( တော်ဝင်စာဖန်းခန်းထဲကို ဝင်ရောက်လာတဲ့ အင်အားကြီးလူနှစ်ယောက်)
Vol. 3 Ch. 41
တော်ဝင်စာဖတ်ခန်းရှေ့တွင်…..
မိုးထိအောင် မြင့်မားတဲ့ ရှေးသစ်ပင်ကြီးတွေက အပေါ်က နေလုံးရဲ့ ပူပြင်းမှုကို အတတ်နိုင်ဆုံး ကာပေးထားသည်။
အနီရောင် အုတ်ခဲတွေနဲ့ ဆောက်ထားပြီး ရွှေပိန်းချထားတဲ့ တိုင်လုံးများရှိသော နန်းဆောင်လေးက အလင်းဖြာနေသည်။
နန်းတော်ထဲကနေ ဆန်းကြယ်တဲ့ အရှိန်အဝါတစ်ခုကို မကြာခဏ ရနေသလိုပဲ။
လွှမ်းမိုးနိုင်စွမ်းမြင့်ပြီး ထည်ဝါတဲ့ အရှိန်အဝါပေါ့။
တော်ဝင်အစောင့် တစ်စုက ညီညာစွာဖြင့် အဆောင်အပြင်မှာ ရပ်နေကြသည်။
တော်ဝင်စာဖတ်ခန်းထဲက ရှကျိုးယွီကတော့ အရှေ့အနောက် ဇယ်ဆက်အောင် လျှောက်နေရင်း ထျန်းချီတာဝါကို ဘယ်လို ဒေါသဆွရမလဲ တွေးနေလေရဲ့။
ထိုအချိန်မှာပဲ မိန်းမစိုးငယ်တစ်ယောက် အလောတကြီး ဝင်လာလေကာ
“အရှင်မင်းကြီး.. တော်ဝင်ဆရာမကြီးက တွေ့ခွင့်တောင်းနေပါတယ်”
ရှကျိုးယွီ အနည်းငယ် အံ့သြသွားခဲ့သည်။
'သူမ ဘာလာလုပ်တာလဲ? ဖြစ်နိုင်တာ လူ ခေါ်လာလို့ရခဲ့တာလား?’
'မဆိုးဘူး။ ကောင်းသားပဲ’
'တစ်ချိန်ထဲမှာ နှစ်ပွဲဆော့ရလဲ မဆိုးပါဘူးလေ’
ရှကျိုးယွီ လက်တစ်ဖက် ယမ်းပြလိုက်သည်။
“ အမြန်ဝင်ခိုင်းလိုက်”
“ ဟုတ်ကဲ့”
ထိုမိန်းမစိုးလေး ချက်ချင်း ပြန်ထွက်သွားခဲ့သည်။
မကြာခင်မှာ…
လျိုချင်းချန်နဲ့ လီချင်းလွမ့်တို့ အခန်းထဲ ဝင်လာခဲ့သည်!
ရှကျိုးယွီ ချက်ချင်း နှုတ်ဆက်လိုက်သည်။
ဒါလေးက သူ့အစီအစဥ်ကို ပံ့ပိုးမဲ့ အင်အားကြီး လက်နက်လေးလေ။ နှုတ်ဆက်ရမှာပေါ့။
ထျန်းချီတာဝါကို အသုံးချလို့ရတယ်ဆိုပေမဲ့လဲ အခွင့်အရေးဆိုတာမျိုးက ရသလောက် ယူရမှာ မလား?
ဒါမျိုး.အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး။
ရှကျိုးယွီကို မြင်တာနဲ့..
လီချင်လွမ့် မျက်မှောင်ကြုတ်သွားကာ နှုတ်ဆက်လိုက်သည်။
“ ကျွန်တော်မျိုးမ လီချင်းလွမ့် အရှင်မင်းကြီးကို ဂါရဝ ပြုပါတယ်”
လျိုချင်းချန်လဲ အရိုအသေပေးလိုက်သည်။
“ လာလာ! မင်းက တော်ဝင်ဆရာမကြီး ပြောခဲ့တဲ့ ဆေးဆရာမပဲ ဖြစ်ရမယ်”
ရှကျိုးယွီ နူးညံ့စွာ မေးလိုက်သည်။
တစ်ချိန်ထဲမှာပဲ မျက်စိရှေ့က လီချင်းလွမ့်ကို အနီးကပ် အကဲခတ်လိုက်သည်။ ကြည့်လေ သဘောကျလေမို့ သူ့ရဲ့မျက်လုံးတွေ တောက်ပလာတော့သည်။
‘ လီချင်းလွမ့် တဲ့ကွာ.. မိုက်လိုက်တဲ့ နာမည်!’
‘ မဆိုးဘူး.မဆိုးဘူး။ သူမ ဆီကရတဲ့ အရှိန်အဝါက အရမ်းထူးခြားတယ်’
‘ ဟိုအဖိုးကြီးတွေကို အရူးလုပ်လို့ ကောင်းပြီပဲ’
‘ ပြီးတော့ ကြည့်ရတာ အသက်နှစ်ဆယ် မကျော်လောက်သေးဘူး။ သေချာပေါက် အရည်အချင်းရှိမှာမဟုတ်ဘူး’
‘ တော်ဝင်ဆေးဆရာ ဖြစ်လာဖို့ အသင့်တော်ဆုံးပဲ!’
‘ သူမ အကူအညီနဲ့ဆိုရင် ကံကြမ္မာအမှတ်ကို ရှင်းလင်းဖို့က အချိန်တစ်ချို့ ယူရုံပဲ’
‘ တော်တော်လဲ လှတယ်။ နန်းတော်ထဲ လှည့်ပတ်သွားနေလဲ အလှလေးကို ထိုင်ကြည့်နေရင်ကို အဆင်ပြေနေပြီ ဟီးဟီး’
ရှကျိုးယွီ လီချင်းလွမ့်ကို လေ့လာနေလိုက်သည်။
လီချင်းလွမ့်ကလဲ ရှကျိုးယွီကို လေ့လာနေသည်။
ဘာကြောင့်ရယ်မသိ သူမ အရှေ့ကလူကို ကြည့်မိလိုက်တာနဲ့ ထူးဆန်းတဲ့ခံစားချက်ကို ရနေခဲ့သည်။
အရှေ့က လူက သူမ စိတ်ကူးထားတဲ့ပုံနဲ့ မတူဘူး။ သတင်းတွေထဲက အတိုင်း မဟုတ်နေသလိုပဲ။
ကြည့်ရတာ သူများတွေက ချဲ့ကားပြောနေကြတာပဲ။
အကြာကြီးတွေးပြီးနောက်မှာ လီချင်းလွမ့် မေးခွန်းတွေ အရစ်ရှည်မနေတော့ဘဲ ရိုးရှင်းစွာ ဖြေကြားလိုက်သည်။
“ ဟုတ်တယ်။ ကျွန်တော်မျိုးမပါ”
ရှကျိုးယွီလဲ အချိန်မဆွဲပဲ ပြောလိုက်တော့သည်။
“ ဒီလိုဆိုမှတော့ တော်ဝင်ဆရာမကြီးရဲ့ အကဲဖြတ်နိုင်စွမ်းကို ငါကိုယ်တော် ယုံကြည်တယ်။ အခုကစပြီး မင်းက ငါကိုယ်တော်ရဲ့ တော်ဝင်ဆေးဆရာမ ဖြစ်လာပြီ”
ပြောပြီးတာနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ တော်ဝင်အစောင့်တွေကို တစ်ဆက်ထဲ ခေါ်လိုက်သည်။
“ ဆေးလုံးစမ်းသပ်ခန်းက အဆင်သင့်ပဲ။ မင်းကို လိုက်ပို့ခိုင်းပေးမယ်”
“ ပါဝင်ပစ္စည်းတွေကို စိတ်မပူနဲ့။ နန်းတော်မှာ အများကြီးပဲ။ လိုတာရှိရင် ပြောသာပြောလိုက်။ ဆေးလုံးစမ်းသပ်ခန်းကို ရောက်ရင် လိုအပ်တာရှိမလား ကြည့်လိုက်ပေါ့။ တစ်ခါထဲ စီစဥ်ခိုင်းလိုက်လို့ ရတယ်”
“ ဒါက..”
လီချင်းလွမ့် အနည်းငယ် မသက်မသာ ဖြစ်လာခဲ့သည်။
‘ တော်ဝင်ဆေးဆရာမတဲ့…လား? ဒီဘုရင် ရူးသွားပြီလား?’
‘ မဟုတ်သေးဘူး။ ငါ မမြင်သေးတဲ့ တစ်ခြားအရာတွေ ရှိရအုံးမယ်’
‘ ဒီဘုရင်မှာ တစ်ခြားရယ်ရွယ်ချက် ရှိနေတာ ဖြစ်ရမယ်!’
‘ ဖြစ်နိုင်တာ ငါထင်နေသလိုများ မြင့်မြတ် ကောင်းကင်ဘုံကျောင်းကို တိုက်ခိုက်နိုင်ဖို့ အရင်ဆုံး ငါတို့တာအိုဂိုဏ်းရဲ့ အင်အားကို အားနည်းအောင် လုပ်ချင်တာများလား?’
‘ နည်းနည်း မလွန်ဘူးလား?’
လီချင်းလွမ့်ရဲ့ မျက်လုံးတွေက တည်တင်းလာခဲ့သည်။ သူမရဲ့ မျက်လုံးထဲမှာ အထင်သေးမှုတစ်ချို့ပါ ဝင်ရောက်လာပြီး အစောပိုင်းက အိန္ဒြေရှိတဲ့ ဟန်ပန်လဲ ပျောက်ကွယ်သွားခဲ့သည်။
သူမ အကဲစမ်းကာ မေးလိုက်သည်။
“ အရှင်မင်းကြီး တစ်ခြားမေးချင်တာ မရှိတော့ဘူးလား?”
“ ဘာလို့မေးရမှာလဲ? တော်ဝင်ဆရာမကြီးကို ငါကိုယ်တော်ယုံတယ်။ မင်းရဲ့ အရည်အချင်းကိုလဲ ယုံတယ်။ မင်း ငါကိုယ်တော်ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
လီချင်းလွမ့် အနည်းငယ် အံ့သြသွားခဲ့သည်။
“ ဒါပေမဲ့…”
“ မင်းဘာလို့ မေးခွန်းတွေ များနေတာလဲ? မင်းလိုချင်တာအားလုံး ငါကိုယ်တော် ပေးနိုင်တယ်”
ရှကျိုးယွီ လီချင်းလွမ့်ကို သေချာ ကြည့်လိုက်သည်။
ကြည့်လေလေ သူမကို သူကျေနပ်လေလေပဲ။ သူ မှန်ကန်တဲ့လူကို ရှာတွေ့သွားတယ်လို့ ခံစားနေရသည်။ ဒီကောင်မလေးက ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိဘူးပဲ။ ယမ်းကုပဲ ဖြစ်မှာ။
ရှကျိုးယွီ ပျော်ရွှင်သွားသည်။ ထို့ကြောင့် စိုက်ကြည့်နေတဲ့သူ့ရဲ့ မျက်လုံးတွေပင် ကျဥ်းမြှောင်းသွားလေ၏။
အဆုံးမှာ လီချင်းလွမ့် ထိုမျက်လုံးဒဏ်ကို မခံစားနိုင်တော့တာမို့ ပြောလိုက်လေသည်။
“ ကျွန်တော်မျိုးမမှာ မေးစရာရှိပါတယ်”
ရှကျိုးယွီ ချက်ချင်းဖြေလိုက်သည်။
“ မေးလေ”
“ ကျွန်တော်မျိုးမရဲ့အမကို ပေးခဲ့တဲ့ဆေးလုံးကို ဘယ်က ရခဲ့တာပါလဲ?”
ရှကျိုးယွီရဲ့ မျက်နှာက တည်ငြိမ်ဆဲပင်။ ဒါပေမဲ့ စိတ်ထဲမှာ သူ တော်တော်လေး ပျော်ရွှင်နေခဲ့သည်။
‘ တစ်ကယ်ကို ဆရာယောင်ဆောင်နေတဲ့သူပဲ။ အရည်အချင်းမရှိဘူး။ ငါလဲ ဒါမျိုးမှ ကြိုက်တာ’
‘ ကြည့်ရတာ ငါ စိတ်ငြိမ်ဆေး ပေးမှဖြစ်တော့မဲ့ပုံပဲ’
ရှကျိုးယွီ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
“ အဲ့ဒါက လျို့ဝှက်ချက်ပဲ”
“ ဒါပေမဲ့ ဆေးလုံးဖန်တီးမှုပိုင်းတော့ စိတ်မပူပါနဲ့။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အရေးမကြီးဘူး။ အဓိက အချက်က မင်းရဲ့အရည်အချင်းတွေ အကုန်ထုတ်သုံးတာပဲ လိုချင်တယ်”
လီချင်းလွမ့်ရဲ့ အစောပိုင်းက သံသယတွေ ပိုခိုင်မာသွားခဲ့ပြီ။
‘ တစ်ကယ်ကို ထျန်းချီတာဝါက ပေးတာနေမယ်!’
‘ အခုကတော့ မီးစင်ကြည့်ကထားရမယ်’
‘ ပြီးတော့ ငါအရည်အချင်းအကုန် ထုတ်သုံးခဲ့ရင်တောင်မှ အဲ့ဒီလိုဆေးလုံးမျိုး လုပ်နိုင်မလား မသေချာဘူး’.
‘ ထားပါ။ ငါလဲဆေးလုံးဖန်တီးနေရသရွေ့ ကျန်တာ အရေးမကြီးဘူး’
လီချင်းလွမ့် ပြန်ပြောလိုက်သည်။
“ ဒီလိုဆိုမှတော့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
လီချင်းလွမ့် ဆက်လက်ပြီး ရှကျိုးယွီကို လေ့လာနေလိုက်သည်။
ဒါပေမဲ့ မကြာခင်မှာ သူမ စိတ်ပျက်သွားခဲ့သည်။
ရှကျိုးယွီထံကနေ စိတ်လှုပ်ရှားမှု နည်းနည်းတောင် မတွေ့ရလို့ပဲ။
ရှကျိုးယွီက ထိုအချိန်မှာ သူမကို တည်ငြိမ်ပြီး စိတ်အေးလက်အေး မျက်နှာထားကိုပဲ ပြသနေခဲ့သည်။
အတိအကျပြောရရင်..
အနိုင်မယူနိုင်တဲ့ အရှိန်အဝါမျိုးပေါ့။
သူမအရှေ့က ရှကျိုးယွီက အဆုံးမရှိတဲ့ ချောက်နက်ကြီးတစ်ခုလိုမျိုး သေလောက်အောင် ဆွဲဆောင်မှု ပြင်းနေခဲ့သည်။
သူမကို ပိုပြီး စူးစမ်းရှာဖွေချင်စိတ် ပေါက်အောင် နှိုးဆွနေသလိုပဲ!
“ အရှင်မင်းကြီး ကျွန်တော်မျိုးမ မေးချင်တာ ရှိပါသေးတယ်”
လီချင်းလွမ့်က ရှကျိုးယွီကို ဆက်လက် စိုက်ကြည့်နေဆဲပဲ။
“ ပြော”
ရှကျိုးယွီ နည်းနည်း စိတ်မရှည်တော့ဘူး။ သူ့ရဲ့ ပုံစံက အနည်းငယ် အေးစက်လာခဲ့သည်။
“ အရှင်မင်းကြီး ထျန်းချီတာဝါနဲ့ ဘယ်လိုဖြေရှင်းမလဲ သိချင်ပါတယ်။ ထျန်းချီတာဝါက ထိပ်သီးဂိုဏ်းတစ်ခုဆိုတာ သိတယ်မလား? ကျွန်တော်မျိုးမတို့ တရှားတိုင်းပြည်အနေနဲ့ ယှဥ်နိုင်စွမ်း မရှိပါဘူး။ သူတို့ဆီမှာ ပထမအဆင့် ကျင့်ကြံသူတွေတောင် ရှိတယ်”
သူမက ပြောရင်းနဲ့ ရှကျိုးယွီကို သေချာ ကြည့်နေလိုက်သည်။
သူမရဲ့ မျက်လုံးထဲမှာ တက်ကြွမှုတစ်ချို့ ဝင်ရောက်လာလေ၏။
ဒါပေမဲ့ သူမ ထပ်မံ စိတ်ပျက်ရပြန်ပြီ။
ဘာလို့ဆို ရှကျိုးယွီက သူမရဲ့ အကဲစမ်းတဲ့ စကားကို သတိမထားမိလို့ပဲ။
ဒါကြောင့် သူမ ဆက်ပြောလိုက်သည်။
“ အကယ်လို့ အရှင်မင်းကြီးက ကျွန်တော်မျိုးမတို့ တာအိုဂိုဏ်းရဲ့ အင်အားကို အသုံးချဖို့ တွေးနေတာဆိုရင်တော့ အရှင်မင်းကြီး စိတ်ပျက်ရပါလိမ့်မယ်”
“ ဘာလို့ဆို ကျွန်တော်မျိုးမတို့ တာအိုဂိုဏ်းက လူတွေရဲ့အရေးမှာ ဝင်မပါတာ ကြာခဲ့ပြီ။ ပြီးတော့ ထျန်းချီတာဝါနဲ့ မယှဥ်နိုင်ပါဘူး”
သူမ အခုလို ထုတ်ပြောတာတောင်မှ ရှကျိုးယွီ မတုံ့ပြန်လာသေးဘူး။
“ အိုး အဲ့ဒါလား? ငါကိုယ်တော်သိပြီ။ မင်း စိတ်ပူဖို့မလိုပါဘူး။ ဆေးလုံးဖန်တီးဖို့ပဲ ဂရုစိုက်ထားပါ”
“ လာကြစမ်း။ တော်ဝင်ဆေးဆရာမကို ဆေးလုံးစမ်းသပ်ခန်းဆီ လိုက်ပို့လိုက်ကြ”
ရှကျိုးယွီ ပြောပြီးတာနဲ့ လှည့်ထွက်သွားလိုက်သည်။
လက်နှစ်ဖက် နောက်ပစ်ကာ ထွက်သွားလေ၏။
သူ့ရဲ့ မျက်လုံးတွေက စူးရှသည်။ တုံ့ဆိုင်းမှု တစ်ချက်တောင် မတွေ့ရဘူး။
လီချင်းလွမ့်ကတော့ နေရာမှာတင် အေးခဲနေလေ၏။
သူမ အချိန်အကြာကြီး အံ့သြ နေခဲ့သည်။
……………