← Chapters

တိုက်ခိုက်ခြင်း

Vol. 149 Ch. 2123

တိုက်ခိုက်ခြင်း

Vol. 149 Ch. 2123

"ဝိုး..."

မြင့်မားသော ရှုထောင့်မှ ခမ်းနားထည်ဝါသော မြို့ကို လှမ်းကြည့်ရင်း ဖန်းချွင့်က တအံ့တသြ အမူအရာကို ဖော်ပြလာခဲ့သည်။ ဤသည်က အပြင်လောကပေလား။ ထိုအချိန်၌ သူ့မျက်လုံးများက တောက်ပနေခဲ့သည်။ အပြင်ဘက်လောကက အတော်လေး ခမ်းနားထည်ဝါပေသည်။ သူ့အဖေနှင့် သူ့အရှေ့ မျိုးဆက်တိုင်းမှ လူများ အပြင်ဘက်သို့ ထွက်ချင်ကြခြင်းမှာ အံ့သြစရာမရှိပေ။

"အရမ်းကြီးတာပဲ။" ရှောင်လင်းသည်လည်း တလက်လက် တောက်ပနေသော အကြည့်များဖြင့် ရေရွတ်လိုက်သည်။

ရွာအတွင်း၌ ကြီးပြင်းလာပြီး ရွာထဲတွင်သာ တစ်သက်လုံး နေထိုင်ခဲ့ရသည့် သူတို့အတွက် အပြင်ကို ထွက်၍ အပြင်လောကသို့ မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ အတိတ်တွင် သူတို့သည် အပြင်လောကအား အဝေးကြီးမှာဟုပင် သိရှိထားခဲ့ရသည်။

"လူတွေ အများကြီးပဲ။ ကောင်းပင်မှာ ပျံနေတဲ့ လူတွေနဲ့ ပြည့်နေတာ။" ထျယ်ထိုက ကောင်းကင်၌ ပျံသန်းနေသူများကို ကြည့်ကာ ပြောလိုက်သည်။

သော်ယွီသည်သာ အရာအားလုံးကို လိုက်ကြည့်နေရင်း တိတ်ဆိတ်စွာ ကျန်ရစ်သူ ဖြစ်လေသည်။ သူက ယခင်ကထက်ပို၍ ပျော်ရွှင်ပုံတတ်လာသော်လည်း အပြည့်အဝ ပြောင်းလဲခြင်း မရှိပေ။ သူက ဘာသိဘာသာနေတတ်သူ ဖြစ်နေဆဲဖြစ်ရာ စကားအများကြီး ပြောရခြင်းအား မနှစ်သက်ချေ။

သို့သော် သူ့မျက်လုံးများ၌ မျှော်လင့်ချက်တို့ဖြင့် တလက်လက်ထနေပေသည်။ ရွာက အလွန် သေးငယ်သော်လည်း အပြင်ဘက်လောက၌ လူများစွာ ရှိသည်ဟု သူက တွေးလိုက်သည်။

ရီဖူရှင်းက ဆယ်ကျော်သက်လေး လေးယောက်ကို ကြည့်ရင်း အနည်းငယ် ခံစားမိသွားသည်။ ဤဆယ်ကျော်သက်လေးများက ယခုမှသာ လောကအတွင်း စတင်ခြေချဖူးခြင်း ဖြစ်သည်။ ယခင်က သူတို့သည် သူတို့၏ရွာကိုသာ တစ်ကမ္ဘာတွေးထင်ထားခဲ့ခြင်း ဖြစ်ပေသည်။ ယခု အရာအားလုံးက ပြောင်းလဲသွားပြီ ဖြစ်သည်။ သို့သော် သူတို့သည် ဆယ်ကျော်သက်အရွယ်၏ ရိုးသားဖြူစင်မှုများကို ထာဝရဆုပ်ကိုင်ထားလိမ့်မည်လား ပြောရခက်ပေသည်။

မျက်မမြင်ထျယ်နှင့် အခြားလူများ ရွာမှ ထွက်ခွာသွားစဥ်အခါက သူတို့သည်လည်း တူညီသော ခံစားချက်မျိုး ခံစားကြရပေသည်။ သို့သော် ရက်စက်သော လောကကြီးက နောက်ဆုံး၌ အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပေသည်။

"လာ.. အပြင်သွားပြီး လေ့လာကြရအောင်။" ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူတို့က ကောင်းကင်သို့ တက်ကာ သူတို့၏ ရည်ရွယ်ရာသို့ ဦးတည်လ်ုက်ကြသည်။

သိပ်မကြာခင်မှာပင် သူတို့က လေးမျက်နှာမြို့သို့ ရောက်ရှိလာခဲ့သည်။

လေးမျက်နှာမြို့၏ လမ်းများက ကျယ်ပြောသည်။ လမ်း၏ ဘေးနှစ်ဖက်၌ သွားလာနေသော လူများက မည်သည့်အခါမှ ရပ်တန့်ခြင်း မရှိပေ။ လွန်ခဲ့သည့်နှစ်က မရေတွက်နိုင်သော ကျင့်ကြံသူများသည် အဝေးမှနေ၍ ဤမြို့သို့ ပြောင်းရွှေ့ခဲ့ကြသည်။ လေးမျက်နှာကျေးရွာက အလွန် တိတ်ဆိတ်အေးချမ်းစွာ ကျန်ရှိနေပြီး သူတို့က အလျင်စလို မလုပ်ခဲ့ပေ။ အစွမ်းထက်အင်အားစုတစ်ခုအတွက် သူတို့သည် ကြီးမားသော ပျက်စီးခြင်းကို ကြုံတွေ့မှုမရှိသရွေ့ ၎င်းက အနည်းဆုံး နှစ်ထောင်ပေါင်းဆယ်ချီ ကြာရှည်စွာ ရပ်တည်နိုင်ပေသည်။

ထိုသို့ ရှည်ကြာလှသော အချိန်ကာလမျိုးနှင့် အနီးဝန်းကျင်ဒေသများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ အသေအချာပင် ဖြစ်သည်။ ထို့အပြင် လေးမျက်နှာကျေးရွာကို အပြည့်အဝ ဖွင့်လှစ်လိုက်သည်နှင့် အပြင်ဘက်လောကမှ ကျင့်ကြံသူများကို ဆွဲဆောင်နိုင်မည်မှာ မလွဲဧကန် ဖြစ်ပေသည်။ သူတို့သည် အပြင်လောကသို့ ဝင်ရောက်ရန် ဆုံးဖြတ်ပြီးကတည်းက ကျော်ကြားခြင်း လမ်းကြောင်းသို့ ဦးတည်သွားမည်မှာ သေချာပေသည်။ ထို့နောက် အခွင့်အရေးများစွာ ပေါ်ပေါက်လာပေလိမ့်မည်။

ဖန်းချွင့်က အခြားလူငယ်လေးများကို ဦးဆောင်ကာ ထိုနေရာသို့ ပြေးသွားသည်။ လမ်းတလျှောက်ရှိ ဆိုင်များအတွင်း ခင်းကျင်းထားသည့် တောက်ပသော ပစ္စည်းများက သူတို့၏ အာရုံကို ဖမ်းစားထားနိုင်ပေသည်။ သူတို့သည် အချို့သော အဝတ်အစားများကို ယခင်က မြင်ပင် မမြင်ဖူးခဲ့ပေ။

မျက်မမြင်ထျယ်က ဆယ်ကျော်သက်လေးနောက်မှ တိတ်ဆိတ်စွာ လိုက်လာခဲ့ပြီး သူတို့ကို အန္တရာယ်မှ ကာကွယ်ပေးနေသည်။ ရီဖူရှင်းနှင့် အခြားလူများကလည်း သူတို့နောက်မှ အပြုံးနှင့် လိုက်လာကြပေသည်။

ရှားရှင်းယွန်က ပြောလိုက်သည်။ "လောကကြီးထဲမှာ အပူအပင်မရှိဘာမှ ဂရုစိုက်စရာမလိုတဲ့ လူငယ်ဘဝက အကောင်းဆုံးပဲ။"

သူမက ကလေးများကို အနည်းငယ် အားကျမိပေသည်။ ကလေးများက ဖြူစင်ရိုးသားလှ၏။ သူတို့သည် လောကကြီးအကြောင်း အနည်းငယ်သာ နားလည်သောကြောင့် ထိုမျှထိ ပျော်ရွှင်၍ စိတ်လက်ပေါ့ပါးနိုင်ပေသည်။

"ဆယ်ကျော်သက်တုန်းက ငါလည်း ဒီလိုပါပဲ။ ဒါပေမယ့် ငါ့ မွေးစားအဖေက အများကြီး သင်ပေးခဲ့တယ်။" ရီဖူရှင်းက ရယ်မောရင်း ပြောလိုက်သည်။ ချင်ကျိုးတွင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက အချိန်ကာလများစွာ ကြာမြင့်ပြီဟု ထင်မှတ်ရပေသည်။ ယခင်အချိန်က မှတ်ဉာဏ်များသည် တဖြေးဖြေး ဝေဝါးလာပြီး လွန်စွာကြာမြင့်လှနေပုံရလေသည်။

အချိန်ကာလက မှတ်ဉာဏ်များကို တိုက်စားစေသည်။

ရှားရှင်းယွန်က သူ့ကို ကြည့်လိုက်သည်။ ရီဖူရှင်းနှင့် မတူသည်မှာ သူမ ဆယ်ကျော်သက် အရွယ်က သူမသည် အင်ပါယာရှားဘုံ အရှင်သခင် အင်ပါယာရှား၏ ဂုဏ်ယူရသော သမီးတော်တစ်ပါး ဖြစ်သဖြင့် ကိစ္စရပ်များစွာ သိရှိပေသည်။ သူမက မျိုးဆက်တူများထက် အများကြီး ပို၍ ရင့်ကျက်ပေသည်။

သူတို့နှစ်ယောက်က လုံးဝ မတူကွဲပြားသော ပတ်ဝန်းကျင်၌ ကြီးပြင်းလာကာ ရီဖူရှင်း ကြီးပြင်းလာသည့် ပတ်ဝန်းကျင်က ပိုမို ပေါ့ပေါ့ပါးပါး ရှိပုံရလေသည်။

သို့သော် ထိုသို့ပေါ့ပေါ့ပါးပါး ဖြစ်မှုက သူနောက်ပိုင်း ကြုံတွေ့ရသမျှကို ပိုမို ခက်ခဲစေခဲ့သည်။

"ကျွန်မလည်း ရှင့် မွေးစားအဖေနဲ့ တွေ့ချင်တယ်။" ရှားရှင်းယွန်က ရေရွတ်လိုက်သည်။

"ဘာလို့လဲ။" ရီဖူရှင်းက ရယ်မောရင်း မေးလိုက်သည်။

"ဘယ်လိုလူမျိုးက ရှင့်လို လူမျိုးကို ဖန်တီးထားလဲ မြင်ချင်မိရုံပါ။" ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်လိုက်သည်။

"တကယ်တော့ ငါလည်း သူက ဘယ်လိုလူမျိုးလဲ သိချင်နေတာ။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ သူသည်လည်း သူ့မွေးစားအဖေကို နားမလည်ပေ။

"ဟေး.. မင်းတို့တွေ နည်းနည်း ဖြေးဖြေးသွားကြ။" ရီဖူရှင်းက သူတို့ရှေ့မှ ကလေးများကို လှမ်းအော်လိုက်သည်။ ထို့နောက် သူက အရှိန်မြှင့်ကာ အရှေ့မှ ကလေး လေးယောက်ကို အမီလိုက်သွားသည်။ ဆယ်ကျော်သက်လေးများက စိတ်လှုပ်ရှားနေပြီး သူတို့ ခြေလှမ်းများက လေကဲ့သို့ လျင်မြန်နေသည်။

နာရီအနည်းငယ်ကြာပြီးသည်ထိ သူတို့်က နေရာအနှံ့ လျှောက်ပြေးနေဆဲပင် ဖြစ်သည်။ သူတို့ထဲမှ သုံးယောက်က အဝတ်အစားအသစ်နှင့် ဖြစ်သွားပြီ ဖြစ်သည်။ ရှောင်လင်း၊ ထျယ်ထိုနှင့် သော်ယွီတို့၏ ယခင် အဝတ်အစားများက အတော်လေး ရိုးရှင်းလှသည်။ ယခုတွင် သူတို့က လုံးဝကို အခြားတစ်စုံတစ်ယောက်ကဲ့သို့ ဖြစ်သွားပေသည်။ သူတို့၏ ခန္ဓာကိုယ်များမှ ငယ်ရွယ်မှု အငွေ့အသက်များ လျှံထွက်နေပြီး ပိုမိုအသက်ဝင်လာပုံပေါက်လေသည်။

"အစ်ကိုဖန်းချွင့် ဒီမြို့က ဘယ်လောက်တောင် ကြီးတာလဲ။ ဘယ်လောက် လျှောက်သွားသွား ဘယ်လိုလုပ် သွားလို့ မဆုံးနိုင်ရတာလဲ။" ရှောင်လင်းက သူမဘေး၌ ရပ်နေသော ဖန်းချွင့်ကို မေးလိုက်သည်။

"ဟမ့်... ဒါက ဘာမှမဟုတ်သေးဘူး။ ငါတို့ရဲ့ အရှိန်နဲ့ဆို ငါတို့ တစ်နှစ်အတွင်းကို တစ်မြို့လုံး လျှောက်သွားလို့ ဆုံးမှာတောင် မဟုတ်ဘူး။" ဖန်းချွင့်က ပြန်ဖြေလိုက်သည်။ ရှောင်လင်းက သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ထိုမျှ ကြီးမားသည်လား။

"ရပ်စမ်း"

ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာသည်။ မျက်မမြင်ထျယ်က မြေပြင်ထက် ခြေဆောင့်နင်းလိုက်ကာ သဏ္ဌာန်မဲ့လှိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး မြေပြင်အား အနည်းငယ် တုန်ယင်သွားစေသည်။ ထိုနေရာတဝိုက်မှ လမ်းလျှောက်နေသူများ၏ လှုပ်ရှားမှုက ရပ်တန့်သွားသည်။ ဘေးဘက်ရှိ အိမ်များသည်လည်း တုန်ခါသွားပေသည်။

ဒုတ်... ဒုတ်...

နှလုံးခုန်နှုန်းများက ပို၍ မြန်ဆန်လာကာ အကြည့်များက ထိုနေရာ၌ ဆက်ရပ်နေသော မျက်မမြင်ထျယ်ထံ ရွှေ့ပြောင်း ရောက်ရှိလာပေသည်။ လူတိုင်းသည် မွန်းကြပ်ဖွယ်ဖိအားကို ခံစားမိပေသည်။

ဖန်းချွင့်နှင့် အခြားဆယ်ကျော်သက် သုံးယောက်သည်လည်း လှုပ်ရှားမှုကို ရပ်တန့်ကာ မျက်မမြင်ထျယ်အား ကြည့်လိုက်ကြသည်။

"ဖန်းချွင့် ပြန်လာခဲ့။" ရီဖူရှင်းက အော်ဟစ်လိုက်သည်။ ဖန်းချွင့်နှင့် အခြားလူများက ပြန်လှည့်ကာ လျှောက်လာကြသည်။ အဝေးမှ ကြောက်မက်ဖွယ် အရှိန်အဝါနှင့် လူများစွာ ရောက်ရှိလာပြီး သူတို့နေရာသို့ ဦးတည်လာနေသည်။ ထိုအခိုက်အတန့်၌ အနီးဝန်းကျင်မှ လူများသည် အာရုံပြန်ရလာကာ မည်သည်တို့ ဖြစ်နေသည်ကို ချက်ချင်း နားလည်သွားသည်။ သူတို့က လျင်မြန်စွာ လူစုခွဲကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။ သူတို့သည် အစွမ်းထက်ပုဂ္ဂိုလ်များကြား၌ တိုက်ပွဲတစ်ခု ဖြစ်ပွားတော့မည်ကို သတိပြုမိလိုက်သည်။

ဘန်း... ဘန်း... ဘန်း....

အဆောက်အဦများက စတင်ပြိုလဲလာပြီး မြေပြင်ပေါ်မှ ကျောက်တုံးများကလည်း စတင်အက်ကွဲလာသည်။ အစွမ်းထက်သော လေမုန်တိုင်းတစ်ခုက သူတို့ထံ တိုက်ခတ်လာပေသည်။

မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ ကြောက်မက်ဖွယ် တုန်ခါသံတစ်ခုက လေထဲတွင် ထွက်ပေါ်လာပြီး ချက်ချင်းပင် သူတို့အနီးရှိ လေဟာနယ်နှင့် ထိုအတွင်းရှိ အရာအားလုံးက တုန်ခါလာပေသည်။ မြေပြင်ပေါ်တွင် အက်ကွဲမြောင်းများ ဖြစ်ပေါ်လာပြီး လေမုန်တိုင်းက ရှေ့ဆက်တိုးမလာနိုင်တော့ပေ။ ၎င်းသည် ရီဖူရှင်းတို့အဖွဲ့ရှိနေသည့် လေဟာနယ်အပြင်ဘက်၌ ရပ်တန့်သွားခဲ့သည်။

အဝေးမှ အစွမ်းထက်ရန်ဟောင်များစွာ ရောက်ရှိလာပြီး ရီဖူရှင်းတို့အဖွဲ့အား ကြည့်လိုက်သည်။

၎င်းသည် လေးမျက်နှာမြို့ကို တည်ထောင်ပြီးကတည်းက အကြီးမား အပြင်းထန်ဆုံး ပဋိပက္ခဖြစ်ပေလိမ့်မည်။ ထိုပုဂ္ဂိုလ်က ကြီးမားလှသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

လေးမျက်နှာကျေးရွာမှ လာသော သူများ ဖြစ်နိုင်သလား။

သူတို့က ရီဖူရှင်း၊ မျက်မမြင်ထျယ်နှင့် ဆယ်ကျော်သက်လေးများအား မြင်သောအခါ မည်သည့်နေရာမှ လာကြောင်း ခန့်မှန်းနေကြသည်။ သူတို့က လေးမျက်နှာကျေးရွာမှ လာခြင်း ဖြစ်နိုင်သည်။ သို့သော် အစပြုတိုက်ခိုက်လာသူက မည်သူဖြစ်လိမ့်မည်နည်း။

ယခင်က အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးသုံးယောက် ရွာသို့ ရောက်ရှိလာခဲ့သည်။ ထိုသူတို့က လေးမျက်နှာကျေးရွာ၏ တည်ရှိမှုအား အသိအမှတ်ပြုခဲ့ပြီး အခြားလူများကို လေးမျက်နှာကျေးရွာမှ ထွက်ခွာသွားရန် အမိန့်ပေးခဲ့သည်။ ယခု အစွမ်းထက် တန်ခိုးရှင်များစွာ ရောက်လာပြန်ပြီ ဖြစ်သည်။ ထိုသည်မှာ သူတို့က အပြီးတိုင် လက်မလျှော့သေးဟု ဆိုလိုသည်လား။

ဘန်း...

မျက်မမြင်ထျယ်က ရှေ့သို့ ခြေလှမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်က မြင့်မားကာ ထွားကြိုင်းသည်။ သူက လက်ကိုဆန့်ထုတ်ကာ လက်ဝါးဖြန့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် နတ်ဘုရားတူက သူ့လက်ထဲ၌ ပေါ်ပေါက်လာ၏။ တစ်ချိန်တည်းမှာပင် ခမ်းနားထည်ဝါသည့် ခပ်ဝါးဝါးသဏ္ဌာန်တစ်ခုက သူ့နောက်တွင် ပေါ်ပေါက်လာသည်။ ၎င်းမှာ နတ်ဘုရားတစ်ပါးနှင့် အလားသဏ္ဌာန်တူပေသည်။

မျက်မမြင်ထျယ်က လက်ကို ရှေ့သို့ လွှဲယမ်းလိုက်သည်။ သူ လွှဲလိုက်သည့်ဘက်၌ ကောင်းကင်နှင့် မြေကြီးက အက်ကွဲတုန်ခါလာပေသည်။ ထိုနေရာဘက်မှ မိုင်တစ်ရာအတွင်း အရာအားလုံး ရှင်းလင်းခံလိုက်ရကာ ပြာမှုန်များသာ ကျန်ရစ်ခဲ့ပေသည်။ တိုက်ခိုက်မှုကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာပေသည်။ အစစ်အမှန် တိုက်ခိုက်မှုက ထိုအစွမ်းထက် ကျင့်ကြံသူများထဲမှ တစ်ယောက်ထံ တိုက်ရိုက် ဝင်ရောက်သွားပေသည်။

၎င်းက စီနီယာ တစ်ယောက်ဖြစ်သည်။ သူ၏ အမူအရာက အပြည့်အဝ ပြောင်းလဲသွားခဲ့၏။ သူ၏ ကျင့်ကြံဆင့်က ကောင်းကင်ထိတိုင် မြင့်မားနေပြီး ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူက စွမ်းအားမဲ့ကာ သေးနုပ်နေသလို အမှန်တကယ် ခံစားနေရပေသည်။ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြုကာ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ သို့သော်လည်း ထိုအခိုက်၌ မုန်တိုင်းက ချက်ချင်း ဖိနှိပ်ခံလိုက်ရပေသည်။

ဘုန်း...

နတ်ဘုရားတူက အောက်သို့ ကျဆင်းလာပြီး နာကျင်စွာ အော်ဟစ်လိုက်သံက လိုက်ပါလာကာ ထိုစီနီယာက ပျောက်ကွယ်သွား၍ ပြာမှုန်များသာ ကျန်ရစ်တော့ပေသည်။

***

All Chapters