← Chapters

ဖြေရှင်းနည်း

Vol. 150 Ch. 2129

ဖြေရှင်းနည်း

Vol. 150 Ch. 2129

အဘိုးမာနှင့် အခြားသူများသည် ရွေးချယ်စရာမရှိဘဲ ရွာသို့ ပြန်ကာ စောင့်ဆိုင်းရုံသာ တတ်နိုင်ပေသည်။ တစ်ချိန်တည်းတွင် သူတို့က အဓိက အဖွဲ့ဝင်များကို စုစည်းပြီး နောက်ထပ် မည်သို့လုပ်သင့်ကြောင်း ဆွေးနွေးကြပေသည်။

မကြာခင်၌ လေးမျက်နှာကျေးရွာအတွင်းမှ သတင်းကြားသော လူတိုင်းသည် အဘိုးမာ၏ ခြံဝန်းအပြင်ဘက်၌ စုဝေးကာ ဖန်းကိုင့်အကြောင်း သတင်းအား စောင့်ဆိုင်းနေကြသည်။

ရွာမှ လူများသည် တစ်ခါတစ်ရံ၌ အချင်းချင်း အငြင်းအခုံများ ဖြစ်တတ်သော်လည်း ပုံမှန်အားဖြင့် သင့်မြတ်ကြပေသည်။ ဖန်းကိုင့်သည် လူတိုင်း၏ နှစ်သက်မှုကို ခံရသည့်အတွက်ကြောင့် ရွာထဲမှ လူများသည် သူ့ထံ၌ တစ်ခုခုဖြစ်နေကြောင်း သတိပြုမိသည့်အခါ စိုးရိမ်ပူပန်လာကြသည်။

ရွာသားများသည် ရွာမှ ထွက်ခွာသွားသော လူအများစုမှာ အပြင်ဘက်လောကမှ လူများ၏ လက်ချက်ဖြင့် ကံမကောင်းမှုများဖြင့် အဆုံးသတ်ကာ မည်သည့်အခါကမှ ပြန်မလာနိုင်ကြောင်း မကြာခဏ ကြားဖူးကြသည်။ မျက်မ​မြင်ထျယ် ကိုယ်တိုင်လည်း သူ့အမြင်အာရုံ ဆုံးရှုံးပြီးနောက်မှသာ ရွာသို့ ပြန်ရောက်လာပေသည်။ ရွာထဲမှ လူများ၌ ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး အတွေးကိုယ်စီ ရှိကြသော်လည်း ရွာမှာ လောကအပြင်ဘက်နှင့် သီးခြားဖြစ်နေသည့်အတွက် အတွေးများက ကြီးစွာ ဖိနှိပ်ခံထားခဲ့ရသည်။

သို့သော် ယခု ရွာက အပြင်ဘက်လောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး ဤကဲ့သို့သော အဖြစ်မျိုးက သူတို့၏ နှလုံးသားထဲမှ အမုန်းတရားများကို တောက်လောင်လာစေ၏။

ထို အပြင်ဘက်လောကမှ ဝံပုလွေများက ဤရွာအတွင်းမှ လူများကို သားကောင်ကဲ့သို့ ဆက်ဆံနေသည်လား။

ရွာက လောကအတွင်း စတင်ပေါင်းစည်းလာခဲ့ပြီး နောက်ဆုံး၌ လူတိုင်းက ကျင့်ကြံနိုင်စွမ်းရှိလာခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က အကြီးအကဲ ဖန်းကိုင့်အား ယခုကဲ့သို့ လုပ်ဆောင်ရဲလေသည်။

"အဘိုးမာ ကျုပ်တို့ ဖန်းကိုင့်ကို ရအောင် ကယ်ရမယ်။" ရွာမှ လူကြီး တချို့က ပြောလိုက်သည်။

"ဦးလေးမာ အခု ဦးလေးဖန်း ဘယ်လိုနေလဲ။ ဘာသတင်းရသေးလဲ။"

"ကျုပ်တို့ အစပြုပြီး တိုက်ခိုက်တာ ပိုကောင်းလိမ့်မယ်။"

အပြင်ဘက်မှ အသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကာ သူတို့အားလုံး၏ အမုန်းတရားများက လောင်ကျွမ်းလာပေသည်။ အဘိုးမာက မျက်မမြင်ထျယ်၊ ရှီခွေ့နှင့် ခြံဝန်းထဲမှ အခြားလူများဖြင့် ဤကိစ္စကို ဆွေးနွေးနေကြသည်။ မည်သည့် သတင်းမှ မသိရသေးသလို ဖန်းကိုင့်၏ လက်ရှိအခြေအနေကိုလည်း မသိကြရပေ။

အချိန်ကုန်လွန်သွားသည်နှင့် ခြံဝန်းအတွင်းမှ လေထုအခြေအနေက အလွန် တင်းမာလာသည်။ ထိုအခိုက်အတန့်တွင် ကျောက်စားပွဲပေါ်ရှိ ရတနာက ရုတ်တရက် လင်းလက်လာပြီး ၎င်းမှ အလင်းတန်းများ ထုတ်လွှတ်နေသည်။ ၎င်းတို့က အဘိုးမာ၏ ခေါင်းထက်တွင် စီးဆင်းနေပြီး အလင်းလွှာတစ်ခု ဖြစ်တည်လာသည်။

ချက်ချင်းပင် လူတိုင်း၏ မျက်လုံးများက အဘိုးမာပေါ်သို့ ကျရောက်လာသည်။ အဘိုးမာက သတင်းများကို လက်ခံရရှိပြီးနောက် လူအုပ်ကြီးအား ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "တကယ့်ကိုပဲ ရှန်ချင်းနယ်မြေရဲ့ ရှေးဟောင်းတော်ဝင်သွမ့်မိသားစုက ဖန်းဟွမ်ကို ဖမ်းထားခဲ့တယ်။ သူတို့က ဖန်းကိုင့်ကို ဖန်းချွင့်ပါ ခေါ်လာပြီး နတ်ဘုရားနည်းစနစ်နဲ့ ဖန်းဟွမ်ရဲ့ အသက်ကို အလဲအလှယ် လုပ်စေချင်နေတယ်။ ဒါပေမယ့် ဖန်းကိုင့်က သူတစ်ယောက်တည်း သွားခဲ့ပြီး အခု သူပါ အဲဒီလူတွေ လက်ထဲ ရောက်သွားပြီ။"

ဘန်း...

မျက်မ​မြင်ထျယ်က ကျောက်စားပွဲပေါ်သို့ လက်ဝါးကို ရိုက်ချလိုက်ပြီး စားပွဲက ချက်ချင်း ကွဲအက်သွားသည်။ သွေးကြောများက သူ၏ ကြွက်သားများနှင့် ခန္ဓာကိုယ်တွင်ထွက်ပေါ်လာသည်။ သူက အလွန် ဒေါသထွက်နေပုံပေါ်သည်။ သူသည် သူ့ကိုယ်သူ ညီအစ်ကိုဟု ဆိုခဲ့သော တစ်စုံတစ်ယောက်က သူ့မျက်လုံးအား ကန်းအောင် လုပ်ခဲ့သည့် အတိတ်အချိန်အား ပြန်တွေးမိပေသည်။ သူ့ကိုယ်ပိုင်အတွေ့အကြုံကြောင့် သူသည် အပြင်ဘက်မှ လူများနှင့်ပတ်သတ်ပြီး အမြဲ သဘောမကျခဲ့ပေ။ ထိုသည်ကပင် သူက အစပိုင်း၌ ရီဖူရှင်းအပေါ် အမြင်ကောင်း မရှိခဲ့ခြင်း ဖြစ်ပေသည်။

ယခု လူအများက ဖန်းကိုင့်အား အကွက်ဆင်ကာ လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်အား ခိုးယူရန် ကြိုးစားနေဆဲ ဖြစ်သည်။ ဤအင်အားစုများက အမှန်တကယ်ပင် လေးမျက်နှာကျေးရွာအား သူတို့၏ သားကောင်အဖြစ် သတ်မှတ်ထားပုံရပေသည်။ သူတို့အားလုံးက သူစောင့်ကြည့်နေကြပြီး လူတိုင်းက သူတို့ထံမှ တစ်စိတ်တစ်ဖဲ့အား လိုချင်နေကြပေသည်။

"ဦးလေးဖန်းကလည်း လောကအသေး နတ်ဘုရားနည်းစနစ်ကို ကျင့်ကြံခဲ့တယ်။ သူက အဲဒါကို လက်လွှဲပေးလိုက်ရင် သွမ့်မိသားစုက သူတို့ကို လွှတ်ပေးသင့်တယ်။ အခု သတင်းပြန်ရောက်လာပြီး ဒီအဖြစ်အတွက် ကျွန်​တော်တို့က လက်စားမချေဘူးလို့ သူတို့ တွေးထင်ဖို့ မဖြစ်နိုင်ဘူးလေ။" ရီဖူရှင်းသည်လည်း အလွန် ဒေါသထွက်နေပေမယ့် သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ကြိုးစားနေသည်။

သူသည် ကျင့်ကြံလာသည့် လမ်းတလျှောက်တွင် ထိုသို့ ဆင်တူသည့် ကိစ္စရပ်များစွာကို တွေ့ကြုံဖူးခဲ့သည်။ လေးမျက်နှာကျေးရွာက ကျင့်ကြံခြင်းတွင် ကြီးစွာသော ခွန်အားကို ပြသခဲ့သော်လည်း ၎င်းက အင်အားစုအသစ်တစ်ခုသာ ဖြစ်ပြီး အခြေခံအုတ်မြစ်မှာ လိုအပ်သလောက် မနက်ရှိုင်းသေးပေ။ ထိုအင်အားစုများက သူတို့ကို မကြောက်ရွံ့ကြသလို သူတို့က လေးမျက်နှာကျေးရွာ၏ အစိတ်အပိုင်းတို့အား ဖဲ့ယူချင်နေကြပေသည်။

အထူးသဖြင့် ယနေ့ ရှန်ချင်းနယ်မြေ၌ အပြင်ဘက်သို့ ပျံ့နှံ့နေသည့် နတ်ဘုရားနည်းစနစ်များစွာ ရှိနေပြီး ဖြစ်သည်။ ဥပမာအနေနှင့် နန်ဟိုင်မိသားစုက မုယွင်မိသားစုကို ခေါ်ဆောင်သွားပြီး သံသရာမျက်ဝန်းသည်လည်း ပုံရိပ်ယောင်နတ်ဘုရားနန်းတော်၏ အင်အားသုံး ယူငင်ခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် အခြားအင်အားစုများသည်လည်း တူညီသော အကြံဉာဏ်များ ရှိကြကာ ယနေ့ အခြေအနေမျိုး ဖြစ်လာခြင်း ဖြစ်သည်။

ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစုက အလွန် ရှေးကျသည့် တော်ဝင်မိသားစု ဖြစ်ပြီး ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ ၎င်းက အဆင့်မြင့်ကောင်းကင်သုံးလွှာမှ အလယ်အလတ်အဆင့် တတိယကောင်းကင်မှ ကြီးကျယ်ခမ်းနားသော နောက်ခံနှင့် နတ်ဘုရား၏ မျိုးဆက်ဖြစ်သည်။

အဘိုးမာက သူမပြောခင် နက်နက်နဲနဲ တွေးနေပုံပေါ်သည်။ "ဖန်းကိုင့် ထွက်မသွားခင် ဆက်သွယ်ရေးရတနာတွေ ရဖို့ ကြိုးစားခဲ့တာ မှန်သွားတယ်။ အဲဒါက အနည်းဆုံး တစ်ဖက်လူကို စိုးရိမ်စရာတစ်ခုခု ဖြစ်စေလိမ့်မယ်။ မဟုတ်ရင် အဲဒါက ပိုပြီး အန္တရာယ်များလိမ့်မယ်။ သူ ဘယ်မှာဆိုတဲ့ သတင်းကို ငါတို့ ရနိုင်ကတည်းက သူ့အသက်ကတော့ ချက်ချင်း အန္တရာယ်ရှိမှာ မဟုတ်သေးဘူး။ ဒါပေမယ့် စောင့်ရှောက်သူရဲ့ နတ်ဘုရားတူကိုပါ ထည့်တွက်ရင် အပြင်ကို ပေါက်ကြားသွားတဲ့ နတ်ဘုရားနည်းစနစ်က သုံးခု ရှိနေပြီ။ ငါတို့ အပြင်ဘက်ကို နောက်ထပ် နတ်ဘုရားနည်းစနစ်တစ်ခု ထပ်ပေါက်ကြားခွင့် ပြုလိုက်ရင် လေးမျက်နှာကျေးရွာက လေးမျက်နှာကျေးရွာအဖြစ် ရှိနေဦးမှာလား။ ဖန်းကိုင့်ကို ငါ သိသလောက်တော့ သူက အဲဒါကို လက်လွှဲပေးမှာ မဟုတ်ဘူး။"

ပြောပြီးသည်နှင့် သူက ထရပ်လိုက်သည်။ "သွမ့်မိသားစုကို သွားကြရအောင်။"

သူတို့၌ အခြားမည်သည့် ရွေးချယ်စရာမှ မရှိပေ။ တစ်ဖက်လူက သူတို့၏ လူများကို ခေါ်ဆောင်ထားသဖြင့် သူတို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက် လည်ပတ်ရပေလိမ့်မည်။

ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက တန်ခိုးရှင်များစွာနှင့် နတ်ဘုရားများကုန်းမြေကို အုပ်စိုးသည်။ သူတို့၏ နယ်မြေသို့ ခြေချခြင်းမှာ ကျိန်းသေ ကောင်းသော အကြံဉာဏ်မဟုတ်ပေ။

ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစု၏ အရှင်သခင်က အလွန် ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး ရှန်ချင်းနယ်မြေအတွင်း အသန်မာဆုံးလူများထဲမှ တစ်ယောက် ဖြစ်သည်။ သူက အဘိုးမာ ရင်ဆိုင်၍ ရနိုင်သော တစ်စုံတစ်ယောက် မဟုတ်ပေ။

ဆရာသခင်က လေးမျက်နှာကျေးရွာမှ ထွက်ခွာမသွားနိုင်ချေ။ သူတို့ချည်းသာ သွားလျှင် သူတို့က တာဝန်ကို ပြီး​မြောက်အောင် လုပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။

"အဲဒါက ကောင်းတဲ့ အကြံဉာဏ်ဖြစ်မယ်လို့ မထင်ဘူး။" ရီဖူရှင်းက ပြောလိုက်လျှင် ရုတ်တရက် လူတိုင်း၏ အာရုံက သူ့ထံ ရောက်ရှိလာသည်။ ရီဖူရှင်းက ခေတ္တမျှ တွေးမိနောက် သူ့ခေါင်းကို မော့လာပြီး အဘိုးမာအား ပြောလိုက်သည်။ "ဦးလေးမာ သူတို့ကို သွမ့်မိသားစုကနေ ပြန်ခေါ်လာနိုင်မယ်ဆိုတာ သေချာရဲ့လား။"

အဘိုးမာက ခေါင်းခါလိုက်သည်။ အမှန်တွင် သူက သူ၏ တိုက်ပွဲစွမ်းအားအဆင့်ကိုပင် မသိရှိပေ။ သို့သော် ရှေးဟောင်းတော်ဝင် သွမ့်မိသားစုမှ သွမ့်ထျန်းရှုန်း၏ ခွန်အားက ထိပ်တန်းအဆင့်တွင် ရှိရပေမည်။ သူက ထိုလူထက် သာလွန်နိုင်မည်ဟု မသေချာပေ။

ထို့အပြင် သူတို့က အခြားလူ၏ နယ်မြေသို့ သွားလျှင် အန္တရာယ်က မြင့်မားပေလိမ့်မည်။

"မင်း ဘယ်လိုတွေးထားလဲ။" အဘိုးမာက ရီဖူရှင်းကို မေးလိုက်သည်။

"ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက နတ်ဘုရားနည်းစနစ်ကို လိုချင်တာကြောင့် ကျွန်တော်တို့ရဲ့ လူတွေကို အသုံးပြုပြီး အတင်းအကျပ် တောင်းဆိုချင်နေတယ်။ အဲဒီလိုဆိုမှတော့ သူတို့ရဲ့ ကိုယ်ပိုင်နည်းလမ်းကို ဘာလို့ ပြန်မသုံးရမှာလဲ။" ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ "ကျွန်တော်တို့ သွမ့်မိသားစုက အရေးကြီးအဖွဲ့ဝင်တစ်ယောက်ကို ခေါ်လာနိုင်မယ်ဆို အလဲအလှယ်လုပ်ဖို့ မေးလို့ရတယ်။"

အဘိုးမာက ရီဖူရှင်းကို ကြည့်လိုက်ပြီး လူတိုင်းကလည်း ဂရုတစိုက် နားထောင်နေကြသည်။ ရီ​ဖူရှင်းက နှစ်ပေါင်းများစွာအတွင်း လှည့်လည်သွားလာနေပြီး သူတို့ထက် ပို၍ အတွေ့အကြုံ ရှိပေသည်။ ထို့ကြောင့် သူက မတူကွဲပြားသော အတွေးများ ရှိပေသည်။

"သွမ့်မိသားစုထဲမှာ အစွမ်းထက်တဲ့ လူတွေရှိတာ ငါတို့ သူတို့ရဲ့ အရေးကြီးတဲ့လူကို ဘယ်လိုရနိုင်မလဲ။" အဘိုးမာက မေးလိုက်သည်။

"ကျွန်တော် သွားမယ်။" ရီဖူရှင်းက ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။" အဘိုးမာက ထိုအကြံပြုချက်အား ချက်ချင်း ငြင်းပယ်လိုက်သည်။

"ကျွန်တော် ပြောလို့ မပြီးသေးဘူး။ ဦး​လေးမာက ကိုယ့်အရှိန်အဝါကိုယ် ဖုံးကွယ်ပြီး ပုန်းကွယ်နေနိုင်တယ်။ တစ်ခုခုဖြစ်ရင် ကျုပ်တို့ အများဆုံး လုပ်ဖို့လိုတာက နတ်ဘုရားနည်းစနစ်နဲ့ နားလည်ဖို့ပဲ။ ဒါက သူတို့ လိုချင်တဲ့အရာပဲ။ သွမ့်မိသားစုက လေးမျက်နှာကျေးရွာနဲ့ ရန်ငြိုးမရှိတာကြောင့် သူတို့မှာ ထိန်းချုပ်ကန့်သတ်မှုတချို့တော့ ရှိမှာပဲ။ သူတို့ နတ်ဘုရားနည်းစနစ်ကို ရနိုင်သရွေ့ သွေးကြွေးတွေ ဖြစ်လာမှာကို ရှောင်ရှားဖို့ ကြိုးစားလိမ့်မယ်။" ရီဖူရှင်းက ဖြေညင်းစွာ ပြောလိုက်သည်။ "အခု ကျွန်တော်တို့ ဦးလေးဖန်းကို မကယ်နိုင်ရင် ကျွန်တော်တို့ အလဲအလှယ်တချို့ လုပ်ဖို့ လိုတယ်။ ဒါကြောင့် ဘာလို့ မကြိုးစားကြည့်ရမှာလဲ။"

လူတိုင်း တွေဝေနေစဥ် ရီဖူရှင်းက လက်ကို ဆန့်ထုတ်လိုက်လျှင် သူ့လက်ထဲ၌ မျက်နှာဖုံးတစ်ခု ထွက်ပေါ်လာသည်။ သူက ၎င်းကို တပ်ဆင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ အရှိန်အဝါက ပြောင်းလဲမှုအချို့ ဖြစ်သွားကာ ယခင်နှင့် အနည်းငယ် ကွဲပြားသွားပေသည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက နတ်ဘုရားအရှိန်အဝါ အနည်းငယ်နှင့် နတ်ဘုရားအလင်းတို့ ဝန်းရံထားသော အသက်စွမ်းအားအပြည့်ဖြင့် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရပေသည်။

"ဒီလိုမျိုးဆို သွမ့်မိသားစုထဲမှာ အရင်တုန်းက လေးမျက်နှာကျေးရွာထဲ ကျွန်တော့ကို မြင်ဖူးခဲ့တဲ့သူ ရှိရင်တောင် သူတို့ မှတ်မိနိုင်မှာ မဟုတ်ဘူး။ သွမ့်မိသားစုရဲ့အဓိကလူတွေကို မရနိုင်ရင် ဘာတစ်ခုမှ လှုပ်ရှားမှာ မဟုတ်ဘူး။ ဦးလေးမာက ကျွန်တော့ နောက်ကနေ ထောက်ပံ့ပေးရင် အနည်းဆုံးတော့ စမ်းကြည့်သင့်တယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော်တို့က တစ်ချိန်တည်းမှာ ရှုထောင့်နှစ်မျိုးနဲ့ လုပ်ဆောင်ဖို့ လိုတယ်။ ဓားစာခံတွေ လွှတ်ပေးဖို့ ညှိနှိုင်းဖို့ရာ လေးမျက်နှာကျေးရွာကနေ သံတမန်တစ်ယောက် စေလွှတ်မယ့်အကြောင်း အရင်သတင်းဖြန့်လိုက်ပါ။ အဲဒါဆိုရင် သူတို့လည်း အလျင်စလို မလှုပ်ရှားရဲတော့ဘဲ  တစ်ချိန်တည်းမှာပဲ အာရုံစိုက်မှုတချို့ကို ဆွဲဆောင်လာနိုင်လိမ့်မယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သွမ့်မိသားစုက သတင်းလက်ခံရရှိသည်နှင့် သတိအပြည့်ထားပြီး သူတို့၏ အပြုအမူများကို ဂရုစိုက်ထိန်းချုပ်ပေလိမ့်မည်။

"ဒီအဖြစ်က ကျန်းယဲ့ကြောင့် ဖြစ်ခဲ့တာကြောင့် သူက ဒီကိစ္စထဲ ပါဝင်ပတ်သတ်ချင်တဲ့ ဆန္ဒမရှိပေမယ့် သူက ကိစ္စတစ်ခုလုံးကို မှားယွင်းကိုင်တွယ်ခဲ့တယ်။ ဒါကြောင့် သူ့ အပြစ်ကို ချေဖျက်ဖို့ သံတမန်အဖြစ် ထမ်းဆောင်ခိုင်းလိုက်ပါ။" ရီဖူရှင်းက ပြောလိုက်သည်။ နှစ်ဖက်လုံးက တိုက်ပွဲဖြစ်ခဲ့လျှင်ပင် ပုံမှန်အားဖြင့် သံတမန်အား ထိခိုက်ခွင့်မရှိလေရာ သူ့အတွက် အန္တရာယ် သိပ်မရှိနိုင်ပေ။

လူတိုင်းက ရီဖူရှင်း စကားအား တွေးတော စဥ်းစားနေကြသည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အဘိုးမာက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ။ ရှီခွေ့ မင်းက သတင်းဖြန့်လိုက်ပြီး ကျန်းယဲ့ကို ညှိနှိုင်းဖို့ သွားရအောင် ပြောလိုက်။ အဲဒီအချိန်အတွင်းမှာ ငါက ရီဖူရှင်းနဲ့ လျှို့ဝှက်ထွက်ခွာမယ်။ ရွာထဲက တခြားလူတွေအနေနဲ့ ဒီအတောအတွင်းမှာ ရွာထဲကနေ ထွက်တာကို ​ရှောင်ရှားပြီး ဒီသတင်းကို ထိန်းသိမ်းထားရမယ်။"

"ကောင်းပါပြီ။" လူတိုင်းက သဘောတူညီကာ ခေါင်းညိတ်လိုက်သည်။

ရှီခွေ့က လေးမျက်နှာကျေးရွာ အပြင်သို့ ဦးတည်လိုက်၏။ လူတိုင်းက ရီဖူရှင်းအား တည်ငြိမ်သော အမူအရာနှင့် ကြည့်ကာ ​ပြောလိုက်ကြသည်။ "ဂရုစိုက်ပါ။"

မျက်မမြင်ထျယ်က ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူက ထိုသူများကို တိုက်ရိုက်တိုက်ခိုက်လိုသော်လည်း ရီဖူရှင်း၏ အကြံဉာဏ်က အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း သိသာပေသည်။

ရီဖူရှင်းအတွက် မျက်မမြင်ထျယ်ဖြစ်စေ ရွာထဲမှ မည်သူကဖြစ်စေ သူတို့သည် ရီဖူရှင်းက မည်သို့သော လူမျိုးဖြစ်ကြောင်း ကောင်းစွာ နားလည်ကြသည်။ ဤလူက သူသည် သစ္စာရှိပြီး လေးစားထိုက်သူဖြစ်ကြောင်း သက်​သေပြနေသည်။ ကြည့်ရသည်မှာ ရီဖူရှင်းက အမှန်တကယ် သူ့ကိုယ်သူ ရွာသားတစ်ယောက်အဖြစ် မှတ်ယူထားပုံရ​လေသည်။

ထိုအခိုက်တွင် လူတိုင်း၏ နှလုံးသားထဲတွင် ယခင်က 'အပြင်လူ' ဖြစ်ခဲ့သော ရီဖူရှင်းကို ယခုတွင် သူတို့ထဲမှ တစ်ယောက်အဖြစ် မှတ်ယူလိုက်ပြီ ဖြစ်သည်။

"ဦးလေးမာ ကျွန်တော်တို့ သွားရအောင်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

"အင်း။" အဘိုးမာက ခေါင်းညိတ်လိုက်သည်။

သူတို့နှစ်ယောက်က စကားပြောရင်း လမ်း လျှောက်သွားကြသည်။

"ဆရာ။" အသံတစ်ခုက ခေါ်လိုက်သည်။ ရီဖူရှင်းက ခေါင်းပြန်လှည့်ကာ ကြည့်လိုက်သည့်အခါ ဖန်းချွင့်၏ မျက်လုံးများထဲ၌ မျက်ရည်အပြည့်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သူက ရီဖူရှင်းရှေ့၌ ဒူးထောက်ကာ အရိုအသေ ပေးလိုက်သည်။

"အခုထစမ်း။" ရီဖူရှင်းက ဆူပူ ပြောဆိုလိုက်သည်။ ဖန်းချွင့်က ရီဖူရှင်းအား မော့ကြည့်ကာ အမိန့်အတိုင်း ထရပ်လိုက်သည်။

"ကျင့်ကြံခြင်းလောကမှာ မျက်ရည်ဆိုတာ မရှိဘူး။ ခွန်အားနဲ့ပဲ ဆုံးဖြတ်ရတယ်​။ ရွာက အကြီးအကဲတစ်ယောက်လည်းဖြစ်ပြီး မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ ဒီကိစ္စက ငါ လုပ်သင့်တဲ့အရာပဲ။ ဒူးထောက်ဖို့ မလိုဘူး။" ရီဖူရှင်းက ဖန်းချွင့်ကို ပြောလိုက်သည်။ "နောက်ပိုင်းကျ မင်း ဘယ်နေရာမှာပဲ ကျင့်ကြံပါစေ ကိစ္စမရှိဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့ သတိရပါ။ မင်းရဲ့ မူလရည်ရွယ်ချက်ကို မမေ့နဲ့။"

"ဟုတ်ကဲ့။" ဖန်းချွင့်က ထိုနေရာ၌ ရပ်နေရင်း ပြန်ဖြေလိုက်သည်။ ထိုအခိုက်အတန့်တွင် သူက အမှန်တကယ် ကြီးပြင်းလာသလို ထင်မှတ်ရပေသည်။

"ငါ မင်းရဲ့ အဘိုးနဲ့ အဖေကို ပြန်ခေါ်လာဖို့ သွားကူညီလိုက်ဦးမယ်။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ တခဏအတွင်း၌ သူနှင့် အဘိုးမာသည် မည်သူမှ သတိမထားမိစေဘဲ လေဟာနယ်အလင်းအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပေသည်။

တစ်ချိန်တည်းတွင် ရှီခွေ့က မြို့သခင်ရုံးတော်သို့ သွားကာ ကျန်းယဲ့အား နတ်ဘုရားများကုန်းမြေသို့ သွားရောက်ညှိနှိုင်းရန် အမိန့်ပေးလိုက်သည်။ အချိန်ခဏအတွင်း သတင်းက လေးမျက်နှာမြို့တစ်ခွင်တွင် ပျံ့နှံ့သွားကာ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက လက်မလျှော့သေးဘဲ လေးမျက်နှာကျေးရွာ ပိုင်ဆိုင်သော နတ်ဘုရားနည်းစနစ်ကို တပ်မက်နေဆဲ ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။ သူတို့က အရဲကိုးကာ လေးမျက်နှာကျေးရွာ၏ အကြီးအကဲ ဖန်းကိုင့်နှင့် သူ့သားကိုပင် ဓားစာခံအဖြစ် ခေါ်ဆောင်ထားသေးသည်။

ဤတစ်​ကြိမ်၌ လေးမျက်နှာကျေးရွာက ထိုကိစ္စကို မည်သို့ ကိုင်တွယ်လိမ့်မည်နည်း။ ယခုမှ အပြင်လောကသို့ ဝင်ရောက်လာသော လေးမျက်နှာကျေးရွာက သွမ့်မိသားစုနှင့် တိုက်ခိုက်ရန် နတ်ဘုရားများကုန်းမြေသို့ သွားလိမ့်မည်လား။

***

All Chapters