အပိုင်း ၉၆၁-၉၆၄
Vol. 49 Ch. 961-964
အပိုင်း ( ၉၆၁ )
ကျိန်ဆဲချင်နေရင် ကျိန်ဆဲလိုက်ကြ။
ချန်းဖေးအယ်သည် လုံခြုံရေးအဖွဲ့တွင် အလွန်တင်းကျပ်သော လေ့ကျင့်မှုကို ခံယူခဲ့သည်။
ထောင်ချောက်ဆင်ခြင်းသည် သူတို့အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သည်။
သို့သော် အာသာနှင့် ယှဉ်ပါက ဘာမှမဟုတ်သေးချေ။
" အဆင့်မြင့်လူသတ်သမားတစ်ယောက်ဆီက မျှော်လင့်ထားသလိုပဲ။ ထောင်ချောက်ဆင်တဲ့နည်းလမ်းချည်းပဲ သင်ယူစရာတွေ အများကြီးရှိနေတယ် "
လျုံဖုန်းဟိုင် မတတ်နိုင်ဘဲ သက်ပြင်းချလိုက်သည်။
ရွှေစွပ်ပြုတ်မှ အခြားအဆင့်မြင့်အရာရှိများလည်း ခေါင်းညိတ်သဘောတူကြသည်။
" ဟုတ်တယ်။ ငါတို့ရဲ့ အဆင့်အမြင့်ဆုံး လက်အောက်ငယ်သားတွေကို လွှတ်လိုက်ရင်တောင်မှ မနိုင်မှာကို စိုးရိမ်ရတယ် "
" အဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ စီးရီးယပ်လုပ်ကြံရေးအင်အားစုက သွေးထွက်သံယို စီးပွားရေးတွေမှာပဲ ပါလေ့ရှိတဲ့အတွက် ဒီကဏ္ဍမှာ ငါတို့နဲ့ နှိုင်းယှဉ်လို့ မရဘူး "
" ပြီးတော့ ငါတို့ရဲ့ သူဌေးယဲ့က ကလေးဆန်လွန်းနေတယ် မဟုတ်ဘူးလား။ ဒါက ပြိုင်တာနဲ့တောင် လုံးဝ မတူတော့ဘူး။ အားလပ်ရက်နဲ့တောင် ပိုတူနေသေးတယ် "
" ငါတို့ ဒီအချီကို ရှုံးသွားရင် စီးရီးယပ်လုပ်ကြံရေးအင်အားစုရဲ့ အဖွဲ့ဝင်တွေအတွက် စာချုပ်ကို တစ်နှစ်အထိ လျှော့ပေးရမှာ "
" ငါ သူဌေးယဲ့ ပြိုင်တာကို မစောင့်နိုင်တော့ဘူး။ ရှုံးရင်တောင် အရမ်းကြီး ရှုံးမှာမဟုတ်ဘူး ဟုတ်တယ်မလား "
" ဟူး .... "
သေနတ်ပြိုင်ပွဲတွင် ယဲ့ဖန်၏ စွမ်းဆောင်ရည်သည် အလွန်အမင်း အံ့သြဖွယ်ကောင်းခဲ့သောကြောင့် သူတို့အားလုံး စိတ်ချယုံကြည်ခဲ့ကြသည်။
သို့သော် စုံစမ်းရေးနှင့် တန်ပြန်စုံစမ်းရေးတွင် သူ၏ စွမ်းဆောင်မှုမှာ အပျော်တမ်းဆန်လွန်းလှသည်။
သူတို့သည် ထိုပွဲအတွက် မျှော်လင့်ချက် မရှိကြတော့ပေ။
ဆိုးဆိုးရွားရွား မရှုံးရန်သာ မျှော်လင့်ကြတော့သည်။
သို့သော် အရာရာတိုင်းသည် ဆန္ဒအတိုင်း ဖြစ်မလာပေ။
ယဲ့ဖန်၏ နောက်ထပ်လှုပ်ရှားမှုသည် 'အပျော်တမ်း'၏ အဓိပ္ပါယ်ကိုပင် လုံးဝ ကျော်လွန်သွားခဲ့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် သစ်ပင်ကြီးတစ်ပင်အောက်တွင် ကျင်းတူးကာ ပစ္စတိုကို ပစ်ချပြီး မြေကြီးထဲတွင် မြှုပ်နှံပြီးနောက် အကြိမ်ပေါင်းများစွာ တက်နင်းခဲ့သေးသည်။
ထို့နောက် ..... သူက တခြားဘာမှ မလုပ်တော့ချေ။
ဒါပဲလား။
ရှိနေသူအားလုံးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းထဲတွင် မေးခွန်းအမှတ်အသားများဖြင့် ပြည့်နေသည်။
အပျော်တမ်းလူတောင် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး မဟုတ်လား။
ဒါက မိုက်မဲတာပဲ။
" ဒါ...ဒါက အဓိပ္ပာယ်မရှိဘူးမလား။ ဒါပဲလား "
" ငါ ဆဲလိုက်ရ။ ဟာသလုပ်နေတာလား။ တွင်းလေးတစ်ခု တူးပြီး မြှုပ်လိုက်တာတဲ့လား။ ဘာနဲ့မှတောင် ဖုံးမထားဘူးတဲ့လား "
" ဒါပဲ ထင်တယ်။ ထောင်ချောက်တစ်ခုမှတောင် မထောင်ထားဘူ။ ဒါက ကလေးတွေ ကစားနေသလိုမျိုးပဲ မဟုတ်လား "
" အာသာက စုံစမ်းဖို့တောင် လိုသေးရဲ့လား။ မျက်မမြင်တစ်ယောက်တောင်မှ သူဝှက်ထားတဲ့ သေနတ်ကို ရှာတွေ့နိုင်မှာပဲ ”
" ပြီးပြီ၊ ဒီတစ်ခါတော့ လုံးဝကို ပြီးသွားပြီ... "
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ အစောင့်များသည် ကျိန်ဆဲနေကြသည်။
ယဲ့ဖန်၏ လုပ်ဆောင်ချက် အပေါ် သူတို့ သိသိသာသာ စိတ်ပျက်သွားကြသည်။
ထိုလူသည် လမ်းတလျှောက် ခြေရာအများကြီး ချန်ထားခဲ့ပြီး အခုချိန်မှာပင် သူ၏ သေနတ်ကို သိသာစွာ ဝှက်ထားခဲသည်။
သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် သူ့ကိုယ်သူ အရှုံးခံနေခြင်းသာ ဖြစ်သည်။
မကျေမနပ်ဖြစ်နေသောသူများမှာ ရွှေစွပ်ပြုတ်မှ လုံခြုံရေးအစောင့်များသာ မဟုတ်ချေ။
စီးရီးယပ်လုပ်ကြံရေးအင်အားစုမှ အဖွဲ့ဝင်များသည်လျှင်ပင် အနည်းငယ် ဒေါသထွက်နေလေကြသည်။
အာသာသည် ထိပ်တန်း လူသတ်သမားတစ်ယောက်လေ။
သူ့ကို လှည့်စားဖို့ ဒီအကွက်တွေကိုသုံးနေတာလား။
ဒါက ရည်ရွယ်ချက်ရှိရှိ စော်ကားနေတာပဲ မဟုတ်လား။
ချန်းဖေးအယ်သည် အပ်များပေါ်တွင် ထိုင်နေရသကဲ့လို ခံစားနေရသည်။
ဤနေရာတွင် သူမအား ယဲ့ဖန်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတ်မှတ်နိုင်လေသည်။
ယဲ့ဖန် ကောင်းစွာ စွမ်းဆောင်နိုင်လျှင် သူမသည် အောင်မြင်မှုဂုဏ်ကို မျှဝေနိုင်မည် ဖြစ်သည်။
သို့သော် ထိုကောင်လေး၏ စွမ်းဆောင်ရည်သည် ဆိုးရွားလွန်းသောကြောင့် သူမကိုပင် အရှက်ရစေခဲ့သည်။
တန်ပြန်စုံစမ်းရေး ပထမတစ်ဝက်တွင် ယဲ့ဖန်၏ စွမ်းဆောင်ရည်သည် လုံးဝပင် ဆိုးရွားသွားခဲ့သည်။
ကျန်သည့် ပြိုင်ပွဲကို ကြည့်စရာပင် မလိုတော့ချေ။
သူ သေချာပေါက် ရှုံးမှာပဲ။
တခြားသူများသည် သူ့ကို ကြည့်ရန် စိတ်မကူးတော့ဘဲ အာသာဘက်သို့ လှည့်လိုက်ကြသည်။
ယခုအချိန်တွင် အာသာသည် ထောင်ချောက်များကို တပ်ဆင်ထားပြီး သဲလွန်စအားလုံးကို ရှင်းလင်းနေပြီဖြစ်သည်။
ထို့နောက် သူသည် အကြိမ်အနည်းငယ် သေချာစွာ စစ်ဆေးပြီး ယဲ့ဖန်ကို ခြေရာခံခြင်းမပြုမီ နောက်ထပ်ခြေရာများ မရှိတော့ကြောင်း အတည်ပြု ထပ်စစ်ဆေးခဲ့သည်။
သူ တပ်ဆင်ထားသည်များကို မြင်လိုက်ရသောအခါ အားလုံးသည် ပြောစရာစကား ပျောက်ဆုံးသွားကြသည်။
ထောင်ချောက်ဆင်ခြင်း၏ လုပ်ငန်းစဉ်တစ်ခုလုံးကို သူတို့မမြင်ခဲ့လျှင် ထောင်ချောက်ကို လုံးလုံး ရှာတွေ့လိမ့်မည် မဟုတ်ပေ။
ခြေရာခံနိုင်ရန် မည်သည့်အရာမှ မကျန်ခဲ့ပေ။
" သူ့ရဲ့ လက်ရှိ စွမ်းဆောင်ရည်က ပြီးပြည့်စုံတယ် "
လျုံဖုန်းဟိုင်သည် ချက်ချင်း လှည့်၍ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အခြား အဆင့်မြင့်အရာရှိများကို ပြောလိုက်သည်။
တခြားသူများလည်း ခေါင်းညိတ်ကြလေသည်။
သံသယဖြစ်စရာ မရှိချေ။
အာသာ၏ စွမ်းဆောင်မှုသည် ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူအဖြစ် သူ၏ ရာထူးနှင့် ထိုက်တန်ပေသည်။
လူတိုင်းသည် စွမ်းဆောင်ရည်ရှိသူများအား ချစ်ကြသည်ဟူသော ဆောင်ပုဒ်အတိုင်းပင် ဖြစ်လေသည်။
သို့သော် သူတို့သည် အာသာကို ပို၍သဘောကျလာကြလေလေ၊ ယဲ့ဖန်ကို ပို၍ မုန်းလာကြလေလေ ဖြစ်နေလေသည်။
သူ စုံစမ်းရေးနဲ့ တန်ပြန်စုံစမ်းရေးမှာ မကျွမ်းဘဲ စိန်ခေါ်တာကို ဘာလို့ သဘောတူခဲ့တာလဲ။
သူ ရရှိထားပြီးသား နှစ်၂၀စာချုပ်က ဒီအတိုင်း အဆုံးသတ်တော့မှာလား။
ဘယ်လောက်တောင် ဒေါသထွက်စရာ၊ ဝမ်းနည်းစရာ ကောင်းလိုက်လဲ။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် အာသာ၏ နေရာကို စတင်စုံစမ်းသည်။
အသေးစိတ်အချက်အလတ်တိုင်းကို ဂရုတစိုက်စောင့်ကြည့်ခဲ့သော အာသာနှင့်မတူဘဲ သူသည် လှည့်ပတ်ကြည့်စရာမလိုဘဲ အေးအေးဆေးဆေး လျှောက်သွားလေသည်။
“ ဒါက ဘယ်လို ကင်းထောက်နေတာဖြစ်မလဲ။ ဒါက စျေးဝယ်နေသလိုမျိုးပဲ “
လူတိုင်းသည် ခေါင်းယမ်းပြီး သက်ပြင်းချကြသည်။
ဒီသူဌေးက နောက်ထပ် အပျော်တမ်းလုပ်နေပြန်ပြီလား။
အကယ်၍ စစ်မြေပြင်တွင်သာဆိုလျှင် အကြိမ်ပေါင်း ၈၀၀မက သေပြီးနေပြီ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် အာသာသည် ပို၍ ပညာရှင်ဆန်သည်။
လမ်းတလျှောက်တွင် သံသယဖြစ်စရာ ခြေရာများကို တစ်ခုပင် မလွတ်ခဲ့ပေ။
ယဲ့ဖန်နင်းသွားသော နေရာကို ရှာရန် ဆယ်မိနစ်မျှသာ ကြာလေသည်။
လျုံဖုန်းဟိုင်နှင့် အခြားသူများသည် သူတို့၏ နှလုံးသားထဲမှ အေးစက်မှုကို ခံစားလိုက်ရသည်။
ပြီးသွားပြီ။
ပွဲသည် ယခုချက်ချင်းပင် အဆုံးသတ်သွားနိုင်သည်။
ယဲ့ဖန်သည် သူ၏ လမ်းကြောင်းများကို လုံးဝမဖုံးထားပေ။
သူ၏ သေနတ်ဝှက်ထားသော နေရာကိုရှာရန် မည်သည့် အတားအဆီးမျှ မရှိချေ။
ချန်းဖေးအယ်သည် သူတို့ဘေးမှာ ထိုင်နေသည်ကြောင့်သာ မဟုတ်လျှင် သူတို့ကို ကျိန်ဆဲနေပြီ ဖြစ်သည်။
“ အဆင်ပြေပါတယ်။ ရှင်တို့ သူ့ကို ဆဲဆိုချင်နေရင်လဲ ဆဲလိုက်ကြ ”
ချန်းဖေးအယ်သည် လှည့်ပြီး ပြောလိုက်သည်။
တကယ်တော့ သူမသည်လည်း သူ့အား ဆဲဆိုချင်နေလေသည်။
အဓိက အကြောင်းအရင်းမှာ ယဲ့ဖန်၏ စွမ်းဆောင်မှုများသည် အလွန်ပင် ဒေါသထွက်စရာကောင်းလွန်းသောကြောင့် ဖြစ်လေသည်။
သူ့ကိုယ်သူ သေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်သည်။
အသံတိုးတိုးလေးဖြင့် ဆွေးနွေးနေကြစဉ် တစ်စုံတစ်ယောက်၏ အော်သံကို ရုတ်တရက် ကြားလိုက်ရသည်။
" လူကြီးမင်းယဲ့က တကယ် ရှာတွေ့သွားပြီ "
ထိုအသံသည် သံသယများ၊ အံ့သြမှုများ၊ထိတ်လန့်မှုများနဲ့ ပြည့်နှက်နေသည်။
ယဲ့ဖန်သည် အေးဆေးစွာ လမ်းလျှောက်နေချိန်တွင် အားလုံး လှည့်ကြည့်လိုက်သောအခါ သူသည် အာသာ၏ သေနတ်ကို ဝှက်ထားသည့်နေရာသို့ အမှန်တကယ် ရောက်ရှိသွားသည်ကို တွေ့လိုက်ကြရသည်။
" သူ... သူ ဘယ်လိုလုပ်ပြီး ရှာနိုင်တာလဲ "
" ဒါက မဖြစ်နိုင်ဘူး။ ခြေရာခံဖို့ များများစားစားတောင် မလုပ်လိုက်ဘဲ လွယ်လွယ်နဲ့ ဘယ်လိုရှာတွေ့သွားတာလဲ ”
" အခု ငါတို့ လွတ်သွားတာ ဘာရှိသေးလဲ။ ဘာလို့ နားမလည်နိုင် ဖြစ်နေရတာလဲ "
" ဒီကောင်က သူ့ခေါင်းထဲမှာ ခြေရာခံစက်ပါတာလား။ ဒီလိုနည်းနဲ့ အာသာရဲ့ ဝှက်ထားတဲ့နေရာကို သူရှာတွေ့ခဲ့တာလား ”
“ ဒီဇာတ်ကွက်ကို စဉ်းစားရတာနဲ့ ခေါင်းမီးတောက်တော့မယ်။ ငါ နားမလည်နိုင်သေးဘူး…”
လူအများသည် အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်ကြသည်။
သူတို့သည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
ဤလုပ်ရက်သည် သူတို့၏ နားလည်နိုင်စွမ်းကို လုံးဝပင် ပြေညင်းပြန်လှန်ပစ်လိုက်ခြင်း ဖြစ်သည်။
အာသာသည် လမ်းတစ်လျှောက်လုံးရှိ သူ၏ခြေရာများကို ဖျောက်ဖျက်ခဲ့သည်။
စစ်မှုထမ်းဟောင်းများ ဖြစ်မည်ဆိုလျှင်ပင် သဲလွန်စကို ရှာမတွေ့နိုင်ပေ။
သို့သော် ယဲ့ဖန်သည် လွယ်လွယ်ကူကူ ရှာတွေ့ခဲ့သည်။
ဤဖြစ်ရပ်သည် တိုက်ဆိုင်မှုတစ်ခု ဖြစ်မည်လား။
သို့မဟုတ် ကြိုတင်ဇာတ်တိုက်ထားမှု ဖြစ်မည်လား။
သူတို့၏ ဦးနှောက်ဖြင့် လိုက်မမှီနိုင်တော့သည်ကို သဘောပေါက်သွားကြလေသည်။
သူတို့အားလုံးသည် ချန်းဖေးအယ်ကို ကြည့်ပြီး သူမဆီမှ အဖြေတစ်ခုရရန် မျှော်လင့်နေကြလေသည်။
“ ကျွန်မကို မကြည့်ကြနဲ့။ ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်မလဲ မသိဘူး။ ”
ချန်းဖေးအယ်သည် ဗီဒီယိုကို မျက်နှာသေဖြင့် ကြည့်နေလေသည်။
ယဲ့ဖန် ဤနေရာကို မည်သို့ ရှာတွေ့ခဲ့သည်ကို သူမ နားမလည်နိုင်ချေ။
ဤလူလုပ်သစ်တောကြီးသည် သေးငယ်သည်မဟုတ်ပေ။
ဤနေရာတွင် လူတစ်ဦး မြှုပ်နှံထားသည်ကို ရှာတွေ့ရန် မလွယ်ကူပေ။
ကောက်ရိုးပုံတွင် အပ်တစ်ချောင်း ရှာနေသကဲ့ ဖြစ်ပေမည်။
သို့သော် ယဲ့ဖန်သည် သူ့၌ GPS စနစ်ရှိသကဲ့သို့ အလွယ်တကူရှာတွေ့ခဲ့သည်။
အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလှလေသည်။
“ အာသာကရော သေနတ်ကို ရှာတွေ့နိုင်မလား၊ ကြည့်ရအောင်။ ”
လျုံဖုန်းဟိုင်သည် အားလုံးကို စိတ်အေးအေးထားရန် တောင်းဆိုလိုက်သည်။
ယဲ့ဖန်သည် အာသာ၏ ဖွက်ထားသည့် နေရာကို အလွယ်တကူ ရှာတွေ့နိုင်ခဲ့ခြင်းသည် အလွန်ပင် အံ့ဩစရာ ကောင်းလှလေသည်။
သို့သော် အာသာသည် ထိုနေရာတွင် ထောင်ချောက်များစွာကို တပ်ဆင်ထားလေသည်။
ယဲ့ဖန်သည် ထိုထောင်ချောက်များကို ဖြိုခွဲနိုင်မည် မဟုတ်ပေ။
အားလုံးသည် ထိုအရာကို နားလည်ကြပြီး ယဲ့ဖန်ကိုစိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။
အာသာ၏ အခြေအနေကို မည်သူမျှမှ ဂရုမစိုက်တော့ချေ။
ထိုအချိန်တွင် ယဲ့ဖန်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူ၏ အကြည့်များသည် ရုတ်တရက် သစ်ပင်ပေါ်တွင် ရပ်တန့်သွားသည်။
သူသည် ယုံကြည်မှုရှိသော အပြုံးကို ပြုံးပြီး အမြန်လျှောက်သွားလေသည်။
ဧည့်ခန်းထဲရှိ လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားလေသည်။
ပြီးသွားပြီ။
သူ ပြုတ်ကျတော့မယ်
ထိုအရာသည် အာသာ၏ ထောင်ချောက်တစ်ခုဖြစ်သည်။
ချန်းဖေးအယ်သည် သူ့ကို သတိပေးလိုသောစိတ်ဖြင့် ကြောက်ရွံ့စွာ မတ်တပ်ထရပ်လိုက်သည်။
ထိုကောင်လေးသည် သူမနှင့် အဝေးတွင်ရှိနေသည်ကို ရုတ်တရက် သတိရသွားလေသည်။
သူမထံတွင် ဆက်သွယ်ရေးပစ္စည်းမရှိသောကြောင့် သူ့ကို လုံးဝသတိမပေးနိုင်ပေ။
ပြီးသွားပြီ။
ပွဲက ပြီးခါနီးပြီ။
.........................
ယဲ့ဖန်သည် ထောင်ချောက်ထဲသို့ တစ်ဆင့်ပြီး တစ်ဆင့် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ အားလုံးသည် စိုးရိမ်နေကြလေသည်။
သို့သော် သူသည် ထောင်ချောက်ထဲသို့ ခြေလှမ်းလိုက်သည်နှင့် ရုတ်တရက် ရပ်တန့်လိုက်လေသည်။
ထို့နောက် ထိုင်ချလိုက်ပြီး လက်ကို မြှောက်လိုက်သည်။
သစ်ရွက်များနှင့် မြက်ပင်များ အောက်တွင် ဝှက်ထားသော မိုးကာအစကို ချက်ချင်း ဖယ်ရှားလိုက်သည်။
အောက်၌ တွင်းတစ်ခုရှိ၍ တွင်းသည် သစ်ကိုင်းများဖြင့် ပြည့်နေ၏။
အာသာသည် သက်ညှာထားလေသည် ။
အကိုင်းအခက်များကို ချွန်ထက်နေစေရန် မပြုလုပ်ခဲ့ပေ။
အကိုင်းအခတ်များပေါ်တွင် အဆိပ်များလည်း မလိမ်းခဲ့ပေ။
မဟုတ်လျှင် နင်းမိလိုက်သည်နှင့် သူ၏ခြေထောက်တစ်ဖက် ပြတ်သွားလိမ့်မည်ဖြစ်သည်။
ယဲ့ဖန်သည် သူ၏ လက်ထဲရှိ မိုးကာစကို လွှင့်ပစ်လိုက်ပြီး ပတ်ပတ်လည်ကို ဆက်ရှာနေသည်။
ထိုအခါမှသာ လူတိုင်းသည် သက်ပြင်းချနိုင်ကြသည်။
အနည်းဆုံးတော့ အန္တရာယ်ကို ခဏတာ ကျော်လွှားနိုင်ခဲ့ပြီ။
တစ်ချိန်တည်းမှာပင် အာသာသည် ရှေ့သို့ ဆက်သွားရန် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည်။
သို့သော် လူတိုင်း ပဟေဌိဖြစ်နေသည့်အရာမှာ သူသည် အလွန်ပင် နှေးကွေးစွာ ဆောင်ရွက်နေခြင်းဖြစ်သည်။
သူသည် ပြဿနာအချို့ရှိသကဲ့သို့ ခြေလှမ်းသုံးလှမ်း၊ နှစ်လှမ်း လှမ်းပြီးတိုင်းကို ရပ်တန့်လိုက်သည်။
အပိုင်း ( ၉၆၂ )
သူ ... သူဘာလို့ ဒီမှာပေါ်လာတာလဲ။
" သူက ဘာလို့ ဒီလောက်နှေးနေတာလဲ။ လူကြီးမင်းယဲ့က ခြေရာတွေ အများကြီး ချန်ထားခဲ့တာ ထင်ရှားပါတယ်။ သူ ဒါကို လွယ်လွယ် ရှာတွေ့သင့်တယ် "
" သူက နည်းနည်း အကြောက်လွန်နေတာ မဟုတ်လား။ လူကြီးမင်းယဲ့က ထောင်ချောက်တွေတောင် လုံးဝ မချထားဘူး “
“ အင်း… ငါနားလည်ပြီ။ အာသာက သူ့ရဲ့ ပုံမှန်အကျင့်အတိုင်း တွေးတောနေတာ။ ဒီထောင်ချောက်က လူကြီးမင်းယဲ့ တမင်တကာ ချမှတ်ထားတဲ့ ထောင်ချောက်တစ်ခုလို့ ထင်နေတာ။ ဒါကြောင့် သူက ရှေ့ကို တဇွတ်ထိုး လျှောက်သွားဖို့ မဝံ့မရဲ ဖြစ်နေတာ။ ”
“ အဲ့တာ အဓိပ္ပာယ်ရှိတယ်…”
အားလုံးသည် သဘောပေါက်သွားကြသည်။
အာသာ၏ ယခင် ပြိုင်ဘက်အားလုံးသည် ရှင်လျှင် ရွှေထီး၊ သေလျှင် မြေကြီးဖြစ်သည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။
ပြိုင်ဖက်များသည် ကင်းထောက်နှင့် ကင်းထောက်ဆန့်ကျင်ရေး ကျွမ်းကျင်သူများလည်း ဖြစ်ကြသည်။
ရန်သူကို ထောင်ချောက်ထဲသို့ သွေးဆောင်ရန် သဲလွန်စအချို့ ချန်ထားခဲ့တတ်သည်။
ထို့ကြောင့် အာသာသည် ယဲ့ဖန်ကို တိုက်ခိုက်သောအခါ ယဲ့ဖန်သည် 'ကျွမ်းကျင်သူ' ဖြစ်မည်ဟု သူယူဆခဲ့သည်။
ယဲ့ဖန်၏ ချန်ထားခဲ့သော အမှတ်အသားများသည် သိသာလွန်းသည်။
အပျော်တမ်း ကစားသမားသည်ပင် ဤကဲ့သို့ ထင်ရှားသော အမှတ်အသားများကို ထားခဲ့မည် မဟုတ်ချေ။
ဤအရာသည် အာသာကို သံသယဖြစ်စေသည်။
တခြားတစ်ဖက်သည် သူ့အား တမင် ဖြားယောင်းနေသည်ဟု သံသယရှိသည့်အတွက် အရှိန်လျှော့လိုက်လေသည်။
ဤလုပ်ရပ်ကို နားလည်ပြီးနောက်တွင် ထူးဆန်းတဲ့အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ရယ်ရမလား ငိုရမလား မသိကြပေ။
ဒီလူကြီးမင်းယဲ့က တကယ်ပဲ မိုက်မဲတာလား၊ ဒါမှမဟုတ် တုံးအချင်ယောင် ဆောင်နေတာလား။
သူတို့ ကြည့်နေရင်းပင် ပို၍ စိတ်ရှုပ်လာကြလေသည်။
သို့သော် ယဲ့ဖန်သည် သူတို့ကို မြန်မြန် အဖြေပေးခဲ့သည်။
သူ တကယ်ပဲ မိုက်မဲခဲ့ခြင်းဖြစ်သည်။
သူသည် ထောင်ချောက်တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း သူသည် တစ်ခုကို ကျော်ဖြတ်ခဲ့ပြီးနောက် အခြားထောင်ချောက်ဧရိယာသို့ ရောက်နေလေသည်။
သူသည် အာသာ၏ ဆံပင်များဖြင့် ပြုလုပ်ထားသော ထောင်ချောက်ကို မတော်တဆ ကန်မိသွားသည်။
ဝူး၊ ဝူး၊ ဝူး…
သစ်ပင်အကိုင်းအခက်များမှ ပြုလုပ်ထားသော မြှားအနည်းငယ်သည် သူ၏ မျက်နှာဆီသို့ ချက်ချင်း ပျံလာကြလေသည်။
မြားများသည် ချွန်ထက်နေသည်။
မျက်နှာကို ထိမိပါက အနည်းငယ် နာကျင်နိုင်သော်လည်း အသက်တော့ မသေနိုင်ပေ။
တကယ့် စစ်မြေပြင်တွင်သာဆိုလျှင် ဤမြှားခေါင်းများကို ချွန်ထက်နေစေရုံသာမက အဆိပ်များလည်း လိမ်းထားပေလိမ့်မည်။
တစ်ချက် ထိုးမိလိုက်သည်နှင့် သေမှာ အသေအချာပင်ဖြစ်သည်။
ဤသည်မှာ အာသာသည် သက်ညှာထားသည်ကို ပြသနေခြင်း ဖြစ်သည်။
ယဲ့ဖန်သည် သိသိသာသာ ထိတ်လန့်သွားသည်။
ခေါင်းငုံ့ကာ နောက်ပြန်ဆုတ်သွားလေသည် ။
သူ၏ ရှောင်တိမ်းသည့် အရှိန်သည် အလွန်လျင်မြန်ပြီး ထိုမြှားများ၏ တိုက်ခိုက်ခြင်းကို ရှောင်တိမ်းနိုင်ခဲ့သည်။
သို့သော် သူ သက်ပြင်းတစ်ချက် မချမီတွင် အခြားထောင်ချောက်တစ်ခုထဲသို့ တိုးဝင်နေပြီ ဖြစ်လေသည်။
သူသည် မြှားကို ရှောင်နေချိန်၌ ညာခြေဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကြိုးကွင်းထဲသို့ ဝင်သွားလေသည်။
ကြိုးကွင်းသည် ချက်ချင်းကျုံ့သွားပြီး သူ၏ ခြေကျင်းဝတ်ကို ချည်နှောင်လိုက်သည်။
ထို့နောက် သူ့တစ်ကိုယ်လုံးကို ဆွဲသွားကာ လေထဲတွင် ချိတ်ဆွဲခံလိုက်ရလေသည်။
ဧည့်ခန်းထဲတွင် လျုံဖုန်းဟိုင်၊ ချန်းဖေးအယ် နှင့် အခြားသူများသည် သူတို့၏ နဖူးပေါ် လက်တင်ကာ သက်ပြင်းချလိုက်ကြသည်။
ဤရလဒ်ကို သူတို့ မျှော်လင့်ထားသင့်သော်လည်း ဤကောင်လေး၏ အံ့သြစရာကောင်းသော စွမ်းဆောင်ရည်ကြောင့် သူတို့တွင် မျှော်လင့်ချက်များ တဖျပ်ဖျပ်နှင့် ရှိနေခဲ့သည်။
အဆုံးတွင် သူ ကျရှုံးသွားလိမ့်မယ်ဟု သူတို့ မမျှော်လင့်ထားပေ။
သူတို့ သက်ပြင်းချနေကြရင်း ကင်မရာသည် ရုတ်တရက် မည်းသွားပြီး ယဲ့ဖန်၏ မြင်ကွင်းသည် ပျောက်ကွယ်သွားသည်။
" ဘာဖြစ်တာလဲ "
လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နေလေသည်။
“ သူက ထောက်လှမ်းတဲ့ကင်မရာကို တမင်တကာ ပိတ်လိုက်တာပဲ။ ငါတို့ကို မမြင်စေချင်လို့ ဖြစ်မယ် ”
လျုံဖုန်းဟိုင်သည် ပုခုံးတွန့်လိုက်လေသည် ။
အားလုံးသည် ရယ်ချင်နေကြသော်လည်း ချန်းဖေးအယ်ရှိနေသောကြောင့် ထိန်းထားနေကြရလေသည်။
ဒီကောင်လေးက ရှက်လို့ ကင်မရာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်သွားတာ ဖြစ်နိုင်လား။
ဘာပဲဖြစ်ဖြစ် ဒီပွဲက ရှုံးနေပြီ။
ကင်မရာကို ပိတ်ထားစရာ အကြောင်းမရှိပါဘူး။
ယခုအချိန်တွင် သူတို့သည် ယဲ့ဖန်၏ လျှို့ဝှက်ထားသောသေနတ်ကို အာသာ ရှာတွေ့နိုင်မည်ကိုသာ စောင့်ရန် လိုပေတော့သည်။
အားလုံးသည် အာသာကို ကြည့်နေကြလေသည်။
ယခုအချိန်တွင် သူ၏ သတိထားချက်များသည် မလိုအပ်ကြောင်းကို သူ သဘောပေါက်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့ကြောင့် သူသည် ခြေရာခံသည့် အရှိန်ကို ချက်ချင်း မြှင့်တင်လိုက်သည်။
ငါးမိနစ်ခန့်ကြာသောအခါ ယဲ့ဖန်၏ သေနတ် ဝှက်ထားသည့် နေရာသို့ သူရောက်သွားသည်။
သူသည် ပတ်ဝန်းကျင်ကို ပထမဆုံး ဂရုတစိုက်ကြည့်ရှုခဲ့ပြီး ထောင်ချောက်များကို ရှာမတွေ့ခဲ့ပေ။
သူ၏ မျက်နှာတွင် အံ့ဩသောအမူအရာတစ်ခု ပေါ်လာသည်။
ပြိုင်ဘက်သည် ဘာကြောင့် ထောင်ချောက်မထောင်သည်ကို သူ လုံးဝ နားမလည်နိုင်ပေ။
အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် အကြောင်းပြချက်ကို မတွေးနိုင်သဖြင့် စဉ်းစားရန် အလွန်ပင် ငြီးငွေ့လာသည်။
ထောင်ချောက်ဖြစ်နိုင်ချေကို ဖယ်ရှားပြီးသည်နှင့် စိတ်အေးလက်အေးပင် သေနတ်ဝှက်ထားသောနေရာသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေလေသည်။
ယဲ့ဖန်သည် သဲလွန်စများကို မဖျောက်ဖျက်ခဲ့သောကြောင့် မျက်စိရှေ့မြင်သရွေ့ သူတို့မြင်နိုင်မည်ဖြစ်သည်။
သူသည် ဂရုမပြုမိစွာဖြင့် တူးရန် ဂေါ်ပြားကို အသုံးပြုနေလေသည်။
ခဏအကြာ တူးဖော်ပြီးနောက် ယဲ့ဖန် မြှုပ်ထားသော သေနတ်ကို တူးဖော်လိုက်လေသည်။
ဧည့်ခန်းမှ လူအားလုံးသည် ချက်ချင်းပင် သက်ပြင်းချလိုက်ကြသည်။
ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ဤဖြစ်ရပ်သည် အမှန်တကယ်ပင် ရှက်စရာကောင်းလွန်းလှသည်။
အာသာသည် ယဲ့ဖန်၏ ဝှက်ထားသော သေနတ်ကို အားစိုက်ထုတ်ကာ ရှာတွေ့ခဲ့သည်။
လျုံဖုန်းဟိုင်နှင့် အခြားအမှုဆောင်များသည် မဲ့ပြုံး ပြုံးနေကြသည်။
အကယ်၍ သူတို့သည် ဤအကျော့ကို ရှုံးနိမ့်ပါက စီးရီးယပ်လုပ်ကြံရေးအင်အားစုအဖွဲ့ဝင်များ၏ စာချုပ်ကို အနှစ်နှစ်ဆယ်မှ တစ်နှစ်သို့ လျှော့ချပေးရမည် ဖြစ်သည်။
တစ်နှစ်ပြီးပါက စာချုပ်သက်တမ်းတိုးမည်လား ဆိုသည်မှာ ပြောရန်ခက်သည်။
သို့သော် ရလဒ်သည် ဤကဲ့သို့ ဖြစ်နေပြီး ဖြစ်လေသည်။
သူတို့တွင် တခြားရွေးချယ်စရာ မရှိတော့ပေ။
အာသာသည် သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခုလည်း ရှိနေလေသည်။
သူသည် ယဲ့ဖန်၏ စွမ်းဆောင်ရည်ကို လှောင်ပြောင်နေသည်လား၊ သို့မဟုတ် သတိထားလွန်းသည့် သူ့ကိုယ်သူ လှောင်ပြောင်နေသည်လား မသိနိုင်ပေ။
သူသည် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည် ။
သူသည် ယဲ့ဖန်၏ လျှို့ဝှက်သေနတ်ကို ကောက်ယူပြီး ပွဲပြီးဆုံးကြောင်း ကြေညာတော့မည် ဖြစ်လေသည်။
သို့သော် ဤအချိန်တွင် သူ၏ မျက်နှာပေါ်ရှိ အပြုံးများသည် အေးခဲသွားသည်။
အန္တရာယ်။
ဘဝနှင့်သေခြင်းကို တွေ့ကြုံခံစားဖူးသူ၏ ပင်ကိုယ်အသိစိတ်ပင် ဖြစ်လေသည်။
မသိစိတ်က ဆုတ်ခွာချင်လာသည်။
သို့သော် အလွန် နောက်ကျသွားပြီ ဖြစ်လေသည်။
ရုတ်တရက် သူ၏ ခေါင်းပေါ်မှ ရုပ်သွင်တစ်ခု ခုန်ဆင်းလာလေသည်။
အေးစက်စက် ပစ္စတိုတစ်လက်သည် သူ့ခေါင်းကို ချိန်ထားကာ သူ့ခန္ဓာကိုယ်မှ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားသည်။
" မင်းရှုံးသွားပြီ "
ထိုပြောင်းလဲမှုသည် ရုတ်တရက်ဖြစ်လွန်းသဖြင့် ဧည့်ခန်းရှိ လူတိုင်းသည် အချိန်အကြာကြီး အာရုံပြန်မကပ်နိုင်တော့ဘဲ နေရာမှာပင် ထိတ်လန့်သွားကြသည်။
ဗီဒီယိုထဲရှိ ယဲ့ဖန်၏ ခန္ဓာကိုယ်မှာ သစ်ပင်ပေါ်မှ ပြောင်းပြန် တွဲလောင်းကျနေသည်။
သူသည် ပစ္စတိုသေနတ်ကိုကိုင်ကာ အာသာ၏ခေါင်းကို ချိန်ထားလေသည်။
သူ့မျက်နှာတွင် အောင်ပွဲခံသော အပြုံးတစ်ခုရှိသည်။
" သူ...သူ ဘာလို့ ဒီကိုရောက်နေတာလဲ"
အပိုင်း ( ၉၆၃ )
ငါမပြောတာ ပိုကောင်းမယ်၊ ငါပြောရင်တောင် မင်းသင်ယူနိုင်မှာ မဟုတ်ဘူး။
လျုံဖုန်းဟိုင်နှင့် အခြားလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အချင်းချင်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများကို တွေ့ မြင်လိုက်ရသည်။
ယဲ့ဖန်သည် အစောကပင် အာသာ၏ ထောင်ချောက်ထဲသို့ ကျသွားခဲ့သည်။
သူသည် လေထဲတွင် ဇောက်ထိုး ငိုက်စိုက်ကျနေပြီး ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ယခုမူကား အာသာ၏ နေရာ၌ ပေါ်လာခဲ့သည်။
လူတိုင်းသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
" သူက လူလား သရဲလား"
မည်သူက ဤကဲ့သို့ ပြောလိုက်သည်ကို မည်သူမျှ မသိသော်လည်း လက်ရှိတွင် လူတိုင်း၏ အတွေးကို ကိုယ်စားပြုလေသည်။
“ ဟုတ်တယ်၊ သူက အာသာရဲ့ သေနတ်ဖွက်ထားတဲ့မှာ အခုလေးတင် ပြောင်းပြန် ကြိုးနဲ့ ဆွဲထားခံရတာလေ။ ဘာလို့ ဒီမှာ ရုတ်တရက်ပေါ်လာတာလဲ။ ဒါက သိပ်ထူးဆန်းတာပဲ မဟုတ်ဘူးလား။ "
" သူ့မှာ ထူးခြားတဲ့ အမြင်အာရုံ နည်းပညာရှိတယ်လို့တော့ မပြောနဲ့။ တောထဲမှာ ယဲ့ဖန်နှစ်ယောက် ရှိနေတာလား။ "
" မင်း Naruto ကြည့်တာ များသွားတာလား။ ဒါ ဇာတ်ကားရိုက်နေတာ မဟုတ်ဘူး။ "
" ဒါပေမယ့် ဒီရှင်းပြချက်ကလွဲလို့ သူ ဒီကို ရုတ်တရက် ပေါ်လာတာ ဘာကြောင့်လဲဆိုတာ ငါ တကယ်ကို ရှင်းမပြတတ်တော့ဘူး။"
“ ပြီးတော့ သူ့လက်ထဲမှာ သေနတ်ကိုင်ထားတယ်။ ဒီသေနတ်က အာသာ ဖွက်ထားတဲ့ဟာ မဟုတ်လား “
“ တစ်နည်းပြောရရင် သူက ငါးမိနစ်အတွင်းမှာပဲ ကြိုးကနေ လွတ်မြောက်လာရုံတင်မကဘဲ အာသာရဲ့ ဝှက်ထားတဲ့ သေနတ်ကိုလည်း ရှာတွေ့ပြီး သစ်ပင်မှာ ပုန်းဖို့ အပြေးပြန်လာခဲ့တာလား။ ဒါက ဖြစ်နိုင်ပါ့မလား။ "
“ ဒါ… နည်းနည်းတော့ မယုံနိုင်လောက်ပေမယ့် သူ ရှင်းရှင်းလင်းလင်း လုပ်ပြပြီးသွားပြီ။”
" အိုဘုရားရေ၊ သည်းထိတ်ရင်ဖိုစရာဇာတ်ကားတွေ မပြပါနဲ့လား "
အစည်းအဝေးခန်းသည် ရုတ်ရုတ်သဲသဲ ဖြစ်နေလေတော့သည်။
များစွာသော လူများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြလေသည်။
သူတို့အားလုံးသည် စစ်မြေပြင်မှာရှိခဲ့ကြပြီး တကယ့်တိုက်ပွဲကို တွေ့ကြုံခဲ့ရသူများဖြစ်သည့်အတွက် မည်မျှ ခက်ခဲသည်ကို သူတို့သိလေသည်။
မဖြစ်နိုင်သော တာဝန်တစ်ခုဖြစ်ပေသည်။
သူတို့ကဲ့သို့ပင် အာသာသည်လည်း သူ၏ ဆံပင်များပါ ထောင်နေသည်ဟု ခံစားနေရလေသည်။
ယဲ့ဖန်သည် ကောင်းကင်မှ ဆင်းသက်လာမည်ဟု သူသည် ဘယ်သောအခါမျှ မထင်ခဲ့မိပေ။
သို့သော် ဤအရာသည် အမှန်တရားပင် ဖြစ်ပေသည်။
" ငါ ရှုံးသွားပြီ "
ရုတ်တရက် ငိုချင်စိတ်များ ဖြစ်လာလေသည်။
အသက် ဆယ့်နှစ်နှစ်တွင် သူ၏ အိမ်ပြိုကျပြီး မိဘများ ဆုံးပါးသွားခဲ့သည်။
ထို့နောက် ကြေးစားစစ်တပ်သို့ ဝင်ရောက်ခဲ့သည်။
အနှစ်နှစ်ဆယ်ရှိပြီ ဖြစ်သည်။
အနှစ် ၂၀ အတွင်း သေနတ်တောင် မကိုင်နိုင်သည့် ကလေးမှ လူများကို ထိတ်လန့်တုန်လှုပ်စေသော ထိပ်တန်း လူသတ်သမားအဖြစ်သို့ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
သူသည် မရေမတွက်နိုင်သော သေဆုံးမှု အခြေအနေများကို တွေ့ကြုံခဲ့ရပြီး သူ၏ ဇီဝဗေဒဆိုင်ရာ ကန့်သတ်ချက်များကို အကြိမ်များစွာ စိန်ခေါ်ခဲ့ပြီး သူ၏ ပုံမှန်မဟုတ်သော ရှင်သန်နိုင်စွမ်းကို ဂုဏ်ယူခဲ့သည်။
ထောက်လှမ်းခြင်း နှင့် ကင်းထောက်ဆန့်ကျင်ရေးအရ သူသည် တပ်သားလောက တစ်ခုလုံးတွင် ပြိုင်ဘက် တစ်ယောက်မျှ မရှိနိုင်ဟု သူယုံကြည်ခဲ့သည်။
သို့သော် ယနေ့ သူ့ထက် ဆယ်နှစ်ငယ်သော လူငယ်တစ်ဦးကို ရှုံးလိမ့်မည်ဟု သူ ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
ဤကောင်လေး၏ နူးညံ့သော အသားအရည်ကို ကြည့်လိုက်သည့်အခါတွင် သူသည် ကြင်နာတတ်သော သခင်ငယ်တစ်ယောက်ကဲ့သို့ ထင်ရသော်လည်း သူ၏ စွမ်းရည်သည် အဘယ့်ကြောင့်ဤမျှ ကြောက်စရာကောင်းနေရသနည်း။
သူ၏ လက်ဖြောင့်မှုစွမ်းရည်သည် စီးရီးယပ်လုပ်ကြံရေးအင်အားစု၏ စနိုက်ပါနတ်ဘုရားကိုလည်း ချေမှုန်းနိုင်ပြီး သူ၏ ထောက်လှမ်းမှုနှင့် ကင်းထောက်ဆန့်ကျင်ရေးစွမ်းရည်များသည်ကလည်း သူ့ကို ချက်ချင်းပင် သတ်နိုင်လေသည်။
ဒါက ဘယ်လို အမိုက်စားကြီးလဲ။
ယဲ့ဖန်သည် ကြည့်ကောင်းပြီး သေသပ်လှပစွာ သစ်ပင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ သေနတ်ကို သိမ်းဆည်းခဲ့သည်။
“ တကယ်တော့ ခင်ဗျားက တော်တော်သန်မာတယ်။ ခင်ဗျားဆီကနေ အခုလေးတင် အရူးလုပ်ခံရတော့မလို့။ "
ယဲ့ဖန်သည် သူ့ကို အပြစ်ကင်းစင်သော အပြုံးဖြင့် နှစ်သိမ့်လေသည်။
သို့သော် ဤစကားများသည် အာသာ၏နားထဲတွင် ကြမ်းတမ်းလွန်းလှသည်။
သူက ထိပ်တန်း လုပ်ကြံသတ်ဖြတ်သူဖြစ်ပြီး အခု သူ့ကို 'တော်တော်သန်မာတယ်' ဟု ချီးကျူးခံနေရသည်။
တော်တော်သန်တယ်ပေါ့။
သူသည် တစ်စုံတစ်ဦးကို သတ်ပစ်ကာ နုတ်နုတ်စဉ်းပစ်ချင်နေလေသည်။
" မင်းဘယ်လိုလုပ်လိုက်တာလဲ "
အာသာသည် သူ၏ စိတ်ထဲရှိ ဒေါသများကို ဖြေလျှော့လိုက်သည်။
သူက ယဲ့ဖန်ကို နှိမ့်ချစွာ အကြံဉာဏ်တောင်းလိုက်သည်။
အကယ်၍ သူသည် ယနေ့ စစ်မြေပြင်တွင် အမှန်တကယ် ရှိနေပါက သူသည် အခြားသူ၏ လက်ချက်ဖြင့် ယခုပင် သေဆုံးသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအချို့အတွက် တစ်ဖက်သားကို မေးချင်သည်။
“ မပြောဘဲနေတာ ပိုကောင်းပါတယ်။ ခင်ဗျားကို ပြောရင်တောင် သင်ယူနိုင်မှာ မဟုတ်ဘူး။ "
ယဲ့ဖန်သည် လှည့်၍ တောထဲမှ မထွက်မီ သူ့အား တောင်းဆိုသည့် အမူအရာဖြင့် ရှိနေသော အာသာ၏ ပုခုံးကို ပုတ်လိုက်သည်။
အာသာသည် သစ်ပင်ကို ထိုးလိုက်သည်။
သူ စော်ကားခံလိုက်ရတာပဲ။
သူသည် ထိပ်တန်းလူသတ်သမားဖြစ်သည်။
မည်သည့် နည်းပညာကို သူက မသင်ယူနိုင်မည်နည်း။
ဤအရာသည် အလွန်ပင် အရှက်ရစရာကောင်းလှလေသည်။
ဧည့်ခန်းထဲရှိ လူတိုင်းသည် သူတို့၏ မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာများ ရှိနေကြသည်။
ထိပ်တန်း လုပ်ကြံသူ အာသာက အနှိမ်ခံနေရတာလား။
ဤအကြောင်းကို သူတို့ အရင်က ကြားဖူးလျှင် ထိုလူအား အရူးဟုထင်မိမှာ သေချာပါတယ်။
သို့သော် ယဲ့ဖန်၏ အံ့ဖွယ်စွမ်းဆောင်မှုကြောင့် ဤအရာသည် သဘာဝကျသည်ဟု ခံစားရလေသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကင်းထောက်စွမ်းရည်နှင့် ကင်းထောက်ဆန့်ကျင်ရေးစွမ်းရည်များဖြင့် သူသည် ထိပ်တန်းလူသတ်သမားများကို ရှုံ့ချရန် အရည်အချင်းပြည့်မှီလေသည်။
မာနကြီးသော စီးရီးယပ်လုပ်ကြံရေးအင်အားစုသည် ငှက်ကုလားအုတ်များကဲ့သို့ သူတို့၏ ဦးခေါင်းများကို ရင်ဘတ်ထဲသို့ မြှုပ်ထားသကဲ့သို့ ဖြစ်နေလေသည်။
သူတို့၏ ခေါင်းဆောင်သူဌေးသည်ပင် အသတ်ခံရနိုင်သည်အထိ ဖြစ်ခဲ့သည်။
သူတို့တွင် မာနကြီးသော မျက်နှာထားများ မရှိကြတော့ချေ။
လျုံဖုန်းဟိုင်နှင့် အခြားသူများသည် ဤမြင်ကွင်းကိုမြင်သောအခါတွင် ရယ်ချင်နေကြလေသည်။
လူကြီးမင်းယဲ့သည် ထိုလူယုတ်မာများကို အမှန်တကယ်ပင် အနိုင်ယူနိုင်ခဲ့ပုံရသည်။
သူတို့ကို ပို၍ပင် ပျော်ရွှင်စေခဲ့သည့်အရာမှာ ထိုသူတို့၏ သဘောတူညီချက်အရ ယဲ့ဖန်သည် ဤအချီတွင် အနိုင်ရခဲ့ပါက စီးရီးယပ်လုပ်ကြံရေးအင်အားစု မှ ဤလူများ၏ စာချုပ်ကို အနှစ်သုံးဆယ်အထိ တိုးမြှင့်ပေးရမည် ဖြစ်သည်။
ထိုလူများ ထပ်တိုးလာသည်နှင့်အမျှ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ စွမ်းအားသည် အလွန်ပင် တိုးလာမည်ဖြစ်သည်။
အနည်းဆုံးဆိုရလျှင် လောင်းကစားမြို့ငယ်လေးတွင် ရွှေစွပ်ပြုတ်လုံခြုံးရေးအဖွဲ့၏ အနေအထားကို မည်သူမျှ လှုပ်ရမ်းနိုင်မည် မဟုတ်ချေ။
ထို့နောက် သူတို့သည် တရုတ်၊ အာရှနှင့် ကမ္ဘာ့နိုင်ငံများသို့ အခြေချမည်ဖြစ်သည်။
ဤ အကြောင်းအား တွေးမိသည်နှင့်အမျှ ပို၍စိတ်လှုပ်ရှားလာလေဖြစ်သည်။
သူတို့၏ ပါးစပ်သည် နားရွက်သို့ပင် တက်ချိတ်တော့မည်။
“ သူတို့ကို အပြင်ထွက်ပြီး ကြိုဆိုကြရအောင်။ ”
လျုံဖုန်းဟိုင်သည် လှမ်းအော်ပြီး အားလုံးကို ဧည့်ခန်းထဲမှ အပြင်သို့ ခေါ်သွားသည်။
မကြာခင်တွင် ပေါ့ပေါ့ပါးပါးရှိလှသည့် ယဲ့ဖန်သည် စိတ်ပျက်အားငယ်နေသော အာသာနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။
“ လူကြီးမင်း၊ အောင်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ”
လျုံဖုန်းဟိုင်သည် ချက်ချင်းပင် ရှေ့သို့ ခြေနှစ်လှမ်း လှမ်းကာ သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
“ ထပ်တူပါပဲ ”
ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါး ပြန်ဖြေလေသည်။
သူ၏ မျက်နှာတွင် ခံစားချက်တွေ သိပ်မရှိချေ။
မထူးမခြားနားသည့် အရာတစ်ခုကို သူလုပ်ထားသည့် လူတစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည်။
အခြားအမှုဆောင်များသည်လည်း သူ့ကို ဂုဏ်ပြုရန် လာတက်ကြသော်လည်း သူသည် ခေါင်းတညိတ်ညိတ်သာ ဖြေနေလေသည်။
ချန်းဖေးအယ်သည် ယဲ့ဖန်ယူဆောင်လာသော ထိတ်လန့်စရာကောင်းသည့် ဖြစ်ရပ်တွင် နစ်မြောနေဆဲပင်ဖြစ်သည်။
ယဲ့ဖန်သည် အလွန်သန်မာကြောင်း သူမ သိသော်လည်း ထိပ်ဆုံးလူသတ်သမားကို ချက်ချင်းသတ်နိုင်မည်ဟု သူမ မမျှော်လင့်ထားပေ။
သူ့အား ဧကရာဇ်မင်းတစ်ပါးကဲ့သို့ လူတစ်စုမှ ဝိုင်းရံထားသည်ကို မြင်လိုက်ရသောအခါ သူမသည် အလွန်ရှုပ်ထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
လှပသော မျက်လုံးတစ်စုံသည် သူ့အား တည့်တည့်စိုက်ကြည့်ကာ မတူညီသော ခံစားချက်မျိုးဖြင့် တောက်ပနေလေသည်။
လျုံဖုန်းဟိုင်နှင့် အခြားသူများသည် သူမ၏အမူအရာကို သတိပြုမိကြပြီး ရယ်ချင်သွားကြလေသည်။
ထိုကောင်မလေးက ယဲ့ဖန်နဲ့ သူမရဲ့ ဆက်ဆံရေးကို ငြင်းထားပေမဲ ယခု နောက်ဆုံးကျ သူမကိုယ်တိုင် ထုတ်ဖော်ပြသလိုက်ပြီလား။
သက်ပြင်းချလိုက်လေသည်။
ဒုတိယမိန်းမသည်လည်း သူဌေးမယားပင်ဖြစ်လေသည်။
သူတို့သည် အနာဂတ်တွင် ပို၍ လေးစားမှုထားရမည် ဖြစ်သည်။
အပိုင်း ( ၉၆၄ )
မင်းတို့နှစ်ယောက် ဘာလို့ အတူတူ မတိုက်ခိုက်ကြတာလဲ။
အာသာသည် ငြင်းပယ်ခံရပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင်များသည် သူ့ကို ဝိုင်းထားကြသည်။
သူ့ကို မစည်းရုံးနိုင်သလို စည်းရုံးလျှင်လည်းရမည် မဟုတ်ချေ။
သူတို့အားလုံး အနည်းငယ် အရှက်ရသွားကြသည်။
တခြားတစ်ဖက်မှ ယဲ့ဖန်ကို ဂုဏ်ပြုနေသည်များ ပြီးခါနီးချိန်တွင် သူသည် ယဲ့ဖန်အနားသို့ လျှောက်သွားသည်။
“ ယဲ့လူကြီးမင်း၊ ငါ ဒီအချီမှာ ရှုံးခဲ့တယ်။ ငါတို့ ကတိအတိုင်း ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီနဲ့ အနှစ်သုံးဆယ်စာချုပ်ကို လက်မှတ်ရေးထိုးမယ်…”
ဤကဲ့သို့ ပြောနေသည့်အချိန်၌ အလွန်ပင် စိတ်ဓာတ်ကျနေလေသည်။
နှစ် ၃၀ စာချုပ်တဲ့လား။
ဒါက တစ်သက်စာ စာချုပ်တစ်ခုလိုပဲ။
ယဲ့ဖန်သည် သူ၏ ပုခုံးကို ပုတ်လိုက်သည်။
“ စိတ်မပူပါနဲ့၊ ကျွန်တော်တို့ရဲ့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီက ကောင်းကောင်း ဆက်ဆံမှာပါ။ အာမခံနဲ့ ရွှေတွင်းပါ ပေးမှာပါ။ အငြိမ်းစားယူပြီးရင်တော့ ပင်စင်ရနိုင်ပါသေးတယ် “
အာသာ တုန်လှုပ်သွားသည်။
" ကျွန်တော်က ထိပ်တန်းလူသတ်သမားပါ။ မင်းရဲ့ ပင်စင်အတွက် ငါဒီမှာရှိနေတယ်လို့ ထင်နေလား။ ဘယ်သူ့ကို့ နှိမ်နေတာလဲ "
“ လူကြီးမင်း၊ ငါ မင်းရဲ့ စွမ်းရည်ကို ယုံကြည်ပါတယ်။ ဒါပေမယ့် ငါ တတိယအချီကို ပြီးအောင် ပြိုင်ချင်နေသေးတယ်။ "
သူ၏ စကားကို ကြားသောအခါ အားလုံး အံ့သြသွားကြသည်။
သူ နှစ်ကြိမ်ဆက်တိုက် ရှုံးပြီးနေတာကို ဆက်လုပ်ချင်သေးတာလား။
ယဲ့ဖန်သည် အံ့သြပုံမပေါ်ပေ။
ငြိမ်သက်စွာဖြင့် သူ့ကိုကြည့်နေသည်။
" နောက်ထပ် ဘာပြိုင်ချင်သေးလဲ "
အာသာသည် သူ့ကို ခေါင်းမာစွာဖြင့် ကြည့်နေသည်။
“ မင်းရဲ့ လက်ဖြောင့်မှု၊ ကင်းထောက်စွမ်းရည်နဲ့ ကင်းထောက်ဆန့်ကျင်ရေး စွမ်းရည်တွေက အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ ဝန်ခံပါတယ်။ တတိယအချီမှာ မင်းနဲ့အတူ ကျယ်ပြန့်တာတစ်ခုခုကို ယှဉ်ပြိုင်ချင်တယ် ”
ယဲ့ဖန်သည် အဆင်ပြေသည်လား မပြေသည်လားကို မသိသော်လည်း သူမေးလိုက်သည်။
" ဒီတစ်ခေါက်ရှုံးရင် ဘာကြေးလဲ။ "
အာသာသည် အံကြိတ်လိုက်သည်။
" ဒီတစ်ခါ ရှုံးရင် ငါ့ဘဝက မင်းအတွက်ပဲ။ ငါ အသက်ရှုမရပ်သေးသရွေ့ မင်းအပေါ် အမြဲသစ္စာရှိမယ် “
“ သူ…”
သူ၏ စကားကိုကြားသောအခါ လူတိုင်း ရင်မောသွားကြသည်။
ဒါက အရမ်းကြီး မများလွန်းဘူးလား?
ဒါက စာချုပ်ကိစ္စ မဟုတ်တော့ဘူး။
ဒါက သခင်နဲ့ ကျွန်ဆက်ဆံရေးလို လုံးဝ ဖြစ်သွားမှာ။
ယဲ့ဖန်သည် သူ့မေးစေ့ကို ထိနေလိုက်သည်။
သူသည် စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အခြားအဖွဲ့ဝင်များကို ညွှန်ပြခြင်းမပြုမီ တခဏမျှ စဉ်းစားနေသည်။
" သူတို့ကိုရော ဘယ်လို လုပ်မှာလဲ။ "
အာသာသည် ခဏမျှ တုံ့ဆိုင်းသွားသည်။
“ ကိုယ့်ကိုယ်တိုင်အပေါ်ကိုပဲ လောင်းကြေးထပ်ပြီး စိန်ခေါ်တယ်။ သူတို့ ကံကြမ္မာကို ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ ”
ယဲ့ဖန်၏ နှုတ်ခမ်းသည် တွန့်ကွေးသွားသည်။
" ဘာလို့ အားလုံး အတူတူ မတိုက်ခိုက်ကြတာလဲ။ "
" အာ "
လူတိုင်းသည် တစ်ခုခုကို မှားကြားလိုက်သည်ဟု ထင်နေကြသည်။
သူ ဘာကို ဆိုလိုတာလဲ။
' အတူတူ တိုက်ခိုက်ခြင်း 'က ဘာကို ဆိုလိုတာလဲ။
ယဲ့ဖန်သည် သူတို့ နားမလည်သည်ကို မြင်သောအခါ သူကိုယ်တိုင် ရှင်းပြလေသည် ။
“ ခင်ဗျားတို့အားလုံးကို ကျွန်တော်တစ်ယောက်တည်း တိုက်မယ်။ ကျွန်တော်ရှုံးရင် ခင်ဗျားတို့ရဲ့ အရင်က စာချုပ်တွေအားလုံး ပျက်ပြယ်သွားလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်အနိုင်ရရင် ခင်ဗျားတို့ အားလုံး ကျွန်တော့်အပေါ် တစ်သက်လုံး သစ္စာရှိရမယ် “
သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် စီးရီးယပ်လုပ်ကြံရေး အင်အားစုအဖွဲ့ဝင်များသည် ဒေါသတကြီး ဖြစ်သွားကြသည်။
“ လူကြီးမင်း၊ မင်း အရမ်းသန်မာတာကို ငါတို့ဝန်ခံပါတယ်။ ဒါပေမယ့် မင်း စီးရီးယပ်လုပ်ကြံရေး အင်အားစုကို လျှော့တွက်လွန်းနေတယ်လို့ မထင်ဘူးလား။ "
" ဟမ်၊ မင်းရဲ့ လက်ဖြောင့်စွမ်းရည်နဲ့ ထောက်လှမ်းနိုင်စွမ်းက ငါတို့ကို အနိုင်ယူနိုင်လို့ မင်း မရှုံးနိုင်တော့ဘူးလို့ တကယ်ထင်နေတာလား။ "
" မင်းရဲ့ လက်ဖြောင့်စွမ်းရည်နဲ့ ထောက်လှမ်းမှုစွမ်းရည် ဘယ်လောက်ပဲ ကောင်းနေပါစေ၊ မင်းက ငါတို့အားလုံးကို ပြိုင်လို့ မရနိုင်ဘူး။ "
“ ဒါက စော်ကားလွန်းတယ်။ ငါတို့ရှစ်ယောက်က မင်းကိုတောင် အနိုင်မယူနိုင်ရင် ငါတို့လည်း သေသင့်တယ်။ "
“ သူတို့ကို တိုက်ခိုက်ဖို့ မလိုပါဘူး။ မင်းကို ငါတစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်တယ်…”
သူတို့ အားလုံးသည် လူသေအလောင်း အစုလိုက်အပြုံလိုက်ကြားမှ မထွက်နိုင်ခဲ့သူ မရှိချေ။
ယခုကဲ့သို့ သူတို့ နှိမ့်ချခံရသည့်အခါ မည်မျှ ဒေါသထွက်သွားမည်ကို တွေးကြည့်လို့ရလေသည်။
သူတို့ပင် မဟုတ်ချေ။
ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီပင် သည်းမခံနိုင်တော့ချေ။
စီးရီးယပ်လုပ်ကြံရေး အင်အားစု၏ အဖွဲ့ဝင်တိုင်းသည် အထက်တန်းပညာရှင်များထဲမှ ထိပ်တန်းများဖြစ်သည်။
သူတို့ထဲမှ မည်သူမဆို ထူးခြားသည့် စွမ်းရည် ကိုယ်စီရှိကြသည်။
ယဲ့ဖန်သည် ထိုလူရှစ်ယောက်ကို အတူတူ တိုက်ခိုက်ရန် တောင်းဆိုခဲ့သည်။
ဤအရာသည် လူဆိုးများအတွက် တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်နေလေသည်။
“ အဟွတ် အဟွတ် … ယဲ့လူကြီးမင်း ၊ ကျွန်တော် ထင်တာကတော့ … ”
လျုံဖုန်းဟိုင်သည် အခြေအနေကို သက်တောင့်သက်သာဖြစ်စေရန် စကားပြောချင်သော်လည်း ယဲ့ဖန်သည် သူ၏ လက်ကို မြှောက်ကာ တားလိုက်သည်။
" စိန်ခေါ်မှုကို မင်းလက်မခံရဲရင် မေ့ပစ်လိုက်ပါ။ ငါဘာမှမပြောခဲ့သလိုပဲ ဟန်ဆောင်လိုက်မယ် "
သူ၏ စကားများသည် မီးထဲသို့ လောင်စာများထည့်နေသည်သကဲ့သို့ သံသယဖြစ်စရာ ကောင်းလှလေသည်။
ထိုအရာသည် စီးရီးယပ်လုပ်ကြံရေးအင်အားစုမှ လူများကို ချက်ချင်းပင် ဒေါသထွက်သွားစေသည်။
" သူဌေး၊ ဒီကလေးကို ငါ့လက်နဲ့ တစ်စစီ ဖြဲပစ်မယ်လို့ ကတိပေးတယ်။ "
" ဟုတ်တယ် သူက သေချင်နေမှတော့ ကျွန်တော်တို့က သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ "
“ ကျွန်တော် သူ့ကို တိုက်မယ်…”
အားလုံးသည် အာသာကို ကြည့်ပြီး သူပြောမည့် အဖြေကို ကြားချင်နေကြသည်။
အာသာသည် ယဲ့ဖန်ကို ခေတ္တခဏမျှ စိုက်ကြည့်ရင်း ရုတ်တရက် ဒေါသထွက်ကာ ရယ်လိုက်သည်။
“ကောင်းပြီ။ လူကြီးမင်းယဲ့က ငါတို့ကို နှိမ့်ချလိုက်တာကြောင့် စိန်ခေါ်တာကိုပဲ လက်ခံလိုက်မယ်။ ဒါပေမယ့် လက်သီးနဲ့ ခြေဖဝါးတွေမှာ မျက်လုံးမပါဘူး။ ငါ မင်းကို နာကျင်စေခဲ့ရင်…”
" ရှင်တာနဲ့ သေတာပဲ ရှိတယ် "
ယဲ့ဖန်သည် သူ့ကို ကြည့်နေသည်။
သူတို့ကြားတွင် လျှပ်စစ်စီးကြောင်းတစ်ခု ရှိနေပုံရသည်။
လျုံဖုန်းဟိုင်နှင့် အခြားသူများသည် ကိစ္စများ ပြင်းထန်လာမည်ကို တွေ့သောရသောအခါတွင် သက်ပြင်းသာ ချနိုင်ခဲ့ကြသည်။
အားလုံးက ပျော်နေခဲ့ကြသည်ကို ကိစ္စများသည် အဘယ်ကြောင့် ဤသို့ ပြောင်းလဲသွားရသနည်း။
ယဲ့ဖန်၏ တိုက်ခိုက်ရေးစွမ်းအားသည် မည်မျှ အားကောင်းသည်ကို သူတို့ မသိခဲ့ကြသော်လည်း သူသည် မည်မျှပင် အားကောင်းနေပါစေ စီးရီးယပ်လုပ်ကြံရေး အင်အားစုအဖွဲ့ဝင် ရှစ်ဦးကို အနိုင်ယူရန် အခွင့်အလမ်း မရှိပေ။
သူတို့မှာ ဘယ်လို သူဌေးမျိုး ရှိနေတာလဲ။
သူ ဘာကြောင့် အမြဲတမ်း မထင်မှတ်ထားတဲ့ အရာတွေကို လုပ်နေတာလဲ။
ရွှေစွပ်ပြုတ်ကုမ္ပဏီတွင် အထူးလက်ဝှေ့စင် ရှိလေသည်။
သာမန် လက်ဝှေ့စင် တစ်ခုသာမက အလုံပိတ် အဋ္ဌဂံတစ်ခုလည်း ပါရှိသည်။
လူတိုင်း ဝင်သွားသည်နှင့် တပြိုင်နက် သူတို့၏သွေးများဆူပွက်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ထဲရှိ တောရိုင်းတိရစ္ဆာန်များသည် ရူးသွပ်စွာ ဟိန်းဟောက်နေကြသည်။
ယဲ့ဖန်နှင့် စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင် ရှစ်ဦးသည် အဝတ်များလဲကာ ထွက်လာခဲ့ကြသည်။
ချန်းဖေးအယ်သည် သူ့ဆီသို့ အမြန်သွားသည်။
" နင် ပြန်စဉ်းစားချင်လား။ ဒါက သိပ်အန္တရာယ်များတာ မဟုတ်ဘူးလား။ "
ယဲ့ဖန်သည် အလွန်အားကောင်းသည်ကို သူမသိသော်လည်း စီးရီးယပ်လုပ်ကြံရေး အင်အားစု၏အဖွဲ့ဝင်များသည်လည်း အားမနည်းကြပေ။
သူတို့ထဲမှ ရှစ်ယောက်ကို တစ်ယောက်တည်း တိုက်မည်မှာ သူ့အတွက် အန္တရာယ်များလွန်းတယ်။
ယဲ့ဖန်သည် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
" စိတ်မပူပါနဲ့။ ငါသူတို့ကို ညှာမှာပါ။ "
ချန်းဖေးအယ်သည် မူးလဲချင်သွားလေသည်။
ဒီကောင်လေး သူမ ပြောသည်ကို တကယ်နားမလည်တာလား။
ဒါမှမဟုတ် သူ နားမလည်ချင်ယောင်ဆောင်နေသလား။
သို့သော် သူသည် မရရအောင် လုပ်မည်ဖြစ်ပေသည်။
သူမ မည်သို့ပင် ပြောနေပါစေ နားထောင်မည်မဟုတ်ကြောင်း သူမ သိသောကြောင့် သူမ နေရာသို့သာ လျှောက်သွားလေသည်။
လျုံဖုန်းဟိုင်သည် လက်ဝှေ့လက်အိတ်များ ယူဆောင်လာရန် တစ်စုံတစ်ဦးကို ချက်ချက် ပြောခဲ့ပြီးနောက် ဝတ်ဆင်ခွင့်ပေးရန် ပြင်ဆင်ခဲ့သည်။
သို့သော် ယဲ့ဖန်သည် ငြင်းဆိုသည်။
" လက်အိတ်ဝတ်ရတာ ပျင်းစရာမကောင်းဘူးလား။ ဒါက အသားကို ပုတ်ထုတ်နေရတဲ့ ခံစားချက်ကြီး ”
အာသာ နှင့် တခြားသူများသည်လည်း သူလက်ဝှေ့လက်အိတ်မဝတ်သည်ကို မြင်သည့်အတွက် သူတို့လည်း မဝတ်ခဲ့ကြပေ။
သူတို့ ကိုးယောက်သည် အဋ္ဌဂံပုံစံ လှောင်အိမ်ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်နေကြသည်။
“ စည်းကမ်းတွေကို အရင်ရှင်းပြမယ်။ ဒီပြိုင်ပွဲမှာ စည်းမျဉ်း သို့မဟုတ် ကန့်သတ်ချက်တွေ မရှိဘူး။ ဘယ်လိုလှုပ်ရှားမှု၊ ဘာမဆို အသုံးပြုနိုင်တယ်။ အနိုင်ရရင် တစ်သက်လုံး အခစားခံရလိမ့်မယ် “
ယဲ့ဖန်သည် အဋ္ဌဂံပုံ လှောင်အိမ် အလယ်တွင် ရပ်နေကာ စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင် ရှစ်ယောက်သည် သူ့ကို ဝိုင်းရံထားကာ သူတို့ တစ်ဦးချင်းစီ၏ မျက်နှာများတွင် ပြင်းထန်သော ရောင်ဝါများ ရှိနေကြသည်။
ပြင်းပြင်းထန်ထန် ဖိအားများ အပေးခံနေရသည်။
အာသာနှင့် အခြားလူများသည် ခေါင်းညိတ် သဘောတူကြသည်။
ယဲ့ဖန်သည် လူတိုင်းကို လက်ယပ်ခေါ်ကာ ပြုံးလိုက်သည်။
" ဒါဆို စလိုက်ရအောင်။ "
ပွဲစပြီ။
ယဲ့ဖန်သည် အဋ္ဌဂံလှောင်အိမ်၏ အလယ်တွင် ရပ်နေကာ စီးရီးယပ်လုပ်ကြံရေး အင်အားစုမှ အဖွဲ့ဝင်များသည် သူတို့၏ သားကောင်ကို စိုက်ကြည့်နေသော ကျားများကဲ့သို့ သူ့အား ဝန်းရံထားသော်လည်း အလျင်စလို မလှုပ်ရှားကြပေ။
စီးရီးယပ်လုပ်ကြံရေး အင်အားစုသည် လူငယ်တစ်ဦးကို တိုက်ခိုက်ခြင်းဖြင့် မျက်နှာမပျက်ချင်ပေ။
အာသာသည် ကြွက်သားတောင့်တင်းသော အဖွဲ့သားများထဲမှ တစ်ဦးကို ခေါင်းညိတ်ပြလိုက်သည်။
ထိုလူသည် ချက်ချင်းသဘောပေါက်သွားကာ ယဲ့ဖန်ဆီသို့ တစ်ယောက်တည်း လျှောက်သွားသည်။
သူ၏ နာမည်သည် လူကာဖြစ်ပြီး သူသည် ဘရာဇီးဂျူဂျစ်ဆုတွင် အတော်ဆုံးသူ ဖြစ်သည်။
သူ၏ တိုက်ခိုက်မှုစွမ်းရည်ကို စီးရီးယပ်လုပ်ကြံရေး အင်အားစုတွင် ပျမ်းမျှအဆင့်အဖြစ် သတ်မှတ်ခံထားရသည်။
အာသာသည် သူ့ကို တိုက်ရန် လွှတ်လိုက်သည်။
သူသည် ယဲ့ဖန်၏ ခွန်အားကို စမ်းသပ်ချင်နေသည်။
ယဲ့ဖန်သည် ဤကဲ့သို့ နှိမ့်ချခံရခြင်းအတွက် အနည်းငယ် စိတ်မကျေနပ်ပေ။
" အချိန်မဖြုန်းနဲ့။ ခင်ဗျားတို့တွေ အတူတူ တိုက်ခိုက်ပြီး ဒါကို မြန်မြန် အဆုံးသတ်သင့်တယ်။ "
လူကာသည် သူ၏ လက်သီးများကို ဆုပ်ကိုင်လိုက်ပြီး ကွဲအက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
သူက ယဲ့ဖန်ကို ပြုံးပြသည်။
" သူတို့ မလိုပါဘူး။ မင်းကို ငါတစ်ယောက်တည်း အနိုင်ယူနိုင်တယ်။ ဒါကိုယူလိုက် ”
ထိုစကားကို ပြောပြီးနောက် ခြေထောက်များကို မြေပြင်ပေါ်တွင် လှည့်ကာ ရှေ့သို့ တဟုန်ထိုး ပြေးသွားသည်။