အပိုင်း ၁၀၀၅-၁၀၀၈
Vol. 51 Ch. 1005-1008
အပိုင်း ( ၁၀၀၅ )
မင်းမှန်တယ်။ ငါတို့ထပ်တွေ့ကြပြီ။
ဝှီး
အားကန်သည် စည်ကားနေသော ယာဉ်ကြောကို ဖြတ်ကျော်ကာ Toyota Corolla ကို မောင်းနှင်နေသည်။
လမ်းပေါ်ရှိ ယာဉ်များအားလုံး ဘေးသို့ ရှောင်တိမ်းသွားကြသည်။
" ဟိတ်ကောင်၊ မင်းက သေဖို့ အလျင်လိုနေတာလား "
ဒရိုင်ဘာတစ်ဦးသည် ပြတင်းပေါက်မှ ခေါင်းကိုထုတ်ကာ အားကန်၏ ကားနောက်ဘက်သို့ ကြည့်၍ ကျိန်ဆဲလိုက်သည်။
သို့သော် သူ့ခေါင်း ပြန်မထည့်နိုင်ခင်မှာပဲ Corollaကား၏ အနောက်တွင် ကားဆယ်စီးကျော် အနီးကပ်လိုက်လာသည်။
ကားသမားသည် အလွန်ကြောက်သွားပြီး မျက်နှာက ဖြူဖျော့သွားရင်း ရေရွတ်လိုက်သည်။
" ချီး၊ ဘာတွေ ဖြစ်နေတာလဲ။ ဟောလီးဝုဒ်ရုပ်ရှင်ကား ရိုက်နေကြတာလား "
ထိုမြင်ကွင်းကြောင့် လမ်းပေါ်ရှိ ယာဉ်မောင်းများ အားလုံး အံ့သြသွားကြသည်။
ရုပ်ရှင်မှာသာ မြင်ဖူးသည့် ပြိုင်ကားဇာတ်ဝင်ခန်းမျိုး လက်တွေ့မှာ တကယ် ဖြစ်ပျက်နေသောကြောင့် ဖြစ်သည်။
အားကန်သည် ရူးသွပ်သော အပြုံးဖြင့် ကားကို အမြင့်ဆုံးအရှိန်အဟုန်ဖြင့် မောင်းနှင်နေသည်။
ထိုအချိန်မှာပင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ ကားတစ်စီးသည် လိုက်မှီလာကာ လုံခြုရေးအစောင့်တစ်ယောက်သည် ပြတင်းပေါက်မှ ထွက်ကာ သေနတ်နှင့် ချိန်ထားရင်း ပြောလိုက်သည်။
" ကားကိုချက်ချင်းရပ်လိုက်။ မဟုတ်ရင် ငါပစ် ...... "
သူပြောလို့ မပြီးသေးခင်မှာပင် အားကန်၏ကားသည် ရုတ်တရက် ဦးတည်ချက်ပြောင်းသွားကာ ကားတစ်စီးကို ဝင်တိုက်တော့သည်။
ဝှီး၊ ဝှီး ..........
အင်ဂျင်သံများ ဆူညံသွားကာ ထိုကားသည် လမ်းပေါ်မှ ပြုတ်ကျပြီး လမ်းမီးတိုင်ကို ဝင်တိုက်မိသွားတော့သည်။
" ဟားဟား ...... "
အားကန်သည် ကြောက်စရာကောင်းစွာရယ်မောနေရင်း အရှိန်ပြင်းပြင်းနှင့် ဆက်မောင်းတော့သည်။
ထိုချိန်မှာပင် ရွှေစွပ်ပြုတ်မှ ကားများသည် သူ့ကို အကြိမ်ကြိမ် ဖမ်းမိသော်လည်း နောက်ဆုံး၌ လွတ်မြောက်နေသည်။
ထိုအခိုက်အတန့်တွင် သူတို့ရှေ့တွင် မီးနီတစ်ခု ရုတ်တရက် လင်းနေပြီး လမ်းဖြတ်ကူးသူ အများအပြားရှိနေသည်။
သို့သော်လည်း သူ့ကားက လုံးဝ အရှိန်မလျှော့ဘဲ အရှိန်ပြင်းပြင်းနဲ့ မောင်းသွားတယ်။
ဘန်း ဘန်း ဘန်း
လမ်းသွားလမ်းလာအနည်းငယ်သည် သူ့ကြောင့် လွင့်ထွက်သွားသည်။
ထိုမြင်ကွင်းမှာ အတော်၏လေး ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။
သူသည် လူမဆန်လွန်းသော်လည်း လျုံဖုန်းဟိုင်နှင့် အခြားသူများသည် သူ့လို မလုပ်နိုင်ပဲ နှေးကွေးစွာ ကွေ့ပတ်၍သာ သွားကြသည်။
သူတို့ အရှိန်တင်နိုင်သည့် အချိန်တွင် အားကန်ကို မတွေ့ရတော့ချေ။
" သေစမ်း၊ အဲ့ကောင်ကို ရအောင်ရှာ။ မြေကြီးကိုသုံးပေအထိ တူးထုတ်ရမယ်ဆိုရင်တောင် ဒီနေ့ရအောင်တူးထုတ်ကြ "
လျုံဖုန်းဟိုင်သည် ကားလက်ကိုင်ကို ဒေါသတကြီးရိုက်ကာ သူ့လူများကို စကားပြောစက်မှတစ်ဆင့် အော်ငေါက်နေသည်။
ယဲ့ဖန်သည် သူ့ကို ဤကဲ့သို့ အရေးကြီးသောတာဝန် ပေးထားသဖြင့် သူသည် မုချအောင်မြင်ရမည်ဟု ကတိပေးလိုက်သော်လည်း လူအများကြီးဖြင့် အားကန်ကို ဝိုင်းဖမ်းသည့်တိုင်အောင် မမိသေးချေ။
ထိုခွေးသားကိုသာ ဖမ်းမမိပါက သူ ယဲ့ဖန်ကို မျက်နှာမပြရဲတော့ပေ။
တစ်ချိန်တည်းမှာပင် အားကန်သည် အဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်ကြည့်မှန်ကို ကြည့်လိုက်သည့်အခါ ရွှေစွပ်ပြုတ်လုံခြုံရေးမှ ကိုယ်ရံတော်တွေကို မတွေ့ရတော့ပေ။
" ဟားဟား၊ ငါ့ကို ဖမ်းချင်နေတာလား။ မင်းတို့ကောင်တွေ ဝါနုပါသေးတယ်ကွာ "
အားကန်သည် သူ့ကိုယ်သူ အလွန်ကျေနပ်နေသည်။
ယဲ့ဖန်သည် သူ့ကိုဖမ်းရန် အစီအစဥ်များစွာကို ချမှတ်ထားသော်လည်း နောက်ဆုံးတွင် ဆုံးရှုံးမှုသာ ကြီးမားခဲ့ရပြီး သူ၏ ဆံပင်တစ်ချောင်းကိုမျှ မဖမ်းနိုင်ခဲ့ပေ။
ဟုန်းမိသားစု၊ ရှောင်မိသားစုနှင့် ရွှေစွပ်ပြုတ်အဖွဲ့တို့သည် လောင်းကစားမြို့တွင် ထိပ်တန်းအင်အားစုသုံးခု ဖြစ်သည်။
သို့သော် သူတို့အားလုံးသည် အားကန်၏ ကစားခြင်းကို ခံလိုက်ရသည်။
ဘယ်လိုလူက လောင်းကစားမြို့မှာ ဒီလိုလုပ်နိုင်လဲ။
ထိုအောင်မြင်မှုမျိုးက သူ့ကို ဂုဏ်ယူစေရန် လုံလောက်သည်။
သူခိုးဘုရင်ဆိုတာ ဘာလို့ထင်လဲ။
ဒီလိုလုပ်နိုင်တာက သူခိုးဘုရင်ပဲ။
သူ့ကို စိတ်အနှောင့်အယှက် ပေးနေသည့် တစ်ခုတည်းသော အရာမှာ သူ့ညာလက်နှင့် ညာခြေထောက်၌ ဒဏ်ရာရသွားခြင်း ဖြစ်သည်။
ပြန်ကောင်းသွားလျှင်ပင် သူ၏ ထိပ်ဆုံး၏အခြေအနေသို့ ပြန်ဖြစ်နိုင်တော့မည်မဟုတ်ပေ။
" ဘယ်လောက် မုန်းစရာကောင်းလိုက်လဲ "
အားကန်သည် အံကြိတ်လိုက်သည်။
ဤအရာအားလုံးသည် ယဲ့ဖန်ကြောင့် ဖြစ်လာရတာ ဖြစ်သည်။
" ငါ အနားယူဖို့ ရက်နည်းနည်းပဲစောင့်နေလိုက်။ ပြီးတာနဲ့ မင်းကို စာရင်းလာရှင်းမှာ "
အသက်ရှူထုတ်ရင်း ကျိန်ဆဲလိုက်ကာ ကားကို လမ်းမ၏ ဘေးတစ်နေရာ၌ ချန်ထားခဲ့လိုက်သည်။
ထို့နောက် ဘေးပတ်ကို စူးရဲစွာ ကြည့်လိုက်ပြီး သူ့နောက် လိုက်လာသူ မရှိကြောင် သေချာမှသာ လမ်းကျဥ်းကျဥ်းလေးထဲသို့ ဆင်းလာခဲ့သည်။
သူ့၌ ရန်သူအများအပြားရှိသောကြောင့် ဒဏ်ရာရနေသော်လည်း ဆေးရုံသို့ မသွားရဲခဲ့ပေ။
သို့သော် မြေအောက်လောကသားများအတွက် ဖွင့်လှစ်ထားသည့် အနီးအနားမှ မြေအောက်ဆေးရုံကိုတော့ သူသိသည်။
သူလမ်းလျှောက်လာနေစဉ် သူ့စိတ်ထဲမှ အေးကခနဲဖြစ်သွားပြီး မကောင်းသည့် ခံစားချက်များ ရနေခဲ့သည်။
သူ့အသိစိတ်အာရုံသည် အလွန်တိကျသေချာပြီး ထိုအာရုံဖြစ်ပေါ်လာတိုင်း ဆိုးဝါးသော အရာတစ်ခုခု ဖြစ်စမြဲဖြစ်သည်။
ယနေ့ထိ ထိုအသိစိတ်အာရုံက သူ့ဘဝကို အကြိမ်ကြိမ် ကယ်တင်ခဲ့ပြီးသည်ဖြစ်သည်။
ရုတ်တရက် သူ ရပ်တန့်လိုက်ပြီး လမ်းကျဥ်းလေးထဲမှ ထွက်ဖို့ပြင်လိုက်သည်။
ထိုအခါ မထင်မှတ်ပဲ အမျိုးသမီးတစ်ဦးသည် လမ်းကျဥ်းလေး၏ အဝင်ဝတွင် ပေါ်ထွက်လာခဲ့သည်။
အားကန်၏ မျက်လုံးများသည် မှေးကျဉ်းပြီး တစ်ချက်ကြည့်လိုက်သည့်အခါ သူမကို မှတ်မိသွားသည်။
ထိုအမျိုးသမီးသည် သူ့ကို လှေပေါ်တွင် ခြေထိုးခံခဲ့သောသူ ဖြစ်သည်။
ဒါမှ တကယ့်ပြဿနာပဲ။
အမျိုးသားတစ်ယောက်သည် လမ်း၏အဆုံးတွင် ပေါ်လာပြီး သူ့ကို ကျီစယ်သောအပြုံးနှင့်ကြည့်ကာ ပြောလိုက်သည်။
" မင်းမှန်တယ် ငါတို့ထပ်တွေ့ကြပြန်ပြီ "
ထိုလူသည် ယဲ့ဖန်သာဖြစ်သည်။
အားကန်၏ မျက်နှာသည် ရှုံ့တွသွားသည်။
သူ Speedboatနှင့် လွတ်သွားတုန်းက " ငါတို့ထပ်တွေ့ကြမယ် "ဟု ဂုဏ်ယူစွာ ပြောခဲ့ပြီး ယခုတွင်တော့ ယဲ့ဖန်မှ သူ့အားလှောင်ပြောင်မှု အပြည့်ဖြင့် ပြန်လည်တုံ့ပြန်နေသည်။
ခင်ဗျား ဘယ်လို ပုံစံပြောင်းပြောင်း ငါ့လက်ခုပ်ထဲက မလွတ်ပါဘူး။
အားကန် Speedboatဖြင့် မောင်းပြေးပြီးနောက် ယဲ့ဖန်သည် ကမ်းခြေသို့လာကာ လျုံဖုန်းဟိုင်နှင့် သူ့လူများနောက်သို့ လိုက်လာခဲ့သည်။
လိုက်ရင်းလမ်းတစ်ဝက်၌ ရှိနေစဥ် လျုံဖုန်းဟိုင်ဆီမှ စာတစ်စောင် ရရှိခဲ့သည်။
စာထဲ၌ ပြောထားသည်မှာ အားကန်ကို ဝိုင်းထားသော်လည်း အဆုံးတွင် သူ့ကို အလွတ်ပေးလိုက်ရကြောင်း ပြောထားသည်။
ယဲ့ဖန်၏ ကားမောင်းကျွမ်းကျင်မှုနှင့် လူတစ်ယောက်ကို လိုက်မှီရန်အတွက် အလွန်လွယ်ကူသည်။
အားကန်သည် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကာ ယဲ့ဖန်ကို ပြုံးပြရင်း ပြောလိုက်သည်။
" အစ်ကိုကြီး၊ ဘာလို့ ငါ့ကို ဖမ်းဖို့အတွက်နဲ့ ဒီလိုပွက်လောရိုက်အောင် လုပ်နေတာလဲ။ အစ်ကိုကြီးကို ဆန့်ကျင်မိလို့လား "
ယဲ့ဖန်သည် နှာမှုတ်လိုက်သည်။
" အားကန်၊ ရူးချင်ယောင်ဆောင် မနေနဲ့။ ခင်ဗျား ငါ့ရဲ့ ရတနာမြေပုံကို ခိုးသွားတာလေ။ မင်းကို ငါမရှာနိုင်ဘူးလို့ ထင်နေတာလား "
အားကန်သည် အပြစ်ကင်းစင်သော မျက်နှာထားနှင့် မေးလိုက်သည်။
" အစ်ကိုကြီး မှားနေပြီထင်တယ်။ ဘာရတနာမြေပုံလဲ။ ကျွန်တော်မသိဘူး "
ထိုအချိန် ချန်းဖေးအယ်သည် အနားရောက်လာကာ နှုတ်ခမ်းကို တွန့်ကွေးသွားလျက် လှောင်ပြောင်နေသော အရိပ်အယောင်ဖြင့် ပြောလိုက်သည်။
" ခုထိ လှည့်ပတ်ပြောနေဖို့ လိုနေတုန်းလား "
" ယန်းချန်မြို့မှာတုန်းက ရှင် ဘာလုပ်ခဲ့လဲဆိုတာ မသိတော့ဘူးလား "
အားကန်၏ မျက်နှာသည် ရှုပ်ထွေးမှုအပြည့်ဖြစ်သွားပြီး ပြောလိုက်သည်။
" ငါ လောင်းကစားမြို့ကနေ မထွက်တာကြာနေပြီ။ မင်းတို့ မှားနေပြီထင်တယ် "
ထိုတစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်သည် အတော်လေး ကောင်းသည်ဆိုတာ ဝန်ခံရပေမည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုမရှိပါက သူ၏ အသွင်အပြင်ကြောင့် အရူးလုပ်ခံရမည်မှာ သေချာသည်။
ယဲ့ဖန် အေးစက်စွာပြောလိုက်သည်။
" မင်း ဝန်မခံလည်း ကိစ္စမရှိဘူး။ မင်းကို ဖမ်းမိတာနဲ့ စကားပြောလာအောင် လုပ်ဖို့နည်းတွေ အများကြီးရှိတယ် "
အားကန်သည် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိကာ ထူးဆန်းစွာ ပြုံးလိုက်ရင်း ပြောလိုက်သည်။
" ဒါဆိုလည်း စကားပြောကြတာပေါ့။ မင်း ငါ့ကို ဖမ်းမိရင် ..... "
စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် သူ့ဘယ်ဘက်ခြေထောက်ကို နံရံပေါ်တွင် ထောက်ကာ ဆန့်ကျင်ဘက်နံရံဆီသို့ ခုန်တက်လိုက်သည်။
သူနံရံပေါ်သို့ ကျော်တက်နိုင်သရွေ့ သူ နောက်တစ်ခေါက် ထပ်ပြီး လွတ်မြောက်နိုင်သေးသည်။
သို့သော် ယဲ့ဖန်သည် သူ့ကိုမတားပဲ လှောင်ပြုံးပြုံးကာ ကြည့်နေသည်။
အားကန် နံရံကို ဆွဲကိုင်မိတော့မည့် အချိန်၌ ယဲ့ဖန်သည် သူ့လက်ချောင်းကို ညင်သာစွာ မြှောက်လိုက်ရာ နွားမွှေးကဲ့သို့ ပါးလွှာသော ငွေအပ်တစ်ခု ပျံထွက်လာတော့သည်။
အားကန်သည် သူ့ညာဘက်လက်မောင်းတစ်ခုလုံး ထုံကျင်သွားလို ခံစားလိုက်ရပြီး သူ့ခွန်အားလည်း တစ်ဝက်လောက် ဆုံးရှုံးလိုက်ရသည်။
လေတိုးသံနှင့်အတူ လမ်းကျဥ်းထဲသို့ ပြန်ပြုတ်ကျလာခဲ့ပြီး စိတ်ထဲတွင် အလွန်အမင်းတုန်လှုပ်သွားသည်။
သူ ပြန်ထလာပြီး သူ့လက်မောင်းမှ ငွေအပ်ကို ဆွဲထုတ်လိုက်ရာ အလွယ်တကူပင် ချိုးနိုင်လောက်အောင် ပါးလျသည့် အပ်ဖြစ်ကြောင်း သိလိုက်ရသည်။
ယဲ့ဖန်သည် အပ်ကို လက်နက်ပုန်းအဖြစ် အသုံးပြုပြီး တစ်စုံတစ်ယောက်၏ အပ်စိုက်မှတ်များကို တိကျသေချာစွာ ထိအောင်ပစ်နိုင်သည်။
ဤသည်မှာ မယုံနိုင်စရာကောင်းလှသည်။
ယဲ့ဖန်အား သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို ကြည့်ရှုနေမိသည်။
သူက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။
အလုပ်ရှင်၏ ကမ်းလှမ်းချက်သည် အလွန်မြင့်မားလှသောကြောင့် ဤတာဝန်ကို သူလက်ခံခဲ့မိသည်။
အကယ်၍ ဒီလူကသာ ဤမျှထိ ကိုင်တွယ်ရ ခက်ခဲသည်ကို သူသိရှိခဲ့ပါက ၁၀သန်းပေးလျှင်ပင် လက်ခံခဲ့လိမ့်မည် မဟုတ်ချေ။
အပိုင်း ( ၁၀၀၆ )
အရင်က မင်းရဲ့ဆရာကို မမြင်ဖူးဘူးလား
" ကိုယ်တိုင်သင်ယူထားတာလေ။ မင်း သင်ချင်တာလား။ လိမ်လိမ်မာမာနဲ့ အရှုံးပေးလိုက် "
ယဲ့ဖန်သည် သူ့ကို ပြုံးကြည့်ကာ ပြောလိုက်သည်။
" ဒါပေါ့။ ငါသင်ချင်တာပေါ့ ..... မင်း ငါ့ကို မသင်ပေးမှာပဲစိုးတာ ... "
သူ့စကား၏ တစ်ဝက်လောက်အရောက်တွင် အားကန်သည် ငွေအပ်ကို အားပါပါဖြင့် ပြန်ပစ်လိုက်သည်။
ယဲ့ဖန်မှ ရှောင်ရှားနေချိန်တွင် သူသည် ချန်းဖေးအယ်ဆီသို့ ပြေးသွားသည်။
လူနှစ်ယောက်ထဲတွင် ချန်းဖေးအယ်သည် ကိုင်တွယ်ရ ပိုလွယ်ကူသည်။
သူသည် သူမဆီသို့ ပြေးလာသည်ကို ချန်းဖေးအယ် မြင်သော်လည်း လှောင်ပြုံး ပြုံးလိုက်သည်။
အားကန်၏ အရှိန်သည် အလွန်လျင်မြန်ပြီး သူမနှင့် ထိလုနီးပါးအချိန်မှာပင် ကိုယ်ကိုစောင်းပြီးနောက် အရှိန်ကုန်တင်ပြီး ပြေးဖို့ပြင်လိုက်သည်။
သို့သော် ချန်းဖေးအယ်သည် ကြိုတင်ပြင်ဆင်ထားသည်။
သူမ၏ညာလက်သည် လျှပ်စီးလက်သလို အရှိန်နှင့်ရောက်လာကာ အားကန်၏ ဘယ်လက်ကို ဆွဲလိုက်သည်။
အားကန်သည် အရင်ကကဲ့သို့ လှည့်ကွက်ကိုပဲ ထပ်သုံးလိုက်သည်။
သူ့လက်ကို ငါးတစ်ကောင်လို လှုပ်ရမ်းကာ သူမလက်မှ လွတ်သွားသည်။
ချန်းဖေးအယ်သည် ဒေါသအလွန်ထွက်သွားသည်။
သူမ အားအကုန် သုံးထားသော်လည်း တစ်ဖက်လူသည် သူမလက်မှ လွတ်နိုင်တုန်း ဖြစ်သည်။
ဤသည်က သူမ၏မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သည့် သဘောဖြစ်သည်။
သူမ၏ စိတ်ကို ပြင်ဆင်လိုက်ကာ အားကန်လက်ကို ထပ်မံ၍ ကိုင်ဆွဲလိုက်သည်။
အားကန်သည် ဒဏ်ရာရထားသူဖြစ်သောကြောင့် အရင်ကလောက်မလျင်မြန်တော့ပေ။
ခြေလှမ်းနှစ်လှမ်းပြည့်အောင် မလှမ်းရသေးခင်မှာပဲ ချန်းဖေးအယ်မှ သူ့လက်ကို ထပ်ဆွဲကာ ကိုင်ပေါက်လိုက်တော့သည်။
" သူလည်း ကိုင်တွယ်ရခက်တာပဲဟ "ဟု ရေရွတ်ရင်း မြေပြင်နှင့် မထိခင်မှာပင် ခြေထောက်ကိုချလိုက်ရာ သူ့လက်သည်လိမ်သွားပြီး ချန်းဖေးအယ်လက်မှ ထပ်မံ လွတ်မြောက်သွားသည်။
ချန်းဖေးအယ်သည် သူမဘဝတွင် ဤမျှလောက် ခက်ခဲသည့်ပြိုင်ဘက်ကို မတွေ့ဖူးသောကြောင့် ခေါင်းအတော်ကိုက်နေသည်။
ထို့ကြောင့် ယဲ့ဖန်ကို လျင်မြန်စွာ အကူအညီတောင်းလိုက်သော်လည်း တစ်ဖက်တွင်ရှိနေသော ယဲ့ဖန်သည် ကူညီမည့် အရိပ်အယောင် မမြင်ရချေ။
သူသည် သူမကို လှောင်ပြောင်လိုက်သေးသည်။
"မင်းက လုံခြုံရေးအဖွဲ့ရဲ့ အဆင့်မြင့်အဖွဲ့ဝင်ဖြစ်တာတောင် သူခိုးလေးတစ်ယောက်ကို မဖမ်းနိုင်ဘူးလား။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ "
ချန်းဖေးအယ်သည် သူ့ကို မုန်းတီးစွာစိုက်ကြည့်၍ အကူအညီတောင်းမည့်အကြံကို လက်လျှော့လိုက်သည်။
ယဲ့ဖန် ပြောသည်မှာလည်း လုံးဝ အကျိုးအကြောင်း မညီညွတ်တာတော့မဟုတ်ချေ။
သူမသာ သူခိုးတစ်ယောက်ကို မဖမ်းနိုင်ပါက လုံခြုံရေးအဖွဲ့ကို အရှက်ရစေမည် ဖြစ်သည်။
ထိုသည်ကို တွေးမိလိုက်သည်နှင့် သူမ ချက်ချင်းပင် ကြမ်းတမ်းလာတော့သည်။
ချန်းဖေးအယ်လက်မှ လွတ်ကာ ဆက်ပြေးရန် ပြင်နေသော အားကန်သည် ရုတ်တရက် သူ၏ ညာဘက်ခြေထောက် အကန်ခံလိုက်ရသည်။
" အား "
သူသည် ကျယ်လောင်စွာ အော်ညည်းလိုက်သည်။
သေနတ်နှင့် အပစ်ခံထားရသော သူ့ခြေထောက်သည် အရိုးမထိသွားသော်လည်း အသားဖောက်ထွက်သွားသောကြောင့် အတော်လေး ဒဏ်ရာပြင်းထန်နေဆဲ ဖြစ်သည်။
ထိုအချိန်မှာပင် သူသည် ပြင်းထန်စွာ ထပ်မံ အကန်ခံလိုက်ရပြန်သည်။
" ဒီမိန်းမ တော်တော်ကြမ်း ...... "
သူ ကျိန်ဆဲလို့ မပြီးသေးခင်မှာပင် ချန်းဖေးအယ်သည် သူ့လက်ကို တတိယအကြိမ်မြောက်အဖြစ် ဖမ်းဆွဲလိုက်ပြီး လိမ်ချိုးလိုက်သည်။
" ဂျောက် "
လက်ကျိုးသံမြည်သွားသည်။
" အား "
အားကန် ကျယ်လောင်စွာအော်ပြီး ထိုင်ချကာ ပြောလိုက်သည်။
" ထပ်မပြေးတော့ဘူး။ ငါ ငါဝန်ခံမယ် "
ချန်းဖေးအယ်သည် ခံစားမှုမရှိသော စက်ရုပ်ကဲ့သို့ ဖြစ်နေကာ သူမခါးမှ လက်ထိပ်ကို ထုတ်ပြီး သူ့ကို လက်ထိပ်ခတ်လိုက်သည်။
ထို့နောက် သူမသည် သူမနဖူးပေါ် ကျနေသော ဆံသားအနည်းငယ်ကို မှုတ်ထုတ်ကာ ယဲ့ဖန်ကို မကြည်ကြည့် ကြည့်လိုက်သည်။
ယဲ့ဖန်သည် သူမ၏ ကလေးဆန်သော အမူအရာကြောင့် ရယ်မောမိကာ လက်မထောင်ပြလိုက်သည်။
" လုံခြုံရေးအဖွဲ့က သူတို့ကျော်ကြားမှုအတိုင်း တကယ်တော်တာပဲ "
သူမ၏ စိတ်သည် ကျေနပ်သွားရသည်။
သူသည် သူမကို ပုတ်ခက်သည်ကို သည်းခံနိုင်သော်လည်း သူမအဖွဲ့ကိုတော့ မထိစေချေပေ။
သို့သော် ယဲ့ဖန် ထပ်ပြောလိုက်သော စကားကြောင့် ဒေါသထွက်သွားသည်။
" ဒဏ်ရာရနေတဲ့သူခိုးကို ဖမ်းနိုင်တယ်ဆိုတော့ မင်းက လုံးဝ အသုံးမကျတာတော့ မဟုတ်ဘူးပဲ "
ယဲ့ဖန်သည် လမ်းကျဥ်းလေးထဲမှ အရင်ထွက်သွားသည်။
သူ၏ နောက်ကျောကို သူမ ဒေါသတစ်ကြီးစိုက်ကြည့်ကာ အံကြိတ်နေသည်။
သို့သော်လည်း သူသည် သူမ မယှဥ်နိုင်၊ အနိုင်မယူနိုင်သောသူ ဖြစ်သောကြောင့် ဘာမှမလုပ်နိုင်ပေ။
သူမသည် ဒေါသကြီး နှာမှုတ်ကာ အားကန်၏ ဒဏ်ရာကို ထပ်ကန်လိုက်သည်။
" အား "
အားကန်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး စိတ်ဓာတ်ကျစွာ ရေရွတ်လိုက်သည်။
" ဒီကောင်မ စောက်ရမ်းမုန်းဖို့ကောင်းတာပဲ။ နင့်ကို စော်ကားတာက ဘယ်သူမလို့လဲ။ ဘာလို့ ငါ့အပေါ် ဒေါသလာပုံချနေတာလဲ "
................................................
" ရှင် အမှန်တိုင်း မပြောသေးဘူးလား "
ရှောင်မိသားစု၏ မြေအောက်ဂိုဒေါင်တစ်ခု၌ ချန်းဖေးအယ်သည် အားကန်ကိုစိုက်ကြည့်ရင်း ပြောနေသည်။
ဂိုဒေါင်ကို ဟုန်မိသားစု၊ ရှောင်မိသားစု၊ ရွှေစွပ်ပြုတ်အဖွဲ့မှ လူများဖြင့် ပြည့်နေပြီး သူတို့အားလုံးသည် အနည်းဆုံး လူ၁၀၀ လောက်ရှိသည်။
ထို့ကြောင့် အားကန်တွင် တောင်ပံပေါက်လာလျှင်တောင်မှ ပြေးမလွတ်နိုင်ချေ။
အားကန်သည် စားပွဲပေါ် ခြေထောက်ကို တင်ကာ မထီမဲ့မြင်ပြောလိုက်သည်။
" မင်းရဲ့ ဆရာကန်က လောင်းကစားမြို့ကိုတောင် ချိန်းခြောက်နိုင်တဲ့တည်ရှိမှုကွ။ မင်းလို ကလေးမလေးက ငါ့ကို စစ်ဆေးမေးမြန်းဖို့ အရည်အချင်းမီတယ် ထင်နေတာလား "
ချန်းဖေးအယ်သည် ကဲ့ရဲ့ခံလိုက်ရသောကြောင့် ဒေါသပိုကြီးသွားကာ ပြောလိုက်သည်။
" ဘာ သောက်ကျိုးနည်း သူခိုးဘုရင်လဲ။ ဘယ်လောက်ပဲ စွမ်းအားရှိရှိ အဖမ်းခံနေရတယ်၊ မဟုတ်ဘူးလား "
အားကန်သည် လူ၁၀၀ကို ပတ်ကြည့်ကာ ပြောလိုက်သည်။
" ဒီမှာ ငါ့ကိုဖမ်းဖို့ လူတွေအများကြီး ရှိနေတာကို မင်းက ကြွားရဲသေးတယ်ပေါ့ "
" သတ္တိရှိရင် ငါ့ကိုလွှတ်ပြီး မင်းတစ်ယောက်တည်း လိုက်ဖမ်း။ မင်းငါ့ကို ဖမ်းနိုင်တာနဲ့ ငါသိတာမှန်သမျှ မင်းကို ပြောပြမယ် "
ချန်းဖေးအယ်သည် ပြောစရာစကား ပျောက်ရှသွားသည်။
ထိုလူသည် အတော်ဒုက္ခများပြီး သူမတစ်ယောက်တည်း မဖမ်းနိုင်ကြောင်း ဝန်ခံရမည် ဖြစ်သည်။
သူမသည် တစ်ဖက်တွင် ထိုင်နေသော ယဲ့ဖန်ကို လှည့်ကြည့်လိုက်ရာ မျက်လုံးတွေ ပိတ်ထားပြီး ဝင်ပါချင်သည့် ပုံမပေါ်ပေ။
သူမသည် အံကြိတ်လိုက်ပြီး အားကန်ကို ထပ်ကြည့်၍ ပြောလိုက်သည်။
" ကျွန်မအချိန်တွေကို ရှင့်အပေါ်မှာ မဖြုန်းချင်ဘူး။ အကြံတစ်ခုပေးလိုက်မယ်။ ကောင်းကောင်းပူးပေါင်းဆောင်ရွက်ရင် အသားမနာဘူးလို့မှတ် "
အားကန်သည် ချက်ချင်း အားရပါးရ ရယ်လိုက်သည်။
" မင်းက အတောင်တောင် စုံအောင်မပေါက်သေးတဲ့ ကလေးမလေးပဲ။ မင်းရဲ့ဆရာကန် မမြင်ဖူးတဲ့ အခြေအနေဆိုတာ ရှိလို့လား။ မင်းမှာဘာအကွက်တွေ ရှိသေးလဲ။ အကုန်ထုတ်သုံးလိုက် "
သူသည် ပြောနေရင်းဖြင့် ရုတ်တရက် သူ့ကို ခတ်ထားသည့် လက်ထိပ်ကို ဖြုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။
ထို့နောက် သူ့အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုတ်ကာ တစ်လိပ်ကို ယူရင်း မီးညှိကာ ဖွာရှိုက်လိုက်သည်။
ချန်းဖေးအယ်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရေရွတ်လိုက်သည်။
" သူ့လက်ထိပ်တွေ ဘယ်လိုလုပ် ပြုတ်သွားတာလဲ "
အပိုင်း ( ၁၀၀၇ )
ငါ့ကို သူခိုးဘုရင်လို့ လူတွေ ဘာလို့ခေါ်လဲ သိလား
ချန်းဖေးအယ် အသုံးပြုခဲ့သောလက်ထိပ်သည် သူမတို့၏ လုံခြုံရေးအဖွဲ့မှ အထူးပြုလုပ်ထားသော အမျိုးအစားဖြစ်ပြီး သာမန်လက်ထိပ်များထက် ပို၍ ဆန်းပြားကာ ရှုပ်ထွေးသည်။
ထိုလက်ထိပ်ကို ပြုလုပ်သူသည် စက်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို ပုံဖော်တီထွင်ရာ၌ ကျွမ်းကျင်သော ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်သည်။
ထို့အပြင် စူးစမ်းလေ့လာ ထုတ်လုပ်နေစဥ်အတွင်းမှာလည်း သော့ဝိဇ္ဇာများနှင့် များစွာသော သူခိုးတို့ကို ရှာဖွေကာ ထိုလက်ထိပ်ကို စမ်းသပ်အသုံးပြုခဲ့သည်။
မည်သူမျှ သော့မပါပဲ ဤလက်ထိပ်ကို မဖွင့်နိုင်ခဲ့ချေ။
ထို့ကြောင့် သူမသည် အားကန်မှ ဤမျှလောက် လွယ်ကူလျင်မြန်စွာ လက်ထိပ်ကို ဖြုတ်နိုင်ခဲ့မည်ဟု မထင်ထားခဲ့ချေ။
" ရှင်၊ ရှင် ဘယ်လိုလုပ်လိုက်တာလဲ "
သူမသည် အလျင်အမြန် ရှေ့တိုးလာရင်း လက်ထိပ်ကို ယူကာ စစ်ဆေးကြည့်တော့သည်။
လက်ထိပ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားစဲ ဖြစ်နေကာ ဖွင့်ထားသည့် အရိပ်အယောင် မတွေ့ရပေ။
အားကန်သည် ဆေးလိပ်သောက်နေကာ မထီမဲ့မြင်ပြုံးရင်း ပြောလိုက်သည်။
" မင်းလက်ထိပ်တွေက တခြားသူတွေကိုတော့ ချုပ်နှောင်ထားနိုင်တယ်။ မင်းရဲ့ဆရာကန်ကိုတော့ မရဘူး "
သူ့စကားများသည် အလွန်မောက်မာလှ၍ သူမသည် ငြင်းဆန်ချင်သော်လည်း ပြောစရာစကား ရှာမရခဲ့ပေ။
" ကောင်းပြီ၊ သိပ်မောက်မာမနေနဲ့။ ရှင့်ကို မကိုင်တွယ်နိုင်ဘူးဆိုတာ မယုံဘူး။ လာကြစမ်း၊ ကြိုးတစ်ချောင်းယူခဲ့ပြီး သူ့ကိုတုပ်ထားကြ "
သူမသည် သူတို့အဖွဲ့ထဲမှ တစ်ယောက်ကို အမိန့်ပေးလိုက်သည်။
လက်အောက်ငယ်သားသည် ချက်ချင်းပင် လိုက်ရှာပြီး လက်မအရွယ်အစား လောက်ရှိသော ကြိုးကို ရှာတွေ့ပြီးနောက် အားကန်ကို ကြိုးနှင့် စတင်ချည်နှောင်တော့သည်။
အားကန်သည် ဆေးလိပ်ကို ပါးစပ်ထဲတွင်ခဲထားပြီး လုံးဝ မခုခံခဲ့ပေ။
အားကန်သည် အလွန်ယုံကြည်မှုရှိနေသည်ကို မြင်နေရသည့်အတွက် လက်အောက်ငယ်သားသည် လက်ကိုပါ လက်ပြန်ကြိုးတုပ်ပြီး ခုံနှင့် တွဲကပ်၍ ခပ်တင်းတင်း ချည်နှောင်ထားသည်။
အားကန်ကို ကြိုးတုပ်ပြီးနောက် ချန်းဖေးအယ်သည် သူ့ကိုကြည့်၍ မခံချင်အောင်ဆွကာ ပြောလိုက်သည်။
" ရှင့်မှာ အစွမ်းရှိရင် လွတ်ဖို့ ဆက်ပြီး ရုန်းကန်လိုက်ပါဦး "
အားကန်သည် ဘူးထဲမှ ဆေးလိပ်နှစ်လိပ်ကို ယူပြီးနေက် တံတွေးထွေးထုတ်လိုက်ကာ ပြောသည်။
" မင်းက ဒီကလေးကစားတဲ့ အဆင့်လေးလောက်နဲ့ ဆရာကန်ကို ပြဿနာတက်စေချင်နေတာလား။ အဲ့တာကြောင့် ပြောကြတာ မိန်းမတွေက ဆံပင်ရှည်ပေမဲ့ ဉာဏ်တိုတယ်(ဉာဏ်တိမ်တယ်)ဆိုတာ။ ဒီနေ့တော့ ဆရာကန်က မင်းရဲ့ အသိပညာကို ကျယ်ပြန့်အောင် တိုးချဲ့ပေးရတာပေါ့ "
သူ ပြောလို့ပြီးသည်နှင့် သူ့လက်များသည် စားပွဲခုံပေါ်သို့ တင်လိုက်ကာ ကြိုးသည် အောက်သို့ပြုတ်ကျသွားသည်။
ကြိုးတုပ်ခဲ့သောလူသည် အံ့သြမှင်သက်သွားကာ ရေရွတ်လိုက်သည်.
" ငါကြိုးကို သေချာ ခပ်တင်းတင်း တုပ်ခဲ့တာပါ။ သူက ဘယ်လိုလုပ် လွတ်သွားတာလဲ။ ဘယ်လို မိစ္ဆာကောင်တုန်း "
ဂိုဒေါင်ထဲရှိနေသော လူအားလုံးလည်း မျက်လုံးများ ပြူးကျယ်ကာ မှင်သက်နေကြသည်။
သူတို့သည် ကြိုးတုပ်သည့် ဖြစ်ရပ်ကို အစအဆုံး မြင်ထားကြသူများ ဖြစ်သောကြောင့် ဖြစ်သည်။
အားကန်သည် မလွတ်ခင်တွင် စကားအနည်းငယ်သာ ပြောခဲ့သည်။
သူခိုးဘုရင် ပီသပါပေတယ်။
သူ့နည်းလမ်းတွေက တကယ် ပုံမှန်မဟုတ်ဘူးဘဲ။
ချန်းဖေးအယ်သည် ဒေါသကြောင့် မျက်နှာ ဖြူဖျော့နေသည်။
အားကန်မှ သူမကို မထီမဲ့မြင်ကြည့်နေသောအခါ ပို၍ ဒေါသထွက်နေသည်။
" ကျွန်မတော့ မယုံဘူး။ ရှင်က ရုပ်ပြောင်းရုပ်လွှဲ ၇၂မျိုး တတ်နေတာမလို့လား "
သူမသည် ပြောရင်း လမ်းလျှောက်လာကာ သူ့ကိုကြိုးနှင့် ချည်တော့သည်။
လုံခြုံရေးအဖွဲ့တွင် အကျဉ်းသားများကို တုပ်နှောင်သည့် နည်းလမ်းများစွာရှိသည်။
သူမသည် လိပ်ခွံချည်နှောင်ခြင်းကို အဆင့်မြှင့်ထားသော ချည်နှောင်ခြင်းအား သုံးလိုက်သည်။
အဆိုပါ နည်းလမ်းသည် ကြိုးတုပ်ခံထားရသူမှ ရုန်းလေလေ ကြိုးက ပို၍ တင်းသွားလေလေဖြစ်သည်။
သူသည် သူခိုးဘုရင်ဖြစ်သော်လည်း လူသားတစ်ယောက်သာ ဖြစ်သည်။
နတ်ဘုရားမဟုတ်ပေ။
သူမသည် သူ့ကို တုပ်နှောင်မထားနိုင်ဘူးဟု မယုံကြည်ပေ။
နောက်ဆုံးကြိုးထုံးကို ချည်လိုက်ပြီးနောက် သူမသည် လူနှစ်ယောက်ကို ခေါ်ကာ ကြိုးကို တင်းနေအောင် ဆွဲခိုင်းသည်။
ချန်းဖေးအယ်သည် စိတ်ကျေနပ်စွာဖြင့် လက်ခုပ်တီးကာ အားကန်အနားသို့ လျှောက်သွားရင်းပြောလိုက်သည်။
" သူခိုးဘုရင်ကြီး အစွမ်းရှိရင် ထပ်ကြိုးစားကြည့်ပါဦး "
အားကန်သည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါလိုက်သည်။
" ဟူး၊ မိန်းမတွေများ ...... "
ချန်းဖေးအယ်သည် သူ့ကို အထင်သေးစွာ ကြည့်ကာ ပြောလိုက်သည်။
" ဘာလဲ။ မလွတ်နိုင်တော့ဘူးမလား။ ကိုယ်အပြုအမူကို ဆင်ခြင်ထား "
အားကန်၏ မျက်နှာပေါ်ရှိ လှောင်ပြောင်ဟန် အမူအရာသည် ပိုမိုထင်ရှားလာရင်း ပြောလိုက်သည်။
" ငါထင်တာတော့ မင်းက မင်းရဲ့အချိန်တွေကို ဖြုန်းနေတာပဲ။ ဒီလို လှည့်ကွက်သေးသေးလေးက ဆရာကန်ကို ခက်ခဲစေမယ်လို့ ထင်နေတာလား "
သူ ပြောလို့ပြီးချိန်တွင် သူ့လက်မှ ကြိုးပြေသွားကာ သူမကိုခြောက်လှန့်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ရင်း ပြောလိုက်သည်။
" ဘာအကွက်တွေ ကျန်သေးလဲ။ ဆက်ကြိုးစားကြည့်ပါဦး "
ချန်းဖေးအယ်အပါအဝင် လူတိုင်းသည် ထိုလူ၏ လွတ်မြောက်အောင် စွမ်းဆောင်နိုင်သည့် အရည်အချင်းကြောင့် တုန်လှုပ်နေကြသည်။
သူတို့အားလုံး မြင်လိုက်ရသော ချန်းဖေးအယ် အသုံးပြုသွားသည့် ကြိုးချည်နည်းသည် အတော်လေးကို ကောင်းမွန်သော နည်းလမ်းဖြစ်သည်။။
တစ်ခါချည်နှောင်လိုက်သည်နှင့် လွတ်မြောက်ဖို့ရာ မဖြစ်နိုင်တော့ပေ။
သို့သော်လည်း သူသည် တခဏအချိန်လေးအတွင်းမှာပင် မဖြစ်နိုင်သောအရာကို လုပ်ပြသွားခဲ့သည်။
သူတို့သည် သူ ဘယ်လိုရုန်းလိုက်သည်ဆိုတာကို မမြင်လိုက်ကြပေ။
သူဘယ်လို လွတ်သွားတာလဲ။
မျက်လှည့်ပြနေတာလား။
ခုံပေါ်၌ ထိုင်နေသည့် ယဲ့ဖန်တစ်ယောက်သာလျှင် လှည့်ကွက်ကို တွေ့လိုက်သည်။
သို့သော်လည်း သူသည် ပြောပြမည့်ပုံမပေါ်ပဲ ကျီစယ်လိုသော မျက်နှာထားဖြင့် ပြုံးနေသည်။
ချန်းဖေးအယ်သည် လုံးဝကို စိတ်ရှုပ်ထွေးနေသည်။
အားကန်ကဲ့သို့သောလူကို ရင်ဆိုင်ရခြင်းသည် ချောက်ကမ်းစွန်းတွင် ရပ်နေသလို ဖြစ်နေကာ ဘယ်ကစလို့ ဘာလုပ်ရမလဲ မသိတော့ချေ။
အားကန်သည် မောက်မာစွာ ပြုံးရင်း ပြောလိုက်သည်။
" ဘာလို့ ငါတို့ အလောင်းအစားမလုပ်ကြတာလဲ "
ချန်းဖေးအယ်သည် သူ့ကို ဒေါသတကြီးစိုက်ကြည့်ရင်း မေးလိုက်သည်။
" ဘာကိုလောင်းမှာလဲ "
အားကန်သည် သူ့လျှာကို သပ်လိုက်ရင်း ပြောလိုက်သည်။
" မင်းကို ငါ အခွင့်အရေး သုံးခါ ထပ်ပေးမယ်။ ငါ့ကို ကြိုးတုပ်ဖို့ ကြိုက်တဲ့နည်းလမ်းကိုသုံး။ ငါ့ကို မလှုပ်နိုင်အောင် လုပ်နိုင်သရွေ့ မင်းရဲ့မေးခွန်းတွေကို ငါဖြေပေးမယ် "
“ တကယ်လို့ သုံးကြိမ်လုံး ငါလွတ်အောင် လုပ်နိုင်ရင် မင်း ငါ့ကို လွှတ်ပေးရမယ်။ ဘယ်လိုလဲ။ စဉ်းစားကြည့် "
ချန်းဖေးအယ်သည် ချက်ချင်းပင် နှာမှုတ်လိုက်ကာ ပြောလိုက်သည်။
" ရှင် ကျွန်မတို့ လက်ခုပ်ထဲကရေလေ။ ဘာလို့ ရှင်နဲ့ လောင်းရမှာလဲ။ မပူးပေါင်းဘူးဆိုရင်တောင် စကားပြောအောင်လုပ်လာဖို့ နည်းလမ်းတွေ အများကြီးရှိတယ် "
ထိုသို့ ပြောလိုက်သော်လည်း သူမသည် စကားလမ်းကြောင်းလွှဲကာ အရှုံးကို ဝန်ခံလိုက်ခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ့ကို လှုပ်မရအောင် မချည်နိုင်သောကြောင့်ဖြစ်သည်။
အားကန်၏ မျက်နှာပေါ်ရှိ လှောင်ပြောင်ဟန်အမူအရာသည် ပိုမိုထင်ရှားလာရင်း ပြောလိုက်သည်။
" ဒါဆိုလည်း ငါ့ဆီက စကားတစ်ခွန်းထွက်လာအောင် ကြိုးစားကြည့်လေ "
ချန်းဖေးအယ်၏ မျက်နှာသည် မဲမှောင်သွားပြီး သူ့ကိုထိုးဖို့ ပြေးလာသည်။
ထိုအချိန်၌ တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ယဲ့ဖန်သည် ရုတ်တရက်ထလာပြီး ပြောလိုက်သည်။
" ကောင်းပြီ။ငါ မင်းနဲ့ လောင်းမယ် "
ချန်းဖေးအယ်သည် စိတ်ပူသွားသည်။
အဲ့ကောင် ဘယ်လောက် တော်တယ်ဆိုတာကို သူ မတွေ့ဘူးလား။
ဘယ်လိုတောင် သူနဲ့လောင်းဖို့ သဘောတူရဲသေးတာလဲ။
အားကန်၏ မျက်ခုံးများသည် မြင့်တက်သွားရင်းပြောလိုက်သည်။
" မင်းက အာဂယောကျာ်းပဲ။ ကဲ၊ ငါပဲ ခြေတစ်လှမ်း ဆုတ်ပေးမယ်။ ငါမင်းကို အခွင့်အရေးငါးခါပေးမယ်။ မင်းကြိုက်တဲ့ နည်းလမ်းကိုသုံး "
ယဲ့ဖန်သည် သူ့အိတ်ကပ်ထဲမှ ငွေရောင်အပ်များကို ဖြည်းညင်းစွာထုတ်ရင်း ပြောလိုက်သည်။
" ငါးခါမလိုပါဘူး၊ တစ်ကြိမ်ဆို လုံလောက်ပြီ "
အားကန့၏ စကားမဆုံးသေးခင်မှာပင် ယဲ့ဖန်သည် သူ့လက်ကို လျှပ်စီးလျှပ်သလို လျင်မြန်စွာ ဆန့်ထုတ်လိုက်သည်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ အပ်လေးချောင်းသည် အားကန်၏ ပုခုံးနှင့် ခြေထောက် ရှိ အပ်စိုက်မှတ်များသို့ စိုက်ဝင်သွားသည်။
" မင်းဘာလုပ်တာလဲ "
အားကန်သည် သူ့ခန္ဓာကိုယ်မှာ မူမမှန်ခြင်း ဘာမှမတွေ့သည့်အတွက် စိတ်ရှုပ်ထွေးသွားသည်။
" ငါ မင်းကို ချည်နှောင်ထားလိုက်ပြီ။ မင်းလှုပ်နိုင်နေရင် ထွက်သွားလို့ရတယ်။ မင်းကို ဘယ်သူမှ မတားဘူးဆိုတာ ငါ အာမခံတယ် "
ယဲ့ဖန်သည် အပြစ်ကင်းစင်သော အပြုံးဖြင့် ပြောကာ သူ့လူများကို ဘေးဖယ်ခိုင်းလိုက်သည်။
" အားလုံး နောက်ဆုတ်၊ သူ့ကိုသွားခိုင်းလိုက် "
လူတိုင်းသည် သူ ဘာလုပ်ချင်သည်ကို မသိ၍ စိတ်ရှုပ်နေသော်လည်း ယဲ့လူကြီးမင်းက အမိန့်ပေးခြင်း ဖြစ်သောကြောင့် ဘေးသို့ ဖယ်သွားကြသည်။
အပိုင်း ( ၁၀၀၈ )
ဒီလူကို ငါ စစ်မေးလိုက်မယ်
အားကန်သည် တံခါးဆီသို့ ဦးတည်နေသော လမ်းကြောင်းကိုငေးကြည့်နေရင်း ယဲ့ဖန်ကို သံသယအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
" မင်း ငါ့ကို တကယ် သွားခွင့်ပေးတာလား "
ချန်းဖေးအယ်သည် ယဲ့ဖန်အား ကြောင်အစွာ ကြည့်လိုက်သည်။
သူတို့သည် အားကန်ကို ဖမ်းရန် ဒုက္ခအများကြီး ခံထားရသည့်အတွက် အလွယ်တကူ လွှတ်မပေးချင်ကြပေ။
သို့သော် ယဲ့ဖန်သည် သူမကို လျစ်လျူရှုကာ အားကန်ကို ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။
" သွားပါ "
အားကန်သည် အပျော်လွန်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
" ကောင်းပြီ၊ ငါသွားပြီ "
ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း ထရပ်ကာ ထွက်သွားသည်။
သို့သော် ခြေတစ်လှမ်း ရှေ့သို့ လှမ်းလိုက်ချိန်မှာပင် ရုတ်တရက် သူ့ခြေထောက်သည် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူသည် လုံးဝကို ကြောက်ရွံ့ထိတ်လန့်သွားရသည်။
အကြောင်းမှာ သူ့ခြေထောက်များကို ခံစားလို့ မရတော့သောကြောင့် ဖြစ်သည်။
သူ့ခြေထောက်များသည် သူနှင့် မဆက်ဆိုင်တော့သလို ဖြစ်သွားသညခ။
သူသည် ချက်ချင်းပင် သူ့ခြေထောက်ကို ထိရန် ကြိုးစားလိုက်သော်လည်း ပို၍ ထိတ်လန့်သွားရသည်။
အကြောင်းမှာ သူ အားအကုန် သုံးလိုက်သော်လည်း သူ့လက်များကို မြှောက်၍ မရနိုင်တော့သောကြောင့် ဖြစ်သည်။
" မင်း ငါ့ကို ဘာဂါထာမန္တန်တွေ သုံးလိုက်တာလဲ "
သူသည် ယဲ့ဖန်ကို အလန့်တကြားကြည့်ကာ မေးလိုက်သည်။
ချန်းဖေးအယ်အပါအဝင် လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားရသည်။
အားကန်မှ လှုပ်ရှားနိုင်စွမ်းကို ဆုံးရှုံးသွားကြောင်းကို သူတို့ မျက်မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သူသည် မတ်တပ်ပင် မရပ်နိုင်တော့ချေ။
သူတို့သည် နည်းလမ်းမျိုးစုံ သုံးထားသော်လည်း အားကန်ကို မချုပ်နှောင်ထားနိုင်ပေ။
သို့သော် ယဲ့ဖန်မှာတော့ အပ်အနည်းငယ် စိုက်ရုံမျှဖြင့် သူ့ကို ချုပ်နှောင်ထားနိုင်သည်။
ဒါကြီးက အရမ်းကို ဆန်းကျယ်လွန်းတယ် မဟုတ်လား။
အားကန်အရှေ့၌ ဖြည်းညှင်းစွာ ထိုင်ချလိုက်ရင်း ယဲ့ဖန်မှ ခပ်ဖျော့ဖျော့ ပြုံးလျက် ပြောလိုက်သည်။
" ခင်ဗျားက တကယ် အစွမ်းထက်တာပဲ။ အရိုးပျော့အောင်လုပ်တဲ့ နည်းပညာကို ဒီလိုအဆင့်အထိရောက်အောင် ကျင့်ကြံထားနိုင်တယ်ဆိုမှတော့ "
" အဲ့တော့ ခင်ဗျားကို ကြိုးနဲ့ ချည်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးမလား။ ကံကောင်းတော့ ငါ့မှာ ကြိုးတုပ်တာထက် ပိုကောင်းတဲ့နည်းတွေ ရှိနေတယ် "
သူပြောလိုက်သည့်အခါမှ ချန်းဖေးအယ် အပါအဝင် လူတိုင်းသည် သဘောပေါက်သွားကြသည်။
သူက အရိုးကျုံ့နိုင်တာကိုး။
အဲ့တာကြောင့် ငါတို့ ဘာနည်းလမ်းသုံးသုံး သူ့ကို မချည်နှောင်ထားနိုင်တာပဲ။
ဤအရိုးကျုံ့ခြင်း နည်းပညာ၏ နိယာမသည် ရိုးရှင်းသည်။
ပုံမှန်မဟုတ်သော လေ့ကျင့်ခန်းများဖြင့် ခန္ဓာကိုယ်၏ ပျော့ပြောင်းမှုကို ကန့်သတ်ချက်အထိ လေ့ကျင့်ရန်ဖြစ်ပြီး ခန္ဓာကိုယ်နှင့် အရိုးများကို အသေးငယ်ဆုံးအခြေအနေသို့ ခေါက်ထားနိုင်စေရန် ဖြစ်သည်။
သို့သော် အပြောကသာ လွယ်ကူခြင်းဖြစ်သည်။
ကောင်းစွာ အသုံးပြုလိုပါက အလွန်ပြင်းထန်သော လေ့ကျင့်မှုများကို ပြုလုပ်ရမည်ဖြစ်သည်။
တစ်ခါတရံ အရိုးများကြား အချိတ်အဆက် ကောင်းပြီး သန်စွမ်းမှု ရှိစေရန် အရိုးများကို ချိုးပြီး ပြန်ဆက်ရသည်။
အားကန်၏အဆင့်မျိုးသို့ ရောက်ရန် မည်မျှကြိုးစားရမည်ကို ဘယ်သူမှ သိနိုင်မည်မဟုပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် လူဆိုးအား လူကောင်းမှ အပြစ်ပေးတတ်သည်။
အားကန်၏ အရိုးကျုံ့ခြင်းနည်းပညာသည် အစွမ်းထက်သော်လည်း ယဲ့ဖန်၏ ငွေအပ်များသည် သူ့ကို ထိန်းချုပ်ထားနိုင်သည်။
ချန်းဖေးအယ်သည် ယဲ့ဖန် ကို တိတ်တဆိတ် ခိုးကြည့်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
ဒီကောင်လေးက အမြဲကို အစွမ်းထက်နေတာပဲ။
ယဲ့ဖန်သည် သူမတို့၏ ပြဿနာကို တကယ်ပင် ဖြေရှင်းပေးနိုင်ခဲ့သည်။
အားကန်၏ မျက်နှာသည် ပြာနှမ်းနေသည်။
သူသည် မည်သည့်ကြိုးကိုမဆို ဖြေရှင်းနိုင်သော်လည်း မမြင်ရသည့်ကြိုးတော့ မပါခဲ့ချေ။
သူ့စိတ်ထဲမှ သက်ပြင်းချကာ ညည်းတွားလိုက်သည်။
ငါ ဒီကောင်လေးကို လျှော့တွက်ခဲ့မိတာပဲ။
ယဲ့ဖန်သည် အားဖန်အား ထိုင်ခုံပေါ် ပြန်ထိုင်နိုင်ရန် သူ့လူတစ်ယောက်ကို ကူညီခိုင်းလိုက်သည်။
ထို့နောက် အားကန်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။
" ခင်ဗျား ခုနက ပြောတာတော့ ခင်ဗျားကို ချုပ်နှောင်ထားနိုင်သရွေ့ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆို ဟုတ်တယ်မလား "
အားကန်၏ မျက်လုံးများသည် တွန့်ကွေးသွားလျက် ပြောလိုက်သည်။
" ငါက ကြိုးနဲ့လို့ပြောတာ။ အပ်တွေက ငါ့ခြေလက်တွေကိုတောင် ဖြတ်ပစ်နိုင်တယ် "
ယဲ့ဖန်၏ အပြုံးသည် ပျောက်သွားသည်။
" ခင်ဗျားက ငြင်းဖို့ ကြိုးစားနေတာလား "
အားကန်သည် ရေနွေးအိုးကို မကြောက်သည့် ဝက်သေတစ်ကောင်လို ခုံကိုမှီရင်း ပြောလိုက်သည်။
" မင်းကို တုံးတယ်လို့ပဲ ပြောရမလား။ ငါက သူခိုးလေ။ သူခိုးစကားကို မင်းက ယုံတယ်လား။ မင်းကတကယ်ကို ငတုံးပဲ "
ယဲ့ဖန်သည် သူ့ကို တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
" ဒီတစ်ခါက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာ နောက်ဆုံးအကြိမ်ပဲ။ မင်း အမှန်ကိုပြောတာ ပိုကောင်းမယ်။ မဟုတ်ရင် မွေးဖွားလာမိတဲ့အတွက် နောင်တရသွားအောင် မင်းကို လုပ်ပြမယ် "
အားကန်သည် သူ့ကို အထင်သေးသည့်အရိပ်အယောင်ဖြင့် ကြည့်သည်။
" ငါကအရိုးကျုံ့တဲ့ပညာကို သင်ထားတာ မင်းသိမှတော့ အဲ့ပညာသင်ရတာက ဘယ်လောက်တောင် နာကျင်ရလည်းဆိုတာကို မင်းသိမှာပါ "
" ဒီလို ဝေဒနာမျိုးကိုတောင် ခံနိုင်ရည်ရှိတဲ့ငါက ဘာကို ကြောက်နေရမှာလဲ။ မင်းမှာ ဘာအရည်အချင်း ရှိသေးလဲ။ ငါဆိုတဲ့ ဆရာကန်ကို ပြကြည့်လိုက်စမ်းပါ "
အာသာမှ လမ်းလျှောက်လာရင်း ပြောသည်။
" ယဲ့လူကြီးမင်း သူ့အတွက်နဲ့ လူကြီးမင်းရဲ့အချိန်တွေကို မဖြုန်းပါနဲ့။ ကျွန်တော့်ကို ငါးမိနစ်လောက် အချိန်ပေးပါ။ သူ စကားပြောလာစေရမယ်လို့ ကတိပေးတယ် ထ
ထိုစကားကိုပြောပြီးနောက် သူသည် အဆီပိတ်နေသော အသားတစ်ပိုင်းကို ကြည့်နေသလိုမျိုး ဆိုးရွားသော အပြုံးဖြင့် အားကန်ကို ကြည့်လိုက်သည်။
သို့သော် ယဲ့ဖန်သည် သူ့ကို လက်မြှောက်ကာတားလိုက်သည်။
" မလိုပါဘူး။ ဒီလူကို ငါကိုယ်တိုင် စစ်ဆေးမေးမယ် "
ကျန်းချူရှိန်းကို စစ်ဆေးမေးမြန်းရာတွင် အာသာ၏ ရက်စက်ကြမ်းကြုတ်သောနည်းလမ်းများကို သူတွေ့ခဲ့ရပြီး ဖြစ်သည်။
အားကန်သည် ကျန်းချူရှိန်း မဟုတ်ပေ။
သူ ပြောခဲ့သည့်အတိုင်း အားကန်သည် အရိုးကျုံ့ခြင်းနည်းပညာကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေးနည်းစနစ်ကို နယ်ပယ်တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့သည်။
ထို့ကြောင့် သာမန်ရုပ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုသည် သူ့ကို ပြောထွက်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ယဲ့ဖန် ခဏလောက် စဉ်းစားပြီးနောက် အာသာ၏ နားအနားကပ်ကာ စကားအနည်းငယ် ပြောလိုက်သည်။
အာသာသည် တစ်စုံတစ်ခုကို ကြားလိုက်ရသည့်အတွက် တုန်လှုပ်သွားကာ သူ့ကို မေးခွန်းထုတ်သောအကြည့်ဖြင့် ကြည့်သည်။
" ကျွန်တော်တို့ အဲ့နည်းလမ်းကို တကယ်သုံးကြမှာလား "
ယဲ့ဖန်သည် သူ့ပုခုံးကို ပုတ်လိုက်သည်။
" သွား မြန်မြန်ပြန်လာခဲ့ "
အာသာသည် ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်ကာ လူနှစ်ယောက်ကို ခေါ်ပြီးထွက်သွားသည်။
လူတွေကို ယင်ကောင်သတ်သလို သတ်တတ်သည့် အာသာမှ ဘာကို ကြောက်နေသည်လဲဆိုတာ ချန်းဖေးအယ်က သိချင်နေမိသည်။
မကြာခင်မှာပင် အဖြေကို သူမသိလိုက်ရသည်။
မိနစ်၂၀လောက် ကြာပြီးနောက် အာသာနှင့် တခြားသူများသည် လက်ထဲ၌ အိတ်တစ်လုံးနှင့်အတူ ပြန်ရောက်လာသည်။
" ယဲ့လူကြီးမင်း လိုချင်တဲ့ဟာ ရှာတွေ့ခဲ့ပါတယ် "
အာသာသည် ယဲ့ဖန်ရှေ့ကိုသို့ တလေးတစားလျှောက်လာကာ ပြောလိုက်သည်။
ယဲ့ဖန်သည် ခေါင်းအသာညိတ်ပြသည်။
" လောင်းချလိုက် "
အာသာသည် ချက်ချင်းပင် ရေပုံးအလွတ်တစ်လုံးကို တစ်ယောက်အား ရှာခိုင်းပြီး သူ့အိတ်ကပ်ထဲမှ ပစ္စည်းများကို ပစ်ထည့်လိုက်သည်။
ချန်းဖေးအယ်သည် မည်သည်က ဤမျှလောက် ထူးဆန်းနေသည်ဆိုတာကို စူးစမ်းလိုစိတ်ဖြင့် လာကြည့်သည်။
ထို့နောက် သူမသည် လူတစ်ယောက်၏ ဆံပင်ကို ထောင်သွားစေနိုင်သည့် ကင်းခြေများ၊ ကင်းမြှီးကောက် ၊အဆိပ်ပြင်းမြွေ၊ ဖားပြုတ်တို့ကို တွေ့လိုက်ရသည်။
" အား "
သူမသည် ကြောက်လန့်လွန်း၍ မျက်နှာပင် ဖြူဖျော့သွားကာ နောက်ကို လှည့်၍ ယဲ့ဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။
နူးညံ့သည့် ရနံ့တစ်ခုသည် သူ့ရင်ခွင်ထဲ ဝင်လာသောကြောင့် ယဲ့ဖန်၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်ပေါက်နေသည်။
ချက်ချင်းပင် သူ့လက်များသည် သူမ၏ နောက်ကျောနှင့် တင်ပါးအပေါ်ဘက်နားသို့ ရောက်ရှိသွားသည်။
ချန်းဖေးအယ်သည် ဒီနေ့တွင် ဝိုင်အနီရောင်ပိုးသားကို ဝတ်ဆင်ထားကာ ဝတ်စုံနှင့် သူမသည် တင်းကြပ်ကပ်ရပ်နေပြီး ကြည့်ကောင်းနေသည်။
ကျန်လူများအားလုံးသည် ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းငုံ့ထားပြီး တိတ်ဆိတ်နေကြသည်။
ထိုအချိန်မှာပင် ချန်းဖေးအယ်သည် သတိဝင်လာပြီး ယဲ့ဖန်ရင်ခွင်ထဲမှ ရုန်းထွက်ကာ သူ့ကိုမုန်းတီးစွာဖြင့် စိုက်ကြည့်လိုက်သည်။
ဒီကောင်ကတော့ ဘယ်လို အခွင့်ကောင်းယူရမလဲဆိုတာ သိနေတော့တာပဲ။
" ဘာလို့အဆိပ်ရှိတဲ့ အင်းဆက်တွေအများကြီး ယူလာတာလဲ "
ချန်ဖေးအာသည် အဆိပ်ရှိသော အင်းစက်များကို အလွန်ကြောက်သည်။
သူမတို့၏ လုံခြုံရေးအဖွဲ့တွင်လည်း အသက်ရှင်သန်ရေးအတွက် လေ့ကျင့်မှုများ မကြာခဏပြုလုပ်ကာ ပင့်ကူများ၊ ကျိုင်းကောင်များနှင့် အဆိပ်ရှိမြွေများကို ဖမ်းရန် မကြာခဏ လေ့ကျင့်ခဲ့သော်လည်း ထိုနေရာမျိုး၌ သူမ၏ ရလဒ်များသည် အမြဲတမ်း အောက်ခြေတွင်သာ ရှိနေခဲ့သည်။
ထိုအရာများကြောင့် သူမ၏ နှလုံးသားအောက်ခြေထဲ၌ အခုထိ စိတ်ဒဏ်ရာရနေသေးသည်။
ယဲ့ဖန်သည် လှပသော အရာတစ်ခုကို မြတ်နိုးနေသကဲ့သို့ ရေပုံးအတွင်းရှိ အဆိပ်ရှိသော အကောင်များကို သဘောကျစွာ ကြည့်လိုက်သည်။
" ဒါပေါ့၊ သူတို့ကအရမ်းအသုံးဝင်တယ် "
သူသည် စကားပြောနေရင်း အားကန်ကို တစ်ချက် ကြည့်လိုက်သည်။
အားကန်သည် ချက်ချင်း ရယ်မောလိုက်သည်။
" ဟားဟား၊ မင်းက သစ်ဆန်းတဲ့ အရာတစ်ခု ခုကို သုံးမယ်လို့ ငါထင်ခဲ့တာ။ မင်းကို ငါ အထင်ကြီးမိသွားပုံရတယ်။ ဒီအရာတွေက ငါ့ကို ကြောက်လန့်စေမယ်လို့ ထင်နေတာလား "
ယဲ့ဖန်သည် သူ့ကို အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုဖြင့် ကြည့်ပြုံးသည်။
" နောက်ကျရင် သိလာပါလိမ့်မယ် "
အားကန်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း မထီမဲ့မြင်ပြုနေဆဲဖြစ်သည်။
ယဲ့ဖန်၏ နည်းလမ်းများက သူ့ကို ဘာမှလုပ်နိုင်မည်ဟု မထင်ချေ။
ထိုအချိန်တွင် စည်အတွင်းရှိ အဆိပ်ရှိသတ္တဝါများသည် အချင်းချင်း စတင်တိုက်ခိုက်နေကြပြီး တိုက်ပွဲကလည်း အလွန်ပြင်းထန်နေသည်။
ယဲ့ဖန်သည် သူ့ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ လက်ဖက်ရည်သောက်နေစဉ် အာသာနှင့် ကျန်လူများက အခြေအနေကို စူးစမ်း ကြည့်နေကြသည်။
ချန်းဖေးအယ်သည် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။
" သူ ဘာလုပ်ချင်နေတာလဲ။ ငါ ဘာလို့ နားမလည်နေရတာလဲ "