အပိုင်း ၁၀၁၇-၁၀၂၀
Vol. 51 Ch. 1017-1020
အပိုင်း ( ၁၀၁၇ )
မင်း ဘာလို့ အရမ်းသေချင်နေရတာလဲ။
သူ့ဝမ်းကွဲ ပြောသည့်စကားကို ကြားသော်လည်း ထန်းဟွားရုံသည် အနည်းငယ် တုံ့ဆိုင်းနေသေးသည်။
" ကျားသစ်ကြီးက တော်တော် လောဘကြီးတယ်ကွ။ ငါတို့က သူ့ကို လှုပ်ရှားစေချင်ရင် အနည်းဆုံး ဂဏန်း၇လုံးလောက် ပေးရမယ်လို့ ငါခန့်မှန်းမိတယ် "
လျုံထျန်းစစ်သည် သူ့ပုခုံးကို ပုတ်လိုက်သည်။
" သူ့ကိုသာ ဆက်သွယ်လိုက်ပါ။ ငွေကို ကျွန်တော် တာဝန်ယူတယ် "
ထန်းဟွားရုံသည် သူ့ဝမ်းကွဲမှာ အလွန်ချမ်းသာကြောင်း သိသည်။
ထို့ကြောင့်သာ မဟုတ်ပါက သူသည် သူ့ကို ကာကွယ်ရန် ကြိုးစားနေမည် မဟုတ်ချေ။
သူ့ဝမ်းကွဲ၏ မိသားစုနောက်ခံအရ ၁သန်းဆိုသော ငွေပမာဏသည် သမုဒ္ဒရာထဲမှ ရေတစ်စက်သာ ဖြစ်သည်။
ထို့အပြင် သူသည် ယဲ့ဖန်ကို အလွန်မုန်းတီးနေသည်။
ကျားသစ်ကြီးကိုသာ အသုံးချ၍ သူ့ဒေါသကိုဖြေဖျောက်ပေးနိုင်ပါက အကောင်းဆုံးဖြစ်သည်။
" ကောင်းပြီလေ။ အခုပဲ သူ့ကို ဖုန်းဆက်လိုက်မယ် "
နောက်ဆုံးတွင် သူသည် အံ့ကြိတ်ကာသဘောတူလိုက်သည်။
လမ်ူတစ်ဖက်သို့ သွားကာ ကျားသစ်ရူးကို ဖုန်းဆက်နေသည်။
ယဲ့ဖန် ထွက်မသွားခင်က ပြောခဲ့သောသတိပေးချက်ကို လုံးဝ မေ့လျော့နေသည်။
လျုံထျန်းစစ်သဘ် ခြောက်ခြားဖွယ် ပြုံးနေသည်။
ယဲ့ဖန်သည် သူ့ရှေ့တွင် ဒူးထောက်ကာ ငိုယိုနေသည့် မြင်ကွင်းကို တွေးမိသောအခါ သူ၏ စိတ်ထဲတွင် ကျေနပ်နေမိသည်။
" ကောင်လေး ငါတို့ဇယားက မပြီးသေးဘူး "
...............................
" ဒီနေ့ ဘာလို့ ပြောရဆိုရ လွယ်ကူနေတာလဲ။ ဒါရှင့်ရဲ့ပုံစံ မဟုတ်ပါဘူး "
ချန်းဖေးအယ်သည် ယဲ့ဖန်၏ အနောက်တွင် လမ်းလျှောက်နေကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။
ယဲ့ဖန်သည် ထိုနှစ်ယောက်ကို အလွယ်တကူ လွှတ်ပေးလိုက်သောကြောင့် သူမ အံ့ဩနေရသည်။
" မင်းပြောပုံအရဆို ကိုယ်ကပဲ သွေးအေးပြီး ရက်စက်ကြမ်းတမ်းတဲ့လူ ဖြစ်မနေဘူးလား။ ကိုယ်က အမြဲတမ်း ကြင်နာသနားတတ်ပါတယ်။ အဲ့တာကို မင်း မသိဘူးလား "
ယဲ့ဖန်သည် ပြောလျက် သူမကို မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်။
ချန်းဖေးအယ် တံတွေးပင် သီးသွားရသည်။
" ရှင်သာ ကြင်နာသနားတတ်တယ်ဆိုရင် လောကကြီးမှာ ရှိတဲ့လူတိုင်းက ဘုရားလောင်းတွေပဲ "
ဟန်မိသားစုကို သွေးနဲ့ဆေးထားတာ နှစ်ရက်လောက်ပဲ ရှိသေးတယ်လေ။
ဒါကို သူဒီလောက်မြန်မြန် မေ့သွားပြီလား။
ယဲ့ဖန် တိတ်ဆိတ်သွားသည်။
" မင်း ကိုယ့်ကို နားမလည်ပါဘူး "
ချန်းဖေးအယ်သည် မျက်လုံးများ ဝေ့လိုက်သည်။
" ဒါပေါ့ ကျွန်မ ရှင့်ကို နားမလည်ဘူး။ တကယ်လို့ ကျွန်မသာ နားလည်နေရင် ရှင်နဲ့အတူ လောင်းကစားမြို့ကို လာမှာ မဟုတ်ဘူး "
သူမ၏ မူလအစီအစဥ်အရ သူမသည် သိုသိုသိပ်သိပ်သာ နေချင်ခဲ့သည်။
သို့သော် အခြေအနေများသည် သူမထိန်းချုပ်နိုင်သော အတိုင်းအတာထက် ကျော်လွန်သွားသည်။
သူတို့သည် ဟုန်းမိသားစု၏ နေရာတွင် ရုတ်ရုတ်သဲသဲ ဖြစ်စေရုံသာမက လောင်းကစားဘုရင် ဟုန်းကျားကျွန်းကိုလည်း အနိုင်ယူခဲ့သည်။
သူတို့သည် ဆေးရုံထဲသို့ အကြမ်းပတမ်းတိုးဝင်သွားကာ ရှောင်ချန်ချင်း ထွက်လာရန် ဖိအားပေးခဲ့သည်။
သူသည် ရွှေစွပ်ပြုတ်အဖွဲ့ကို ဝယ်ကာ ဟန်မိသားစုတစ်ခုလုံးကို မျိုးဖြုတ်ခဲ့သေးသည်။
သူသည် လောင်းကစားဘုရင်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့သေးကာ သူခိုးဘုရင် အားကန်ကိုလည်း အင်အားစုသုံးခုဖြင့် ဖိနှိပ်ခဲ့သည်။
လောင်းကစားမြို့တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်ဟု ပြောလို့ရသည်။
သူမ၏ အထက်လူကြီးများဆီ မည်သို့ သတင်းပို့ရမည်လဲပင် မသိတော့ချေ။
သူမသည် မထင်မှတ်ထားသောအရာ ထပ်မဖြစ်လာဖို့သာ မျှော်လင့်နေရသည်။
အားကန်ကို သေချာစစ်မေးပြီးပါက သူတို့နှစ်ယောက်သည် ယန်းချန်မြို့သို့ ပြန်လို့ရပြီဖြစ်သည်။
သို့သော် လောကကြီးတွင် မိမိဆန္ဒနှင့်ဆန့်ကျင်ဘက်ဖြစ်သော အရာများသာ မကြာခဏ ဖြစ်လာတတ်သည်။
သူမ တိတ်တဆိတ် ဆုတောင်းလို့ ပြီးသည့်အချိန်မှာပင် လူတစ်စု လမ်းဖြတ်ကူးနေသည်ကို သူမ တွေ့လိုက်ရသည်။
စုစုပေါင်း အနည်းဆုံး လူ၂၀၀မှ ၃၀၀ခန့် ရှိသည်။
ထိုသူများသည် သူတို့၏ လက်များထဲ၌ ဓား ၊ ပုဆိန် နှင့် တုတ်များ ကိုယ်စီ ကိုင်ထားကြသည်။
သူတို့သည် အနားတွင်ဘယ်သူမှ မရှိသလိုပြေးလွှားလာနေကြသည်။
လမ်းသွားလမ်းလာများသည် သူတို့ကို ဝံပုလွေတစ်အုပ်အား မြင်ရသလို ချက်ချင်းရှောင်ရှားလိုက်ကြကာ သူတို့၏ မျက်နှာများတွင် အကြောက်တရားများနှင့် ပြည့်နေသည်။
ရှေ့ဆုံးမှ လျှောက်လာသောလူသည် ပိန်ပိန်ပါးပါးဖြစ်ပြီး သူသည် ပန်းပွင့်ပုံအပြည့်ဖြစ်သောအင်္ကျီနှင့် ဂျင်းဘောင်းဘီကို ဝတ်ထားကာ ညှပ်ဖိနပ်တစ်ရံကို စီးထားသည်။
သူ့ပုံကို ကြည့်ရသည်မှာ မသတီစရာ ကောင်းလှသည်။
သူ့နောက်မှ လိုက်လာသော လူနှစ်ယောက်ကို ချန်းဖေးအယ် ချက်ချင်း မှတ်မိသွားသည်။
သူတို့သည် အစောကပင် ယဲ့ဖန် လွှတ်ပေးလိုက်သော ထန်းဟွားရုံနှင့် လျုံထျန်းစစ်တို့ဖြစ်သည်။
ထိုလူနှစ်ယောက်သည် လက်စားချေရန် အကူအညီခေါ်လာခြင်းဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။
သူမတို့၏ လောင်းကစားမြို့ဆီသို့ လာသောခရီးသည် ငြိမ်းချမ်းစွာ ပြီးမည့်ပုံ မပေါ်ချေ။
သူမသည် ယဲ့ဖန်ကို လှည့်ကြည့်ရာ သူသည် အေးဆေးဖြစ်နေပြီး သူ၏ အပြုံးသည် ပိုမိုပီပြင်လာကြောင်း တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်သည် အချိန်အတော်ကြာ အတူရှိနေခဲ့သောကြောင့် သူမ သူ့အပေါ် နားလည်သလောက် အခြေခံရလျှင် သူ ထိုကဲ့သို့အပြုံးမျိုး ပြုံးလိုက်ပါကာ အစုလိုက်အပြုံလိုက် လူသတ်တော့မည်ဖြစ်ကြောင်း သေချာလှသည်။
အရင်တစ်ခေါက် ဟန်မိသားစုဆီ သွားခဲ့တုန်းက သူသည် ထိုအပြုံးမျိုး ပြုံးခဲ့ဖူးကာ လူအကုန်သတ်ခဲ့သည်။
ထိုလူတစ်စုသည် သူမတို့အား ဝိုင်းရံထားကြသည်။
သူတို့၏ မျက်နှာပေါ်ရှိ ရက်စက်သောအငွေ့အသက်များကပင် လူများကိုကြောက်ရွံ့သွားစေသည်။
လမ်းသွားလမ်းလာများသည် အဝေးမှ ကြည့်နေသည်။
သူတို့ထဲတွင် ကြက်ဥကိတ်ဆိုင်မှ တန်းစီခဲ့သော လူများလည်း ပါကြသည်။
သူတို့သည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်နေကြသည်။
" ဘုရားရေ ...... ဒီထးန်ဟွားရုံဆိုတဲ့ကောင်ကတော့ ကျားသစ်ရူးရဲ့ လူတွေကို ခေါ်လာတာပဲ။ ဟိုလူငယ်လေးတော့ သေတော့မှာကို ငါ စိုးရိမ်မိတယ် "
" ဒီကောင် ထန်းဟွားရုံက တော်တော်ကို လွန်လွန်းတယ်။ ဟိုက သူ့ကိုလွှတ်ပေးခဲ့တာကို သူက လူအများကြီးခေါ်လာပြီး လက်စားချေနေတယ် "
" မှန်တယ်။ သူကတောင် ဒူးထောက် ငိုယိုပြီး သနားဖို့ တောင်းပန်ခဲ့တဲ့လူလေ။ သူ့ကို ဒီလောက် ရက်စက်ကြမ်းတမ်းမယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဒီလိုလူမျိုးက တော်တော် ကြောက်ဖို့ကောင်းတယ် "
ဤနေရာတွင် အဖြစ်မှန်ကို မသိသေးသော လူများလည်း ရှိနေကာ သူတို့က လိုက်လံမေးမြန်းနေကြပြီး အမှန်ကို သိသွားသောအခါ ထန်းဟွားရုံကို ကျိန်ဆဲနေကြသည်။
ထိုကောင်လေးသည် သူတို့ကို ကြင်နာသနားကာ လွှတ်ပေးခဲ့သော်လည်း သူတို့သည် လူအများကြီးခေါ်လာပြီး အကြွေးပြန်ဆပ်ခဲ့သည်။
သူသည် အတော်ကို စက်ဆုပ်ဖွယ်ကောင်းလှသည်။
လူအုပ်အလယ်တွင် ရှိနေသော လူညစ်ပတ်သည် ယဲ့ဖန်ကို ခဏ ငေးကြည့်လိုက်ပြီး သူ့နှာခေါင်းထိလိုက်ကာ ထန်းဟွားရုံကို လှည့်ကြည့်လိုက်သည်။
" မင်းတို့ပြောတာ ဒီကောင်လေးလား "
ယဲ့ဖန်ကို ထပ်တွေ့လိုက်ရသောကြောင့် ထန်းဟွားရုံသည် စိတ်အဆင်မပြေဖြစ်နေသည်။
သူသည် တွန့်ဆုတ်စွာ ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်ပါတယ် ...... "
ထိုလူသည် မပျော်မရွှင်ဖြစ်သွားသည်။
" လာနောက်နေတာလား။ ငါ့ကို တည့်သာပြောစမ်းပါ။ မင်းက မိန်းမကြီးလို ဘာလို့ နှေးကွေးနေတာတုန်း "
လျုံထျန်းစစ်သည် သူ့ဝမ်းကွဲအစား ပြန်ဖြေလိုက်သည်။
" အဲ့တာသူပါပဲ အစ်ကိုပေါင်း။ အဲ့ခွေးသူတောင်းစားလေးက ငါ့ကို ရိုက်နှက်ပြီး ငါ့ဝမ်းကွဲကို ဒူးထောက်ခိုင်းတယ်။ ငါတို့ဒေါသတွေကို မင်းကူညီပြီး ဖြေဖျောက်ပေးပါ "
သူသည် စကားပြောရင်း ယဲ့ဖန်ကို ငေးကြည့်သည်။
" ကောင်စုတ်လေး ဒီနေ့တော့ မင်းသေပြီပဲ "
ယဲ့ဖန်သည် အေးစက်စွာ ပြုံးလိုက်သည်။
" မင်း ဘာလို့ အရမ်းသေချင်နေရတာလဲ "
လျုံထျန်းစစ်သည် ခြောက်ခြားဖွယ် ပြုံးလိုက်သည်။
" မင်းက သေရတော့မှာကိုတောင် ခေါင်းမာနေသေးတာပဲ။ ခဏနေရင် မင်းငိုရတော့မှာ "
လူညစ်ပတ်သည် သူ့ကို အနောက်သို့ တွန်းထုတ်လိုက်ကာ ယဲ့ဖန်ဆီသို့ ဖြည်းညှင်းစွာလမ်းလျှောက်လာသည်။
" ကောင်လေး၊ မင်းနဲ့သူတို့ကြား ဘာဇယားရှိလဲဆိုတာ ငါ စိတ်မဝင်စားဘူး။ သူတို့က မင်းအသက်ကို ဝယ်ဖို့ ငွေအတော်သုံးထားတယ်။ မင်းဘာသာမင်းလုပ်မလား။ ငါကူညီပေးရမလား "
ယဲ့ဖန်သည် သူ့ကို မတူညီစွာ ငဲ့ကြည့်လိုက်သည်။
" ဒါ သူတို့နဲ့ ငါ့ကြားကကိစ္စ။ ခင်ဗျားရဲ့ကောင်းကျိုးအတွက် ဝင်မပါပါနဲ့ "
လျုံထျန်းစစ်သည် ခုန်ထွက်လာသည်။
" အစ်ကိုပေါင်း သူက ခင်ဗျားကိုတောင် ဒီလိုလေသံနဲ့ ပြောရဲနေသေးတယ်။ ဒါခင်ဗျားကို ဂရုမစိုက်တာပဲ။ ဘာလို့သူနဲ့ စကားပြောနေသေးတာလဲ။ သူ့ကို မြန်မြန်လက်စသတ်လိုက်ပါ "
ကျားသစ်ရူးသည် သူ့ကို လျစ်လျူရှုထား၍ ယဲ့ဖန်ကိုသာ ကြည့်ပြီး ပြုံးလိုက်သည်။
" သေချာလေး မောက်မာတတ်တာပဲ။ ငါသဘောကျတယ်။ ဒီမြို့မှာ မာနဆိုတာ ရှိဖို့လိုအပ်တယ်။ ဒီညီအစ်ကိုက ဘယ်လမ်းကလဲဆိုတာ ငါမေးလို့ရလား "
ကျားသစ်ရူး၏ လေသံကို ကြားပြီး ယဲ့ဖန်သည် အံ့ဩသွားသည်။
သူ ပြန်မဖြေရသေးခင်မှာပင် လျုံထျန်းစစ်မှ စကားဖြတ်ပြောလိုက်သည်။
" အစ်ကိုပေါင် စိတ်မပူပါနဲ့ "
" ဒီကောင်လေးက ပြည်မကြီးကလာတာ။ ဒီကို ရောက်တာ နှစ်ရက်လောက်ပဲ ရှိသေးတယ်။ သူ့မှာ ဘာနောက်ခံမှ မရှိဘူး။ ကျုပ်တို့ညီအစ်ကိုတွေ စိတ်အေးအေးနဲ့ လုပ်စရာရှိတာလုပ်လို့ရတယ် "
ကျားသစ်ရူးသည် သူ့ကို အာရုံမစိုက်ပဲ ထန်းဟွားရုံကို လှည့်ကြည့်သည်။
" မင်းဝမ်းကွဲကို မင်းဘာသာ ထိန်းထား။ သူသာ အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေဦးမယ်ဆိုရင် ငါသူနဲ့ အရင် ရှင်းရလိမ့်မယ် "
ထန်းဟွားရုံသည် ခေါင်းကို စောင်းလိုက်ကာ လျုံထျန်းစစ်ကို အပြစ်တင်လိုက်သည်။
" မင်းပါးစပ်ပိတ်ထား။ ဒီမှာ စကားပြော ရအောင် မင်းကဘာကောင်တုန်း "
လျုံထျန်းစစ် ပါးစပ်ပိတ်ထားရုံမှတစ်ပါး ဘာမှမလုပ်နိုင်ပေ။
သူ့စိတ်ထဲတွင်တော့ ကျိန်ဆဲနေသည်။
ဒီကျားသစ်ရူးက ငကြောက်ပဲ။
ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လုပ်နေတာလဲ။
သူတစ်ချက်လေးပဲ လှုပ်ရှားလိုက်ဖို့လိုတာမဟုတ်ဘူးလား။
ဘာတွေ အကျယ်ချဲ့နေတာတုန်း။
အပိုင်း ( ၁၀၁၈ )
မင်းစကားအရဆို မင်းမှာအတော်လေးကိုတောင့်တင်းတဲ့နောက်ခံရှိပုံပဲ
ကျားသစ်ရူးသည် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" မိတ်ဆွေလေး၊ ငါက လူတွေရဲ့ ငွေကို ယူပြီး သူတို့ကို ကူညီပေးတယ်။ ဒါကြောင့် ဒီနေ့ မင်းသွေးစွန်းရမှာ သေချာတယ် "
" ဒီလိုလုပ်ရင်ကော ဘယ်လိုသဘောရလဲ။ မင်းအသက်ကို ငါမယူချင်ဘူး။ မင်းရဲ့လက်တစ်ဖက်ကိုပဲ ချိုးလိုက်။ ငါ သူတို့ကိုဖြေရှင်းချက်ပေးလိုက်မယ်။ ဘယ်လိုလဲ "
လျုံထျန်းစစ်သည် ချက်ချင်း ကန့်ကွက်လိုက်သည်။
" အစ်ကိုပေါင်း ငါတို့ သူ့ကို သတ်ဖို့ သဘောတူထားတာလေ။ ဘာလို့ သူ့ကို အလွယ်တကူလွှတ်ပေးရမှာလဲ။ ငါ ငွေနှစ်သန်းတောင် သုံးထား ....... "
သူပြော၍ မပြီးသေးခင်မှာပင် ကျားသစ်ရူးသည် ပါးဖြတ်ရိုက်လိုက်သည်။
ဖြောင်း
ရိုက်သံသည် အတော်ကျယ်လောင်ကာ လျုံထျန်းစစ်ကို လည်ထွက်သွားစေသည်။
ထို့ကြောင့် သူသည် ကြောင်တောင်တောင်ဖြစ်နေသည်။
" မင်း စကားပြောတာ တော်တော်များနေပြီ။ နှစ်သန်းဆိုတော့ရော ဘာဖြစ်လဲ။ နှစ်သန်းလေး သုံးနိုင်တာနဲ့ မင်းကိုယ်မင်း ဆရာကြီးဖြစ်နေပြီ ထင်နေတာလား။ မင်း မသေချင်ရင်ပါးစပ်ကို ပိတ်ထား "
လျုံထျန်းစစ်သည် သူ့ပါးစပ်ကို အလျင်အမြန်ပိတ်ကာ ဘာမှ ထပ်မပြောရဲတော့ချေ။
မည်သို့ပင်ဖြစ်စေ သူသည် ပြည်မကြီးတွင် ကြီးပြင်းခဲ့သူဖြစ်ကာ ထိုနေရာရှိ မြေအောက်အဖွဲ့များသည် အရမ်း မကြမ်းတမ်းချေ။
သူသည် အလွန်ချမ်းသာသောကြောင့် အရာရာကို ငွေနှင့် ဖြေရှင်းလေ့ရှိသည်။
ယခု လောင်းကစားမြို့တွင် ထိုစည်းမျဥ်းများသည် အလုပ်မဖြစ်ပေ။
ကျားသစ်ရူးသည် ယဲ့ဖန်ကိုထပ်ကြည့်သည်။
" သူငယ်ချင်းလေး၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် အချိန်မဖြုန်းပဲ လုပ်စရာရှိတာလုပ်ကြရအောင် "
" မင်းကိုယ့်ဘာသာ မလုပ်နိုင်ရင် ငါကူညီပေးမယ် "
" ပြီးတာနဲ့ ငါမင်းကို ဆေးရုံကို ပို့ပေးဖို့ တစ်ယောက်ယောက်လွှတ်ပေးမယ်။ အဆင်ပြေတယ်မလား "
ယဲ့ဖန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
" ခင်ဗျား ဒီလိုသာ မပြောခဲ့ရင် ဒီနေ့ ဒီလမ်းကနေ လမ်းလျှောက်ပြီး ထွက်သွားနိုင်မှာတောင် မဟုတ်ဘူး။ ခင်ဗျားမှာ လူသားဆန်တဲ့ စိတ်ရှိသေးတာကြောင့် ခင်ဗျားကို အသက်ရှင်ခွင့်ပေးလိုက်မယ် "
သူ ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းမှ သူ့ကို တအံ့တဩ ကြည့်နေကြသည်။
" ကောင်လေး မင်း ရူးနေတာလား။ အစ်ကိုပေါင်းကို ဘယ်လိုတောင် ဒီလိုစကားတွေ ပြောရဲရတာလဲ။ မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ "
လျုံထျန်းစစ်သည် ပျော်ရွှင်စွာခုန်ပေါက်ရင်း ကျိန်ဆဲလိုက်သည်။
ကျားသစ်ရူး၏ လက်အောက်ငယ်သားများသည်လည်း အလွန်ဒေါသထွက်နေကြသည်။
“ ဒီကောင်လေးက မမောက်မာလွန်းဘူးလား။ အစ်ကိုပေါင်က ဘာလို့ သူနဲ့ စကားပြောနေသေးတာလဲ။ ဘာလို့ ငါတို့ကို လှုပ်ရှားခိုင်းပြီး အဲ့ကောင်လေးကို သတ်ခွင့် မပေးသေးတာလဲ "
" လောင်းကစားမြို့တစ်မြို့လုံးမှာ အစ်ကိုပေါင်းကို ဒီလိုစကား ပြောရဲတဲ့ လူအများကြီး ရှိမနေမှာကိုတောင် ငါကြောက်မိတယ်။ ဟုတ်တယ်မလား "
" ငါ မှတ်မိသလောက်ဆိုရင် အစ်ကိုပေါင်ကို ခြိမ်းခြောက်ရဲခဲ့တဲ့ နောက်ဆုံးတစ်ယောက်က ခုတ်ထစ်ခံလိုက်ရပြီး ပင်လယ်ထဲကို ငါးစာအဖြစ် ပစ်ချခံလိုက်ရတယ်မလား "
" ဒီကောင်လေးက သူ့ကိုယ်သူ ရှောင်လူကြီးမင်းလို့ ထင်နေတာလား။ သူ့ကိုယ်သူ တကယ်ပဲ လောင်းကစားနယ်မြေရဲ့ခေါင်းကိုင်ဖခင်ကြီးလို့ ထင်နေတာလား "
" အစ်ကိုကြီး သူနဲ့ အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့။ ကျွန်တော်တို့ကိုသာ လှုပ်ရှားခွင့်ပေးလိုက်ပါ ...... "
သူတို့သာလျှင် မဟုတ်ပေ။
ယဲ့ဖန်ကို သနားနေသောလူများပင် မယုံကြည်နိုင် ဖြစ်နေကြသည်။
" ဒီကောင်လေးက ယဥ်ယဥ်လေးနဲ့ ရူးနေတာပဲ။ အစ်ကိုပေါင်းကိုတောင် ဒီလို ရူးနှမ်းနေတဲ့စကားတွေ ပြောရဲနေသေးတယ်။ သူ ဘာတွေတွေးနေတာလဲ "
" ဒီလူငယ်လေးကို ကြည့်ရတာ ကောင်းမွန်တဲ့ မိသားစုကနေ ဆင်းသက်လာပုံပဲ။ သူက လောကဓံနဲ့ မရင်ဆိုင်ဖူးသေးတော့ ဒီသိုင်းလောကကြီးရဲ့အန္တရာယ်တွေကို သိပုံမရဘူး "
" လောင်းကစားမြို့လို နေရာမျိုးမှာ သူ့နောက်ခံဘယ်လောက်ကောင်းကောင်း အရေးမပါဘူး။ အစ်ကိုပေါင်ကို စော်ကားမိသွားရင် အဆုံးသတ် မကောင်းမှာကိုပဲ ငါကြောက်မိတယ် "
" အစတုန်းက အစ်ကိုပေါင်းက သူ့လက်တစ်ဖက်ကိုပဲ ချိုးချင်ခဲ့တာ။ အခု သူပြောလိုက်တဲ့ စကားကြောင့် သူ့ဘဝတော့ လုံးဝကို သွားပြီပဲ "
" ဟူး သနားစရာကောင်းတဲ့လူတစ်ယောက်မှာလည်း မုန်းစရာကောင်းတဲ့အရာတွေ ရှိသေးတာပဲ ..... "
လူတိုင်းသည် ယဲ့ဖန်ကို စတင် ဝေဖန်နေကြကာ ကျေးဇူးတရားကို မသိတတ်ဘူးဟု ထင်နေကြသည်။
ကျားသစ်ရူးလက် မြှောက်လိုက်သောအခါ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားသည်။
သူသည် ယဲ့ဖန်ကို တည့်တည့်ကြည့်လျက် ပြောသည်။
" မင်းလေသံအရဆို မင်းရဲ့နောက်ခံက တော်တော်လေး တောင့်တဲ့ပုံပဲ ..... "
ယဲ့ဖန်သည် သူ့ကိုပြုံးကြည့်သည်။
" ငါ ဖုန်းခေါ်လို့ရမလား "
ကျားသစ်ရူးသည် ခေါင်းညိတ်ပြသည်။
" ရတယ်ဆက် "
ယဲ့ဖန်သည် ဘာမှထပ်မပြောပဲ လမ်းဘေးသို့သွားကာ ဖုန်းပြောနေသည်။
လျုံထျန်းစစ် ထိတ်လန့်သွားပြီး ကျားသစ်ရူးနားသို့ အမြန်သွားလိုက်သည်။
" အစ်ကိုပေါင် ဒီကောင်လေး ပြောတာကို နားထောင်မနေနဲ့။ သူက မင်းကို ခြောက်လန့်နေတာ "
" သူက ပြည်မကြီးကလူလေ။ လောင်းကစားမြို့က ဘယ်သူ့ကို သိမှာမလို့လဲ "
ကျားသစ်ရူးသည် သူ့ကို လျစ်လျူရှုထားကာ ယဲ့ဖန်ကိုသာ သံသယဖြင့် ငေးကြည့်နေသည်။
သူ့အသက်ကိုပင် ပဓာနမထားပဲ တိုက်ခိုက်ရဲသောကြောင့် ကျားသစ်ရူးဟု နာမည်ပြောင် ရထားသော်လည်း သူသည် စဥ်းစားဉာဏ်မဲ့သူ မဟုတ်ချေ။
သူသည် လမ်းမပေါ်တွင် အသတ်မခံရဘဲ ဒီနေ့ဒီချိန်ထိ အသက်ရှင်နေခြင်းမှာ သူ့ဦးနှောက်သည် လူအများစုထက် ပို၍ ဉာဏ်ထက်ကြောင်း ပိုကောင်းကြောင်းသက်သေပြနေသည်။
လူ၂၀၀၊ ၃၀၀လောက်သည် ချွန်ထက်သောလက်နက်များ ကိုင်ဆောင်ထားပြီး ဝိုင်းရံထားခံရသော်လည်း ထိုလူငယ်လေးသည် တည်တည်ငြိမ်ငြိမ် ရှိနေဆဲ ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုသို့ စိတ်ပိုင်းဖြတ်နေနိုင်ခြင်းသည် ဟန်လုပ်ထားခြင်း သို့မဟုတ် သူ့တွင် အားကိုးအားထားရာ တစ်ခုခု ရှိနေသောကြောင့် ဖြစ်နိုင်သည်။
သူ လေ့လာကြည့်ရသလောက် တစ်ဖက်လူသည် ဟန်ဆောင်နေခြင်း မဟုတ်ပေ။
ထို့ကြောင့် သူ့တွင် တစ်ယောက်ယောက်မှ ကျောထောက်နောက်ခံပြုပေးထားသောကြောင့် ဖြစ်နိုင်သည်။
တစ်ဖက်လူတွင် စစ်ကူရှိသော်လည်း ရလဒ်သည် ပြောင်းလဲသွားမည် မဟုတ်သောကြောင့် ခြေတစ်လှမ်း ဆုတ်ပေးလိုက်သည်။
လူအများကြီး ဝိုင်းရံထားသောကြောင့် သူထွက်ပြေးသွားမည်ကို မကြောက်ပေ။
ယဲ့ဖန်သည် ဖုန်းပြောပြီးနောက် ပြန်လာသည်။
" ငါ့ကို အချိန် ၅မိနစ်လောက်ပေး။ ငါ့လူတွေမကြာခင် ရောက်လာလိမ့်မယ် "
ကျားသစ်ရူးသည် ထိုလူငယ်လေးကို ခဏလောက် ငေးကြည့်နေမိကာ လူထူးဆန်းဟု ခံစားနေရသည်။
သူသည် ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းပြီ။ ငါ ၅မိနစ်စောင့်မယ်။ မင်း လူတွေက ၅မိနစ်အတွင်း ရောက်မလာရင်တော့ ရိုင်းပြသွားမိတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ "
ထိုစကားကို လျုံထျန်းစစ် ကြားသောအခါ စိတ်ထဲတွင် ကျိန်ဆဲနေသည်။
ထိုကျားသစ်ရူးသည် သူ၏ငွေကို လက်ခံခဲ့သည်။
သို့သော်ယခုတွင် သူသည် ထိုကောင်လေးနှင့် ညှိုနှိုင်းနေကာ လှုပ်ရှားရန် ငြင်းဆိုနေသည်။
ဤသည်သာ သူ စောစောသိခဲ့ပါက ကျားသစ်အစစ်နှစ်ကောင်ကိုသာ ဝယ်လိုက်မည် ဖြစ်သည်။
" ကောင်လေး မင်း အင်အားတွေ မဖြုန်းဖို့ အကြံပေးချင်တယ်။ အစ်ကိုပေါင်းဆိုတာ လောင်းကစားမြို့ရဲ့ နတ်ဘုရားကွ။ မင်းသူငယ်ချင်းကို မင်းက ခေါ်ပြီး ဒုက္ခပေးနေတာပဲ။ အစ်ကိုပေါင်း ပြောထားသလိုသာလုပ်လိုက်။ မင်းလက်တစ်ဖက်ကိုပဲ ချိုးမယ် ပြီးရင် မင်းကောင်မလေးကို ငါနဲ့ နှစ်ရက်လောက် ကစားခိုင်းလိုက်၊ အဲ့တာဆို မင်းအသက်ကို ငါချမ်းသာပေးမယ် "
လျုံထျန်းစစ်သညထ သူ့ငွေနှစ်သန်းကို အလေအလွင့် အဖြစ်မခံချင်သည့်အတွက် ယဲ့ဖန်ကို ချက်ချင်း လှောင်ပြောင်စော်ကားလိုက်သည်။
ယဲ့ဖန်၏ မျက်နှာပေါ်တွင် ကြီးမားသောအပြုံးတစ်ခု ရှိနေသည်။
ပြောထား မင်းစိတ်ထဲရှိတာသာပြော။
နောက်ပြီးကျရင် မင်းမှာ ပြောဖို့ အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး။
ချန်းဖေးအယ်သည်လည်း သူ့ကို သနားနေသောအကြည့်ဖြင့် ကြည့်နေသည်။
ဒီလူး နောက်ကျ ဘာတွေဖြစ်လာနိုင်မယ်ဆိုတာကို လုံးဝ မသိဘူးပဲ။
အပိုင်း ( ၁၀၁၉ )
ရေချိုးဝတ်စုံဖြင့် လာကယ်ခြင်း
လျုံထျန်းစစ်သည် ယဲ့ဖန်ကို ပုတ်ခတ်စော်ကားနေချိန် ထန်းဟွားရုံသည် မကောင်းသော ခံစားချက်များရနေသည်။
ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သည် လူပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံရပါက အနည်းဆုံးအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည် ဖြစ်သည်။
သို့သော် ထိုကောင်လေးသည် အတော်ပင် အေးဆေးနေသည်။
ဤကဲ့သို့ ဖြစ်နေရခြင်းမှာ ထူးဆန်းလှသည်။
ပုံမှန်မဟုတ်သည့် အချိန်များတွင်ပင် ဤကဲ့သို့ အေးဆေးစွာ ဖြစ်နေနိုင်သည့်အတွက် သူသည် နတ်ဆိုးတစ်ကောင်ပင် ဖြစ်ရပေမည်။
တစ်ဖက်မှ လူ၏ ကြောက်မယ်ဖွယ် ခွန်အားကို စဥ်းစားမိသွားသောအခါ ......
သူသည် တွေးရင်းဖြင့် တိတ်တဆိတ်နောင်တရနေသည်။
သူ့ဆီမှာ ဘာလို့ ဒီလိုကိစ္စတွေပဲ လာဖြစ်နေရတာလဲ။
တစ်ဖက်လူသည် သူတို့ကို လွှတ်ပေးလိုက်ကာ ကိစ္စကို ငြိမ်းချမ်းစွာ ပြီးသွားစေခဲ့သည်။
သို့သော် သူသည် သူ့ဝမ်းကွဲ၏ သွေးဆောင်မှုကို မခံနိုင်ဘဲ ကျားသစ်ရူးကို ခေါ်ကာ ပြဿနာရှာမိသည်။
" အစ်ကိုပေါင်း၊ ကျွန်တော် ....... ကျွန်တော်ထင်တာကလေ ဒီကိစ္စမေ့ပစ်ပြီး ပြန်လိုက်ကြရအောင် "
သူသည် ကျားသစ်ရူးဘေးနားသို့ အမြန်သွားကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
ကျားသစ်ရူးမှ ပြန်မပြောခင်မှာပင် သူတို့အနား၌ ရှိနေသော လျုံထျန်းစစ်သည် မပျော်မရွှင်ဖြင့် ပြောသည်။
" ဘာလို့လဲ။ အဲ့ခွေးကောင်က ကျွန်တော့်ကိုရိုက်ပြီး အစ်ကို့ကို အရှက်ခွဲထားတာလေ ဝမ်းကွဲရဲ့။ ဘယ်လိုလုပ်ပြီး ဒီတိုင်းထားထားပေးလိုက်ရမှာလဲ "
" ပြီးတော့ ကျွန်တော်တို့က ငွေနှစ်သန်းတောင် သုံးထားတာလေ။ သူတို့ကို ဘာမှ ပြန်မလုပ်ရရင် ငွေတွေ အလေလွင့် ဖြစ်သွားမှာ မဟုတ်ဘူးလား "
ထန်ဟွာစီသည် သူ့ကို ကျိန်ဆဲနေသည်။
ဒီခွေးကောင်က ဒီလိုအချိန်မှာတောင် ငွေအကြောင်း တွေးနေသေးတာလား။
သူတို့သည် ယခု ငြိမ်းငြိမ်းချမ်းချမ်း နေရခြင်းသည်ပင် ကောင်းချီးတစ်ခု ဖြစ်သည်။
" အစ်ကိုပေါင်၊ သူ ပြောတာ နားထောင်မနေပါနဲ့။ ငွေတွေက အစ်ကို့ကို လေးစားသမှုအနေနဲ့ ပေးတယ်လို့ ယူဆလိုက်ပါ။ ဒီနေ့ကိစ္စကို မေ့လိုက်ကြရအောင်။ ကျွန်တော်တို့ အရင်ပြန်တော့မယ်နော် "
ထန်းဟွားရုံသည် သူ့စကားပြီးဆုံးတာနဲ့ သူ့ဝမ်းကွဲကို ခေါ်ကာ ပြန်ဖို့ ပြင်လိုက်သည်။
သို့သော် ကျားသစ်ရူးသည် သူ့ကိုဆွဲထားသည်။
" မင်း ဘာစကား ပြောတာလဲ။ ငါတို့ကို ခေါ်ဖို့ ငွေနှစ်သန်း သုံးထားပြီး အခုတော့ ဘာမှမလုပ်ရသေးဘဲ ငါတို့ကို ပြန်စေချင်နေတာလား။ မင်းက ငါတို့ကို ခွေးတွေ ပျော်သလို လမ်းလျှောက်နေတယ်လို့ ထင်နေတာလား "
ထန်းဟွားရုံ၏ မျက်နှာအမူအရာသည် ခါးသီးသွားသည်။
" ကျွန်တော်တို့ ဘာမှမလိုချင်ပါဘူး။ ဟုတ်ပြီလား။ ကျေးဇူးပြု၍ ပြန်ကြရအောင်ပါ "
ကျားသစ်ရူးသည် သူ့ကို ငဲ့ကြည့်လိုက်သည်။
" မဟုတ်ဘူး၊ ငါက ကျားသစ်ရူးပဲ။ ငါကသူများပိုက်ဆံကို အလကားယူချင်နေတဲ့လူမျိုး မဟုတ်ဘူး။ ဒီကိစ္စကို ဒီနေ့ အပြီးဖြတ်ရမယ် "
" အစ်ကိုပေါင်း "
သူတို့နှစ်ယောက် အခြေအတင်ဖြစ်နေစဥ် ရုတ်တရက် လူအုပ်အပြင်ဘက်မှ ဟွန်းတီးသံကို ကြားလိုက်ရသည်။
ကျားသစ်ရူး၏ လက်အောက်ငယ်သားများသည် ပြန့်ကျဲသွားရသည်။
ထို့နောက် သူတို့သည် အနက်ရောင် Lincoln limousineကားတစ်စီး ဖြည်းညှင်းစွာ မောင်းဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုကားကို မြင်သောအခါ ကျားသစ်ရူး၏ အမူအရာသည် တောင့်တင်း ထိတ်လန့်သွားသည်။
" ရှောင်... ရှောင်... "
ထို့နောက် ရှောင်မိသားစု ခေါင်းဆောင်ဖြစ်သော ရှောင်ချန်ချင်းသည် ကားပေါ်မှ လျင်မြန်စွာ ဆင်းလာသည်ကို သူတွေ့လိုက်ရသည်။
သူလည် ပုံမှန်အဝတ်အစားကို ဝတ်ဆင်မထားဘဲ ရေချိုးဝတ်စုံနှင့်သာ ဖြစ်နေသည်။
ကားထဲမှ ထွက်လာပြီးနောက် သူသည် ရပ်မနေဘဲ ယဲ့ဖန်ဆီသို့ ချက်ချင်း ပြေးသွားသည်။
သူသည် ကျားသစ်ရူးနားမှ ဖြတ်သွားသောအခါ အမုန်းတရားများအပြည့်ဖြင့် စိုက်ကြည့်နေသည်။
" မင်းတော့ သေပြီပဲ "
ထိုစကားကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဟိုကောင်လေး ဖုန်းဆက်ခေါ်တဲ့လူက ရှောင်လူကြီးမင်းလား။
ထို့အပြင် ရှောင်လူကြီးမင်းသည် ရေချိုးရင်းတန်းလန်း ထွက်လာခဲ့ပုံရသည်။
ဤသည်ကို ကြည့်ပါက ထိုလူငယ်၏ သရုပ်မှန်သည် အတော်ကို ထူးခြားနေနိုင်သည်။
ထိုအကြောင်း တွေးမိလိုက်တာနှင့် သူသည်ကြက်သီးထသွားရသည်။
ရှောင်ချန်ချင်းကို မြင်လိုက်သောအခါ ထန်းဟွားရုံသည် ခြေထောက်များ ပျော့ခွေသွားကာ ထိန်းမရတော့ပဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့လို လူမိုက်သေးသေးလေးအား ရှောင်ချန်ချင်းမှ သိနေရန် အဆင့်မမှီသော်လည်း လောင်းကစားမြို့မှ မြေအောက်လောက၏ ခေါင်းကိုင်ဖခင်ကြီးကို သူကတော့ သိနေသည်။
ယခုအချိန်တွင် ရှောင်ချန်ချင်းသည် ကိုယ်တိုင်ကိုယ်ကျ အပြေးအလွှားလာလေသည်။
သူ့အပေါ်တွင် ရှိနေသော သက်ရောက်မှုသည်လုံးဝကိုကြီးမားသည်။
သူ့နှလုံးသားထဲတွင် လှိုင်းများ ထန်နေသည်။
" ပြီးပြီ၊ သွားပြီ၊ ဒီတစ်ခါတော့ အားလုံးပြီးသွားပြီ "
ရပ်ကြည့်နေသောလူများသည်လည်း ကြောက်ရွံ့နေကြသည်။
လောင်းကစားမြို့သည် မကြီးမားချေ။
ရှောင်ချန်ချင်း ဘာတွေလုပ်သည်ဆိုတာကို သူတို့ မသိသော်လည်း ထိုလူသည် အကောင်ကြီးဆိုသည်ကိုတော့ သိကြသည်။
ထို့ကြောင့် သူရောက်လာသောအခါ လူတိုင်းသည် မယုံနိုင်လောက်အောင် ခံစားနေရခြင်းဖြစ်သည်။
" ဘုရားရေ၊ ရှောင်လူကြီးမင်း တကယ်ကြီးပြေးလာတာလား၊ ဒါကြီးကမများလွန်းဘူးလား "
" အဲ့လူငယ်လေးက ဘယ်သူလဲ။ ရှောင်လူကြီးမင်းလို လူတောင် သတိချပ်နေရတယ် "
" ငါတော့ ဒီနေ့ရဲ့ မတော်တဆဖြစ်ရပ်က တော်တော်လေးကို ဆွဲဆောင်အားကြီးမားနေတယ်လို့ ခံစားရတယ်။ ဒီဟာက မနက်ဖြန် လောင်းကစားမြို့ရဲ့ ခေါင်းစီးသတင်း ဖြစ်လာလိမ့်မယ် "
" ........ "
လူတိုင်းသည် ရှောင်လူကြီးမင်း ရောက်ရှိလာမှုကြောင့် အံသြနေကြကာ ယဲ့ဖန်၏ သရုပ်မှန်ကိုလည်း ပို၍ စိတ်ဝင်စားလာကြသည်။
ရှောင်လူကြီးမင်း၏ ကောင်းမွန်သော အခြေအနေကိုပင် နှောင့်ယှက်နိုင်ပြီး ရေချိုးရင်းတန်းလန်း ထွက်လာစေနိုင်သူမှာ မည်သူဖြစ်မည်နည်း။
လျူဖန်စီ တစ်ယောက်ထဲသာ များများစားစား တွေးမနေခြင်းဖြစ်သည်။
သူသည် ပြည်မကြီးမှ လာသောလူ ဖြစ်သောကြောင့် ရှောင်လူကြီးမင်းကို မသိချေ။
ထိုလူ၏ ကားသည် မဆိုးလှသော်လည်း သူတစ်ယောက်တည်းသာ အခြားသူများလို အံ့သြမသွားခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူ့မိသားစုတွင် ဤသို့အနေအထားနှင့် ဇိမ်ခံကားများစွာ ရှိသောကြောင့်ဖြစ်သည်။
ရှောင်ချန်ချင်းသည် ယဲ့ဖန်ဆီ အပြေးအလွှားရောက်လာကာ ပထမဆုံးအနေဖြင့် သူ့ကိုဂရုတစိုက်ကြည့်ရှုနေသည်။
သူ ဒဏ်ရာမရထားသည်ကို မြင်မှ စိတ်သက်သာရာရသွားသည်။
" ယဲ့လူကြီးမင်း၊ ဘာမှမဖြစ်လို့ တော်ပါသေးတယ် "
သူသည် ယဲ့ဖန်ကို တလေးတစားဖြင့်စကားပြောနေသည်။
အကြာကြီးလမ်းမလျှောက်ရသော်လည်း သူသည် နှစ်လှမ်းလောက်လျှောက်ပြီးသွားသောအခါ အသက်ရှုမဝ ဖြစ်နေသောကြောင်တစ်ကောင်လိုဖြစ်နေသည်။
လူတိုင်းသည် ဦးရေပြားများထုံကျင်သွားသလို ခံစားနေရသည်။
သူတို့သည် ယဲ့ဖန်၏ သရုပ်မှန်ကို တိတ်တဆိတ်ခန့်မှန်းနေကြကာ သူ့အား ရှောင်မိသားစုမှ ဆက်ခံသူတစ်ယောက် သို့မဟုတ် မိတ်ဆွေမိသားစု၏ ဆက်ခံသူတစ်ယောက်ဟု ထင်နေကြခြင်း ဖြစ်သည်။
မျိုးဆက်သစ်များအပေါ် ထားသောမေတ္တာကြောင့် အပြေးအလွှားရောက်လာရသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။
သို့သော် ယဲ့ဖန်ကို ဆက်ဆံနေသော ရှောင်လူကြီးမင်း၏ သဘောထားသည် သူတို့၏ ခန့်မှန်းချက်များကို ပြောင်းပြန် လှန်ပစ်လိုက်သည်။
သူသည် ထိုလူငယ်ကို တလေးတစားဆက်ဆံနေသောကြောင့် ထိုလူငယ်၏ နောက်ခံသည် အတော်လေးပင် ကြောက်မယ်ဖွယ်ရာ ကောင်းနေမည်ဖြစ်သည်။
သူသည် ပြည်မကြီးမှ ဖြစ်ပြီး ရှောင်လူကြီးမင်းကိုပင် ကြောက်ရွံသွားစေနိုင်သည်။
ထို့အပြင် သူ၏လှုပ်ရှားမှုများသည် ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
သူသည် အလွန်အဆင့်အတန်းမြင့်သောနေရာမှ တတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက် ဖြစ်နိုင်သည်။
ထို့ကြောင့်သာ မဟုတ်ပါက လောင်းကစားမြို့မှ ရှောင်လူကြီးမင်းကဲ့သို့ အကောင်ကြီးတစ်ယောက်သည် သူ့ကို အလွန်လေးစားနေမည် မဟုတ်ပေ။
လူတိုင်းသည် ဖြစ်နိုင်ချေများကို တွေးမိသောအခါ ချွေးအေးများ ထွက်လာကြသည်။
အကယ်၍ သူတို့ထင်သည်သာ မှန်ပါက ထန်းဟွားရုံ၊ လျုံထျန်းစစ်နှင့် ကျားသစ်ရူးတို့ လူတစ်စုသည် ဒီနေ့တွင် သေရမည် ဖြစ်သည်။
သူတို့ပင် ခန့်မှန်းမိနိုင်လျှင် ထန်းဟွားရုံသည်လည်း သူတို့လို သိနေမည် ဖြစ်သည်။
သူသည် အလွန်အမင်း တုန်ရီနေကာ သူ့ ဘောင်းဘီသည်လည်း ထပ်မံ၍ စိုစွတ်သွားပြန်သည်။
ဤတစ်ခါသည် ယနေ့တွင် သူ ဒုတိယအကြိမ်မြောက် သေးပေါက်ချခြင်းဖြစ်သည်။
သူ့ဘောင်းဘီသည် စိုလိုက် ခြောက်လိုက်ဖြစ်နေကာ မကြာခင်တွင် သူသည်လည်း ခြောက်သွေ့နေသော အလောင်းတစ်လောင်းဖြစ်သွားနိုင်သည်။
ကျားသစ်ရူးသည်လည်း သူ၏ ဉာဏ်တိမ်မှုကြောင့် ကြောက်လန့်နေသည်။
အားလုံးပြီးပြီ သွားပြီ။
သူသည် မစော်ကားသင့်သော လူတစ်ယောက်ကို သွားစော်ကားမိသည်။
ရှောင်လူကြီးမင်းပင်တောင်မှ ထိုလူငယ်လေးကို တလေးတစား ဆက်ဆံနေရသည်။
ထိုကောင်လေးသာ သူနှင့် စာရင်းရှင်းချင်ပါက ပုရွက်ဆိတ်တစ်ကောင်အား ခြေမွလိုက်သလို လွယ်ကူနေမည် ဖြစ်သည်။
ထိုအချိန်တွင် သူသည် ခွေးသူတောင်းစား ထန်းဟွားရုံကြောင့် တကယ် အသတ်ခံရတော့မည်ဖြစ်သည်။
သူ့နှလုံးသားသည် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။
အပိုင်း ( ၁၀၂၀ )
မင်းက ဟန်မိသားစုလို အဆုံးသတ်ချင်နေတာလား။
လျုံထျန်းစစ်သည် ဉာဏ်တိမ်သော်လည်း တစ်ခုခု မှားနေသည်ကို အာရုံခံမိသည်။
သူ့ဝမ်းကွဲနှင့် ကျားသစ်ရူး အပါအဝင် လူတိုင်းသည် ကြောက်ရွံမှုကြောင့် မျက်နှာများပြာနှမ်းနေကြသည်။
ငါ ဒီတစ်ခါ တစ်ကယ်ကြီး သံပြားကို သွားကန်မိတာလား။
ထိုသို့ ဖြစ်နေပါက အနည်းငယ် ကံမကောင်းခြင်းဖြစ်သည်။
သို့သော် သူသည် များစွာ မစိုးရိမ်ချေ။
အရင်ကလိုပင် ပြဿနာတက်ပါက ငွေနှင့်ရှင်းမည်သာ ဖြစ်သည်။
ယွမ်သန်းအနည်းငယ် ပေးလိုက်ရုံဖြင့် ထိုကောင်လေးသည် သူ့ကို ဒူးထောက်တောင်းပန်ရကာ သူကလည်း သူ၏ အဖေနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ပေးမည်သာ ဖြစ်သည်။
ယဲ့ဖန်သည် ရှောင်ချန်ချင်း၏ ဝတ်စားဆင်ယင်မှုကြည့်ကာ ရယ်ရမလား၊ ငိုရမလား မခွဲခြားတတ်တော့ပေ။
" ရှောင်လူအိုကြီး ခင်ဗျား ဒီလိုကြီးဝတ်ပြီးလာဖို့ လိုလို့လား "
ရှောင်ချန်ချင်းသည် ခါးသက်စွာ ပြုံးလိုက်သည်။
" လူကြီးမင်းက အဝိုင်းခံနေရပြီး ဖောက်ထွက်ဖို့ လိုနေတယ်လို့ ကြားလိုက်ရလို့ပါ။ ကျွန်တော့်မှာ ဘယ်လိုလုပ်ပြီး အဝတ်အစားလဲဖို့ အချိန်ရှိမှာလဲ "
ယဲ့ဖန် ရင်ထဲ ခံစားသွားရသည်။
ရှောင်ချန်ချင်းသည် သူ့ကို အမှန်တကယ် တန်ဖိုးထားကြောင်း သူပြောနိုင်သည်။
" အစကတော့ ကျွန်တော်က ရွှေစွပ်ပြုတ် လုံခြုံရေးအဖွဲ့ကို ခေါ်ပြီး သူတို့နဲ့ တိုက်ရိုက်ဖြေရှင်းမလို့ပဲ။ ဒါပေမဲ့ ဒုတိယတစ်ခေါက်တွေးလိုက်တော့ ဒီမှာ ခင်ဗျားနဲ့ သိတဲ့တစ်စုံတစ်ယောက်က ဒီမှာရှိနေတယ်လေ။ အဲ့တာကြောင့် ခင်ဗျားကိုပဲ ဖြေရှင်းခိုင်းမလို့ "
" ဘယ်လိုလဲ။ ရှင်းချင်ရဲ့လား "
ရှောင်ချန်ချင်းသည် လေးပင်စွာ ခေါင်းညိတ်လိုက်သည်။
" စိတ်မပူနဲ့။ ဒီနေ့ လူကြီးမင်း စိတ်ကျေနပ်စေရမယ့် ဖြေရှင်းချက်တစ်ခု ပေးပါမယ် "
ထိုသို့ ပြောပြီးသည်နှင့် သူသည် ကျားသစ်ရူးကိုလှည့်ကြည့်လိုက်သည်။
သူ၏ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားကာ ယဲ့ဖန်နှင့် ရင်ဆိုင်ရချိန်တွင် ရှိနေသော လေးစားမှုသည် ပျောက်ကွယ်သွားသည်။
ထိုနေရာတွင် လွှမ်းမိုးမှု ကြီးစိုးနေသော အငွေ့အသက်များဖြင့်သာ အစားထိုးလာသည်။
" မင်းဒီကိုလာဦး "
ကျားသစ်ရူးသည် လျင်မြန်စွာလျှောက်လာကာ ဦးညွတ်လိုက်သည်။
သူ၏ အသံသည် တုန်ရင်နေသည်။
" ရှောင်လူကြီးမင်း၊ ကျွန်တော် ကျွန်တော် ... "
သူ့စကားမဆုံးခင်မှာပင် ရှောင်ချန်ချင်းသည် သူ့ကို ကြယ်တွေလတွေ မြင်သွားအောင် ပါးရိုက်ချလိုက်သည်။
လူအုပ်ကြီးလည်း ထိတ်လန့်သွားကြသည်။
ကျားသစ်ရူးသည် နာမည်ဆိုးဖြင့်ကျော်ကြားလှသည်။
လောင်းကစားမြို့တွင် ရှိသော လူတိုင်းသည် ထိုနာမည်ကို ကြားသောအခါ ကြောက်လန့်သွားကြသည်သာ ဖြစ်သည်။
ယခုတွင် ထိုလူသည် လူကြားထဲတွင် ပါးရိုက်ခံခဲ့ရသည်။
ထိုအရာသည် သူတို့ ဘဝတစ်လျှောက်လုံးတွင် မမျှော်လင့်ထားသောအရာ ဖြစ်သည်။
သို့သော်လည်း သူတို့သည် ရှောင်ချန်ချင်း၏ သရုပ်မှန်ကို သိသောကြောင့် ချက်ချင်း သဘောပေါက်သွားကြသည်။
လောင်းကစားမြို့ရှိ ဒုတိယအကြီးဆုံးမိသားစုတစ်ခု၏ ခေါင်းဆောင်အနေဖြင့် သူသည် ထိုသို့ပြုမူရန် လုံးဝကို အရည်အချင်းပြည့်မှီသည်။
သို့သော် ထိုအချိန်တွင် ကျားသစ်ရူးမှာတော့ အပျော်လွန်နေကာ ဝမ်းသာအားရ ငိုချမိလုနီးပါး ဖြစ်နေသည်။
ရှောင်ချန်ချင်းသာ သူ့ကို မရိုက်ဘဲ မည်သည့်ခံစားချက်မှ မပြဘဲနေမည်ဆိုပါက အဲ့တာပြီးသည်နှင့် သူ တကယ်သေရမည် ဖြစ်သည်။
သို့သော် ယခုတွင် သူသည် သူ့အား ရိုက်လိုက်သည်။
ထို့ကြောင့် သူသည် အဆင်ပြေသွားသလိုခံစားလိုက်ရသည်။
အနည်းဆုံးအနေဖြင့် သူအသက်ရှင်နေနိုင်မည် ဖြစ်သည်။
" ခွေးမသား၊ မင်းက ဘယ်လိုတောင် ယဲ့လူကြီးမင်းကို ဆန့်ကျင်ရဲရတာလဲ။ မင်း ဝက်ဝံအသည်း ဒါမှမဟုတ် ကျားသစ်အသည်းကို စားထားတာလား "
ရှောင်ချန်ချင်းသည် သူ့နှာခေါင်းကို ထောက်ထားကာ ကျိန်ဆဲနေသည်။
ထိုလူသည် အစောပိုင်းနှစ်များထဲတွင် သူ့အားခေါ်၍ ကျောထောက်နောက်ခံမပေးထားပါက သူသည် တစ်စုံတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံရ၍ သေသွားခဲ့မည်သာဖြစ်သည်။
" ရှောင်လူကြီးမင်း၊ ကျွန်တော် ကျွန်တော်က ယဲ့လူကြီးမင်းဆိုတာ မသိခဲ့လို့ပါ။ မဟုတ်ရင် ကျွန်တော့်မှာ အူဘယ်နှခွေပဲရှိရှိ သူ့ကိုစော်ကားရဲမှာ မဟုတ်ပါဘူး "
ကျားသစ်ရူးသည် ပြောကာ ချက်ချင်းပင် ငိုချလိုက်သည်။
ရှောင်ချန်ချင်းသည် သူ့ကော်လံကို ဆွဲကိုင်လိုက်ကာ နားနားကပ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မင်းဟန်မိသားစုလို အဆုံးသတ်ချင်နေတာလား "
" အဲ့လို မဖြစ်ချင်ရင် ယဲ့လူကြီးမင်းကို သွားတောင်းပန်လိုက်။ သူ ဘာပြောပြော လုပ်ပေးလိုက်။ လုံးဝ တွေဝေမနေနဲ့ "
ကျားသစ်ရူးသည် ထိုစကားကြားသောအခါ အာစေးမိသွားသည်။
ဟန်မိသားစု အသတ်ခံရသောသတင်းသည် လောင်းကစားမြို့တစ်ခွင် ပျံ့နှံ့နေပြီဖြစ်သည်။
လူတိုင်းသည် ထိုကိစ္စမှာ ရွှေစွပ်ပြုတ်လုံခြုံရေးအဖွဲ့မှ လုပ်ခြင်းဖြစ်ကြောင်း သိသော်လည်း ထိုဖြစ်ရပ်၏ နောက်ကွယ်တွင်ရှိသော အဓိကလူကို မသိကြချေ။
ထိုလူသည် သူ့ရှေ့မှ လူငယ်လေးဟု မမျှော်လင့်ထားခဲ့မိချေ။
သူသည် အလွန်ငယ်ရွယ်သော်လည်း သူ့နည်းလမ်းများသည် ရက်စက်လွန်းလှသည်။
သူ မမျှော်လင့်ထားမိသည့်အရာမှာ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားကို အာခံမိကာ သူ၏ လက်တစ်ဖက်ကို ရိုက်ချိုးချင်နေခြင်း ဖြစ်သည်။
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် သူသည် ယဲ့ဖန်ရှေ့တွင် ဒူးထောက်လိုက်တော့သည်။
" ယဲ့ ....... ယဲ့လူကြီးမင်း၊ ကျွန်တော် မှားမှန်းသိပါပြီ။ ကျွန်တော် မျက်စိကန်းသွားခဲ့တာပါ။ ကျွန်တော့်ကို မသတ်ပါနဲ့ "
သူ၏ ဒူးထောက်ချလိုက်မှုသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။
ကျားသစ်ရူးသည် ဟွာထန်ရုံလို အရူးမဟုတ်ပေ။
သူသည် မြေအောက်လောကတွင် နာမည်တစ်လုံး တည်ဆောက်ထားသည့် တကယ့် လူကြမ်းလူမိုက် ဖြစ်သည်။
ကျားသစ်ရူးဟူသော အမည်ပြောင် ရထားရခြင်းသည် ဘာကိုမှ မကြောက်သောကြောင့် ရထားခြင်း ဖြစ်သည်။
သူသည် တစ်ခါက သူ့ရန်သူ၏ မွေးနေ့ပါတီပွဲအတွင်းသို့ ဓားတစ်ချောင်းကိုင်၍ ဝင်သွားကာ သူ့ရန်သူကို သတ်ခဲ့သည်။
သူသည် ထိုလူကို ဓားဖြင့် အချက် ၄၀ကျော်ထိုးခဲ့သောကြောင့် ထိုလူသည် အသက်မရှင်ခဲ့ပေ။
သူ့လိုမျိုး လူ့ငရဲမှာ အသက်ရှင်နေတဲ့လူ့ကလည်း ကြောက်တတ်တဲ့ အချိန်ဆိုတာ ရှိသေးတာလား။
နောက်ဆုံးတွင် လျုံထျန်းစစ်သည် ဘာက မှားနေသည်လဲ ဆိုတာကို သိသွားသည်။
သူသည် လှည့်ကာ ထွက်ပြေးချင်နေသည်။
သို့သော် ကျားသစ်ရူး၏ လက်အောက်ငယ်သား အားလုံးသည် ဉာဏ်ပြေးသူများ ဖြစ်ကြသည်။
သူ့လို တရားခံအစစ်ကို သူတို့သည် အလွတ်မခံချေ။
သူတို့အားလုံးသည် သူ့ပြေးပေါက်များကို ပိတ်ထားကြသည်။
လျုံထျန်းစစ်သည် ပြေးစရာ မြေမရှိချေ။
ဘာလုပ်ရမည်လဲ ဆိုတာကို မသိပဲ ကြောက်ကြောက်လန့်စွာဖြင့် မတ်တပ်ရပ်နေမိသည်။
ယဲ့ဖန်သည် ရှောင်ချန်ချင်းကို ငေးကြည့်လိုက်သည်။
တစ်ဖက်လူသည် ကျားသစ်ရူးအတွက် သွယ်ဝိုက်၍ တောင်းဆိုထားသည်ကို သူ သိသည်။
" ခုနက ပြောထားသလိုပဲ ခင်ဗျားမှာ လူသားဆန်တဲ့စိတ်မျိုး ရှိတာကြောင့် အသက်ကို သက်ညှာပေးနိုင်တယ် ....... "
သူသည် နှေးကွေးစွာ ပြောလိုက်သော်လည်း လူတိုင်းသည် သူ့စကားကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
" ကျေးဇူးတင်ပါတယ် "
သူသည် စကားကို ဆက်ပြောချင်သော်လည်း ယဲ့ဖန်မှ ကြားဖြတ်ပြောလိုက်သည်။
" သေဒဏ်ကလွတ်ပင်မဲ့ ပြစ်ဒဏ်ကတော့ ရှိနေတုန်းပဲ ...... "
သူသည် စကားပြောနေရင်း ထန်းဟွားရုံနှင့် လျုံထျန်းစစ်တို့ကို ငေးကြည့်သည်။
" ခင်ဗျားတို့သုံးယောက်ထဲက တစ်ယောက်ယောက်ရဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်သုံးချောင်းကို လိုချင်တယ် "
" ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ ခင်ဗျားတို့ဘာသာ ဆွေးနွေးလို့ရတယ်
ကျားသစ်ရူးသည် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
" ကျွန်တော် နားလည်ပါပြီ ယဲ့လူကြီးမင်း။ စိတ်ကျေနပ်စေမယ့် ဖြေရှင်းချက်တစ်ခုကို ကျိန်းသေပေါက် ကျွန်တော်ပေးမှာပါ "
သူ့စကားဆုံးသည်နှင့် ထရပ်ကာ ထန်းဟွားရုံနှင့် လျုံထျန်းစစ်တို့ကို ရက်စက်တော့မည့် အကြည့်များဖြင့် ကြည့်လိုက်သည်။
" ခွေးမသားနှစ်ကောင် ယဲ့လူကြီးမင်း ပြောတာကို ကြားလား။ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်က လက်နှစ်ဖက်နဲ့ ခြေသုံးချောင်း ပေးရလိမ့်မယ်။ ဘယ်သူလုပ်မှာလဲရွေးလိုက် "
ယဲ့လးကြီးမင်းသည် မည်သူ့ဆီက လိုချင်သည်ဟု မပြောခဲ့ချေ။
ထို့ကြောင့် ထိုခွေးမသားနှစ်ကောင်သည်သာ သူ၏ ပစ်မှတ် ဖြစ်ရမည် ဖြစ်သည်။
ထိုလူနှစ်ယောက်အပေါ် ထားသည့် သူ၏ မုန်းတီးမှုသည် ယဲ့ဖန်ထက်ပင် ပို၍ များပြားပြင်းထန်သည်။
ထိုလူနှစ်ယောက် လှည့်စားသောကြောင့်သာ မဟုတ်ပါက သူသည် ယဲ့လူကြီးမင်းကို ဆန့်ကျင်မိမည် မဟုတ်ချေ။
ယဲ့ဖန်မှ အမိန့်မပေးလျှင်ပင် သူ ထိုနှစ်ကောင်ကို တန်ဖိုးတစ်ခု ပေးချေခိုင်းမည် ဖြစ်သည်။
ထိုစကားကို ထန်းဟွားရုံ ကြားသောအခါ ကြောက်ရွံ့သွားပြီး ကြိမ်ဖန်များစွာ ဦးညွတ်လိုက်သည်။
" အစ်ကိုပေါင်း ကျေးဇူးပြု၍ ကျွန်တော့်ကို သနားညှာတာပေးပါ … ကျေးဇူးပြု၍ ကျွန်တော့်ကို သနားညှာတာပေးပါ … "
လျုံထျန်းစစ်သည် သူ၏ ဉာဏ်တိမ်မှုကြောင့် ကြောက်လန့်၍သာနေသည်။
သူ့ဘဝတွင် ထိုကဲ့သို့ မြင်ကွင်းမျိုး မမြင်ဖူးသည့်အပြင် ထိုကဲ့သို့လည်း မလုပ်ခဲ့ရဖူးချေ။
သို့သော်လည်း သူသည် သူ့ဝမ်းကွဲနှင့်အတူ ဒူးထောက်လိုက်ကာ ဦးညွတ်လေသည်။
" သနားညှာတာပေးပါ "
ကျားသစ်ရူးသည် မပျော်မရွှင်ဖြင့် ကြားဖြတ်ပြောသည်။
" တော်ပြီ၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ယဲ့လူကြီးမင်းရဲ့ အမိန့်က ဘုရင်မင်းရဲ့ တော်ဝင်အမိန့်ပဲ။ မြန်မြန်လာပြီး နေရာယူကြ။ မဟုတ်ရင် မင်းတို့အစား ငါဆုံးဖြတ်ပေးလိုက်မယ် "
ထန်းဟွားရုံသည် သူ မလွတ်မြောက်နိုင်သည်ဆိုသည်ကို သိ၍ ပထမဆုံးပြောလိုက်သည်။
" ကျွန်တော် ခြေထောက်တစ်ဖက်ကို ရွေးတယ် "
ထိုစကားကို ကြားသောအခါ လျုံထျန်းစစ် တုန်လှုပ်သွားသည်။
ထိုအတိုင်းသာဆိုလျှင် သူသည် လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ချောင်းလုံး ဆုံးရှုံးကာ လူဖြစ်ရှုံးသွားမည် ဖြစ်သည်။
ထိုအရာသည် မြင်းတစ်ကောင် တစ်စစီဖြစ်သွားသလို အလွန်နာကျင်ရပေမည်။