုးဆက်အထိ တစ်သက်လုံးအကျဥ်းချခံရမဲ့ အပြစ်မျိုး..!

ဒါပေမဲ့ အရှင်မင်းကြီးက မတုံ့ပြန်ဘူးလား?!

အရှင်မင်းကြီးက တစ်ခုခု ပြင်ဆင်နေပုံပဲ။

ဘာတွေ တွေးနေတာများလဲ?

အရှင်မင်းကြီးမှာ တစ်ခြားအကြံအစည် ရှိနေတာ များလား?

အရှင်မင်းကြီးက တစ်ကယ်ကို မှန်းဆလို့မရတဲ့သူပဲ!

အရှင်မင်းကြီးကို ခစားရတာက ​ကျားတစ်ကောင်ကို ခစားရသလိုမျိုးပဲ!

ကျောက်ကောင်း တွေးပြီးနောက်မှာ ဘာမှ ဆက်မပြောရဲတော့ပေ။

“ အရှင်မင်းကြီးက အမတ်ချန်ရှုံးရဲ့ လုံခြုံမှုကို ကာကွယ်ပေးစေချင်တာပါလား? ကျွန်တော်မျိုး မနေ့က လေ့လာထားရသလောက် အမတ်ချန်ရှုံးရဲ့ အိမ်တော်က အစောင့်အကြပ် အရမ်းအားကောင်းတယ်။ လုပ်ကြံသူတွေ ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ပတ်ပတ်လည်က နေရာတွေကို အရမ်းတင်းကျပ်တဲ့ အစီအရင်တွေနဲ့ ကာကွယ် ထားသေးတယ်”

ကျောက်ကောင်း ပြောနေရင်းနဲ့ ခဏ ရပ်သွားခဲ့သည်။

ဘာလို့ဆို ရှကျိုးယွီရဲ့ မျက်လုံးထဲက ထူးဆန်းမှုတစ်ချို့ကို အာရုံခံလိုက်မိလို့ပဲ။

………..

All Chapters