← Chapters

လောကအပြင်ဘက်သို့

Vol. 150 Ch. 2127

လောကအပြင်ဘက်သို့

Vol. 150 Ch. 2127

ထိုပုဂ္ဂိုလ်နှစ်ဦး ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရင်း အဘိုးမာက ကျယ်လောင်စွာ ပြောလိုက်သည်။ "ဒီနေ့ကစပြီး ရှေးဟောင်းတော်ဝင် ယန်မိသားစုနဲ့ လင်းရှောင်နန်းတော်ကို လေးမျက်နှာကုန်းမြေဆီ ခြေချတာကနေ တင်းကျပ်စွာ တားမြစ်တယ်။ ဘယ်လိုအကြမ်းဖက်သူမဆို မြင်တာနဲ့ အသတ်ခံရမယ်။ နောက်တစ်ခါဆို ကျုပ်တို့ရွာက တန်ခိုးရှင်တွေကို အလည်လာဖို့အတွက် ခေါ်လာခဲ့မယ်။"

သူ့အသံကို မိုင်ထောင်ချီထိ ကြားနိုင်ပေသည်။ မည်သူကမှ သူတို့နောက် မလိုက်လာသော်လည်း ထိုနှစ်ယောက်က သူ့စကားကို ကြားမည်မှာ သေချာပေသည်။ ဤသည်မှာ သူတို့အတွက် အသိပေးချက်ဖြစ်ပြီး ယနေ့အခြေအနေကဲ့သို့ နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့လျှင် သူတို့က ရှေးဟောင်းတော်ဝင် ယန်မိသားစုနှင့် လင်းရှောင်နန်းတော်သို့ သွားရောက်လည်ပတ်ရမည် ဖြစ်သည်။ ထို့နောက်တွင် တိုက်ပွဲမြေပြင်က လေးမျက်နှာကျေးရွာ၌သာ ကန့်သတ်ထားလိမ့်တော့မည် မဟုတ်ပေ။

လေးမျက်နှာမြို့မှ လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ထိုလူများက ရိုးရှင်းသော အဝတ်များကို ဝတ်ဆင်ထားသော်လည်း ထူးခြားလှသော ခွန်အားကို ပြသခဲ့သည်။ ဤတိုက်ပွဲသည် လေးမျက်နှာကျေးရွာ၏ ခွန်အားကို သက်သေပြရန် လုံလောက်ပေသည်။

ထို့အပြင် လေးမျက်နှာကျေးရွာ၏ ကြီးမြတ်သော တန်ခိုးရှင်သည် ဤတစ်ကြိမ်၌ လက်တစ်ချောင်းပင် မလှုပ်ရှားခဲ့ပေ။

လေးမျက်နှာကျေးရွာမှ ဆရာသခင်သည် လေးမျက်နှာကျေးရွာအတွင်းရှိ ကြီးမြတ်သော တန်ခိုးရှင်တစ်ဥိး ဖြစ်သော်လည်း အပြင်လောကရှိ မည်သူကမှ သူ့ကို မမြင်ဖူးကြပေ။ သူက မည်သည့်နေရာမှ ရောက်လာခဲ့ပြီး ထိုနေရာ၌ မည်သို့ နေဖြစ်သွားသည်ကို မည်သူမှ မသိကြချေ။ အမှန်တွင် ရှန်ချင်းနယ်မြေတစ်ခွင်လုံး၌ သူ့ကို မြင်ဖူးသူ အများကြီး မရှိပေ။

နန်ဟိုင်မိသားစု၏ ခေါင်းဆောင် နန်ဟိုင်ဝူကျီးသည် ဆရာသခင်နှင့် တွေ့ဆုံရန် မေးမြန်းခဲ့သော်လည်း သူသည် ဆရာသခင်နှင့် တွေ့ရန် မထိုက်တန်သောကြောင့် အဘိုးမာ၏ ငြင်းဆိုခြင်းကို ခံခဲ့ရပေသည်။

"ဒီနေ့ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့လူတွေ မြို့ထဲကို ဝင်သွားတဲ့ သူတွေကိုပဲ လိုက်ရှာအပြစ်ပေးမှာဖြစ်ပြီးတော့ သူတို့နောက်က အင်အားစုတွေကို မထိဘူး။ ဒါပေမယ့် ဒီလိုမျိုး နောက်တစ်ခါ ထပ်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူပဲဖြစ်နေပါစေ လေးမျက်နှာကျေးရွာက ပြဿနာကို ရေဆုံးမြေဆုံးထိ လိုက်မှာလို့ သတိပေးလိုက်မယ်။" အဘိုးမာက အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကျန်းမိသားစုက ဖမ်းဆီးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသည်။ သို့သော် ဤတစ်ကြိမ်၌ သူသည် ပါဝင်ပတ်သတ်သူများ၏ နောက်ကွယ်မှ အင်အားစုများကို စုံစမ်းစစ်ဆေးရန် အစီအစဥ် မရှိပေ။

ယနေ့တွင် လေးမျက်နှာကျေးရွာသည် သူတို့ကို စမ်းသပ်လာသူများအား အသုံးပြု၍ သူတို့၏ ခွန်အားကို ထုတ်ဖော်ပြသခဲ့သည်။ သူတို့က တုန်းဟွာနယ်မြေအတွင်းမှ အဓိကအင်အားစုနှစ်ခုကို ရှေ့ပြေးအဖြစ် အသုံးပြုခဲ့သည်။

လေးမျက်နှာကျေးရွာ၏ ပထမဆုံးတိုက်ပွဲက ရည်ရွယ်ချက် ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။ အဘိုးမာသည် သူတို့က ထိုကိစ္စကို ဆက်လိုက်နေလျှင် လူပေါင်းများစွာ ပါဝင်ပတ်သတ်လာနိုင်ကြောင်း နားလည်ပေသည်။ သို့သော် ဤတိုက်ပွဲက ထိုသူတို့အား သတိပေးခဲ့ခြင်း ဖြစ်သည်။

ဤနေရာသို့ ကျူးကျော်လာရောက်ကြသော သူများအနေနှင့် သူသည် မည်သည့် ယဥ်ကျေးပျူငှာမှုမှ ပြသနေမည် မဟုတ်ပေ။ သူတို့၏ အသက်များ ဆုံးရှုံးရခြင်းက အခြားသူများကို သတိပေးရန် အကောင်းဆုံး ဥပမာဖြစ်ပေလိမ့်မည်။

ကျန်းမိသားစုသည် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားပြီး လေးမျက်နှာမြို့အတွင်း ဖြန့်ကျက်ကာ ဆန့်ကျင်သူအများအပြားကို ဖမ်းဆီးနိုင်ခဲ့ပေသည်။

အဘိုးမာနှင့် အခြားလူများက လေးမျက်နှာမြို့ထဲသို့ ဆင်းသက်လိုက်၏။ ယခု ဤနေရာက ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။ အပျက်အစီးများက နေရာအနှံ့တွင် ရှိနေသည်။ တည်ဆောက်ရန် ကြိုးစားခဲ့သမျှ အားလုံးက အချည်းနှီးဖြစ်သွားရလေသည်။

သို့သော် ဤတိုက်ပွဲ၏ အရေးပါမှုက မြို့တစ်မြို့ ဖျက်ဆီးခံရခြင်းနှင့် တိုင်းတာနိုင်လောက်အောင် မရိုးရှင်းပေ။

ကျင့်ကြံသူများသည် မြို့များကို လျင်မြန်စွာ တည်ထောင်နိုင်စွမ်းရှိသည်။ လုံလောက်သော လူအင်အားသာရှိလျှင် မြို့အသေးလေးတစ်ခုက တစ်ရက်တည်းနှင့် ပေါ်ပေါက်လာနိုင်ပေသည်။

ဖန်းကိုင့်သည် ယခု ဖန်းချွင့်နှင့် အခြားကလေးများကို လေဟာနယ်အတွင်းမှ ထွက်ခွာခွင့်ပေးလိုက်ပြီ ဖြစ်သည်။ သူတို့်အားလုံးက ယခု ဖြစ်ပွားခဲ့သော တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရပြီး လူငယ်လေးများက ကျင့်ကြံခြင်းနားလည်မှုများက လက်တွေ့ပိုင်းတွင် တိုးတက်လာပေသည်။

ဤသည်မှာ အစွမ်းထက် တန်ခိုးရှင်များကြားမှ တိုက်ပွဲမျိုးပေလား။ သူတို့က ငယ်ရွယ်နေဆဲဖြစ်သောကြောင့် ဖမ်းဆုပ်ရန် ကွာခြားချက်က အလွန်ကြီးမားနေပေသည်။

ထျယ်ထိုက အဘိုးမာနှင့် သူ့အဖေကို ကြည်ညိုလေးစားစွာ ကြည့်လိုက်သည်။ သူသည် အဘိုးမာနှင့် သူ့အဖေက ထိမျှ အားကောင်းသန်မာမည်ဟု ထင်မှတ်မထားခဲ့ပေ။

ဤတိုက်ပွဲသည် ငယ်ရွယ်သော လူငယ်လေးများ၏ နှလုံးသား၌ နက်ရှိုင်းသော ထင်မြင်ချက်များ ချန်ရစ်ထားရန် လုံလောက်ပေသည်။

"အဘိုး... အဘိုးနဲ့ အဘိုးမာမှာ ဘယ်သူက အတော်ဆုံးလဲ။" ဖန်းချွင့်က ဖန်းကိုင့်ကို မေးလိုက်သည်။

"မရိုင်းနဲ့။" ဖန်းကိုင့်က သူ့ခေါင်းထိပ်လေးအား ပုတ်လိုက်သည်။ သို့သော် ဖန်းချွင့်က ရီဖူရှင်းအား ကြည့်ကာ မေးလိုက်သည်။ "ဆရာ.. ဆရာက သူတို့နှစ်ယောက်လုံးကို အနိုင်တိုက်နိုင်လား ကျွန်တော့ကို ပြောပြ။"

"ဆရာက မင်းရဲ့ အဘိုးနဲ့ အဘိုးမာလောက်တော့ ဘယ်တော်ပါ့မလဲ။" ရီဖူရှင်းက အပြုံးနှင့် ပြောလိူက်သည်။

"မင်းရဲ့ ခွန်အားက ကျုပ်တို့လို အဘိုးကြီးတွေကို အမြင်ကျယ်သွားစေတယ်။ ဒီလိုကျင့်ကြံဆင့်မှာ ဒီလိုတိုက်ပွဲစွမ်းအားမျိုးက.... နောက်နှစ်နည်းနည်းကြာရင် ကျုပ်တို့ အဘိုးကြီးတွေက မင်းနောက်မှာ ကျန်နေခဲ့တော့မှာ။" ဖန်းကိုင့်က မှတ်ချက်ချလိုက်သည်။

"ကောင်းတယ်။ အနာဂတ်မှာ ရွာက မင်းတို့လို လူငယ်လေးတွေပေါ် မှီခိုရတော့မှာပဲ။" အဘိုးမာက ပြောလိုက်သည်။ ဆရာသခင်က ရွာကိုသာ အုပ်ထိန်းပေးနိုင်သည်။ အကယ်၍ လေးမျက်နှာကျေးရွာကို တိုးချဲ့ချင်လျှင် ဤလူငယ်လေးများနှင့် ရီဖူရှင်း၏ တိုးတက်မှုပေါ်၌သာ မှီခိုရပေလိမ့်မည်။

ယခု လေးမျက်နှာကျေးရွာသည် ဘိုးဘေးများ၏ မဟာလမ်းစဥ်နှင့် ကောင်းချီးပေးခံထားရသည်။ ၎င်းက ကျင့်ကြံခြင်းအတွက် ပြိုင်ဘက်ကင်း ပတ်ဝန်းကျင်တစ်ခု ဖြစ်သောကြောင့် သူတို့၏ စွမ်းရည်များ မတိုးတက်ရန်မှာ ခက်ခဲလိမ့်မည်။

"ဆရာ.. ကျွန်တော်တို့ကို မခြွင်းမချန်နဲ့ အရာအားလုံးကို သင်ပေးရမယ်နော်။" ဖန်းချွင့်က မျှော်လင့်ကြီးစွာ ပြောလိုက်သည်။

"ဒါပေါ့။" ရီဖူရှင်းက သူ့ကို အာမခံလိုက်သည်။

ဖန်းချွင့်က မှင်တက်သွားခဲ့သည်။ သူ့မျက်နှာက တောင့်တင်းသွားသည့်အခါ သူတို့အနီးမှ လူများက ရယ်မောလိုက်ကြသည်။

အဝေးမှ လူများက သူတို့ကို စောင့်ကြည့်နေခဲ့ကြသည်။ ကြည့်ရသည်မှာ ကြိုတင်ခန့်မှန်းထားသလိုပင် ရှန်ချင်းနယ်မြေအတွင်း၌ မည်သူမှ မတားဆီးနိုင်သော အဓိက အင်အားစုတစ်ခု ပေါ်ထွန်းလာခဲ့ပြီ ဖြစ်သည်။

သိပ်မကြာခင်မှာပင် ကျန်းမိသားစုခေါင်းဆောင် ကျန်းယဲ့က လူတစ်စုကို ခေါ်ဆောင်လာကာ ပြောလိုက်၏။ "ဆရာ ဒါက ရှာတွေ့လာတဲ့သူတွေပါ။ ခုခံတဲ့လူတွေကတော့ နေရာမှာတင် အသတ်ခံလိုက်ရပါတယ်။ ဒီလူတွေကိုတော့ ဖမ်းလာပါတယ်။ သူတို့ကို ဘယ်လိုလုပ်ချင်ပါသလဲ။"

"သတ်လိုက်။" ဖန်းကိုင့်က အေးစက်စွာ ပြောလိုက်သည်။

"ကောင်းပါပြီ။" ကျန်းယဲ့က ခေါင်းညိတ်ကာ သူ့လူများနှင့် ပြန်လှည့်ထွက်သွားသည်။ သူက လျင်မြန်စွာပင် ဖမ်းထားသည့်သူများကို အဆုံးသတ်လိုက်သည်။ ဖန်းကိုင့်နှင့် အခြားသူများက ထိုညစ်ပတ်သော ကိစ္စများကို ကိုင်တွယ်နေသည်အား စောင့်ကြည့်ရင်း တိတ်တဆိတ် မှတ်ချက်ချလိုက်ကြသည်။ သူသည် ကြောက်မက်ဖွယ် ကျင့်ကြံခြင်းနှင့် ရက်စက်သော အပြုအမူများ ရှိသည်။ သူက ပြတ်သားသော စိတ်ဓာတ် ရှိသည်။ ထိုအပြုအမူက ပြန်လှည့်ရန် လမ်းကြောင်းကို ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ သူက လေးမျက်နှာမြို့မှ ထွက်ခွာသွားလျှင် လူတိုင်း၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။

ကျန်းယဲ့က ပြန်လာပြီးနောက် ထိုနေရာ၌ ရပ်နေခဲ့သည်။ သူက မည်သည့်စကားမှ မဆိုသော်လည်း အဘိုးမာနှင့် သူတို့က နားလည်သဘောပေါက်စွာ အချင်းချင်း ကြည့်လိုက်ကြသည်။ ဖန်းကိုင့်က အစပြုကာ မေးလိုက်သည်။ "ဒီလေးမျက်နှာမြို့က လေးမျက်နှာကျေးရွာနားမှာ တည်ရှိပြီးတော့ နာမည်ကလည်း တူညီတယ်။ ငါတို့ရဲ့ ရည်ရွယ်ချက်လည်း တူညီလိမ့်မယ် ထင်တယ်။ မင်းနာမည်က ဘာလဲ။"

"ကျန်းယဲ့" တစ်ဖက်လူက ပြန်ဖြေလိုက်သည်။

"ကျန်းယဲ့ အခုကစပြီး မင်းက လေးမျက်နှာကျေးရွာကို တာဝန်ယူရမယ်။ လေးမျက်နှာမြို့ထဲမှာ ကိုယ်ပိုင်အင်အားစု ထောင်ဖို့ ခွင့်ပြုတယ်။ မင်းက လေးမျက်နှာကျေးရွာကို ကျင့်ကြံဖို့ ဝင်ရောက်နိုင်တယ်။ ပြီးတော့ မင်းအနေနဲ့ လေးမျက်နှာကျေးရွာမှာ ဝင်ရောက်ကျင့်ကြံဖို့ ထူးချွန်ထက်မြက်ပြီး သင့်တော်တဲ့ ပါရမီရှိသူတွေကို ကျုပ်တို့ အကဲဖြတ် ရွေးချယ်ဖို့အတွက် ပို့ပေးနိုင်တယ်။ ဒါပေမယ့် ဒီကိစ္စက အလျင်စလို လုပ်ဖို့မလိုပါဘူး။ မင်းက မြို့ကို ထိန်းချုပ်မှုအောက်ရောက်ဖို့ အရင် အာရုံစိုက်သင့်တယ်။"

"ကောင်းပါပြီ။" ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ သူက အောင်မြင်သွားကြောင်း သိရှိပေသည်။ ယခုချိန်မှစကာ သူသည် လေးမျက်နှာကျေးရွာအတွက် အလုပ်လုပ်ပြီး ကျေးရွာသို့ ကျင့်ကြံရန် ဝင်ရောက်နိုင်ပေသည်။

အစီအစဉ်က ကြိုတင်တွေးထားသလို ဖြစ်လာသည်။ လေးမျက်နှာကျေးရွာက ယခုမှ အပြင်လောကသို့ ဝင်ရောက်လာခြင်း ဖြစ်သည့်အတွက် ပိုမိုအားကောင်းလာစေရန် အင်အားချဲ့ထွင်ဖို့ရာ ဆုံးဖြတ်ရမည်ဖြစ်ပြီး အပြင်လောကမှ အစွမ်းထက်ကျင့်ကြံသူများကို ပူးပေါင်းလာစေရန် လိုအပ်ပေသည်။ ယခု ထိုအရေးကြီးသော ပြဿနာက သူ့အပေါ် ကျရောက်လာပြီ ဖြစ်သည်။

"အခုကစပြီး လေးမျက်နှာကျေးရွာရဲ့ ပြင်ပအဖွဲ့ဝင်တစ်ယောက် ဖြစ်လိမ့်မယ်။" အဘိုးမာက ထပ်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ။" ကျန်းယဲ့က သူ့ကျေးဇူးတင်မှုကို ဖော်ပြရန် အနည်းငယ် ဦးညွှတ်လိုက်သည်။ အဘိုးမာက လွှမ်းမိုးနိုင်စွမ်းရှိသော တစ်စုံတစ်ယောက် ဖြစ်ပေသည်။ ကျန်းယဲ့ကဲ့သို့ လူမျိုးသည်ပင် အဘိုးမာရှေ့၌ ဦးညွှတ်ရန် လိုပေသည်။

အဘိုးမာသည် ထိုအစီအစဉ်အား ကျန်းယဲ့ကို ကာကွယ်ရန် လုပ်ခဲ့ခြင်းဖြစ်သည်။ ကျန်းယဲ့က အများကြီး အနစ်နာခံ၍ လုပ်ဆောင်ပေးခဲ့ရာ သူက အေးစက်စွာ ချန်ထားခဲ့ရန် မဖြစ်နိုင်ပေ။ ထို့အပြင် လေးမျက်နှာကျေးရွာသည် ယခုချိန်၌ အသုံးဝင်သောလူများကို အမှန်တကယ် လိုအပ်နေပေသည်။

ပထမဦးဆုံး အပြင်ဘက် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ရန် သူတို့သည် ရွာထဲမှာသာနေ၍ အပြင်ဘက်၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို မသိသလိုမနေနိုင်ပေ။ အပြင်လောကနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ကောင်းကောင်း နားလည်ထားရပေမည်။

သူတို့သည် ရွာကို အပြင်လောကနှင့် အဆက်အသွယ် လုပ်ရန် ဆုံးဖြတ်လိုက်ကတည်းက ကိစ္စပေါင်းများစွာ လုပ်ဆောင်ရန် လိုပေသည်။

ရွာအတွင်းတွင် ဆရာသခင်အပြင် အဘိုးမာနှင့် အခြား ဦးဆောင်သူ ခြောက်ယောက်က လေးမျက်နှာကျေးရွာ၏ အကြီးအကဲများအဖြစ် ဆောင်ရွက်နေသည်။ ယခု ရွာခေါင်းဆောင် မရှိသေးသည့်အတွက် အဘိုးမာက စီနီယာအကြီးအကဲတစ်ယောက်ကဲ့သို့ ဆောင်ရွက်နေရသည်။ ဆရာသခင်သည် ရွာခေါင်းဆောင်နေရာအတွက် အသင့်တော်ဆုံးဖြစ်သော်လည်း သူက ငြင်းပယ်လိုက်ရာ ထိုနေရာက လစ်လပ်နေလေသည်။ ဖန်းကိုင့်နှင့် အခြားသူများက အဘိုးမာကို ရွာခေါင်းဆောင်ဖြစ်စေလိုသော်လည်း အဘိုးမာက သဘောမတူခဲ့ပေ။

ယခု ကျန်းယဲ့က ရွာ၏ ပြင်ပအဖွဲ့ဝင်တစ်ယောက် ဖြစ်လာရာ အပြင်ဘက်လောကနှင့် သက်ဆိုင်သမျှ အရာအားလုံးကို သူ ကိုင်တွယ် ဖြေရှင်းလိမ့်မည်ဟု ဆိုလိုပေသည်။ အနာဂတ်တွင် သူတို့က ပြင်ပအဖွဲ့ဝင်များအဖြစ် ကျန်းယဲ့ကဲ့သို့ တန်ခိုးရှင်များအား စုစည်းရန် လိုအပ်ပေလိမ့်မည်။

သို့သော် ထိုကိစ္စက အလျင်စလို လုပ်ရန်မလိုပေ။ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသည့်အခါ လူတိုင်း၌ သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိပြီး လူတိုင်းသည် ကျန်းယဲ့ကဲ့သို့ လေးမျက်နှာကျေးရွာအား ခစားရန် ရည်ရွယ်ချက် ရှိမည် မဟုတ်ပေ။

ကျန်းယဲ့သည် သူ၏ မိသားစုက အတားအဆီးကြောင့် လမ်းဆုံးသို့ ရောက်လုနီးပါး ဖြစ်နေသည့်အတွက် အခွင့်အရေးရှာဖွေရန် လေးမျက်နှာကျေးရွာသို့ ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ရွာအား ခစား၍ အခွင့်အရေး ရှာဖွေခြင်း ဖြစ်ပေသည်။

အဘိုးမာက အများကြီး မပြောခဲ့ပေ။ သူက ဘေးတွင် ရှိနေသော မျက်မမြင်ထျယ်အား ကြည့်ကာ ပြောလိုက်သည်။ "ရွာကို ပြန်ပြီး လက်နက်နည်းနည်းလောက် သွားလုပ်လိုက်။ နောက်ပိုင်းကျ အဲဒါတွေကို လေးမျက်နှာမြို့မှာ ထားရမယ်။ ကျုပ်က မြို့ကို လေဟာနယ်ချိပ်စည်းနဲ့ ကာကွယ်ဖို့ ပြင်လိုက်ဦးမယ်။ မြို့ရဲ့ အဓိကဝင်ပေါက်တစ်ခုတည်းကပဲ မြို့အဝင်အထွက်အဖြစ် အသုံးပြုနိုင်မယ်။ နောက်ပိုင်းမှာ မြို့ထဲကို ဝင်မယ့်လူတွေကို စစ်ဆေးပြီး ထိန်းချုပ်ရမယ်။"

"ကောင်းပြီ။" မျက်မမြင်ထျယ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။" မျက်မမြင်ထျယ်ကလည်း အမိန့်အား လက်ခံယူကာ အဘိုးမာ လေထဲ ပျံတက်သွားသည်အား ကြည့်နေခဲ့သည်။ အံ့အားသင့်ဖွယ် နတ်အလင်းက အဘိုးမာထံမှ ဖြာထွက်လာပြီး ကောင်းကင်ထက်တွင် အဆုံးမဲ့အလင်းလွှာအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက မြို့ကို ချိပ်ပိတ်ကာ လေးမျက်နှာမြို့အား သီးခြားဖြစ်သွားစေသည်။ ထို့ကြောင့် သူတို့ စိတ်ကျေနပ်သလို သွားလာလှုပ်ရှားနေသော အစွမ်းထက် ပုဂ္ဂိုလ်များမှလွဲ၍ မြို့ထဲ၌ ပြဿနာရှာချင်သည့် မည်သူမဆို အလွယ်တကူ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

လေးမျက်နှာမြို့အတွင်းမှ လူများအတွက် အစွမ်းထက်သော အရှိန်အဝါကို ခံစားမိရန် သိပ်မကြာလိုက်ပေ။ တောက်ပသော နတ်အလင်းများက အဆုံးမဲ့လေဟာနယ်အတွင်း လွှမ်းခြုံထားသည်။ အလွန် မြင့်မားသော ကောင်းကင်ထက်တွင် ဖျော့တော့သော ရွှေရောင်အလင်းတစ်ခု ပေါ်ပေါက်လာသော်လည်း အလွန် မြင့်မားသည့်အတွက်ကြောင့် သာမန်မျက်စိဖြင့် မြင်ရန် ခက်ခဲပေသည်။

အဘိုးမာက မြို့ကို လွှမ်းခြုံထားသော်လည်း အလွန်မြင့်မားသော နေရာ၌ ချိပ်စည်းဖော်ဆောင်ထားသောကြောင့် သာမန်အရေးကိစ္စလေးများနှင့် လေထဲမှ တိုက်ပွဲများက ၎င်းကို သက်ရောက်စေလိမ့်မည် မဟုတ်ပေ။

ဖြစ်ပျက်နေသည်များကို ကြည့်ရှုရင်း ရီဖူရှင်းက အချို့သော ခံစားချက်များကို ခံစားလိုက်ရသည်။ သူသည် မူလက နယ်မြေသခင်အိမ်တော်သို့ ဝင်ရောက်ချင်သော်လည်း အစော်ကားခံခဲ့ရသည်။ နယ်မြေသခင်ကိုယ်တိုင်ကပင် သူ့ကို သတ်ချင်ခဲ့၏။ ကံတရားကြောင့်ဖြစ်စေ တိုက်ဆိုင်မှုကြောင့်ဖြစ်စေ သူသည် ဤလောကအပြင်ဘက်မှ ကျင့်ကြံရေးနယ်မြေတစ်ခုဖြစ်သည့် လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ခဲ့ပေသည်။

သို့သော် ယခု လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းလောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီး ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက နောက်ထပ် အသစ်များစတင်ရန် သင်္ကေတပင် ဖြစ်သည်။ လေးမျက်နှာကျေးရွာသည် အပြင်လောကသို့ ဝင်ရောက်ကာ ၎င်း၏ လွှမ်းမိုးမှုကို စတင်ချဲ့ထွင်လာနေပြီ ဖြစ်၏။

***

All Chapters