အရှုပ်အထွေးအကျိုးဆက်
Vol. 150 Ch. 2128
လေးမျက်နှာမြို့က တည်ဆောက်ရန် စတင်နေပြီ ဖြစ်သည်။ ချင်းယန်ကုန်းမြေမှ ပြောင်းရွှေ့လာသော ကျန်းမိသားစုက မြို့တော်သခင်ရုံးတော်အား စတင်တည်ဆောက်နေပြီး မြို့အတွင်းမှ အင်အားစုများကို ဖွဲ့စည်းနေသည်။ လေးမျက်နှာမြို့က လေးမျက်နှာကျေးရွာနှင့် ဆက်နွယ်နေပြီး ၎င်း၏ အထောက်အကူ အင်အားစုဖြစ်လာသော်လည်း ဤသည်မှာ လေးမျက်နှာကျေးရွာ၏ လွှမ်းမိုးနိုင်သော သဘာဝကြောင့် မဟုတ်ပေ။ လေးမျက်နှာမြို့အတွင်းမှ လူတိုင်းသည် မတူညီသော နေရာများ၌ စုစည်းနေကြသည်။ သူတို့တွင် မည်သည့်ရည်ရွယ်ချက်များ ရှိသနည်း။
ဤနေရာသို့ ပြောင်းရွှေ့လာသူများ၏ ရည်ရွယ်ချက်များမှာ ကျင့်ကြံရန် ဖြစ်သည်။ လေးမျက်နှာကျေးရွာက လေးမျက်နှာမြို့အား ထိန်းချုပ်ထားခြင်း ဖြစ်သောကြောင့် အကြီးမားဆုံး ဖွံ့ဖြိုးရန်အတွက် အကောင်းဆုံး အလားအလာ ရှိပေသည်။ ၎င်းက ပို၍ အားကောင်းလာကာ ပိုမို ကြွယ်ဝလာနိုင်ပေသည်။ ထို့အပြင် လေးမျက်နှာမြို့မှ တန်ခိုးရှင်များသည် လေးမျက်နှာကျေးရွာ၌ ကျင့်ကြံရန် အကောင်းဆုံး အခွင့်အရေး ရှိပေသည်။
ထိုအချိန်တွင် မြို့သခင်ရုံးတော်ကို ခမ်းနားထည်ဝါစွာ တည်ဆောက်ထားခဲ့ပြီး လေးမျက်နှာမြို့အတွင်းရှိ အထင်ကရနေရာကို သိမ်းပိုက်ထားလေသည်။ လေးမျက်နှာကျေးရွာက ကျန်းယဲ့ကို မြို့သခင်အိမ်တော် တည်ဆောက်၍ ဦးဆောင်ရန် အမိန့်ပေးခဲ့သည်။ သူက လုပ်နိုင်သမျှ အကောင်းဆုံးလုပ်မည် ဖြစ်သည်။ ယနေ့ မြို့သခင်ရုံးတော်သို့ လာရောက်သော ဂုဏ်သရေရှိ ဧည့်သည်တော်များကို မြင်တွေ့နေရသည်။ ထိုသူများမှာ အနာဂတ်၌ လေးမျက်နှာကျေးရွာသို့ ဝင်ရောက်ခွင့်ရရန်အတွက် မြို့သခင်ရုံးတော်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်လိုသော တန်ခိုးရှင်များ ဖြစ်ပေသည်။
လက်ရှိတွင် ကျန်းယဲ့က ရုံးတော်အတွင်း၌ ဧည့်သည်အချို့ကို ဧည့်ခံနေခဲ့သည်။ သူနှင့်အတူ ရှိနေသူများက အစွမ်းထက် တန်ခိုးရှင်များ ဖြစ်ပြီး သောက်စားရင်း စကားစမြည်ပြောနေသည်မှာ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းဖြစ်လေသည်။ သူ၏ အဆင့်အတန်းအရ အစွမ်းထက်ပြီး လုပ်နိုင်စွမ်းရှိသူများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်နိုင်ရန်မှာ သူ့တာဝန်ပင် ဖြစ်လေသည်။
သူသည် လေးမျက်နှာကျေးရွာအတွင်းမှ လူများက သူ့ထက် ပို၍ သန်မာအားကောင်းကြောင်းသေချာသိရှိပေသည်။ သူက ဤရာထူးကို တာဝန်ယူရန် ခွင့်ပြုခံရခြင်းမှာ သူ၏ ကျင့်ကြံဆင့်ကြောင့် မဟုတ်ဘဲ ရွာအတွက် ပထမဆုံး ရှေ့ထွက်ရပ်တည်ပေးခဲ့သူ ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ကိုယ့်နေရာကိုယ် နားလည်သဖြင့် သူ့ထက်ပို၍ အစွမ်းထက်သော သူများ၊ အင်အားစုများနှင့် မဟာမိတ်ဖွဲ့ခြင်းကဲ့သို့သော အလုပ်မျိုးကို လေးမျက်နှာကျေးရွာအတွက် လုပ်ပေးခဲ့သည်။
မြို့သခင်ရုံးတော်ကို တည်ဆောက်ပြီးကတည်းက ကျန်းယဲ့သည် မြို့တော်အတွင်း ကောင်းသော ဂုဏ်သတင်းဖြင့် ကျော်ကြားလာသည်။
လူတိုင်းက စားသောက်ပွဲ၌ ပျော်ရွှင်နေစဥ် တစ်စုံတစ်ယောက်က ဝင်လာကာ ပြောလိုက်သည်။ "မြို့သခင်။"
ကျန်းယဲ့က ထိုလူကို ကြည့်ကာ မေးလိုက်၏။ "ဘာကိစ္စလဲ။"
"အရေးကြီးကိစ္စရှိတယ်လို့ ပြောတဲ့ ရန်ဟောင်တစ်ယောက်က မြို့သခင်ကို တွေ့ချင်နေတယ်။" သတင်းလာပို့သူက ပြန်ဖြေလိုက်သည်။ ကျန်းယဲ့က အနည်းငယ် အံ့သြသွားသော်လည်း ပြောလိုက်သည်။ "ဒါဆို သူ့ကို ဝင်ခိုင်းလိုက်လေ။"
"ကျွန်တော် သူ့ကို ဒီခေါ်လာပေးမယ်လို့ ပြောပေမယ့် တစ်ယောက်တည်း တွေ့ချင်တာလို့ ပြောပါတယ်" သတင်းပို့သူက ပြန်ဖြေလိုက်သည်။
ကျန်းယဲ့က မျက်မှောင်ကြုတ်ကာ ကိစ္စအား ချိန်ဆနေပြီးနောက် လူတိုင်းကို ပြောလိုက်သည်။ "ကျုပ် ခဏလောက် အပြင်သွားလိုက်ဦးမယ်။"
ထိုသို့ပြောလိုက်ပြီး ကျန်းယဲ့က သတင်းပို့သူနှင့်အတူ ခြံဝန်းအတွင်း လိုက်သွားခဲ့သည်။ သို့သော် သူရောက်သောအခါ ထိုနေရာ၌ မည်သူမှ ရှိမနေပေ။ ခြံဝန်းထံရှိ ကျောက်စားပွဲပေါ်တွင် အထုပ်တစ်ထုပ် ရှိနေခဲ့သည်။ ကျန်းယဲ့က မျက်မှောင်ကြုတ်ကာ ထိုအရာကို ဖွင့်ကြည့်ရန် လျှောက်သွားလိုက်သည်။ ထိုနေရာ၌ စာရွက်ပိုင်းလေးတစ်ခုနှင့် ရေးထားသော စာကြောင်းတစ်ကြောင်း ရှိနေသည်။ ၎င်းနှင့်အတူ ကျောက်စိမ်းပြားတစ်ခုပါ ရှိနေပြီး တားမြစ်စွမ်းအားတစ်ခုနှင့် ချိပ်ပိတ်ထားပုံရလေသည်။
ကျန်းယဲ့က စာကိုဖတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် နတ်အာရုံသိစိတ်ကို ဖြန့်ကျက်ကာ လူအား ရှာဖွေလိုက်သော်လည်း မြို့တော်သခင်ရုံးအတွင်း မည်သည့် သံသယဖြစ်စရာလူကိုမှ မတွေ့ခဲ့ပေ။ ထိုလူ ထွက်သွားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်ကာ သူ၏ ကျင့်ကြံခြင်းက အတော်မြင့်မားသည်မှာ ရှင်းလင်းပေသည်။
ကျန်းယဲ့က လက်တစ်ဖက်နှင့် ကျောက်စိမ်းပြားကို ကိုင်ကာ နောက်တစ်ဖက်ထဲမှ စာအား ချေမွလိုက်သည်။ သူသည် ဤကိစ္စက အတော်လေး အန္တရာယ်များသည်ဟု ခံစားမိပေသည်။ သူက ညွှန်ကြားချက်အတိုင်း လိုက်လုပ်လျှင် ပူးပေါင်းကြံစည်သူဖြစ်သွားနိုင်သည်။ သို့သော်လည်း သူက ငြင်းဆန်လျှင် အကျိုးဆက်မှာ သူတာဝန်ယူနိုင်သည့် ကိစ္စမဟုတ်ပေ။
ထိုသို့တွေးလိုက်မိသည့်အခါ ကျန်းယဲ့က စားသောက်ပွဲသို့ ပြန်လှည့်သွားကာ ဧည့်သည်များကို နှုတ်ဆက်၍ ပြန်ပို့ဆောင်လိုက်သည်။ ထို့နောက် သူက မြို့သခင်ရုံးတော်မှ ထွက်ခွာကာ လေးမျက်နှာကျေးရွာ တည်ရှိရာ တောင်သို့ ဦးတည်လိုက်သည်။ ဤကျောက်စိမ်းပြားက သူ့အတွက် မဟုတ်ဘဲ ရွာအတွင်းသို့ ပို့ဆောင်ပေးရန် လူတစ်ယောက်ထံမှ ညွှန်ကြားချက် ရထားခြင်း ဖြစ်ပေသည်။
ဤရက်များအတွင်း ရီဖူရှင်းက မကြာခင် ရွာအတွင်း တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး ထိုလူငယ်လေးများကို သင်ခန်းစာ ပို့ချပေးနေကာ သူတို့အား နတ်ဘုရားနည်းစနစ်များပင် ညွှန်ကြားပြသပေးနေသည်။ သူက နတ်ဘုရားနည်းစနစ်အားလုံးကို မြင်နိုင်သောကြောင့် ထိုနတ်ဘုရားနည်းစနစ်များကို မဆက်ခံနိုင်သော်လည်း ထိုနတ်ဘုရားနည်းစနစ်ခုနစ်ပါးက အကောင်းဆုံးဖြစ်ကြောင်း သိရှိသူဖြစ်သည်။
ရှေးဟောင်းသစ်ပင်အောက်တွင် ရီဖူရှင်းက ထိုင်နေကာ သူ့ရှေ့မှ ပုံရိပ်အား ကြည့်နေခဲ့သည်။ ဖန်းချွင့်က ကျင့်ကြံနေပြီး သူ၏ စွမ်းရည်များအတွင်း ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ်ကို ပေါင်းစပ်ရန် ကြိုးစားနေသည်။
သိပ်မဝေးလှသော နေရာမှ လူတစ်ယောက် လျှောက်လာနေသည်။ ထိုသူက ဖန်းကိုင့် ဖြစ်သည်။ သူက ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေပြီး လက်ကို နောက်ပစ်ကာ ကျင့်ကြံနေသော ဖန်းချွင့်အား စောင့်ကြည့်နေသည်။
"ဦးလေးဖန်း" ရီဖူရှင်းက ခေါင်းကို လှည့်ကြည့်ကာ ဖန်းကိုင့်အား မြင်သောအခါ ပြုံးလိုက်သည်။
သို့သော် ဖန်းကိုင့်က သူ့ခေါ်သံအား ကြားပုံမပေါ်ဘဲ ဖန်းချွင့်ကိုသာ ကြည့်နေခဲ့သည်။
"ဦးလေးဖန်း" ရီဖူရှင်းက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဖန်းကိုင့်အဆင့်မှ လူတစ်ယောက်က ဤမျှစိတ်ပျံ့လွင့်နေခြင်းမှာ မဖြစ်နိုင်ပေ။
ထို့နောက် ဖန်းကိုင့်က အာရုံပြန်ရလာခဲ့သည်။ သူက ရီဖူရှင်းကို ကြည့်ကာ ပြုံးလိုက်၏။ သူ့အပြုံးကို မြင်သောအခါ ရီဖူရှင်းက မေးလိုက်သည်။ "ဦးလေးဖန်း စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လား။"
"မဟုတ်ပါဘူး။" ဖန်းကိုင့်က ခေါင်းကို ယမ်းလိုက်သည်။ ရီဖူရှင်းက သူ့ကို သံသယများနှင့် ကြည့်နေသည်ကို မြင်သောအခါ ဖန်းကိုင့်က အပြုံးနှင့် ပြောလိုက်သည်။ "ဒီရက်တွေမှာ အရာအားလုံးက အစစ်အမှန် မဟုတ်ဘူးလို့ ခံစားနေရတယ်။ ရွာက ဒီလောက်အများကြီး ပြောင်းလဲသွားတာ ကျုပ် သိပ်ပြီး အသားမကျဘူး ဖြစ်နေတယ်။"
ရီဖူရှင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ဖန်းကိုင့်က ပါးနပ်သူဖြစ်သော်လည်း သူသည် ယခင် မည်သည့်အခါမှ ရွာက ထွက်မသွားဖူးသောကြောင့် ကျင့်သားမရဖြစ်နေသည်မှာ သာမန်သာဖြစ်သည်။
"ဦးလေးဖန်း မကြာခင်ကျင့်သားရသွားမှာပါ။" ရီဖူရှင်းက ပြောလိုက်သည်။
"အင်း" ဖန်းကိုင့်က ခေါင်းညိတ်ရင်း ဖန်းချွင့်ကို ကြည့်ကာ ပြောလိုက်သည်။ "ဒီကောင်လေးက ခေါင်းမာတတ်ပြီး အခု သူ တတ်ကျွမ်းလာတာတွေက မင်းကြောင့်ပဲလို့ ပြောနိုင်တယ်။ နောက်ပိုင်းမှာ သူ့ကို စောင့်ရှောက်ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရဦးမယ်။"
"ဦးလေးဖန်း ဘာလို့ ရုတ်တရက်ကြီး အရမ်း ယဥ်ကျေးနေရတာလဲ။" ရီဖူရှင်းက စနောက်လိုက်သည်။ "ဒီကလေးကို ကျွန်တော့ တပည့်အဖြစ် လက်ခံလိုက်ကတည်းက သူ့အတွက် လုပ်နိုင်သမျှအကုန် လုပ်ပေးသွားမှာပါ။"
"ကျုပ် စိတ်သက်သာရာ ရသွားပါပြီ။" ဖန်းကိုင့်က ခေါင်းညိတ်လိုက်သည်။ "ဒါနဲ့ ကျုပ်ကြားမိတာတော့ အပြင်ဘက်လောကမှာ လေထဲကတဆင့် ဆက်သွယ်ဖို့ အသုံးပြုနိုင်တဲ့ ရတနာတချို့ ရှိတယ်ဆို။"
"ဟုတ်တယ်။ ကျွန်တော့်မှာလည်း တစ်ခုရှိတယ်။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
"ကျုပ်တို့ ရွာထဲက လူတွေအတွက် တချို့တလေ ရဖို့ လိုအပ်မလားလို့ တွေးမိတာ။ ဒီနည်းနဲ့ ပိုပြီး လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မယ်လေ။" ဖန်းကိုင့်က ပြောလိုက်သည်။ "မြို့သခင်ရုံးတော်ကို သွားပြီး သူတို့ ဘာလုပ်နိုင်မလဲ ကြည့်လိုက်ဦးမယ်။"
"ကောင်းပါပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
ဖန်းကိုင့်က ထွက်မသွားခင် ဖန်းချွင့်ကို နောက်တစ်ခါ ကြည့်လိုက်သည်။
ရီဖူရှင်းက ဖန်းကိုင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း သူက အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရပေသည်။ သို့သော် သူသည် သေချာ ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။
ဖန်းကိုင့်က မြို့သခင်ရုံးတော်သို့ သွားခဲ့ပြီး အမှန်တကယ်ပင် ဆက်သွယ်ရေးရတနာကို ရရှိခဲ့သည်။ သူက အချင်းချင်း ဆက်သွယ်နိုင်ရန်အတွက် ၎င်းတို့ကို အဘိုးမာနှင့် အခြားသူများအား ပေးခဲ့သည်။
နောက်တစ်နေ့တွင် ရီဖူရှင်းက ဖန်းချွင့်၏ အသံကို ကြားလိုက်ရသောအချိန်၌ သူ့ခြံဝန်းအတွင်း ရှိနေခဲ့သည်။
"ဆရာ။" ဖန်းချွင့်က အပြင်ဘက်မှ အော်ဟစ်လာသည်။
"ဝင်လာခဲ့။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ဖန်းချွင့်က ခြံဝန်းထဲသို့ ဝင်လာပြီး ရီဖူရှင်းအား ပြောလိုက်သည်။ "ဆရာ ကျွန်တော့အဘိုးက ထူးထူးဆန်းဆန်း ပြုမူနေတယ်။"
"ဘယ်လို ထူးဆန်းတာလဲ။" ရီဖူရှင်း ထိတ်ခနဲ ဖြစ်သွားသည်။ သူသည်လည်း မနေ့က တူညီသော ခံစားချက်အား ရသည်။
"ဒီနေ့ သူက ရုတ်တရက်ကြီး ကျွန်တော့ကို ထူးဆန်းတဲ့ အကြောင်းတွေ ပြောတယ်။ ကျွန်တော့ကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့၊ အခုကစပြီး ဆရာ့နောက်ကို လိုက်ဖို့နဲ့ ဆရာ့စကားကို နားထောင်ဖို့ ပြောခဲ့ပြီးတော့ ရွာကနေ ထွက်သွားတော့တာပဲ။ ကျွန်တော် အခု အဘိုးတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်။" ဖန်းချွင့်က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ သူက အလွယ်တကူ ခံစားတတ်သော အရွယ်ဖြစ်သောကြောင့် ရီဖူရှင်းထံ ချက်ချင်း လာခဲ့ပေသည်။
"အဘိုးမာကို သွားရှာရအောင်။" ရီဖူရှင်းက ချက်ချင်း ထရပ်ကာ ဖန်းချွင့်အား ခေါ်ဆောင်သွားသည်။ သူတို့က ရှေ့သို့ လျှောက်သွားခဲ့ပြီး ခဏအတွင်း အဘိုးမာ၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။ ရီဖူရှင်းက သူ သိသလောက်နှင့် ဖန်းချွင့် ပြောသည့်စကားများအား ပြောပြလိုက်သည့်အခါ အဘိုးမာ၏ မျက်နှာက ပြောင်းလဲသွားခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ။" အဘိုးမာက ရေရွတ်လိုက်သည်။
"မသိဘူး။" ရီဖူရှင်းက ပြောလိုက်၏။
"မနေ့တုန်းက ကျန်းယဲ့က ရွာထိလာပြီး သူ့ကို လာရှာသွားတယ်။" အဘိုးမာက ပြောလိုက်သည်။ "သွားကြစို့။"
သူတို့က အလွန် လျင်မြန်လှသော အရှိန်နှင့် ရွာအပြင်ဘက်သို့ ဦးတည်လိုက်ကြသည်။
သူတို့ လေးမျက်နှာကျေးရွာမှနေ၍ ထွက်လာသည်နှင့် အဘိုးမာက သူ၏ နတ်အာရုံကို ဖြန့်ကျက်ကာ ကျယ်ပြောလှသည့် အဆုံးမဲ့ နေရာတစ်ခွင်ကို လွှမ်းခြုံလိုက်သည်။ မရေတွက်နိုင်သော မြင်ကွင်းများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာပြီး လေးမျက်နှာမြို့တစ်ခုလုံးက သူ့မျက်စိရှေ့၌ တည်ရှိနေသည့်အလား ထင်မှတ်ရ၏။ သို့သော်လည်း သူသည် ဖန်းကိုင့်ကို မည်သည့်နေရာမှ ရှာမတွေ့ခဲ့ပေ။
သူက ရီဖူရှင်းနှင့် ဖန်းချွင့်ကို ခေါ်ကာ ခြေတစ်လှမ်းထဲနှင့် မြို့သခင်ရုံးတော်သို့ ရောက်လာပေသည်။
ကျန်းယဲ့က အဘိုးမာရောက်လာသည်အား မြင်သောအခါ ဦးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။ "စီနီယာကို နှုတ်ဆက်ပါတယ်။"
"မင်း အဲဒီနေ့က ဖန်းကိုင့်နဲ့ ဘာကိစ္စရှိလို့ လာရှာတာလဲ။" အဘိုးမာက အေးစက်စွာ မေးလိုက်သည်။ သူ၏ အသံ၌ ဖိအားများ ရှိနေခဲ့၏။ ကျန်းယဲ့သည် တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း သတိပြုမိရာ လေးစားမှုအပြည့်နှင့် အရိုအသေပြုပြီး ပြန်ဖြေလိုက်သည်။ "ကျုပ် အရင်နေ့က အထုပ်တစ်ထုပ် လက်ခံရရှိခဲ့တယ်။ အဲဒီမှာ စာတစ်စောင်နဲ့ ချိပ်ပိတ်ထားတဲ့ ကျောက်စိမ်းပြားတစ်ခု ပါတယ်။ စာထဲမှာ အဲဒီကျောက်စိမ်းပြားကို စီနီယာဖန်းဆီ ပို့ပေးပြီး တခြား ဘယ်သူ့ကိုမှ မပြောဖို့ ညွှန်ကြားထားတယ်။ ဒီကိစ္စက စီနီယာဖန်းအတွက် အရေးကြီးနိုင်ပြီး ကျုပ်ဘက်က ဒီကိစ္စကို နှောင့်နှေးနေမိရင် စီနီယာဖန်းက ကျုပ်ကို အပြစ်တင်မှာစိုးလို့ အဲဒီအကျိုးဆက်ကို တာဝန်မယူရဲခဲ့ဘူး။"
အဘိုးမာက ကျန်းယဲ့ကို စူးစိုက်စွာ ကြည့်လိုက်ပြီး ထိုလူက မလိမ်သလို လိမ်ရန်လည်း မလိုအပ်သည်ကို မြင်လိုက်ရသည်။ ကျန်းယဲ့ကို ထိုကိစ္စအတွက် အပြစ်မတင်သင့်ပေ။ ထိုအခြေအနေအောက်တွင် သူ့၌ မည်သည့် ရွေးချယ်စရာမှ ရှိမနေချေ။ အဆုံးမှာတော့ သူက ကျောက်စိမ်းပြားနှင့် ပတ်သတ်သည့်အကြောင်း မသိရှိခဲ့ပေ။
"ဘယ်အရာက ဦးလေးဖန်းကို ဘာစကားမှ မပြောဘဲ ထွက်သွားအောင် လုပ်နိုင်တာလဲ။" ရီဖူရှင်းက မေးလိုက်သည်။
"ဖြစ်နိုင်ချေတစ်ခုပဲ ရှိတယ်။" အဘိုးမာက အဝေးသို့ အေးစက်သော အကြည့်တို့နှင့် ရှိနေခဲ့သည်။ ကြည့်ရသည်မှာ နတ်ဘုရားနည်းစနစ်အတွက် ကြံစည်နေပြီး လက်လျှော့ရန် ဆန္ဒမရှိသေးသော အင်အားစုများ အမှောင်ထဲ၌ ရှိနေသေးပုံရသည်။
"ဘာများလဲ။" ရီဖူရှင်းက မေးလိုက်သည်။
"ဖန်းဟွမ်.. ဖန်းချွင့်ရဲ့ အဖေ။" အဘိုးမာက ပြောလိုက်သည်။ "လေးမျက်နှာကျေးရွာက အများကြီး ပြောင်းလဲသွားပေမယ့် ဖန်းချွင့်ရဲ့ အဖေက ပေါ်မလာဘူး။ အခု ဖန်းကိုင့်တောင်မှ ပျောက်သွားတာဆိုတော့ ဖြစ်နိုင်ချေက တစ်ခုတည်း ရှိတယ်။"
သူတို့ဘေးမှ ဖန်းချွင့်၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အလွန် စိတ်လှုပ်ရှားဟန်ဖြင့် လက်သီးဆုပ်လိုက်သည်။
ရီဖူရှင်းက သူ့အပြောင်းအလဲကို သတိပြုမိပြီး သူ့လက်အား ဖန်းချွင့်၏ ပခုံးပေါ်တင်လိုက်သည်။
"ဆရာ" ဖန်းချွင့်က ရီဖူရှင်းအား မော့ကြည့်လိုက်သည်။
"မင်း အဘိုးက ကျင့်ကြံဆင့်မြင့်မားတာမို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ သူတို့က နတ်ဘုရားနည်းစနစ်ကို လိုချင်တာ ဖြစ်နိုင်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။ ပထမစကားက ကလေးကို နှစ်သိမ့်ပေးရန် ဖြစ်သည်။ တစ်စုံတစ်ယောက်က လှုပ်ရှားမှု ပြုလုပ်ရဲလျှင် သူတို့ထံ၌ ကျောထောက်နောက်ခံ ပြုပေးနေသည့် အဓိကအင်အားစု ရှိရပေမည်။ မဟုတ်ပါက သူတို့က လုပ်ဆောင်ရဲလိမ့်မည် မဟုတ်ချေ။
ဖန်းကိုင့်က သူ့ကိုယ်သူ နားလည်ပြီး ပြန်မလာနိုင်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် မှာစရာရှိသည်များကို မှာခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"အင်း။" ဖန်းချွင့်က သူ့ကိုယ်သူ သက်သာရာရစေရန် ခေါင်းညိတ်လိုက်သော်လည်း သူ့မျက်လုံးများထဲမှ အမူအရာမှာ စိုးရိမ်ပူပန်မှုတို့ အပြည့်ရှိနေခဲ့သည်။
"ငါ သွားပြီး တစ်ချက်ကြည့်လိုက်မယ်။" အဘိုးမာက ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် အပြင်ဘက်ကို ရောက်သွားခဲ့ပြီး ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ရီဖူရှင်းနှင့် ဖန်းချွင့်တို့ စောင့်ဆိုင်းနေစဥ် ကျန်းယဲ့သည်လည်း စကားတစ်ခွန်းမှမဆိုဘဲ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
အချိန်တချို့ကြာပြီးနောက် အဘိုးမာက ပြန်ရောက်ရှိလာသော်လည်း မျက်နှာသိပ်မကောင်းလှပေ။ သူက ခေါင်းကို ယမ်းလိုက်သည်။ "သူ့ကို ရှာမတွေ့ဘူး။"
"ဦးလေးဖန်း အရင်က ဆက်သွယ်ရေးရတနာတချို့ ချန်ထားခဲ့တယ်။ အဲဒါက ကျိန်းသေ သတင်းပို့ဖို့အတွက် ဖြစ်ရမယ်။ အဲဒါ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မကြာခင် သိရမယ် ထင်တယ်။" ရီဖူရှင်းက ပြောလိုက်သည်။ အဘိုးမာက သူ့ကို ဖန်းကိုင့်ပေးခဲ့သည့် တစ်စုံတစ်ခုအား ထုတ်ယူလိုက်သည်။ ယခု သူတို့အားလုံး လုပ်နိုင်သည်မှာ စောင့်ဆိုင်းခြင်းပင် ဖြစ်သည်။
***