အပိုင်း ၁၀၀၁-၁၀၀၄
Vol. 51 Ch. 1001-1004
အပိုင်း ( ၁၀၀၁ )
ငါ့လက်ထဲကလွတ်ချင်တာလား?
တစ်ဖက်၌ အားကန် အလျင်စလိုပြေးထွက်လာစဉ် ဟုန်းမိသားစု၏ လုံခြုံရေးဝန်ထမ်းများကို တွေ့လေသည်။
" မပြေးနဲ့ ရပ်လိုက် "
ထိုလူအုပ်စုကြီးသည် အော်ဟစ်ပြီး အားကန်ကို ချက်ချင်း ပြေးအုပ်ကြသည် ။
အားကန်သည် သူ၏ ဝတ်စုံကို အလျင်စလိုချွတ်ပြီး ထိုလူစုဆီသို့ ပစ်လိုက်သည်။
ထို့နောက် သူသည် လှည့်၍ ဆန့်ကျင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။
မကြာမီအချိန်မှာပင် ကုန်းပတ်ပေါ်သို့ ရောက်သွားသည်။
ထိုအချိန်တွင် များစွာသောဧည့်သည်တို့သည် ဖန်သားပြင်ကြီးမှတစ်ဆင့် ကစားပွဲကို ကြည့်ရှုနေကြဆဲ ဖြစ်သည်။
တိုက်ရိုက်အစီအစဥ်ထုတ်လွှင့်ခြင်းသည် လက်တွေ့တွင် ဖြစ်နေသည်ထက် ငါးမိနစ်နောက်ကျသောကြောင့် အားကန်သည် ယဲ့ဖန်အား လိမ်ညာလှည့်ဖျားသည်ဟု စွပ်စွဲနေသောအပိုင်းသို့ ရောက်ခါစပင် ရှိသေးသည်။
" နံပါတ် ၈၃က လိမ်ညာပြီး ကစားနေတာလား။ ဘယ်ကရတဲ့သတ္တိနဲ့လောင်းကစားဘုရင်ပြိုင်ပွဲမှာ လိမ်ညာရဲတာလဲ "
" ငါ မင်းတို့ကို ပြောသားပဲ။ ဒီကလေးက ပထမဆုံးအကျော့ကတည်းကနေ အကြိုဖိုင်နယ်ထိကို ရောက်လာတာကိုက ကံကောင်းလို့ပါဆိုနေ။ အဲ့ကတည်းက တစ်ခုခုထူးဆန်းတာဖြစ်နေပြီ။ မင်းတို့က ငါ့မှမယုံကြတာကိုး "
" ဒီလောက်ဆိုးတဲ့ကတ်တွေ ရထားတဲ့ပွဲမှာတောင် ၁၀သန်းထိ လောင်းလိုက်တာ အံ့သြစရာမဟုတ်ဘူးပဲ။သူက လိမ်ပြီး ကစားနေတာကိုး "
" ကာစီနိုရဲ့ စည်းမျဥ်းတွေအရ လိမ်ကစားရင် တစ်သက်တာကစားခွင့် ပိတ်ခံရမှာပဲ "
" ဒီကောင်စုတ်လေးကို ပထမဆုံးအကြိမ် မြင်ရသလောက်တော့ လူကောင်းဟုတ်မယ့်ပုံ မပေါ်ဘူး "
လူတိုင်းသည် ယဲ့ဖန်အား လှောင်ပြောင်ကဲ့ရဲ့နေကြချိန် မျက်နှာဖုံးဖြင့် လူသည် ရုတ်တရက် ကုန်းပတ်ပေါ်သို့ တက်လာခဲ့သည်။
" ဟမ်၊ သူက နံပါတ် ၈၃က လိမ်ညာကစားတာကို ဖော်ထုတ်ခဲ့တဲ့သူ မဟုတ်လား။ သူက ဘာလို့ ထွက်ပြေးနေရတာလဲ "
တစ်စုံတစ်ယောက်သည် အားကန်ကို ချက်ချင်းမှတ်မိသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည် ။
လူတိုင်းသည် ဖန်သားပြင်နှင့် အပြင်ကလူကို ယှဥ်ကြည့်နေကြပြီး အားကန် ဆိုသည်ကို သိသွားကြသည်။
" သူ ဘာလို့ ထွက်ပြေးနေတာလဲ။ ကစားပွဲက ပြီးသွားတာလား "
" မေးစရာလိုသေးလို့လား။ သူနိုင်သွားတော့ ဖိုင်နယ်အတွက် ပြင်ဆင်ပြီး ခေါင်းရှင်းရအောင် ထွက်လာတာနေမှပေါ့ "
" ဒီပြိုင်ပွဲဝင်က လောင်းကစားဘုရင် ဖြစ်လာဖို့ အခွင့်အရေးရှိနေတယ်။ အားလုံးပဲ၊ မြန်မြန်သွားပြီး သူ့ဆီက လက်မှတ်ကိုယူကြဟေ့ "
" အဲ့တာမှန်တယ်။ တစ်ကယ်လို့ သူက လောင်းကစားဘုရင် ဖြစ်သွားပြီဆိုရင် နောက်တစ်ခေါက် သူ့ကို ထပ်တွေ့ရဖို့က ခက်သွားပြီ "
ပြိုင်ပွဲကို လာကြည့်သူတိုင်းသည် လောင်းကစားကို အလွန်စွဲလမ်းရူးသွပ်နေကြသူများ ဖြစ်သည်။
လောင်းကစားဘုရင်ဆိုသည်မှာ သူတို့အတွက် အလေးစားရဆုံး စံပြပုဂ္ဂိုလ်ဖြစ်သည်။
ထို့ကြောင့် တစ်စုံတစ်ယောက်မှ သတိပေးလိုက်သည်နှင့် အားကန်ဆီသို့ အလုအယက်ပြေးသွားကြပြီး လက်မှတ်ထိုးခိုင်းကြကာ အားကန်နှင့်အတူ သူတို့က ဓာတ်ပုံတွဲရိုက်ချင်ကြသည်။
လူတိုင်း သူ့အနားသို့ ရောက်လာသည့်အခါ အားကန်၏ အမူအရာမှာ ပြောင်းလဲသွားပြီး မဆိုင်းမတွဘဲ သူ့အနားသို့ ပထဆုံးရောက်လာသည့်သူကို ခြေထောက်ဖြင့် ကန်လိုက်သည်။
ထိုအခါ သူ့နောက်၌ ရှိနေသောသူတိုင်းသည် ရပ်တန့်သွားပြီး သူ့ကို တအံ့တသြ၊ ဒေါသတကြီးဖြင့် ကြည့်နေကြသည်။
" ဟေး၊ မင်းလူတစ်ယောက်ကို ဘယ်လိုတောင် ရိုက်နှက်ရဲတာလဲ။ မင်းဘယ်လိုလူလဲ "
" မင်းက လောင်းကစားဘုရင်တောင် မဟုတ်သေးဘူး။ တစ်ကယ်လို့ လောင်းကစားဘုရင် ဖြစ်လာတယ်ဆိုရင်တောင် လူတွေကို ရိုက်ချင်တိုင်း ရိုက်လို့ မရဘူးကွ "
" ငါတို့က မင်းကို ငါတို့ရဲ့ စံပြလူအဖြစ် သဘောထားတာကို မင်းကတော့ ငါတို့ကို ဒီလိုဆက်ဆံရလား "
" မင်းငါတို့ကို ဖြေရှင်းချက်ပေးတာ ကောင်းလိမ့်မယ် "
လူတိုင်းမှာ ချက်ချင်း ဒေါသတကြီးဖြစ်လာပြီး သူ့ဆီက ရှင်းပြချက်ကို လိုချင်နေကြသည်။
သို့သော် သူတို့အား ဖြေရှင်းချက်အစား အားကန်မှ သူ၏ လက်သီးထိုးချက်၊ ခြေကန်ချက်တွေနှင့်သာ ပြန်လည်နှုတ်ဆက်လိုက်သည်။
သူ့ရှေ့မှ လူများကို ကန်လိုက်သည်နှင့် အခြားလူများက သူ့အတွက် လမ်းဖယ်ပေးလိုက်ကြတော့သည်။
ထိုအချိန်မှာပင် ဟုန်းမိသားစုမှ လူများက လိုက်မှီလာပြီး အော်လိုက်သည်။
" ရပ်လိုက်စမ်း "
အားကန်၏ အမူအရာပြောင်းသွားပြီး လူတိုင်းကို တွန်းထုတ်ကာ သဘော်လက်ရန်းဆီသို့ ပြေးသွားသည်။
သဘော်လက်ရန်းဆီသို့ ရောက်သည်နှင့် သူသည် ပင်လယ်ထဲသို့ ခုန်ချပြီး ထွက်ပြေးလွတ်မြောက်နိုင်သည်။
ထိုအချိန်၌ လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် ခြေထောက်ကို ဆန့်ထုတ်ပြီး ခြေထိုးခံလိုက်သည်။
အားကန်သည်လည်း အလျင်စလို ဖြစ်နေသောကြောင့် သတိမထားမိပဲ တုန်လှုပ်ကာ လဲကျလုနီးပါး ဖြစ်သွားသည်။
ထို့နောက် သူ ချက်ချင်း အမြန်ပြန်လှည့်ကြည့်သည်။
ထိုအခါ ကုန်းပတ်ပေါ်တွင် ကစားပွဲကို ကြည့်ရှူနေခဲ့သော ချန်းဖေးအယ်ကိုတွေ့လိုက်ရသည်။
အမှန်တွင် သူမသည် ပြိုင်ပွဲအား စောင့်ကြည့်နေခြင်း မဟုတ်ပဲ အားကန်လွတ်မြောက်လာသည်ကို တားဆီးရန် ယဲ့ဖန်မှ စောင့်ကြည့်ခိုင်းထားခြင်းသာဖြစ်သည်။
အားကန်သည် ထိုနေရာ၌ မနေရဲတော့ဘဲ အမြန်ထရပ်ပြီး သဘော်လက်ရန်းဆီသို့သာ ထွက်ပြေးသွားသည်။
ချန်းဖေးအယ်သည် ချက်ချင်း ပြေးလိုက်သွားပြီး အားကန်၏ ပုခုံးများကို ဆွဲချုပ်လိုက်သည်။
သို့သော် အားကန်သည် ငါးတစ်ကောင်ကဲ့သို့ လှုပ်ရမ်းကာ သူမ ချုပ်နှောင်ထားမှုမှ လွတ်ထွက်သွားပြီး သဘော်ပေါ်မှ ခုန်ချလုနီးပါး ဖြစ်နေသည်။
ထိုအချိန်၌ ဟုန်းမိသားစု၏ လူများက လိုက်မှီလာခဲ့သည်။
ထိုလူများသည် ပြိုင်ပွဲအား စောင့်ကြည့်ရန် စေလွှတ်ခံထားရသူများဖြစ်သည့်အလျောက် အတော်ပင် ကျွမ်းကျင်ကြသည့် ပညာရှင်များ ဖြစ်ကြသည်။
လုံခြုံရေးများထဲမှ တစ်ယောက်သည် အားကန်၏ ခေါင်းကို ချက်ချင်း ကန်လိုက်သည်။
အားကန်သည် ခေါင်းကို အသာစောင်းပြီး ရှောင်တိမ်းလိုက်သည်။
သို့သော် ထိုအချိန်မှာပင် သူ့အနောက်မှ ကန်ချက်တစ်ခု ရောက်လာပြန်သည်။
ထိုအခါ အားကန်၏ခန္ဓာကိုယ်သည် ပလက်စတစ်ကဲ့သို့ ချက်ချင်း ကွေးညွတ်ပြီး အလွယ်တကူ ထပ်ရှောင်လိုက်သည်။
လေးယောက်၊ ငါးယောက်ထက် မနည်းသောလူတစ်စုမှာ သူ့ကို တရစပ် တိုက်ခိုက်နေသော်လည်း လွယ်ကူစွာ ရှောင်ရှားနေသေးသည်။
ချန်းဖေးအယ်သည် လျှို့ဝှက်စွာ တုန်လှုပ်အံ့သြသွားသည်။
ဒီလိုပုံမှန်မဟုတ်တဲ့ ကွေးညွတ်နိုင်စွမ်းနဲ့ လျင်မြန်ပုံက တကယ် ထူးခြားတာပဲ။
သူခိုးဘုရင် ပီသပါပေတယ်။
ထိုသို့ အံ့သြမှင်သက်နေသော်လည်း ချန်းဖေးအယ်၏ လက်တွေသည် ငြိမ်မနေဘဲ အားကန်၏ လက်မောင်းများကို လှမ်းဆွဲလိုက်သည်။
ထိုတစ်ခါတွင်တော့ သူမ၏ ရှိသမျှအားအကုန်ကို အသုံးပြုလိုက်သည်။
အားကန်သည် ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်ပဲ ဖြစ်နေသည်။
ထိုအချိန်မှာပင် ကုန်းပတ်ပေါ်သို့ လူအများအပြား ထပ်ရောက်လာသည်။
အခုအချိန်၌ မလွတ်လျှင် သူ့၌ လွတ်မြောက်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် သူ့ပါးစပ်ထဲမှ ဓါးတစ်လက်ကို ရုတ်တရက် ထုတ်ပြီး သွားဖြင့် အသေအချာ ကိုက်ထားသည်။
ထို့နောက် ခေါင်းကို လှည့်ဆန့်ထုတ်လိုက်ရာ ချန်းဖေးအယ်၏ လက်မောင်းကို ထိမိသွားသည်။
သူ့ခန္ဓာကိုယ်၏ ကွေးညွတ်နိုင်စွမ်းကို သိထားသော ချန်းဖေးအယ်သည် အားကန် ခေါင်းလှည့်လာသည့်အချိန် မသိစိတ်အရ လက်ကိုလွှတ်လိုက်မိပြီး သတိပြန်ဝင်လာ၍ ပြန်ဖမ်းလိုက်သော်လည်း မမိတော့ချေ။
အားကန်သည် လွတ်မြောက်သွားသည်နှင့် လူတိုင်းကို ပြင်းထန်စွာ တွန်းထုတ်ပြီး သဘော်ပေါ်မှ ခုန်ချသွားသည်။
သူ့ခန္ဓာကိုယ်သည် အမြှောက်ဆံကဲ့သို့ ၁၀မီတာအဝေးသို့ ရောက်ရှိသွားပြီး ပင်လယ်ထဲသို့ တိုးဝင်သွားတော့သည်။
သဘော်ပေါ်မှ လူတိုင်းသည် သက်ပြင်းသာ ချမိကြသည်။
ထိုအချိန်မှာပင် ယဲ့ဖန် ရောက်လာပြီး မေးသည်။
" သူဘယ်မှာလဲ "
ချန်းဖေးအယ်သည် အကူအညီမဲ့စွာပဲ ပင်လယ်ကို ညွှန်ပြလိုက်သည်။
" သူပင်လယ်ထဲ ခုန်ချသွားတယ် "
ယဲ့ဖန်သည် သဘော်လက်ရန်းကို မှီပြီး ငုံ့ကြည့်လိုက်ရာ ပင်လယ်မျက်နှာပြင်ထက်မှာ ပေါ်နေသည့် အားကန်၏ ခေါင်းကို မြင်လိုက်ရသည်။
အားကန်သည် မျက်နှာဖုံးကို ချွတ်ပြီး လက်ခလယ်ထောင်ပြကာ အော်လိုက်သည်။
" ငါ့ကိုဖမ်းချင်တာလား။ နောက်ဘဝမှပဲရမယ် "
ယဲ့ဖန်၏ နှုတ်ခမ်းသည် တွန့်ကွေးသွားသည်။
" ငါ့ဆီကလွတ်ချင်တာလား။ အိမ်မက်မက်နေလိုက် "
ငါမင်းကို ခဏလောက်တော့ ပေးပျော်လိုက်မယ်။
ထိုအချိန် ကုန်းပတ်ပေါ်မှ ပရိတ်သတ်များသည် မှင်သက်နေပြီး ဘာဖြစ်နေသည်ဆိုတာ မသိဘဲ ဖြစ်နေကြသည်။
ထိုအချိန်မှာပင် ပြိုင်ပွဲ၏ တာဝန်ရှိ ဝန်ထမ်းတစ်ယောက် ရောက်လာပြီး လူတိုင်းကို ရှင်းပြပေးသည်။
" အားလုံးပဲ စိတ်ငြိမ်ငြိမ် ထားပေးကြပါ။ အဲ့လူက လိမ်ညာကစားပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ကို ငြင်းဆိုတာကြောင့် အရေးအပေါ် အစီအမံတွေပြုလိုက်လိုက်ရတာပါ "
ရှင်းပြချက်ကို ကြားပြီးမှ လူတိုင်းက သဘောပေါက်သွားကြသည်။
လိမ်ကစားတာဆို သူက အဖမ်းခံရသင့်တယ်။
ဒါပေမဲ့ လိမ်ကစားတဲ့သူက ဖန်ယဲ့ မဟုတ်ဘူးလား။
ဘာလို့ အဲ့ဒီလူဖြစ်သွားရတာလဲ။
ဒီကိစ္စကြီးက နည်းနည်းခေါင်းစားစရာပဲ။
အပိုင်း ( ၁၀၀၂ )
စိတ်မပူနဲ့ သူမလွတ်ဘူး
ပရိတ်သတ်များ စိတ်ရှုပ်ထွေးနေချိန် ဖန်သားပြင်၌ ယဲ့ဖန်မှ ရိုးသားမှုကို သက်သေပြနေပြီး အားကန်မှ လိမ်လည်ကစားခဲ့သည်ဖြစ်ကြောင်း ထုတ်လွှင့်နေသည်။
အားကန်သည် စကားအနည်းငယ် ပြောဆိုပြီး ငြင်းခုန်နေသည်မှ ရုတ်တရက် ပြေးထွက်သွားသည်။
အကြောင်းမှာ သူ လိမ်လည်ကစားသည်ကို ရှောင်ချန်ချင်းမှ မိသွားပြီး ထုတ်ဖော်ခံလိုက်ရသည့်အတွက်ကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် အမှန်တရား ပေါ်ပေါက်လာတော့သည်။
" ဒီခွေးသားက တကယ်ကြီး လိမ်ကစားခဲ့တာလား။ ဒါတောင် သူများကိုဘယ်လိုတောင် စွပ်စွဲရဲရတာလဲ ”
" ဒီလို အကျင့်စာရိတ္တဖောက်ပြန်တဲ့လူက ဆီမီးဖိုင်နယ်ကို တကယ်ရောက်ခဲ့တာလား။ ဒါက လောင်းကစားဘုရင်ပြိုင်ပွဲကို အရှက်ရစေတာပဲ "
" ဒီနှစ်လောင်းကစားဘုရင်ပြိုင်ပွဲက တကယ် ........ လောင်းကစားလုပ်နေတာထက်တောင် အများကြီး ပိုပျော်စရာကောင်းနေတာပဲ "
" ဘာပဲဖြစ်ဖြစ် အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ငါ အခုပဲ အဲ့ခွေးကောင် ကန်တာတောင် ခံလိုက်ရသေးတယ် ..... "
လူတိုင်းသည် အားကန်ကို ကျိန်ဆဲနေကြပြီး တစ်ချိန်တည်းမှာပင် ပွဲစီစဉ်သူ၏ လုပ်ရပ်ကိုလည်း နားလည်လာကြသည်။
ဤသည်မှာ ယဲ့ဖန် လောင်းကစားပြိုင်ပွဲအား အသုံးချကာ အားကန်အတွက် အထူးတလည် ထောက်ချောက်ဆင်ဖမ်းရသည့် အကြောင်းအရင်း ဖြစ်သည်။
သူသည် ဟုန်းမိသားစုမှ အကွက်ရွှေ့ရန် တရားဝင် အကြောင်းပြချက် ဖန်တီးပေးခဲ့သည်။
မဟုတ်ပါက လောင်းကစားဘုရင်ပြိုင်ပွဲ၌ ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်လျှင် လူတိုင်း၏ ရှုံ့ချမှုကို ခံရမည်ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်ချင်းတို့ကလည်း နောက်ကိုလိုက်မှီလာခဲ့ကြသည်။
" သူလွတ်သွားပြီလား "
ဟုန်းရှောင်ထျန်းသည် ကပင်လယ်ထဲမှာကူးခတ်နေတဲ့ အားကန်ကိုကြည့်ရင်းပြောကာ သဘော်လက်ရင်းကိုဒေါသတကြီးရိုက်ချလိုက်သည်။
" ဟောင်အဘိုးကြီး မင်းတို့ကအမှိုက်တစ်စုကိုပျိူးထောင်ထားတာပဲ၊လူအများကြီးကတစ်ယောက်ကိုမဖမ်းနိုင်ဘူး " ရှောင်ချန်ချင်းက ခနဲ့ကာပြောလိုက်သည်။
ဟုန်ရှောင်းတန် နဲ့သူ့နောက်လိုက်များကဒေါသတကြီးဖြစ်နေပြီး ရှောင်ချန်ချင်း ကိုရန်လိုစွာစိုက်ကြည့်နေကြသည်။
" မပူပါနဲ့သူဘယ်လိုမှမလွတ်နိင်ဘူး " ဟုန်ရှောင်းတန် ကလေးလေးနက်နက်ပြောလိုက်သည်။
ဟုန်မိသားစု၏ လူများကမှာ သဘော်ပေါ်မှာဖြစ်နေပြီး အားကန်သည် ပင်လယ်ထဲ၌ ပျော်ရွှင်စွာ ကူးခတ်နေသည်။
လောင်းကစားမြို့တော်တွင် ကျော်ကြားသော သူခိုးဘုရင်တစ်ဦးအနေဖြင့် ကောင်းကင်တွင်ပျံသန်းခြင်း၊ မြေပြင်ပေါ်တွင် ပြေးခြင်းနှင့် ပင်လယ်ထဲတွင် ရေကူးခြင်း စသည့် အတတ်ပညာအားလုံးမှာ သူ၏ ကျွမ်းကျင်ရာများ ဖြစ်သည်။
ထိုသို့ မဟုတ်ပါက သူ သေနေသည်မှာ အတော်ကြာနေလောက်ပြီ ဖြစ်သည်။
" ဟမ့်၊ မင်း ဘယ်လောက်ပဲတော်တော် ငါ့ခြေဆေးရေကို သောက်နေရမှာပဲ "
" ငါ့ကိုဖမ်းချင်နေတာလား။ နောက်ဘဝထိ စောင့်လိုက် "
အားကန်သည် အေးဆေးစွာ ရေကူးသွားပြီး လွတ်ပါက အပန်းဖြေဖို့ အမျိူးသမီးတစ်ယောက် ရှာရန်ပင် ပြင်ဆင်နေသည်။
ထိုအချိန်၌ အန္တရယ်အငွေ့အသက်တစ်ခုကို သူ ခံစားလိုက်ရသည်။
သူ မတုံ့ပြန်နိုင်ခင်ပင် သူ့အနားသို့ ငါးမျှားပိုက်ကွန်တစ်ခုက ဝန်းရံလာခဲ့သည်။
" မကောင်းတော့ဘူး။ ထောက်ချောက်မိပြီ "
သူ ချက်ချင်းပင် အားကုန်သုံး၍ ရုန်းကန်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ငါးမျှားပိုက်ကွန်ဖြင့် လျင်မြန်စွာ အဆွဲခံလိုက်ရပြီး အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူ့ကို ရစ်ပတ်သွားကာ ရေပေါ်သို့ ဖြည်းဖြည်းချင်းဆွဲတင်ခံရသည်။
ထိုအခါ ချက်ချင်းပင် ရေပေါ်၌ Speedboat အနည်းငယ်မှ သူ့အနားသို့ ချဥ်းကပ်လာပြီး စက်ဝိုင်းတစ်ခုလို လှည့်ပတ်နေသည်။
Speedboatsပေါ်မှ လူများမှာတော့ ငါးကြီးကြီး မိလိုက်သကဲ့သို့ ကျယ်လောင်စွာ ရယ်မောနေကြသည်။
သူတို့အားလုံးသည် ရှောင်းမိသားစုမှလူများ ဖြစ်ကြပြီး အားကန် ပင်လယ်ထဲသို့ ခုန်ချလွတ်မြောက်သွားခြင်းမှ တားဆီးရန် ယဲ့ဖန်မှ ကြိုတင်စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။
" ဟားဟားဟား၊ ယဲ့လူကြီးမင်း ခင်ဗျား တော်တော်ဉာဏ်ပြေးတာပဲ။ ဒီခွေးကောင်က တကယ် ပင်လယ်ထဲခုန်ချသွားတာ "
ခေါင်းဆောင်တွေထဲမှ တစ်ယောက်ဖြစ်ပုံရသည့် မျက်နှာမှ အမာရွတ်ဖြင့်လူက အားကန် ရှေ့တွင် ရပ်လိုက်ပြီး မချိုမချဥ်ပြုံးကာ ပြောလိုက်သည်။
" သူ့ကိုအောက်ချလိုက် "
သူ့လက်အောက်ငယ်သားများမှ အားကန်ကို ငါးမျှားပိုက်ကွန်ထဲမှ မထုတ်ရဲ၍ ပိုက်ကွန်ကိုသာ Speedboatပေါ် တင်လိုက်သည်။
အမာရွတ်ဖြင့်လူသည် အားကန်၏ ဗိုက်ကို ကန်ကာ ပြောလိုက်သည်။
" ဆက်ပြေးဦးလေ၊ ပြေးစမ်း "
အားကန်သည် ကန်ချက်ကြောင့် တွန့်ကွေးသွားကာ မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
" အိုး၊ မင်းက မယုံကြည်နိုင် ဖြစ်နေတာမလား "
အမာရွတ်နှင့်လူသည် အားကန်မျက်နှာကို ကိုင်ကာ အကြိမ်အနည်းငယ် ရိုက်နှက်ရင်း ပြောလိုက်သည်။
" မင်း ငါ့ကို မလွတ်စေနဲ့။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ် "
အားကန်၏ အသံသည် လူတစ်ယောက်၏ ဦးခေါင်းကို ထုံကျင်သွားစေနိုင်သည်အထိ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည်။
" ငါ့လက်ထဲရောက်နေတာတောင် လွတ်ချင်နေသေးတာလား။ အိမ်မက်ဆက်မက်နေလိုက် "
အမာရွတ်နှင့်လူသည် ချက်ချင်းပင် လှောင်ပြောင်လိုက်ကာ ထပ်ပြီး ကန်ကျောက်နေသည်။
" မင်းငါ့ကို အခုမသတ်ဘူးဆိုရင် ငါ အသက်ရှူနေသေးသ၍ လွတ်ဖို့ အခွင့်အရေးဆိုတာ ရှိနေတုန်းပဲ "
အားကန်သည် သရော်ပြုံးကာ ပြောလိုက်သည်။
အမာရွတ်နှင့်လူသည် မထီမဲ့မြင်အမူအရာ ဖြစ်သွားပြီး သူ့ကို အာရုံစိုက်မနေတော့ချေ။
ယဲ့လူကြီးမင်းနှင့် တခြားသူများကို စောင့်နေကာ သူတို့တာဝန် အောင်မြင်ကြောင်း ပြောပြချင်နေသည်။
အားကန်၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး ဆဲရေးလှောင်ပြောင်လိုက်သည်။
" မင်းက သန်မာထွားကျိုင်းပြီး အရပ်ရှည်ပေမဲ့ မင်းက ငကြောက်လေး ဖြစ်နေတုန်းပဲ "
" လူကို ဘယ်လိုသတ်ရလဲဆိုတာရော သိရဲ့လား။ သွေးမြင်ရင် သေးထွက်ကြမယ့်ပုံနဲ့ အပြင်မထွက်သင့်ဘူး။ အိမ်မှာပဲ ကလေးထိန်းနေသင့်တယ် "
" အာ ဟုတ်သားပဲ။ မင်းရဲ့ သားသမီးတွေက မင်းရဲ့ကလေးရော ဟုတ်ရဲ့လား။ ဟားဟားဟား "
" မင်းက သေချင်နေတာလား။ အဲ့လောက် သေဖို့ မလွယ်စေရဘူး။ သေတယ်ဆိုတဲ့ အရသာက ဘယ်လိုလဲဆိုတာ မင်းကို မြည်းစမ်းခွင့်ပေးမယ် "
အမာရွတ်နှင့်လူသည် ရက်စက်တော့မည့် အရိပ်အယောင်ပေါ်လာကာ သူ့ဖိနပ်ကြားထဲမှ ဓားမြှောင်ကို ထုတ်ပြီး အားကန် ရှေ့ထိုင်ချလိုက်သည်။
" ငါကြားတာတော့ မင်းက သောက်ကျိုးနည်း သူခိုးဘုရင်ကြီးဆိုတော့ မင်းလက်တွေကိုသေချာ ထိန်းသိမ်းထားမယ့်ပုံပဲ။ မိန်းကလေးတွေရဲ့ လက်ထက်တောင် ပိုနူးညံ့သေးတယ်။ ငါတော့ ကြည့်မရဘူး "
ပြောပြီးသည်နှင့် သူ၏ဓားမြှောင်ဖြင့် အားကန်ရင်ဘတ်ကို ထိုးရန် လှုပ်ရှားလိုက်သည်။
ထိုအချိန်မှာပင် အားကန်သည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ထုတ်လိုက်ပြီး အမာရွတ်နှင့်လူကို တိုက်ကာ ဆောင့်ချလိုက်သည်။
သူတို့သည် မငြိမ်သက်သော ရေမျက်နှာပြင်မှ Speedboatပေါ်တွင် ရှိနေသောကြောင့် လှုပ်ယမ်းသွားပြီး ဒေါသလည်း ထွက်နေ၍ သတိလက်လွတ်ဖြစ်သွားကာ အားကန်ဖြင့် တိုက်မိပြီး နောက်သို့လန်ကျသွားသည်။
အမာရွတ်နှင့်လူ၏ လက်အောက်ငယ်သားများသည် သူ့ကို ကယ်ရန်သာ စိတ်စောနေသောကြောင့် အားကန်ကို စောင့်ကြည့်ရန် မေ့လျော့သွားကြသည်။
ဤသည်ကို အခွင့်ကောင်းယူကာ အားကန်သည် ပိုက်ကွန်ကိုမပြီး ပင်လယ်ထဲ ခုန်ဆင်းသွားသည်။
လူတိုင်းမှ သတိပြုမိသွားချိန်တွင် အားကန်၏ အရိပ်အယောင်ကို ရှာမတွေ့တော့ချေ။
" ပြေးချင်တယ်ပေါ့။ မင်းတို့အားလုံး အောက်ဆင်းရှာပြီး အဲ့ခွေးမသားကို သတ်ကြစမ်း။ အသက်ရှင်ရင်လူကို တွေ့ချင်ပြီး သေသွားရင် အလောင်းကို မြင်ချင်တယ် "
အမာရွတ်နှင့်လူသည် တုန်လှုပ်အံ့သြကာ ဒေါသထွက်နေသည်။
အကြောင်းမှာ အားကန်သည် သူဌေးရှောင်က အထူးတလည် တောင်းဆိုထားသည့်လူ ဖြစ်ပြီး သူသာ လွတ်သွားပါက ဒုက္ခရောက်မည် ဖြစ်သည်။
သူ့လက်အောက်ငယ်သားအားလုံးသည် အပိုတွေပြောမနေဘဲ ပင်လယ်ထဲ ခုန်ချသွားကြသည်။
အမာရွတ်မျက်နှာဖြင့်လူနှင့် သူ၏ လူမိုက်များသည် ဤပင်လယ်၍ ကျင်လည်လှုပ်ရှားနေသူများ ဖြစ်သည့်အလျောက် ရေကူးကျွမ်းကျင်ကြသည်။
" ဒီပင်လယ်က သိပ်မနက်ဘူး။ အဲ့တော့ လူအများနဲ့သာဆို ဒီခွေးကောင်ကို သေချာပေါက် မိမှာပဲ "
အမာရွတ်မျက်နှာနှင့်လူသည် Speedboatပေါ်ကမှ ပင်လယ်ပြင်ကို ကြည့်နေသည်။
ထိုအချိန်မှာပင် သွေးများသည် ရေပေါ်သို့ ပေါ်ထွက်လာပြီး ပင်လယ်မျက်နှာပြင်ကို နီစွေးသွားစေသည်။
အမာရွတ်မျက်နှာနှင့်လူ၏ မျက်လုံးများသည် ပြူးကျယ်သွားကာ မြင်နေရသော အမှန်တရားက သူ့ကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ပင်လယ်ကြမ်းပြင်မှ ထွက်လာသော သွေးပန်းပွင့်များသည် Speedboatပတ်လည်ကိုရောက်ရှိလာပြီး စက်ကို ရပ်သွားစေသည်။
အလောင်းတစ်ဒါဇင်ခန့် ပေါ်လာပြီး သူတို့အားလုံးသည် ယခုလေးတင်မှ ပင်လယ်ထဲသို့ ခုန်ချသွားသူများ ဖြစ်သည်။
" သရဲ သရဲ "ဟု အမာရွတ်ဖြင့်လူက အော်ပြောကာ Speedboatကို စက်ပြန်နှိုးနေသည်။
ထိုအချိန်၌ လှေသည် နှစ်ကြိမ်လှုပ်သွားပြီး နောက်ကို လှည့်ကြည့်လိုက်ရာ ရေစိုရွှဲနေသော လူတစ်ယောက် လှေပေါ် သို့ ခုန်တက်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူမှာ အားကန်ပင် ဖြစ်လေသည်။
အပိုင်း ( ၁၀၀၃ )
ငါတို့ထပ်တွေ့ကြမယ်
" မင်း ... မလာနဲ့ ... "
အမာရွတ်ရှိသောလူသည် ဓားမြှောင်ကို ရင်ဘတ်ရှေ့တွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ထိတ်လန့်စွာ ကြည့်နေလေသည်။
သူ့မျက်စိရှေ့ တခဏအတွင်း လူဆယ်ဦးထက်မနည်း သေဆုံးခဲ့ရသည်။
သူ့ရှေ့မှလူသည် သာမန်ကြောက်ဖို့ကောင်းတာလောက်ပင် မဟုတ်ချေ။
အားကန်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
" မင်းငါ့ကို လွတ်တာနဲ့ မင်းနောင်တရမယ်လို့ ငါပြောခဲ့သားပဲ "
အမာရွတ်ရှိသောလူသည် ရှောင်လွှဲလို့ မရကြောင်း သိလိုက်ပြီး စိတ်ကို တင်းကာ ရှေ့တည့်တည့်သို့ ဓားမြှောင်ဖြင့် ထိုးလိုက်သည်။
အားကန်သည် အသာယိမ်းကာ ရှောင်လိုက်ပြီး သူ့လက်ထဲမှ ဓားဖြင့် အမာရွတ်ရှိသောလူ၏ လည်ချောင်းကို ပွတ်ဆွဲလိုက်ရာ သွေးများ ဖြိုင်ဖြိုင်ကျဆင်းလာသည်။
အားကန်သည် ဓားကို လျှာဖြင့်လျက်ကာ ဓားကို ပါးစပ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အမာရွတ်ဖြင့်လူ၏ ခန္ဓာကိုယ်ကို ကန်ချလိုက်သည်။
ထိုအချိန်၌ ယဲ့ဖန်၏လှေသည် လျင်မြန်စွာ သူ့အနားသို့ ရောက်ရှိလာသည်။
" ငါတို့ နောက်မှထပ်တွေ့ကြမယ် "
အားကန်သည် အေးစက်သောအပြုံးနှင့် လက်ဝေ့ယမ်းပြကာ ပြောလိုက်သည်။
ပြီးသည်နှင့် လှေကိုမောင်းကာ လျင်မြန်စွာဖြင့် အဝေးသို့ ရောက်ရှိသွားသည်။
ယဲ့ဖန်၊ ဟုန်းရှောင်ထျန်း၊ ရှောင်ချန်ချင်းနှင့် တခြားသူများ ရောက်လာချိန်တွင် ရေပေါ်မှာမျောနေသော အလောင်းများ သာမြင်လိုက်ရသည်။
" အိုး၊ လူအိုကြီးရှောင်။ မင်းရဲ့ လက်အောက်ငယ်သားတွေက အမှိုက်တွေပဲ။ အနည်းဆုံးတော့ ငါ့လက်အောက်ငယ်သားတွေက တစ်ယောက်မှ မသေဘူး "
ဟုန်းရှောင်ထျန်းသည် သူ အလှောင်ခံရသည်ကို မကျေနပ်သောကြောင့် ပြန်လည် လှောင်ပြောင်လိုက်သည်။
ရှောင်ချန်ချင်း၏ မျက်နှာသည် ဖြူဖျော့သွားသည်။
အကြောင်းမှာ သူ၏ လက်အောက်ငယ်သားများ ဆုံးရှုံးလိုက်ရခြင်းကြောင့်မဟုတ်ဘဲ ယဲ့ဖန်၏ရှေ့တွင် သူ့မျက်နှာ ပျက်သွားရသောကြောင့် ဖြစ်သည်။
ဟုန်းရှောင်ထျန်းမှာတော့ ပရိတ်သတ်များကို မတော်တဆ ထိခိုက်မိမည်ကို ကြောက်သောကြောင့် ကစားပွဲနေရာပေါ်တွင် အားကန်ကို မသတ်ရဲကြောင်း ဆင်ခြေပေးနိုင်သော်လည်း သူကတော့ မပေးနိုင်ခဲ့ချေ။
အားကန်အား သေချာ ထောင်ချောက်ဆင်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် လွှတ်ပေးလိုက်ရသောကြောင့် ရှက်ရွံ့နေသော မျက်နှာနှင့် ပြောလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် တောင်းပန်ပါတယ်။ အဲ့ကောင် အားကန်က တော်လွန်းတယ် ....... "
အားကန် လွတ်မြောက်သွားသည့်နေရာကို ကြည့်နေသော ယဲ့ဖန်သည် ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။
" ခင်ဗျားကို အပြစ်မတင်ပါဘူး။ သူ့ကို ဒီလောက်လွယ်လွယ်နဲ့သာ ဖမ်းမိနိုင်ရင် ဘယ်လိုလုပ် ဒီလောက်ပြဿနာတွေ တက်ပါ့မလဲ။ ဒီလိုနဲ့ ဖမ်းမိရင်လည်း သူက ဘယ်လိုလုပ် သူခိုးဘုရင်ပီသတော့မလဲ "
ဤသို့ ဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။
အကြောင်းမှာ ယဲ့ဖန်သည် တစ်ကွက်ချန်ထားသေးသောကြောင့်ဖြစ်သည်။
" မင်းကို အလွတ်ခံလိုက်ရင် ငါ့မျက်နှာ ဘယ်နားသွားထားရမှာလဲ "
အဝေး၌ အနက်ရောင်အစက်အဖြစ် ပြောင်းလဲသွားသော အားကန်ကို ကြည့်ရင်း ပြောလိုက်ကာ ယဲ့ဖန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြတ်သန်းသွားသည်။
အားကန်သည် ဆိပ်ကမ်းကပ်ရန် ကမ်းခြေတစ်ခုကို ရှာနေစဉ် မော်တော်ဘုတ်ကို အဝေးသို့ မောင်းနှင်လာခဲ့ပြီး နောက်လှည့်ကြည့်လိုက်ရာ ဘယ်သူမှ သူ့နောက် လိုက်မလာသည်ကို တွေ့လိုက်ရပြီး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူ၏ လက်မှ ဒဏ်ရာသည် ပင်လယ်ရေနှင့် ထိထားသည့်အတွက် ပြင်းထန်စွာ နာကျင်ကိုက်ခဲနေသော်လည်း သူ့နှလုံးသားထဲမှ ဒေါသ၊ အရှက်ရမှု၊ ခံပြင်းမှုတို့နှင့်တော့ မယှဉ်နိုင်ပေ။
ဓားမြှောင်သည် သူ့လက်ကို ဖောက်ထွက်သွားသောကြောင့် အနာကျက်ပြီးပြန်သက်သာလာလျှင်ပင် အရင်လို ပြန်မဖြစ်နိုင်တော့ဘဲ သူ၏ ခွန်အားနှင့် လျင်မြန်မှု အတော်အတန် ဆုံးရှုံးသွားမည်ဖြစ်သည်။
" ခွေးမသား၊ မင်းကိုတစ်ချက်တည်းနဲ့ သတ်လိုက်တာ မင်းကံကောင်းသွားတယ် "
အားကန်သည် ထိုအမာရွတ်မျက်နှာဖြင့် လူအကြောင်းကို တွေးလိုက်သောအခါတွင် မုန်းတီးစိတ်ဖြင့် အံကြိတ်နေသည်။
အကယ်၍ သူသာ လွတ်မြောက်ရန် အလျင်စလို ဖြစ်မနေခဲ့လျှင် ထိုခွေးသားကို ဤမျှလောက် လွယ်လွယ်ကူကူ အသေမခံချေ။
သူ့နှလုံးသားထဲမှ မုန်းတီးမှုများကို ဖြေဖျောက်ရန် အနည်းဆုံး သူ့ကို အရှင်လတ်လတ် အရေခွံခွာပေးမည် ဖြစ်သည်။
သူသည် ကမ်းပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်လာကာ ကမ်းစပ်ရှိ စတိုးဆိုင်သို့ သွား၍ ရေကို ဝယ်သည်။
အနည်းငယ်ကိုသောက်၍ ကျန်သည်ကို အနာများပေါ်သို့ လောင်းချလိုက်သည်။
အသက်ကို ပြင်းပြစွာ ရှူရှိုက်လိုက်ပြီး ဟုန်းမိသားစု၊ ရှောင်မိသားစုတို့နှင့် ယဲ့ဖန်ကို မည်သို့ လက်စားချေရမည်အား မစဉ်းစားမီ အနားယူရန် နေရာအရင်ရှာလိုက်သည်။
သူသည် ပြဿနာအကြီးကြီး တက်ခဲ့ရသောကြောင့် သူတို့ကို ဒီအတိုင်းလွှတ်ထားပေးမည် မဟုတ်ပေ။
ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည်နှင့် အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရပြန်သည်။
ဤသည်မှာ မရေမတွက်နိုင်သော သေခြင်းရှင်ခြင်း အခြေအနေများကို တွေ့ကြုံပြီးနောက် သူရရှိခဲ့သော အသိဖြစ်သည်။
သူသည် ရှေ့ကို လှိမ့်ချလိုက်သည်။
သို့သော် ခြေတစ်လှမ်းနောက်ကျပြီး သူလှိမ့်ချလိုက်သည့် အချိန်မှာပင် သေနတ်သံ ဟိန်းထွက်လာသည်။
စနိုက်ပါကျည်ဆံသည် သူ့ညာဘက်ခြေထောက်ကို ထိုးဖောက်သွားသည်။
" အား "
ထိုအချိန်မှာပင် သူသည်နာကျင်မှုကြောင့် ဖြူဖျော့သွားပြီး စိတ်ထဲတွင်ကျိန်ဆဲလိုက်သည်။
" ဒီခွေးသူတောင်းစား ယဲ့ဖန်က ရက်စက်လွန်းတာပဲ "
ငါ့ကို ကိုင်တွယ်ဖို့အတွက်နဲ့ စနိုက်ပါသမားတွေတောင် လွှတ်လိုက်တာလား။
ဘာလို့ မင်းရဲ့ သောက်လေယာဉ်နဲ့ အမြှောက်တွေကိုပါ မလွှတ်လိုက်တာလဲ။
ထိုသို့ တွေးလိုက်ချိန် ပန်ကာလည်သံများကို သူကြားလိုက်ရသည်။
" သေစမ်း၊ သူတို့ တကယ်ကြီး လေယာဉ်တွေ လွှတ်လိုက်တာလား "
သူအပေါ်သို့ မော့ကြည့်လိုက်ရာ ဟယ်လီကော်ပတာနှစ်စီး သူ့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
" သေစမ်း၊ ငါတော့ သေပြီ "
ကြိမ်ဖန်များစွာ ကျိန်ဆဲလိုက်ပြီး အလျင်အမြန် ပြေးထွက်လာခဲ့သည်။
ဒဏ်ရာကြောင့် မျဉ်းဖြောင့်အတိုင်း မလျှောက်ဝံ့ပဲ ဆက်လက် လိမ်ကောက်ကွေး လှုပ်ရှားနေရသည်။
ဒိုင်း၊ ဒိုင်း…
တစ်ချိန်တည်းမှာပင် သေနတ်သံနှစ်ချက် ထပ်မံထွက်ပေါ်လာသည်။
ကံကောင်းထောက်မစွာဖြင့် သူ့ကို ထိလုနီးပါး ဖြစ်သွားသော်လည်း အမြန်ရှောင်တိမ်းနိုင်ခဲ့သည်။
" ယဲ့ဖန် ငါဒီနေ့ အသက်ရှင်ခဲ့ရင် မင်းကို လုံးဝအလွတ်မပေးဘူး "
သူသည် ကျိန်ဆဲရင်းပြေးနေသည်။
သူ့ကို ကိုင်တွယ်ရန် ယဲ့ဖန်သည် အင်အားစုံ ထုတ်သုံးထားသည့်အတွက် ဂုဏ်ယူရမလား၊ ငိုရမလားပင် မသိတော့ချေ။
သူ့စိတ်ထဲ ကျိန်ဆဲနေတဲ့အချိန်မှာပင် အယောက်၂၀ထက်ပိုသော လူများသည် ပုန်းကွယ်နေရာမှ ထွက်လာသည်ကို မြင်လိုက်ရသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းသည် သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။
သွားပြီ၊ ဒီတစ်ခါ လွတ်လမ်းမရှိတော့ဘူး။
အပိုင်း ( ၁၀၀၄ )
နတ်ဘုရားတွေတောင် ငါ့ကိုကူညီနေတာပဲ
အားကန်သည် မော်တော်ကို လုပြီး ထွက်ပြေးလွတ်မြောက်ပြီးတဲ့နောက် လျုံဖုန်းဟိုင်နှင့် တခြားသူများသည် ထိုသတင်းကို ရခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ဖန်သည် ဤဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းမိသောကြောင့်ခဲ့ ရွှေစွပ်ပြုတ်လုံခြုံရေးအဖွဲ့ကို အနီးနားရှိနေရာများတွင် တပ်စွဲရန် စီစဉ်ထားခဲ့ပြီးဖြစ်သည်။
အားကန်သည် သေနတ်မှန်သွားခဲ့သည်။
လျုံဖုန်းဟိုင်နှင့် သူ့လူများသည် ဖြည်းညှင်းစွာ လမ်းလျှောက်လာပြီး အားကန်ကို ပြုံးကြည့်လျက် ပြောလိုက်သည်။
" မင်းက ပြေးတဲ့နေရာမှာတော့ တော်တော် တော်တာပဲ။ လူတော်တော်များများက မင်းကို မတားဆီးနိုင်ကြဘူး ”
အားကန်သည် ဖြည်းညှင်းစွာ လက်မြှောက်လိုက်ပြီးပြောလိုက်သည်။
" ယဲ့လူကြီးမင်းက အရမ်းမရက်စက်လွန်းဘူးလား။ ငါ သူ့ဆီက မြေပုံအပိုင်းအစ တစ်ခုလေးပဲ ခိုးခဲ့တာလေ။ အဲ့အတွက်နဲ့ ငါ့ကို ကမ္ဘာအဆုံးထိ လိုက်ဖို့လိုလို့လား "
အလက် ၂၀ ထက်များသော သေနတ်များက သူ့ကို ချိန်ထားသောကြောင့် အားကန်သည် မပြေးရဲတော့ပေ။
လျုံဖုန်းဟိုင်သည် ရယ်မော ပြောလိုက်သည်။
" ယဲ့လူကြီးမင်းကို ဆန့်ကျင်ပြီးတာတောင် မင်းက ပြေးချင်နေသေးတာလား "
" မင်း အပြင်ဘက်အာကာသထဲ ရောက်သွားရင်တောင် ငါတို့က မင်းကို ဖမ်းနိုင်တယ်။ မင်းခေါင်းထဲ ကျည်ဆံ မဝင်ချင်ရင် မင်းလက်တွေ ခေါင်းပေါ် တင်ပြီး ထိုင်ချလိုက် "
အားကန်သည် မခုခံရဲတော့ပဲ ပြောလိုက်သည်။
" ကောင်းပြီ ငါဝန်ခံတယ်။ ငါမပြေးတော့ဘူး၊ ရပြီလား "
လျုံဖုန်းဟိုင်သည် သူ့လူတွေကို လက်ဝှေ့ယမ်းလိုက်ရာ လူနှစ်ယောက်ထွက်လာပြီး အားကန်ကို ဖမ်းလိုက်သည်။
ထိုအချိန်မှာပင် ကလေးမလေးတစ်ယောက်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
" မေမေ သမီးကို လိုက်ဖမ်း "
အားလုံးသည် လှည့်ကြည့်လိုက်ရာ သုံးလေးနှစ်အရွယ် ကလေးမလေးတစ်ယောက် ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။
" ဒီကို မလာနဲ့ "
လျုံဖုန်းဟိုင်သည် အော်လိုက်သော်လည်း မမှီတော့ပေ။
မြေခွေးအိုကြီးဖြစ်သော အားကန်သည် ထိုကဲ့သို့ အခွင့်အရေးကောင်းကို လက်လွတ်မခံပေ။
မြေပြင်ပေါ် လျင်မြန်စွာ လှိမ့်ချသွားကာ ကလေးမလေးကို လှမ်းဆွဲရင်း ပြောလိုက်သည်။
" မင်းတို့ကောင်တွေ၊ နောက်ဆုတ်စမ်း။ မဟုတ်ရင် ငါသူ့ကို သတ်မှာ "
အားကန်သည် ကလေးမလေး၏ လည်ပင်းပေါ်တွင် ဓားကိုဖိထားသည်။
သူမ၏ လည်ပင်းပြတ်ရန် ဓားတစ်ချက်သာလိုသည်။
ကလေးမလေးသည် အလွန်ကြောက်သွားပြီး ကျယ်လောင်စွာ ငိုတော့သည်။
သူမ၏ ခြေထောက်များသည် တဆတ်ဆတ် တုန်ခါနေသည်။
" မေမေ၊ သမီးကိုကယ်ပါဦး "
ကလေးမလေး၏ မိခင်သည် ကြောက်ရွံ့နေသည့်အတွက် ခဏကြာမှ သတိဝင်လာကာ တောင်းပန်လိုက်တော့သည်။
" ကျွန်မသမီးလေးကို လွှတ်ပေးကြပါ " ဟုပြောကာ ပြေးလာသည်။
အားကန်သည် သူ့ဓားကို ဖိချလိုက်ရာ ကလေးမလေး၏ လည်ပင်းမှ သွေးများ ထွက်လာသည်။
" မေမေ "
ကလေးမလေးက ပို၍ငိုသွားသည်၊၊
ထိုအမျိုးသမီး၏ မျက်နှာမှာ ထိတ်လန့်ခြောက်ခြားသွားသည်။
သူမသည် ပြေးနေသည့်အရှိန်ကို ရပ်လိုက်ရင်း ပြောလိုက်သည်။
" တောင်းပန်ပါတယ်၊ ကျွန်မသမီးလေးကို ဘာမှမလုပ်ပါနဲ့။ ရှင်လိုချင်တာမှန်သမျှ ပေးပါ့မယ် ........ "
အားကန်သည် သူမကို စိတ်မ၀င်စားပဲ လျုံဖုန်းဟိုင်နှင့် တခြားသူများကို လှည့်ကြည့်လိုက်သည်။
" မင်းတို့အားလုံး ဆွံ့အ နားမကြားဖြစ်နေတာလား။ ငါမင်းတို့ကို အရှုံးပေးဖို့ ပြောခဲ့တယ်လေ "
လျုံဖုန်းဟိုင်သည် အံကြိတ်လိုက်သော်လည်း အဆုံးတွင် လက်ကိုဝှေ့ယမ်းကာ သူ့လူများကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
သူတို့သည် အစိုးရအဖွဲ့က မဟုတ်သည့်အတွက် သေနတ်ကိုင်ဆောင်ခြင်းသည် ကြီးမားသော ပြစ်မှုဖြစ်သည်။
တစ်စုံတစ်ယောက်သာ သေသွားပါက ပြသနာတက်မည် ဖြစ်သည်။
အားကန်သည် ချက်ချင်းပင် မောက်မာစွာ ရယ်မောလိုက်သည်။
" နတ်ဘုရားတောင်မှ ငါ့ကို ကူညီပေးတယ်။ အရေးကြီးတဲ့အခိုက်မှာ နတ်သမီးလေးတစ်ပါးကို စေလွှတ်လိုက်တယ် "
သူသည် ပြောနေစဉ် လျှာကိုထုတ်ကာ ကလေးမလေး၏ လည်ပင်းမှ သွေးများကို လျက်လိုက်သည်။
" မေမေ ..... "
ကလေးမလေးသည် ပြင်းပြင်းထန်ထန် ငိုကြွေးနေကာ သူမအမေကို လှမ်းခေါ်သည်။
" ကောင်းကောင်းနေ၊ မင်းငါ့ကို စေတနာနည်းနည်းနဲ့ ကူညီနေသရွေ့ ငါမင်းကို ဒုက္ခမပေးဘူး "
အားကန်သည် ကလေးမလေးကို ညင်သာစွာ ပြုံးပြလျက် ပြောလိုက်သည်။
ထိုအချိန်တွင် သူသည် ရက်စက်ကြမ်းကြုတ်သော လူဆိုးတစ်ယောက်လို မဟုတ်တော့ဘဲ ကြင်နာတတ်သော ဖခင်တစ်ယောက်နှင့် တူနေသည်။
ကလေးမလေးသည် သူ့ကို မျက်တောင်ခတ်၍ ကြည့်လိုက်သည်။
" တကယ်လား "
အားကန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဦးလေးက ကလေးတွေကို မလိမ်ဘူး။ ကတိပေးကြရအောင် "
သူသည်စကားပြောနေရင်း သူမ၏ လက်ကလေးကိုကိုင်ကာ သူ့လက်ချောင်းနှင့် ကောင်မလေး၏ လက်ချောင်းများကို ချိတ်လိုက်သည်။
ကလေးမလေး၏ မျက်ရည်များနှင့် ပြည့်နေသောမျက်နှာသည် အပြစ်ကင်းသော အပြုံးပေါ်လာသည်။
အားကန်သည် လျုံဖုန်းဟိုင်ကို လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။
" ငါ့ကို ကားဆီလိုက်ပို့ "
လျုံဖုန်းဟိုင်သည် ညိုးငယ်သောအမူအရာဖြင့် သူ့ကိုကြည့်နေလျက် အကျပ်ရိုက်နေသည်။
အကယ်၍ သူသည် အားကန်အား ကားတစ်စီး ပေးလိုက်မည်ဆိုလျှင် ယဲ့လူကြီးမင်းမှ သူ့ကို ပေးခဲ့သောတာဝန် ပျက်သွားနိုင်သည်။
" ငါ့ရဲ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။ ငါ့ကို တွန်းအားမပေးနဲ့ "
အားကန် စိတ်မရှည်စွာ တိုက်တွန်းပြီး ကလေးမလေး၏ လည်ပင်းကို ဓားဖြင့် ထပ်မံဖိလိုက်သည်။
လျုံဖုန်းဟိုင်သည် အပေးအယူလုပ်ရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။
" ကောင်းပြီ၊ ငါမင်းကို ကားပေးမယ်။ ဒါပေမယ့် ကလေးကို အရင်လွှတ်လိုက်ပါ။ သူ့မှာ ဘာအပြစ်မှ မရှိဘူး "
အားကန်မှ မခိုးမခန့် ရယ်မောလိုက်သည်။
" မင်း ငါ့ကို သုံးနှစ်သားမှတ်နေလား။ ငါ သူ့ကို လွှတ်လိုက်ရင် မင်းငါ့ကို နိဗ္ဗာန်ပို့ပေးမှာမလား။ ဟမ့် မြန်မြန်လုပ်၊ ငါ မင်းကို ငါးမိနစ်ပဲ အချိန်ပေးမယ်။ မင်း တစ်မိနစ်ကျော်ရင် သူ့လက်ချောင်းတစ်ချောင်းကို ငါချိုးမယ် "
ကလေးမလေးသည် အားကန်ကို စိုက်ကြည့်ရင်း သူမကို ပြုံးပြနေသော ထိုဦးလေးမှာ ဘာကြောင့် ရုတ်တရက် ရက်စက်နေသည်လဲ ဆိုတာကို သူမ နားမလည်နိုင် ဖြစ်နေသည်။
လျုံဖုန်းဟိုင်သည် သူ့အတွက် ကားပြင်ဆင်ရန် တစ်စုံတစ်ဦးကို ခေါ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
မကြာခင်မှာပင် Toyota Corolla တစ်စီး ရောက်ရှိလာသည်။
" ရှေ့မှာရပ်၊ ကားရှေ့ သော့တွေထားပြီး လစ် " ဟု အားကန်က အမိန့်ပေးသည်။
လျုံဖုန်းဟိုင် သူ့လူတွေအား အားကန်မှ ပြောသည့်အတိုင်း လုပ်ခိုင်းကာ သူ့ကိုကြည့်ရင်းပြောလိုက်သည်။
" အခု ကလေးကို လွှတ်လို့ရပြီမလား "
အားကန်သည် စနိုက်ပါသမား၏ ပစ်ခတ်ခြင်းမှ ကာကွယ်ရန် သူ့ရှေ့တွင် ကလေးမလေးကို အသုံးပြု၍ အကာအကွယ်ယူကာ ကားပေါ်သို့ လျှောက်လာခဲ့သည်။
ကားသော့ကို ယူလိုက်ပြီး တံခါးမဖွင့်ခင် ပုန်းအောင်းနေသူ မရှိကြောင်း သေချာစေရန် ကားနောက်ထိုင်ခုံကို ကြည့်လိုက်သည်။
ထို့နောက် သူသည် ကားကို စက်နှိုးလိုက်သည်။
ဘာပြဿနာမှ မရှိကြောင်း အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
" ပြန်သွားပြီး ယဲ့ဖန်ကိုပြောလိုက်။ ငါကသူ့ကို အလွတ်မပေးဘူးဆိုတာ။ တစ်နေ့ သူ အိမ်သာသွားချိန်၊ အိပ်ချိန်၊ ဒါမှမဟုတ် ကောင်မလေးနဲ့ ချစ်နေတဲ့အချိန်ဖြစ်ဖြစ် ငါ ရုတ်တရက် သူ့နောက်မှာ ပေါ်လာလိမ့်မယ်လို့ ဟားဟား ... "
အားကန်သည် ရူးကြောင်ကြောင်ဆန်စွာ ရယ်နေရင်း သူ့မျက်နှာသည် ရုတ်တရက် နီရဲလာကာ ကလေးမလေး၏ လည်ပင်းကို ဖြတ်ရန် သူ့လက်ထဲမှ ဓါးကို ဝှေ့ယမ်းလိုက်သည်။
" မလုပ်နဲ့ … "
ကလေးမလေး၏ မိခင်သည် ထိုမြင်ကွင်းကို မြင်သောအခါ ကြောက်ရွံ့မှုများဖြင့် မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
ဒိုင်း
ထိုအခိုက်အတန့်၌ အမှောင်ထဲမှ ပုန်းနေသော စနိုက်ပါသမားသည် ထပ်မံပစ်ခတ်လိုက်သည်။
ကျည်ဆန်သည် အားကန်၏ နားရွက်ကို ပွတ်ဆွဲသွားကာ ကားကိုထိမှန်သွားသည်။
အားကန်သည် လူသတ်ရန် မဖြစ်နိုင်တော့သည့်အတွက် ကလေးမလေးကို အလျင်အမြန်ထားခဲ့ပြီး ကားတံခါးကို ဆောင့်ပိတ်ကာ မောင်းထွက်သွားခဲ့သည်။
" မင်းတို့ နှစ်ယောက် ကလေးကို ဆေးရုံဆီ ခေါ်သွားလိုက်။ ကျန်တဲ့ သူတွေက ကားပေါ်တက်ပြီး သူ့နောက်ကို လိုက်။ ကမ္ဘာမြေအဆုံးထိ လိုက်ရရင်တောင် ဒီခွေးမသားကို ရအောင်ပြန်ခေါ်လာခဲ့ "
လျုံဖုန်းဟိုင်သည် သူ၏ အမျိုးသမီးအဖွဲ့ဝင်နှစ်ဦးကို ကလေးမလေးအား ဂရုစိုက်စောင့်ရှောက်ရန် ချက်ချင်း အမိန့်ပေး၍ ချန်ခဲ့ကာ ကျန်လူများနှင့်အတူ ကားပေါ်သို့ တက်လိုက်သည်။
ဝှီး၊ ဝှီး၊ ဝှီး
ကားဆယ်စီးကျော်သည် အားကန်နောက်သို့ ချက်ချင်းလိုက်ကြသည်။