← Chapters

ရှားလော့ခ်၏ အကြံအစည်

Vol. 21 Ch. 304

ရှားလော့ခ်၏ အကြံအစည်

Vol. 21 Ch. 304

"ပြဿနာ မရှိဘူး။"

ရှားလော့ခ်သည် အဖိုးတန်ပုလဲဖြူ တစ်လုံးကို ထုတ်ယူလိုက်ပြီး "အချိန် ကန့်သတ်ချက်ကြောင့် နောက်ခံအချက်အလက်တွေနဲ့ တခြား အဓိပ္ပာယ်မရှိတာတွေကို ချန်လှပ် ထားလိုက်မယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒါကို ပုံတူပွား အဖိုးတန်ပုလဲလို့ ခေါ်ပြီး ဒါကပဲ ဆာမေးလ်ကို ဝိညာဉ်လောက,ကနေ ထွက်လာနိုင်အောင် လုပ်ပေးခဲ့တာပဲ။ ဝိညာဉ်လောက,ကနေ ထွက်ချင်တဲ့ နတ်ဆိုးဘုရင်တွေက လွဲလို့ တခြားဘယ်သူ့ အတွက်မှ သိပ်အသုံးမဝင်ဘူး။ ဒါပေမဲ့ ဒီပစ္စည်းကို မြေအောက်လောက အတွက် ကြားခံစခန်း တစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင် ငါတို့ မြေပေါ်လောက,ကို နှစ်ပေါင်းရာချီ စောပြီး ကျူးကျော်နိုင်လိမ့်မယ်။"ဟုဆိုသည်။

"မြေပေါ်လောက,ကို ကျူးကျော်မယ် ဟုတ်လား။"

"မှန်ပါတယ်။" ရှားလော့ခ်က ခိုင်မာစွာ ဆိုလိုက်သည်။

"စစ်တပ် အင်အားကြီး မရှိဘဲ မြေပေါ်လောက,ကို ကျူးကျော်ရင် ငါတို့ လူသားတွေရဲ့ ဝန်းရံ တိုက်ခိုက်ခြင်းကို ခံရလိမ့်မယ်။ ပုံတူပွားအဖိုးတန်ပုလဲနဲ့ ဆိုရင် ငါတို့ မြေပေါ်လောကမှာ ဒန်ဂျင်အမြုတေ တစ်ခု တည်ထောင်ပြီး ငါတို့ ဒန်ဂျင်ကို ချဲ့ထွင်နိုင်တယ်။ အရေးကြီးဆုံးကတော့ ငါတို့ မြေပေါ်လောကရဲ့ မျိုးနွယ်စုတွေကို စုဆောင်းနိုင်တာပဲ။"

"လူသားတွေနဲ့ ဖယ်ရီတွေကို စုဆောင်းမယ် ဟုတ်လား။" လီလိုက မေးလိုက်သည်။ "ဒါက ကောင်းကင်ဘုံတိုင်းပြည်ကို သိမ်းပိုက်အောင်နိုင်တာနဲ့ ဘာဆိုင်လို့လဲ။"

"မြေပေါ်လောကမှာ ငါတို့ လိုအပ်တဲ့ သယံဇာတတွေ အများကြီး ရှိတယ်၊ ပြီးတော့ အဲဒါတွေ အားလုံးက ရယူရ လွယ်ကူတယ်။ မြေအောက်လောက မျိုးနွယ်စုတွေ အတွက် မြေပေါ်လောကထဲမှာ လှုပ်ရှားသွားလာဖို့က လက်တွေ့မကျဘူး။ မြေပေါ်လောက မျိုးနွယ်စုတွေကို အသုံးပြုခြင်းအားဖြင့် ငါတို့ သယံဇာတတွေကို လွယ်လွယ်ကူကူ ရယူနိုင်တယ်။ ငါတို့ မြေအောက်လောကမှာ စိုက်ပျိုးလို့ မရတဲ့ ဆေးပင်တွေကို စိုက်ပျိုးနိုင်တယ်။ ငါတို့ ရှားပါး သတ္တုရိုင်းတွေနဲ့ နေရောင်ခြည်အရသာ ရှိတဲ့ ရွှံ့စေးတွေကို ရယူနိုင်တယ်။ ပူစပ်အရသာ ရှိတဲ့ ရွှံ့စေးက မြေအောက်လောက မျိုးနွယ်စုတွေ ကြားမှာ သေချာပေါက် လူကြိုက်များလိမ့်မယ်။"

ရှားလော့ခ်သည် စိတ်လှုပ်ရှားစွာ ပြောဆိုနေသော်လည်း လီလိုက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "ငါ ကြားနေရတာက ကုန်သည်တစ်ယောက်ရဲ့ ပိုက်ဆံရှာဖို့ အကြမ်းဖျင်း အစီအစဉ် တစ်ခုပဲ။ ဒါက ငါ စိတ်ဝင်စားတဲ့ ကောင်းကင်ဘုံတိုင်းပြည်ကို အောင်နိုင်ရေး မဟုတ်ဘူး။"

"မဟုတ်ဘူး၊ မင်း ကောင်းကင်ဘုံတိုင်းပြည်ကို အောင်နိုင်ရေးနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲနေတယ်၊ လီလို။" ရှားလော့ခ်က ခေါင်းခါရင်း ဆိုလိုက်သည်။ "မင်းသာ ကောင်းကင်ဘုံတိုင်းပြည်ကို အောင်နိုင်ချင်တယ် ဆိုရင် မင်း ဘာလိုအပ်မလဲ။ လူအင်အားနဲ့ ပစ္စည်းကိရိယာတွေပဲ။ အဲဒါတွေ အားလုံး မှော်ကျောက်တုံးတွေ လိုအပ်တယ်။ ပိုက်ဆံရှာတာက ကောင်းကင်ဘုံတိုင်းပြည်ကို အနိုင်တိုက်ဖို့ ငါတို့ရဲ့ ပထမဆုံး ခြေလှမ်းပဲ။"

"မင်း ပြောတာ အခုမှ အဓိပ္ပာယ်ရှိတော့တယ်။"

လီလိုသည် ခေါင်းညိတ်ကာ ခဏမျှ စဉ်းစားနေခဲ့သည်။

"မင်း စဉ်းစားဖို့ နောက်ထပ် ကိစ္စ တစ်ခု ငါ့မှာ ရှိသေးတယ်။" ရှားလော့ခ်က လေးနက်စွာ ဆိုလိုက်သည်။

"ငါ မကြာခင် မြေပေါ်လောက ဒန်ဂျင်ကို တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။ ငါ မြို့သား ၅,၀၀၀ကို မြေပေါ်လောက မြို့ကြီးတွေထဲ ဝင်ရောက်ပြီး အလုပ်လုပ်ဖို့ တာဝန်ပေးမယ်။ ထာဝရတိုင်းပြည်ကို ချဲ့ထွင်ရလိမ့်မယ်။ ကုန်သည်မဟာမိတ်အဖွဲ့ဆီက ဆုကြေးငွေနဲ့ ဝိညာဉ်လောကဆီက လျော်ကြေးငွေတွေနဲ့ အတူ၊ ငါက စည်းကမ်းချက်တွေကို ညှိနှိုင်းဖို့ အလုပ်များနေလိမ့်မယ်။ ဒါကြောင့် ငါ မြေပေါ်လောက ရေးရာတွေကို စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး။ ဒန်ဂျင်အမြုတေကလည်း မာနာအများအပြား လိုအပ်တယ်..."

"နေဦး၊ မင်း ပြောတာတွေကို ငါ နားလည်နိုင်တယ်။ မာနာထောက်ပံ့မှုနဲ့ ပတ်သက်လို့ မင်းရဲ့ မာနာကန်က မလုံလောက်ဘူးလား။ သာမန် အဆင့်အမြင့်ဆုံး နတ်ဆိုးတစ်ယောက်တောင် မြို့သား ၁၀၀,၀၀၀ ရှိတဲ့ ဒန်ဂျင် တစ်ခုကို မာနာ ထောက်ပံ့ပေးနိုင်တာပဲ။" လီလိုက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

"မဟုတ်ဘူး၊ အခြေအနေက မတူဘူး။ မာနာထောက်ပံ့ရမယ့် အဓိကနေရာက ဒန်ဂျင် မဟုတ်ဘူး။ အချိန်တန်ရင် မင်း သိလာလိမ့်မယ်။" ရှားလော့ခ်က မရှင်းမလင်း ဆိုလိုက်သည်။ လီလိုက ဆက်မေးခြင်း မပြုတော့ချေ။

မြေပေါ်လောကခံတပ် တည်ဆောက်ရေး အတွက် ရှားလော့ခ်သည် လီလိုနှင့် အချိန်ယူ ဆွေးနွေးရန် ရည်ရွယ်ထားသည်။ အချိန်တိုအတွင်း အသေးစိတ် အချက်အလက်များကို နားလည်ရန် မလွယ်ကူခဲ့ချေ။

ရှားလော့ခ်သည် ညီလာခံ ခန်းမဆောင်သို့ ပြန်သွားပြီး ဆုကြေးနှင့် လျော်ကြေး ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး ရမည် ဖြစ်သည်။

...

ပန်းပဲဆရာ ဆင်းဘသည် မကြာသေးမီက အလွန် အလုပ်များနေခဲ့သည်။

ဖိုကြီး စတင်လည်ပတ်သည်နှင့် သူသည် မရေမတွက်နိုင်သော တပည့်များကို သင်ကြားပေးခဲ့သည်။ သို့သော် ထိုအစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများက ပစ္စည်းကိရိယာများ ပြင်ဆင်ရန် အတွက် သူ့ထံသို့သာ ချဉ်းကပ်လိုကြသည်။

ထို့အပြင် ဆင်းဘ တစ်ဦးတည်းသာ ပစ္စည်းကိရိယာများကို တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ခဲ့သည်။

"တန်—။"

ဆင်းဘသည် ပြင်းထန်စွာ ထုနှက်ချလိုက်သည်။ သူသည် ပြင်ဆင်ပြီးသော ပစ္စည်းကို ကြည့်ကာ ရှေ့မှ ဂနိုမ်းထံသို့ ပစ်ပေးလိုက်သည်။ သူသည် အပြင်ဘက်မှ ရှည်လျားသော တန်းစီနေသူများကို အော်ပြောလိုက်သည်။ "ငါ့ နားချိန်ရောက်ပြီ။ မနက်ဖြန်မှ ပြန်လာကြတော့။"

"အာ။ မနက် တစ်နာရီပဲ ရှိသေးတာကို။"

"ဒီနေ့ ဒီလောက် အစောကြီး ပိတ်တော့ မလို့လား။"

"ငါက နေ့စဉ်မစ်ရှင်ကို အခုမှ စလုပ်တုန်း ရှိသေးတာ။ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့။"

ဂိမ်းမာများက မကျေမနပ် ပြောဆိုကြသော်လည်း အတွေ့အကြုံရင့်ကျက်သော ဆင်းဘမှာ မတုန်လှုပ်ခဲ့ချေ။ သူသည် ကျေနပ်မှုဖြင့် ပြုံးလုနီးပါး ဖြစ်သွားသည်။

ဆင်းဘသည် သူ၏ အိမ်သို့ ပြန်လာခဲ့ပြီး သူ၏ ဝမ်းကွဲ မုဖာဆာနှင့် စွမ်းရည်သင်တန်းဆရာ မိုရိုးစ်တို့သည် သွေးဂန္ဓမာ လက်ဖက်ရည် ယူဆောင်လာခဲ့ကြသည်။

၎င်းသည် သူတို့ ဆင်းဘထံ လာရောက်လည်ပတ်ခြင်း ပထမဆုံး အကြိမ် မဟုတ်ခဲ့ပေ။ သူတို့သည် ထိုင်ရန် နေရာကို လျင်မြန်စွာ ရှာတွေ့ခဲ့ကြသည်။ ဆင်းဘသည် သတ္တုချောင်းများကို မီးညှိကာ ဝေပေးလိုက်သည်။

"ဇိ၊ ဇိ၊ ဇိ..."

မိုရိုးစ်သည် သူ၏ သတ္တုချောင်းကို ရှိုက်ဖွာလိုက်ရာ အစိမ်းရောင်မီးခိုးများ တက်လာခဲ့သည်။

"မနေ့က အစည်းအဝေးမှာ ကြားလိုက်သေးလား။ ဒန်ဂျင်က လူထပ်ခေါ်နေပြန်ပြီတဲ့။ ဒီတစ်ခါ သတ္တဝါ ၅,၀၀၀ အထိ တိုးခေါ်မှာတဲ့ ။"

"ကြောက်စရာပဲ။ အရှင်ရှားလော့ခ်က အကောင် ၁၀၀ ကနေစပြီး ဒီလောက် အချိန်တိုအတွင်းမှာ သတ္တဝါ ၅,၀၀၀ အထိ တိုးလာအောင် ဘယ်လို လုပ်လိုက်ပါလိမ့်။"

မုဖာဆာသည် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"သူ့ဘာသာသူ ခေါ်ပါစေ။ ငါတို့ ကတော့ ကိုယ့်အလုပ်ကိုယ် သေသေချာချာ လုပ်ကြတာပေါ့။"

ဆင်းဘသည် သူ၏ သတ္တုချောင်းကို ရှိုက်ဖွာရင်း နက်ဖြန်အလုပ် အတွက် သူ၏ လက်ထဲမှ ကိရိယာများကို ပြင်ဆင်နေခဲ့သည်။

"ဟုတ်သားပဲ၊ သားရဲကောင် ဘယ်လို နေသေးလဲ။" မိုရိုးစ်က တိုးညင်းစွာ မေးလိုက်သည်။

"အရင်အတိုင်းပါပဲ။ ဒါပေမဲ့ သူ့ ယောက်က္ခမကတော့ အန်ဒရူးရဲ့ လျှို့ဝှက် ကြံစည်မှုကို သိသွားလို့ သူ့ကို နှင်ထုတ်လိုက်တယ်လို့ ကြားတယ်။" ဆင်းဘက တိုးတိုးလေး ပြောလိုက်သည်။

"အာ။ ဒီလိုဆိုရင် ဒန်ဂျင်အရှင် ကြက်သွန်ခေါင်းက သားရဲကောင်ကို ကာကွယ်ပေးနေခဲ့တာပေါ့။" မုဖာဆာကလည်း တိုးတိုးလေး ပြောလိုက်သည်။

"ဘယ်သူသိနိုင်မှာလဲ။ ဖိုးဉာဏ်ကျယ် ပြောတာတော့ ဆာမေးလ်လို အစွမ်းထက်တဲ့ သတ္တဝါက ကြက်သွန်ခေါင်းကို အလွယ်တကူ ခြိမ်းခြောက်နိုင်တယ်တဲ့ ။"

ဆင်းဘသည် မီးခိုးကို မှုတ်ထုတ်လိုက်ပြီး "ဘာပဲ ဖြစ်ဖြစ်၊ ငါတို့နဲ့ မဆိုင်ပါဘူးလေ။"ဟု ဆိုလိုက်သည်။

"အိုက်ယား၊ မကြာသေးခင်က အဖြစ်အပျက်တွေက ကြောက်စရာကြီးပဲ။" မိုရိုးစ်က ခေါင်းခါလိုက်သည်။ "ငါ့ မိန်းမက ငါ့ကို ဟိုသူရဲကောင်းတွေရဲ့ သင်တန်းဆရာလားလို့ မေးတော့ ငါ ရှက်တောင် ရှက်မိတယ်။"

"ဘာရယ်။ ငါ့ အမေလည်း ငါ့ကို အဲဒီမေးခွန်းပဲ မေးတယ်..." မုဖာဆာက အံ့ဩသွားသည်။

ဆင်းဘသည် ဘာမှမပြောဘဲ ခေါင်းလှည့်ကာ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်။

အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများသည် အုတ်ခဲများ သယ်ယူရာတွင် အလုပ်များ နေကြသည်။ သူတို့သည် အဖွဲ့ဝင်အသစ်များ ရောက်ရှိလာရန် အတွက် မြေနေရာအသစ်များကို တူးဖော် နေကြသည်။

ပုံမှန်ရုပ်သွင် ရှိသော်လည်း ရူးသွပ်နေသော ဤအစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများက ဆောင်းတောင်ကုန်းမြို့ကို သုံးကြိမ်တိုင်တိုင် ကယ်တင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

All Chapters