ငါ့သေရည်ကိုတောင်မသောက်နိုင်တော့ဘူး ၊ ဒါပေမဲ့ စိုးရိမ်စရာမရှိပါဘူး
Vol. 104 Ch. 1461
အခန်း (၁၄၆၁) ငါ့သေရည်ကိုတောင်မသောက်နိုင်တော့ဘူး ၊ ဒါပေမဲ့ စိုးရိမ်စရာမရှိပါဘူး
ရွှီဖေး၏ရင်ဘတ်ကိုဖုံးလွှမ်းနေသော ကျောက်သားများထဲမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“ဒီလိုလုပ်တာ တန်လို့လား”
အသံက ဆက်ပြောလိုက်သည်။
“ဒီအမျိုးသမီးက သိုင်းပညာရှင်အဆင့်ပဲ ရှိသေးတယ် ၊ မင်းက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက် ၊ နတ်ဘုရားတံခါးကိုတွန်းဖွင့်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ် ၊ မင်းရဲ့ ထူးချွန်မှု အလားအလာနဲ့ဆိုရင် မကြာခင်မှာ သေချာပေါက် နတ်ဘုရားတစ်ပါး ဖြစ်လာတော့မှာ ၊ ဒါပေမဲ့ မင်းက ဘာလို့ ဒီအမျိုးသမီးနဲ့ အသက်ချင်းလဲဖို့ ဆန္ဒရှိရတာလဲ”
“ပြီးတော့ ဒီအမျိုးသမီးက မင်းရဲ့တပည့်ဆိုရင် ငါ ဒီလောက်အံ့သြမှာမဟုတ်ဘူး ၊ ဒါပေမဲ့ ဒီအမျိုးသမီးက မင်းနဲ့ ဘာဆက်နွယ်မှုမှ မရှိဘူးလေ”
“အဲဒီတော့ တန်လို့လား”
ရွှီဖေး မြေပေါ်သို့ လဲကျသွားသည်။
သူက ခါးတွင်ချိတ်ထားသည့် သေရည်အိတ်ကိုယူလိုက်ပြီး တကျိုက်ကျိုက် မော့သောက်လိုက်၏။
“ငါ တစ်ခုခုလုပ်တဲ့အခါ ငါက ကရုဏာစိတ်နဲ့ပဲလုပ်တယ် ၊ အဖြေရှာဖို့ကြိုးစားတယ် ၊ တန်လား မတန်ဘူးလားဆိုတာ ဘယ်တော့မှ မတွေးဘူး”
“ဆရာ...”
ရှီကျွင်းက ယိုင်နဲ့သောခြေလှမ်းများဖြင့် ရွှီဖေးအနားသို့လျှောက်လာပြီး မြေပြင်ထက်သို့ ဝုန်းခနဲ လဲကျသွားသည်။
သူ၏ ညာလက်နှင့် ညာခြေထောက်က လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သူက ဘယ်ခြေထောက်ကို မြေပေါ်တွင်ပွတ်ဆွဲပြီး ဘယ်လက်ဖြင့် ဖိထောက်ထားရင်း ရွှီဖေးထံသို့ ဖြည်းဖြည်းချင်း တွားသွားလိုက်သည်။
“ဆရာ...”
ရွှီဖေးက သက်ပြင်းချရင်း...
“ကောင်လေး ၊ ဒီလိုမလုပ်နဲ့”
“ယောကျ်ားကောင်းဆိုသည်က မျက်ရည်အလွယ်တကူမကျသင့်” ဟူသော ဆိုရိုးစကားရှိသည်။
သို့သော် ယခုတော့ ရှီကျွင်းမျက်နှာထက်တွင် မျက်ရည်များစီးကျနေသည်။
သူက အရွယ်ရောက်လာကတည်းက ဖြောင့်မတ်ပြီး ရဲစွမ်းသတ္တိရှိသူတစ်ယောက် ဖြစ်သည်။ သမုဒ္ဒရာကမ္ဘာတွင် သူ့ကိုစွပ်စွဲပြီး လိုက်လံဖမ်းဆီးစဉ်ကပင် သူက အားနည်းချက်ကို အနည်းငယ်ပင် မပြသခဲ့ပေ။
သို့သော် ယခုတော့ သူက ကလေးငယ်တစ်ယောက်ပမာ ငိုကြွေးနေတော့သည်။
မျက်ရည်များက ထိန်းမနိုင်သိမ်းမရစီးကျနေပြီး မျက်နှာထက်မှသွေးများဖြင့် ရောနှောသွားသည်။
“ဆရာ...”
ရှီကျွင်းက ရွှီဖေးအနားသို့ တွားသွားပြီး တုန်ယင်နေသောလက်ဖြင့် ဆရာဖြစ်သူကို ဆုပ်ကိုင်လိုက်သည်။
ရွှီဖေးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ရယ်မောလိုက်ရင်း...
“နက္ခတ်ဧကရာဇ် နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အသုံးပြုတုန်းက ချက်ချင်းအကျိုးသက်ရောက်တယ်လို့ ကြားဖူးတယ် ၊ ငါကတော့ မြေခွင်းပုလဲဥ သက်ရောက်မှုနှေးနေလို့ မင်းကို နည်းနည်းလောက်ဆက်ပြီး စကားများနိုင်သေးတယ်”
သူက သေရည်အိတ်ကိုဆုပ်ကိုင်ပြီး မော့သောက်လိုက်ပြန်သည်။
သို့သော် သေရည်များနင်သွားပြီး ပါးစပ်မှပြန်ထွက်လာသဖြင့် ခေါင်းငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်မှ ကျောက်သားများ ပိုမိုကြီးထွားလာပြီး လျှင်မြန်စွာ ပျံ့နှံ့လာသည်ကို တွေ့ရသည်။
ရွှီဖေးက ရယ်မောလိုက်ပြီး သေရည်အိတ်ကို လွှင့်ပစ်လိုက်သည်။
“ငါ့ရဲ့ နောက်ဆုံးသေရည်ကိုတောင် မသောက်နိုင်တော့ပါလား”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ကိစ္စမရှိပါဘူး ၊ သေရည်မသောက်နိုင်ပေမယ့် ခွဲခွာရမှာမို့လို့ ဝမ်းနည်းမနေတော့ပါဘူး ၊ ရှီကျွင်းလေး... ဆရာ့အတွက် စိတ်မကောင်းမဖြစ်နဲ့ ၊ ဆရာက ဆရာ့အတွက် ကျေနပ်မယ့်အလုပ်ကို လုပ်လိုက်တာပါပဲ”
ရွှီဖေးက ရှီကျွင်း၏ ပုခုံးကို ဖွဖွပုတ်လိုက်သည်။
“မင်းက မင်းရဲ့ယုံချက်ချက်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တယ် ၊ ဒုက္ခဆင်းရဲတွေကြုံရင်တောင် တစ်ခါမှ မတုန်လှုပ်ခဲ့ဘူး ၊ ငရဲကိုးထပ်က နတ်ဆိုးတွေသွေးဆောင်တာကိုလည်း ဘယ်တော့မှမခံခဲ့ဘူး ၊ ဒါက ချီးကျူးထိုက်တဲ့အောင်မြင်မှုပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဆရာ မင်းကို ဂရုမစိုက်နိုင်ခဲ့လို့ မင်း ဒီလောက် ဒဏ်ရာအပြင်းအထန် ရသွားရတာ စိတ်မကောင်းစရာပဲ”
ရှီကျွင်းက ဆရာဖြစ်သူ၏စကားကိုကြားတော့ စိတ်မကောင်းစွာဖြင့် ခေါင်းကိုပြင်းထန်စွာခါယမ်းပြီး ငိုကြွေးလိုက်သည်။
“ငါစိတ်ပူတဲ့ တစ်ခုတည်းသောအရာက ငါထွက်ခွာသွားရင် ငါ့ဇနီး စိတ်မကောင်းဖြစ်သွားမှာကိုပဲ”
ရွှီဖေး အနည်းငယ် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“ငါတို့အတူ အမြဲတမ်းနေသွားမယ်လို့ ကတိပေးခဲ့ကြတာ ၊ စိတ်မကောင်းစရာက... ဒီနေ့ ငါ ဒီကတိကို ဖျက်ရတော့မယ်”
ရှီကျွင်း ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
“မဖြစ်နိုင်ပါဘူး ဆရာ ၊ မဖြစ်နိုင်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ဆရာ ခဏ်လောက် တောင့်ခံထားပါ ၊ ခဏလေးပါပဲ ၊ ဆရာဦးလေး’ရန်’ တို့ မကြာခင် ရောက်လာတော့မှာပါ ၊ သူ့မှာ ဆရာ့ကိုကယ်နိုင်မယ့် နည်းလမ်းရှိမှာပါ”
ရွှီဖေးက ပြုံးလိုက်သည်။
“နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို ကျောက်ကဲ၊ ဂိုဏ်းတူညီမလေး’ဖန်း’ နဲ့ နက္ခတ်ဧကရာဇ်တို့ ဖန်တီးခဲ့တာ ၊ အရင်တုန်းက ဒီပညာကိုလေ့လာကြတော့ မင်းရော ငါရော ပါဝင်ခဲ့ကြတယ် ၊ ဒီပညာရပ်ရဲ့အသေးစိတ်ကို ငါတို့အားလုံး သိထားပြီးသားပဲ”
“နက္ခတ်ဧကရာဇ်ရဲ့အခြေအနေက ထူးခြားတဲ့အတွက်သာ အသက်ရှင်ဖို့ အခွင့်အရေးရှိခဲ့တာ ၊ ဒါပေမဲ့... ငါတို့အတွက်ကတော့... ကျောက်ကဲ သတိပေးခဲ့သလိုပဲ ဒုတိယအကြိမ် အခွင့်အရေး မရှိနိုင်တော့ဘူး”
သူက ရယ်မောလိုက်ရင်း...
“ငါတို့ တာအိုဝါဒအဆက်အနွယ်ထဲက အစစ်အမှန်နတ်ဘုရားတွေကိုရှာပြီး ငါနဲ့အတူ ကျောက်ရုပ်တုဖြစ်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လက်ရှိ ဝါဒတောင်တွင် ထိုက်ရွှီးမူလနတ်ဘုရား၊ နက်ရှိုင်းနတ်ဘုရား၊ နှင့် အစစ်အမှန်နတ်ဘုရားများစွာ ရှိလေသည်။
သို့သော် ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ နှင့် ရန်တိတို့က ထိုသူများအား ကူညီပေးစေချင်သည်ဆိုလျှင်ပင် ဖြစ်လာနိုင်မည့်ကိစ္စမဟုတ်ပေ။
ရွှီဖေးက ရှီတိ၏တပည့်ဖြစ်သည်။
သူက ရှီတိ၏သိုင်းပညာကို ဆက်ခံသူဖြစ်သည်။
ရှီတိနှင့် ရန်တိတို့က ဆရာတူတပည့်များဖြစ်ကြသော်လည်း သူတို့သိုင်းပညာနှင့် သိမြင်နားလည်မှုသဘောတရားများက များစွာကွဲပြားသည်။
ရန်ကျောက်ကဲ၏ ဝါဒတောင်သိုင်းပညာများက ရန်တိ၏သိုင်းပညာနှင့်ဆင်တူသည်။
ဖန်းယွင်ရှန်းက နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကြောင့်သာ ချီစွမ်းအားငါးခုပေါင်းစည်းခြင်းကို အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူမ၏ဝါဒတောင်သိုင်းပညာရင်းမြစ်ကိုစဉ်းစားကြည့်လျှင် ဖူအန်းစုထံမှ ဆင်းသက်လာသည်ဖြစ်ရာ ရွှီဖေးနှင့် လိုက်ဖက်ညီခြင်းမရှိပေ။
ချန်ရွှမ်ကျုန်းက ကျဲ့မင်ခုန်နှင့် ချူးလီလီကို သင်ကြားပေးခဲ့သူ ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ခဲ့ကြပြီး ဤသို့သောဖြစ်ရပ်မျိုးဖြစ်ပေါ်ရန် အလွန်ရှားပါးသည်။
ရှီကျွင်းသည်လည်း ဤအချက်ကို နားလည်ထားသည်။
ဤနားလည်မှုကြောင့်ပင် သူ စိတ်ပျက်လက်ပျက်ဖြစ်နေရခြင်းပင်။
ရှီကျွင်းကြည့်နေဆဲမှာပင် ရွှီဖေး၏ခန္ဓာကိုယ်တစ်ခုလုံးက ကျောက်ရုပ်တုအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားလေသည်။
ရွှီဖေး၏အရေပြားက အသက်မဲ့မီးခိုးရောင်အဖြစ်ပြောင်းလဲသွားပြီး တောက်ပမှု မရှိတော့ပေ။
ထိုအချိန်...
ရုတ်တရက် အပြင်ဘက်မှ တန်ခိုးစွမ်းအားရောင်ဝါတစ်ခု ဆင်းသက်လာသည်။
ရွှီဖေး အားယူပြီး ခေါင်းမော့ကြည့်လိုက်သည်။
ဖန်းယွင်ရှန်းနှင့်အတူ ငြိမ်သက်ဧကရာဇ်နှင့် ဟုန်တိဧကရာဇ်တို့ ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရွှီဖေး၏ နောက်ဆုံးစိုးရိမ်ပူပန်မှုများ ပြေလျော့သွားပြီး သူ့မျက်နှာတွင် စိတ်ချသည့်အရိပ်အယောင်ထင်ဟပ်လာသည်။
ရှီကျွင်းက အော်ဟစ်လိုက်သည်။
“ဆရာဒေါ်လေး’ဖန်း’ ၊ အမြန်လာပြီး ကျွန်တော့်ဆရာကို ကူညီပါဦး”
ရွှီဖေး၏ လက်ရှိပုံစံကိုမြင်တော့ ဖန်းယွင်ရှန်းမျက်နှာ တည်ကြည်လေးနက်သွားသည်။
“ဘာတွေဖြစ်သွားတာလဲ”
သူမက ရွှီဖေး၏ အခြေအနေကို စစ်ဆေးရင်း ရှီကျွင်းကို မေးလိုက်သည်။
ရှီကျွင်းက အလျင်စလို ရှင်းပြလိုက်သည်။ သူ၏ရှင်းပြချက်များကိုကြားသည်နှင့် ဖန်းယွင်ရှန်းမျက်နှာထက် စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာသည်။
သူမက သက်ပြင်းချရင်း...
“နောက်ဆုံးတော့ မြေကမ္ဘာပလ္လင်နတ်ဆိုးက တိုက်ပွဲမှာအနိုင်ရပြီး ဒီလောကမှာ ပြန်လည်မွေးဖွားနိုင်ခဲ့တယ်ပေါ့”
သူမက ဆက်ပြောလိုက်သည်။
“ဒီလို အန္တရယ်မျိုးကို ငါတို့အိမ်ထဲဝင်လာခွင့်ပေးနိုင်ပါ့မလား ၊ ဒါမှမဟုတ် သူ့ကို ဖျက်ဆီးပစ်ရမလား”
“တစ်ခုတည်းသော ရွေးချယ်မှုက ဂိုဏ်းတူအစ်ကိုရွှီရဲ့ နည်းလမ်းပဲ ၊ ဒါပေမဲ့...”
ဖန်းယွင်ရှန်းမျက်နှာထက ်အားနည်းသည့် အပြုံးတစ်ချက်ပေါ်လာသည်။
“ဂိုဏ်းတူအစ်ကိုရွှီ ၊ ရှင်က နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို တိတ်တဆိတ် ပြောင်းလဲပြီး ကြိုတင်ပြင်ဆင်ထားခဲ့တာ မဟုတ်လား”
ရွှီဖေးက အားနည်းစွာပြုံးလိုက်ရင်း...
“ငါ့ရဲ့ မသန့်ရှင်းတဲ့အစီအစဉ်က ငါ့ကိုယ်ငါအရှက်မကွဲစေဖို့ပဲ မျှော်လင့်ပါတယ်”
ဆရာဖြစ်သူကိုကြည့်ရင်း ရှီကျွင်း၏နှာခေါင်းက နီရဲလာသည်။
မဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားလာပြီးနောက် လူတစ်ယောက်က နတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အတင်းအကျပ် အသုံးပြုခဲ့သည်။
ဤသည်က နောက်ဆုံးနည်းလမ်းတစ်ခုသာ ဖြစ်သည်။
သို့သော် ရွှီဖေးသည် ထို့ထက်မက ပိုမိုစဉ်းစားထားခဲ့သည်။
သူ ဤသို့သော ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှု ပြုလုပ်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
ငြိမ်သက်ဧကရာဇ်”ခွန်နင်ကျီ” က ရုတ်တရက် ပြောလိုက်သည်။
“မြေခွင်းပုလဲကို မျိုချလိုက်တာလား”
သူက ဆက်ပြောလိုက်သည်။
“သူ ဒီလိုဖြစ်စရာမလိုပါဘူး ၊ တာအိုရောင်းရင်းဖန်းက ချန်ချန်းဟွာကို ဖမ်းထားပြီးပြီပဲ ၊ နည်းနည်းလောက်သာ ထပ်စောင့်လိုက်ရင် သူ ဒီလိုဒုက္ခခံစားရမှာမဟုတ်ဘူး...”
ရွှီဖေးက တိုးညင်းစွာဖြင့်...
“မြေခွင်းပုလဲကိုအသုံးပြုပြီး မြေကမ္ဘာပလ္လင်နတ်ဆိုးကို မျှားခေါ်ဖို့ဆိုတာက အဲဒီလူရဲ့ သဘောတူညီမှုလည်း လိုအပ်တယ်လေ”
သူက ဆက်ပြောလိုက်သည်။
“အဲဒီလိုမဟုတ်ရင် ငါနဲ့ ကျောက်ကဲ အစီအစဉ်ရေးဆွဲတုန်းက ဒီအစီအစဉ်ကို ဖယ်ပစ်ခဲ့မှာမဟုတ်ဘူး”
ရှီကျွင်းက အကောင်းပကတိရှိနေသေးသော ဘယ်ဘက်မျက်လုံးဖြင့် ဖန်းယွင်ရှန်းကို စိုက်ကြည့်လိုက်သည်။
“ဆရာဒေါ်လေး’ဖန်း’ ... ငြိမ်သက်ဧကရာဇ်ပြောသလို အဲဒီလူကို ဖမ်းမိထားပြီလား”
သူ့အသံက ဒေါသဖြင့် ပြည့်နေသည်။
“သူ့ကြောင့်သာမဟုတ်ရင် နတ်ဆိုး(၂)ပါး ပြန်မွေးဖွားလာနိုင်မှာမဟုတ်ဘူး ၊ အဲဒီတုန်းက ကျွန်တော်တို့အောင်မြင်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာ”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“သူ့ကို ဖမ်းမိထားတယ်”
သူမ ဤနေရာသို့ အလျင်စလိုရောက်လာချိန်တွင် ချန်ချန်းဟွာနှင့်တိုက်ခိုက်နေသည့် ဟုန်တိဧကရာဇ်နှင့် ငြိမ်သက်ဧကရာဇ်တို့ကို တွေ့ဆုံခဲ့သည်။
သိပ်စဉ်းစားနေရန် အချိန်မရှိသဖြင့် ဖန်းယွင်ရှန်းက ချန်ချန်းဟွာကို အရင်ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူမက ဟုန်တိဧကရာဇ်နှင့် ငြိမ်သက်ဧကရာဇ်တို့ကို ရှီကျွင်းတို့ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။
ကံမကောင်းသည်မှာ သူမရောက်လာချိန်တွင် အရာအားလုံးက ပြန်လည်ပြုပြင်မရနိုင်သည့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
ရှီကျွင်းသည်လည်း ဤအချက်ကို စဉ်းစားမိခဲ့သည်။ သူ့စိတ်ထဲမှဝမ်းနည်းမှုက ပြင်းထန်သော ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် ချန်ချန်းဟွာကို သတ်ဖြတ်လိုက်လျှင်ပင် အချိန်ကို ပြောင်းပြန်ပြန်လှည့်နိုင်တော့မည် မဟုတ်ပေ။
ထိုအချိန် အဝေးတစ်နေရာရှိ စကြာဝဠာတွင် ရေငွေ့သဖွယ် လှိုင်းလုံးများ ထွက်ပေါ်လာသည်။ ထို့နောက် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် ရုပ်သွင်တစ်ခု လျှင်မြန်စွာ ထွက်ပေါ်လာသည်။
ထိုသူက ရန်ကျောက်ကဲ ဖြစ်လေသည်။
နတ်ဘုရားသုတ်သင်ဓားအစိဤရင်ပြိုကျသွားပြီးနောက် လူတိုင်း တွင်းနက်ထဲကျရောက်သွားပြီး မတူညီသော ဗလာနယ်အလွှာများထဲသို့ ပို့ဆောင်ခံလိုက်ရသည်။
သို့သော် အစီအရင်ကို ဦးဆောင်သူဖြစ်သော ရန်ကျောက်ကဲကတော့ အစီအရင်၏ အကာအကွယ်ကို ရရှိခဲ့သည်။ ထို့ကြောင့် အခြေအနေကို တည်ငြိမ်အောင်ထိန်းသိမ်းရာတွင် အခက်အခဲများစွာ မရှိခဲ့ပေ။
ဗလာနယ်အလွှာများထဲမှ လွတ်မြောက်သည်နှင့် သူက အမြန်နှုန်းမြှင့်တင်ပြီး ဤနေရာသို့ ချက်ချင်းရောက်လာခဲ့သည်။
အစောပိုင်းက နတ်ဆိုးရောင်ဝါများကို အာရုံခံမိသည်ဖြစ်ရာ ရန်ကျောက်ကဲ အနားမယူနိုင်ခဲ့ပေ။ အားနည်းနေသည့်တိုင် သူ့စိတ်ထဲတွင် စိုးရိမ်မှုတစ်ခု နက်ရှိုင်းစွာ ဖြစ်တည်နေသည်။
ပျက်ဆီးနေသော အလင်းရောင်နယ်မြေသို့ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်နှင့် သူ့စိတ်ထဲ ဒေါသထို့မြင့်တက်လာပြီး သူ၏ဆံပင်များမှာလည်း ထောင်သွားသလို ခံစားလိုက်ရလေသည်။