အပိုင်း ၁၀၂၉-၁၀၃၂
Vol. 52 Ch. 1029-1032
အပိုင်း ( ၁၀၂၉ )
ငါမင်းကို မကူညီချင်တာမဟုတ်ဘူး။ ကူညီလို့မရတာ။
ဟုန်းရှောင်ထျန်း၏ ဖုန်းကို ချပြီးသွားသောအခါ ယဲ့ဖန်သည် ရှောင်ဟော်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
" သူ့ကို ဒီနေရာကို ဆွဲခေါ်လာခဲ့ "
ရှောင်ဟော်နှင့် သူ့လူများသည် ချက်ချင်းပင် ဝံပုလွေများ၊ ကျားများကဲ့သို့ အလျင်အမြန် ပြေးသွားကြသည်။
ထိုအရာကို ဝီလ်ဆင် မြင်သောအခါ သူသည် ချက်ချင်းပင် အော်ငေါက်လိုက်သည်။
" မင်းတို့က ငါ့ကို ထိရဲတာလား။ ငါက ဟုန်းမိသားစုက ဖိတ်ခေါ်ထားတဲ့ အထူးဧည့်သည်ကွ။ ငါ မင်းတို့ကို လောင်ကစားမြို့မှာ ရှင်သန်ခွင့်မပေးဘူးဆိုတာ မင်းတို့ ယုံလား "
ရှောင်ဟော်နှင့် တခြားလူများသည် အပြောင်းအလဲ မရှိဘဲ သူ့ကို ယဲ့ဖန်ဆီသို့ ဆွဲခေါ်သွားသည်။
" ငါ့ကို လွှတ်ကြစမ်း။ နိမ့်ကျတဲ့ မင်းတို့ တရုတ်ဝက်တစ်အုပ်ကများ။ ငါ ဘယ်သူလဲဆိုတာ သိလား။ မင်းတို့ငါ့ကို ဆန့်ကျင်ရဲနေရင် မင်းတို့ သေပြီပဲ ... "
ဝီလ်ဆင်သည် ရုန်းကန်နေတုန်းပင် ဖြစ်သည်။
" အေးဆေးနေစမ်း "
ရှောင်ဟော်သည် သူ့ဒူးကောက်ကွေးကို ကန်လိုက်ကာ သူ့အား မြေပြင်ပေါ်သို့ ဒူးထောက်သွားစေသည်။
သူတို့သည် ထိုအဖြူရောင်ဝက်မှ တရုတ်လူမျိုးများကို လှောင်ပြောင်စော်ကားခဲ့ခြင်းအား စိတ်ကုန်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် လက်စားချေရန် အခွင့်အရေးကို အရယူလိုက်ကြသည်။
ဝီလ်ဆင်သည် လွတ်မြောက်အောင် မရုန်းနိုင်ဘဲ ဖြစ်နေကာ အလျင်အမြန် အော်ပြောလိုက်သည်။
" ငါ့ကိုလွှတ်ကြစမ်း၊ ငါ့သူဌေးကို ငါ ဖုန်းခေါ်ချင်တယ် "
ရှောင်ဟော်သည် ယဲ့ဖန်ကို ချက်ချင်း ကြည့်လိုက်သည်။
ယဲ့ဖန်သည် ခေါင်းညိတ်ပြလိုက်သည်။
" သူ့ကိုခေါ်ခိုင်းလိုက် "
ရှောင်ဟော်သည် သူ့လက်အောက်ငယ်သား နှစ်ယောက်အား ထိုလူကို လွှတ်ပေးရန် ပြောလိုက်သည်။
ဝီလ်ဆင်သည် လွတ်မြောက်သွားသောအခါ ယဲ့ဖန်နှင့် ရှောင်ဟော်ကို အေးစက်စွာ စိုက်ကြည့်နေသည်။
" မင်းတို့ ခွေးတစ်အုပ်၊ ငါ မင်းတို့ထဲက ဘယ်သူ့ကိုမှ အလွတ်မပေးဘူး "
ထိုသို့ ပြောပြီး သူ့ဖုန်းကို ထုတ်ကာ ဟုန်းရှောင်ထျန်းဆီသို့ ဆက်လိုက်သည်။
ရွှေမျက်မှန်နှင့် လူသည်လည်း ထပ်မံ၍ မောက်မောက်မာမာ ဖြစ်လာသည်။
သူသည် ယဲ့ဖန်ကို မျက်နှာပြောင် လုပ်၍ ကြည့်လိုက်သည်။
" မင်းက ဝီလ်ဆင်လူကြီးမင်းရဲ့ သရုပ်မှန်ကို မသိသေးဘူး၊ ဟုတ်တယ်မလား "
" ငါ မင်းကို ပြောပြလိုက်ရင် မင်းကို ခြောက်မိလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဝီလ်ဆင်လူကြီးမင်းက ဟုန်းမိသားစုပိုင် ကာစီနိုရုံက ကျွမ်းကျင်ပညာရှင်ပဲ။ မင်းတို့ ဟုန်းမိသားစုကို သိလား။ မင်းတို့အားလုံးသေပြီပဲ။ ဟားဟားဟား ... "
ယဲ့ဖန်သည် ထိုကဲ့သို့သော လက်ပါးစေမျိုးကို ကြည့်မရချေ။
သူသည် ထိုလူ့မျက်နှာကို တိုက်ရိုက် ကန်ချလိုက်သည်။
ဘန်း
ထိုကန်ချက်သည် အိတ်အပျက်တစ်လုံးကို ကန်လိုက်သလို ဖြစ်နေကာ ထိုရွှေမျက်မှန်နှင့် လူသည် နှစ်မီတာလောက်ထိ လွင့်ထွက်သွားသည်။
သူသည် မြေပြင်ပေါ်သို့ လေးလံစွာ ပြုတ်ကျသွားသော်လည်း သူ့သွားအနည်းငယ်မှာတော့ လေထဲတွင် ရှိနေဆဲ ဖြစ်သည်။
မြေပြင်ပေါ် ကျပြီးသွားသည့်နောက်တွင် သူသည် အသံတစ်သံမှ မထွက်နိုင်တော့ဘဲ လုံးဝကို ဖြူဖျော့နေသည်။
ရှောင်ဟော်နှင့် သက်တော်စောင့်များ၏ မျက်လုံးများသည် ထပ်မံ၍ ပြူးကျယ်သွားကြသည်။
သူတို့သည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
ကျွမ်းကျင်သူတစ်ယောက်သည် တစ်ကြိမ်တွင် တစ်ချက်သာ လှုပ်ရှားသည်။
ထိုနေရာတွင် ကျွမ်းကျင်သူတစ်ယောက်သာ ရှိပါက ထိုလူသည် ယဲ့ဖန်၏ ခွန်အားကို သိနေမည်ဖြစ်သည်။
ယဲ့ဖန်၏ ကန်ချက်သည် ပေါ့ပါးကာ အားသိပ်မထည့်ထားသည့်ပုံ ပေါက်နေသည်။
သို့သော် သူတို့သည် ထိုကန်ချက်မှာ ထိုလောက်ထိ အားကောင်းနေမည်ဟု မထင်ထားမိကြချေ။
ထိုပညာသည် လေးလံသည့် အရာများအား ပေါ့ပါးသော အရာများကဲ့သို့ မြှောက်တင်နိုင်သော နယ်ပယ်သို့ ရောက်နေပြိဖြစ်သည်။
ဤနေရာတွင် ရှိနေသော ဘယ်လူမှ ထိုနယ်ပယ်သို့ မရောက်နိုင်သေးပေ။
ယဲ့ဖန်၏ သြဇာအာဏာကြောင့် သူတို့သည်မှင်သက်သွားကြသော်လည်း သူတို့သည် မှင်သက်နေရုံသာဖြစ်သည်။
အဆုံးတွင် တစ်စုံတစ်ယောက်သည် ချမ်းသာနေပါက လောင်းကစားမြို့တွင် သူလုပ်ချင်တာလုပ်နိုင်သည်။
သို့သော် ယဲ့ဖန် ပြသလိုက်သော ပုံမှန်မဟုတ်သည့် သိုင်းပညာစွမ်းအားသည် သူတို့အတွက် သူ့အား စစ်မှန်စွာ လေးစားသွားစေသည်။
ချက်ချင်းပင် ယဲ့ဖန်ကို ကြည့်နေသော လူတိုင်း၏ အကြည့်သည် ပရိတ်သတ်များမှ သူတို့၏စံပြပုဂ္ဂိုလ်ကို ကြည့်နေသော ပုံစံမျိုးအဖြစ် ပြောင်းလဲသွားကြသည်။
ဝီလ်ဆင်သည် အဝေးသို့ အကန်ခံလိုက်ရသော ရွှေမျက်မှန်နှင့် လူကို ဖျက်ခနဲ ကြည့်ရုံသာ ကြည့်လိုက်သည်။
သူသည် တရုတ်ပြည်မှ လက်ပါးစေတစ်ယောက်သာ ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင် ထိုလူသည် တကယ့်ခွေးတစ်ကောင်လောက်ပင် တန်ဖိုးမရှိချေ။
ထိုအချိန်မှာပင် ဖုန်းခေါ်ဆိုမှုသည် ချိတ်ဆက်မိသွားသည်။
" ဟုန်းလူကြီးမင်း၊ ကျွန်တော် ပြဿနာတက်နေပြီ။ မြန်မြန် တစ်ယောက်ယောက်လွှတ်ပေး ... "
ဝီလ်ဆင်သည် အလျင်အမြန် ပြောလိုက်သည်။
သူ့စကားမဆုံးခင်မှာပင် ဟုန်းရှောင်ထျန်းသည် ကြားဖြတ်ပြောလိုက်သည်။
" ဝီလ်ဆင်၊ မင်းက ကိုယ့်ပြဿနာကိုယ် ဖန်တီးတာပဲ။ ဒီတစ်ကြိမ်တော့ ငါ မင်းကို မကူညီနိုင်ဘူး "
ဝီလ်ဆင်သည် မှင်သက်သွားသည်။
" လူကြီးမင်းဟုန်း၊ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ကျုပ်က ခင်ဗျားတို့ရဲ့ ဟုန်းမိသားစုပိုင် ကာစီနိုကို ငွေအများကြီး ဝင်အောင် လုပ်ပေးခဲ့တယ်လေ။ မြစ်ကို ကူးပြီးသွားလို့ တံတားကို ဖျက်ချင်နေတာလား "
ဟုန်းရှောင်ထျန်းသည် အနည်းငယ် ပင်ပန်းနေသောအသံဖြင့် ပြောလိုက်သည်။
" မင်းငါ့ကို နားမလည်ဘူးလား။ ငါက မင်းကို မကူညီချင်တာမဟုတ်ဘူး၊ ကူညီလို့မရတာကွ "
" ခင်ဗျားက ကူညီလို့မရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ။ လောင်းကစားမြို့မှာ ခင်ဗျား၊ ဟုန်းရှောင်ထျန်းက မလုပ်နိုင်တဲ့အရာ ရှိလို့လား "
ဝီလ်ဆင်သည် သူ့ကိုမယုံပေ။
သူ့အား ဝေ့လည်ကြောင်ပတ်လုပ်နေသည်ဟု ထင်နေပုံရသည်။
" မင်းဘယ်သူ့ကို ဆန့်ကျင်မိတာလဲဆိုတာ မသိသေးဘူးလား။ မင်းသေသင့်တဲ့ကိစ္စကို ဒီလိုလုပ်ခဲ့တာ။ အခု ငါတို့က လောင်းကစားမြို့ထဲမှာရှိနေတာ။ ငါက ယဲ့လူကြီးမင်းရဲ့ စကားကို နားထောင်ရတယ်။ အဲ့တာကို မင်းနားလည်လား "
ဟုန်းရှောင်ထျန်း၏ အသံသည် အေးစက်စက်ဖြစ်သွားသည်။
" မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဟုန်းမိသားစုက လောင်းကစားမြို့မှာ အကြီးဆုံးမိသားစုလေ "
သူ၏ စကားလုံးများသည် ဝီလ်ဆင်အတွက် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်နေသည်။
" အရင်ကဆိုရင်တော့ ငါတို့ နံပါတ်၁ မိသားစု ဖြစ်ကောင်းဖြစ်နိင်တယ်။ အနာဂတ်မှာ အဲ့လိုဖြစ်နေမလား၊ မဖြစ်ဘူးလားဆိုတာ မသေချာဘူး။ အဲ့လိုဖြစ်ဖို့က ယဲ့လူကြီးမင်းအပေါ် မူတည်တယ် "
" မင်းက ငါတို့မိသားစုအတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးထားတယ်ဆိုတဲ့ အချက်ကို ထောက်ပြီး မင်းကို ငါ အကြံနည်းနည်း ပေးလိုက်မယ်။ မြန်မြန် ယဲ့လူကြီးမင်းကို တောင်းပန်ပြီး သူ့ခွင့်လွှတ်မှုကို ရဖို့ ကြိုးစားလိုက် "
" တခြားလမ်းကို ရွေးသွားတဲ့လူတွေကတော့ အကုန် သေခြင်းတရားနဲ့ပဲ အဆုံးသတ်သွားတယ် "
ဝီလ်ဆင်သည် သတိပြန်ဝင်မလာခင်အထိ ထိုနေရာတွင်ပင် အချိန်အတော်ကြာ ကြောင်အနေသည်။
ဟုန်းရှောင်ထျန်းရဲ့ အကြံပေးစကားက ဝမ်းချွမ်ရဲ့ စကားနဲ့ ဘယ်လိုလုပ် တူနေရတာလဲ။
အားလုံးသည် တစ်ခုထဲကိုသာ ရည်ညွှန်းနေသည်။
သနားခံရဖို့အတွက် မြန်မြန်တောင်းပန်လိုက်။
ယဲ့လူကြီးမင်းက လောင်းကစားမြို့ တစ်ခုလုံးကို ထိန်းချုပ်ထားပြီးတာများ ဖြစ်နိုင်လား။
" ဘယ်လိုလဲ။ ဖုန်းဆက်လို့ပြီးပြီလား "
ထိုအချိန်တွင် ယဲ့ဖန်၏အသံသည် သူ့နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
သူသည် တုန်ရီနေကာ ယဲ့ဖန်ကို ကြောက်စိတ်မွှန်စွာဖြင့် ကြည့်နေသည်။
" ယဲ့ ... ယဲ့လူကြီးမင်း။ ငါ ... ငါ "
သူသည် အသားဖြူမျောက်တစ်ကောင် အနေဖြင့် သူ၏ မာနကို လက်မလွှတ်နိုင်သေးချေ။
ခေါင်းကိုငုံ့ကာ အသားဝါမျောက်တစ်ကောင်ကို တောင်းပန်ရခြင်းသည် သူ့ကို သတ်လိုက်ခြင်းထက် ပို၍ ဆိုးရွားစေသည်။
" မလိုဘူး။ ငါနားလည်တယ်။ ဒါပေမဲ့ မင်းရဲ့တောင်းပန်မှုကို ငါ လက်ခံမှာ မဟုတ်ဘူး "
ယဲ့ဖန်သည် လက်မြှောက်လိုက်ကာ ကြားဖြတ်ပြောသည်။
သူ့အကြည့်များသည် အလွန်အေးစက်နေသည်။
" မင်းက ငါတို့ကို ခွေးတွေဝက်တွေလို ဆက်ဆံရဲတော့ ကောင်းပြီလေ။ ငါလည်း မင်းကို ခွေးတွေဝက်တွေလို ဆက်ဆံပေးရတာပေါ့ "
" ခွေးတွေဝက်တွေကို ဆက်ဆံဖို့ နည်းလမ်းတစ်ခုရှိတယ် "
သူ၏ ကြောက်ရွံနေသော အကြည့်အောက်မှာပင် ယဲ့ဖန်သည် ရှောင်ဟော်၏ နားထဲသို့ တီးတိုးပြောလိုက်သည်။
သူ ဘာပြောလိုက်သည်ဆိုတာ မည်သူမျှ မသိချေ။
သို့သော် ရှောင်ဟော်၏မျက်နှာသည် ကြောက်ရွံမှု၊ တုံ့ဆိုင်းမှု လက္ခဏာများ ဖြစ်ပေါ်လာသည်။
ယဲ့ဖန်၏ နှုတ်ခမ်းသည် အန္တရာယ်မရှိသော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားကာ သူ၏ ပုခုံးကို ပုတ်လိုက်သည်။
" သွား "
ရှောင်ဟော်သည် သူ၏ မျက်နှာထားကို ပြန်ပြင်လိုက်ကာ လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူ့လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
" သွား၊ ကြိုးတစ်ချောင်း ရှာကြ "
လက်အောက်ငယ်သားများသည် ချက်ချင်းပင် ပြေးထွက်သွားကြသည်။
တခဏအကြာတွင် လက်မအရွယ်လောက် ထူသော လျော်ကြိုးတစ်ချောင်းကို ရှာတွေ့ကာ ပြန်လာကြသည်။
သူသည် မြေပြင်ပေါ်တွင် တင်ကာ ကြိုး၏ ခိုင်မာမှုကို စမ်းသပ်နေသည်။
သူသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ကာ ဝီလ်ဆင်ဆီသို့ အပြုံးတစ်ခုဖြင့် လမ်းလျှောက်လာသည်။
" မင်း ... ဘာလုပ်မလို့လဲ။ ငါ မင်းကို သတိပေးလိုက်မယ် ... မဆင်မခြင်မလုပ်နဲ့ "
" ငါက ကနေဒါနိုင်ငံသားတစ်ယောက်ကွ။ မင်းတို့ ငါ့ကို တစ်ခုခုလုပ်ရဲရင် ... ငါ ... "
ဝီလ်ဆင်သည် အစွယ်ကျိုးနေသော ကျားတစ်ယောက်လို ဖြစ်နေသည်။
သူသည် တခြားလူများကို ကြောက်သွားအောင် မခြိမ်းခြောက်နိုင်ပေ။
ရှောင်ဟော်သည် အချိန်ဖြုန်းမနေဘဲ သူ၏ လက်များကို ကြိုးဖြင့် ချည်လိုက်သည်။
ကြည့်နေသော လူတိုင်းသည် စိတ်ရှုပ်ထွေးနေကြသည်။
သူတို့သည် သူ ဘာလုပ်ချင်နေသည် ဆိုတာကို မသိကြချေ။
မကြာခင်တွင် သူတို့ကို တုန်လှုပ်စေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
ရှောင်ဟော်သည် ဝီလ်ဆင်ကို စူပါကား၏ အနောက်တွင် လှဲချလိုက်ကာ ကျန်နေသော ကြိုးစတစ်ဖက်ဖြင့် ချည်လိုက်သည်။
ထို့နောက် သူသည် ယာဥ်မောင်းသူနေရာတွင်ထိုင်ကာ ကားစက်နှိုးလိုက်သည်။
ဘရွမ်း
စူပါကားသည် နားအူစေသောအသံကို ထုတ်လွှတ်ကာ လူတိုင်း၏ နှလုံးသားများကို တုန်ရီသွားစေသည်။
ဒါ ... ဒါကြီးက မရက်စက်လွန်းဘူးလား။
ဘရွမ်း
" အား ....... "
စူးစူးဝါးဝါး အော်ဟစ်လိုက်သံကြီးသည် စူပါကား၏အသံ နှင့်အတူ ပန်းခြံတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
ပန်းခြံထဲတွင် ရှိနေသောလူတိုင်းသည် သူတို့ရှေ့မှ ကြောက်မက်ဖွယ်ရာ မြင်ကွင်းကြောင့် သူတို့၏ ခန္ဓာကိုယ်များသည် အဆက်မပြတ်တုန်ရီနေကြသည်။
ရှောင်ဟော်သည် Lamborghiniကားကို ပန်းခြံထဲတွင် စက်ဝိုင်းပုံစံ ပတ်မောင်းနေသည်။
ကားနောက်တွင် ချည်ထားသောဝီလ်ဆငိသည် အစတွင် ကားနောက်ကို ပြေးလိုက်နေနိုင်သေးသည်။
သို့သော် မကြာခင်မှာပင် စူပါကား၏ အရှိန်ကို သူ လိုက်မမှီနိုင်တော့ချေ။
သူသည် မြေပြင်ပေါ် လဲကျသွားကာ ရှေ့သို့ တရွတ်တိုက် အဆွဲခံလိုက်ရသည်။
စက်ဝိုင်းတစ်ဝက်လောက် ဆွဲခံရပြီးသည့်နောက်တွင် သူ၏ ခန္ဓာကိုယ်တွင် သွေးစီးကြောင်းအရှည်ကြီးတစ်ခု ရှိနေပြီ ဖြစ်ကာ အလွန်ကြောက်ရွံဖွယ်ကောင်းနေသည်။
အပိုင်း ( ၁၀၃၀ )
ငါ့လို သနားကြင်နာတတ်တဲ့ လူမျိုးကို မင်း မမြင်ဖူးဘူးလား
" အား ... ယဲ့လူကြီးမင်း၊ ငါ့အသက်ကို သက်ညှာပေးပါ။ ငါ ... ငါမှားသွားပါတယ် ... ကျေးဇူးပြုပြီး ငါ့ကို ညှာတာပေးပါ "
ဝီလ်ဆင်၏ အသံသည် သရဲကားများထဲမှ တစ္ဆေတစ်ကောင်လို အတော်လေးကို စူးစူးဝါးဝါးဖြစ်နေသည်။
ထိုအသံသည် လူတိုင်း၏ ဆံပင်များကို ထောင်ထသွားစေသည်။
လူတိုင်းသည် ယဲ့ဖန်ကို တိတ်တဆိတ် စတင် အကဲခတ်နေကြသည်။
နူးညံ့ပုံရပြီး တောက်ပသည့် အပြုံးရှိသော ထိုလူငယ်လေးသည် သူ ဒေါသထွက်လာသောအခါ အာဏာပါးကွက်သား တစ်ယောက်ထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားမိကြချေ။
ဝီလ်ဆင်၏ စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာသော်လည်း ယဲ့ဖန်သည် ပျင်းစရာကောင်းသောကာတွန်းကားကို ကြည့်နေသလိုမျိုး မတုန်မလှုပ်ပင် ရှိနေစဲဖြစ်သည်။
ယဲ့ဖန်၏ ပြသမှုများကြောင့် ချန်းဖေးအယ်သည် ထိုအခြေအနေမျိုးကို ယခင်ကထက် ပို၍ ခံနိုင်ရည်ရှိနေသည်။
ထိုနိုင်ငံခြားသားသည် အစက အလွန်မောက်မာလှကာ လူများစွာကို ဒဏ်ရာရစေသည်။
သို့သော် သူသည် ထိုအရာကို ဘာမှမဖြစ်သလိုပင် ပြုမူနေခဲ့သေးသည်။
ထို့ကြောင့် သူမသည် အလွန်ဒေါသထွက်နေခဲ့ရသည်။
သူ ခံစားနေရသော အခြေအနေကို မြင်သောအခါ သူမသည် အနည်းငယ် ပျော်သွားသလိုပင် ခံစားနေရသည်။
အကယ်၍ သူမအဖွဲ့၏ ခေါင်းဆောင်ပိုင်းများသာ ထိုအကြောင်းကို သိသွားပါက သူမကို ထပ်မံ၍ ဝေဖန်ပြစ်တင်နေကြမည် ဖြစ်သည်။
ယဲ့ဖန် ကန်လိုက်သော ရွှေမျက်မှန်နှင့် လူသည် သတိလည်လာပြီး မတ်တပ်ထရပ်လာသည်။
သို့သော် ဝီလ်ဆင် ခံစားနေရသော အခြေအနေကို မြင်သောအခါ သူသည် သူ့ခေါင်းကို အသာလေးလှည့်လိုက်ကာ မျက်လုံးများကို ထပ်မံ၍ ပိတ်လိုက်သည်။
သူသည် ကြောက်စိတ်ကြောင့် မေ့လဲသွားသည်လား၊ သို့မဟုတ် သေချင်ယောင်ဆောင်နေသည်လားဆိုတာ မည်သူမျှ မသိကြချေ။
အတိုချုပ်အားဖြင့် သူသည် သူတို့နှစ်ယောက်က သူတို့ ဆန့်ကျင်ရန် မတတ်နိုင်သော တစ်စုံတစ်ယောက်ကို စော်ကားခဲ့သည် ဆိုတာကို သိလိုက်သည်။
ထို့ကြောင့် နိုးနေသည်ထက် မေ့လဲနေသည်က ပို၍ကောင်းသည်ဟု တွေးလိုက်သည်။
" အား "
ဝီလ်ဆင်သည် ရပ်မသွားခင်အထိ မိနစ်ဝက်လောက် ဆက်တိုက်အော်နေခဲ့သည်။
ထိုအခါမှသာ ယဲ့ဖန်သည် လက်မြှောက်ပြ၍ ရှောင်ဟော်ကို ရပ်ခိုင်းလိုက်သည်။
သူက ဝီလ်ဆင်ကို ထပ်မံ၍ ဆွဲခေါ်လာသောအချိန်တွင် သူ၏ ရင်ဘတ်သည် သွေးများဖြင့် ညစ်ပတ်ပေရေနေသည်။
တချို့နေရာများတွင် လူတစ်ယောက် မြင်တွေ့နိုင်လောက်သော ဖြူဖွေးသော အရိုးများပင် ပေါ်နေသည်။
ပန်းခြံထဲမှ လူများသည် ထိုမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေကြသည်။
သူတို့ပြန်သွားတဲ့အခါ ရက်အနည်းငယ်ကြာသည်အထိ အိပ်မက်ဆိုးများ မက်နေလောက်လိမ့်မည်ဖြစ်သည်။
" သူ့ကိုနှိုးလိုက် "
ယဲ့ဖန်၏ အမူအရာသည် အေးအေးဆေးဆေး ရှိနေစဲဖြစ်သည်။
သူသည် လူတစ်ယောက်ကို ကြည့်နေပုံနှင့် မတူပဲ ခွေးတစ်ကောင်ကို ကြည့်နေသလိုပင် ဖြစ်နေသည်။
ရှောင်ဟော်သည် သူ့ကို ပန်းခြံအလယ်ရှိ လူလုပ်ရေကန်ငယ်တစ်ခုစီသို့ ဆွဲခေါ်၍ နှစ်လိုက်ကာ ခေါင်းကို လှုပ်ခါလိုက်သည်။
" အား ဖူး "
ဝီလ်ဆင်သည် ရေအေးများကြောင့် သတိရလာခဲ့သည်။
ရှောင်ဟော်သည် သူ့ကို ထပ်မကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။
ဝီလ်ဆင်သည် နာကျင်နေသာ အမူအရာဖြင့် ထရပ်ရန် ကြိုးစားနေသည်။
သို့သော် အကြိမ်ကြိမ်အခါခါ ကြိုးစားပြီးသည့်နောက်တွင် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။
သွေးများသည် သူ့ခန္တကိုယ်မှ ဆက်တိုက်ထွက်နေကာ သွေးအိုင်တစ်ခုအဖြစ် စုနေသည်။
ယဲ့ဖန်သည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
" ဝက်တစ်ကောင် ဒါမှမဟုတ် ခွေးတစ်ကောင်လို အဆက်ဆံခံရတာ ဘယ်လိုလဲဆိုတာ အခု မင်းသိပြီလား ........ "
ဝီလ်ဆင်သည် အမြန်ခေါင်းညိတ်ကာ အမြန် ပြန်ဖြေလိုက်သည်။
" ဟုတ် … ကျွန်တော် သိပါပြီ။ ယဲ့လူကြီးမင်း … ကျွန်တော်ရဲ့ ခွေးလိုအသက်ကို သက်ညှာပေးပါ …. "
ယဲ့ဖန်သည် သူ့အရှေ့တွင် ထိုင်ချလိုက်သည်။
" ငါ မင်းရဲ့ ခွေးလိုအသက်ကို သက်ညှာပေးလို့ရတယ်။ မင်းရဲ့ ခွေးလိုအသက်က ဘယ်လောက်တန်တယ်လို့ ထင်လဲ "
ဝီလ်ဆင်သည် ဖြည်းညှင်းစွာ လက်တစ်ချောင်း ထောင်ပြလိုက်သည်။
" ၁၀သန်း "
ယဲ့ဖန် လှောင်ပြောင်လိုက်သည်။
" မင်းက ဟုန်းမိသားစုပိုင် ကာစီနိုရဲ့ ဆရာကြီးလေ။ မင်းရဲ့အသက်က ၁၀သန်းပဲ တန်တာလား။ ဈေးမပေါလွန်းဘူးလား "
ဝီလ်ဆင်သည် သူ့စကားကို အမြန် ပြန်ပြင်လိုက်သည်။
" သန်း၅၀ "
ယဲ့ဖန်သည် မလှုပ်မယှက် ရှိနေစဲဖြစ်သည်။
" မင်းက မြင့်မြတ်တဲ့ ဆရာသခင်ကြီးလေ။ ငါတို့ တရုတ်လူမျိုးတွေရဲ့ အသက်တစ်ရာကတောင် မင်းအသက်လောက် တန်ဖိုးမရှိဘူးလေ။ ဒါတောင် မင်းက သန်း၅၀ပဲ တန်တာလား "
ဝီလ်ဆင်၏ နှုတ်ခမ်းများသည် တုန်ယင်သွားကာ အံ့ကြိတ်လိုက်ရင်း ပြောသည်။
" သန်း၁၀၀ "
ယဲ့ဖန်၏ အမူအရာသည် မည်းမှောင်သွားသည်။
" ကြည့်ရတာ မင်းရဲ့အသက်ရှင်လိုတဲ့ စိတ်ဆန္ဒက မပြင်းပြဘူးပဲ။ ရှောင်ဟော် ဆက်လုပ်လိုက် "
ရှောင်ဟော်သည် ဘာတစ်ခွန်းမှမပြောပဲ သူ့ကို လှမ်း၍ ဆွဲကိုင်လိုက်သည်။
" မလုပ် … မလုပ်ပါနဲ့ "
နောက်ဆုံးတွင် ဝီလ်ဆင်သည် အသက်ရှင်သန်လိုစိတ်များ ပေါက်ထွက်လာကာ အသည်းအသန် ပြောတော့သည်။
" သန်း၂၀၀၊ ဒါ … ဒါက … ငါ့မှာရှိတာအကုန်ပဲ … "
" ငါ စုဆောင်းထားတာတွေ အကုန် … အကုန်ပါ "
ထိုအခါမှသာ ယဲ့ဖန်သည် ကျေနပ်သွားသည်။
ယဲ့ဖန်သည် သူ့မျက်နှာကို ပုတ်လိုက်သည်။
" မင်းတို့ဝက်ဖြူတွေက တကယ်ကို ငွေမက်တဲ့ လူတွေပဲ။ သေခါနီးလို့မှ မဟုတ်ရင် မင်းက မင်းရဲ့ငွေတွေ အားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူးမလား၊ ဟုတ်တယ်မလား။ ဒါဆိုလည်း မင်းက ဘာကို စောင့်နေသေးတာလဲ။ မြန်မြန်ထပြီး ငွေလွှဲတော့လေ "
ဝီလ်ဆင်သည် တုံ့ဆိုင်းမနေရဲပေ။
သူသည် ဖုန်းကို အမြန်ထုတ်၍ သူ့ဆွေမျိုးနှင့် သူငယ်ချင်းတွေဆီ ဆက်ကာ ငွေရှာခိုင်းသည်။
သူ့ကို ရွေးထုတ်ရန် ငွေရောက်ဖို့ နာရီဝက်လောက် ကြာလိုက်သည်။
ဤသည်ကို ကြည့်ဖြင်းအားဖြင့် ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုအကုန် ဖြစ်သည်ဆိုတာကို မြင်နိုင်သည်။
ယဲ့ဖန်သည် ဘဏ်၏ သတင်းပေးပို့ချက်ကို ကျေနပ်စွာကြည့်နေသည်။
" စိတ်မပူနဲ့၊ ဒီ သန်း၂၀၀က အလဟဿ မဖြစ်သွားဘူး။ မင်းက "ကနေဒါက"မလား။ ငါမင်းကို လက်မှတ် အလကားဖြတ်ပေးလိုက်မယ် "
" သူ့ကို ပင်လယ်ထဲ ပစ်ချလိုက်ပေးလိုက်ကြ။ သူ့ဟာသူ ရေကူးပြီး ပြန်ပါစေ "
ယဲ့ဖန်သည် ရှောင်ဟော်ကို ညွှန်ကြားလိုက်သည်။
ရှောင်ဟော်သည် အံ့ဩသွားသောကြောင့် လျှာပင် လိပ်သွားရသည်။
ဒီကောင်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာလေ။
တကယ်လို့ သူ့ကိုသာ ပင်လယ်ထဲ ပစ်ချလိုက်ရင် သူ သေဆုံးနိုင်ခြေက တော်တော်များတယ်။
ယဲ့ဖန်သည် သူ၏ တုန်လှုပ်မှုကို မြင်သွားကာ သူ့ပုခုံးကို ပုတ်လိုက်သည်။
" ဒီဆရာသခင်ကြီးရဲ့ အသက်က မင်းတို့တွေထပ် ပိုပြီးတန်ဖိုးရှိတယ်ဆိုတာ မင်းယုံကြည်ထားရမယ်။ သူ့ရဲ့ တက်ကြွမှုက ငါတို့တွေထပ် သေချာပေါက်ကို ပိုအားကောင်းတယ် "
" သေးငယ်တဲ့ ပစိဖိတ် သမုဒ္ဒရာလေးတစ်စင်းလောက်က ဒီဝီလ်ဆင်ဆိုတဲ့ သူ့လို ဆရာသခင်ကြီးကို တားဆီးနိုင်မှာတဲ့လား "
ရှောင်ဟော်သည် ချက်ချင်းပင် ခါးသက်သက် ပြုံးလိုက်မိသည်။
ယဲ့လူကြီးမင်းသည် အတော်ပင် ရက်စက်လွန်းလှသည်။
သူသည် အရိုးကို ဆွဲထုတ်ပြီးသွားသော်လည်း ခြင်ဆီကို စုပ်ထုတ်ကာ အကြွင်းအကျန်တစ်ခုပင် မချန်ထားချေ။
သို့သော် သူသည် တွေးရုံသာ တွေးရဲသည်။
ယဲ့ဖန်၏ အမိန့်များကို မလိုက်နာပဲ မနေရဲချေ။
သူသည် သူ့လက်အောက်ငယ်သားများကို ချက်ချင်းပင် ထိုအဖြူကောင်အား ဆွဲခေါ်သွားဖို့ ပြောလိုက်သည်။
" မလုပ်ပါနဲ့ … ငါ့ကိုသက်ညှာပေးပါ … ငါ့ကိုသက်ညှာပေးပါ "
ဝီလ်ဆင်သည် သူပင်လယ်ထဲသို့ ပစ်ချခံရမည်ဆိုတာကို သေချာပေါက်သိနေသည်။
ထို့ကြောင့် သူသည် သူ့ အားအကုန်လုံးကို သုံးကာ ချက်ချင်း ရုန်းကန်လိုက်သည်။
သူသည် အကောင်းပကတိ ဖြစ်နေသောအချိန်မှာပင် ထိုကိုယ်ရံတော်များနှင့် ယှဥ်နိုင်မည်မဟုတ်ပေ။
ယခုလို သူသည် ပြင်းထန်စွာ ဒဏ်ရာထားသောအချိန်၌ ပြောနေစရာပင် မလိုတော့ပေ။
သူသည် ချက်ချင်းပင် လူအနည်းငယ်၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရသည်။
သူ၏ အော်သံကို အတော်ဝေးဝေးကပင် ကြားနိုင်နေသေးသည်။
" တကယ်လို့ မင်းအလုပ်ပြောင်းချင်ရင် ရွှေစွပ်ပြုတ်လုံခြုံရေးက လျုံဖုန်းဟိုင်ကို သွားရှာလိုက်။ ငါပြောတယ်လို့သာ ပြောလိုက် "
ယဲ့ဖန်သည် ရှောင်ဟော်၏ နောက်ကျောကို ကြည့်ကာ အော်လိုက်သည်။
ထိုသူသည် အရည်အချင်းရှိပြီး တင်းယွင်လုံခြုံရေးတွင်သာ နေနေပါက သူ့အတွက် အလဟဿဖြစ်နေမည်ဟု ခံစားနေရသည်။
တခြားကိုယ်ရံတော်များသည် ရှောင်ဟော်ကို အားကျစွာ ကြည့်နေကြသည်။
ယဲ့ဖန်သည် သူတို့သူဌေးထက် ပိုကောင်းသည့် အနာဂတ်ရှိသည်ဟု ခံစားနေရသည်။
ကားထဲဝင်၍ မထွက်သွားခင် ရှောင်ဟော်သည် ပြန်လှည့်ကြည့်၍ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ယဲ့ဖန်သည် သူ့အကြည့်ကို ဖြည်းညင်းစွာ ပြန်ရုတ်သိမ်းလိုက်သည်။
လူတိုင်းသည် သူ့ကို တစ္ဆေတစ်ကို မြင်ရသလို ကြည့်နေကြသည်ကို သူ သတိထားမိသွားသောကြောင့် ဖြစ်သည်။
တောက်ပသော အပြုံးတစ်ခုသည် သူ၏မျက်နှာပေါ်တွင် ထပ်၍ပေါ်လာသည်။
သို့သော် ထိုအရာသည် လူတိုင်းကို တစ်ချိန်တည်းတွင် တဆတ်ဆတ် တုန်ခါသွားစေသည်။
အပိုင်း ( ၁၀၃၁ )
အခု မင်းကအရမ်းလှနေတယ်
ယဲ့ဖန်သည် အနီးအနားသို့ လှည့်ကြည့်လိုက်ပြီးနောက် ရွှေမျက်မှန်နှင့် လူသည် သေချင်ယောင်ဆောင်နေသေးကြောင်း မြင်သွားသည်။ သူသည် ချက်ချင်းလမ်းလျှောက်သွားကာ သူ့ကို နှစ်ကြိမ်ကန်လိုက်သည်။
" ငါ့ကိုမသတ်ပါနဲ့။ ငါဘာမှမသိပါဘူး။ ငါ့ကိုမသတ်ပါနဲ့ "
ရွှေမျက်နှာနှင့်လူသည် ချက်ချင်း ထရပ်ကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ဦးညွတ်အရိုအသေပြုကာ ခွင့်လွှတ်ဖို့ တောင်းပန်လိုက်သည်။
သူသည် ဝီလ်ဆင်၏ မဟန်သော အခြေအနေကို မြင်လိုက်ရသည်။
ဝီလ်ဆင်သည် သေလောက်အောင် နှိပ်စက်ခံရရုံသာမက ပင်လယ်ထဲသို့ပင် ပစ်ချခံလိုက်ရသည်။
သူ့ရှေ့မှ ထိုလူငယ်လေး၏ နောက်ခံနှင့် သူ၏ ရက်စက်သောနည်းလမ်းများက သူ့ကို ကြောက်ရွံ့မှုလှိုင်းတံပိုးများ ခံစားသွားရစေသည်။
ဟုန်းမိသားစု၏ အထူးဧည့်သည် ဝီလ်ဆင်ပင် ထိုသို့ အခြေအနေမဟန်ပါက သူသည် တခြားလူများ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် မရှိနိုင်ပေ။
ထိုလူငယ်လေး လက်တစ်ချက်တောက်ရုံလိုက်နှင့် သူ၏ အသက်ကို ယူနိုင်သည်။
ယဲ့ဖန်သည် သူ့ကို ရွံရှာစွာ ကြည့်နေသည်။
" မင်းမှာလည်း ပိုင်ဆိုင်မှု တချို့တော့ ရှိသင့်တယ်၊ ဟုတ်တယ်မလား "
ရွှေမျက်မှန်နှင့် လူသည် ချက်ချင်း သဘောပေါက်သွားသည်။
" ဟုတ်၊ ပိုင်ဆိုင်မှုတွေ အားလုံးကို ထုတ်ပေးနိုင်ပါတယ်။ သက်ညှာပေးဖို့ပဲ မျှော်လင့်တာပါ "
ယဲ့ဖန်သည် မထီမဲ့မြင်ကြည့်လိုက်သည်။
" ငါက မင်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေလောက်ကို စိတ်ဝင်စားနေမယ်လို့ ထင်နေတာလား "
ရွှေမျက်မှန်နှင့် လူသည် မှင်သက်သွားသည်။
" ဒါဆို ဘာကိုဆိုလိုတာလဲ "
ယဲ့ဖန်သည် ကားတိုက်ခံထားရသော လူများကို လက်ညှိုးထိုးပြလိုက်သည်။
" အဲ့ဒီလူတွေရဲ့ ဆေးဖိုးကို လျော်ကြေးပေးဖို့အတွက် မင်း တာဝန်ယူရလိမ့်မယ်။ ဟိုငကြောက်တွေအတွက်ပါ ပါတယ်။ တစ်ယောက်ချင်းစီကို ၁သန်း၊ အဆင်ပြေလား "
" အာ "
ရွှေမျက်မှန်နှင့်လူသည် မှင်သက်နေသည်။
ဒဏ်ရာရနေသောလူသည် အနည်းဆုံး ၈ယောက်မှ ၉ယောက်လောက် ရှိသည်။
တစ်ယောက်ချင်းစီ အတွက် ယွမ်၁သန်းဆိုပါက သူသည် ယွမ်၁၀သန်း နီးပါးလိုအပ်သည်။
သူ့တွင် ထိုမျှလောက် ငွေပမာဏ မရှိချေ။
" ကျွန်တော် … ကျွန်တော်မှာ စုစုပေါင်း ငွေ ၂သန်းပဲ ရှိတာပါ။ ကျွန်တော် တကယ်ကို မတတ်နိုင်ပါဘူး "
သူသည် မျက်နှာငယ်လေးဖြင့် သနားစရာကောင်းစွာ ယဲ့ဖန်ကို ကြည့်နေသည်။
" ဟိုစူပါကားကို ရောင်းလိုက်ရင် လုံလောက်တယ်၊ ဟုတ်တယ်မလား။ တစ်ယောက်ချင်းစီကို ၁သန်း၊ တစ်ခုခု လျော့နေတာနဲ့ ငါမင်းကို ခံစားသွားရအောင် လုပ်ပေးမယ် "
ယဲ့ဖန်သည် သူ၏ ခြိမ်းခြောက်မှုကို လုံးဝ မဖုံးကွယ်ထားချေ။
" လုံလောက်ပါတယ် … အဲ့တာက လုံလောက်ပါတယ် "
ရွှေမျက်မှန်နှင့်လူသည် ကျည်ဆံကို ကိုက်၍ သဘောတူရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။
စူပါကားသည် အမှန်ပင် ၁၀သန်းနီးပါး တန်ကြေးရှိသည်။
သို့သော်အခါ ယခုတွင် ထိခိုက်ထားသောကြောင့် အများဆုံး ၅သန်းကျော်ကျော်လောက်သာ တန်မည် ဖြစ်သည်။
သူစုဆောင်းထားသော ၂သန်းကျော်ကျော်နှင့် ပေါင်းလိုက်ပါက သူ့တွင် စုစုပေါင်း ၇သန်းမှ ၈သန်းလောက်သာ ရှိမည်ဖြစ်သည်။
အကယ်၍ သူ၏ ဆွေမျိုးနှင့် သူငယ်ချင်းများစီမှ ချေးလိုက်ပါက သူ့တို့ကို လျော်ကြေးပေးရန် လုံလောက်သွားနိုင်သည်။
ထိုသို့ လုပ်ပါက သူသည် ဒေဝါလီခံရပြီး အကြွေးများစွာ တင်သွားမည်ဖြစ်သည်။
သို့သော် သူသည် ထိုအရာနှင့် ပတ်သက်၍ ဘာမှမလုပ်နိုင်ပေ။
ဝီလ်ဆင်လိုဖြစ်ကာ ပင်လယ်ထဲ ပစ်ချခံလိုက်ရခြင်းထက် ဤသည်က ပို၍ကောင်းသည်။
ယဲ့ဖန်၏ စကားကို ကြားသွားသော ဒဏ်ရာရနေသည့် လူများသည် ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် ကျလာကြသည်။
သူတို့အားလုံးသည် လျော်ကြေးရရန် မမျှော်လင့်ထားကြပေ။
မည်သို့ပင်ဖြစ်စေ ဝီလ်ဆင်၏ အနောက်တွင် ဟုန်းမိသားစု ရှိနေသည်။
ထိုကဲ့သို့ လူတစ်ယောက်နှင့် ရင်ဆိုင်ရခြင်းသည် သူတို့အတွက် ကံမကောင်းဘူးဟုသာ ဝန်ခံရုံပဲတတ်နိုင်သည်။
သို့သော် ယဲ့ဖန်က သူတို့တစ်ယောက်ချင်းစီအတွက် ငွေ၁သန်းစီ လျော်ကြေးတောင်းပေးမည်ဟု မထင်ထားမိခဲ့ချေ။
ထိုလူများထဲတွင် တစ်ယောက်၊ နှစ်ယောက်လောက်သာလျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။
ကျန်လူများသည် ဒဏ်ရာအနည်းငယ်သာ ရထားသည်။
သို့သော် သူတို့သည် တကယ်ပင် ထိုမျှလျော်ကြေးပမာဏ အများကြီးရကြသည်။
ဤအရာသည် မိုးပေါ်မှ မုန့်ကျလာခြင်း ဖြစ်သည်။
" ကျေးဇူးတင်ပါတယ်၊ ကျေးဇူးရှင်ကြီးရယ်။ မင်းရဲ့ မွန်မြတ်တဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် "
" မင်းက တကယ့်ကို သက်ရှိဘုရားအလောင်းအလျာပဲ။ ငါသေချာပေါက် မင်းအတွက် နေ့တိုင်းအိမ်မှာ ဘုရားရှိခိုးပြီး သက်တော်ရာကျော်ရှည်အောင် ဆုတောင်းပေးမယ် "
" ဒီလူငယ်လေးက အရမ်းတော်လွန်းတယ်။ သူက ချောရုံတင်မဟုတ်ဘူး။ ကြင်လည်းကြင်နာတတ်သေးတယ်။ သူက အရမ်းကို ပြီးပြည့်စုံတယ် "
" လူငယ်လေး၊ ငါ့မှာ အသက်၁၆နှစ်အရွယ် မြေးမလေးတစ်ယောက်ရှိတယ်။ သူမက ပန်းလေးတစ်ပွင့်လိုပဲ လှပတယ် … "
ထိုအချိန်တွင် ယဲ့ဖန်သည် လူတိုင်း၏ ရင်ထဲတွင် နတ်ဘုရားတစ်ပါးပမာ ဖြစ်နေသည်။
ဒဏ်ရာမရသော လူများသည် ရင်ဘတ်ကို ထုကာ ခြေဆောင့်နေကြသည်၊
ဘာလို့ ငါတို့က လျင်လျင်မြန်မြန် ရှောင်နိုင်ခဲ့တာလဲ။
ငါတို့ ကားတိုက်ခံလိုက်ရရင် ကောင်းမှာပဲ။
ငါတို့က ဒီလောက်တောင် ကံကောင်းလှတဲ့ အခွင့်အရေးတစ်ခုကို လွဲချော်သွားကြတာပဲ။
ချန်းဖေးအယ်သည် ယဲ့ဖန်အား လူတိုင်းမှ တလေးတစား အသိအပြုနေမှုကို တွေ့နေရပြီး သူမ၏ အကြည့်သည်လည်း ပြောင်းလဲသွားသည်။
ထို့အပြင် ယဲ့ဖန်သည် အစောပိုင်းက ဘုရင်တစ်ပါးလို အငွေ့အသက်များ ပြခဲ့သည်။
ဖုန်းတစ်ချက်ဖြင့် ရှောင်ချန်းချင်းသည် ရေချိုးဝတ်စုံနှင့်ပင် သူ့ကို လာကယ်သည်။
ဖုန်းတစ်ကောလ်သည် ဟုန်းရှောင်ထျန်းကို နောက်ဆုတ်သွားစေသည်။
ဤသို့ ဝင့်ကြွားမှု၊ ကြီးစိုးမှုတို့သည် သူမ၏ ရင်ခုန်သံကို မြန်လာစေသည်။
ယဲ့ဖန်သည် လှည့်ကြည့်လိုက်သောအခါ သူမသည် သူ့ကို ချစ်ဆိပ်တက်နေသော အမူအရာဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရသည်။
" ဘာလဲ။ မင်း ကိုယ့်ကို ကြိုက်နေတယ်လို့တော့ မပြောနဲ့ "
ချန်းဖေးအယ်၏ မျက်လုံးများသည် လျင်မြန်စွာ အဝေးသို့ လွှဲလိုက်သည်။
" နင်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေတာပဲ။ ဘယ်သူက နင့်ကိုကြိုက်လို့လဲ "
သူမသည် ထွက်သွားချင်နေသည်ကို ယဲ့ဖန်သည် သိသည်။
ထို့ကြောင့် သူမ လက်မောင်းကို ကိုင်၍ နောက်သို့ ပြန်ဆွဲခေါ်လိုက်သည်။
" ကိုယ့်ကို ကြိုက်တာက ရှက်စရာမဟုတ်ဘူး "
" ကိုယ့်ကို ကြိုက်နေတဲ့လူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ကိုယ့်ကို မျက်နှာချင်းဆိုင် ဖွင့်ပြောဖို့ အခွင့်အရေးရတဲ့လူ အများကြီးမရှိဘူး။ မင်း အခွင့်အရေးကို ဆုပ်ကိုင်ထားရမယ် "
" ဘယ်သူက နင့်ကို ဖွင့်ပြောချင်နေလို့လဲ။ နင်က အတ္တမကြီးလွန်းဘူးလား။ သွားကြမယ် "
ချန်းဖေးအယ်သည် ပို၍ ရှက်လာကာ ပို၍ ရုန်းလာသည်။
သို့သော် သူမသည် သူ့လက်မှ လွတ်အောင် မလုပ်နိုင်ချေ။
" မင်းအခု အရမ်းလှနေတယ် "
ယဲ့ဖန်သည် သူမ၏ အနည်းငယ် မိန်းမဆန်နေသောမျက်နှာကို ငေးကြည့်ကာ သူ့နှုတ်ခမ်းသည် ကျေနပ်နေသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။
ချန်းဖေးအယ်သည် သူ့စကားကို ကြားသောအခါ သူမ၏ နူးညံ့သောခန္ဓာကိုယ်လေးသည် တုန်ယင်သွားကာ ရုန်းကန်နေခြင်းလည်း ချက်ချင်းပင် ရပ်တန့်သွားသည်။
လုံခြုံရေးအဖွဲ့သို့ ဝင်လိုက်ကတည်းက သူမ၏ မိန်းမဆန်သေ ာတစ်ဖက်ခြမ်းကို ဖုံးကွယ်ထားခဲ့သည်။
သူမသည် အမြဲလိုပင် ပေရေနေကာ တစ်ခါတစ်လေ သူမသည် မိန်းကလေးဆိုတာကိုပင် မေ့လျော့နေခဲ့သည်။
တစ်စုံတစ်ယောက်မှ သူမ၏ အလှကို ချီးကျူးခြင်းသည် မည်မျှ ကြာခဲ့ပြီဆိုတာကို သူမသည် မမှတ်မိတော့ချေ။
အထူးသဖြင့် ယဲ့ဖန်က ထိုစကားကို ပြောသောအခါ ထိုအရာသည် သူမကို ထူးဆန်းသေ ာခံစားချက်တစ်ခု ပေးစွမ်းနေသည်။
ဤအချိန်တွင် ယဲ့ဖန်၏ ခေါင်းသည် သူမအနားသို့ ပို၍ နီးကပ်လာနေသည်။
ဤသည်ကို သူမ မြင်သော်လည်း မငြင်းပယ်ခဲ့ချေ။
သူမသည် သူ့ကို ရီဝေဝေနှင့် ကြည့်နေကာ သူမ၏ နှလုံးသားထဲတွင် တစ်စုံတစ်ခုကို မျှော်လင့်နေကာ စိတ်လှုပ်ရှားနေသည်။
သူတို့နှစ်ယောက် နီးကပ်တော့မည့်အချိန်မှာပင် သူ့အိတ်ကပ်ထဲမှ ဖုန်းသည် ရုတ်တရက် ထမြည်လာခဲ့သည်။
" ဒီခွေး ....... "
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့စွာ ကျိန်ဆဲလိုက်သည်။
သူသည် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်။
မျက်မှောင်ကြုတ်မိသော်လည်း ဖုန်းကိုကိုင်လိုက်သည်။
ချန်းဖေးအယ်၏ ပေါက်ထွက်လုမတတ် ဖြစ်နေသာ နှလုံးသားသည်လည်း ပြန်လည်ငြိမ်သက်သွားသည်။
သူမသည် နည်းနည်း ကံကောင်းသွားသလို ခံစားလိုက်ရသော်လည်း အနည်းငယ် စိတ်ပျက်မိနေသေးသည်။
သူမ၏ ခံစားချက်များသည် ရှုပ်ထွေးနေသည်။
သူမသည် ပန်းခြံထဲမှ လူများကိုကြည့်လိုက်ရာ သူမတို့နှစ်ယောက်ကို ထူးဆန်းသော အပြုံးများဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည်။
ဤသည်ကား သူမအား တွင်းတစ်တွင်းထဲသို့ ဝင်ပုန်းချင်စိတ် ပေါက်သွားအောင် ရှက်ရွံ့သွားစေသည်။
သူမ ရင်တထိတ်ထိတ်ဖြစ်နေချိန် ယဲ့ဖန်သည် ဖုန်းပြောပြီး ပြန်လာခဲ့သည်။
" အားကန်က အရှုံးကို ဝန်ခံလိုက်ပြီ "
ချန်းဖေးအယ်၏ မျက်လုံးများသည် တောက်ပသွားသည်။
အဆိပ်က တကယ်ကြီး အလုပ်ဖြစ်သွားတာလား။
............................
သူတို့နှစ်ယောက် ဂိုထောင်ဆီသို့ အမြန်ပြန်သွားသောအခါ အားကန်၏ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။
သူ၏ ခေါင်း၊ ခန္ဓာကိုယ် နှင့်ခြေထောက်များသည် ကုတ်ခြစ်ရာများဖြင့် ပြည့်နေသည်။
ထို့အပြင် ထိုကုတ်ရာများသည် အလွန်နက်ကာ တချို့နေရာများ၌ အရိုးဖြူများကိုပင် မြင်တွေ့နေရသည်။
" အားဟားဟား … အဲ့တာက အရမ်းယားတယ် … ယဲ့လူကြီးမင်း … ငါအရှုံးကို ဝန်ခံပါတယ် … ကျေးဇူးပြုပြီး ငါ့ကိုမြန်မြန်လေး ပေးသေလိုက်ပါ "
" အား…. ငါ အရမ်းနာတယ် ………………. "
အားကန်သည် မြေပြင်ပေါ်တွင် လူးလှိမ့်နေကာ သူ့လက်များသည် သူ့ခန္ဓာကိုယ်ကို ကုတ်ခြစ်နေသည်။
ရွှေစွပ်ပြုတ်လုံခြုံရေးမှ လူဖြစ်စေ၊ ဟုန်းမိသားစုမှ လူဖြစ်စေ၊ ရှောင်းမိသားစုမှ လူဖြစ်စေ၊ သူတို့အားလုံးသည် သွေးထွက်သံယိုမြင်ကွင်းများကို မြင်ဖူးပြီးသား ဖြစ်သည်။
သို့သော် ယခုချိန်တွင် သူတို့သည် ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့ထိတ်လန့်နေကြသည်။
ဤသည်ကား လုံးဝကို ငရဲပင်ဖြစ်သည်။
အပိုင်း ( ၁၀၃၂ )
ငါ ဝန်ခံပါ့မယ်၊ အရာအားလုံးကို ငါဝန်ခံပါ့မယ်
လူတိုင်းသည် ယဲ့ဖန် ပြန်လာonfကို မြင်သောအခါ အနည်းငယ် တုန်ယင်သွားကြသည်။
သူတို့၏ မျက်လုံးထဲတွင် ဤနူးညံ့သော လူငယ်လေးသည် နတ်ဆိုးတစ်ကောင်ထပ်ပင် ပို၍ ကြောက်စရာ ကောင်းနေသည်။
သူသည် အသက်ရှင်နေသော လူတစ်ယောက်အား လူမဟုတ်၊ သရဲမဟုတ်သည့်
အခြေအနေအထိ ဖြစ်သွားအောင် တကယ် လုပ်နိုင်ခဲ့သည်။
အရိုးချုံ့နည်းပညာ၏ နာကျင်မှုကို ခံနိုင်ရှိသော အားကန်လို လူတစ်ယောက်အတွက် မည်သည့် ညှင်းပန်းနှိပ်စက်မှု နည်းကမျှ အကျိုးမသက်ရောက်နိုင်ချေ။
သို့သော် ယခုအခါ ထိုလူသည် သနားညှာတာပေးရန် တောင်းပန်နေရပြီ ဖြစ်သည်။
ဤသည်က သူ ဘယ်လောက်ပင် နာကျင်ခံစား နေရကြောင်း မြင်နိုင်သည်။
ချန်းဖေးအယ်သည် အားကန်အား ရှင်းပြချက်တစ်ခုပေးရန် အားသုံးချင်နေသော်လည်း သူ၏ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရသောအခါ သူမသည် အနည်းငယ် ထိတ်လန့်သွားသည်။
တစ်ချိန်တည်းမှာပင် သူမသည် ယဲ့ဖန်၏ နည်းလမ်းများအပေါ် နားလည်မှုတစ်ခု ရရှိလိုက်သည်။
သူ့ရဲ့ စစ်ဆေးမေးမြန်းတာကို ဘယ်သူမှ မခံနိုင်လောက်ဘူး၊ ဟုတ်တယ်မလား။
အကယ်၍ ဤကဲ့သို့ နည်းလမ်းမျိုးသည် ဆိုးရွားသော ရည်ရွယ်ချက်များရှိသည့် တစ်စုံတစ်ယောက်၏ လက်ထဲသို့ ရောက်သွားပါက မတွေးဝံ့စရာများ ဖြစ်သွားမည် ဖြစ်သည်။
ကံကောင်းစွာဖြင့် ယဲ့ဖန်သည် အနည်းငယ် ဆိုးနေသောလူတစ်ယောက် ဖြစ်နေသော်လည်း လူယုတ်မာသော လူတစ်ယောက်တော့ မဟုတ်ပေ။
အကယ်၍ ယဲ့ဖန်သည် သူမမှ သူ့အား ဤကဲ့သို့အကဲဖြတ်ထားခြင်းကို သိပါက သူသည် သေတဲ့အထိ ငိုနေလိမ့်မည် ဖြစ်သည်။
သူသည် တကယ်ပင် အလွန် ကြင်နာတတ်သောလူ ဖြစ်သည်။
သူသည် သူ၏ ကောင်းမွန်သော ပန်းတိုင်ကို ရရှိရန် အနည်းငယ် ကြမ်းတမ်းသောနည်းလမ်းကို သုံးခြင်းသာ ဖြစ်သည်။
ဤအချက်အရ ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ပန်းတိုင်ခြင်းတူကြသည်။
သို့သော် သူတို့၏နည်းလမ်းများသည် အနည်းငယ်ကွဲပြားကြသည်။
သူသည် အားကန်ဆီသို့ ဖြည်းညှင်းစွာ လမ်းလျှောက်သွားပြီးနောက် သူ၏ နှုတ်ခမ်းသည် အနည်းငယ် တွန့်ကွေးသွားသည်။
" အရင်က ငါ့အဆိပ်ရဲ့ အကျိုးသက်ရောက်မှုကို ခင်ဗျားက မယုံခဲ့ဘူးလေ။ အခုရော ယုံပြီလား "
" ငါမင်းကို ယုံပါတယ် … ငါအဲ့တာကို ယုံပါတယ် ။ ကျေးဇူးပြုပြီး ငါ့ကို ဖြေဆေးပေးပါ။ ငါ တကယ် ဒီထပ်ပိုပြီး မခံနိုင်တော့ဘူး "
အားကန်သည် ခေါင်းညိတ်ရင်း ရူးသွပ်စွာ ကုတ်ခြစ်နေသည်။
သူကုတ်လိုက်သည့် အကြိမ်တိုင်းတွင် အနည်းငယ် နက်သော သွေးထွက်ဒဏ်ရာအချို့ သေချာပေါက်ကျန်ခဲ့သည်။
သူ၏ ခန္တာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းသည် အကောင်းပကတိ ရှိမနေတော့ပေ။
ယဲ့ဖန်သည် အဖြူရောင်ကြွေပုလင်းတစ်လုံး ထုတ်ကာ ဖြည်းညှင်းစွာ ပေးလိုက်သည်။
အားကန်သည် အသက်ကယ် ကောက်ရိုးတစ်မျှင်ကို မြင်လိုက်ရသလို ချက်ချင်း လှမ်းဆွဲလိုက်သည်။
သို့သော် ယဲ့ဖန်သည် သူ့လက်ကို ပြန်ရုတ်လိုက်သည်။
" မင်းက ဝန်ခံဖို့ တကယ် ဆန္ဒရှိနေတာလား "
အားကန်သည် မှင်သက်သွားသည်။
" ငါ … ငါ … "
ယဲ့ဖန်သည် ချက်ချင်းပင် သရော်လိုက်သည်။
" မင်းကြည့်ရတာ အဲ့အကြောင်း မစဥ်းစားရသေးတဲ့ပုံပဲ။ ဒါဆိုလည်း အဲ့ကိစ္စကို ဆက်စဥ်းစားနေလိုက်ဦး "
သူသည် စကားပြောနေရင်းနှင့် ကြွေပုလင်းကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
" မလုပ်ပါနဲ့ … ငါ … ငါ ဝန်ခံပါ့မယ်။ ငါ အရာအားလုံးကို ဝန်ခံပါ့မယ် … ကျေးဇူးပြုပြီး ငါ့ကိုဖြေဆေးပေးပါ "
အားကန်၏ နောက်ဆုံးခံစစ်သည် ပြိုကွဲသွားပြီးနောက် သူသည် ဝမ်းနည်းနေသော မျက်နှာနှင့် တောင်းပန်လိုက်သည်။
ထိုအခါမှသာ ယဲ့ဖန်သည် ကျေနပ်သွားသည်။
သူသည် အားကန်ကို ကြွေပုလင်းပေးလိုက်သည်။
" အဲ့လိုလုပ်မှပေါ့။ ပညာရှိတစ်ယောက်က အချိန်အခါကို နားလည်တယ် "
အားကန်သည် ကြွေပုလင်းကို အမြန်လုယူလိုက်သည်။
အထဲတွင် ဆေးတစ်လုံးတည်းသာ ရှိသည်။
သူသည် ဆေးကို အမြန်လောင်းထုတ်လိုက်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ဆေးလုံး သူ့ပါးစပ်ထဲသို့ ဝင်လာသောအချိန်တွင် သူ၏ တစ်ကိုယ်လုံးသည် အေးစက်စက် ဖြစ်သွားသလို ခံစားလိုက်ရသည်။
အရင်က သူ့ကိုယ်ထဲတွင် တစ်ခုခုရှိနေသလိုမျိုး ဖြစ်နေသာခံစားချက်သည် တဖြည်းဖြည်း စတင်၍ ပျောက်သွားသည်။
သူသည် မြေပြင်ပေါ်သို့ အားနည်းစွာ လှဲချလိုက်ကာ လုံးဝ မလှုပ်တော့ပေ။
သို့သော် ယဲ့ဖန်သည် သူ့ကို အလွယ်တကူ အလွတ်မပေးချေ။
သူသည် ချက်ချင်းပင် အားကန်ကို ထိုင်ခုံပေါ်တင်ရန် တစ်ယောက်ယောက်ကို ခိုင်းလိုက်သည်။
" အခု ငါက မေးခွန်းတစ်ခု မေးမယ်။ မင်းကဖြေ။ မင်းကိုယ့်ဘာသာ ဆင်ခြင်နေတာ ပိုကောင်းမယ်။ တကယ်လို့ လှည့်ကွက်တစ်ခုခု ကစားရဲတယ်ဆိုရင် မင်းကို အဆိပ်ရဲ့အရသာကို ထပ်မြည်းခိုင်းဖို့ ငါက အဆင်သင့်ပဲ "
ယဲ့ဖန်သည် သူ့ကိုပြုံးကာ ကြည့်နေသည်။
ယဲ့ဖန်၏ သွားများသည် ဖြူဖွေးနေသည်။
သို့သော် အားကန်၏ မျက်လုံးတွင် ထိုအရာများသည် တောရိုင်းသတ္တဝါတစ်ကောင်၏ ချွန်ထွက်နေသောသွားများကဲ့သို့ပင် ကြောက်ဖို့ကောင်းနေသည်။
" ကြိုက်တာမေးပါ၊ ငါသိတာမှန်သမျှ မင်းကိုပြောပြပါ့မယ် "
" မင်း ငါ့ရဲ့ လျှို့ဝှက်မြေပုံကို ခိုးသွားတယ်၊ ဟုတ်တယ်မလား "
" ဟုတ်တယ် "
“ မင်း အဲ့တာကို အလုပ်ရှင်ဆီ လွှဲပေးလိုက်ပြီလား။ “
“ မဟုတ်ဘူး … မလွှဲရသေးဘူး … အဲ့တာက ငါ့အိမ်မှာ “
ထိုသတင်းကို ကြားသောအခါ ယဲ့ဖန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ရတနာမြေပုံ ဒီနေရာမှာ ရှိနေသေးသရွေ့ အဆင်ပြေသည်။
အဲ့လိုသာမဟုတ်ပါ သူသည် ဤခွေးကောင်ကို တကယ်ပင် တစ်စစီလုပ်ပစ်မည် ဖြစ်သည်။
“ ဒုတိယမေးခွန်း၊ မင်းရဲ့အလုပ်ရှင်က ဘယ်သူလဲ “
“ မင်းရဲ့အလုပ်ရှင်က နျုံစစ်သွမ်းလား “
ချန်းဖေးအယ်က မေးလိုက်သည်။
သူမ၏မျက်လုံးများသည် အနည်းငယ် စိုးရိမ်နေပုံပေါ်ကာ အဖြေကို လိုချင်နေသည်။
သို့သော် အားကန်၏ မျက်နှာသည် သံသယများဖြင့် ပြည့်နှက်သွားသည်။
နျုံစစ်သွမ်းလား။
တောင်ပိုင်းကွမ်တုန်းပြည်နယ်မှာ အရင်က အချမ်းသာဆုံးလူလား။
သူက မတော်တဆမှုတစ်ခုမှာ သေသွားပြီ မဟုတ်ဘူးလား။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် သူ လိမ်မနေကြောင်းကို တွေ့နေရသည်။
သူတို့သည် စိတ်ရှုပ်ထွေးသွားကြသည်။
သူ့အလုပ်ရှင်က နျုံစစ်သွမ်း မဟုတ်ဘူးလား။
“ ဒါဆို ဘယ်သူက မင်းကို ငါ့ရဲ့ ရတနာမြေပုံကို ခိုးဖို့ ပြောတာလဲ “
ယဲ့ဖန်သည် သူ့ကို စူးရှစွာစိုက်ကြည့်နေသည်။
အားကန်၏ အမူအရာ ပြောင်းလဲမှုတိုင်းသည် သူ့မျက်လုံးများမှ မလွတ်ချေ။
“ အဲ့တာက ဂျပန်လူမျိုးတစ်ယောက်ပဲ။ သူက ငါ့ကို မြေပုံကိုခိုးခိုင်းတာ “
အားကန်သည် လျင်မြန်စွာ ရှင်းပြလိုက်သည်။
“ ကျန်းပင်းကွန်းရဲ့ ထောင်ဖောက်မှုက နင်နဲ့သက်ဆိုင်နေတယ်၊ ဟုတ်တယ်မလား “
ချန်းဖေးအယ်က ထပ်၍ မေးလိုက်သည်။
“ ဟုတ်တယ်၊ အဲ့တာက ဒီဂျပန်ကောင်ရဲ့ ညွှန်ကြားချက်ပဲ “
" အဲ့ဂျပန်ကောင်ရဲ့ နာမည်က ဘာလဲ "
“ ငါမသိဘူး။ သူကငါ့ကို မပြောပြဘူး “
“ ဒါဆို မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ပုံမှန် အဆက်အသွယ်လုပ်ကြတာလဲ “
“ သူက ငါ့ကိုအရင်ဖုန်းဆက်တယ်။ သူခေါ်တဲ့ အကြိမ်တိုင်းမှာ သူ့ဖုန်းနံပါတ်က အလိုအလျောက်ကို မမြင်ရတာ။ နောက်တစ်ခါ ငါခေါ်ရင် သူက သူ့ဖုန်းနံပါတ်ကို ပြောင်းသွားတယ် … “
" သူမင်းကို နောက်ဆုံးတစ်ခေါက် ခေါ်တာ ဘယ်တုန်းကလဲ "
“ မနေ့ညက “
ယဲ့ဖန်၏ မျက်လုံးများသည် တောက်ပသွားသည်။
“ သူမင်းကိုခေါ်တုန်းက ဘာတွေပြောခဲ့လဲ “
အားကန်သည် ခဏလောက် တုံ့ဆိုင်းသွားသည်။
သို့သော် အဆုံးတွင် ယဲ့ဖန်၏ စူးရှသော အကြည့်များအောက်တွင် သူသည် ရိုးရိုးသားသား ဖြေလိုက်သည်။
“ သူက ငါ့ကို မကြာခင် ဂျပန်ကို သွားခိုင်းတာ … “
ယဲ့ဖန်သည် သူက အထစ်ထစ်အငေါ့ငေါ့ ပြောနေတာကို မြင်ပြီးသည့်နောက်တွင် အေးစက်စွ ာမေးလိုက်သည်။
“ မင်းကဘာလို့ ဂျပန်သွားရတာလဲ “
အားကန်သည် အံ့ကြိတ်လိုက်သည်။
“ သူက ငါ့ကို ထိပ်တန်းသူဌေးတစ်ယောက်စီက ယူကျိုးဒယ်အိုးတစ်ခုကို ခိုးခိုင်းတာ။ ပြီးတော့ ယူကျိုးဒယ်အိုး နဲ့ ရတနာမြေပုံကို သူ့ဆီပေးခိုင်းတာ “
ယဲ့ဖန်၏ မျက်နှာသည် အံ့ဩမှုများနှင့် ပြည့်နှက်သွားသည်။
" ယူကျိုးဒယ်အိုးလား။ ဒဏ္ဍာရီလာ ဒယ်အိုး ၉ခုထဲက တစ်ခုဖြစ်တဲ့ ယူကျိုးဒယ်အိုးလား "
ချန်းဖေးအယ်သည် နားမလည် ဖြစ်သွားသည်။
" ဒယ်အိုး ၉ခုဆိုတာ ဘာတွေလဲ "
ယဲ့ဖန်သည် ရှေးဟောင်းအမိုက်စား သင်ခန်းစာတစ်ခု သင်ပေးရုံမှ လွဲ၍ ရွေးချယ်စရာ မရှိပေ။
“ ဒဏ္ဍာရီအရ ကြီးမြတ်တဲ့ ယူကျိုးက ဒီဒယ်အိုး ၉ခုကို ထုလုပ်ခဲ့တယ်လို့ အဆိုရှိတယ်။ အဲ့ခေတ်တုန်းက အဲ့ကိုးခုလုံးက နိုင်ငံ့ရတနာတွေပဲ။ သူတို့နာမည်တွေက ကျိကျိုး၊ ရန်ကျိုး၊ ချင်းကျိုး၊ ရှုကျိုး၊ ယန့်ကျိုး၊ ကျင်းကျိုး၊ ယူကျိုး၊ လန်ကျိုး၊ ယုံကျိုးလို့ ခေါ်ကြတယ်။ ဒါပေမဲ့ ချင်မင်းဆက် ကျဆုံးသွားတဲ့နောက်မှာ အဲ့ဒယ်စောက်အိုး ကိုးခုလုံး ပျောက်ကွယ်သွားခဲ့တယ် … “
ပိုနားထောင်လေလေ ချန်းဖေးအယ်သည် ပိုအံ့ဩလေလေ ဖြစ်သည်။
" ဒါဆိုဒါက ဒဏ္ဍာရီပေါ့။ အဲ့ဒယ်၉ခုက တကယ်ရှိတာလား "
ယဲ့ဖန်သည် ရယ်မောလိုက်သည်။
" အကယ်၍ မင်းရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မမြင်ရဘူးဆိုရင် အဲ့တာက ဒဏ္ဍာရီပဲ။ မှန်သည်ဖြစ်ဖြစ် မှားသည်ဖြစ်ဖြစ် မင်းရဲ့မျက်လုံးနဲ့ ကိုယ်တိုင် မြင်ပြီးမှပဲ အဖြေကိုသိနိုင်မှာ "
ချန်းဖေးအယ်သည် သဘောတူညီစွာ ခေါင်းညိတ်လိုက်ပြီးသည့်နောက် စိတ်ပိုင်းဖြတ်လိုက်သော အမူအရာတစ်ခု သူမ၏ မျက်နှာတွင် ပေါ်လာသည်။
“ တကယ်လို့ အဲ့တာကသာ တကယ့် ယူကျိုးဒယ်အိုး ဖြစ်နေရင် ဘာလို့ ငါတို့ ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို တခြားနိုင်ငံဆီမှာ အဆုံးသတ် စေရမှာလဲ “
“ တရုတ်ပြည်ရဲ့သားပျို၊ သမီးပျိုတွေအနေနဲ့ ငါတို့ ဘိုးဘေးတွေရဲ့ အမွေအနှစ်ကို တရုတ်နိုင်ငံဆီ ပြန်လည် ယူဆောင်လာရမယ် “
ယဲ့ဖန်သည် လက်မထောင်ပြလိုက်သည်။
“ ဒီလိုအတွေးအခေါ်က တကယ်ကို လေးစားအတုယူစရာပဲ။ မင်းက အချိန်တိုအတွင်းမှာပဲ အဓိကအရာကို ရှင်းရှင်းလင်းလင်း သိသွားစေတယ် “
“ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်အတွက်ပဲ ဖြစ်ဖြစ် ပိုပြီးကောင်းတဲ့ အကြောင်းပြချက်ကြောင့်ပဲ ဖြစ်ဖြစ် ငါတို့ ဂျပန်ကို သွားဖို့ လိုလာပြီ “
“ ဟုတ်တယ် “
ချန်းဖေးအယ်သည် လေးပင်စွာ ခေါင်းညိတ်လိုက်သည်။
........................................
ယူကျိုးဒယ်အိုး အကြောင်း သိသွားပြီးနောက် ချန်းဖေးအယ်သည် သူမ၏ အထပ်လူကြီးဆီသို့ ချက်ချင်း သတင်းပို့လိုက်သည်။
ယဲ့ဖန်သည် အားကန်ကို ဆက်၍ စစ်ဆေးမေးမြန်းနေသည်။
အလုပ်ရှင်သည် အားကန်မှ ယူကျိုးဒယ်အိုးကို ရပြီးသည့်အခါမှ သူနှင့် ဆက်သွယ်ရန် တစ်ယောက်ယောက်ကို လွှတ်လိုက်မည်ဆိုသည်ကို ယဲ့ဖန် သဘောပေါက်သွားသည်။
အဲ့တာမှ လွဲ၍ သူ့ဆီက ဘာမှ ထပ်မသိရတော့ချေ။
ဤသည်ကား အားကန်သိသမျှ အရာအားလုံးဖြစ်နိုင်သည်။
“ ငါမင်းကို ငါသိသမျှ အရာအကုန်လုံး ပြောပြီးသွားပြီ။ တကယ်ပါ၊ ငါကျိန်ရဲတယ် “
အားကန်သည် ယဲ့ဖန်က သူ့ကို မယုံမှာကြောက်သောကြောင့် အလျင်အမြန် ကောင်းကင်သို့ တိုင်တည်ပြလိုက်သည်။
“ ငါ မင်းကို ယုံပါတယ်။ မနက်ဖြန် ငါ့မြေပုံကို ပြန်ပေးဖို့ မမေ့နဲ့ “
ယဲ့ဖန်သည် ဖော်ရွေသော အပြုံးတစ်ခုကို ထုတ်ပြလိုက်သည်။
“ ဒါပေါ့၊ ငါသေချာပေါက်ကို မနက်ဖြန်ကျရင် ပို့လိုက်မယ် … ဒါဆို … ငါ … ငါအခုသွားလို့ရပြီလား “
အားကန်သည် သူ့ကို မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ သေချာတာပေါ့ “
ယဲ့ဖန်သည် ချက်ချင်း လမ်းဖွင့်ပေးလိုက်သည်။
အားကန်သည် ကြိုးစား၍ ရှေ့နှစ်လှမ်းတိုးလိုက်သည်။
သို့သော် သူသည် မည်သည့် အတားအဆီးမျှ မတွေ့ရပေ။
ထို့ကြောင့် သူသည် ချက်ချင်းပင် ဝမ်းသာသွားကာ အရှိန်ကုန်တင်တော့သည်။
သူတံခါးမှ ထွက်ခါနီးတွင် သူ့နားထဲသို့ ယဲ့ဖန်၏ အသံသည် ရုတ်တရက် ဝင်ရောက်လာသည်။
“ မင်းကို ပေးလိုက်တဲ့ ဖြေဆေးက တစ်ရက်ပဲခံမှာ။ တကယ်လို့ မင်းမနက်ဖြန် ပြန်မလာဘူးဆိုရင် ဒီနေ့ထပ် ဆယ်ဆပိုခံစားရလိမ့်မယ် “
အားကန်သည် မိုးကြိုးပစ်ချ ခံလိုက်ရသလို ခံစားသွားရသည်။
သူသည် ချက်ချင်းပင် နောက်ပြန်လှည့်လိုက်သည်။
" မင်း … မင်း အတည်ပြောနေတာလား "