( ထျန်းချီတာဝါ ရောက်လာပြီလား?)
Vol. 3 Ch. 37
အမတ်ချန်ရှုံးရဲ့ နေအိမ်တွင်..။
ထိုင်ခုံမှာ ထိုင်နေတဲ့ ချန်ရှုံးက လက်ထဲမှာ စုတ်တံတစ်ခုနဲ့ ရေးသားနေခဲ့သည်။
ထိုအချိန်မှာပဲ ဝတ်စုံနက်နဲ့လူတစ်ယောက် ဝင်ရောက်လာသည်။
“သတင်းတွေ ဘယ်လိုနေလဲ?”
ချန်ရှုံးက ထိုလူရဲ့ ဝင်ရောက်လာမှုကို အာရုံခံမိတာမို့ စာရေးမပျက်ဘဲ မေးလိုက်သည်။
“သခင်ကြီး သတင်းတွေ ပျံ့နေပါတယ်။ မြို့တော်တစ်ခုလုံးမှာ တရှားတိုင်းပြည်ကြီး အန္တရာယ်ကျရောက်မဲ့ အကြောင်းနဲ့ အခွန် တိုးကောက်မဲ့မှန်းဆချက်တွေကြောင့် မကြာခင်မှာ လူတွေ ပွက်လောရိုက်ကြမှာပါ”
ထိုလူက အမြန်ဖြေလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်မှုတစ်ချို့ ရှိသည်။
“ ကောင်းတယ်။ ဒီကိစ္စသာ လုံလောက်အောင် သတင်းကြီးသွားရင် အရှင်မင်းကြီးလဲ သဘောပေါက်သွားမှာပဲ။ ဒါဆို အလုပ်ခန့်အပ်ရေးဋ္ဌာနအနေနဲ့ ငါ ဝင်ပါလို့ရပြီ။ မဟုတ်လို့ ဘဏ္ဍာငွေ သန်းနှစ်ဆယ်လုံး ကျူးကော့လုံရဲ့ လက်ထဲကျသွားရင် ဝေ့တိုင်းပြည်နဲ့ငါတို့ကြားမှာပဲ ပြဿနာဖြစ်မှာ မဟုတ်ဘူး။ တစ်ခြား ဘာအန္တရာယ်တွေ ကြုံလာမလဲ ဘယ်သူမှ ကြိုမပြောနိုင်ဘူး”
ပြောပြီးတာနဲ့ သူ့ရဲ့မျက်လုံးက ပိုစူးရှလာလေ၏။
ကျူးကော့လုံရဲ့ သန်မာမှုကို သူ ကောင်းကောင်းသိသည်။
ကျူးကော့လုံသာ ဝင်ပါလာရင် ဘဏ္ဍာ ငွေထဲကနေ အမြတ်ထုတ်နိုင်ဖို့ အရမ်းခက်သွားတော့မှာ။
ဒါပေမဲ့ သူဒါကို အရမ်းစိတ်မပူပါဘူး။ သူ စိတ်အပူဆုံးက လျို့ဝှက်ကုန်သွယ်ရေး လမ်းကြောင်း ပျက်သွားမှာကိုပဲ။
ဝေ့တိုင်းပြည်နဲ့ နှစ်များစွာ ပူးပေါင်းထားပြီးနောက်မှာ ဝေ့တိုင်းပြည်လို တိုင်းပြည်ငယ်တစ်ခုလောက်နဲ့ သူ မရောင့်ရဲနိုင်တော့ဘူး။
လျှို့ဝှက်ကုန်သွယ်လမ်းကြောင်းက ပိုက်ဆံရှာလို့ကောင်းတဲ့ နေရာတစ်ခုပဲ။
တရှားရဲ့ ထွက်ကုန်တွေက ဝေ့တိုင်းပြည်မှာဆိုရင် ရှားပါးရတနာတွေပဲ။
ဒါကြောင့် အခုလိုအချိန်မှာကို လျို့ဝှက် ကုန်သွယ်ရေးလမ်းကြောင်းကို သူစိတ်ပူနေရတာ။
“မူမမှန်တာ တစ်ခုခုရှိလား?”
ခဏလောက် တွေးပြီးနောက်မှာ ချန်ရှုံး ထပ်မေးလိုက်သည်။
ဝတ်စုံနက်နဲ့လူ အနည်းငယ် အံ့သြသွားကာ
“ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ သတင်းပို့တဲ့သူက အမှားလုပ်ခဲ့မိပုံပဲ”
ချန်ရှုံးရဲ့ လက်ထဲက စုတ်တံက အနည်းငယ် ပုံပျက်သွားသည်။
ရေးနေတဲ့ စာလုံးတွေပင် မှင်တွေပျက်သွားသည်။
“အိုး?”
ချန်ရှုံး ခေါင်းမော့လိုက်ပြီး အရှေ့က ငယ်သားကို စိုက်ကြည့်လိုက်သည်။
ထိုလူက ချက်ချင်းပြောလိုက်သည်။
“ တစ်ယောက်ယောက်က တိတ်တဆိတ် စုံစမ်းနေတဲ့ပုံပါပဲ သခင်ကြီး”
“ ဘယ်သူကလဲ? မင်းဘာလို့ စောစော မတင်ပြတာလဲ?”
ချန်ရှုံးရဲ့မျက်နှာထားက ချက်ချင်း ပြောင်းလဲသွား၏။
ထိုလူလဲ အပြစ်တင်မခံချင်တာမို့ ချက်ချင်း ဖြေလိုက်သည်။
“ ကျွန်တော်လဲ အခုတင် သတင်းရခဲ့တာပါ။ တိတ်တဆိတ် စုံစမ်းနေတဲ့သူ ရှိနေတယ်”
“တိတ်တဆိတ် စုံစမ်းနေတာ?”
ချန်ရှုံး ခဏတွေးလိုက်သည်။ သူ့ရဲ့ နှလုံးသား အနက်ပိုင်းကနေ အဖြေတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။
သတိထားမိတာလဲ မြန်ပြီး..
အခုလို စုံစမ်းနေတာဆိုတော့
အကွက်ကြိုမြင်နိုင်တဲ့ တစ်ယောက်ယောက် ဖြစ်ရမယ်!
ကျင်းယိအစောင့်တပ်!
ဒုန်း!
စုတ်တံက စာရွက်ပေါ် ဒုန်းခနဲ ပြုတ်ကျသွားကာ သူ့ရဲ့တစ်ကိုယ်လုံး တုန်ယင်သွားသည်။
အရှင်မင်းကြီး သတိထားမိသွားတာများလား?
ချန်ရှုံး လန့်သွားသည်။
တစ်ဖက်ကို အခွင့်အရေး မပေးချင်တာမို့ သူ အမြန် အမိန့်ပေးလိုက်တော့သည်။
“ အမြန် သတင်းဖြန့်တဲ့သူတွေကို ပြောလိုက်! ဒီကိစ္စကို ဆက်မဆောင်ရွက်နဲ့တော့!”
“ဒါပေမဲ့..”
“စကားမများနဲ့။ ငါခိုင်းတဲ့အတိုင်း သွားလုပ်။ တစ်ခုခုဖြစ်ခဲ့ရင် လျို့ဝှက်ကုန်သွယ်ရေးလမ်းကြောင်း ဖော်ထုတ်ခံရရုံတင်မကပဲ မင်းရောငါရော ဒုက္ခရောက်မှာ!”
ပြောပြီးတာနဲ့ သူ့ရဲ့မျက်နှာထက်မှာ ထိတ်လန့်မှုတစ်ချို့ ဖြတ်ပြေးသွားသည်။
သူက အရူးမဟုတ်ဘူး။
ကျင်းယီ အစောင့်တပ် ပါလာပြီဆိုရင်..
အရှင်မင်းကြီး တစ်ခုခု သတိထားမိသွားလို့ပဲ။
လက်ရှိအရှင်မင်းကြီးက အသုံးမကျတဲ့ဘုရင်ဆိုပြီး လူတွေ ပြောကြသည်။
ဒါပေမဲ့ ဒီရက်ပိုင်း အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက အသုံးမကျတဲ့ပုံ ပေါက်မနေဘူး။
ကံကောင်းလို့ ငါတို့ဘက်က သတိထားမိသွားလို့ပေါ့။ မဟုတ်ရင် သေတော့မလို့!
ချန်ရှုံး စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ သူ့ရဲ့မျက်လုံးမှာ လူသတ်ငွေ့တွေ ပြင်းထန်လာခဲ့သည်။
“လက်ရှိလုပ်ဆောင်မှုကို ရပ်ခိုင်းပြီးရင် ငါတို့အကြောင်း သိထားတဲ့ လူတွေကိုပါ ဖြေရှင်းလိုက်”
ချန်ရှုံး ခဏလောက်တွေးပြီးနောက်မှာ ဆက်ပြောလိုက်သည်။
“ဟုတ်ကဲ့”
ဝတ်စုံနက်နဲ့လူရဲ့ကျောရိုးထဲထိ ချွေးတွေ စိမ့်လာလေ၏။ သူ အချိန်မဖြုန်းရဲတာမို့ အမြန်ထွက်သွားလိုက်သည်။
ထိုအချိန်မှာ..
အရိပ်ထဲမှာ ပုန်းနေတဲ့ ကျောက်ကောင်း ဒါကိုမြင်တော့ တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။
အရှင်မင်းကြီးက ထုတ်မပြဘူး။
ဒါပေမဲ့ တိတ်တဆိတ်နဲ့ ကျင်းယိအစောင့်တပ်ကို စုံစမ်းခိုင်းထားတာပဲ။
အရှင်မင်းကြီးက အမတ်ချန်ရှုံးကို မဖမ်းရဲတာ မဟုတ်ဘူး။
ပိုကြီးတဲ့ကစားပွဲအတွက် စောင့်နေတာ။
တစ်နည်းပြောရရင်..
ဧရာမငါးကြီးဖမ်းဖို့ မြှားနေတာပဲ!
အရှင်မင်းကြီးရဲ့မဟာတံတိုင်း ပြင်ခိုင်းတဲ့အမိန့်က ဟန်ဆောင်တာလား?
အမတ်ချုပ်ကျူးကော့လုံကို စိတ်ကြိုက် ငွေသုံးစေပြီး ပစ္စည်းဝယ်သလိုနဲ့ စစ်သား စုဆောင်းခိုင်းမယ်။ ပြီးရင် ဝေ့တိုင်းပြည်ကို တစ်ခါထဲနဲ့ စစ်ချီပြီး သိမ်းပိုက်မလို့လား?
ကျောက်ကောင်းရဲ့ အတွေးက ကြီးသထက် ကြီးလာခဲ့သည်။
ဒါ မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ။
ပြောရရင် မဟာတံတိုင်းဆောက်တဲ့အလုပ်ကိုက အလုပ်ခန့်အပ်ရေး ဋ္ဌာနရဲ့ အလုပ်ပဲ။ ဒါပေမဲ့ အမတ်ချုပ်ကျူးကော့လုံ တစ်ယောက်ကိုပဲ အာဏာအပြည့် ပေးခဲ့တာမလား?
…….
ထိုက်အန်းမြို့တော်ရဲ့ လမ်းမမှာ လူတွေ ပြည့်နေခဲ့သည်။
လူတွေရဲ့ စကားဝိုင်းကတော့ မဟာတံတိုင်း တည်ဆောက်မဲ့ကိစ္စနဲ့ မင်းသားဘွဲ့တော် ချီးမြှင့်တဲ့ကိစ္စတွေပဲ။
ပြည်သူတွေ ထိတ်လန့်နေကြသည်။
ထိုအချိန်မှာ ကောင်းကင်ထက်ကို ဓားရှည်တစ်ချောင်း မြင့်တက်သွား၏။
ဓားရှည်ရဲ့ လေကိုခွင်းတဲ့အသံက ကောင်းကင်နဲ့မြေကြီးတစ်လျှောက် ပဲ့တင် ထပ်သွားသည်။
ထိုက်အန်းမြို့တော်သားတွေရဲ့ အကြည့်အောက်မှာ..
အဖြူရောင်ဝတ်စုံနဲ့ လူရွယ်တစ်ယောက်က တိမ်တွေကြားမှာ ထွက်ပေါ်လာပြီး ဓားပျံစီးရင် ကျင်းယိအစောင့် ရုံးတော်တည်ရှိရာကို ဦးတည်နေလေရဲ့။
ထိုက်အန်းမြို့တော်သားတွေအကုန် အင်အားကြီးလှတဲ့ လူရွယ်ကို ခံစားမိလိုက်ကြသည်။
ကျင့်ကြံသူများစွာက အပေါ်က အဖြူရောင် ဝတ်စုံနဲ့လူငယ်ကို ကြည့်နေကြသည်။
မြေပြင်ပေါ် ဆင်းသက်လာတဲ့ နတ်သားလား!
ဟုတ်တယ်! နတ်ပဲ ဖြစ်ရမယ်!
ကျင့်ကြံသူ အားလုံးနီးပါး စိတ်လှုပ်ရှားသွားကြသည်။
နတ်တစ်ပါး ထွက်ပေါ်လာတာလား!
အကုန်လုံးရဲ့ အကြည့်အောက်မှာ ထိုသူက တိမ်ပင်လယ်ကို ဖြိုခွင်းရင်း ထိုက်အန်းမြို့တော်တစ်လျှောက်ကို ဖြတ်သန်းကာ ပန်းတိုင်တည့်တည့်ကို ဦးတည်နေသည်။
နောက်ဆုံးမှာ ကျင်းယိအစောင့် ရုံးတော် အရှေ့မှာ ရပ်သွားခဲ့သည်။
ဒန်း!
ကျယ်လောင်တဲ့ အသံတစ်ခုနဲ့အတူ ထိုက်အန်းမြို့တစ်ခုလုံး ငလျင်လှုပ်သလိုမျိုး တုန်ယင်သွားလေ၏။
လေ၊ မီး၊ မိုးကြိုး၊ လျှပ်စီး စတဲ့ ဓာတ်လေးပါး သယ်ဆောင်ထားသလို မြင့်မြတ်ထည်ဝါတဲ့ ဟန်ပန်နဲ့ ထိုလူငယ်က လက်နောက်ပစ်ကာ ရပ်နေသည်။
သာမာန်နောက်ကျောပြင်တစ်ခုပဲ။
ဒါပေမဲ့ ဓားရဲ့အရှိန်အဝါတွေက ခန္ဓာကိုယ်မှ ဖြာထွက်နေသည်။ ပတ်ပတ်လည်ကို ပိုင်းခြားလိုက်သလိုပဲ။ လေကြမ်းတွေ အဆတ်မပြတ် တိုက်ခတ်နေတာမို့ ကောင်းကင်နဲ့မြေကြီးကိုပါ ရိုက်ခတ်နေဟန် ရှိသည်။
ဒီလူရဲ့နာမည်က လီဖူ..!
ထျန်းချီတာဝါရဲ့ လက်အောက်က ပထမအဆင့်ကိုမှ ထိပ်သီးပိုင်း ရောက်နေတဲ့ နတ်တစ်ပါးပဲ!
လီဖူရဲ့ အသံက ရုံးတော်အပေါ်ကနေ ဟိန်းထွက်လာခဲ့သည်။
“ ထျန်းချီတာဝါရဲ့ တပည့်ကို ဘယ်သူ မလေးမစားလုပ်ရဲတာလဲ?”
တိတ်ဆိတ်သွားသည်။ လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။
ထိုက်အန်းတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်သွားတာပင်။.
အင်အားပြင်းတဲ့ ဖိနှိပ်မှုအောက်မှာ လူတစ်ယောက်မှ အသံမထွက်ရဲတော့ဘူး။
အချိန်အကြာကြီး စောင့်ပြီးနောက်မှာ လီဖူက သူ့ရဲ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။
သူ နူးညံ့စွာ ပြောလိုက်လေ၏။
“ ဒီနေရာမှာ သံသယဝင်စရာ တစ်ခုခု ရှိနေပုံပဲ”
“ ငါတို့ထျန်းချီတာဝါက တရှားတိုင်းပြည်မှာ ရှိနေခဲ့တာကြာပြီ။ ပြဿနာဖြစ်ခဲ့ဖူးတာမျိုး မရှိဘူး”
“ လွန်ခဲ့တဲ့ ရက်ပိုင်းက အပြုအမူမှာ တရှားရဲ့ ဘုရင်ကိုယ်တိုင်က ထျန်းချီတာဝါကို ဝင်ရောက် စွတ်ဖက်ခဲ့တယ်”
“ တရှားတိုင်းပြည်ဘက်က ရိုင်းပျခဲ့တာပဲ”
“ ဒါပေမဲ့ ငါတို့ထျန်းချီတာဝါက ကျိုးကြောင့်မသင့်တဲ့နေရာတစ်ခု မဟုတ်ဘူး။ ငါတို့ရောက်လာပြီဆိုမှတော့ ဒီကိစ္စကို အဆုံးထိ စစ်ဆေးပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက် ချမယ်!”
လီဖူ.ခဏလောက် တွေးလိုက်သည်။ ထို့နောက်မှာ အရိပ်ကြားကနေ သူ့ရဲ့ပုံရိပ်က ချက်ချင်းပဲ ပျောက်ကွယ်သွားလေ၏။
လီဖူ ပျောက်သွားမှသာ..
ကျင်းယိတပ်ရဲ့ ပုန်းနေတဲ့အရိပ်တွေ အလျှိုလျှို ထွက်လာခဲ့ကြသည်။
လီဖူရဲ့ အကြည့်တစ်ချက်နဲ့တင် သူတို့တွေ ဖိန့်ဖိန့်တုန်အောင် ကြောက်သွားပုံပဲ။
“ ငါတို့ ဘာလုပ်တော့မလဲ? ထျန်းချီတာဝါ တစ်ကယ်ပဲ ငါတို့ကို အပြစ်ပေးလာရင် တရှားတိုင်းပြည်တော့ ပျက်ဆီးတော့မှာပဲ”
“ အခုငါတို့လုပ်နိုင်တာဆိုလို့ အရှင်မင်းကြီးကို သတင်းပို့ဖို့ပဲ။ ဒီတရှားတိုင်းပြည်ကြီး.ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ဒါပေမဲ့ ငါတို့တွေ ကပ်ဘေးကြီးကို လက်ယပ်ခေါ်လိုက်မိပြီ!”
“ အရှင်မင်းကြီးကို အမြန်ဆုံး သတင်းပို့ကြ!”
……………….