အပိုင်း ၁၀၂၅-၁၀၂၈
Vol. 52 Ch. 1025-1028
အပိုင်း ( ၁၀၂၅ )
တကယ်လို့ ဒီဟာက ကျွန်မဟုတ်ရင် ဘယ်ဟာက ကျွန်လဲ။
ရွှေရောင်မျက်မှန်နှင့် လူသည် ချက်ချင်းပင် ယဲ့ဖန်ကို စိုက်ကြည့်သည်။
" မင်းက အပ်ကို ပစ်လိုက်တာလား "
ယဲ့ဖန်သည် မငြင်းချေ။
ချက်ချင်းပင် ခေါင်းညိတ်ပြကာ ဝန်ခံလိုက်သည်။
" ဟုတ်တယ် "
ထိုစကားကို ကြားသောအခါ ထိုလူသည် ချက်ချင်းပင် ဒေါသတကြီးဖြစ်သွားသည်။
" ခွေးသူတောင်းစားလေး၊ မင်းက ဘယ်လိုလုပ်ပြီး လူကြီးမင်းဝီလ်ဆင်ကို နာကျင်ထိခိုက်အောင် လုပ်ရဲရတာလဲ။ မင်းသေချင်နေတာလား "
ယဲ့ဖန်သည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ငါက သူ တခြားလူတွေကို ထိခိုက်နာကျင်အောင် လုပ်တာကနေ တားလိုက်ရုံပဲ။ ဒါပေမဲ့ အပ်တစ်ချောင်းက သူ့ကို အဲ့လောက်တောင် ထိခိုက်နာကျင်စေလို့လား။ ဒါဆိုလည်း သူကရော ဘာလို့ လူတွေအများကြီးကို ထိခိုက်အောင်လုပ်နေတာလဲ "
ထိုလူသည် ပန်းခြံထဲတွင် နာကျင်စွာ အော်ဟစ်နေကြသော လူများကို ငေးကြည့်ကာ နှာမှုတ်လိုက်သည်။
" အဲ့တော့ ဘာဖြစ်လဲ "
" တကယ်လို့ မင်း ဒဏ်ရာရသွားရင် မင်းရဲ့ ဆေးရုံစားရိတ်အတွက် ငါတို့က ပေးမှာပဲ။ တကယ်လို့ မင်းသေသွားရင်လည်း မင်းနာရေးအတွက် ငါတို့က ပေးမှာ။ ဒါပေမဲ့ မင်းက လူကြီးမင်းဝီလ်ဆင်ကို ထိခိုက်အောင်လုပ်ပြီး မတော်တဆ ဖြစ်စေခဲ့တယ်။ ခွေးသူတောင်းစား၊ မင်းတော့ သေပြီပဲ "
သူသည် ယဲ့ဖန်ကို ဒေါသတကြီး လက်ညှိုးထိုး၍ ပြောနေကာ သူ့လက်ညှိုးသည် ယဲ့ဖန်၏ မျက်နှာကို ထိမိလုနီးပါး ဖြစ်နေသည်။
ထိုအချိန်၌ လက်တစ်ဖက်သည် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုလူ၏ လက်ညှိုးကို ဆွဲလိုက်သည်။
အက်ကွဲသံနှင့်အတူ လက်ချောင်းသည် ချက်ချင်းပင် ကွေးသွားသည်။
" အား ... "
ထိုလူသည် အသံကုန်အော်ကာ မော့ကြည့်လိုက်သည်။
သူ့ရှေ့တွင် အလွန်အမင်း ချောမောလှပသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
တိုက်ခိုက်လိုက်သောလူသည် ချန်းဖေးအယ်ပင်ဖြစ်သည်။
သူမသည် ထိုလူကို အေးစက်စွာစိုက်ကြည့်နေသည်။
" နင့်လိုမျိုး ကျောရိုးမရှိတဲ့ တရုတ်လူမျိုးတစ်ယောက်ကို ငါ မတွေ့ခဲ့ဖူးဘူး။ နိုင်ငံခြားသားတွေဘက်ကနေ ကိုယ့်လူမျိုးတွေကို အနိုင်ကျင့်ဖို့ ကူညီပေးနေတာလား။ ဒါကြီးက ဘယ်လိုတောင် အဓိပ္ပါယ်မဲ့လိုက်လဲ "
ပြီးသည်နှင့် သူမသည် ထိုလူ၏ လက်ချောင်းကို လွှတ်ကာ သူ့ကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။
ယဲ့ဖန်သည် သူမကို လက်မထောင်ပြလိုက်သည်။
" အရမ်းမိုက်တယ် "
ချန်းဖေးအယ်၏ လှပသော မျက်နှာတွင် ကျေနပ်နေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" သနားညှာတတ်တာက ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ အဲ့တာက လူကောင်းတွေနဲ့ပဲ ထိုက်တန်တယ်။ ဒီလို မကောင်းတဲ့ကောင်တွေအတွက်ဆို သူတို့ထက် ပိုပြီး ဆိုးမိုက်ပြရမယ် "
" မဆိုးပါဘူး။ မင်းက လျင်လျင်မြန်မြန် သင်ယူနိုင်တာပဲ။ မင်းမှာ ဆရာကောင်းတစ်ယောက် ရှိနေတာကို ကျေးဇူးတင်လိုက် "
ပထမစာကြောင်းကို ကြားသောအခါ ချန်းဖေးအယ်သည် အနည်းငယ် ဂုဏ်ယူမိသွားသော်လည်း ဒုတိယစာကြောင်းကို ကြားသွားသောအခါ သူမသည် ချက်ချင်း မျက်လုံးများကို ဝေ့လိုက်သည်။
သူတို့နှစ်ယောက်၏ အနားတွင် ဘယ်သူမှ မရှိသလို စနောက်နေသော်လည်း ပတ်လည်ရှိ လူတိုင်းသည် သူတို့ကို အတော်ပင် ကြောက်လန့်နေကြသည်။
ထိုလူတစ်စုသည် အတော်ပင် မောက်မာလှသည်။
တစ်ချက်ကြည့်ရုံဖြင့် လူကောင်းများ မဟုတ်ကြောင်းကို ပြောနိုင်ကြသည်။
ဤသည်ကိုပင် သူတို့နှစ်ယောက်သည် ထိုလူစုကို တကယ်ပင် တိုက်ခိုက်ရဲသေးသည်။
ဒါက တော်တော်လေးကို ကြီးတဲ့ ပြဿနာရှာပုံပဲ။
နိုင်ငံခြားသားသည် အခြေအနေကို သတိထားမိကာ ချက်ချင်း လမ်းလျှောက်လာသည်။
" ချန်း၊ မင်း အဆင်ပြေရဲ့လား "
သူသည် ရွှေရောင်မျက်မှန် တပ်ထားသည့် လူကို ကူညီကာ ထူပေးလိုက်သည်။
ထို့နောက် တစ်ဖက်သို့ လှည့်ကာ ယဲ့ဖန်တို့ကို စိုက်ကြည့်နေသည်။
" ဝီလ်ဆင်လူကြီးမင်း ဒီငွေအပ်ကို အဲ့ကောင်လေးက ပစ်လိုက်တာပါ ... "
ထိုလူသည် နိုင်ငံခြားသားအား ဘာတွေဖြစ်နေသည်ဆိုတာကို ချက်ချင်း ပြောပြလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ဝီလ်ဆင်သည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်လေသည်။
" ရူးနေတဲ့ တရုတ်ဝက်တွေ။ မင်းတို့က ငါ့ကိုလှည့်စားပြီး ဆန့်ကျင်ရဲတာလား "
နိုင်ငံခြားသားသည် ၁.၉မီတာ နီးပါး အရပ်ရှည်သည်။
ထိုအချိန်တွင် သူသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်နှင့် တူကာ အလွန်ကြောက်ရွံ့စရာ ကောင်းနေသည်။
ဤနေရာတွင် တခြားလူသာဖြစ်ပါက သေချာပေါက် အတော် ကြောက်လန့်နေမည် ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ မျက်လုံးထဲတွင်တော့ ထိုအရာသည် ခွေးတစ်ကောင် ဟောင်နေသကဲ့သို့ ဖြစ်နေသည်။
" မင်း မျက်လုံးကန်းနေတာလား "
" မင်းကြောင့် လူအများကြီး လဲကျသွားတယ်လေ။ အဲ့တာကို မမြင်ဘူးလား။ တကယ်လို့ ငါသာ မင်းကို မတားရင် မင်း လူဘယ်နှစ်ယောက်ကိုတောင် ဝင်တိုက်နေဦးမှာလဲ "
ထိုစကားကို ကြားသောအခါ ဝီလ်ဆင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ငါ အဲ့တာကို ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာလေ "
" ဒီနေ့ ငါ့စိတ်အခြေအနေ မကောင်းဘူး။ အဲ့တာကြောင့် နိမ့်ကျတဲ့ မင်းတို့ တရုတ်ဝက်တွေအပေါ်ကို ဖွင့်ထုတ်လိုက်တာပဲ။ ပြဿနာရှိလို့လား "
သူ့အကြောင်းပြချက်ကို ချန်းဖေးအယ်ကြားသောအခါ သူမသည် ဒေါသတကြီး ရယ်မောလိုက်သည်။
" ရှင့်စိတ်အခြေအနေ မကောင်းတာနဲ့ တခြားလူတွေရဲ့ အသက်ကို သုံးပြီး ဒေါသကိုဖြေဖျောက်ရရောလား။ ရှင့်မှာ ကိုယ်ချင်းစာစိတ် ရှိသေးရဲ့လား "
ဝီလ်ဆင်သည် နှာမှုတ်လိုက်သည်။
" မင်းတို့တရုတ်တွေက ငါတို့ရဲ့ ကျွန်တွေလေ။ မင်းတို့ရဲ့ သခင်က သူ့ကျွန်တွေအပေါ်မှာ ဒေါသကို ဖွင့်ထုတ်နေချိန် သူတို့နဲ့ဆွေးနွေးဖို့ လိုလို့လား။ ဟားဟားဟား ..... "
ထိုနေရာတွင် ရှိနေသာ တရုတ်လူမျိုးအားလုံးသည် သူ့စကားကြောင့် ဒေါသထွက်သွားသော်လည်း ကြောက်နေသောကြောင့် ဘာမျှမပြောရဲကြချေ။
ယဲ့ဖန်သည် သူ့ကို စိုက်ကြည့်လျက် အေးစက်စွာ ပြုံးလိုက်သည်။
" မင်းက အရင်ခေတ် နှစ်တစ်ရာမှာ အသက်ရှင်နေသေးတာလား။ နိုင်ငံခြားသားတွေက သာလွန်တဲ့အကြောင်း စိတ်ကူးယဥ်နေသေးတာလား "
ဝီလ်ဆင်သည် သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။
" အရင်ခေတ်နဲ့ အခုခေတ်က ဘာကွာခြားသွားလို့လဲ။ ငါ လက်ကို ဝှေ့ယမ်းလိုက်ကာနဲ့ သူတို့က ဒူးထောက်ပြီး ငါ့ဖိနပ်ကို မ'ပေးနေမယ်ဆိုတာ မင်းယုံလား "
ယဲ့ဖန် နှာမှုတ်လိုက်သည်။
" ငါ့အပေါ်ကို ကြိုးစားကြည့်လိုက်လေ "
ဝီလ်ဆင်သည် ဘာစကားမှမပြောပဲ သူ့ကားဆီသို့ ပြန်သွားသည်။
သူသည် အနက်ရောင် အိတ်တစ်လုံးနှင့်အတူ ပြန်လာကာ ဇစ်ကို ဖွင့်လိုက်သည်။
ထို့နောက် လက်တစ်ဆုပ်စာ ငွေများကို ထုတ်လိုက်သည်။
" ငါ့ကို သခင်လို့ခေါ်တဲ့ ဘယ်သူပဲဖြစ်ဖြစ် ဒီပိုက်ဆံက သူ့အပိုင်ပဲ "
သူ ပြောလို့ ပြီးသည်နှင့် လူအနည်းငယ်သည် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်လာကာ အော်ဟစ်ကြတော့သည်။
" မင်္ဂလာပါ၊ သခင်ကြီး "
" သခင်ကြီးက တန်ခိုးကြီးပါတယ် "
" သခင်ကြီးက အာဏာရှိပါတယ် ... "
သူတို့သည် အစာငတ်နေသော ခွေးတစ်အုပ်နှင့် တူနေသည်။
" ရှင်တို့တွေ ... "
ထိုမြင်ကွင်းကို မြင်သောအခါ ချန်းဖေးအယ်သည် ချက်ချင်း ဒေါသထွက်သွားသည်။
ထိုလူတစ်စုသည် အတော်ပင် ပျော့ညံ့ကြသည်။
ဒီလောက် ငွေပမာဏ နည်းနည်းလေးအတွက်နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကိုတောင် တကယ်ကြီး ဂရုမစိုက်တော့တာလား။
ယဲ့ဖန်သည် လက်မြှောက်၍ သူမကို တားလိုက်ကာ ထိုလူများကို အေးစက်စွာကြည့်နေသည်။
ထိုနိုင်ငံခြားသားမှ သူတို့ကို အထင်သေးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။
အကြောင်းမှာ သူတို့ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အထင်သေးနေသောကြောင့် ဖြစ်သည်။
ဝီလ်ဆင်သည် ထိုလူစုဆီသို့ ငွေကို ပစ်ပေးလိုက်သည်။
သူတို့သည် အစာအတွက် တိုက်ခိုက်နေသော ခွေးရူးများကဲ့သို့ ဒူးထောက်ကာ အလုအယက် ကောက်နေကြသည်။
" ငါ့ကို ဒူးထောက်ပြီး အရိုအသေပေးတဲ့ ဘယ်သူပဲဖြစ်ဖြစ် ဒီငွေတွေကို အပိုင်ပဲ "
ဝီလ်ဆင်သည် လက်တစ်ဆုပ်စာ ငွေများထုတ်လိုက်ကာ လူထုဆီသို့ အော်ပြောလိုက်သည်။
ချက်ချင်းပင် လူအနည်းငယ်သည် ပြေးထွက်လာကာ တကယ်ပင် ဒူးထောက်ကာ အရိုအသေ ပေးနေကြသည်။
" ဟားဟားဟား ...... ငါ့ကို ပြောစမ်းပါဦး။ ဒီဟာက ကျွန်မဟုတ်ရင် ဘာက ကျွန်လဲ "
ဝီလ်ဆင်သည် သူ့မျက်နှာပေါ်တွင် ကျေနပ်နေသော အမူအရာပေါ်လာကာ သူတို့နှစ်ယောက်ကို ကြည့်နေသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့၏ အမူအရာများသည် အနည်းငယ် အရုပ်ဆိုးနေကြသည်။
ဤအရာသည် သူတို့နှင့် တစ်ပြည်ထဲသားများက သူတို့၏ မျက်နှာကို ဖြတ်ရိုက်ကာ သိက္ခာကို ဖျက်ဆီးလိုက်ကြခြင်း ဖြစ်သည်။
ဝီလ်ဆင်သည် သူ့လက်ထဲမှ ငွေများကို ထပ်မံ ပစ်ပေးလိုက်သည်။
သူသည် မတ်တပ်ရပ်ကာ ယဲ့ဖန်ဆီသို့ လမ်းလျှောက်လာသည်။
" မင်းလည်း ငါ့ကို ဒူးထောက်ပြီး သခင်လို့ခေါ်တာနဲ့ ဒီအိတ်ထဲက ငွေအားလုံးက မင်းဟာပဲ "
ထိုအိတ်သည် ရွှေချောင်းများဖြင့် ပြည့်နေကာ အနည်းဆုံး အခုတစ်သောင်းလောက် အထဲတွင် ရှိနေသည်။
ထိုအရာသည် လူများစွာ၏ ဂုဏ်သိက္ခာကို ချနင်းရန် လုံလောက်သည်။
သို့သော် ယဲ့ဖန်က လှောင်ပြောင် သရော်လိုက်သည်။
" တရုတ်လူမျိုးတိုင်းက လူကြောက်တွေ မဟုတ်ဘူး။ မင်းရဲ့ အခေါင်းအတွက်သာ မင်းငွေတွေကို သိမ်းထားသင့်တယ် "
ဝီလ်ဆင်သည် သူ့ကို ငဲ့ကြည့်လိုက်သည်။
" တကယ်လို့ ငါက မင်းကို ဒူးထောက်စေချင်တယ် ဆိုရင်ရော "
ယဲ့ဖန်သည် နောက်မဆုတ်စတမ်း သူ့ကို ပြန်စိုက်ကြည့်လိုက်သည်။
" ငါ့အပေါ်ကို ကြိုးစားကြည့်လိုက် "
ဝီလ်ဆင်သည် နှာမှုတ်ကာ အိတ်ကို သူ့နောက်မှ မျက်မှန်တပ်ထားသော လူဆီသို့ ပစ်ပေးလိုက်သည်။
" မင်းက မျက်နှာသာပေးတာကို ဘယ်လိုကျေးဇူးတင်ရမလဲ မသိမှတော့ မင်းမှာ ငါ့ခွေးဖြစ်ခွင့် မရှိတော့ဘူး "
" အဲ့ကားကို မြင်လား။ အကန့်အသတ်နဲ့ ထုတ်ထားတာ။ ယွမ်ငွေ ၁၀သန်းကျော်တဲ့ Lamborghini ကားပဲ။ မင်းငါ့ကို အလစ်တိုက်ခိုက်တဲ့အတွက် အဲ့ကားက ပျက်ဆီးသွားပြီ။ လျော်ကြေးအကြောင်း အခုပဲ ပြောလိုက်ကြရအောင် "
သူ့ဘေးနားမှ ရွှေမျက်မှန်နှင့် လူသည် ထွက်လာကာ တွက်ချက်ပြသည်။
" ကားအတွက်ကိုပဲ မင်းပေးဖို့ လိုတာမဟုတ်ဘူး။ ဝီလ်ဆင်လူကြီးမင်းကလည်း ဒဏ်ရာရသွားတယ်။ သူ ခဏလောက် အလုပ်မလုပ်နိုင်တော့မှာကို စိုးရိမ်ရတယ်။ ပြီးတော့ သူ အရမ်းအထိတ်တလန့်ဖြစ်သွားတယ်။ အလုပ်ပျက်ရတဲ့အတွက် လျော်ကြေးရယ်၊ စိတ်ပိုင်းဆိုင်ထိခိုက်မှုအတွက်ရယ်၊ ကားအတွက် လျော်ကြေးရယ် ပေါင်းလိုက်မယ်ဆိုရင် အနည်းဆုံး သန်း၁၀၀လောက်တော့ ရှိလိမ့်မယ် "
သူ ထွက်လာသည်လဲဆိုတာကို ကြည့်ခြင်းအားဖြင့် သူသည် သူ့သခင်ထက်ပင် ပို၍ ဒေါသထွက်နေပုံပေါ်သည်။
ဘုရင်ကို မကြောက်ရပေမဲ့ သူ့မိန်းမစိုးကိုတော့ ကြောက်နေရသည်ဟု ပြောရမည်ဆိုလျှင်ပင် မမှားချေ။
အပိုင်း ( ၁၀၂၆ )
မင်းက အရိုက်ခံသင့်တယ်လို့ တစ်ယောက်ယောက်က မပြောဖူးဘူးလား။
စိတ်ဓာတ်ပျော့ညံ့သောလူသည် စိတ်ဓာတ်ကြံ့ခိုင်သောလူကို မြင်ရမည်အား အကြောက်ဆုံးဖြစ်သည်။
ထိုသို့ တွေ့လိုက်ရပါက သူ၏ အားနည်းချက်များမှာ ပေါ်လာပြီး သူ့အား သိမ်ငယ်စေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူသည် တစ်ဖက်လူ၏ စိတ်ဓာတ်အား ဖျက်ဆီးကာ သူ့ထက် နိမ့်ကျအောင် လုပ်မည်ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာအရလည်း တစ်ဖက်လူကို ထိခိုက်အောင် လုပ်ကာ သူ၏ဂု ဏ်သိက္ခာသေးသေးလေးကို ကာကွယ်မည် ဖြစ်သည်။
လက်ရှိအချိန်တွင် ထိုအရာသည် ရွှေရောင်မျက်မှန်နှင့် လူ၏ စိတ်ကို ရောင်ပြန်ဟပ်နေသည်။
ထို့ကြောင့် သူသည် သူက အားမနည်းကြောင်းကို သက်သေပြရန်အတွက် ယဲ့ဖန်ကို လက်လျှော့လာအောင် လုပ်ရမည် ဖြစ်သည်။
ယွမ် သန်း၁၀၀ ဟူသော လျော်ကြေးငွေသည် လူတော်တော်များများကို ကြောက်ရွံ့စေနိုင်ကာ ဆီးထွက်ကျသွားစေရန် လုံလောက်သည်။
သို့သော် ယဲ့ဖန်ကတော့ ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
" သူက ဒဏ်ရာရပြီး ကြောက်လန့်နေတယ်။ ပြီးတော့ လျော်ကြေး သန်း၁၀၀ လိုချင်နေတယ်လား။ ဒါဆိုလည်း သူ တိုက်ခဲ့တဲ့ လူတွေအတွက် သူကရော ဘယ်လောက် ပေးသင့်လဲ "
ရွှေမျက်မှန်နဲ့လူသည် ထိုလူများကို အထင်သေးစွယဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။
" သူတို့က ဝီလ်ဆင်လူကြီးမင်းနဲ့ ခိုင်းနှိုင်းဖို့ ထိုက်တန်လို့လား "
" မင်းတို့ တရုတ်လူမျိုးတွေမှာ အသက်၁၀၀လောက် ရှိနေရင်တောင် ဝီလ်ဆင်လူကြီးမင်းနဲ့ ယှဥ်လို့ မရဘူး။ အဲ့တာကို မင်း နားလည်လား "
" မင်းကရော တရုတ်လူမျိုး မဟုတ်ဘူးလား။ ဒီလိုစကားတွေကို ဘယ်လိုလုပ် ပြောထွက်နိုင်ရတာလဲ။ မင်းက တရုတ်လူမျိုးရော ဟုတ်သေးရဲ့လား "
ထိုရွှေရောင်မျက်မှန်နှင့် လူသည် သူ၏ လက်များကို ခါယမ်းလိုက်သည်။
" နိုးနိုးနိုး၊ ငါက အခု မေပယ်သစ်ရွက်နိုင်ငံ ( ကနေဒါနိုင်ငံ )ရဲ့ နိုင်ငံသားတစ်ယောက် ဖြစ်နေပြီ။ မင်းတို့လို အဆင့်နိမ့်သတ္တဝါတွေနဲ့ ငါ့ကို လာမနှိုင်းနဲ့ "
ချန်းဖေးအယ်သည် ဒေါသတကြီး ရယ်လိုက်သည်။
" ဒါဆို မင်းက ပြည်ပအားကိုးလူပေါ့။ မဆန်းပါဘူး "
" ရှင်က ကနေဒါနိုင်ငံသား ဖြစ်သွားရင်တောင်မှ လူဖြူတစ်ယောက် အဖြစ်ပြောင်းသွားပြီလို့ ထင်နေတာလား။ သူတို့မျက်လုံးထဲမှာ ရှင်က ခွေးသာသာပဲ "
ရွှေမျက်မှန်နှင့် လူသည် ရှက်သလို မခံစားသွားရပေ။
ထိုအစား သူသည် ဂုဏ်တက်သလိုပင် ခံစားသွားရသည်။
" နိုင်ငံခြားသားတစ်ယောက်ရဲ့ ခွေးတစ်ကောင် ဖြစ်ရရင်တောင်မှ မင်းတို့လို အဆင့်နိမ့် တရုတ်လူမျိုးတစ်ယောက် ဖြစ်ရတာထက် ပိုကောင်းတယ် "
သူသည် ခွေးတစ်ကောင်လို ဖြစ်နေသည်ဆိုတာကို သတိပြုမိပြီးသား ဖြစ်သောကြောင့် ဘယ်လိုပင် နှိမ်ချပြောစေ မထူးပေ။
" ဘယ်လိုလဲ "
ရွှေမျက်မှန်နှင့် လူသည် မိုက်မဲစွာ ပြောလိုက်သည်။
" မင်းတို့ ပြောစရာ မရှိတော့ဘူးမလား။ မင်းတို့က ငါ့ကို အားကျနေတာ ငါသိတယ်။ လူတိုင်းက ဝီလ်ဆင်လူကြီးမင်းရဲ့ခွေးဖြစ်ဖို့ အဆင့်မှီတာ မဟုတ်ဘူး "
ယဲ့ဖန်သည် လှောင်ပြောင်နေသော အပြုံးဖြင့် ပြောလိုက်သည်။
" မင်းက အရိုက်ခံရသင့်တယ်လို့ တစ်ယောက်ယောက်က မပြောခဲ့ဖူးဘူးလား "
ထိုလူသည် ယဲ့ဖန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။
" မင်းက ငါ့ကို ရိုက်ချင်နေတာလား။ မင်းမှာသတ္တိတွေ ရှိနေတယ်ဆိုရင် ကြိုးစားကြည့်လိုက်လေ။ လာစမ်းပါ၊ ငါ့ကို ရိုက်လေ အရူးကောင်ရဲ့။ ရိုက်စမ်းပါ ..... "
သူသည် စကားပြောနေရင်း မောက်မာစွာဖြင့် သူ၏ မျက်ကို ပို၍ နီးကပ်အောင် ရှေ့သို့တိုးလာသည်။
တစ်ဖက်လူသည် လှုပ်ရှားရဲမည် မဟုတ်ဘူးဟု သူ ထင်နေသည်။
သို့သော် ယဲ့ဖန်သည် သူ ထင်နေသည့်အတိုင်း ဖြစ်ခွင့်မပြုချေ။
သူ့အား ပါးရိုက်ချလိုက်သည်။
ဖြောင်း
ယဲ့ဖန် ရိုက်လိုက်သော အားသည် အတော်ကိုပြင်းလှသည်။
ထိုလူသည် နှစ်ကြိမ်လောက် လည်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့မျက်မှန်သည်လည်း အဝေးသို့ လွင့်ထွက်သွားသည်။
ပန်းခြံထဲတွင် ရှိနေသော လူတိုင်းသည် မှင်သက်သွားကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ယဲ့ဖန်သည် တကယ်ပင် တိုက်ခိုက်လိုက်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားကြချေ။
သူတို့သည် ရွှေရောင်မျက်မှန်နှင့် လူ၏ အပြုအမူများကြောင့် အလွန်ဒေါသထွက်နေကြသော်လည်း ထိုလူ မောက်မာရဲရသည့် အချက်သည် သူ့တွင် အတော်ပင်အားကောင်းသော နောက်ခံရှိနေသောကြောင့်ဖြစ်သည်။
ထို့အပြင် သူသည် သူ့အနောက်တွင် သက်တော်စောင့်များစွာ ခေါ်ဆောင်လာခဲ့သည်။
ထိုပုံစံမှာ အတော် ကြောက်စရာကောင်းလှသည်။
ဤကဲ့သို့ အခြေအနေများအောက်မှာပင် ထိုလူငယ်လေးမှာတော့ အမှန်တကယ်ပင်လှုပ်ရှားရဲသေးသည်။
သူတို့သည် စိတ်သက်သာရာရသွားသော်လည်း ထိုလူငယ်လေးအတွက် စိုးရိမ်နေကြသည်။
ရွှေမျက်မှန်နှင့် လူ၏ခေါင်းသည် သူ သတိပြန်မဝင်ခင် အချိန်အထိ တဝီဝီမြည်နေသည်။
သူသည် ချက်ချင်းပင် ယဲ့ဖန်အား အော်ငေါက်လိုက်သည်။
" ခွေးသူတောင်းစား၊ မင်းကများ ငါ့ကို တကယ်ကြီး တိုက်ခိုက်ရဲတယ်လား။ ငါ မင်းကို သတ်ပစ်မယ် "
သူ၏ ဒေါသကြောင့် အသံသည် ပို၍ စူးရှလာသည်။
သူသည် ချက်ချင်း ထရပ်ကာ ယဲ့ဖန်အား သေသည်အထိ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ဝီလ်ဆင်သည် သူ့ကို ဆွဲလိုက်သည်။
" ချန်း၊ အလျင်မလိုပါနဲ့ "
သူသည် ဝီလ်ဆင်အား စိတ်ထိခိုက်နေသောအကြည့်ဖြင့် ကြည့်သည်။
" ဝီလ်ဆင်လူကြီးမင်း၊ သူက ကျွန်တော့်ကို ရိုက်တယ်။ လူကြီးမင်း အရှေ့မှာ ကျွန်တော့်ကို ဘယ်လိုတောင် ရိုက်ရဲရတာလဲ "
" ခွေးတစ်ကောင်ကို ရိုက်ချင်ရင် ပိုင်ရှင်ရဲ့မျက်နှာကို ကြည့်ရမယ်တဲ့။ သူက ကျွန်တော့်ကို ရိုက်လိုက်တာ မဟုတ်ဘူး။ လူကြီးမင်းကို ရိုက်လိုက်တာ "
ဝီလ်ဆင်သည် သူ့ပုခုံးကို ပုတ်လိုက်သည်။
" ချန်း၊ စိတ်မပူပါနဲ့။ မင်း စိတ်ကျေနပ်စေရမဲ့ ဖြေရှင်းချက်တစ်ခုကို ငါပေးမယ် "
သူသည် ပြောပြီးသည်နှင့် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" အစက ငါ မင်းကို လျော်ကြေးပဲ ပေးစေချင်တာ။ အခု မင်းက ငါ့လူကို ရိုက်ရဲတာကြောင့် ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားဖို့ လုံးဝ မစဥ်းစားနဲ့ "
" ချန်းကို ရိုက်ဖို့ သုံးတဲ့ မင်းရဲ့ဘယ်လက်ကိုမဆို ငါဖြတ်ပစ်မယ် "
ယဲ့ဖန်သည် သူ့ညာလက်ကို ဖြေးညှင်းစွာ မြှောက်လိုက်သည်။
" ငါ အခုလေးတင် သူ့ကို ဒီလက်ကို သုံးပြီးရိုက်လိုက်တာ "
ထိုအချိန်မှာပင် ယဲ့ဖန်သည် ရုတ်တရက် ဘယ်ဖက်လက်ကို မြှောက်ကာ ဝီလ်ဆင်၏ မျက်နှာကို ရိုက်ချလိုက်သည်။
ဖြောင်း
ထိုရိုက်ချက်သည် ရွှေမျက်မှန်နှင့် လူကို ရိုက်သည်ထက် ပို၍ အားပါကာ ပြင်းထန်လှသည်။
ရိုက်ချက်ကြောင့် အရပ်၁.၉မီတာ နီးပါးရှည်သော ဝီလ်ဆင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
သူ၏ မျက်နှာတစ်ခြမ်းသည်လည်း ဖူးယောင်သွားတော့သည်။
" ဒီတစ်ဖက်ကတော့ အခုလေးတင်ပဲ မင်းကိုတိုက်ခိုက်လိုက်တာ။ မင်းက ဘယ်တစ်ဖက်ကို ဖြတ်ချင်မလဲဆိုတာ ငါ သိချင်မိသား "
ယဲ့ဖန်သည် သူ့ဘယ်လက်ကို ထပ်မြှောက်ပြကာ ဝီလ်ဆင်ကို ပြုံးပြလိုက်သည်။
ပန်းခြံတစ်ခုလုံးသည် သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်သွားကာ လူတိုင်းသည် တောင့်တင်းသွားကြသည်။
ရွှေရောက်မျက်မှန်နှင့် လူကို ရိုက်လိုက်ခြင်းကပင် သူတို့ကို မှင်သက်စေသည်ဆိုလျှင် ယခု နိုင်ငံခြားသားအား ရိုက်နှိက်လိုက်ခြင်းမှာ သူတို့ကို ပို၍ တုန်လှုပ်စေသည်။
မည်သို့ပင်ဖြစ်စေ လောင်းကစားမြို့အား အပြင်လူများမှ ထိန်းချုပ်လာသည်မှာ နှစ်တစ်ရာကျော်လာပြီ ဖြစ်သည်။
လူတိုင်းသည် သဘာဝကျစွာပင် နိုင်ငံခြားသားများထက် နိမ့်ကျသည်ဟု ခံစားနေကြရသည်။
လူငယ်များသည် နေတတ်ထိုင်တတ်လာကြသည်။
သို့သော်လည်း လူကြီးများမှာတော့ နိုင်ငံခြားသားများ၏ ရှေ့တွင် သူတို့၏ ကျောကိုပင် ဖြောင့်ဖြောင့် မဆန့်ရဲကြပေ။
သူတို့သည် နိုင်ငံခြားသားများကို ရိုက်နှက်ရန် မပြောနှင့် စကားကိုပင် ကျယ်လောင်စွာ မပြောရဲကြချေ။
ထိုအရာသည် သစ္စာမဲ့သော အပြုအမူဖြစ်သည်။
အထူးသဖြင့် သူတို့၏ အရှေ့တွင်ရှိသော နိုင်ငံခြားသား ဖြစ်သည်။
သူသည် နောက်ခံကောင်းကောင်း ရှိပုံရသည်။
သူတို့၏ မျက်လုံးများထဲတွင် ယဲ့ဖန်၏ အပြုအမူများသည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းနှင့် မကွာခြားပေ။
ယဲ့ဖန်သည် သူ့အား တိုက်ခိုက်မည်ဟု ဝီလ်ဆင် မထင်ထားခဲ့မိပေ။
သူသည် ပြန်မတုံ့ပြန်နိုင်ခင်အထိ သူ၏ မျက်နှာကို ကာထားလျက် အချိန်အတော်ကြာ မှင်သက်နေသည်။
" မင်းက ငါ့ကို ရိုက်ရဲတာလား။ နိမ့်ကျတဲ့တရုတ်ကောင် မင်းက ဘယ်လိုတောင် ငါ့ကို ရိုက်ရဲရတာလဲ "
သူ၏ ဘိုးဘေးသည် လောင်းကစားမြို့ကို အုပ်ချုပ်ခဲ့သော မင်းမျိုးမင်းနွယ်များထဲမှ လူတစ်ယောက် ဖြစ်သည်။
ထိုရာထူးခံသည် ပယ်ချခံလိုက်ရသော်လည်း သူသည် တရုတ်များအပေါ် နက်ရှိုင်းစွာ အထင်သေးနေဆဲဖြစ်ကာ သူသည်သာ ပို၍ မြင့်မြတ်သောလူဟု ခံစားနေမိသေးသည်။
ထို့အပြင် တရုတ်လူမျိုးများသည် သူ့ကို တွေ့သောအခါ အလွန်လေးစားတတ်သည့်အခါ သူ့အား ပို၍ သာလွန်မြင့်မြတ်သည်ဟု ခံစားသွားရစေသည်။
သို့သော် ဒီနေ့တွင် သူသည် သူ့မျက်လုံးထဲ၌ ခွေးကဲ့သို့ နိမ့်ကျသော တရုတ်အမျိုးသားတစ်ယောက်၏ ရိုက်နှက်ခြင်းကို တကယ်ပင်ခံလိုက်ရသည်။
ထိုအရာကြောင့် သူ့ရင်ထဲမှ ဒေါသမီးတောက်သည် ပို၍ တောက်လောင်လာသည်။
ယဲ့ဖန် လှောင်ပြောင်လိုက်သည်။
" ငါမင်းကို ပြောပြချင်တာက ဒီနေရာက တရုတ်ပြည်ရဲ့ပိုင်နက်။ တရုတ်ကသာ အရှင်သခင်ပဲ "
" ဒီနေရာမှာ မင်းက အရှင်သခင်တစ်ယောက်လို အဆက်ဆံခံရချင်နေသေးတာလား။ မင်းအနေအထားကိုရှင်းလင်းသွားအောင် ငါကူညီပေးမယ် "
" အား ...... "
ဝီလ်ဆင်သည် ဒေါသတကြီး အော်လိုက်ပြီး သူ့အနောက်မှ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။
" သူ့ကိုသတ်စမ်း။ ငါသူ့ကို သေစေချင်တယ်။ ငါ သူ့ကို သေစေချင်တယ် "
သက်တော်စောင့်အုပ်စုသည် သူ့အမိန့်ကို နာခံလျက် ယဲ့ဖန်ကို ဝိုင်းလိုက်ကြသည်။
ကျန်သော တရုတ်လူမျိုးများသည် လျင်မြန်စွာ အဝေးသို့ ပြေးပုန်းကြသည်။
သူတို့သည် ယဲ့ဖန်ကို သနားခြင်း၊ အကူအညီမဲ့ခြင်း၊ ပီတိဖြစ်ခြင်းများစွာဖြင့် ကြည့်နေကြသည်။
ဝီလ်ဆင်၏ သက်တော်စောင့်များသည် ကောင်းစွာ လေ့ကျင့်ထားသော ပညာရှင်များဖြစ်သည်။
သူတို့သည် အတူတတူ ကောင်းစွာ ပူးပေါင်းလုပ်ဆောင်နိုင်ကြသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို ချက်ချင်း ဝိုင်းရံလိုက်သည်။
ထိုလူများထဲမှ မုတ်ဆိတ်မွေးရှိသော တစ်ယောက်သည် ယဲ့ဖန်ကို ရန်လိုသော အကြည့်ဖြင့် ကြည့်သည်။
" ကောင်လေး၊ ငါ မင်းကို နာနာခံခံနဲ့ အရှုံးပေးလိုက်ဖို့ အကြံပေးတယ်။ မဟုတ်ရင် မင်း ခံစားသွားရလိမ့်မယ် "
ယဲ့ဖန်သည် ထိုလူကို ဖျက်ခနဲကြည့်လိုက်သည်။
" ဘာလို့ တရုတ်နိုင်ငံသားတစ်ယောက် မဖြစ်ဘဲ အဖြူရောင်ဝက်တစ်ကောင်ရဲ့ ခွေးတစ်ကောင်ဖြစ်နေရတာလဲ "
ထိုလူ၏ မျက်နှာသည် အကြိမ်အနည်းငယ် မသက်မသာ ဖြစ်သွားသည်။
ထိုသို့ ဖြစ်သွားခြင်းသည် မသိသာလှသော်လည်း ယဲ့ဖန်ကတော့ သတိထားမိလိုက်သည်။
" တကယ်လို့ မင်းကိုယ်မင်းသာ တရုတ်လို့ ထင်နေသေးတယ်ဆိုရင် အဲ့အရှက်မရှိတဲ့ အဖြူရောင်ဝက် အခုလေးတင် ပြောသွားတဲ့စကားကို ကြားတော့ နာကျင်သလို မခံစားရဘူးလား "
ယဲ့ဖန်သည် မီးတောက်ကို ဆက်၍ လေပင့်ပေးနေသည်။
" ငါတို့က လူတွေရဲ့ ငွေကို ယူပြီး သူတို့ရဲ့ ဒုက္ခတွေကို ရှင်းထုတ်ပေးတယ်။ အဲ့တာက ပညာရှင်တွေရဲ့ အခြေခံကျင့်ဝတ်ပဲ။ အလုပ်အပ်တဲ့လူက လူဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ် ငါတို့နဲ့ မဆိုင်ဘူး "
ထိုလူသည် ညှိုးငယ်နေသော အမူအရာဖြင့် ပြောလိုက်သည်။
သို့သော် သူ့စကားလုံးများထဲတွင် နာကြည်းမှု အရိပ်အယောင်များ ရှိနေသည်။
သူသည် ဝီလ်ဆင်နှင့် ရွှေမျက်မှန်တပ်ထားသော လူတို့မှ တရုတ်များအား လူသိရှင်ကြား စော်ကားလိုက်ခြင်းနှင့် ပတ်သက်၍ အလွန် မကျေမနပ်ဖြစ်နေကြောင်း သိသာလှသည်။
ယဲ့ဖန်သည် ဆော့ကစားလိုသော အပြုံးဖြင့် ပြုံးလိုက်သည်။
" မင်းတို့က ဘယ်လုံခြုံရေးကုမ္ပဏီကလဲ "
ထိုလူသည် ခဏလောက်တုံ့ဆိုင်းသွားသော်လည်း သူ့ကုမ္ပဏီနာမည်ကို ပြောပြလိုက်သည်။
" တင်းယွင် လုံခြုံရေး "
အပိုင်း ( ၁၀၂၇ )
ဒီလူနဲ့ ယှဥ်ရင် သူက ခွေးသာသာပဲ
ယဲ့ဖန်သည် ချက်ချင်းပင် ဖုန်းကို ထုတ်ကာ လျုံဖုန်းဟိုင်ကို ခေါ်လိုက်သည်။
" တင်းယွင် လုံခြုံရေးရဲ့ သူဌေးကို သိလား "
" ဟုတ်၊ ကျွန်တော် သိပါတယ် "
လျုံဖုန်းဟိုင် သည် တခဏ မှင်သက်နေသည်။
" သူတို့ရဲ့သူဌေးက ဝမ်းချွမ် လို့ခေါ်ပါတယ် "
" ဘာဖြစ်လို့လဲ။ တင်းယွင် လုံခြုံရေးက လူကြီးမင်းကို ဆန့်ကျင်လို့လား။ တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား "
" မလိုပါဘူး။ ကျွန်တော့်ကို သူတို့သူဌေးရဲ့ ဖုန်းနံပါတ်ပဲပေးပါ။ ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်လိုက်မယ် "
" နားလည်ပါပြီ "
လျုံဖုန်းဟိုင်သည် ဖုန်းချလိုက်ပြီးနောက် ချက်ချင်းပင် ဝမ်းသူဌေး၏ ဖုန်းနံပါတ်ကို ပို့ပေးလာခဲ့သည်။
ယဲ့ဖန်သည် ချက်ချင်း ဖုန်းခေါ်လိုက်သည်။
ထိုအချိန်တွင် ရွှေမျက်မှန်နှင့် လူသည် ထပ်မံ၍ ခုန်ထွက်လာသည်။
" ခွေးသူတောင်းစားလေး လှည့်ကွက်တွေ ကစားနေတာ ရပ်လိုက်တော့။ တကယ်လို့ ငါက ဒီနေ့မင်းကို တွားသွားပြီးမှ မထွက်ခိုင်းလိုက်ရရင် ငါက အပျက်မရဲ့သားပဲ "
ယဲ့ဖန် ပြန်မေးလိုက်သည်။
" ခင်ဗျားက ဘယ်သူ့ရဲ့သားလို့ ပြောလိုက်တာလဲ "
" အပျက်မရဲ့သား "
ထိုလူသည် သတိလက်လွတ် ဖြေမိသွားသည်။
ယဲ့ဖန်သည် သဘောပေါက်သွားသည်။
" အိုး၊ ငါ သိပြီ။ မင်းက ဒီလောက် အရမ်းဈေးပေါနေတာ အံ့ဩစရာမဟုတ်ဘူးဘဲ "
" ဖူးဟားဟား ............ "
သူ့ဘေးတွင် ရှိနေသော ချန်းဖေးအယ်သည်လည်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ပတ်ဝန်းကျင်မှ သက်တော်စောင့်များသည်လည်း ရယ်နေကြသည်။
သို့သော် သူတို့သည် သိသာအောင် မရယ်ကြပေ။
ထိုလူသည် သူ လှည့်စားခံလိုက်ရကြောင်း သိသွားသောအခါ ရှက်စိတ်ကြောင့် အကွာအဝေးတစ်ခုထိ ပြေးထွက်သွားသည်။
သူသည် ချက်ချင်းပင် သက်တော်စောင့်များကို အော်ဟစ်လိုက်သည်။
" မြန်မြန်၊ သူ့ကို တိုက်ခိုက်ကြ "
" ဒီနေရာမှာ မင်းတို့ကို ပြပွဲကြည့်ဖို့ ငါတို့က ငွေအများကြီး သုံးပြီး ခေါ်ထားတာ မဟုတ်ဘူး "
သက်တော်စောင့်လူစုသည် သူ့စကားကို နားမထောင်ပေ။
သူတို့သည် ယဲ့ဖန်ကိုသာ တအံ့တဩ ကြည့်နေကြသည်။
ခုနက ဒီကောင်လေး ပြောခဲ့တဲ့စကားအရ သူက ငါတို့သူဌေးဆီ ဖုန်းခေါ်နေတာလား။
သူက ငါတို့သူဌေးနဲ့များ သိနေတာလား။
ထိုသည်သာ အမှန်တကယ် ဖြစ်နေမည်ဆိုလျှင် သူတို့သည် အလျင်စလို လှုပ်ရှားမည် မဟုတ်ပေ။
သူတို့သည် စောင့်ဆိုင်းနေကြကာ လေတိုက်ရာ လမ်းကြောင်းကို သိချင်နေကြသည်။
ထိုအချိန်မှာပင် ယဲ့ဖန်၏ဖုန်းခေါ်ဆိုမှုကို တစ်ဖက်က ကိုင်လိုက်သည်။
တစ်ဖက်မှ မပျော်မရွှင်ဖြစ်နေသော အသံသည် ထွက်ပေါ်လာသည်။
" ဘယ်သူလဲ။ ဘာလို့ဒီလောက်ညကြီးမင်းကြီး ဖုန်းခေါ်တာလဲ "
ယဲ့ဖန် ပြုံးလိုက်မိသည်။
ဝမ်းသူဌေးသည် မကျေမနပ် ဖြစ်နေပုံရသည်။
" ဝမ်းသူဌေး၊ ဟုတ်တယ်မလား။ မင်္ဂလာပါ၊ ကျွန်တော်က ယဲ့ဖန်ပါ "
" မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ငါအခု အလုပ် အရမ်းရှုပ် ..... ယဲ့ … ယဲ့ဖန် … ယဲ့သူဌေးလား "
တစ်ဖက်လူသည် ပထမတွင် စိတ်မရှည်ဖြစ်ကာ ချက်ချင်း တုံ့ပြန်လိုက်ပြီးနောက် အံ့ဩသွားရသည်။
သူသည် ထပ်မံ၍ အတည်ပြုလိုက်သည်။
" အခုပြောနေတာက ရွှေစွပ်ပြုတ်လုံခြုံရေးက ယဲ့သူဌေးလား "
" ဟုတ်တယ်၊ ကျွန်တော်ပဲ "
ယဲ့ဖန်သည် ဂရုမစိုက်ပဲ ဖြေလိုက်သည်။
" ယဲ့ … ယဲ့သူဌေး၊ ကျွန်တော် လူကြီးမင်းအတွက် ဘာလုပ်ပေးရမလဲ "
ဝမ်းချွမ်၏ အသံသည် တုန်ယင်နေသည်။
သူသည် ယဲ့ဖန်ကို ကြောက်နေသည်မှာ ထင်ရှားသည်။
အကြောင်းမှာသည် ယဲ့ဖန်မှ ဟန်မိသားစုကို ဖျက်ဆီးလိုက်သော မကောင်းသည့် ဂုဏ်သတင်းသည် လောင်းကစားမြို့၏ အထပ်တန်းအလွှာများဆီသို့ ပျံ့နှံ့နေပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
ယဲ့ဖန်သည် ထိုအကြောင်းကို ဂရုမစိုက်ပေ။
သူသည် အေးဆေးစွာ ပြန်ပြောလိုက်သည်။
" ဒီလိုပါ၊ ကျွန်တော် ပန်းခြံမှာ တစ်စုံတစ်ယောက်နဲ့ အငြင်းအခုံ ဖြစ်နေတယ်။ သူတို့ဘက်က လူတော်တော်များများ ခေါ်လာကြတယ်။ ကျွန်တော်ကြားတာတော့ သူတို့က တင်းယွင်လုံခြုံရေးကတဲ့ ........ "
သူသည် ဖြစ်နေသောအရာများကို အတိုချုံ့၍ ရှင်းပြလိုက်သည်။
ထိုစကားကို ဝမ်းချွမ် ကြားသောအခါ သူသည် ပို၍ အာရုံစိုက်လိုက်သည်။
" ယဲ့လူကြီးမင်း၊ စိတ်မပူပါနဲ့။ ကျွန်တော်တို့ တင်းယွင်လုံခြုံရေးက လူကြီးမင်း ရဲ့ရန်သူ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး "
" ဖုန်းကို သက်တော်စောင့်အဖွဲ့က တာဝန်ရှိတဲ့လူဆီ လွှဲပေးလိုက်ပါ။ ကျွန်တော် သူနဲ့ စကားပြောလိုက်ပါ့မယ် "
ယဲ့ဖန်သည် ချက်ချင်းပင် မုတ်ဆိတ်မွေးနှင့် လူကို ဖုန်းလွှဲပေးလိုက်သည်။
" ခင်ဗျားရဲ့ သူဌေး "
ထိုလူသည် ဖုန်းကို အလျင်အမြန် ယူကာ တလေးတစား ဖြေလိုက်သည်။
" သူဌေး၊ ကျွန်တော် ရှောင်ဟော်ပါ "
ထို့နောက် သူသည် တစ်ဖက်မှ သူဌေး၏ ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။
" ခွေးကောင်၊ မင်း ဆန့်ကျင်နေတဲ့သူက ဘယ်သူလဲဆိုတာရော သိရဲ့လား။ မင်းက တကယ်ကြီး လူတွေကို ခေါင်းဆောင်ပြီး သူ့လိုလူကို ဝိုင်းပြီး တိုက်ခိုက်ရဲတယ်လား "
" တကယ်လို့ မင်း အသက်မရှင်ချင်ဘူးဆိုရင်လည်း ငါ့ကိုဆွဲမချနဲ့ "
ရှောင်ဟော်သည် ချက်ချင်းပင် ကြောင်အအ ဖြစ်သွားသည်။
" ကျွန်တော်တို့က လူကြီးမင်း ဝီလ်ဆင်ဆီက အမိန့်တွေကို နာခံနေတာပါ။ သူဌေးပဲ အရင်က ပြောခဲ့တယ် မဟုတ်ဘူးလား။ လူကြီးမင်း ဝီလ်ဆင်က ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ဖောက်သည်ဆို။ သူဌေးပဲ ကျွန်တော်တို့က သူ့ကို သေချာဝန်ဆောင်မှုပေး ........ "
သူပြောလို့ မပြီးခင်မှာတင် ဝမ်းသူဌေးသည် ထပ်မံ၍ အော်ဟစ်လိုက်သည်။
" ဘာသောက်ကျိုးနည်း ဝီလ်ဆင်လဲ။ ဒီလူကြီးမင်းနဲ့ ယှဥ်ရင် သူက ခွေးသာသာပဲ "
ရှောင်ဟော်သည် ယဲ့ဖန်ကို ငေးကြည့်လိုက်ကာ လုံးဝကို မှင်သက်သွားသည်။
ဝီလ်ဆင်သည် သူတို့၏ ထိပ်တန်းဖောက်သည် ဖြစ်သည်။
သို့သော် သူ့သူဌေး၏ စကားအရ ထိုကောင်လေးသည် ပို၍ အရေးပါအရာရောက်နေသည်။
ဤသည်ကား သူ့အား အနည်းငယ် စိတ်ရှုပ်သွားစေသည်။
" သူဌေး၊ ဒီလူကြီးမင်းက ဘယ်လိုလူမျိုးလဲ "
သူသည် လေသံကို တိုးကာ မေးလိုက်သည်။
" ဟန်မိသားစုအကြောင်း ကြားလိုက်တယ်မလား "
" သူတို့ကို ရွှေစွပ်ပြုတ်လုံခြုံရေးက ဖျက်ဆီးလိုက်တာလို့ ကျွန်တော် ကြားလိုက်တယ် "
" မင်းရှေ့မှာ ရှိနေတဲ့ လူကြီးမင်းယဲ့က ရွှေစွပ်ပြုတ်ရဲ့ သူဌေးအသစ်ပဲ "
" အာ ....... "
" ဘာမှထပ်ပြီး အာတွေ ဘာတွေ လုပ်မနေနဲ့။ မင်း ယဲ့လူကြီးမင်းကို တစ်ခုခု လုပ်လိုက်သေးလား။ လုပ်လိုက်လားလို့ "
ဝမ်းချွမ်သည် သူနှင့် အဓိပ္ပာယ်မရှိသောစကားများကို ပြောရန် စိတ်မဝင်စားသောကြောင့် အလျင်အမြန် မေးလိုက်သည်။
" မလုပ် … မလုပ်ရသေးပါဘူး "
ရှောင်ဟော်သည် အတော် ထိတ်လန့်နေပြီဖြစ်သည်။
ဤအန္တရာယ်ကင်းပုံရသော လူငယ်လေးသည် ဟန်မိသားစု၏ အဖြစ်ဆိုးကို ဖြစ်စေသော တကယ့်လူသတ်သမား ဖြစ်နေမည်ဟု သူသည် မမျှော်လင့်ထားမိခဲ့ချေ။
" အဲ့တာကောင်းတယ်။ အခုကစပြီး ယဲ့လူကြီးမင်းရဲ့ အစီအစဥ်တွေကိုပဲ နားထောင်လိုက်။ နားလည်လား "
ဝမ်းချွမ်သည် ထပ်မံ၍ သတိပေးနေသည်။
" ဒါဆို ဝီလ်ဆင်လူကြီးမင်းကရော "
" ဘာသောက်ကျိုးနည်း ဝီလ်ဆင်လဲ။ တကယ်လို့ ယဲ့လူကြီးမင်းကို ဆန့်ကျင်လိုက်တယ်ဆိုရင် အဲ့ဝက်ဖြူက အသက်ရှည်မှာ မဟုတ်ဘူး။ ငါ ပြောသလိုသာလုပ်။ တခြားဘာမှထပ်မမေးနဲ့ "
" ဟုတ်ကဲ့ပါဆရာ "
ရှောင်ဟော်သည် ယဲ့ဖန်ဆီသို့ ဖုန်းကို အသေအချာ ဂရုတစိုက် ပြန်ပေးလိုက်သည်။
ယဲ့ဖန်သည် ဖုန်းပြန်ရပြီးနောက် ဝမ်စသူဌေးနှင့် စကားအနည်းငယ် ပြောဆိုကာ ဖုန်းချလိုက်သည်။
ရှောင်ဟော်သည် သူဖုန်းချတာကို စောင့်နေပြီးနောက် သူ့ဆီလှမ်းလာပြီး ဦးညွတ်အရိုအသေပြုသည်။
" တင်းယွင် လုံခြုံရေးရဲ့ လူ၈ယောက်က ယဲ့လူကြီးမင်းရဲ့ အမိန့်အောက်မှာ ရှိပါတယ် "
တခြားလုံခြုံရေးများသည် ဘာဖြစ်သွားသည်ဆိုတာကို မသိသော်လည်း ရှောင်ဟော်ကို ထိုသိုါ အခြေအနေမျိုးနှင့် တွေ့လိုက်ရသောအခါ သူတို့သည်လည်း အလျင်အမြန် လိုက်၍ ဦးညွတ် အရိုအသေ ပြုကြသည်။
ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ လူတိုင်းသည် ကြောင်တောင်တောင် ဖြစ်သွားကြသည်။
သူတို့က ဘက်ပြောင်းလိုက်ကြတာလား။
အပိုင်း ( ၁၀၂၈ )
မင်း လုပ်ချင်တာ လုပ်နိုင်တယ်။ ဘာမှကန့်ကွက်စရာမရှိဘူး
ရှောင်ဟော်၏ အမိန့်ဖြင့် တင်းယွင်လုံခြုံရေးမှ ကိုယ်ရံတော်အားလုံးသည် ယဲ့ဖန်၏ အနောက်တွင် ရပ်လိုက်ကြကာ ဝီလ်ဆင်နှင့် ရွှေမျက်မှန်လူတို့ကို စိုက်ကြည့်နေကြသည်။
ဝီလ်ဆင်သည် ရွှေမျက်မှန်နှင့် လူကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲ "
ရွှေမျက်မှန်နှင့်လူသည်လည်း စိတ်ရှုပ်ထွေးနေသည်။
သူသည် ရှောင်ဟော်နှင့် တခြားလူများကို တွေဝေစွာ ကြည့်လိုက်သည်။
" မင်းတို့ ဘာကို ဆိုလိုချင်တာလဲ။ မင်းတို့က ဘက်ပြောင်းချင်နေကြတာလား "
ရှောင်ဟော်သည် သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။
" ငါတို့ အထက်ကနေ အမိန့်ရတယ်။ အခုကစပြီး တင်းယွင်လုံခြုံရေးက လူတိုင်း ယဲ့လူကြီးမင်းရဲ့ အမိန့်ကို နားထောင်ရမယ် "
ပန်းခြံထဲရှိ လူအုပ်သည် ထိုအလှည့်အပြောင်းကြောင့် အသက်ရှူ မှားသွားကြသည်။
" ဘာတွေဖြစ်နေတာလဲ။ ဘာလို့ သူတို့က ရုတ်တရက်ကြီး ဘက်ပြောင်းသွားကြတာလဲ "
" ဟိုလူငယ်လေးက ဘယ်သူ့ကို ဖုန်းဆက်လိုက်တာလဲ မသိဘူး။ ဒါပေမဲ့ သူတို့က ရုတ်တရက်ဘက်ပြောင်းသွားကြပြီ "
" လုံခြုံရေးကုမ္ပဏီက စာချုပ်ကို အလေးထားကြတယ် မဟုတ်ဘူးလား။ ဖုန်းတစ်ကောလ်ကြောင့်နဲ့ ဘာလို့ သူတို့ဖောက်သည်ကို ဆန့်ကျင်လိုက်ရတာလဲ "
" တကယ်လို့ အဲ့ကောင်လေးကသာ ဟိုနိုင်ငံခြားသားထက် ပိုပြီး ဩဇာအာဏာကြီးမနေရင် လုံခြုံရေးကုမ္ပဏီက သူ့ကို ကြောက်နေမယ် မထင်ဘူး "
" တင်းယွင်လုံခြုံရေးက လောင်းကစားမြို့ထဲမှာ ဒုတိယအကြီးဆုံး ကုမ္ပဏီလေ။ သူတို့ကို ကြောက်အောင် ဘယ်သူက လုပ်နိုင်မှာလဲ "
" လောင်းကစားမြို့မှာ ပုန်းကွယ်နေတာတွေ အများကြီးရှိတယ်။ သူက ဘယ်မိသားစုကြီးတစ်ခုက လာတဲ့ သခင်ငယ်လေးဆိုတာ ဘယ်သူက သိမှာလဲ "
" အဲ့လိုသာဆိုရင် ဒီကောင်လေးရဲ့ နောက်ခံက အရမ်းကို ကြောက်ဖို့ ကောင်းသွားပြီ "
လူတိုင်းသည် ယဲ့ဖန်ကို အထိတ်တလန့်ကြည့်ကာ သူ၏ သရုပ်မှန်ကို ခန့်မှန်းနေကြသည်။
လောင်းကစားမြို့က ဒုတိယအကြီးဆုံး လုံခြံရေးကုမ္ပဏီကတောင် ဘက်ပြောင်းပြီး သူ့ကို ကူညီပေးဖို့ဆိုတာ သူ့မှာ ဘယ်လို သရုပ်မှန်မျိုး ရှိနေတာလဲ။
ရှောင်ဟော်၏ စကားကို ဝီလ်ဆင်ကြားသောအခါ သူသည် စိုးရိမ်တကြီး ဖြစ်သွားသည်။
" မင်းတို့ ဒီလိုလုပ်လို့မရဘူး။ မင်းတို့က စာချုပ်ကို ဘယ်လိုတောင် ဖောက်ဖျက်ရဲရတာလဲ။ ငါ မင်းတို့သူဌေးဆီ ဖုန်းဆက်မယ် "
စကားပြောနေရင်းဖြင့် သူသည် ဝမ်းချွမ်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
တစ်ဖက်လူသည် သူ၏ ဖုန်းခေါ်ခြင်းကို စောင့်နေပုံရသည်။
ပထမဖုန်းသံ မြည်သွားချိန်မှာပင် ကိုင်လိုက်သည်။
" ဟေး၊ ဝမ်းလူကြီးမင်း။ မင်းရဲ့ လက်အောက်ငယ်သားတွေက ဘာတွေဖြစ်နေကြတာလဲ။ သူတို့က ဘာလို့ ငါ့ရန်သူဘက်မှာ နေနေတာလဲ "
ဝီလ်ဆင်သည် ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်။
" ဝီလ်ဆင်လူကြီးမင်း၊ ငါ မင်းကို တကယ် တောင်းပန်ပါတယ်။ ငါ့လူတွေက မင်းကို ထပ်ပြီး မကာကွယ်ပေးနိုင်တော့ဘူး "
ဝမ်းချွမ်၏ အသံသည် နှေးကွေးကာ အလျင်မလိုပေ။
" ခွေးကောင်၊ ဒါ မင်း စာချုပ်ကို ချိုးဖောက်လိုက်တာပဲ။ မင်းက တင်းယွင်လုံခြုံရေးရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးနေတာပဲ။ အနာဂတ်မှာ ဘယ်သူက မင်းလူတွေကို ငှားရဲတော့မှာလဲ "
ဝီလ်ဆင်သည် ပြောနေရင်း ပို၍ ဒေါသထွက်နေသည်။
ထိုဝမ်းချွမ်သည် အရင်က သူနှင့် စကားပြောခဲ့စဉ်မှာ အလွန်ပင် တလေးတစားရှိခဲ့သည်။
သို့သော်လည်း ယခုအခါ ဝမ်းချွမ်သည် သူ့ကို ဝတ်ကျေတမ်းကျေသာ ဆက်ဆံနေသည်။
ဝမ်းချွမ်သည် လှောင်ပြောင်လိုက်သည်။
" တကယ်လို့ ငါသာ မင်းကို ဆက်ပြီး ကာကွယ်ပေးနေမယ်ဆိုရင် ငါ့ကုမ္ပဏီရဲ့ ဂုဏ်သတင်းတင်မဟုတ်ဘဲ ငါ့အသက်ပါ ဆုံးရှုံးသွားမှာကို ငါ စိုးရိမ်ရတယ် "
" ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်ထားမှုအရ ငါ မင်းကို ကြင်နာစွာ သတိပေးလိုက်မယ်။ မင်းရှေ့က လူငယ်လေးက မင်းဆန့်ကျင်ဖို့ မတတ်နိုင်တဲ့လူပဲ "
" သူတို့ကို မြန်မြန်တောင်းပန်လိုက်။ ငွေ ဒါမှမဟုတ် မင်းရဲ့လက်တွေကို ဖြတ်ပေးလိုက်။ အဲ့လိုမှမဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပြင်းထန်သွားလိမ့်မယ် "
ထိုသို့ ပြောပြီးသည်နှင့် သူသည်လည်း ဖုန်းချလိုက်သည်။
" ခွေးကောင် "
ဝီလ်ဆင်ကို ဖုန်းကို ကြည့်၍ အော်ဟောက်နေသည်။
သူသည် ဒေါသကြီးနေသောကြောင့် ဝမ်းချွမ်၏ အသိပေးချက်ကိုလည်း အတည်မမှတ်ပေ။
" တင်းယွင်လုံခြုံရေးက လူတွေကို လာဘ်ထိုးလိုက်လို့ မင်းကို ငါ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်မနေနဲ့။ ငါ့အနေအထားဆိုရင် မင်းကို လောင်းကစားမြို့ထဲကနေ ပျောက်ကွယ်သွားအောင် လုပ်ဖို့ နည်းလမ်းတွေအများကြီးရှိတယ် "
သူသည် ယဲ့ဖန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
သူ၏ အကြည့်များသည် ခြိမ်းခြောက်မှုများဖြင့် ပြည့်နေသည်။
ထိုအချိန်မှာပင် ရှောင်ဟော်သည် ယဲ့ဖန်အနား လျှောက်လာကာ ညင်သာစွာ မိတ်ဆက်ပေးလိုက်သည်။
" ယဲ့လူကြီးမင်း၊ ဒီဝီလ်ဆင်ဆိုသူက နန်းကုန်း ကာစီနိုက ပညာရှင်ပါ။ ကာစီနိုက သူ့ကို တော်တော်လေး တန်ဖိုးထားတယ် “ဒ"
သူသည် ဝီလ်ဆင်၏ အနေအထားကို ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသွားပြီးနောက် ယဲ့ဖန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြုံးလိုက်သည်။
" နန်းကုန်းကာစီနိုရုံကို ဘယ်သူ ပိုင်တာလဲ "
" ဟုန်းမိသားစုပါ "
သူသည် ချက်ချင်းပင် ပြန်ဖြေလိုက်ကာ ယဲ့ဖန်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
တစ်ဖက်လူသည် ရွှေစွပ်ပြုတ်မှ သူဌေးဆိုသည်ကို သူ သိထားသော်လည်း ဟုန်းမိသားစုသည် လောင်းကစားမြို့တွင် နံပါတ် ၁ မိသားစုကြီးဖြစ်သည်။
ထိုမိသားစု၏ စွမ်းအားများသည် ရွှေစွပ်ပြုတ် လုံခြုံရေးထက် များစွာ ကြီးမားနေသေးသည်။
အကယ်၍ ဟုန်းမိသားစုကသာ ဝီလ်ဆင်ကို ကာကွယ်ရန် ထွက်လာပါက ယဲ့ဖန်သည် သူတို့ကို ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် ထိုစကားကို ကြားသောအခါ ယဲ့ဖန်မှ ညင်သာစွာ ပြုံးလိုက်သည်။
ယဲ့ဖန်သည် သူ့ဖုန်းကို ချက်ချင်း ထုတ်ကာ ဟုန်းရှောင်ထျန်းဆီသို့ ဖုန်းဆက်လိုက်သည်။
" ဟယ်လို၊ ယဲ့လူကြီးမင်း။ စစ်ဆေးမေးမြန်းနေတာ အခြေအနေ ဘယ်လိုလဲ "
ဟုန်းရှောင်ထျန်း၏ ကြည်လင်နေသော အသံသည် ချက်ချင်း ထွက်ပေါ်လာသည်။
သူသည် အားကန်အကြောင်း မေးနေခြင်းဖြစ်ကြောင်း သိသာလှသည်။
" ကျွန်တော်က ဟုန်းလူကြီးမင်းကို ဒီကိစ္စအတွက် ဖုန်းခေါ်လိုက်တာ မဟုတ်ဘူး။ ကျွန်တော်က တခြားကိစ္စအတွက် ခေါ်လိုက်တာ "
ယဲ့ဖန်သည် မမောက်မာသော်လည်း နှိမ်ချမနေသော ပုံစံမျိုးဖြင့်ပြောလိုက်သည်။
" ဟားဟားဟား၊ ယဲ့လူကြီးမင်းက အရမ်းယဥ်ကျေးလွန်းနေတာပဲ။ အခု ကျွန်တော်တို့က မိတ်ဆွေတွေလို့တောင် ပြောလို့ရပါတယ်။ လူကြီးမင်းမှာ ပြောစရာတစ်ခုခု ရှိနေရင် ပြောသာ ပြောလိုက်ပါ။ ကျွန်တော် တတ်နိုင်သမျှ သေချာပေါက် ကူညီမှာပါ "
ဟုန်းရှောင်ထျန်းသည် ချက်ချင်း ပြန်ပြောလိုက်သည်။
" ကိစ္စကဒီလိုပါ။ အဖြူရောင်အသားအရည်ရှိတဲ့ ဝက်တစ်ကောင်က မျက်ကန်းနေပြီး ကျွန်တော့်လက်ထဲကို တိုးဝင်လာတယ်လေ။ အခု ကျွန်တော်က သူ့ကို ခုတ်ဖြတ်တော့မှာ။ ကျွန်တော်ကြားတာတော့ သူက ဟုန်းမိသားစုကပါတဲ့။ အဲ့တာကြောင့် ကျွန်တော်က ခင်ဗျားကို လှမ်းအသိပေးလိုက်တာ "
ယဲ့ဖန်သည် အတော်ပင် သာမန်ဆန်သောဖြင့် ပြောလိုက်သည်။
ညှိနှိုင်းသော လေသံမျိုးမသုံးခဲ့ပေ။
ထိုအစား အသိပေးသည်ဟုသာ ပြောခဲ့သည်။
ဘေးနားတွင် ရပ်နေသော ရှောင်ဟော်သည် တုန်လှုပ်သွားသည်။
တစ်ဖက်တွင် ရှိနေသောလူသည် ဟုန်းမိသားစု၏ ခေါင်းဆောင် ဟုန်းရှောင်ထျန်း ဖြစ်သည်။
ဒီယဲ့လူကြီးမင်းက သူ့ကို တကယ်ကြီး အဲ့လိုလေသံနဲ့ ပြောလိုက်တာလား။
ဟုန်းရှောင်ထျန်းအပေါ် သူ၏ နားလည်မှုများကို အခြေခံရလျှင် ထိုလူသည် သူ့လူများကို အလွန်ပင် အကာအကွယ်ပေးတတ်သည်။
သူ့မိသားစုမှ မည်မျှပင် မှားနေပါစေ ထိုလူကိုသေသည်အထိ ကာကွယ်ပေးသွားမည်ဖြစ်သည်။
တစ်ခါက ပြည်မကြီးမှ လာ၍ သူ၏ ကာစီနိုရုံမှ စားပွဲထိုးမလေးတစ်ယောက်ကို လာကြောင်သော လူတစ်ယောက် ရှိခဲ့ဖူးသည်။
ဟုန်းရှောင်ထျန်းသည် ချက်ချင်းပင် ထိုလောင်းကစားသမားအား ရိုက်နှက်၍ ကာစီနိုရုံ အပြင်ဘက်သို့ ထုတ်ပစ်ရန် သူ့လူများကို အမိန့်ပေးခဲ့သည်။
သူသည် စားပွဲထိုးမလေးတစ်ယောက်အတွက်ပင် လူချမ်းသာတစ်ယောက်ကို ဆန့်ကျင်ခဲ့သည်။
အခုလို ကျွမ်းကျင်သော ပညာရှင်တစ်ယောက်အတွက်သာ ဆိုပါက ဘယ်လိုမှ အလွယ်တကူ အထိအခိုက်ခံမည် မဟုတ်ပေ။
ထို့အပြင် ယဲ့ဖန်သည် ထိုလူကို ထိုကဲ့သို့ လေသံမျိုးသုံး၍ စကားပြောခဲ့သည်။
သူသည် မကြာခင်မှာပင် ဟုန်းလူကြီး၏ လက်အတွင်းသို့ ကျဆင်းသွားရနိုင်သည်။
သို့သော် သူ အံ့သြသွားရသည်။
ဟုန်းရှောင်ထျန်းသည် စိတ်လွတ်လက်လွတိ မလုပ်ပေ။
သူသည် အေးဆေးစွာ မေးလိုက်သည်။
" လူကြီးမင်းပြောနေတာ ဘယ်အဖြူရောင်ဝက်လဲဆိုတာ ကျွန်တော် မေးလို့ရမလား "
ယဲ့ဖန်သည် ဒေါသထွက်နေသေးသော ဝီလ်ဆင်ကို ဖျက်ခနဲကြည့်လိုက်သည်။
" ကျွန်တော်ထင်တာတော့ သူ့နာမည်က ဝီလ်ဆင်တဲ့ "
ဟုန်းရှောင်ထျန်းသည် ချက်ချင်း ပြန်မဖြေခဲ့ပေ။
စက္ကန့်အနည်းငယ်လောက်ကြာပြီးမှ ဆက်၍ ပြောလိုက်သည်။
" သူက မျက်စိကန်းနေတဲ့ လူတစ်ယောက် ဖြစ်တာကြောင့် လူကြီးမင်း သူ့ကို လုပ်ချင်တာလုပ်လို့ ရပါတယ်။ ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး "
ရှောင်ဟော်သည် အံ့သြတုန်လှုပ်မှုကြောင့် သူ၏ မျက်လုံးများပင် ထွက်ကျလုနီးပါး ဖြစ်နေသည်။
ဟုန်းလူကြီးမင်းလို သူ့လူတွေကို ကာကွယ်ပေးတတ်တဲ့လူက လုပ်ချင်တာ လုပ်နိုင်တယ်လို့ တကယ်ကြီး ပြောခဲ့တာလား။
ထိုအရာသည် လုံးဝကို အသစ်အဆန်းတစ်ခုဖြစ်သည်။
သူသည် ချက်ချင်းပင် ယဲ့ဖန်၏ တန်ဖိုးကို ပြန်တွက်ကြည့်နေသည်။
ယဲ့လူကြီးမင်း၏ သြဇာအာဏာသည် သူထင်ထားတာထက် ပို၍ ကြီးမားနေပုံရသည်။
သူဌေးသည် သူတို့အား သူ့အမိန့်ကို လုံးဝဥဿုံ နာခံစေခြင်းသည် အံ့သြစရာမဟုတ်တော့ပေ။
သူတို့ရှေ့မှ လူငယ်လေးကို သူတို့သည် ဆန့်ကျင်ဖို့ မတတ်နိုင်ကြပေ။
ထိုအခိုက်အတန့်တွင် ဝီလ်ဆင်သည် ယဲ့ဖန်ကို စိုက်ကြည့်နေတုန်း ဖြစ်သည်။
သူ၏ကံကြမ္မာသည် သေခြင်းတရား၏ အဆုံးသတ်အား ရောက်ရှိနေသည်ဆိုတာကို သူ မသိခဲ့ပေ။