ယုံကြည်ချက်အတွက်အသက်ရှင်
Vol. 104 Ch. 1460
အခန်း (၁၄၆၀) ယုံကြည်ချက်အတွက်အသက်ရှင်
ရှီကျွင်း၏ ညာဘက်လက်က ထိန်းချုပ်မရစွာ အလိုလိုမြောက်တက်လာပြီး သူ၏ဦးခေါင်းကို မြေပြင်ပေါ်သို့ဖိနှိပ်ထားပြီး လူငယ်ကို လုံးဝမလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်သည်။
သူ့ရှေ့တွင် ထိုင်နေသည့် “ယင်ယွီကျန်” က စကားဆိုလာသည်။
“ရှီကျွင်းလေး ၊ ဘာလို့ ဒီလောက်တင်းခံနေရတာလဲ”
သူမအသံကိုကြားသည်ဣှင့် ရှီကျွင်း၏ရုန်းကန်မှုက ပိုမိုပြင်းထန်လာပြီး သူ၏ဦးခေါင်းထက်သို့အုပ်ကိုင်ထားသည့် ဘာဘက်လက်ကို အတင်းဖယ်ရှားရန် ကြိုးစားနေသည်။
သို့သော် သူ၏ညာလက်အင်အားက တွေးမကြည့်နိုင်အောင်ပင် စွမ်းအားကြီးမားပြီး တောင်တစ်လုံးဖိနှိပ်ထားသည့်ပမာ ဖြစ်လေရာ ၊ သူ မည်မျှကြိုးစားပါစေ ဖယ်ရှားမရနိုင်ခဲ့ပေ။
“ယင်ယွီကျန်း” က တည်ငြိမ်စွာဖြင့်...
“အရင်တုန်းက ငါတစ်ယောက်တည်းသာဆိုရင် ဝါဒတောင်က ငါ့ကိုသုတ်သင်ပစ်မှာပဲ”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ မင်းက သူတို့မျက်နှာသာပေးခံရတဲ့ ဂိုဏ်းသားတစ်ယောက်လေ ၊ မင်းက မင်းအဘိုး’ရှီတိ’ နဲ့ စုန်းထောင်းရဲ့ မျိုးဆက် ၊ သူတို့က မင်းကို လက်မလွှတ်နိုင်ကြဘူး ၊ ငါ့ကိုတော့ မင်းမျက်နှာကြောင့်သာ ကူညီပေးကြတာ မဟုတ်လား”
ရှီကျွင်း၏ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်သွားသည်။
“အခု ငါက နတ်ဆိုးဖြစ်သွားပြီ ၊ ဝါဒတောင်က ငါ့အပေါ် ကရုဏာထားမှာ မဟုတ်တော့ဘူး ၊ သူတို့က အနာဂတ်ပြဿနာတွေကို ကာကွယ်ဖို့အတွက် ငါ့ကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း ရှင်းပစ်တော့မှာပဲ”
အမျိုးသမီးက တိတ်ဆိတ်စွာပြောလိုက်သည်။
“ငါ မေတ္တာရပ်ခံပေးလို့ ကျုန်းယွမ်က မင်းကိုလွှတ်ပေးလိုက်မယ်ဆိုရင် မင်းဘာလုပ်မှာလဲ ၊ ငါ့ကိုသတ်မှာလား ဒါမှမဟုတ် ငါနဲ့အတူ အသေခံမှာလား”
ရှီကျွင်း၏ခန္ဓာကိုယ်က ဆက်လက်ရုန်းကန်နေဆဲဖြစ်သော်လည်း လှုပ်ရှားမှုက အနည်းငယ် နှေးကွေးသွားသည်။
မြေကမ္ဘာပလ္လင်နတ်ဆိုး၏ စကားများက ရှီကျွင်း၏ခေါင်းထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်နေသည်။
“ရှီကျွင်းလေး ၊ အားလုံးက ဒီအခြေအနေထိ ဖြစ်လာပြီးပြီ ၊ ငါတို့နှစ်ယောက် အမြဲတမ်း အတူတူနေလို့ရမယ်ဆိုရင်ရော ၊ အရင်တုန်းက စုန်းထောင်း အမှောင်နယ်ထဲကျခဲ့တယ်ဆိုတာ ငါတို့နှစ်ယောက်ကို ဘေးကင်းစေချင်လို့လေ”
သူမ၏စကားမဆုံးခင်မှာပင် ရှီကျွင်း ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူ၏ဘယ်လက်တွင် ဓားအလင်းတန်းတစ်ခု လက်ခနဲပေါ်လာပြီး သူ၏ညာဘက်လက်ဖဝါးနှင့် ညာဘက်မျက်လုံးကို ထိုးဖောက်ပစ်လိုက်သည်။
နတ်ဆိုးဘုရင်’ကျုန်းယွမ်’ က ဒေါသအပြည့်ဖြင့် အော်ဟစ်လိုက်သည်။
ရှီကျွင်း၏ ညာလက်နှင့် ညာဘက်မျက်လုံးမှ နတ်ဆိုးအလင်းရောင်များ ပြိုကွဲသွားပြီး နတ်ဆိုးသင်္ကေတများ မှိန်ဖျော့သွားသည်။
သူ၏ညာဘက်ခြေထောက်မှ နတ်ဆိုးအလင်းရောင်များ တောက်ပလာပြီး ထိုနေရာမှနတ်ဆိုးဘုရင်’ကျုန်းယွမ်’၏ အော်ဟစ်ညည်းညူသံကို ကြားလိုက်ရသည်။
“မင်း လုပ်ရဲသလား”
“ငါ့အဘိုးက ရှီတိ”
“ငါ့ဆရာက ရွှီဖေး”
“ငါ့ ဆရာဦးလေးက ရန်ကျောက်ကဲ”
“ငါ့ ဆရာဘိုးဘိုးက ရန်တိ”
“ငါလည်း သူတို့လိုပဲ ဖြစ်အောင်ကြိုးစားမှာ”
ရှီကျွင်း၏ ညာဘက်လက်နှင့်မျက်လုံးမှ သွေးများက မြစ်ရေကဲ့သို့ စီးကျလာသည်။ သို့သော် သူက လုံးဝအရေးမစိုက်ဘဲ နေရာတွင် ထိုင်ရန် ကြိုးစားလိုက်၏။
"ယင်ယွီကျန်း" သည် မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံး သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူမ၏မျက်ဝန်းများထဲမှ မြေဝါရောင်နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာသည်။
သူမက လက်ကိုမြှောက်လိုက်ပြီး ရှီကျွင်းကိုတားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် ရုတ်တရက် အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ဥက္ကာခဲတစ်လုံး သူမထံသို့ ဆင်းသက်လာသည်။ ထိုအလင်းတန်းက မြေခွင်းပုလဲဖြင့်ဖန်ဆင်းထားသော အလင်းတန်းပင်။
ရွှီဖေးက မြေခွင်းပုလဲကိုယူဆောင်ပြီး ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ သူ့တွင် နတ်ဆိုးအငွေ့အသက်မရှိသဖြင့် ငရဲကိုးထပ်၏လွှမ်းမိုးမှုမှ လွတ်မြောက်လေသည်။
သူက ချက်ချင်းပင် လက်ကို ဆန့်ထုတ်ပြီး "ယင်ယွီကျန်း" ကို ဖိနှိပ်လိုက်သည်။
မြေကမ္ဘာပလ္လင်နတ်ဆိုးက ယင်ယွီကျန်းအား သူပြန်လည်မွေးဖွားမည့် ခန္ဓာကိုယ်အဖြစ် အသုံးပြုခဲ့သည်။
လက်ရှိတွင် သူမ၏ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးဘဲ အနားနည်းနေဆဲဖြစ်သည်။
“ငါက ငါ့အဖေလို ဘယ်တော့မှအဖြစ်ခံမှာမဟုတ်ဘူး”
ရှီကျွင်းက ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက် ဓားအလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး ချက်ချင်းပင် သူ၏ညာခြေထောက်ကို ထိုးဖောက်လိုက်ပြန်သည်။
အစောပိုင်းက သူက နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အသုံးပြုပြီး နတ်ဆိုးဘုရင်’ကျုန်းယွမ်’ နှင့်အတူ သေဆုံးရန် ရည်ရွယ်ခဲ့သည်။
သို့သော် ထိုအင်းသင်္ကေတကို ချန်ချန်းဟွာက ဖျက်ဆီးပစ်လိုက်သဖြင့် ငရဲကိုးထပ်အမှောင်ထု၏ ကျူးကျော်မှုကို ခံခဲ့ရသည်။
ထို့ကြောင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’ က သူ၏ခန္ဓာကိုယ်တစ်ဝက်ကိုသိမ်းပိုက်ပြီး သူ၏ အသွေးအသားတစ်ဝက်နှင့် ပေါင်းစပ်သွားခဲ့သည်။
ရှီကျွင်းက နောက်ထပ် ဓားချက်(၂)ချက်ထိုးသွင်းပြီး သူ၏ ညာဘက်မျက်လုံး ၊ ညာလက်နှင့် ညာခြေထောက်တို့မှ နတ်ဆိုးအငွေ့အသက်ကို ဖယ်ရှားပစ်လိုက်သည်။
ဤသို့ပြုလုပ်ခြင်းက သူ၏စိတ်ဝိညာဉ်ကိုပင်ထိခိုက်စေပြီး ဒဏ်ရာရပါက ပြန်လည်ပျောက်ကင်းရန် မဖြစ်နိုင်သလောက်ပင်။
သို့ပေသိ အပြန်အလှန်အားဖြင့် သူက နတ်ဆိုးဘုရင်’ကျုန်းယွမ်’ကို ပြန်လည်မွေးဖွားမလာအောင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
မြင်ကွင်းကိုကြည့်ရင်း ရွှီဖေးစိတ်ထဲ ဝမ်းနည်းမှုများဖြင့် ပြည့်နက်သွားသည်။
"ရှီကျွင်းလေး..."
သို့သော် ဤသို့သောရလဒ် မလွှဲမရှောင်သသာဖြစ်လာမည်ကို သူ သိရှိထားပြီးသားပင်။
နှစ်ဖက်ကြားတိုက်ပွဲ ပြီးဆုံးသွားပေပြီ။
မြေကမ္ဘာပလ္လင်နတ်ဆိုးနှင့် နတ်ဆိုးဘုရင်’ကျုန်းယွမ်’တို့ နှစ်ယောက်လုံး ပြန်လည်မွေးဖွားလာခဲ့ပြီ ဖြစ်သည်။
ဤသို့သောအခြေအနေမျိုးတွင် ပြင်ပစွမ်းအားများဖြင့် သူတို့ကိုဖိနှိပ်သည်က အချည်းနှီးသာ ဖြစ်ပေမည်။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ နတ်ဆိုးများကို သတ်ဖြတ်ပစ်ရန်သာ ရှိသည်။
ရှီကျွင်းသာ ဆုံးဖြတ်ချက်မပြတ်သားပါက နတ်ဆိုးဘုရင်’ကျုန်းယွမ်’ ဒုက္ခပေးသည်ကို ဆက်လက်ခံစားနေရမည်ဖြစ်ပြီး နောက်ဆုံး ပြန်လည်မွေးဖွားလာသည့် နတ်ဆိုးအသွင်သို့ အပြည့်အဝ ပြောင်းလဲသွားမည် ဖြစ်သည်။
ရွှီဖေးက “ယင်ယွီကျန်း” ကို ဆွဲယူကာ ရှီကျွင်း၏ အနားသို့ ခေါ်ဆောင်လာသည်။
ထို့နောက် သူက လက်ကိုဆန့်ထုတ်လိုက်ပြီး ရှီကျွင်းပြန်လည်သက်သာလာစေရန် ကူညီပေးလိုက်သည်။
ရှီကျွင်းက အားနည်းစွာပြုံးလိုက်ပြီး...
“ဆရာ... ဆရာ ပြန်လာတာလား”
သူ့အသံက အလွန်ပင် တိုးလျလွန်းသည်။
ရွှီဖေးက...
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ဟုန်တိဧကရာဇ်နဲ့ တွေ့ခဲ့တယ် ၊ သူကပဲ ငါ့ကို ဒီနေရာကို ပြန်ခေါ်လာပေးတာ”
သူက ဆက်ရှင်းပြသည်။
“သူက အခု အပြင်ဘက်မှာ ငြိမ်သက်ဧကရာဇ်နဲ့အတူ ချန်ချန်းဟွာကို တိုက်ခိုက်နေတယ်”
ရှီကျွင်း ခေါင်းလှည့်လိုက်ပြီး ရွှီဖေးလက်ထဲတွင် ဖမ်းဆီးခံထားရသော “ယင်ယွီကျန်း” ကို ကြည့်လိုက်သည်။
သို့သော် စောစောကလို စိတ်ခံစားချက်များ ပြင်းထန်မနေတော့ဘဲ သူ၏မျက်နှာက တည်ငြိမ်မှုဖြင့် ပြည့်နေသည်။
“ယင်ယွီကျန်း” က တည်ငြိမ်သောလေသံဖြင့်...
“ဒီတော့ မင်းတို့နှစ်ယောက် ဘယ်သူ အရင်လှုပ်ရှားမှာလဲ”
ရွှီဖေးက ရှီကျွင်းကိုကြည့်ရင်း...
“ချန်ချန်းဟွာက ငါတို့အတွက် နည်းလမ်းတစ်ခုချန်ထားပေးလောက်ပါတယ် ၊ မင်းကိုယ်မင်းလုပ်သလိုမျိုး ပျက်ဆီးသွားတဲ့ နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကိုပြန်ပြင်ပြီး သူ့ကိုယ်ထဲက နတ်ဆိုးကို ထောင်ချောက်ဆင်ပြီး သုတ်သင်ပစ်နိုင်မှာပါ”
ဤနည်းလမ်းက ယင်ယွီကျန်းကို ဒဏ်ရာအပြင်းအထန် ရစေနိုင်သော်လည်း အသက်ကိုတော့ ကယ်တင်နိုင်ဖွယ်ရှိသည်။
ရှီကျွင်းက စိတ်မကောင်းစွာ ခေါင်းခါယမ်းရင်း...
“ကျွန်တော့်ကိုယ်ထဲက နတ်ဆိုးက နတ်ဆိုးဘုရင်မို့လို့ ဒီလိုနည်းနဲ့ ဖြေရှင်းနိုင်ခဲ့တာ...”
သူက ခဏမျှ တိတ်ဆိတ်သွားပြီးမှ...
“ဒါပေမဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုးကို ဒီနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ် မထင်ဘူး”
ရွှီဖေးလည်း တိတ်ဆိတ်သွားသည်။
သူက ခေါင်းငုံ့ကာ မြေခွင်းပုလဲကို ကြည့်လိုက်သည်။
သူက ထိုပုလဲ၏ တန်ခိုးစွမ်းအားကို နှိုးဆွနိုင်သော်လည်း ရန်သူကိုတိုက်ခိုက်ရန် အသုံးပြုနိုင်ခြင်း မရှိပေ။
အကယ်၍ သူက ထိုပုလဲကို အပြည့်အဝ ထိန်းချုပ်နိုင်လျှင်တောင်မှ ယခုလက်ရှိပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ယင်ယွီကျန်း၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်ကျနေသေးသည်ဖြစ်ရာ ရွှီဖေးအနေဖြင့် ယခုပင် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို သတ်ဖြတ်သုတ်သင်ပစ်နိုင်သည်။
သို့သော် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရွှီဖေးမျက်နှာထက် ပြတ်သားသောအမူအရာတစ်ခု ပေါ်ထွက်လာသည်။
သူက “ယင်ယွီကျန်း” ကို ဆွဲခေါ်ပြီး ဘေးဘက်သို့ လျှောက်သွားလိုက်သည်။
“......”
ရှီကျွင်း ပါးစပ်ဟလိုက်သော်လည်း စကားသံထွက်မလာခဲ့ပေ။ သူ့တစ်ကိုယ်လုံး တုန်ယင်လျှက် ရှိလေသည်။
“ယင်ယွီကျန်း” က တည်ငြိမ်စွာဖြင့်...
“ဒါဖြင့် မင်းကိုယ်တိုင် လုပ်တော့မယ်ပေါ့”
သူမက ဆက်ပြောလိုက်သည်။
“ဒါဆို နောင်တစ်ချိန်မှာ ရှီကျွင်းလေး မင်းကို မုန်းတီးသွားလိမ့်မယ်”
ရွှီဖေးက စကားမပြောဘဲ မြေခွင်းပုလဲကို ထုတ်ယူလိုက်သည်။ ထို့နောက် မြေခွင်းပုလဲထက်တွင် နတ်ဆိုးဖိနှိပ်အစီအရင် အင်းသင်္ကေတများ ရေးထွင်းလိုက်သည်။
အစောပိုင်းတိုက်ပွဲများကြောင့် အစီအရင်က အနည်းငယ် ပျက်ဆီးထိခိုက်သွားခဲ့သည်။ ရွှီဖေးက ထိုအစီအရင်ကို အတော်လေးကြိုးစားပြီး ပြုပြင်ခဲ့ရသည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံနယ်မြေတွင် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ နှင့် ချန်ရွှမ်းကျုန်တို့သာ နတ်ဆိုးများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သည် မဟုတ်ကြပေ။
ရွှီဖေးက သူတို့နှင့်ယှဉ်လျှင် ကျင့်ကြံခြင်းအဆင့် များစွာနိမ့်ကျသော်လည်း နတ်ဆိုးများကိုကိုင်တွယ်ရာတွင် အတော်လေး ကျွမ်းကျင်ခဲ့သည်။
သူဤသို့ဖြစ်လာခဲ့သည်မှာ ရှီကျွင်းတို့သားအမိကြောင့် ဖြစ်လေသည်။
“အသုံးဝင်မှာမဟုတ်ဘူး”
အမျိုးသမီးက ရိုးရှင်းစွာပင် ပြောလိုက်သည်။
“ဒီအတိုင်းပဲ သတ်လိုက်စမ်းပါ... ၊ အိုး... သိုင်းသူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်လက်ထဲမှာသေရတာ တကယ့်ကိုစိတ်မကောင်းစရာပဲ”
ရွှီဖေးက ဖြည်းညင်းစွာဖြင့်...
“မြေကမ္ဘာပလ္လင်နတ်ဆိုး ၊ မင်းအောင်မြင်တယ်လို့ ဘယ်သူမျမပြောခဲ့ဘူး”
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး မြေခွင်းပုလဲကို မျိချလိုက်သည်။
ထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့် ရှီကျွင်း၏မျက်ဝန်းများ ပြူးကျယ်သွားသည်။ မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးပင်လျှင် အနည်းငယ် အံ့အားသင့်သွားရသည်။
ရွှီဖေးတစ်ကိုယ်လုံးမှ မှိုင်းညို့ညို့ မြေဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မြေဝါရောင်ဖြင့် ဖုံးလွှမ်းသွားသည်။
ပြင်းထန်တက်ကြွသည့် မြေကမ္ဘာချီစွမ်းအားက သူ၏ခန္ဓာကိုယ်ထဲ မပြတ်စီးဆင်းနေပြီး သူ၏ခန္ဓာကိုယ် မွေးညင်းပေါက်တိုင်းမှ သွေးများစိမ့်ထွက်လာသည်။
“ဆရာ...”
ရှီကျွင်း အော်ဟစ်လိုက်သည်။
မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ရွှီဖေးကို စိုက်ကြည့်ပြီး ရယ်ချင်သွားဟန်ဖြင့်...
“ဒါက မင်းရွေးချယ်တဲ့နည်းလမ်းပေါ့... ဟုတ်လား ၊ ပုလဲကိုမျိုချလိုက်ရင် မင်းက ငါနဲ့လိုက်ဖက်တဲ့ ပြန်လည်မွေးဖွားရာ ခန္ဓာကိုယ်အဖြစ် ယာယီဖြစ်လာနိုင်တယ် ၊ ဒါပေမယ့် မင်းက ပုလဲရဲ့ချီစွမ်းအားကို မထိန်းနိုင်တာကြောင့် မကြာခင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလိမ့်မယ်”
သူက ဆက်ပြောလိုက်သည်။
“မင်းရဲ့ ရည်ရွယ်ချက်က ငါ့ရဲ့လက်ရှိခန္ဓာကိုယ်ကိုအစားထိုးပြီး ငါနဲ့အတူ ပျက်ဆီးဖို့ စီစဉ်ထားတာလား”
ရွှီဖေးက မေးခွန်းများကို ပြန်မဖြေဘဲ “ယင်ယွီကျန်း” ၏ ခန္ဓာကိုယ်အား ဆုပ်ကိုင်လိုက်သည်။
မြေခွင်းပုလဲ၏ချီစွမ်းအားက ခန္ဓာကိုယ်ထဲ အဆက်မပြတ်စီးဆင်းလာပြီး ရွှီဖေးကိုယ်ထဲတွင် မြှုပ်နှံထားသော နတ်ဆိုးတွန်းလှန်အင်းသင်္ကေတက သက်ရောက်မှုဖြစ်ပေါ်လာကာ မြေကမ္ဘာပလ္လင်နတ်ဆိုးကို သူ၏ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းလိုက်သည်။
ပုံမှန်ဆိုလျှင် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားပြီးနောက် သူ၏ခန္ဓာကိုယ်အခွံက ထပ်မံပြောင်းလဲမရနိုင်တော့ပေ။
သို့သော် မြေခွင်းပုလဲ၏ နတ်ဆိုးဖယ်ရှားစွမ်းအားကိုအသုံးပြုပြီး ရွှီဖေးက ထိုသို့ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်ယွီကျန်း မျက်ဝန်းများထဲမှ ညို့မှိုင်းသည့် နတ်ဆိုးရောင်ဝါများ လွင့်စင်ပျောက်ကွယ်သွားသည်။
သူမမျက်ဝန်းများ မှေးမှိတ်သွားပြီး သတိလစ်ကာ အားပြတ်သည့်အသွင်ဖြင့် မြေပေါ်သို့ လဲကျသွားသည်။
ရွှီဖေးရင်ဘတ်ထက်မှ အင်းသင်္ကေတက ကျောက်သားပမာခိုင်မာလာပြီး ထိုအရာက သူ၏ရင်ဘတ်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
ကျောက်သားများ အပြင်ဘက်သို့ပျံ့နှံ့လာပြီး ရွှီဖေး၏ခန္ဓာကိုယ်အစိတ်အပိုင်းအများစုမှာ ကျောက်သားရုပ်တုအဖြစ် ပြောင်းလဲသွားသည်။
ရွှီဖေးက သူ၏ရင်ဘတ်ဆီသို့ ခေါင်းငုံ့ကြည့်လိုက်သည်။
ထို့နောက် ရှီကျွင်းတို့သားအမိနှစ်ယောက်ကိုလှမ်းကြည့်ပြီး ရိုးရှင်းစွာ ပြုံးလိုက်၏။
“ဆရာ... ဂိုဏ်းတူအစ်ကိုရှီ... ကျွန်တော် စိတ်ပျက်အောင်မလုပ်ခဲ့ဘူးမလား”