← Chapters

ဆရာသခင်

Vol. 149 Ch. 2121

ဆရာသခင်

Vol. 149 Ch. 2121

ထိုအသံများကြားလိုက်ရပြီး မကြာခင်၌ လေးမျက်နှာကျေးရွာမှတန်ခိုးရှင်များ အားလုံးက ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။ သိပ်မကြာခင်မှာပင် အပြင်ဘက်လောကမှ တန်ခိုးရှင်များ အားလုံး ထွက်ခွာသွားကြပေသည်။

မုယွင်လုံနှင့် အခြားတန်ခိုးရှင်များက ရွာ၏ အဝင်ဝတွင် ရပ်နေခဲ့၏။ သူတို့က ရွာသို့ ပြန်ကြည့်လိုက်ကြသည်။ သူတို့သည် အဆုံးသတ်၌ပင် ရှုံးနေဆဲဖြစ်လိမ့်မည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့ခြင်း မရှိချေ။ ဆရာသခင်က သူတို့ ခန့်မှန်းထားသည်ထက် အားကောင်းသန််မာနေခဲ့သည်။ ဆရာသခင်သည် ထူးချွန်ထက်မြက်သော ထိပ်သီးပုဂ္ဂိုလ်ကြီးသုံးယောက်ကို လေးမျက်နှာကျေးရွာအား အသိအမှတ်ပြုရန် ရယူစီစဥ်နိုင်ခဲ့သည်။ ယနေ့မှ စတင်ကာလေးမျက်နှာကျေးရွာသည် ရှန်ချင်းနယ်မြေ၏ အခြားသော ထိပ်သီးအင်အားစုများကဲ့သို့ အထွတ်အထိပ်တွင် ရပ်တည်နေလိမ့်မည် ဖြစ်သည်။

ကျေးရွာ၌ အလွန်နည်းပါးသော တန်ခိုးရှင်များသာ ရှိသော်လည်း သူတို့၏ ကြီးမားသောစွမ်းအားများက သူတို့၏ အဆင့်အတန်းကို တည်မြဲစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

"သွားကြစို့။" မုယွင်လုံက ပြန်လှည့်သွားကာ ပြောလိုက်သည်။ မုယွင်လန်သည် ရွာသို့ အဓိပ္ပါယ်ပြည့်သော အကြည့်တစ်ချက်နှင့် ကြည့်လိုက်သည်။ တစ်နေ့တွင် သူက ကျိန်းသေပြန်လာလိမ့်မည် ဖြစ်သည်။

ရွာသားများက ပျော်ရွှင်နေကြသည်။ ဆရာသခင်သည် သူ၏ အစွမ်းထက်ပြိုင်ဘက်များကို ထိတ်လန့်စေခဲ့သည်။ လေးမျက်နှာကျေးရွာသည် ယနေ့မှစကာ အပြင်လောကသို့ ဝင်ရောက်နိုင်ပြီး မည်သည့်ကန့်သတ်ချက်မှ မရှိဘဲ ကျင့်ကြံနိုင်ပြီး ဖြစ်သည်။ သူတို့က ကျယ်ပြောသော လောကကြီးကို မြင်တွေ့နိုင်စွမ်းရှိလာပြီ ဖြစ်ကာ ရွာ၌သာ ချည်နှောင်ထားခံရလိမ့်တော့မည် မဟုတ်ပေ။ တစ်သက်တာလုံး၌ အပြင်လောကကို မည်သည့်အခါမှ မမြင်ဖူးခဲ့သော ရွာသားများအတွက် ဤသည်မှာ စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခုဖြစ်ကြောင်း သံသယဝင်ရန်ပင် မလိုပေ။

"သူတို့ ထွက်သွားကြပြီ။" ဖန်းကိုင့်က အဝေးသို့ ကြည့်ကာ ပြောလိုက်သည်။

"နောက်ဆုံးတော့ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ။" အဘိုးမာက မှတ်ချက်ချလိုက်သည်။ သူတို့သည် အခြားသူများထက်ပို၍ ဆရာသခင်၏ စွမ်းရည်အကြောင်းကို သိရှိပေသည်။ ဆရာသခင်က မည်သည့်အဆင့်၌ ရှိနေကြောင်း တိတိကျကျ မသိကြသော်လည်း အနည်းဆုံး နန်ဟိုင်ဝူကျီးက ဆန့်ကျင်နိုင်မည် မဟုတ်ကြောင်း သေချာသိရှိပေသည်။

"မင်းတို့တွေ ငါ့နေရာကို လာခဲ့ကြဦး။" အသံတစ်ခုက အဝေးမှထွက်ပေါ်လာသည်။ အဘိုးမာနှင့် အခြားလူများသည် ဆရာသခင်က သူတို့ကို ခေါ်ကြောင်း သိရှိလိုက်သည်။ သူတို့က အရိုအသေပေးကာ ပြန်ပြောလိုက်၏။ "ဟုတ်ကဲ့ပါ ဆရာသခင်။"

"မင်းလည်း လာခဲ့ပါ။" ထိုအသံက ထပ်မံ ခေါ်လိုက်ပြန်သည်။ ရီဖူရှင်းသည် ယင်းအသံက သူ့ကိုတိုက်ရိုက် ရည်ရွယ်နေကြောင်း ရှင်းလင်းစွာခံစားမိသည်။ သူက အနည်းငယ်အရိုအသေပြုလိုက်ပြီး အဘိုးမာနှင့် အခြားလူများနောက်မှ လိုက်ကာ သီးသန့်ကျောင်းသို့ အတူတကွ ဦးတည်လိုက်ကြသည်။

သူတို့တွင် အဘိုးမာ၊ ဖန်းကိုင့်၊ ကုဟွိုက်၊ ရှီခွေ့၊ မျက်မမြင်ထျယ်နှင့် ရီဖူရှင်း အားလုံးခြောက်ယောက်ရှိပေသည်။

အမှန်တကယ်တွင် လက်ရှိရွာအတွင်း၌ တာ၀န်ယူနေရသော လူခုနှစ်ယောက်ရှိသည်။ သို့သော်လည်း သော်ယွီက အလွန် ငယ်ရွယ်သေးသည့်အတွက် သူက သူတို့နှင့် လိုက်မလာခဲ့ပေ။ လက်ရှိတွင် ဤ လူခြောက်ယောက်က တစ်ရွာလုံး၏ ဆန္ဒကို ကိုယ်စားပြုနိုင်ပေသည်။

သီးသန့်ကျောင်းသို့ ရောက်ရှိသည့်အခါ သူတို့ ခြောက်ယောက်ကအလွန် ရိုသေလေးစားမှု အပြည့်နှင့် ရှိနေခဲ့သည်။ သူတို့က ခြံ၀န်းအတွင်း လမ်းလျှောက်၀င်သွားပြီးနောက် ဖျာပေါ်တွင်တိတ်ဆိတ်စွာ ထိုင်နေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ဤသည်မှာ ရီဖူရှင်းအတွက် ဆရာသခင်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပေသည်။ ဆရာသခင်၏ သူတော်စင်ကဲ့သို့ ခန္ဓာကိုယ်မှာ အတော်လေး သိမ်မွေ့ဟန် ပေါ်ပေသည်။ သူသည် သာမန်စိတ်နှင့် နားလည်သဘောပေါက်ခြင်း မရှိနိုင်လောက်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ သီးခြားလောက၌ ရှိနေသလို ထင်မှတ်ရပေသည်။

"ဆရာသခင်။" သူတို့ ခြောက်ယောက်က အရိုအသေပြု ဦးညွှတ်လိုက်သည်။ ရီဖူရှင်းသည်လည်း တူညီစွာပင် ဖြစ်လေသည်။ သူက ဆရာသခင်ရှေ့၌ မတ်တပ်ရပ်နေသော်လည်း ဆရာသခင်၏ အရှိန်အဝါကို မခံစားမိဘဲ ဆရာသခင်က မည်မျှအစွမ်းထက်သည်ကို အတည်မပြုနိုင်ဘဲ ရှိနေခဲ့သည်။ သို့သော်လည်း သူသည် အလွန် နိမ့်ကျကာ ဆရာသခင်နှင့် ယှဥ်နိုင်စွမ်း ရှိနိုင်မည် မဟုတ်ပေ။

"အားလုံးပဲ ထိုင်ကြပါ။" ဆရာသခင်က ပြောလိုက်သည်။ သူတို့ ခြောက်ယောက်က ခေါင်းညိတ်ကာ မတူညီသည့် နေရာများ၌ ထိုင်ချ လိုက်ကြသည်။

"လေးမျက်နှာကျေးရွာက အခု လောကကြီးကို ဝင်ရောက်လိမ့်မယ်။ မင်းတို့အားလုံး ဒီအခြေအနေကို စောင့်နေကြတာ အချိန်အတော်ကြာပြီ ဖြစ်ရမယ်။" ဆရာသခင်က ပြောလိုက်သည်။ မျက်မမြင်ထျယ်နှင့် အခြားလူများက မည်သည့်စကားမှ မဆိုခဲ့ပေ။ ဆရာသခင်သည် သူတို့၏ အတွေးများကို ဖြတ်မြင်နေပုံ ရလေသည်။

အမှန်တကယ်ပင် သူတို့က ရွာကို အပြင်လောကသို့ ဝင်ရောက်ရန် ထောက်ခံ အားပေးခဲ့သည်။ မုယွင်လုံသည် ရွာက အပြင်လောကနှင့် ပူးပေါင်းသင့်သည်ကို အကြံပေးခဲ့စဥ်က မည်သူမှ ကန့်ကွက်ခြင်း မရှိခဲ့ပေ။ အဆင့်တစ်ခုထိ ရောက်အောင် ကျင့်ကြံခဲ့ပြီးသူမှန်သမျှ ရွာ၌သာ ထာ၀ရချုပ်နှောင်ခံထားရန် မည်သူမှ ဆန္ဒ ရှိလိမ့်မည် မဟုတ်ပေ။

သူတို့သည် လူငယ်မျိုးဆက်ကလေးများက ဤသို့ ထာ၀ရဖြစ်နေမည်ကို မလိုချင်ကြပေ။ ရွာက ပြိုင်ဘက်ကင်းလျှင်ပင် အပြင်လောကတို့ သွားရောက်ချင်သည့် သူတို့၏ ဆန္ဒကို သက်ရောက်လိမ့်မည် မဟုတ်ပေ။

"မင်းတို့ အားလုံး ဘာတွေ တွေးနေတယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ငါ ဘာဖြစ်လို့ အမြဲတမ်း လေးမျက်နှာကျေးရွာက လူတွေ အပြင်လောကကို သွားဖို့ တားဆီးနေခဲ့တာလဲ မင်းတို့ သိကြလား။" ဆရာသခင်က မေးလိုက်သည်။

"အချိန်အခါ မသင့်လို့။" ဖန်းကိုင့်က ပြန်ဖြေလိုက်သည်။

"အဲဒါက အကြောင်းပြချက် တစ်ခုပဲ ဖြစ်တယ်။" ဆရာသခင်က ပြောလိုက်သည်။ "အရင်တုန်းက ရွာကနေ ထွက်သွားခဲ့တဲ့ လူတွေ ဘယ်လို ရလဒ်မျိုးနဲ့ အဆုံးသတ်ခဲ့လဲ မင်းတို့ အားလုံး မြင်ဖူးကြတယ်။ အများစုက အပြင်လောကမှာ သေဆုံးခဲ့ကြပြီးတော့ အနည်းငယ်ကပဲ အသက်ရှင်လျက်နဲ့ ပြန်လာ နိုင်ခဲ့တယ်။ ပိုပြီး နည်းပါးတဲ့ လူကသာ အပြင်လောကမှာ ကျန်ရစ်နိုင်တယ်။ ဒါပေမယ့်လည်း အပြင်လောကရဲ့ ခမ်းနားထည်ဝါမှုတွေကို မြင်တွေ့ပြီးတဲ့ အဲဒီအနည်းငယ်ရဲ့ နှလုံးသားကလည်း ရွာမှာ ကျန်ရှိမနေတော့ဘူး။ သူတို့က ရွာထဲမှာ နေပြီး ဘယ်လိုလုပ်ကျေနပ်နိုင်တော့မှာလဲ။ သူတို့ရဲ့ နှလုံးသားတွေက ပြောင်းလဲသွားခဲ့ပြီးပြီလေ။"

လူအုပ်ကြီးက မုယွင်လန်ကို တွေးလိုက်မိသည်။ လက်ရှိတွင် သူက အပြင်လောက၌ ကျော်ကြားနေပြီး နန်ဟိုင်မိသားစုအတွင်းမှ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့သည်။ နန်ဟိုင်မိသားစုမှ မင်းသမီးနှင့် လက်ထပ်ပြီးနောက် မုယွင်လန်၏ နှလုံးသားက အမှန်တကယ် ပြောင်းလဲသွားပြီ ဖြစ်လေသည်။ ထိုသို့ ခမ်းနားထည်ဝါသော ဘဝမျိုးနှင့် သူသည် ယခင်က ရည်ရွယ်ချက်နှင့် ယခု ရည်ရွယ်ချက်က လုံးဝတူညီနိုင်တော့မည် မဟုတ်ပေ။

"အဲဒါကပဲ ရွာမှာအရင်တုန်းက စည်းမျဥ်းတွေ ရှိခဲ့ရတဲ့အကြောင်းပေါ့။" အဘိုးမာက မှတ်ချက်ချလိုက်သည်။

"အင်း။ အဲဒါက အရမ်းအရေးကြီးတဲ့ အကြောင်းပြချက် တစ်ခုပဲ။" ဆရာသခင်က ဆက်ပြောလိုက်သည်။ "အရင်တုန်းက ရွာက ပြီးပြည့်စုံခြင်း မရှိတဲ့အပြင် ပုံရိပ်ယောင်လောကတစ်ခုလည်း ဖြစ်နေခဲ့ပြီးတော့ နယ်မြေရဲ့ စည်းမျဥ်းတွေကလည်း ချို့ယွင်းချက်တွေ ရှိခဲ့တယ်။ ဒီပုံရိပ်ယောင်လောက က အမွေအနှစ်နယ်မြေအတွင်း လွှမ်းခြုံခံထားရပြီး ကျုပ်တို့က တစ်ချိန်လုံး လေဟာနယ်အလွှာနှစ်ထပ်အထဲမှာ နေထိုင်နေခဲ့ကြတယ်။ တစ်ချို့လူတွေကအမွေအနှစ်နယ်မြေထဲက လမ်းစဥ်ကို ခံစားနိုင်ကြပြီး ဘိုးဘေးတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိခဲ့တယ်။ ဒါကြောင့်ပဲ သူတို့က ကျင့်ကြံနိုင်ကြတယ်။ ဒါပေမယ့် ကျန်တဲ့လူတွေအတွက် သူတို့က ဖိအားပေးကျင့်ကြံမယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းတွေက ရှုပ်ထွေးသွားပြီး အဆုံးသတ် ကောင်းမှာမဟုတ်ဘူး။ အဘိုးမာက ခြွင်းချက် တစ်ခုဖြစ်တယ်။ သူအရင်တုန်းက တစ်ခါသေခဲ့ဖူးတယ်။ ဒါပေမယ့် ကံဆိုးခြင်းတွေထဲမှာ ကံကောင်းခြင်းရရှိခဲ့ပြီးတော့ သူရဲ့ ကိုယ်ပိုင်လမ်းစဥ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း သူရဲ့ကျင့်ကြံခြင်းက အဲဒီအဆင့်မှာ ရပ်တန့်သွားပြီး သူက အဲဒါရဲ့ ဝါးမြိုခြင်းကိုတောင် ခံရနိုင်တယ်။ ငါက သူ့ကို အမြဲတမ်း သတိထားပြုမူဖို့ ပြောထားရတယ် နှစ်ပေါင်းများစွာအတွင်းသူက သူရဲ့စွမ်းရည်ကို ဘယ်တော့မှ မပြသခဲ့ဘူး။ လေးမျက်နှာကျေးရွာ ဒီလို အခြေအနေမျိုးမှာ အပြင်လောကနှင့် ပေါင်းစည်းဖို့ ဆန္ဒရှိမယ်ဆိုရင် လူအနည်းငယ်ပဲ အပြင်ထွက်နိုင်စွမ်းရှိမှာမို့ အဓိပ္ပာယ်မရှိဘဲ ဖြစ်နေလိမ့်မယ်။"

"ဆရာသခင် အဲဒါဆိုရင် ရွာရဲ့စည်းမျဥ်းတွေက တိတိကျကျ ဘာအတွက် ပြောင်းလဲသွားရတာလဲ။" ဖန်းကိုင့်က မေးမြန်းလိုက်သည်။ ဘိုးဘေးများ၏ ပေါ်ပေါက်လာမှုကြောင့် ဖြစ်လျှင် သူတို့က စောပြီးလည်းမဟုတ် နောက်ကျလည်းမဟုတ်ဘဲ မည်သည့်အတွက်ကြောင့် ယခုအချိန်မှ ပေါ်ပေါက်လာရသနည်း။

ဆရာသခင်က အကြံပေးလိုက်သည်။ "မင်း ဒီအကြောင်းကို အတိအကျ သိဖို့မလိုဘူး။ အခုချိန်က အကောင်းဆုံးအခွင့်အရေးမို့လို့ ဖြစ်နိုင်တယ်။ အခု ရွာထဲက လူတွေက လွတ်လွတ်လပ်လပ် ကျင့်ကြံနိုင်ကြပြီ။ သူတို့က ပြီးပြည့်စုံတဲ့ မဟာလမ်းစဥ်ကို မကျင့်ကြံနိုင်ရင်တောင်မှ ဆိုးဆိုးရွားရွား အဆုံးသတ်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ရွာက အပြင်လောကကို ၀င်ရောက်ချင်တယ်ဆိုရင်တော့ သူတို့က ဂရုတစိုက် တွေးတောဖို့ လိုအပ်တယ်။ အနာဂတ်မှာ ရွာက လောကနဲ့ သီးခြားခွဲထွက်နေတော့မှာ မဟုတ်ဘူး။ အဲဒါက တခြားအင်အားစုတွေနဲ့ အတူတူပဲ ဖြစ်ပြီးတော့ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တယ်။ မဟုတ်ရင် တခြားလူတွေက ငါတို့ကို အထင်အမြင်သေးကြလိမ့်မယ်။ ရွာကနေ အရင်တုန်းက ထွက်ခွာသွားတဲ့ လူတွေက သင်ယူဖို့ အကောင်းဆုံး ဥပမာပဲ။"

"ဆရာသခင် ရှိနေတာပဲ။ ကျုပ်တို့ဘာကို ကြောက်နေဖို့ လိုလို့လဲ။" ရှီခွေ့က ပြောလိုက်သည်။

"နှစ်ပေါင်းများစွာအတွင်းမှာ ငါက ထူးခြားတဲ့ အကြောင်းပြချက်တွေကြောင့် ဒီနေရာကနေ မထွက်ခွာဖူးဘူး။ ငါ့မှာ တချို့ကန့်သတ်ချက်တွေ ရှိပြီးတော့ ရွာကနေ မထွက်ခွာနိုင်ဘူး။ ဒါကြောင့် အပြင်လောကကို ရောက်တဲ့အခါ မင်းတို့က ကိုယ့်ဘာသာကို မှီခိုဖို့ လိုအပ်တယ်။" ဆရာသခင်က ဆက်ပြောလိုက်သည်။ ၎င်းက သူတို့ကို အံ့သြသွားစေခဲ့၏။

ဆိုလိုသည်မှာ ဆရာသခင်သည် ရွာအတွင်းမှ လူများကိုသာ ကာကွယ်နိုင်ပေသည်။ ရွာမှ ထွက်ခွာသွားသည်နှင့် ဆရာသခင်က မည်သို့မှ လုပ်နိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။

"လောကကြီးနဲ့ ပေါင်းစည်းတာက မင်းတို့တွေ ကိုယ်တိုင်နဲ့ လေးမျက်နှာကျေးရွာရဲ့ ဆန္ဒဖြစ်တယ်။ အဲဒါက ကောင်းချီးပဲဖြစ်ဖြစ် ကျိန်စာပဲဖြစ်ဖြစ် မင်းတို့က အပြင်လောကရဲ့ ခမ်းနားကြီးကျယ်မှုတွေကို သွားပြီးတော့ ကြည့်သင့်တယ်။ အဲဒီလို လုပ်ဖို့အတွက် တချို့ အဖိုးအခတွေကိုလည်း ပေးဆပ်နိုင်ရမယ်။ ဒီနေ့ကနေစပြီး ရွာက အပြင်လောက အရေးကိစ္စတွေကို ဂရုမစိုက်တဲ့ ရွာတစ်ရွာ ဖြစ်တော့မှာ မဟုတ်ဘူး။ အဲဒီအစား ကျုပ်တို့က အပြင်လောကရဲ့ ပဋိပက္ခတွေကိုလည်း ရင်ဆိုင်ဖို့ လိုတယ်။ ဒါကြောင့် မင်းတို့ အားလုံးမင်းတို့ရဲ့ ဆုံးဖြတ်ချက်ကို ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဆရာသခင်က ဆက်ပြောလိုက်သည်။

သူတို့က လေးနက်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့အားလုံးတွင် တင်းကျပ်သော အမူအရာများ ရှိနေခဲ့သည်။

ဆရာသခင်က သူတို့ကို သတိပေးခဲ့သည့်အတွက် သူတို့က အသေအချာ သတိထားရမည် ဖြစ်သည်။

ဆရာသခင်က မှတ်ချက်ပြုလိုက်၏။ "မင်းတို့ရဲ့ စွမ်းရည်တွေနဲ့ တခြားအင်အားစုတွေကို ရှုံးမှာ မဟုတ်ဘူး။ ဒါပေမယ့် လေးမျက်နှာကျေးရွာက မျိုးဆက် ကွာခြားမှုရှိတယ်။ ငါတို့က အလျင်စလို လုပ်ဖို့ မလိုအပ်ဘူး။ ငါတို့ရဲ့ အင်အားတောင့်တင်း ခိုင်မာဖို့အတွက် မျိုးဆက်သစ်တွေကို ကျင့်ကြံစေပြီး လူတိုင်းရဲ့ ကျင့်ကြံဆင့်တွေကို မြှင့်တင်နိုင်အောင် လုပ်ဖို့ အကြံပေးချင်တယ်။"

"နားလည်ပါပြီ။" အဘိုးမာက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နတ်ဘုရားနည်းစနစ်ကို ဆက်ခံထားတဲ့ ဂျူနီယာလေးတွေလည်း မြန်မြန်ဆန်ဆန် တိုးတက်လာသင့်တယ်။"

"အင်း.. သူတို့ရဲ့ ကျင့်ကြံခြင်းပတ်၀န်းကျင်က မင်းတို့အားလုံးထက် အများကြီး သာလွန်နေတယ်။ သူတို့က လေးမျက်နှာကျေးရွာရဲ့ အနာဂတ်ဖြစ်လာလိမ့်မယ်။" ဆရာသခင်က ပြောလိုက်သည်။ "ငါပြောချင်တာ အဲဒါ အကုန်ပဲ။ မင်းတို့ အားလုံး သွားလို့ရပြီ။"

သူတို့က ထရပ်လိုက်သည်နှင့် ဆရာသခင်က ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်သည်။ "မင်းနေခဲ့ဦး။"

ရီဖူရှင်းသည် တစ်ခုခုထူးဆန်းသလို ခံစားလိုက်ရသော်လည်း သူက ခေါင်းညိတ်ကာ ဤနေရာ၌ ကျန်နေခဲ့သည်။ အခြားလူများက စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။ သူတို့သည် ဆရာသခင်က ရီဖူရှင်းကို မည်သည့် အကြောင်းပြောချင်သည်ကို မသိရှိခဲ့ကြပေ။

သူတို့ ထွက်သွားပြီးနောက် ဆရာသခင်က ရီဖူရှင်းအား ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

ရီဖူရှင်းက ဆရာသခင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆရာသခင် ဆိုလိုသည်ကို နားလည်သွားခဲ့၏။ ယခင်က ဖန်းကိုင့်သည် လမ်းစဥ်အပြောင်းအလဲက မည်သည့်အတွက် ဖြစ်ပွားခဲ့ကြောင်း မေးမြန်းခဲ့သည်။ အမှန်စင်စစ်တွင် ၎င်းသည် ရီဖူရှင်းကြောင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ သူက အရာအားလုံးကို ပြောင်းလဲစေခဲ့သည်။

"ဆရာသခင် ကျွန်တော့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ အရာအားလုံးက ကံကြမ္မာအခွင့်အလမ်းတွေကြောင့် ဖြစ်လာရတာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူကိုယ်တိုင်၌ ထိုသို့သော စွမ်းရည်မျိုး မရှိခဲ့ပေ။ အရာအားလုံးမှာ ကမ္ဘာ့သစ်ပင်ကြောင့် ဖြစ်ပေသည်။

"ဒါက မတော်တဆ တိုက်ဆိုင်မှုမဟုတ်ဘူး။ ဒါက ကံတရားပဲ။" ဆရာသခင်က ပြန်ဖြေလိုက်သည်။

"ကံတရားလား။" ရီဖူရှင်းက ဆရာသခင်အား မယုံသင်္ကာနှင့် ကြည့်ကာ မေးလိုက်သည်။

ဆရာသခင်က ပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်၏။ "မင်း ဒီကိုရောက်လာပြီးမှ ငါ နားလည်လာတဲ့ တချို့ကိစ္စတွေ ရှိတယ်။ ပြောရရင်တော့ မင်းလေးမျက်နှာကျေးရွာကို ရောက်လာတာကြောင့် အခုအချိန်မှန် ဖြစ်သွားခဲ့တာပါ။ အရာအားလုံးက ကံတရားရဲ့ စီမံမှုပဲ။"

"ကျွန်တော် နားမလည်ဘူး။" ရီဖူရှင်းက ပြောလိုက်သည်။

"မင်း အနာဂတ်မှာ နားလည်လာပါလိမ့်မယ်။" ဆရာသခင်က မရှင်းပြခဲ့သည့်အတွက် ရီဖူရှင်းအား ပို၍ပင် ဇဝေဇဝါ ဖြစ်လာစေသည်။

သူ့အတွက် ကံတရားက မည်သို့ စီမံထားသနည်း။

ဆရာသခင်က မည်သည့်အတွက် ထိုသို့ပြောရသနည်း။

"အဲဒီ ကလေးတွေကို မင်း လက်ထဲ အပ်လိုက်မယ်။" ဆရာသခင်က ပြောလိုက်သည်။ ရီဖူရှင်းက ထိုပြသာနာထဲ၌ ငြိတွယ်နေခြင်း မရှိပေ။ ဆရာသခင်က ရှင်းပြခြင်း မပြုလျှင် ထိုသို့ ပြုလုပ်ရသည့် ကိုယ်ပိုင်အကြောင်းပြချက် ရှိပေလိမ့်မည်။

"ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"မင်း ထွက်သွားလို့ရပြီ။" ဆရာသခင်က ပြောလိုက်၏။ ရီဖူရှင်းက ထရပ်ကာ အရိုအသေပြုပြီးနောက်  ထွက်သွားခဲ့သည်။

...

ရွာက ငြိမ်းချမ်းသော နေ့ရက်များကို ဖြတ်သန်းနေခဲ့သည်။  သို့သော်လည်း ရှန်ချင်းနယ်မြေအတွင်း၌ မုန်တိုင်းတစ်ခု ဖြစ်ပွားနေသည်။  မရေတွက်နိုင်သော လူများက လေးမျက်နှာကျေးရွာ အပြင်လောကနှင့် ပူးပေါင်းလာပြီ ဖြစ်ကြောင်း သိရှိကြပေသည်။ ထိပ်တန်းအင်အားစုများသည်လည်း ၎င်း၏ တည်ရှိမှုကို အသိအမှတ်ပြုကြသည်။ ယနေ့မှစကာ ရွာသည် ရှန်ချင်းနယ်မြေအတွင်းမှ နောက်ထပ် ထိပ်သီးအင်အားစုတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအချိန်၌ မရေတွက်နိုင်သော တန်ခိုးရှင်များက လေးမျက်နှာကုန်းမြေသို့ ဦးတည်သွားကြသည်။ သို့သော်လည်း သူတို့က လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ခြင်း မပြုခဲ့ပေ။

သူတို့ ရောက်ရှိပြီးနောက် သူတို့သည် လေးမျက်နှာကုန်းမြေ၌ စတင်ကျင့်ကြံကြသည်။ သူတို့က ဤကုန်းမြေ၌ အချိန်ကြာမြင့်စွာ အခြေချရန်ပင် စီစဥ်ထားကြသည်။ တန်ခိုးရှင်အများစုသည် အခြားကုန်းမြေများမှ ဤနေရာသို့ ပြောင်းရွေ့လာခြင်း ဖြစ်သည်။ အစွမ်းထက် ရန်ဟောင်များနှင့် အချို့သော ထိပ်သီးအင်အားစုများသည် ဤပျက်စီးနေသော ကုန်းမြေထက်တွင် မြို့များ တည်ထောင်ရန် ကြိုးစားနေကြပေသည်။

ကျင့်ကြံခြင်းလောကတွင် ထိပ်သီးအင်အားစုများနှင့် နီးစပ်သော မည်သည့်နေရာများ၌မဆို သံသယ ဖြစ်ဖွယ်မရှိ ကြီးပွားချမ်းသာပေလိမ့်မည်။ ရှန်ချင်းနယ်မြေအတွင်းတွင် ထိုသို့သော ဖြစ်စဥ်မျိုးက ထူးခြားကာ သိသာလှသည်။ ၎င်းသည် ရှန်ချင်းနယ်မြေ၏ အဆင့်မြင့် ကောင်းကင်ကိုးလွှာ တလျှောက်မရေတွက်နိုင်သော ကုန်းမြေများထက် ပို၍ အစွမ်းထက်သော ကုန်းမြေအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

လက်ရှိတွင် လေးမျက်နှာကုန်းမြေသည် စတင်၍ ဖွံဖြိုးတိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူတို့က ယခု အခွင့်အရေးကို မရယူလျှင် အနာဂတ်၌ ထိုသို့သော အခွင့်အရေးမျိုး ရှိလိမ့်တော့မည် မဟုတ်ပေ။

ထို့ကြောင့် အချိန်တစ်ခု ကြာသည်အထိ မရေတွက်နိုင်သော တန်ခိုးရှင်များက ပြောင်းရွေ့လာနေကြပြီး မြို့များက ကုန်းမြေအနှံ့တွင် ထွက်ပေါ်လာပေတော့သည်။

***

All Chapters