← Chapters

( ဆေးလုံးဖန်တီးပေး)

Vol. 3 Ch. 36

( ဆေးလုံးဖန်တီးပေး)

Vol. 3 Ch. 36

“ အရှင်မင်းကြီး?”

တိတ်ဆိတ်မှုကြီး ကြီးစိုးပြီးနောက်မှာ အခန်းထဲက လေထုကလဲ အနည်းငယ် ထူးဆန်းလာလေ၏။

ရှကျိုးယွီရဲ့ စိုက်ကြည့်နေမှုကြောင့် ကျောက်ကောင်း နောက်ဆုံး မနေနိုင်စွာ မေးလိုက်တာပင်။

“ ရတယ်။ မင်းရဲ့လူတွေကိုသာ တိတ်တဆိတ် လှုပ်ရှားဖို့ပြောထား။ ချန်ရှုံး သံသယ မဝင်စေနဲ့”

“ ဒီကိစ္စက အခုထိ လူကြားထုတ်ပြလို့ မကောင်းသေးဘူး။ မဖြစ်မနေ လိုအပ်တာ မဟုတ်သရွေ့ အမှားအယွင်း မရှိစေနဲ့”

ကျောက်ကောင်း အံ့သြသွားခဲ့သည်။

တစ်ချိန်ထဲမှာပဲ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်ကို အနည်းငယ် မှန်းဆနိုင်သွားခဲ့သည်။

အရှင်မင်းကြီးက မြှားခေါ်နေတာပဲ!

ဖြစ်နိုင်တာ ချန်ရှုံးရဲ့နောက်မှာ နောက်ထပ် လူတစ်ယောက် ရှိအုံးမယ်လို့ အရှင်မင်းကြီး သံသယဝင်နေလို့များလား?

အခု ငါ့ကို ကာကွယ်ခိုင်းတယ်ဆိုတာကလဲ တစ်ကယ်တော့ စောင့်ကြည့်ခိုင်းတာပဲ!

ငါသာ ရှိနေရင် ချန်ရှုံး လှုပ်ရှားတာနဲ့ အရှင်မင်းကြီး အရင်ဆုံး သိနိုင်လိမ့်မယ်!

ငါတို့ ကြိုတင်ပြီး တားလို့ရပြီ!

ဆုံးရှုံးမှုတွေကို ရှောင်လို့ရပြီ!

အရှင်မင်းကြီးက တစ်ကယ် ကြိုတွေးနိုင်တာပဲ!

ကျောက်ကောင်း ကိုယ့်ကိုယ်ကို ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။

ငါ ဒါတွေ နားမလည်ခဲ့မိဘူး။

ကျောက်ကောင်း ကျောက်ကောင်း မင်းက စိတ်မရှည်တတ်လိုက်တာ။

ငါ ပိုပြီးတိုးတက်အောင် ကြိုးစားသင့်နေပြီ။

ချန်ရှုံးကို သေချာ ကြည့်ထားရမယ်!

ထိုအချိန်မှာ ရှကျိုးယွီ ကတော့ ချန်ရှုံးအကြောင်း မတွေးနေခဲ့ပေ။ သူ တွေးနေမိတာက တိုင်းပြည်ကို ဖျက်ဆီးဖို့ အကြံအစည်တွေပဲ။

ချန်ရှုံးရဲ့ စိတ်တက်ကြွမှုကို မသိကျိုးကျွံ ပြုထားလို့ မဖြစ်တော့ဘူးလေ။

ဒါကို အသုံးချပြီး ကံကြမ္မာအမှတ်ကို ဘယ်လောက်ထိ ရိုက်ချနိုင်မလဲ?

ချန်ရှုံး အနေနဲ့ မသင်္ကာစရာတစ်ခုမှ တွေ့သွားလို့ မဖြစ်သေးဘူး။

ပြီးတော့ချန်ရှုံးရဲ့ အပြုအမူတွေကို ငါကူပြီး လျို့ဝှက်ပေးထားရမယ်။

ထိုအချိန်မှာ ကျောက်ကောင်းက ပြောလိုက်သည်။

“ အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

……

ပိုင်ဟွာ ဘုရားကျောင်းတွင်..။

ရိုးရှင်းတဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ပုဝါပါးနဲ့ ကာထားတဲ့ လျိုချင်းချန်က ဘုရားကျောင်းရှေ့မှာ ရပ်နေခဲ့သည်။

အရှေ့က ခြံဝန်းက အနည်းငယ် ပျက်ဆီးနေပြီပင်။

အပေါက်က ခြင်္သေ့နှစ်ကောင်ထဲက တစ်ကောင်ဆို တော်တော် ကျိုးပဲ့နေပြီ။ သွားတစ်ချောင်း မရှိတော့သလို ပါးစပ်ထဲမှာ ကိုက်ထားတဲ့စက်ဝိုင်းပုံ ကျောက်တုံးလဲ မရှိတော့ဘူး။ ကျန်တဲ့ ခြင်္သေ့တစ်ကောင်မှာလဲ အလားတူပဲ။ စက်ဝိုင်းပုံ ကျောက်တုံး ပျောက်နေပေမဲ့ ခြေထောက်နားမှာ ပြုတ်ကျနေတဲ့ တစ်ဝက်ကိုတော့ မြင်ရသည်။

ဂိတ်အပေါ်က ယိုင်နဲ့နဲ့သစ်သားပြားပေါ်မှာ ထင်ရှားစွာ ရေးထားတဲ့ ‘ပိုင်ဟွာ ဘုရားကျောင်း’ ဆိုတဲ့ စာကို တွေ့ရသည်။

ဒီခြံဝန်းက အရမ်းမကျယ်ဘူး။

အပြင်ကနေတင် အထဲက ဆေးနံ့တစ်ချို့ အနံ့ခံလို့ရနေသည်။

လျိုချင်းချန် အလောတကြီး မဝင်သွားပဲ နေရာမှာ တိတ်တဆိတ် ရပ်နေခဲ့သည်။

ဖြတ်သွားဖြတ်လာ လူတစ်ချို့ ရှိကြပေမဲ့…

လျိုချင်းချန်ကို ကြည့်ကာ အချင်းချင်း တီးတိုးပြောသွား ကြသည်။

ဒါပေမဲ့ တစ်ယောက်မှ သူမရှေ့ မလာခဲ့ဘူး။

အချိန်တွေ ဘယ်လောက်ကုန်သွားမှန်းတောင် မသိခဲ့ပေ။

“ အဟမ်း”

ဆယ်ကျော်သက်အရွယ် ကလေးမတစ်ယောက် ပေါ်လာခဲ့သည်။

လှည့်ပတ်ကြည့်နေပြီး နောက်ဆုံးမှာ သူမရဲ့အကြည့်က လျိုချင်းချန်ဆီကို ​ကျရောက်သွားသည်။

“ ကျေးဇူးပြုပြီး အထဲဝင်ပါ”

ပြောရင်းနဲ့ ထိုကောင်မလေးက လမ်းဖယ်ပေးလာသည်။

လျိုချင်းချန် ခေါင်းညိတ်ပြလိုက်ပြီး..

ခြံဝန်းထဲ ဦးတည်လိုက်သည်။

မကြာခင်မှာပဲ ဆေးပေါင်းဖိုနားမှာ ဖြစ်သလို ထိုင်နေပြီး အဆတ်မပြတ် ကိုယ့်ကိုယ်ကို ယပ်တောင်ခတ်နေသော မိန်းကလေးတစ်ယောက်ကို သူမ တွေ့လိုက်ရပြီ။

​ဘယ်လောက်တောင် ဖြစ်ကတတ်ဆန်း နေနေလဲဆိုတော့ ဆံပင်ကိုလဲ ဖြီးသင်ထားဟန် မရှိဘူး။

ထိုမိန်းကလေးက မီးဖိုးကို ပြောင်းပြီး ယပ်တောင်ခတ်လိုက်ရင်း အပြုံးတစ်ခုနဲ့ ပြောလိုက်သည်။

“ ရှားပါးဧည့်သည်ပါလား? ဘာတွေများ စိတ်ဝင်စားစရာရှိလို့ ဒီညီမရဲ့ သေးငယ်တဲ့ ခြံဝန်းကို.လာလည်တာပါလဲ တော်ဝင်ဆရာမကြီး? ဆေးလုံးဖန်တီးတာကို အမြဲတမ်း အထင်သေးနေတာ မဟုတ်ဘူးလား?”

“ ငါ တောင်းဆိုစရာရှိတယ်”

လျိုချင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။

ထို့နောက်မှာ ညစ်ပတ်နေတဲ့ ဆေးဖော်ခန်းနဲ့ ဘေးနားက ဆေးဆရာလေးတွေကိုပါ လှည့်ပတ်ကြည့်လိုက်သည်။

လျိုချင်းချန်ရဲ့စကားကို ကြားတော့ ထိုမိန်းကလေး မျက်မှောင်ကြုတ်သွားကာ

လက်တစ်ဖက် ယမ်းပြလိုက်ပြီး

“ မင်းတို့အားလုံး အရင်သွားနှင့်ကြ”

ဆေးဆရာငယ်တွေအကုန် ခေါင်းညိတ်ပြကာ ချက်ချင်း ထွက်သွားကြလေ၏။

ထိုအချိန်မှသာ

“ ပြော ဘာကိစ္စလဲ?”

“ ငါနင့်ကို ဆေးလုံးဖန်တီးစေချင်တယ်”

လျိုချင်းချန် တည်ငြိမ်စွာ ပြောလို​က်သည်။

“ အိုး?”

ထိုမိန်းကလေး အံ့သြသွားတာပင်။ အရင်ကဆို လျိုချင်းချန်က ဆေးလုံးဖန်တီးတဲ့ပညာရပ်ကို အမြဲကန့်လန့်တိုက်နေကြပဲ။

“ နန်းတော်ထဲသွားပြီး ဆေးလုံးဖန်တီးစေချင်တာ”

လျိုချင်းချန် ထပ်ပေါင်းပြောလို​က်သည်။

“ အဲ့ဒီအသုံးမကျတဲ့ ဘုရင်အစား ပြောနေတာလား?”

ထိုမိန်းကလေး မျက်မှောင်ကြုတ်သွားပြီး လျိုချင်းချန်ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။

“ မဟုတ်ဘူး”

“ ဒါဆိုဘာလဲ?”

လျိုချင်းချန် ခဏလောက် တွေးလို​က်သည်။ အရှေ့က ညီမကို သူမ ကောင်းကောင်း သိသည်။

ဒါကြောင့် ရှကျိုးယွီ ပေးထားတဲ့ ဆေးလုံးကို ထုတ်လိုက်ကာ

“ ဒီဆေးကို အရင်ကြည့်လိုက်”

သူမ ပြလိုက်သည်။

ချက်ချင်းပဲ လေထုထဲ ပျံ့လွင့်လာတဲ့ ဖျော့တော့တဲ့ သင်းရနံ့က ပတ်ဝန်းကျင်က ဆေးနံ့အားလုံးကို ဖိနှိပ်သွားသည်။ အခန်းတစ်ခုလုံးမှာ ဆေးလုံးရဲ့အနံ့သာ ပြည့်သွားတော့သည်။

ဆေးလုံးကို မြင်တာနဲ့ ထိုမိန်းကလေး ဆွံ့အသွားပုံပင်။ ပြူးကျယ်လာတဲ့ မျက်လုံးတွေက ဆေးလုံးဆီမှာ ဖမ်းစားခံလိုက်ရတဲ့ သက်သေပဲ။

သူမရဲ့ မျက်လုံးထဲကို အလိုဆန္ဒတစ်ခု ဝင်ရော​က်လာခဲ့သည်။

ချက်ချင်းပဲ မတ်တပ်ရပ်ကာ ဆေးလုံးကို

ယူလိုက်လေ၏။

တစ်ချိန်ထဲမှာပဲ အံ့သြတကြီး ပြောလိုက်သည်။

“ ဒါ..ဒါဘယ်လိုဖြစ်နိုင်မှာလဲ? နင် ဘယ်ကရခဲ့တာလဲ? ဒီဆေးလုံး ဖန်တီးထားတဲ့ နည်းစနစ်က သာမာန်နည်းစနစ် မဟုတ်ဘူး!!”

လျိုချင်းချန် ခပ်ဖွဖွ ပြုံးကာ ဆေးလုံးကို ပြန်ယူသိမ်းလိုက်သည်။

ဒီလို ရတနာလေးကို ဘယ်ပေးလို့ရမှာတုန်း?

ထိုမိန်းကလေးက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး လျိုချင်းချန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ နင် နန်းတော်ထဲသွားမယ်ဆိုရင် ငါပြောပြမယ်”

လျိုချင်းချန် တည်ငြိမ်စွာ ပြောလိုက်တာပင်။

ပြောပြီးတာနဲ့ မေးခွန်းထုတ်ဖို့လဲ မမေ့ခဲ့ဘူး။

“ သွားမှာလား? မသွားဘူးလား?”

ထိုမိန်းကလေးရဲ့ မျက်မှောင်က ကြုတ်သထက် ​ကြုတ်လာသည်။

“ အခြေအနေပြော!”

ဒါကိုကြားတော့ လျိုချင်းချန် စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်။

ဒီကောင်မလေး စိတ်ပါလာပြီဆိုတာ သူမ သိလိုက်ပြီလေ။

ဒါပေမဲ့ သူမ တည်ငြိမ်စွာပဲ ဆက်ပြောလိုက်ပါသည်။

“ နင် အနှစ်ငါးဆယ်အထိ အေးဆေး ဆေးလုံးဖန်တီးနိုင်ဖို့ ငါ အာမခံတယ်။ ဒီအတောအတွင်း လိုသမျှ ပါဝင်ပစ္စည်းကိုလဲ နန်းတော်က ထောက်ပံ့လိမ့်မယ်။ ဆေးလုံးပဲ ဖန်တီးနေပြီး ကျန်တာ စိတ်ပူဖို့ လိုမှာမဟုတ်တော့ဘူး”

“ မဖြစ်နိုင်တာ!!”

လျိုချင်းချန်ရဲ့ စကားဆုံးတာနဲ့ ကျယ်လောင်တဲ့ ငြင်းဆိုသံကြီး ထွက်ပေါ်လာခဲ့သည်။

“ ငါ့ကို လှည့်စားချင်တယ်ဆိုလဲ ​ကျိုးကြောင့်သင့်တဲ့ အကြောင်းအရာမျိုး ​ပြောလေ။ ငါ မယုံဘူး။ ဒါကို.ဘယ်သူမှလဲ ယုံမှာမဟုတ်ဘူး!”

“ ငါနင့်ကို ဘာကိစ္စ လှည့်စားရမှာလဲ? လိုကို မလိုနေတာ!”

လျိုချင်းချန် တည်ငြိမ်စွာ ပြန်ဖြဲလိုက်သည်။

ထိုမိန်းကလေးရဲ့ မျက်နှာက ပိုပြီး တည်တင်းလာကာ

“ အဲ့ဒါ ဘယ်သူပြောခဲ့တာလဲ?”

“ အရှင်မင်းကြီးပါးစပ်ကနေ ငါ့နားနဲ့ ကိုယ်တိုင် ကြားခဲ့တာ!”

လျိုချင်းချန် ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။

“ လက်ရှိ ဘုရင်လား? ဖြစ်နိုင်တာ နင်…”

ထိုမိန်းကလေး အံ့သြသွားသည်။ သူမရဲ့ ခေါင်းထဲမှာ အဆတ်မပြတ် ထွက်ပေါ်နေတဲ့ ဖြစ်နိုင်ချေတွေကြောင့် လျိုချင်းချန်အပေါ် သူမရဲ့အကြည့်က သိချင်စိတ်အဖြစ် ပြောင်းသွားတော့သည်။

လျိုချင်းချန်ကို အထက်အောက် စုံဆန်ကြည့်ကာ လေ့လာမှုတောင် ပြုလိုက်လေ၏။

“ နင်ထင်သလို မဟုတ်ဘူး! ဘာနေနေ ပြောစရာရှိတာ ငါပြောပြီးပြီ။ သွားတာမသွားတာ နင့်အပိုင်း”

လျိုချင်းချန် ဘာမှ မရှင်းပြတော့ပေ။ သူမ တိုက်ရိုက်ကြည့်ကာ ပြောလိုက်တာပင်။ အစကနေ အဆုံးအထိ သူမရဲ့မျက်လုံးထဲမှာ ခံစားချက်မရှိဘူး။ ဒီကိစ္စက သူမနဲ့ မဆိုင်သလိုမျိုးပဲ။

ပြောပြီးတာနဲ့ သူမ ထွက်သွားဖို့ ပြင်လိုက်သည်။

“ နေအုံး”

ထိုမိန်းကလေးက အလျင်စလို ခေါ်လိုက်လေ၏။

“ ဘာလဲ?”

လျိုချင်းချန် အနောက်လှည့်ကြည့်လိုက်သည်။

“ ဒီဆေးလုံး ဘယ်ကရလဲ နင်အခုထိ မပြောရသေးဘူး!”

အလျင်စလို အမေးရဲ့အဆုံးမှာ သူမရဲ့ အကြည့်က လျိုချင်းချန်ရဲ့လက်ထဲရှိ ဆေးပုလင်းဆီကို ကျရောက်သွားသည်။

သူမကို ဒီဆေးလုံးက တော်တော် စွဲဆောင်နိုင်ပုံပဲ။

“ မသိဘူးလေ။ ဘယ်သူပေးတာ ဖြစ်မလဲ?”

“ အဲ့လောက်သိချင်နေရင် အထုတ်ပြင်ပြီး ငါ့နောက်လိုက်ခဲ့လိုက်။ မသိချင်ရင်လဲ ငါပြောခဲ့တာတွေ မေ့လိုက်ပေါ့”

လျိုချင်းချန် ပြောပြီးတာနဲ့ လုံးဝ မရပ်တော့ပေ။ ခြံဝန်းအပြင်အထိကို တိုက်ရိုက် ထွက်သွားလိုက်သည်။

“ ဘယ်သူပေးတာလဲ..?”

ထိုမိန်းကလေးရဲ့ မျက်လုံးထဲမှာ ပုံမှန်မဟုတ်တဲ့ အရိပ်အယောင်တွေ ထင်ဟပ်လာသည်။

သူမရဲ့ နှလုံးသားအနက်ပိုင်းကနေကို တွက်ချက်နေမိသည်။

တစ်ကယ်ပဲ ဘယ်လိုလူက ဒါမျိုးဆေးလုံး ဖန်တီးနိုင်ခဲ့တာလဲ?

အဲ့ဒီအသုံးမကျတဲ့ ဘုရင်ရဲ့ဘေးမှာ ပုန်းကွယ်နေတဲ့ ဆရာကြီးတစ်ယောက် ရှိတာဖြစ်ရမယ်.. ဖြစ်နိုင်တာ ဆရာ့ဆရာကြီးပဲ!

ဆေးလုံးဖန်တီးရတဲ့ ခက်ခဲမှုကို သူများတွေ မသိရင်တောင် သူမ ကောင်းကောင်းသိသည်။

ဒီဆေးလုံးက နတ်ဆေးလုံးပဲ!

ဒီဆေးလုံးက ရှေးစာလိပ်တွေမှာပါတဲ့ လူတစ်ယောက်ရဲ့ သွေးကြောနဲ့ စွမ်းအင် အရင်းအမြစ်ကို သန့်စင်ပေးနိုင်တဲ့ နတ်ဆေးလုံး!

သူမ အနည်းငယ်ပဲ ဖတ်ခဲ့ဖူးပေမဲ့ ရှင်းရှင်းလင်းလင်း မှတ်မိသည်!

ဒါကြောင့် အခုလို မသက်မသာ ခံစားနေရတာပဲ။

ပြီးတော့ မှတ်တမ်းထဲမှာ ဖော်ပြချက်အရ နတ်ဆေးလုံးတွေက ပျောက်ကွယ်တာ ကြာခဲ့ပြီးတော့ ဖန်တီးဖို့လဲ မဖြစ်နိုင်ဘူးတဲ့။

ဒါပေမဲ့ အခု ဆေးလုံးက သေချာပေါက်ကို နတ်ဆေးလုံးပဲ!

ပြီးတော့ ဒါကိုဖန်တီးဖို့ဆို သုံးရက်လောက်နဲ့ ရမှာမဟုတ်ဘူး!.

ဆရာဘိုးဘေးကြီးပဲ!

သူမရဲ့ နှလုံးသားက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

ဆေးလုံးဖန်တီးမှုမှာ ရူးသွပ်နေတဲ့ သူတစ်ယောက်အတွက် ကျွမ်းကျင် ဆရာသမားအကြောင်း သိကျွမ်းရမဲ့ အခွင့်အရေးက ကြီးမားတဲ့ ရိုက်ချက်ကြီးပဲလေ။

…………

All Chapters