← Chapters

အသိအမှတ်ပြုခြင်း

Vol. 149 Ch. 2120

အသိအမှတ်ပြုခြင်း

Vol. 149 Ch. 2120

ဤသည်မှာ တိုက်ရိုက်ခြိမ်းခြောက်ခြင်း ဖြစ်သည်။

နန်ဟိုင်မိသားစုသည် လေးမျက်နှာကျေးရွာအား ခက်ခဲသော အနေအထားသို့ တွန်းပို့ရန် ဆင်ခြေအဖြစ် မုယွင်မိသားစုကို အသုံးချခဲ့သည်။ သူတို့က အမှန်တကယ် မုယွင်မိသားစုအတွက် တရားမျှတမှု ရှာချင်နေခြင်း ဖြစ်သည်။

ဤအကြောင်းပြချက်က ရယ်စရာပင် ဖြစ်သည်။ ယုတ္တိလည်း ကင်းမဲ့၏။ သို့သော်လည်း ဤသို့သော အခြေအနေအောက်တွင် သူတို့က လေးမျက်နှာကျေးရွာကို တိုက်ခိုက်ရန် ဆင်ခြေရှာနေခြင်း ဖြစ်သည်။ သူတို့က မုယွင်မိသားစုကို နှင်ထုတ်ချင်လျှင် စစ်ပွဲစတင်ပေလိမ့်မည်။

အခြားသော အင်အားစုများ၏ အဖွဲ့ဝင်များက တိတ်ဆိတ်စွာ ထိုင်ရင်း နားထောင်နေကြသည်။ သူတို့က မည်သည့်စကားမှ မဆိုခဲ့ပေ။ သို့သော်လည်း ထိုတိတ်ဆိတ်မှုက ဤပြဿနာတွင် သူတို့၏ ရပ်တည်မှုကို ပြသနေခြင်း ဖြစ်သည်။

"နန်ဟိုင်မိသားစု မင်းတို့က လေးမျက်နှာကျေးရွာကို အတင်းအကျပ် ပိုင်းခြားချင်နေတာပဲ။ မင်းတို့ကလည်း ရွာရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက်ချင်တာလဲ။" အဘိုးမာက ပြောလိုက်သည်။ "ဒီလိုဆိုရင် နောက်ထပ် လေးနှစ်တစ်ကြိမ် ဖွင့်လှစ်တဲ့ အချိန် ဧည့်သည်စာရင်းမှာ နန်ဟိုင်မိသားစုနာမည်ကို ဖယ်ရှားရမယ်လို့ ယုံကြည်တယ်။ အနာဂတ်မှာ နန်ဟိုင်မိသားစု ရွာအတွင်း ခြေချတာကို တားမြစ်လိုက်မယ်ဆို ဘယ်လိုသဘောရလဲ။"

"ဖြစ်သင့်ပါတယ်။" မျက်မမြင်ထျယ်က အေးစက်စွာ ပြောလိုက်သည်။

"ပြဿနာမရှိဘူး။" ဖန်းကိုင့်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ အခြားလူများသည်လည်း ဤပြဿနာပေါ်၌ သူတို့၏ ရပ်တည်မှုကို တစ်ယောက်ပြီးတစ်ယောက် ဖော်ပြလာခဲ့သည်။ ဤမြင်ကွင်းမှာ နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များအား အရုပ်ဆိုးသော အမူအရာတို့ ဖြစ်ပေါ်လာစေသည်။

သူတို့မိသားစုက လေးမျက်နှာကျေးရွာသို့ ခြေချခြင်းမှ တားမြစ်လိမ့်မည်လား။

"ပြီးတော့ မုယွင်လုံ မင်းကရော နန်ဟိုင်မိသားစုနဲ့ ပူးပေါင်းပြီး ရွာကို ဆန့်ကျင်ရပ်တည်မှာလား။" အဘိုးမာက မုယွင်လုံအား ကြည့်ကာ မေးလိုက်သည်။

"ဒီကိစ္စမှာ ရွာဘက်က မှားတာ။ လေးမျက်နှာကျေးရွာရဲ့ ရွာသားတစ်ဦးအနေနဲ့ ကျုပ်က ကိုယ့်အမြင်ကိုယ် ဖော်ထုတ်ဖို့တောင် အရည်အချင်းမမီဘူးလား။" မုယွင်လုံက အေးစက်သော အသံနှင့် ဂရုမစိုက်စွာ ပြန်ဖြေလိုက်သည်။

"နားလည်ပြီ။" အဘိုးမာက ခေါင်းညိတ်ကာ ဖြေလိုက်သည်။ "ဒီလိုဆိုရင် မုယွင်လုံက ရွာကို သစ္စာဖောက်တယ်လို့ ကျုပ် ပြောချင်တယ်။ ဒီနေ့ကစပြီး မုယွင်မိသားစုတစ်ခုလုံး ရွာကနေ နှင်ထုတ်ခံရလိမ့်မယ်။ မင်းတို့ရော ဘယ်လိုထင်လဲ။"

"သဘောတူတယ်။" မျက်မမြင်ထျယ်နှင့် အခြားလူများက ဤပြဿနာပေါ်၌ သူတို့၏ ရပ်တည်မှုကို ဖော်ပြလာပြန်သည်။ အလွန် လျင်မြန်စွာပင် သူတို့အားလုံးက သဘောတူလာကြသည်။ သူတို့က ရွာအတွင်း လွှမ်းမိုးနိုင်သော မုယွင်လုံ၏ သြဇာကို ပယ်ဖျက်ရုံမျှမက မိသားစုတစ်ခုလုံးကိုလည်း ရွာမှ နှင်ထုတ်မည် ဖြစ်သည်။

မုယွင်မိသားစုက လေးမျက်နှာကျေးရွာ၏ အစိတ်အပိုင်း မဟုတ်တော့ချေ။

"ထင်မထားခဲ့ဘူး။ ကျုပ် ကြီးပြင်းလာခဲ့တဲ့ ရွာက တစ်နေ့မှာ ကျုပ်ကို နှင်ထုတ်လိုက်လိမ့်မယ်လို့။" မုယွင်လန်က ရေရွတ်လိုက်သည်။ သူသည် တီးတိုးပြောရင်း သူ့ကိုယ်သူ သရော် နေပုံရလေသည်။ သူ လေးမျက်နှာကျေးရွာမှ ထွက်သွားပြီးနောက် ကျော်ကြားလာကာ နန်ဟိုင်မိသားစုသို့ ဝင်ရောက်ခဲ့သည်။ သူက လက်ရှိတွင် ရှန်ချင်းနယ်မြေ၏ ထူးချွန်ထက်မြက်ကာ ကျော်ကြားသည့် တန်ခိုးရှင်တစ်ယောက် ဖြစ်ပေသည်။

သို့သော် ရွာသို့ပြန်လာပြီးနောက် သူသည် ချီးမြှင့်မြှောက်စားမှုကို မရရှိခဲ့ဘဲ ရွာမှနှင်ထုတ်ခံရပေသည်။ ထိုသည်မှာ စော်ကားခံရမှုပင် ဖြစ်သည်။

ဤသို့ဖြစ်လာသည့်နောက် သူ့အနေနှင့် ရွာကို မည်သည့် လေးစားမှုမှ ထားရန် မလိုတော့ပေ။

"နန်ဟိုင်မိသားစုနဲ့ မုယွင်မိသားစု ကျေးဇူးပြုပြီး ထွက်သွားပေးပါ။" အဘိုးမာက အမိန့်ပေးလိုက်သည်။

နန်ဟိုင်ဝူကျီးက ရှေ့သို့ ခြေလှမ်းလိုက်၏။ သူက ခြေတစ်လှမ်းသာလျှင် လှမ်းလိုက်ပြီး သူ့အနီးမှ လေဟာနယ်က ရုတ်တရက် မွန်းကြပ်ဖွယ် ကောင်းလာပေသည်။ ကြီးမားသော နတ်စွမ်းအားက ဤသေးငယ်သော လောကတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ရွာထဲမှ သာမန်လူများမှာ အသက်ရှုရန်ပင် ခက်ခဲလာပေသည်။ သူတို့က နာကျင်သေည အကြည့်များကို ဖော်ပြလာပြီး သူတို့၏ နှလုံးသားများက ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ သူတို့သည် လောကတစ်ခုလုံးက ပြိုကျလာသလို ခံစားရပေသည်။

"မင်းတို့ရဲ့ ဆုံးဖြတ်ချက်က သေချာသွားပြီလား။" နန်ဟိုင်ဝူကျီးက ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။ သူ့အသံက ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားစေကာ လေဟာနယ်အား တုန်ယင်လာစေသည်။ သူက ထိုနေရာ၌ ပြိုင်ဘက်ကင်း အာဏာရှင်နတ်ဘုရားတစ်ပါးကဲ့သို့ ရပ်နေပေသည်။

လေးမျက်နှာကျေးရွာ၏ ရွာသားများက အလွန် အေးစက်သော အမူအရာတို့ ဖြစ်နေခဲ့သည်။ နန်ဟိုင်ဝူကျီးက ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်၌ အစွမ်းထက်သော ဖျက်ဆီးခြင်း စွမ်းရည်များ ရှိပေသည်။ သူက ဤလေဟာနယ်ကို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သည်။ ဤလေဟာနယ်အတွင်း ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့လျှင် ရွာက ၎င်းဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ရွာသားများက ထိုသို့သော ခြိမ်းခြောက်မှုအန္တရာယ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။

နန်ဟိုင်ဝူကျီး၏ ခန္ဓာကိုယ်က တဖြေးဖြေး လေထဲသို့ မျောလွင့်လာခဲ့သည်။ သူက အဝေးသို့ ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်က ဆရာသခင်ရဲ့ အကြောင်းကို ကြားဖူးတာ ကြာပါပြီ။ ကျုပ် လေးမျက်နှာကျေးရွာကို ရောက်လာပေမယ့် ဆရာသခင်ရဲ့ အရိပ်အယောင်ကိုတောင် ဖမ်းမမိခဲ့ဘူး။ လေးမျက်နှာကျေးရွာရဲ့ ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံက အတော်လေးဆီလျော်မှု မရှိဘူးလားဆိုတာ ဆရာသခင်နဲ့ တွေ့ပြီး မေးကြည့်ဖို့ မျှော်လင့်တယ်။"

သူက ပြောပြီးသည်နှင့် ရှေ့သို့ ခြေလှမ်းကာ သီးသန့်စာသင်ကျောင်းသို့ ဦးတည်လိုက်သည်။ လေးမျက်နှာကျေးရွာတွင် အသန်မာဆုံး ပုဂ္ဂိုလ်မှာ ဒဏ္ဍာရီ ဆရာသခင်ပင် ဖြစ်သည်။ သို့သော်လည်း ဆရာသခင်က မည်မျှ သန်မာကြောင်း မည်သူမှ မသိပေ။ နန်ဟိုင်ဝူကျီးက သူကိုယ်တိုင် ရှာဖွေကြည့်ချင်နေသည်။

သို့သော် သူခြေလှမ်းလိုက်သည်နှင့် အလွန်တောက်ပသော နတ်ရောင်ဝါက ကောင်းကင်တွင် ပေါက်ကွဲထွက်လာသည်။ တောက်ပလှသော နတ်ရောင်ဝါက နန်ဟိုင်ဝူကျီးထံ တိုက်ရိုက်တိုးဝင်လာပြီး သူ့ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်သည်။ သူက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ရွှေရောင်နတ်တံခါးတစ်ချပ်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရကာ လေဟာနယ်အား ပိုင်းခြားလိုက်ပေသည်။

ထို့နောက် ပုံရိပ်တစ်ခုက လေထဲသို့ ဖြေးညင်းစွာ တက်လာပြီး ထိုနေရာ၌ မျောလွင့်နေကာ နန်ဟိုင်ဝူကျီး ရှေ့၌ ပိတ်ဆို့တားဆီးထားလိုက်သည်။ သူတို့က ထိုလူကို မြင်သည့်အခါ လူတိုင်း၏ အကြည့်များက အေးခဲသွားပြီး ထူးဆန်းအံ့သြသော အကြည့်တို့ ထုတ်ဖော်ပြသလာသည်။

မုယွင်မိသားစုမှ တန်ခိုးရှင်များ အပါအဝင် ရွာအတွင်းရှိ လူအများက ထိုပုံရိပ်အား တအံ့တသြ ကြည့်နေခဲ့ကြသည်။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။" မုယွင်လုံက အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။ လေထဲတွင် လွင့်မျောနေသော ပုံရိပ်က အမှန်တကယ် အဘိုးမာ ဖြစ်လေသည်။ သူက မည်သည့်အခါကမှ ရှေ့မထွက်ခဲ့လေရာ လူအများသည် သူ့ကို မကျင့်ကြံနိုင်သည့် သာမန်လူဟု ယုံကြည်ထားကြပေသည်။ သူက တန်ခိုးရှင် တစ်ယောက်၏ အရှိန်အဝါကို မည်သည့်အခါကမှ ဖော်ပြခဲ့ဖူးခြင်း မရှိပေ။ သူက သာမန်လူတစ်ယောက်ကဲ့သို့သာ နေထိုင်ခဲ့ပေသည်။

သို့သော် သူ၏ သာလွန်စွာ အစွမ်းထက်သော တိုက်ခိုက်မှုတစ်ချက်နှင့် နန်ဟိုင်ဝူကျီး၏ လမ်းကို တားဆီးနိုင်ခဲ့ပေသည်။

သူသည်လည်း ထိပ်သီးအဆင့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။

"အဘိုးမာ" ရီဖူရှင်းက ထိုပုံရိပ်အား မော့ကြည့်ရင်း ရေရွတ်လိုက်သည်။

သူသည် အဘိုးမာက မျက်လုံးနှင့် မြင်ရသည်ထက် ပိုကြောင်း ခန့်မှန်းမိခဲ့သည်။ သို့သော်လည်း အဘိုးမာ၏ စွမ်းရည်ကို မျက်မြင်တွေ့ရသည့်အခါ အံ့သြနေဆဲပင် ဖြစ်သည်။ အဘိုးမာက အမှန်တကယ် အစွမ်းထက်လှသည်။ အဘိုးမာသည် လတ်တလော၌ ထူးခြားစွာ ယုံကြည်ချက်ရှိနေခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။ သူက ဤအချက်ကို ဖုံးကွယ်ထားရန် မစီစဥ်ထားခြင်း ဖြစ်နိုင်သည်။

အဘိုးမာထံမှ တောက်ပသော လေဟာနယ် နတ်ရောင်ဝါက ဖြာကျလာပြီး ကိုယ်ပိုင်နယ်မြေတစ်ခု ဖြစ်တည်လာပုံရလေသည်။ သူက နန်ဟိုင်ဝူကျီးကို စိုက်ကြည့်နေခဲ့သည်။

"မင်းက ဆရာသခင်နဲ့ တွေ့ဖို့အရည်အချင်းမမီသေးဘူး။" အဘိုးမာက နန်ဟိုင်ဝူကျီးအား ကြည့်ကာ ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် အဘိုးမာက ခေါင်းကိုမော့၍ အဝေးသို့ ကြည့်လိုက်သည်။ ကြောက်မက်ဖွယ် အရှိန်အဝါနှင့် အလင်းတန်းတစ်ခု အဝေးမှ ထွက်ပေါ်လာကာ လေးမျက်နှာကျေးရွာပေါ်သို့ ကျရောက်လာသည်။ နောက်တခဏ၌ သူသည် သူတို့အထက်တွင် ပုံရိပ်အနည်းငယ် ပေါ်ပေါက်လာသည်အား မြင်လိုက်ရပေသည်။

ဤပုဂ္ဂိုလ်များ ရောက်လာသည့်အခါ လေဟာနယ်က အေးခဲသွားပုံရသည်။ မရေတွက်နိုင်သော နတ်အလင်းများ ကျဆင်းလာပြီး လူတိုင်းကို လွှမ်းခြုံသွားခဲ့သည်။ အစွမ်းထက်ရန်ဟောင်များသည်ပင် သူတို့က အရေးမပါသည့် လူများဖြစ်သွားသလို ခံစားလိုက်ရပေသည်။

ရီဖူရှင်းသည်လည်း ထိုနေရာသို့ ကြည့်လိုက်သည်။ လူသုံးယောက် ရောက်ရှိလာပေသည်။ ထိုပုဂ္ဂိုလ်သုံးယောက်က ဒြပ်ခန္ဓာနှင့် မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခု ဖြစ်ပုံရကာ နက်နဲသိမ်မွေ့သော ခံစားမှုကို ပေးစွမ်းပေသည်။ သူတို့က ခန္ဓာကိုယ်မှ ခွာလာသည့် ဝိညာဥ်များဖြစ်ပုံရလေသည်။ သူတို့သည် မဟာလမ်းစဥ်၏ ဆန္ဒမှ ဖြစ်တည်လာသည်ဟု ထင်မှတ်ရပြီး ဤလောက၏ အလွန်မှ လာခဲ့ပြီး လေးမျက်နှာသို့ ဆင်းသက်လာခဲ့ပေသည်။

အဘိုးမာက သူတို့ကို မော့ကြည့်လိုက်၏။ နတ်အလင်းတန်းများက တောက်ပနေပြီး ထိုသုံးယောက်အား တားဆီးရန် ကြိုးစားနေသည်။ သို့သော် ထိုပုဂ္ဂိုလ်သုံးယောက်က ချက်ချင်းပင် နတ်အလင်းတို့ကို ဖြတ်ကျော်ကာ ရှေ့သို့ ဆက်လက်တိုးလာခဲ့သည်။

"လေးမျက်နှာကျေးရွာက လောကကြီးနဲ့ ပေါင်းစည်းမယ်လို့ ကြားတာကြောင့် ဆရာသခင်ဆီ အထူးတလည် လာလည်တာပါ။" အသံတစ်ခုက ပြောလိုက်သည်။ အသံက လေဟာနယ်တွင် ပြည့်နှက်သွားပြီး ရွာတစ်ခွင်လုံးအား တုန်ယင်လာစေသည်။

နောက်တခဏတွင် ပုံရိပ်သုံးခုက သီးသန့်ကျောင်းအထက်သို့ နတ်အလင်းတန်းများအဖြစ် ကျဆင်းလာပေသည်။ တစ်ချိန်တည်းတွင်  လေးခုမြောက်အရှိန်အဝါ ထွက်ပေါ်လာပေသည်။ တောက်ပသည့် နတ်ရောင်ဝါက ကောင်းကင်သို့ ထိုးတက်လာပြီး ကောင်းကင်ထက်တွင် လင်းလက်သော နတ်အလင်းတို့ ပေါ်ပေါက်လာစေသည်။ လူတိုင်းသည် ၎င်းက အဘိုးမာဖြစ်ကြောင်း သိကြပေသည်။

ထိုပုဂ္ဂိုလ်သုံးယောက်က မည်သူနည်း။ လူအုပ်ကြီးက အံ့အားသင့်နေကြသည်။ အဘိုးမာက သူ၏ အစွမ်းထက်စွမ်းရည်ကို ပြသခဲ့သော်လည်း သူသည် ထိုသုံးယောက်အား မတားဆီးနိုင်ခဲ့ပေ။ ထိုပုဂ္ဂိုလ်သုံးယောက်က မည်မျှ ကြောက်မက်ဖွယ် အစွမ်းထက်ကြောင်း သိသာစေသည်။

ထိုအခိုက်အတန့်တွင် နန်ဟိုင်ဝူကျီးပင် မလှုပ်ရှားခဲ့ပေ။ သူသည် ထိုသုံးယောက်က မည်သူဖြစ်ကြောင်း သိရှိပေသည်။ ထိုသုံးယောက်သည် ခြေဆောင့်နင်းလိုက်ရုံနှင့် ရှန်ချင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော တည်ရှိမှုမျိုး ဖြစ်သည်။

ယနေ့ သူတို့က အတူတကွ ရောက်ရှိလာကြသည်။ ကြည့်ရသည်မှာ သူတို့သည် လေးမျက်နှာကျေးရွာနှင့် ဆရာသခင်အား မြင့်မားစွာ ရှုမြင်ထားပုံရလေသည်။ ရွာ၏ အရေးကြီးမှုမှာ မှန်းဆထားသည်ထက် များစွာ သာလွန်နေပုံရပေသည်။

လေးမျက်နှာကျေးရွာက အပြင်လောကနှင့် ပေါင်းစပ်လိုက်သည့်အခါ သူတို့က ချက်ချင်းပင် အားပေးရန် လာရောက်လည်ပတ်ကြပေသည်။

ရီဖူရှင်းက လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ သူသည် ရှန်ချင်းနယ်မြေ၏ ထိပ်သီးအင်အားစုမှ အဖွဲ့ဝင်များအားလုံး၌ ရိုသေလေးစားသော အမူအရာများ ဖြစ်ပေါ်နေကြောင်း မြင်လိုက်ရပေသည်။ သူက ရောက်ရှိလာသော ပုဂ္ဂိုလ်သုံးယောက်၏ အဆင့်အတန်းကို အကြမ်းဖျင်းခန့်မှန်းမိပေသည်။

သူတို့က ဆရာသခင်၏ စွမ်းရည်ကို မြင်တွေ့လို၍ ရောက်လာသော ရှန်ချင်းနယ်မြေ၏ အဓိကအင်အားစုများအကြား၌ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်သူများ ဖြစ်နိုင်သည်။

ရီဖူရှင်းက သီးသန့်ကျောင်းဘက်သို့ ပြန်လှည့်ကာ ကြည့်လိုက်သည်။ နတ်အလင်းလေးခုက ချက်ချင်းပင် ကောင်းကင်ကို ထိုးဖောက်လာ၏။ တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း ပြိုင်ဘက်ကင်းစွမ်းအားများက လေဟာနယ်ကို လွှမ်းခြုံထားသည်။ တစ်ချိန်တည်း၌ ရွာအတွင်းတွင် နတ်သဘာဝဖြစ်စဥ်ပင် ပေါ်ပေါက်လာခဲ့သည်။ ရွှေတောင်ပံခွန်ပန်ငှက်တစ်ကောင်က ၎င်း၏ တောင်ပံများကို ဖြန့်ကျက်ကာ ကောင်းကင်၌ ပျံဝဲနေသည်။ နတ်ဘုရားတူတစ်လက်က ကောင်းကင်နှင့် မြေကြီးအား ဖိနှိပ်ထား၏။ အမတနတ်ဘုရားတစ်ပါးက ကောင်းကင်၌ ရပ်နေခဲ့သည်။ ဤနတ်သဘာဝဖြစ်စဥ်မျိုးက မြင်တွေ့ရန် ခက်ခဲသော်လည်း ယခု ဖြစ်တည်လာပြီ ဖြစ်သည်။

ဤမြင်ကွင်းက ရွာအတွင်းမှ လူများကို အံ့အားသင့်မှုများနှင့် ပြည့်နှက်လာစေသည်။ ဆရာသခင်က အတိအကျ မည်သည့်အဆင့်သို့ ရောက်နေပါသနည်း။

မည်သူမှ တိုက်ပွဲကို ဆက်တိုက်ခြင်း မရှိတော့ပေ။ လူတိုင်းက လုပ်လက်စများကို ရပ်တန့်လိုက်ကြသည်။ သူတို့သည် အရေးပါဆုံးတိုက်ပွဲက ဆရာသခင်ရှိရာ နေရာ၌ဖြစ်ကြောင်း နားလည်ပေသည်။ လေးမျက်နှာကျေးရွာက လောကကြီးသို့ ဝင်ရောက်ကာ ထိပ်တန်းအင်အားစုတစ်ခု ဖြစ်လိုလျှင် သူတို့က ဤအဆင့်ကို အရင်ဆုံး ကျော်ဖြတ်ရပေလိမ့်မည်။

ထိုနေရာ၌ အလင်းများက တောက်ပသထက် တောက်ပလာသည်။ သိပ်မကြာခင်မှာပင် မျက်စိကျိန်းလောက်အောင် တောက်ပသော အပြင်သို့ ဖြာထွက်လာခဲ့သည်။ နောက်တခဏတွင် နတ်အလင်းများကြား ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး လူအုပ်ကြီးသည် ထိုပုံရိပ်သုံးခုက တခဏအတွင်း ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်ပေသည်။ ချက်ချင်းပင် ဖိနှိပ်နိုင်သည့်အရှိန်အဝါက အစအနမကျန်အောင် ပျောက်ကွယ်သွားတော့သည်။

"လေးမျက်နှာကျေးရွာကနေ ပြန်ဆုတ်ခွာကြ။"

"လေးမျက်နှာကျေးရွာက အပြင်လောကနဲ့ ပူးပေါင်းလာတဲ့အတွက် ဂုဏ်ပြုပါတယ်။"

"ဒီနေ့ကစပြီး ရှန်ချင်းနယ်မြေမှာ နောက်ထပ် သန့်စင်မြင့်မြတ်နယ်မြေ ရှိလာခဲ့ပြီ။"

သိမ်မွေ့နက်နဲသော အသံများ ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားများကို ပြင်းထန်စွာ တုန်ယင်လာစေသည်။ နန်ဟိုင်မိသားစု၏ အကြီးအကဲ နန်ဟိုင်ဝူကျီးသည်ပင် တည်ငြိမ်မနေနိုင်တော့ပေ။ ထိုပုဂ္ဂိုလ်ကြီးသုံးယောက်က ရှန်ချင်းနယ်မြေအတွင်းမှ လေးမျက်နှာကျေးရွာ၏ အဆင့်အတန်းကို အသိအမှတ်ပြုပေးခဲ့သည်လား။

***

All Chapters