← Chapters

အာခီမီဆရာသခင်

Vol. 150 Ch. 2130

အာခီမီဆရာသခင်

Vol. 150 Ch. 2130

ရှန်ချင်းနယ်မြေအတွင်းမှ အဆင့်မြင့်ကောင်းကင်ကိုးလွှာသည် ကျယ်ပြန့်သော အဆုံးမဲ့ အဖွဲ့အစည်းအတွင်းမှ ကုန်းမြေတစ်ခုဖြစ်သည်။ အဆင့်မြင့်ကောင်းကင်ကိုးလွှာ ကုန်းမြေအဖွဲ့အစည်း၏ ပျမ်းမျှခွန်အားသည် ရှန်ချင်းနယ်မြေတစ်ခွင်၌ ထိပ်ဆုံးအဆင့် ဝင်ပေသည်။

မဟာနတ်ဘုရားများကုန်းမြေသည် အဆင့်မြင့်ကောင်းကင်ကိုးလွှာ ကုန်းမြေအဖွဲ့အစည်းအတွင်းမှ အဓိကကုန်းမြေတစ်ခုဖြစ်ပြီး အားကောင်းသော တန်ခိုးရှင်များစွာ စုစည်းနေထိုင်ပေသည်။

ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက နတ်ဘုရားများကုန်းမြေ၏ သင်္ကေတအင်အားစုတစ်ခု ဖြစ်သလို သန့်စင်မြင့်မြတ်နယ်မြေလည်း ဖြစ်သည်။

လတ်တလောတွင် မဟာနတ်ဘုရားများကုန်းမြေမှ သတင်းများအရ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုက လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်များကို အကျဥ်းသားအဖြစ် ဖမ်းခေါ်လာသည်ဟု ဖြစ်ပေသည်။ လေးမျက်နှာကျေးရွာမှ တန်ခိုးရှင်တစ်ယောက်ဖြစ်သော ဖန်းဟွမ်သည် တိုက်ခိုက်ကြရင်းနှင့် ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစုမှ တန်ခိုးရှင်တစ်ယောက်အား သတ်ဖြတ်ခဲ့သည့်အတွက် ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစု၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်ဟု ဆိုသည်။ သူ၏ ဖခင် ဖန်းကိုင့်သည် သူ့သား လွတ်မြောက်ရန် သူ ပိုင်ဆိုင်ထားသည့် နတ်ဘုရားနည်းစနစ်အား အလဲအလှယ်အဖြစ် ပြုလုပ်ရန် ညွှန်ကြားထားသည့် စာအား လက်ခံရရှိခဲ့သည်။

သို့သော် လေးမျက်နှာကျေးရွာ၏ ဖန်းကိုင့်က နတ်ဘုရားနည်းစနစ်ကို လွှဲမပေးရုံသာမက သူကိုယ်တိုင်လည်း သွမ့်မိသားစုမှ တန်ခိုးရှင်များအား ထိခိုက်ဒဏ်ရာရစေခဲ့သည့်အတွက် အဖမ်းခံခဲ့ရသည်။ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုသည် လေးမျက်နှာကျေးရွာက ဤကိစ္စအတွက် တရားမျှတမှုပေးရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

ကျန်းယဲ့က လေးမျက်နှာကုန်းမြေမှ ထွက်ခွာလာပြီးနောက် ဤသတင်းက ပျံ့နှံ့လာသည်။ သိသာစွာပင် နှစ်ဖက်စလုံးက တစ်ဖက်၏ လှုပ်ရှားမှုကို တစ်ဖက် စောင့်ကြည့်ပြီး အခြေအနေအရ တုံ့ပြန်ရန် အကြံရှိပုံရ​လေသည်။

လေးမျက်နှာကျေးရွာမှ လူများ ထင်ထားသကဲ့သို့ သွမ့်မိသားစုမှ သူတို့ လူများကို ဓားစာခံလုပ်ကာ ဖမ်းထားသော်လည်း သူတို့၏ အကြံအစည်က ဖော်ထုတ်ခံလိုက်ရသည်။ ယခု သူတို့သည် လေးမျက်နှာကျေးရွာက ဒေါသထွက်ကာ ပြန်လည်တုန့်ပြန်လာမည်ကို စိုးသည့်အတွက် ဓားစာခံများအား တိုက်ရိုက်သတ်ဖြတ်ခြင်းမပြုရဲတော့ဘဲ သေချာဂရုစိုက်နေကြမည် ဖြစ်သည်။

ယနေ့တွင် ထိပ်သီးပုဂ္ဂိုလ်ကြီး သုံးယောက်ကပင် အသိအမှတ်ပြုထားသော လေးမျက်နှာကျေးရွာ၏ စွမ်းအားကို မည်သူမှ လျှော့မတွက်ရဲကြပေ။

ရှေး​ဟောင်းတော်ဝင် သွမ့်မိသားစုသည်ပင် ထိုအချက်အား စိတ်ထဲ ထည့်ထားပေသည်။

နှစ်ဖက်လုံးက အဖြစ်အပျက်အပေါ် သူတို့၏ ကိုယ်ပိုင်ရှုထောင့်များကို ပျံ့နှံ့စေပြီးနောက် လူတိုင်းသည် မည်သည့်ကိစ္စတို့ ဖြစ်ပျက်နေကြောင်း နားလည်လာကြ၏။ ဖန်းဟွမ်၏ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုကြားမှ ပဋိပက္ခအကြောင်းကို အတည်မပြုနိုင်ပေ။ လေးမျက်နှာကျေးရွာမှ ဖြေရှင်းချက်ကို ထည့်စဥ်းစားပါက သွမ့်မိသားစု၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နတ်ဘုရားနည်းစနစ်ကို ရရှိရန် ဖြစ်ပေသည်။

သို့သော်လည်း ဖန်းကိုင့်က နတ်ဘုရားနည်းစနစ်ကို လက်မလွှဲပေးခဲ့လေရာ ယခု ရှေး​​ဟောင်းတော်ဝင် သွမ့်မိသားစုက အလွယ်တကူ ရရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် လေးမျက်နှာကျေးရွာမှ သံတမန်က သူ့ လမ်း၌ ရောက်နေပြီ ဖြစ်သည်။

…

မဟာနတ်ဘုရားကုန်းမြေမှ မဟာနတ်ဘုရားမြို့သည် အဆင့်မြင့်ကောင်းကင်ကိုးလွှာတွင် အကြီးဆုံးမြို့များထဲမှ တစ်ခုအဖြစ် ကျော်ကြားသည်။ မြို့အတွင်းမှ အဆောက်အအုံများမှာ အလွန် ခမ်းနားကြီးကျယ်၍ ထည်ဝါလှသည်။ ၎င်းသည် မဟာနတ်ဘုရားကုန်းမြေအတွင်းမှ အကြီးမားဆုံးမြို့ဖြစ်ပြီး ရှေးဟောင်းတော်ဝင် မိသားစုက မြို့နယ်နိမိတ်အတွင်း တည်ရှိပေသည်။

ထိုအခိုက်အတန့်၌ မဟာနတ်ဘုရားမြို့ အပြင်ဘက် ကောင်းကင်တွင် ကြီးမားသော နတ်ဆိုးသားရဲကြီးတစ်ကောင်က လေဟာနယ်အတွင်း ရောက်လာကာ ကောင်းကင်ကို ပိတ်ကွယ်ထားပေသည်။

ဤနတ်ဆိုးသားရဲက အဖြူရောင်ဖြစ်ပြီး ဆိတ်၏ ဦးချိုနှင့် နောက်ကျောတွင် အတောင်ပံများ ရှိသည်။ ၎င်း၏ မျက်လုံးများက အလွန် တောက်ပနေပြီး ခန္ဓာကိုယ်ကို မြင့်မြတ်သော နတ်ရောင်ဝါဖြင့် လွှမ်းခြုံထားသည်။ ယင်းမှာ မြင့်မြတ်သောသားရဲ ပိုင်ကျယ် ဖြစ်ပေသည်။

ပိုင်ကျယ်၏ နောက်ကျောပေါ်၌ လူတစ်ယောက် ရပ်နေပြီး သူ၏ အဖြူရောင်ဝတ်ရုံက လေထဲတွင် ကခုန်နေသော်လည်း သူ့မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးကာထားသည့်အတွက် မျက်နှာအမူအရာအား မခန့်မှန်းနိုင်ပေ။ မျက်လုံးများက အလွန် တောက်ပနေကာ သူ့အနီးတွင် နတ်အလင်းဖျော့ဖျော့ တောက်ပနေ၏။ ထိုလူထံမှ မြင့်မြတ်မှုအား ခံစားမိနိုင်ပြီး သူက ဤလောကထဲမှ တည်ရှိမှုတစ်ခု မဟုတ်သလို ထင်မှတ်ရပေသည်။ အကြည့်တစ်ချက်နှင့်ပင် သူ၏ ပြိုင်ဘက်ကင်းမှုအား ခံစားမိနိုင်ရန် လုံလောက်ပေသည်။

မျက်နှာဖုံးတပ်ထားသည့် ထိုလူက လမ်းတွင် နတ်ဆိုးသားရဲပိုင်ကျယ်နှင့် တွေ့ဆုံခဲ့သော ရီဖူရှင်းပင် ဖြစ်​လေသည်။ ၎င်းက ရှန့်ထိုအဆင့် မြင့်မြတ်နတ်ဆိုးသားရဲတစ်ကောင် ဖြစ်တာကြောင့် သူက ထိုသားရဲအား သူနှင့်အတူ မဟာနတ်ဘုရားများကုန်းမြေသို့ လိုက်ပါခွင့်ပြုခဲ့ပေသည်။

ပိုင်ကျယ်က လေထဲမှ ခရီးဆက်လာခဲ့သည်။ ၎င်းက တဖြေးဖြေး ဆင်းသက်လာပြီး အနိမ့်ပိုင်းတွင် ပျံသန်းနေခဲ့သည်။ ဤ ခမ်းနားထည်ဝါသော မြို့ကို ကြည့်ရင်း ရီဖူရှင်းက အစီအစဥ်များအား တိတ်တဆိတ် ရေးဆွဲလိုက်သည်။ သွမ့်မိသားစု၏ အရေးကြီးသော အဓိကလူများကို ရရှိနိုင်ရန် သူတို့ထံ တိုက်ရိုက်သွားရောက်ဖို့ရာ မဖြစ်နိုင်သဖြင့် အခြားလူများကို သူထံ ရောက်လာအောင် ဆွဲဆောင်ရပေလိမ့်မည်။

ထို့ကြောင့် သူက မဟာနတ်ဘုရားမြို့၌ ဂုဏ်သတင်းရရှိရန် လုပ်ဆောင်ကာ ကြီးမြတ်သော လူတစ်ယောက် ဖြစ်လာပြီး သူ့အကြောင်းက မြို့တစ်မြို့လုံးတွင် ကျော်ကြားရန် လိုအပ်ပေသည်။ ထို့နောက်မှသာ သူသည် ရှေးဟောင်းတော်ဝင်မိသားစု၏ အဓိက အဖွဲ့ဝင်များအား ဆွဲဆောင်နိုင်ပေလိမ့်မည်။

ရီဖူရှင်း၏ စိတ်ထဲတွင် နတ်ဘုရားမြို့ ပျမ်းမျှ အခြေအနေနှင့် ၎င်းတို့ အင်အားစုများ ခွဲဝေမှုတို့ မှတ်သားထားသော မြေပုံတစ်ခု ရှိသည်။ ၎င်းသည် မဟာနတ်ဘုရားကုန်းမြေသို့ ဝင်ရောက်ပြီးနောက် ရရှိခဲ့သော သတင်းအချက်အလက်များ ဖြစ်ပေသည်။ ယင်းတို့က လျှို့ဝှက်ချက် မဟုတ်သည့်အတွက် အလွယ်တကူ ရရှိနိုင်ပြီး ရီဖူရှင်းက ထိုအကြောင်းများကို မှတ်သားထားခဲ့သည်။

သူသည် အကြမ်းဖျင်းအားဖြင့် သွမ့်မိသားစု၏ အရေးကြီးဆုံးနှင့် အကျော်ကြားဆုံး ပုဂ္ဂိုလ်များကို တီးမိခေါက်မိ ဖြစ်လာပေသည်။

အမြန်ဆုံးအရှိန်ဖြင့် ကျော်ဇောမှုများ ရရှိရန် ကျော်ကြားသော နေရာများနှင့် လူအများဆုံး သွားရောက်သော နေရာများက အဓိက သော့ချက်ပင် ဖြစ်သည်။ မြို့တိုင်းတွင် ရတနာအလဲအလှယ် ပြုလုပ်ရာ နေရာက အစည်ကားဆုံး နေရာပင် ဖြစ်သည်။

မဟာနတ်ဘုရားမြို့အတွင်း၌ မြို့ငယ်ပေါင်းများစွာ ရှိပြီး တစ်ခုမှာ ရှေးဟောင်းတော်ဝင် သွမ့်မိသားစုထိန်းချုပ်မှုအောက်တွင် ရှိသည်။ တော်ဝင်မိသားစု၏ တည်ရှိမှုက ထိုမြို့နှင့် ညီမျှပေသည်။

မဟာနတ်ဘုရားများမြို့အတွင်းမှ ကိုးလမ်းသည် မြို့ထဲရှိ ကိုးခုမြောက်လမ်းပင် ဖြစ်သည်။ မဟာနတ်ဘုရားများမြို့ထဲမှ လမ်းများအားလုံးတွင် ကိုးလမ်းက အကျော်ကြားဆုံးပင် ဖြစ်လေသည်။

ထိုလမ်းပေါ်တွင် မြို့အတွင်းမှ အကျော်ကြားဆုံး စားသောက်ဆိုင်များနှင့် အကြီးမားဆုံး အရောင်းအဝယ်စျေးကြီး ရှိပေသည်။ မဟာနတ်ဘုရားများမြို့ထဲမှ ရတနာဆယ်ခုတွင် ကိုးခုက ကိုးလမ်းမှ လာသည်ဟုပင် အဆိုရှိသည်။

ဤလမ်းသည် နဝမခရိုင်ဟုလည်း ကျော်ကြားပြီး မြို့အတွင်းမှ မြို့ငယ်တစ်မြို့ ဖြစ်သည်။

ရီဖူရှင်း နေရန် ရွေးချယ်လိုက်သော နေရာသည် မဟာနတ်ဘုရား မြို့အတွင်းမှ ကိုးလမ်းပင် ဖြစ်သည်။ သူ ရောက်လာကာ ဆင်းသက်လိုက်ပြီးနောက် သူက ပိုင်ကျယ်၏ အပေါ်တွင် ထိုင်ကာ ဤကျော်ကြားသော လမ်းအတွင်း လှည့်ပတ်သွားလာလိုက်သည်။ သူက ပိုင်ကျယ်နှင့်အတူ ရောက်လာလျှင်ပင် တစ်ခါတစ်ရံ၌ သူအား တစ်ချက်နှစ်ချက် ကြည့်သွားသည်မှအပ မည်သူမှ အာရုံအများကြီး မစိုက်ကြပေ။

လမ်းမထက်၌ အစွမ်းထက် နတ်ဆိုးသားရဲများစွာ ရှိပြီး ရန်ဟောင်အဆင့် ပုဂ္ဂိုလ်များကိုလည်း နေရာအနှံ့မြင်နိုင်ပေသည်။ ဤလမ်းမှာ မဟာနတ်ဘုရားများမြို့၏ အလယ်တွင် ရှိပေသည်။ အကြီးဆုံးကုန်သွယ်ရေးနေရာမှာ နတ်ဘုရားများမြို့အတွင်းမှ အသန်မာဆုံး တန်ခိုးရှင်အချို့ စုစည်းကြသော နေရာ ဖြစ်သည်။

ရီဖူရှင်းက လမ်းမထက်များ သာမန် ဆိုင်အချို့၌ ​ရောင်းချနေသော ရတနာများမှာ ရှန့်ထိုအဆင့် ရတနာများ ဖြစ်ကြောင်း တွေ့ရှိလိုက်ရပေသည်။ ရန်ဟောင်အဆင့်ရတနာများကို တစ်ခါတစ်လေ ရှာတွေ့သော်လည်း ၎င်းက ရှားပါးပေသည်။

အဆုံးမှာတော့ ဤဆိုင်လေးများက သေးငယ်လှပြီး စစ်မှန်သော ရတနာများက ကြီးမားသော ကုန်သွယ်ရေးအိမ်တော်များ၌ ရှိပေသည်။

နတ်ဆိုးသားရဲ ပိုင်ကျယ်၏ အပေါ်မှ ရှေ့သို့ ဆက်သွားနေရင်း ရီဖူရှင်းက ခမ်းနားထည်ဝါသော တည်းခိုဆောင်တစ်ခုကို မြင်လိုက်ရသည်။ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါက ၎င်းပေါ်၌ ကြွယ်ဝစွာ လွှမ်းခြုံနေသည်။ ၎င်းက နဝမတည်းခိုဆောင် ဖြစ်ပေသည်။ ထိုတည်းခိုဆောင်က ကိုးလမ်းတွင် အခမ်းနားဆုံး တည်းခိုဆောင်ဖြစ်ကာ ရန်ဟောင်အဆင့်များကိုသာ လက်ခံပြီး အဖိုးအခအဖြစ် ရတနာများဖြင့်သာ ပေးချေရသည်။

နဝမတည်းခိုဆောင်က မျက်စိကျိန်းလောက်အောင် တောက်ပသော်လည်း အဓိကနယ်မြေရှိ တည်းခိုဆောင်များကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိပေ။ ကိုးလမ်း၌ နေရာအကန့်အသတ်ကြောင့် တည်းခိုဆောင်တစ်ခု လည်ပတ်ရန် အခက်အခဲ ရှိပေသည်။

သို့သော် နဝမတည်းခိုဆောင်၏ အကျော်ကြားဆုံးအချက်မှာ တစ်စုံတစ်​ယောက်က ကိုးလမ်း၌ မည်သည့် ပြဿနာပဲ ဖြစ်ခဲ့ပါစေ မည်သို့သော ပဋိပက္ခ၌ ပါဝင်ခဲ့သူဖြစ်စေ နဝမတည်းခိုဆောင်သို့ ဝင်ရောက်လာသည်နှင့် သူတို့၏ လုံခြုံရေးကို တည်းခိုဆောင်မှ အာမခံချက် ရှိပေသည်။ နဝမတည်းခိုဆောင်၌ တိုက်ခိုက်ခြင်းကို အကြွင်းမဲ့တားမြစ်ထားသော်လည်း တည်းခိုဆောင်၏ အပြင်ဘက်၌ မည်သည့်အရာမဆို ဖြစ်သွားနိုင်ပေသည်။

ထိုနေရာအား ခိုလှုံရာနေရာတစ်ခုအဖြစ် အသုံးပြုနိုင်သည်ဟုလည်း ပြောနိုင်ပေသည်။

နှစ်ပေါင်းများစွာအတွင်း နဝမတည်းခိုဆောင်၌ မည်သည့် မတော်တဆမှ မဖြစ်ခဲ့ပေ။ ဤအချက်သည် တည်းခိုဆောင် ပိုင်ရှင်၏ နောက်ခံက သာမန်ထက် သာလွန်နေကြောင်း သိသာစေသည်။ အချို့လူများသည် နဝမတည်းခိုဆောင်၏ နောက်တွင် သွမ့်မိသားစုရှိသည်ဟု ပြောခဲ့သော်လည်း ၎င်းကို မည်သည့်အခါကမှ အတည်ပြုခြင်း မရှိခဲ့ပေ။ သို့တိုင် ထိုသို့သော ကောလာဟများက နှစ်များစွာ ကြာသည်ထိ ဆက်လက်ရှိနေခဲ့သည်။

၎င်းကို တည်းခိုဆောင်တစ်ခုအဖြစ် မြင်နိုင်သလို အစွမ်းထက်အင်အားစုတစ်ခုဟုလည်း ပြောနိုင်ပေသည်။

မဟာနတ်ဘုရားများမြို့ကဲ့သို့ ကြီးမားသော ကုန်သွယ်ရေးနေရာတွင် ပဋိပက္ခများ၊ ထိပ်တိုက်တွေ့ဆုံခြင်းများအပြင် သတ်ဖြတ်ခြင်းများသည်ပင် သာမန်အတိုင်း ဖြစ်ပျက်နေမည်မှာ သေချာပေသည်။ ဤသို့သော နေရာတွင် တည်ရှိသော ယခုလို တည်းခိုဆောင်မျိုးမှာ လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ဆုံးဖြတ်နိုင်ပေသည်။

ပိုင်ကျယ်နတ်ဆိုးသားရဲက သူ့ကျောပေါ်တွင် ရီဖူရှင်းအား တင်ထားကာ တည်းခိုဆောင်သို့ ဦးတည်လိုက်သည်။ ဝင်ပေါက်၌ အစောင့်များ ရှိနေပြီး စည်းမျဥ်းများအား သိရှိသည့်အတွက် ရီဖူရှင်းက သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သဖြင့် ချက်ချင်း ဖြတ်သန်းခွင့် ရသွားပေသည်။

ရီဖူရှင်းက ပိုင်ကျယ်နတ်ဆိုးသားရဲ၏ ကျောပေါ်မှ ဆင်းကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူတို့ တည်းခိုဆောင်၏ ဧည့်ခန်းမသို့ ရောက်သည့်အခါ ဧည့်ခံများ လက်ခံရန် အမျိုးသမီးတစ်ယောက် ရှိနေခဲ့သည်။

"စီနီယာ။" အမျိုးသမီးက ရီဖူရှင်းအား ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ ရီဖူရှင်းက ကြွေထည်ပုလင်း​လေးကို ထုတ်ယူကာ အမျိုးသမီးထံ ပေးလိုက်သည်။ "ကျုပ် ဘယ်လောက်ကြာကြာ နေလို့ရမလဲ။"

အမျိုးသမီးက ပုလင်းအား ဂရုတစိုက်ယူလိုက်ပြီးနောက် ပြန်ဖြေသည်။ "စီနီယာ ခဏလောက် စောင့်ပေးပါ။ ကျွန်မ သွားပြီး စစ်ဆေးလိုက်ပါ့မယ်။"

အမျိုးသမီးက ပြောလိုက်ပြီးနောက် ပစ္စည်းအား စစ်ဆေးရန် ထွက်ခွာသွားပေသည်။

ထိုအမျိုးသမီး ပြန်ရောက်လာရန် အချိန် သိပ်မကြာခဲ့ပေ။ သူမက ရီဖူရှင်းအား အရိုအသေပြုကာ ပြောလိုက်၏။ "စီနီယာ ဆန္ဒရှိသလောက် နေနိုင်ပါတယ်။ ကျေးဇူးပြုပြီး ဒီလမ်းကို ကြွပါ။" ရီဖူရှင်းက အံ့သြသွားပြီး ထပ်မံအတည်ပြုလိုက်သည်။ "ကျုပ် ဆန္ဒရှိသလောက်လား။"

"ဟုတ်ပါတယ်။" အမျိုးသမီးက ခေါင်းညိတ်လိုက်သည်။

ယင်းမှာ ရီဖူရှင်းအား သိချင်စိတ် ဖြစ်လာစေသည်။ သိသာစွာပင် ပစ္စည်းအား စစ်ဆေးသူက ကျွမ်းကျင်ပြီး ရီဖူရှင်းက သူတို့အား ပေးခဲ့သည့် ဆေးဝါးက မည်မျှ အဖိုးတန်ကြောင်း သိရှိပေသည်။ နဝမတည်းခိုဆောင်က သာမန်နေရာတစ်ခု မဟုတ်သောကြောင့် သူ ပေးသော ဆေးဝါးမှာ သဘောထားကြီးစွာနှင့် စိတ်ကြိုက်နေဖို့ရာ ကမ်းလှမ်းစေရန် မလုံလောက်ကြောင်း သိရှိပေသည်။ ကျင့်ကြံသူတစ်ဦးအတွက် ဆယ်စုနှစ်များစွာ နေထိုင်လျှင်ပင် ၎င်းက ထူးဆန်းသည် မဟုတ်ပေ။

သူတို့ ထိုသို့လုပ်ရသည့် အကြောင်းအရင်း အစစ်အမှန်မှာ သူတို့က ပစ္စည်းအား တန်ဖိုးထားခြင်းကြောင့် ဖြစ်ပေသည်။ သိသာစွာပင် သူတို့က ၎င်းကို နှစ်သက်ပေသည်။

"ကျေးဇူးအများကြီးတင်ပါတယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ အမျိုးသမီးက သူ့ကို ခြံဝန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွား၏။ ၎င်းမှာ နဝမတည်းခိုဆောင်အတွင်း အမြင့်ဆုံးတစ်ခုဖြစ်ပြီးကိုးလမ်းမှ မြင်ကွင်းများကို မြင်တွေ့နိုင်ပေသည်။

ဤနေရာ၌ သူက အာခီမီဆရာသခင်တစ်ယောက် ဖြစ်လေသည်။

***

All Chapters