အပိုင်း ၁၀၃၃-၁၀၃၆
Vol. 52 Ch. 1033-1036
အပိုင်း ( ၁၀၃၃ )
ဓားပြတွေအပေါ်ကို လေးစားတဲ့ စကားလုံးတွေ သုံးဖို့လိုလို့လား
ယဲ့ဖန်သည် သူ့ကို ပြုံး၍ ကြည့်လိုက်သည်။
“ တကယ်လို့ မင်း ငါ့ကိုမယုံဘူးဆိုရင် ကြိုးစားကြည့်လို့ရတယ်လေ ”
အားကန်သည် တုန်ယင်သွားကာ သူ့ဆီသို့ အမြန်ပြန်ပြေးလာသည်။
သူ့ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ဆီကနေ အဆိပ်ကို အပြီးဖယ်ရှားပေးပါလား "
“ ကျွန်တော် သိသမျှ အရာအားလုံးကို ပြောပြပေးပြီးသွားပြီလေ “
ယဲ့ဖန်သည် သူ့ပါးကို ပုတ်လိုက်သည်။
“ ငါ့ကိုယ်ငါတောင် မယုံတာ၊ ငါက သူခိုးတစ်ယောက်ရဲ့ စကားကို ယုံမယ်လို့ မင်းကထင်နေတာလား “
“ မင်းနာခံနေသမျှ ဖြေဆေးကို မင်းဆီပေးမှာ။ တကယ်လို့ မင်းက ငါ့အပေါ်ကို လှည့်ကွက်တွေ ကစားရဲနေတယ် ဆိုရင်တော့ ဟားဟားဟား ........ "
အားကန်သည် ချက်ချင်းပင် ပြိုလဲသွားသည်။
သူသည် ယခုတွင် တကယ်ကိုပင် ကတိဖျက်လိုက်ရန် တွေးခဲံသည်။
သူသည် ရတနာမြေပုံနှင့်အတူ ဂျပန်ကို သွားချင်နေသည်။
လောင်းကစားမြို့တွင် ယဲ့ဖန် ဘယ်လောက် ဩဇာအာဏာ ကြီးကြီး ကိစ္စမရှိပေ။
သူသည် ဂျပန်သို့ လက်လှမ်းမမှီနိုင်ချေ။
သူသည် ယဲ့ဖန်ကို တိတ်တဆိတ် ကြိတ်ရယ်နေခဲ့သည်။
ထိုလူငယ်သည် တကယ်ကိုပင် ဉာဏ်တိမ်လှသည်။
ထိုကောင်လေးသည် သူ့အား အလွယ်တကူ လွှတ်ပေးခဲ့သည်။
ဒါက ကျားကို တောတောင်ထဲ ပြန်လွှတ်လိုက်တာ မဟုတ်ဘူးလား။
အခုမှသာ သူကသာ နားလည်မှုလွဲနေသာလူဆိုတာ သူ သဘောပေါက်သွားသည်။
ထိုကောင်လေးသည် အချိန်ပြည့် သတိရှိနေခဲ့သည်။
“ သွား၊ မနက်ဖြန် ဒီအချိန်မတိုင်ခင် လာပြီး ဖြေဆေးယူဖို့ မမေ့နဲ့။ ငါ့ရဲ့ တနာမြေပုံလည်း ယူလာခဲ့ “
ယဲ့ဖန်သည် ပြုံးကာ သူ့ကို လက်ဝှေ့ယမ်းပြနေသည်။
သူ၏အပြုံးသည် အပြစ်ကင်းစင်လှသည်။
သို့သော် ထိုအရာသည် အားကန်အတွက် သူမြင်ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံး အပြုံးဖြစ်သည်။
အကယ်၍ဖြစ်နိုင်ပါက သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဒီလူကို ထပ်မံ၍ မမြင်တွေ့ချင်တော့ပေ။
သို့သော် ထိုကောင်၏ လက်ထဲတွင် သူ့အသက် ရှိနေခဲ့သည်။
သူသည် မပျော်မရွှင်သော မျက်နှာထားနှင့်သာ ထွက်သွားနိုင်သည်။
ယဲ့ဖန်သည် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အာသာနှင့် တခြားလူများသည် သူ့ကို ကြောက်ရွံ့နေသော မျက်လုံးများဖြင့်ကြည့်နေသည်ကို သိလိုက်ရသည်။
သူသည် စူးစမ်းပြီး သေချာ ကြည့်လိုက်သောအခါ သူတို့သည် မသိစိတ်အရ နောက်တစ်လှမ်းဆုတ်သွားကြသည်။
“ ဒီနေ့ လူတိုင်း ပင်ပန်းသွားရပြီ။ ဘာမှမစားရသေးဘူးမလား။ ဘာစားချင်ကြလဲ။ ကျွန်တော် ဒကာခံမယ် “
ဒီစကားကို လူတိုင်းကြားသောအခါ သူတို့သည် အလိုအလျောက်ပင် စွပ်ပြုတ်အိုးကို ကြည့်လိုက်မိကာ ကြက်သီးများထသွားကြသည်။
“ မလိုပါဘူး၊ မလိုပါဘူး။ ကျွန်တော်တို့ မဆာသေးပါဘူး “
အာသာနှင့် တခြားလူများသည် ခေါင်းကို တထိတ်တလန့် ခါနေကြသော်လည်း သူတို့၏ ဗိုက်များသည် အဆက်မပြတ် အော်မြည်နေကြသည်။
“ ဒီလိုဆိုရင်ကော ကျွန်တော် မင်းတို့ကို စွပ်ပြုတ်တိုက်မယ်လေ “
ရွှား ..........
သူပြောလိုက်သ်ည့်အခါ လူတိုင်းသည် ပြန့်ကျဲသွားကြသည်။
သူတို့သည် အပြင်ကို ကြောက်ကြောက်လန့်လန့်ပြေးသွားကြကာ တချို့တွင် ဖိနပ်များပင် မပါကြချေ။
ယဲ့ဖန်သည် သူတို့ကို အပြစ်ကင်းစင်သော မျက်နှားထားဖြင့်ကြည့်သည်။
" ကျွန်တော် ပြောချင်တာက ခင်ဗျားတို့ကို ဆိတ်သားစွပ်ပြုတ် ကျွေးမယ်လို့ "
.....................................
" မင်းပြောတာတွေက အမှန်တွေပဲလား။ ယူကျိုးဒယ်အိုးနဲ့ ပတ်သက်တဲ့ သတင်းတွေ တကယ်ရှိတယ်လား "
ချန်းဖေးအယ်သည် ဖုန်းကိုင်ထားကာ တစ်ဖက်မှ စိတ်လှုပ်ရှားနေသော ယောကျာ်းတစ်ယောက်၏ အသံသည် ချက်ချင်းပဲ ထွက်ပေါ်လာသည်။
ထိုပုဂ္ဂိုလ်မှာ လုံခြုံရေးအဖွဲ့၏ လက်ထောက်အဖွဲ့ခေါင်းဆောင် ဖန်းထန်ချွမ် ဖြစ်ပြီး သူမ၏ တိုက်ရိုက် အထက်လူကြီးလည်း ဖြစ်သည်။
ထိုလက်ထောက်ခေါင်းဆောင် ဖန်းသည် သူ၏ လက်အောက်ငယ်သားများ အရှေ့တွင် အမြဲပင် ဟိတ်ဟန်ထုတ်တတ်ကာ သူသည် တည်တည်ငြိမ်ငြိမ်ရှိသည်ဟုပင် ပြောဖူးခဲ့သေးသည်။
သို့သော် ယူကျိုးဒယ်စောက်သတင်းကို ကြားပြီးသည့်နောက်တွင် သူသည် တကယ်ကိုပင် စိတ်တည်ငြိမ်မှု ကင်းမဲ့သွားသည်။
“ အဖွဲ့ခေါင်းဆောင်ဖန်း အရမ်းစိတ်မပူပါနဲ့။ ဒါက ကိစ္စသေးသေးလေးပါ။ ရှင်စိတ်အေးအေးထားပါ “
ချန်းဖေးအယ်သည် ရယ်မောကာ လှောင်ပြောင်လိုက်သည်။
“ ယူကျိုးဒယ်က ဘာကိုဆိုလိုတာလဲ မင်းသိလား။ အဲ့ဒါက တရုတ်ပြည်ရဲ့ နိုင်ငံ့ရတနာကွ။ အဲ့တာဘယ်လိုလုပ် ဓားပြတွေလက်ထဲကို ရောက်သွားတာလဲ။ ငါ … “
“ အဖွဲ့ခေါင်းဆောင်ဖန်း ရှင့်စကားလုံးတွေကို ဂရုစိုက်ပါ။ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံကို ဘယ်လိုလုပ် အဲ့လို ခေါ်လိုက်ရတာလဲ “
“ သောက်ကျိုးနည်း အိမ်နီးချင်းနိုင်ငံ၊ ဓားပြတစ်အုပ်ပဲကွ။ ဒီယူကျိုးဒယ်က အရင်ထဲက ငါတို့နိုင်ငံဆီကနေ အခိုးခံလိုက်ရတာ။ မင်းက ဓားပြတွေအပေါ် တလေးတစားဆက်ဆံနေသေးတာလား။ မင်းကအရမ်းငယ်သေးတယ်။ စာအုပ်ကြီးအတိုင်း လုပ်မနေနဲ့ “
“ ဟုတ်၊ ဟုတ်၊ ဟုတ်။ အဖွဲ့ခေါင်းဆောင်ဖန်း ပြောတာမှန်ပါတယ်။ ကျွန်မတို့ ဘာဆက်လုပ်သင့်လဲ “
“ ကောင်းပြီ … ယဲ့ဖန်က ဘာပြောလဲ “
“ သူက အားကန်ကို ဆက်ပြီး စစ်ဆေးမေးမြန်းနေတုန်းပဲ။ သူ့စကားအရတော့ သူလည်း ဂျပန်ကို သွားချင်နေတယ် “
“ ဒါဆိုလည်း သူနဲ့အတူတူလိုက်သွားလိုက်။ ပြီးရင် မင်းကို သူက ကူညီဖို့ နည်းလမ်းတစ်ခုခုရှာထား။ နိုင်ငံဆီ ယူကျိုးဒယ်ကို မင်းပြန်ယူလာရမယ် “
“ ဘာလဲ။ ရှင်က ကျွန်မကို သူနဲ့အတူ သွားစေချင်တာလား “
ချန်းဖေးအယ်သည် သူ့အထက်လူကြီး၏ အမိန့်ကို ကြားသောအခါ ချက်ချင်းပင် တုံ့ဆိုင်းသွားသည်။
သူမသည် ထိုလူ့အပေါ်တွင် မှီခိုလာနေမိပြီဆိုသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
အကယ်၍ သူမသည် အချိန်အတော်ကြာ သူ့အနားနေရပါက သူမကိုယ်သူမ မထိန်းနိုင်မှာကို ကြောက်နေမိသည်။
“ ဒီတစ်ကြိမ် မင်းတို့တွေ အတူတူတွဲလုပ်ရတာ အဆင်ပြေတယ်မလား။ မင်း မစ်ရှင်ကို လှလှပပ အဆုံးသတ်နိုင်ခဲ့တယ်လေ။ ငါ အထက်လူကြီးတွေဆီ ခွင့်ပြုချက်တောင်းပြီးသွားပြီ “
ဖန်းထန်ချွမ်သည် ကျေနပ်အားရနေပုံပေါ်သည်။
“ ဒါပေမဲ့ … “
“ ဘာမှဒါပေမဲ့ မနေနဲ့။ ငါ့အမိန့်တွေသာ နားထောင် “
“ ကောင်းပါပြီလေ။ ဒါဆိုလည်း …. “
သူမသည် ကူရာကယ်ရာမဲ့စွာပင် ဖုန်းချလိုက်သည်။
ကြည့်ရတာ သူမသည် ထိုလူနှင့် အချိန်အတော်ကြာ အတူရှိနေရမည့်ပုံပင် ဖြစ်သည်။
သူမသည် ဂိုထောင်သို့ ပြန်ရောက်သောအခါ ဘယ်သူမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။
အားကန်သာလျှင်မဟုတ် အာသာနှင့် သူ့လူမိုက်များသည်ပင် မရှိတော့ချေ။
သူမ၏ ရင်ခုန်သံများသည် မြန်လာနေရင်း ယဲ့ဖန်ဆီသို့ လမ်းလျှောက်သွားသည်။
“ အားကန် ပြေးသွားပြီလား “
ယဲ့ဖန်သည် ခေါင်းခါပြလိုက်သည်။
“ မဟုတ်ဘူး၊ ကိုယ်သူ့ကို ထွက်သွားခိုင်းလိုက်တာ “
ချန်းဖေးအယ်သည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။
“ ဘယ်လိုတောင် သူ့ကိုလွှတ်ပေးလိုက်ရတာလဲ။ ငါတို့ သူ့ကိုဖမ်းဖို့ ဘယ်လောက်တောင် အားစိုက်ခဲ့ရလဲ “
“ တကယ်လို့ နင်သာ သူ့ကိုလွှတ်ပေးလိုက်ရင် ငါတို့အတွက် သူ့ကို နောက်တစ်ခေါက် ထပ်ဖမ်းဖို့ဆိုတာ မလွယ်တော့ဘူးလေ … “
ယဲ့ဖန်သည် သူမ ပုခုံးကို ပုတ်လိုက်သည်။
“ စိတ်မပူပါနဲ့။ မနက်ဖြန် ဒီအချိန်မရောက်ခင်မှာ သူသေချာပေါက် ပြန်လာလိမ့်မယ် “
ချန်းဖေးအယ်သည် မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လိုက်သည်။
“ ဘာလို့ သူကပြန်လာမှာလဲ “
ယဲ့ဖန်သည် ပိုင်နိုင်စွာ ပြုံးလိုက်သည်။
“ တကယ်လို့ သူ ပြန်မလာဘူးဆိုရင် မင်း တောင်းဆိုတဲ့ အရာတစ်ခုကို ကိုယ်လိုက်လျောပေးမယ်။ တကယ်လို့ သူပြန်လာခဲ့ရင် ကိုယ်တောင်းဆိုတဲ့ အရာတစ်ခုကို မင်းကလိုက်လျောပေး “
“ ဘာတောင်းဆိုမှာလဲ။ “
“ ကိုယ့်ရဲ့ နံပါတ်၈ နေရာကို ယူလိုက် “
“ သွားသေလိုက် “
အပိုင်း ( ၁၀၃၄ )
မင်းများများပေးရမယ်
တကယ်တော့ အားကန်သည် ယဲ့ဖန် ထင်ထားတာထက် သေရမည်ကို ပိုကြောက်တတ်သည်။
နောက်နေ့မနက်ခင်း သူနှင့် ချန်းဖေးအယ်တို့ အိပ်ပျော်နေတုန်းမှာပင် သူသည် ရတနာမြေပုံကို ကိုယ်တိုင်လာပို့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရှိသောကြောင့် ပတ်တီးများ စီးထားသည်။
ယဲ့ဖန်သည် တံခါးဖွင့်လိုက်သောအခါ အံ့ဩသွားသည်။
သူသည် ထိုလူအား မံမီတစ်ကောင်လို့ ထင်မိသွားသည်။
ထိုတစ်ယောက်နှင့်အတူ သူ့တပည့် ချောင်ဝမ်းဟွေ့လည်း ပါလာသည်။
ထိုလူသည် ယဲ့ဖန်ကို မြင်သောအခါ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားလိုက်ရသည်။
သူသည် သူ့ဆရာကို သစ္စာဖောက်ခဲ့မိသည်။
အကယ်၍ သူ့ဆရာသာ သိသွားပါက သူ့ကို လုံးဝ ခွင့်လွှတ်မည် မဟုတ်ပေ။
“ ယဲ့လူကြီးမင်း၊ ဒီမှာ ခင်ဗျားရဲ့ ရတနာမြေပုံပါ “
အားကန်သည် အိတ်တစ်လုံးကို လက်လွှဲပေးပြီးနောက် ဘဏ်ကဒ်တစ်ကဒ်ကိုလည်း ပေးလိုက်သည်။
ယဲ့ဖန်သည် အိတ်ကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်သည်။
သူ့ရတနာမြေပုံဖြစ်ကြောင်း အတည်ပြုပြီးသွားမှသာ ဘဏ်ကဒ်ကို စိတ်ရှုပ်ထွေးစွာဖြင့်ယူလိုက်ကာ မေးသည်။
“ ဘာကိုဆိုလိုတာလဲ။ ငါ့ကိုလာဘ်ထိုးချင်နေတာလား “
အားကန်သည် လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။
“ မဟုတ်ပါဘူး၊ အဲ့တာက ကျွန်တော့်ကို ဂျပန်ကောင်ကပေးတဲ့ ကော်မရှင်ခ သန်း၅၀ပါ။ အဲ့ထဲမှာ နောက်ထပ် သန်း၁၀၀လည်း ရှိပါသေးတယ် …. ဒါပေမဲ့ ကျွန်တော့်ရဲ့ အကျိုးမပေးတပည့်က အဲ့တာတွေကို ဆုံးရှုံးသွားပါတယ် “
ချောင်ဝမ်းဟွေ့သည် ယဲ့ဖန်ကို တစ်ချက်လောက် မြန်မြန််ကြည့်လိုက်သည်။
သူ့ရှေ့မှာရှိတဲ့ ဒီလူဆီမှာ အဲ့ဒီငွေတွေ အားလုံးကို ဆုံးရှုံးသွားခဲ့တာပဲ မဟုတ်လား။
ယဲ့ဖန်သည် သူ့ရယ်ချင်စိတ်ကို ထိန်းကာ ငြင်းလိုက်သည်။
“ ငါ ရတနာမြေပုံကို လက်ခံလိုက်မယ်။ ငါပိုက်ဆံတော့ မလိုချင်ဘူး။ ငါ မင်းတို့ကို ဘာမှ မရသွားတာ မဖြစ်စေချင်ဘူး “
သို့သော် အားကန်သည် သူ့လက်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။
“ ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို ဒေါထွက်နေတာလား “
" ကျွန်တော် မျက်စိကန်းပြီး လူကြီးမင်းရဲ့ ပစ္စည်းတွေကို ခိုးခဲ့မိပါတယ်။ အဲ့လိုမှ မဟုတ်ရင် ဒီလို အခြေအနေနဲ့ အဆုံးသတ်ရမှာ မဟုတ်ဘူး "
သူက ထိုသို့ပြောနေသောကြောင့် ယဲ့ဖန်သည် သန်း၅၀ကို မလိုချင်ဘဲ လက်ခံလိုက်ရသည်။
ထိုအခါမှသာ အားကန်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
" ယဲ့လူကြီးမင်း၊ ကျွန်တော့်ကို ဖြေဆေးပေးလို့ ရမလား “
ယဲ့ဖန်သည် ပြုံးလိုက်မိကာ အိတ်ကပ်ထဲ သူကြိုတင်ပြင်ဆင်ထားသော ကြွေပုလင်း တစ်လုံးကို ထုတ်လိုက်သည်။
“ အဲ့ထဲမှာ စုစုပေါင်းဖြေဆေး၇လုံးရှိတယ်။ သူတို့က မင်းရဲ့ လုံခြုံမှုကို တစ်ပတ်လောက် အာမခံနိုင်တယ် “
အားကန်သည် ချက်ချင်းပဲ တုန်ယင်သွားသည်။
“ ဘာလို့တစ်ပတ်တည်းလဲ။ တစ်ပတ်ကျော်သွားရင်ရော “
ယဲ့ဖန်၏ အပြုံးသည် အေးစက်သွားသည်။
“ ပြီးရင် ငါတို့ ဂျပန်သွားပြီး လျှို့ဝှက်တဲ့ ဉာဏ်ကြီးရှင်ကို သွားရှာရမယ်။ အဲ့လိုမှ ငါမင်းကို ကူညီနိုင်မယ် “
အားကန်သည် မပျော်မရွှင်ဖြစ်သွားသော်လည်း သူ့အကြည့်ကို တွေ့လိုက်ရသည့်နောက်တွင် ဘာမှမပြောရဲတော့ပေ။
“ ငါ မကြာခင် ပြည်မကြီးကို ပြန်တော့မှာ။ မင်း လောင်းကစားမြို့မှာနေပြီး ဖုန်းခေါ်တာကို စောင့်နေ။ မင်းမှာ သတင်းအသစ်တစ်ခုခု ရှိလာတာနဲ့ ငါ့ကို ချက်ချင်းဆက်သွယ်လိုက် “
ယဲ့ဖန်သည် သူ့ကို ဖုန်းနံပါတ်တစ်ခု ပေးလိုက်သည်။
အားကန်သည် ထိုနံပါတ်ကို သေချာ သိမ်းလိုက်ကာ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
“ ကောင်းပါပြီ၊ သူတို့ ကျွန်တော့်ကို ဆက်သွယ်လာတာနဲ့ သတင်းပေးပါ့မယ် “
ယဲ့ဖန်သည် တောက်ပစွာပြန်ပြုံးပြလိုက်သည်။
“ ဝင်လာပြီး ထိုင်ဦးလေ “
အားကန်သည် အထဲကို ဖျက်ခနဲကြည့်လိုက်ပြီး ချန်းဖေးအယ်သည် အိပ်ရာဝင် ဝတ်စုံနှင့် ဆိုဖာပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေသည်ကို သတိပြုလိုက်မိသည်။
သူသည် ချက်ချင်းပင် လျင်မြန်စွာ ခေါင်းခါလိုက်သည်။
“ ကျွန်တော် လူကြီးမင်းတို့ နှစ်ယောက်ကို မနှောင့်ယှက်တာ ပိုကောင်းပါတယ်။ ကျွန်တော် သွားတော့မယ် “
ထိုသို့ ပြောပြီးသည်နှင့် သူသည် နောက်လှည့်ကာ သူ့တပည့်နှင့်အတူ ပြန်သွားသည်။
ယဲ့ဖန်သည် တံခါးပိတ်ကာ ပြန်ဝင်လာရင်း ရတနာမြေပုံနှင့် ဘဏ်ကဒ်ကို ကော်ဖီခုံပေါ်သို့ ပစ်တင်လိုက်သည်။
“ ဘယ်လိုလဲ၊ ၈ယောက်မြောက် ရှင်မရေ။ ကိုယ် မှားသွားလား။ သူ ပြန်မလာဘူးလား “
ချန်းဖေးအယ်သည် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ ဘယ်သူက နင့်ရဲ့ ၈ယောက်မြောက် ရှင်မလဲ။ ငါ့ကို အဲ့လို မခေါ်လို့ မရဘူးလား “
“ ကောင်းပါပြီ၊ ၈ယောက်မြောက်လေး "
“ ……… “
ချန်းဖေးအယ်သည် ထိုလူနှင့် ရင်ဆိုင်နေရလျှင် လုံးဝကို အကူအညီမဲ့နေသည်။
သို့သော် သူမသည် သူ့ကို လေးစားအားကျနေစဲဖြစ်သည်။
သူသည် တကယ်ပင် အားကန်လို သူခိုးဘုရင်ကို သူ့လက်ခုပ်ထဲတွင် ထည့်၍ ကစားနိုင်သည်။
အဖွဲ့ခေါင်းဆောင်ဖန်းက သူမကို သူနှင့်အတူ ဂျပန်သွားဖို့ အထူးတလည် ညွှန်ကြားနေသည်မှာ အံ့ဩစရာမရှိပေ။
ထိုလူ၏ အကူအညီမပါလျှင် သူမသည် ဤတာဝန်မစ်ရှင်ကို ပြီးဆုံးအောင် လုပ်နိုင်မည့် ပုံမပေါ်ချေ။
“ ဒါနဲ့ ညက ကိုယ်ပြောတာကို စဥ်းစားပြီးပြီလား “
သူမသည် သူ့ကို ညက ထိုအကြောင်းကို ပြောပြခဲ့သည်။
သို့သော် သူသည် သူမကို အဖြေတိတိကျကျ မပေးခဲ့ချေ။
“ ကိုယ်က လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့ဝင်မှမဟုတ်တာ။ ဘာလို့ လုံခြုံရေးအဖွဲ့ကို ကူညီရမှာလဲ “
ယဲ့ဖန်သည် သူ၏ ရတနာမြေပုံကို ထပ်ခါထပ်ခါ မြှောက်၍ ဆော့ကစားနေသည်။
“ နင် … ဒါက ငါတို့လုံခြုံရေးအဖွဲ့ရဲ့ ကိစ္စမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ နိုင်ငံရဲ့အရေးကိစ္စလေ။ နင်က ယူကျိုးဒယ်အိုးကို တရုတ်ပြည်ဆီ ပြန်မယူလာချင်ဘူးလား “
ချန်းဖေးအယ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။
“ ကိုယ်က သေချာပေါက် ယူကျိုးဒယ်ကို ပြန်ယူလာမှာ။ ဒါပေမဲ့ ဘာလို့ ကိုယ်က မင်းကို အကျိုးအမြတ်တွေကို ခွဲပေးရမှာလဲ။ မင်းတို့က ရာထူးတွေဘာတွေ တိုးနေတဲ့အချိန်မှာ ကိုယ်က ဘာအကျိုးအမြတ်ရမှာလဲ “
ယဲ့ဖန်သည် ငြင်းဆန်နေစဲဖြစ်သည်။
“ နင် … ဘာလို့ အရမ်းတစ်ကိုယ်ကောင်းဆန်နေရတာလဲ။ ဘာလို့ ပြောသမျှအရာအားလုံးက အကျိုးအမြတ်တွေ အကြောင်းပဲ ဖြစ်နေရတာလဲ “
ချန်းဖေးအယ်သည် ဒီလူ၏ အကျိုးကျေးဇူးကို ဦးစားပေးသည့် စိတ်ထားကို သည်းမခံနိုင်တော့ပေ။
သူ့မှာ တာဝန်ယူချင်စိတ် လုံးဝမရှိဘူးလား။
“ ကိုယ်က စီးပွားရေးသမားလေ။ ဒါပေါ့၊ အကျိုးအမြတ်မရှိပဲနဲ့ အိပ်ရာစောစော မထဘူး “
ယဲ့ဖန်သည် အရိုက်ခံရသင့်သလို ပြုံးလိုက်သည်။
“ ဒါဆို နင်က ဘာအကျိုးအမြတ်လိုချင်တာလဲ “
ချန်းဖေးအယ်သည် ပိုပိုပြီး မျက်မှောင်ကြုတ်မိသွားသည်။
ယဲ့ဖန်သည် သူမကို တိတ်တဆိတ်လှည့်ပတ်ကြည့်ရှုနေကာ သူမ ပြေးမထွက်မသွားခင် အချိန်မှာပဲ အကြောင်းအရာ ပြောင်းပြောလိုက်သည်။
“ တကယ်တော့ ကိုယ့်ကို လာဘ်ထိုးဖို့က အရမ်းလွယ်ပါတယ်။ များများသာပေးလိုက် “
ထိုစကားကို ပြောပြီးသည်နှင့် သူသည် ထပ်၍ လေကုန်မခံတော့ချေ။
ချန်းဖေးအယ်သည် မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။
သို့သော် သူမတွင် ရွေးချယ်စရာမရှိပေ။
ရေချိုးခန်းထဲသို့ဝင်သွား၍ ဖုန်းဆက်ကာ သူမ၏ အထက်လူကြီးဆီသို့ သတင်းပို့လိုက်သည်။
ယဲ့ဖန်သည် ထိုအကြောင်းကို အာရုံစိုက်ဖို့ အလွန်ပျင်းရိနေသည်။
သူသည် ရတနာမြေပုံကို သူ့ခန္တာကိုယ် အနီးတွင်ထားကာ ဘဏ်ကဒ်ထဲမှ ငွေအားလုံးကို သူ့အကောင့်ထဲသို့ လွှဲလိုက်သည်။
လောင်းကစားမြို့သို့ လာသောခရီးတွင် သူသည် တော်တော်များများ ရခဲ့သည်။
သူသည် ရွှေစွပ်ပြုတ်လုံခြုံရေးကို ရခဲ့ရုံသာမက ဟန်မိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်ခဲ့ကာ သူ့ကိုယ်တိုင်လည်း လောင်းကစားမြို့တွင် အကောင်ကြီးတစ်ယောက်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
အရေးကြီးဆုံးအနေနှင့် သူသည် ငွေသားပမာဏ တော်တော်များများရရှိခဲ့သည်။
သူသည် မနေ့ညကပင် တော်တော်များများကို ရေတွက်ခဲ့ပြီးပြီဖြစ်သည်။
လောင်းကစားမြို့သို့ ရောက်ပြီးသည့်နောက်တွင် သူသည် ပထမဦးစွာ အားကန်၏တပည့်၊ချောင်ဝမ်းဟွေ့နှင့် အလောင်းအစားလုပ်ခဲ့ကာ သန်း၁၀၀ နိုင်ခဲ့သည်။
အဲ့တာပြီးသည့်နောက်တွင် သူသည် တော်ဝင်နန်းတော် ကာစီနိုရုံတွင် သန်း၃၀၀ နိုင်ခဲ့သည်။
ထိုကိစ္စ ပြီးသည့်နောက်တွင် သူသည် လီယောင်းဂျီနှင့် လောင်းကစားလုပ်သောအခါ နောက်ထပ် ငွေသား သန်း၂၀၀ ထပ်နိုင်သည်။
ထို့နောက် လောင်းကစားဘုရင်ပြိုင်ပွဲဖြစ်သည်။
သူသည် ဖိုင်နယ်ပွဲကို လွဲချော်သွားခဲ့သော်လည်း သူသည် စုစုပေါင်းသန်း၄၀၀နိုင်ခဲ့သည်။
မနေ့ညက အရူးကောင် လျုံထျန်းစစ်ကို အရင်တွေ့သည်။
ထို့နောက် ဝီလ်ဆင်ကိုတွေ့သည်။
ထိုနှစ်ကောင်မှ ပေးသောလျော်ကြေးငွေသည် သန်း၃၀၀အထိ တိုးသွားခဲ့သည်။
ထို့အပြင် အားကန်က ခုနကလေးတင် သူ့ကို သန်း၅၀ပေးသွားသည်။
အားလုံးပေါင်းလိုက်လျှင် ၁.၄ဘီလီယံနီးပါး ရှိသည်။
လောင်းကစားမြို့ဆီမလာခင်က သူ့ပန်းတိုင် ၁၀ဘီလီယံမှာ ၃.၃ဘီလီယံနီးပါးသာ ကွာဝေးတော့သည်။
သို့သော် အတော်လေးရိတ်သိမ်းပြီးသည့်နောက်တွင် ကျန်နေသောပမာဏသည် ၁.၉ဘီလီယံထိ ကျဥ်းမြောင်း သွားခဲ့သည်။
ထို့အပြင် ရတနာမြေပုံကိုလည်း ပြန်ယူနိုင်ခဲ့သည်။
သူသည် အောင်ပွဲ၏ အရုဏ်ဦးကိုပင် မြင်တွေ့နေနိုင်ပြီဖြစ်သည်။
နှစ်ပေါင်း၂၀၀၀ကျော်တိုင်အောင် ငြိမ်သက်နေခဲ့သော ရှန်းဘုရင်၏ ရတနာသိုက်ကို သူ့လက်ဖြင့် ဖွင့်နိုင်တော့မည်ဖြစ်သည်။
ထို့ကြောင့်သူသည် စိတ်လှုပ်ရှားနေသည်။
သူသည် သူ၏ မဖြစ်နိုင်သော စိတ်ကူးယဥ်မှုများထဲတွင် နစ်မြုပ်နေစဥ် ချန်းဖေးအယ်သည် သတင်းပို့ခြင်းပြီးဆုံးကာ ရေချိုးခန်းထဲမှ ထွက်လာသည်။
“ ငါတို့ခေါင်းဆောင်က ပြောလိုက်တယ်။ နင်သာ ယူကျိုးဒယ်စောက်ကို ပြန်ယူလာနိုင်သရွေ့ ငါတို့က ဆုကြေး ငွေသား ၁ဘီလီယံပေးနိုင်တယ် “
ယဲ့ဖန်၏ နှုတ်ခမ်းများသည် တွန့်ကွေးသွားသည်။
ငွေက မိုးပေါ်ကနေ တကယ်ကြီးကျလာတာလား။
အပိုင်း ( ၁၀၃၅ )
ယဲ့လူကြီးမင်းက မင်းကို အရင်သိတာလား။ ဒါမှမဟုတ် ငါ့ကို အရင်သိတာလား။
လောင်းကစားမြို့လေဆိပ်တွင်
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ထွက်ခွာမည့် ခန်းမထဲတွင် ထိုင်နေကာ လေယာဥ်ပေါ်တက်ရန် စောင့်နေသည်။
လောင်းကစားမြို့တွင် ရှိသော သူတို့၏ ကိစ္စသည် ပြီးသွားပြီဖြစ်သည်။
အားကန်သည်လည်း သူ့အလုပ်ရှင်၏ ဖုန်းကို စောင့်နေဆဲ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ထိုနေရာတွင် ရူးရူးမိုက်မိုက် စောင့်မနေကြချေ။
ယန်းချန်မြို့သို့ ပြန်ကာ သတင်းကို နားစွင့်နေမည် ဖြစ်သည်။
တာဝန်သည် ပြီးဆုံးသွားပြီဖြစ်သည်။
နောက်ဆုံးတွင် ချန်းဖေးအယ်သည် သူမမုန်းနေသာ ဂါဝန်နှင့် ဒေါက်ဖိနပ်တို့ကို ဝတ်စရာမလိုတော့ပေ။
သူမသည် သူမ၏ ယောက်ျားဆန်သော ဝတ်စုံများကို ပြန်လည်ဝတ်ဆင်ထားသည်။
ထိုဝတ်စုံကြောင့် သူမ၏အလှသည် မထိခိုက်သွားပဲ ယောကျာ်းနှင့်မိန်းမ နှစ်မျိုးပေါင်းစပ်ထားသော လှပမှုမျိုးကို ထပ်၍ ဖြည့်ဆည်းထားပေးသည်။
သူတို့နှစ်ယောက်သည် ထိုနေရာတွင် ထိုင်နေသည်မှာ ၁၀မိနစ် ကျော်လာပြီဖြစ်သည်။
သူမ၏စိတ်ဝင်စားမှုကို ရရှိရန် တမင်တကာ လမ်းလျှောက်နေသော လူအချို့လည်း ထိုနေရာတွင် ရှိနေကြပြီ ဖြစ်သည်။
“ ဟေး၊ ငါ မင်းကို ပြောထားပြီးသားလေ။ မီလီယံအနည်းငယ်ပဲတန်တဲ့ စီးပွားရေးသေးသေးလေးတွေအတွက်နဲ့ ငါ့ကို ဖုန်းမဆက်နဲ့။ မင်းဘာသာမင်း ဆုံးဖြတ်လိုက် “
“ ဘာလဲ။ မာသူဌေးက ငါ့ကို ထမင်းလိုက်ကျွေးချင်နေတာလား။ ဘယ် မာသူဌေးလဲ။ ငါ အခုအပန်းဖြေခရီးထွက်နေတယ်။ သူနဲ့တွေ့ဖို့ အချိန်မရှိဘူးလို့သာ ပြောလိုက် “
“ ဘာလို့ ငါ့စိတ်ကြိုက်လုပ်ခိုင်းတဲ့ Private Jetက အခုထိ မပို့ပေးသေးတာလဲ။ ဘာလဲ။ အဆင့်အရမ်းမြင့်လွန်းလို့ လက်နဲ့လုပ်နေကြတာလား။ ယွမ်၁ဘီလီယံပဲ ကျတဲ့ လေယာဥ်ကို အဆင့်မြင့်တယ်လို့ ထင်နေတာလား …. “
ယောကျာ်းအချို့သည် သူတို့ဖုန်းများကို ကိုင်နေကြကာ သူတို့ အရမ်းချမ်းသာသည်ကို ဘယ်သူမှ မသိမည်ကို ကြောက်နေကြသည့်အတိုင်း တမင်တကာပင် ကျယ်ကျယ်လောင်လောင် စကားပြောနေကြသည်။
ထို့အပြင် သူတို့တစ်ယောက်ချင်းစီတိုင်းသည် အခြားလူများထက် ပို၍ ကြွားဝါနေကြသည်။
အကယ်၍ သူတို့သာ ဆက်၍ကြွားနေပါက ကောင်းကင်တွင် ပျံသန်းရန် ဒုံးပျံကို ဝယ်နေရမည်ဖြစ်သည်။
ချန်းဖေးအယ်သည် သူတို့၏ အရည်အသွေးနိမ့်သော ဟန်ဆောင်နည်းလမ်းများကို အထင်သေးနေသည်။
နှိုင်းယှဥ်ကြည့်ပါက ဤသူဌေးကြီးယဲ့ဖန်သည် အတော်ပင် အေးအေးဆေးဆေးဖြစ်လှသည်။
ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်သည် အံ့ဩသွားသည်။
“ ဘုရားရေ၊ ဒီမှာ ဇိမ်ခံကားတွေ အများကြီးပါလား “
လူတိုင်းသည် အပြင်ဘက်ကို ကြည့်လိုက်ကြရာ ဇိမ်ခံကားတန်း အရှည်ကြီးသည် လေဆိပ်အပြင်ဘက်၌ ဖြည်းညှင်းစွာ ပါကင်ထိုးနေကြသည်။
A Rolls-Royce limousineသည် ရှေ့ဆုံးတွင်ရှိကာ နောက်တွင် Maybach , Bentley … စသည်ဖြင့်ရှိနေကြသည်။
ထိုနေရာ၌ သည် ဇိမ်ခံကားပြပွဲကြီးလိုပင် ဖြစ်နေသည်။
ကားတန်းကြီး ရပ်သွားပြီးနောက်တွင် ကားသမားများသည် တစ်ညီတစ်ညာတည်းထွက်လာကြကာ ကားနောက်တံခါးကို လျင်မြန်စွာ သွားဖွင့်လိုက်ကြသည်။
ချက်ချင်းပင် ထူးခြားသောအငွေ့အသက်များနှင့် လူတစ်စုသည် ကားထဲမှထွက်လာကြသည်။
" ဘုရားရေ၊ အဲ့တာ လောင်းကစားပြိုင်ပွဲရဲ့ သုံးနှစ်ဆက်ချန်ပီယံ ဟုန်းကျားကျွန်းမလား။ သူလည်း လေယာဥ်စီးမလို့လား "
“ ဟုန်းကျားကျွန်းရဲ့ ဘေးကလူက ဟုန်းမိသားစုရဲ့ခေါင်းဆောင် ဟုန်းရှောင်ထျန်း ဖြစ်သင့်တယ်၊ ဟုတ်တယ်မလား။ လောင်းကစားမြို့မှာ ဩဇာအာဏာအရှိဆုံးလူလေ “
" ငါဘာတွေမြင်နေရတာလဲ။ ငါတို့နောက်က ကားထဲက ထွက်လာတဲ့လူက ရှောင်မိသားစုခေါင်းဆောင်နဲ့ တူတယ်။ ရှောင်ချန်းချင်း၊ ဟုတ်တယ်မလား "
“ ဟုန်းနဲ့ ရှောင်မိသားစုခေါင်းဆောင်တွေက တကယ်ကြီး ဒီနေရာမှာရှိနေကြတာလား။ သူတို့ ဘာလုပ်နေကြတာလဲ။ သူတို့နောက်လူတွေက ဘယ်သူတွေလဲ “
“ ငါသူ့ကိုသိတယ်။ သူက ရွှေစွပ်ပြုတ်လုံခြုံရေးက ဥက္ကဌ လျုံဖုန်းဟိုင်လေ။ သူက ငါတို့ကုမ္ပဏီကို ပူးပေါင်းမှုတစ်ခုအတွက် လာခဲ့သေးတယ် “
“ အဲ့တာ တင်းယွင်လုံခြုံရေးက သူဌေး၊ ဝမ်းချွမ်။ တင်းယွင်လုံခြုံရေးက လောင်းကစားမြို့မှာ ဒုတိယအကြီးဆုံးလုံခြုံရေးကုမ္ပဏီလေ။ သူတို့က ရွှေစွပ်ပြုတ် လုံခြုံရေးပြီးရင် ဒုတိယပဲ “
“ ကျန်တဲ့လူတွေက ကာစီနိုရုံတွေက ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေပဲ။ ဒီအကောင်ကြီးတွေ အများကြီး ဘာလို့ ဒီနေရာမှာ ရှိနေကြတာလဲ “
“ တစ်ခုခုတော့ ကြီးကြီးမားမား ဖြစ်လာတော့မယ် … “
သူတို့ အထိတ်တလန့်ဖြစ်နေချိန်မှာပဲ ထိုလူစုသည် ခန်းမထဲသို့ လျင်မြန်စွာ လမ်းလျှောက်လာကြသည်ကို သူတို့သည် တွေ့လိုက်ရသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းသည် ခြေတစ်ချက်ပေါက်ရုံနှင့် လောင်းကစားမြို့ကို လှုပ်ခါနိုင်သူများ ဖြစ်သည်။
ဒီလို အကောင်ကြီးတွေ အများကြီးက အတူတူ လမ်းလျှောက်လာနေကြတာလား။
လေဆိပ်လုံခြုံရေးသည် သူတို့ကို မတားဆီးဝံ့ပဲ ဧည့်ခန်းသို့ ဝင်ခွင့်ပြုလိုက်သည်။
သူတို့အားလုံးထဲတွင် ဟုန်းကျားကျွန်းသည် အငယ်ဆုံးဖြစ်သည်။
သူသည် ကောင်းမွန်သော အမြင်အာရုံရှိသည်။
သူသည် တစ်ချက်ကြည့်ရုံနှင့် ထောင့်တစ်နေရာတွင် ထိုင်နေသော ယဲ့ဖန်ကို တွေ့သွားသည်။
သူသည် လျင်မြန်စွာပင် ဟုန်းရှောင်ထျန်း၏ နားထဲသို့ တစ်ခုခု တီးတိုးပြောလိုက်သည်။
ဟုန်းရှောင်ထျန်းသည် လမ်းညွှန်မှုကို ရပြီးသည့်နောက်တွင် ယဲ့ဖန်ကို တွေ့သွားကာ လျင်လျင်မြန်မြန် လမ်းလျှောက်သွားသည်။
တခြားလူများလည်း သူ့နောက်လိုက်လာကြသည်။
ယဲ့ဖန်နားတွင် ထိုင်နေသာလူများသည် သူတို့ဆီသို့ ဒီအကောင်ကြီးအုပ်စုလမ်းလျှောက်လာသည်ကို မြင်သောအခါ လျင်လျင်မြန်မြန် မတ်တပ်ရပ်လိုက်ကြသည်။
သူတို့ခြေထောက်များသည် တုန်ယင်နေကြသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သာလျှင် တောင်ကဲ့သလို့ တည်ငြိမ်စွာ ထိုင်နေကြစဲ ဖြစ်သည်။
ထိုအရာကို မြင်သောအခါ လူတိုင်းသည် ရယ်မောလိုက်ကြသည်။
“ သူတို့နှစ်ယောက်ကိုကြည့်စမ်းပါဦး။ ဒီလိုအကောင်ကြီးလာနေတဲ့အချိန်မှာ ဒီလောက်တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေကြတယ် “
“ တကယ်လို့ သူတို့သာ အကောင်ကြီးတွေရဲ့ရှေ့မှာ ကောင်းကောင်းမွန်မွန်ပြုမူရင်၊ အကောင်ကြီးတွေရဲ့ မျက်နှာသာပေးတာကို ရကောင်းရနိုင်ပြီး ကောင်းကင်ပေါ်ကို တိုက်ရိုက် ပျံတက်သွားနိုင်မှာ “
“ ဒီလို အခွင့်အရေးကောင်းကို မင်းတို့က မဆုပ်ကိုင်ဘူးဆိုရင် ကျန်နေတဲ့ မင်းတို့ဘဝတစ်လျှောက်လုံး အသုံးမကျတဲ့သူ ဖြစ်သင့်တယ် “
သူတို့သည် ဆွေးနွေးနေရင်း သူတို့၏ အသွင်အပြင်များကို သပ်သပ်ရပ်ရပ် ပြုပြင်နေကြသည်။
အထူးသဖြင့် မိန်းမတစ်ချို့သည် စိတ်လှုပ်ရှားနေကြကာ မည်သို့ ပြုမူရမည်လဲ ဆိုတာကို တွေးတောနေကြသည်။
အကယ်၍ သူတို့သည် အကောင်ကြီးများ၏ ပေါင်ကို ဖက်ထားနိုင်ပါက သုံးယောက်မြောက် ဒါမှမဟုတ် လေးယောက်မြောက် ဖြစ်မည်ဆိုလျှင်ပင် ကိစ္စမရှိချေ။
အနည်းဆုံးတော့ သူတို့ ကျန်ဘဝတစ်လျှောက်လုံးကို စိုးရိမ်ပူပင်နေရတော့မည်မဟုတ်ပေ။
သို့သော် ထိုအကောင်ကြီးများသည် သူတို့ကို ကြည့်ပင်မကြည့်ပေ။
သူတို့သည် ယဲ့ဖန်ဆီကိုသာ တည့်တည့်သွားကြသည်။
“ အား၊ ယဲ့လူကြီးမင်း ပြည်မကြီးဆီ ပြန်တော့မယ်ဆိုတာ ကျွန်တော်တို့ကို ဘာလို့ မပြောတာလဲ။ ကျွန်တော့်ကို အပြင်လူတစ်ယောက်လို ဆက်ဆံနေတာလား “
ဟုန်းရှောင်ထျန်းသည် ပထမဦးဆုံးပြောလိုက်သည်။
သူ့စကားများသည် ယဲ့ဖန်ကို ပြစ်တင်နေသံ ပေါက်နေသော်လည်း သူသည် သူ့ကိုစိတ်ကျေနပ်သွားအောင် ကြိုးစားနေသည်ဆိုတာကို သူတို့ပြောနိုင်သည်။
ရှောင်ချန်းချင်းသည်လည်း နောက်ဆုတ်ချင်သည့်ဆန္ဒ မရှိပေ။
" ယဲ့လူကြီးမင်း၊ ငါမင်းကို နောက်နေ့ ထမင်းလိုက်ကျွေးမယ်လို့ ငါတို့သဘောတူထားခဲ့တယ် မဟုတ်ဘူးလား။ ဘာလို့ဒီလောက် မြန်မြန် ထွက်သွားတာလဲ "
တခြားအကောင်ကြီးများသည် သူ့ကို သိသိ မသိသိ လာနှုတ်ဆက်ကြသည်။
သူတို့သည် အလွန်ပင် တလေးတစားဖြစ်နေကြသည်။
တခဏလောက် လေဆိပ်တွင် ရှိနေသော လူတိုင်းသည် ကြက်သေသေသွားသည်။
အကောင်ကြီးတွေ အတူတူ လမ်းလျှောက်လာသည်ကို မြင်တုန်းက သူတို့သည် အရေးကြီးတာ တစ်ခုခုဖြစ်နေပြီဟု ထင်ခဲ့ကြသည်။
သူတို့က ဒီလူငယ်လေးကိုတွေ့ဖို့ ဒီကိုလာကြတာလား။
ဤသည်ကား သူတို့ကို တုန်လှုပ်သွားစေသည်။
ဒီလူငယ်လေးက ဘယ်သူလဲ။
ဒီအကောင်ကြီးတွေအားလုံး သူ့ကို တကယ်ကြီး ဒီလို ဖြစ်စေနိုင်တယ်လား။
ယဲ့ဖန်သည် ထိုင်နေစဲဖြစ်ကာ လူတိုင်းကို လက်သာ ဝှေ့ယမ်းပြလိုက်သည်။
“ ကျုပ်က သိုသိုသိပ်သိပ် ထွက်သွားချင်လို့ပါ။ ခင်ဗျားတို့က ဘာလာလုပ်ကြတာလဲ “
ဟုန်းရှောင်ထျန်းသည် ယဲ့ဖန်ဘေးတွင် ထိုင်လိုက်သည်။
“ ယဲ့လူကြီးမင်း၊ ငါက မင်းအလုပ်ပြီးမှာကို စောင့်နေတာ။ ပြီးရင် လောင်းကစားမြို့မှာ ရက်အနည်းငယ်လောက် အတူပျော်ကြမလို့။ မင်းက ငါ့ကို အခွင့်အရေးတစ်ခုတောင် မပေးဘူးဘဲ “
ရှောင်ချန်းချင်းသည်လည်း အခြားတစ်ဖက်တွင် ထိုင်လိုက်သည်။
“ အဲ့တာဟုတ်တယ်၊ ငါလည်း ယဲ့လူကြီးမင်းကို လောင်းကစားမြို့ရဲ့ အရသာရှိတာတွေ လိုက်ကျွေးချင်နေတာ။ ဒါပေမဲ့ မင်းက ငါ့အစီအစဥ်တွေကို ဖျက်ဆီးလိုက်တယ် “
ယဲ့ဖန်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“ အချိန်တွေ အများကြီး ရှိနေပါသေးတယ်၊ တချို့ ကိစ္စတွေရှင်းဖို့ ကျွန်တော် ပြန်သွားရမယ်။ နောက်တစ်ခါ ကျွန်တော်လာရင် ခင်ဗျားတို့ကို လာနှောင့်ယှက်မှာပါ “
ဟုန်းရှောင်ထျန်း နှင့် ရှောင်ချန်းချင်းတို့သည် ခေါင်းသာ ညိတ်နိုင်သည်။
“ ဒါဆိုလည်း အဲ့လိုပဲလုပ်တာပေါ့။ နောက်တစ်ခါ မင်း လောင်းကစားမြို့ကို လာရင် ငါ မင်းကို အရင် ထမင်းလိုက်ကျွေးမယ် “
ဟုန်းရှောင်ထျန်းသည် ချက်ချင်းပင် ကျန်လူများကို ထိုးနှက်လိုက်သည်။
“ ဘာလို့လဲ။ တကယ်လို့ တစ်ယောက်ယောက်ကို ထမင်းကျွေးချင်နေရင် ငါပဲ အရင် ကျွေးမယ်။ အရင်တည်းက ယဲ့လူကြီးမင်းနဲ့ ငါက ဆွေးနွေးထားပြီးသား “
ရှောင်ချန်းချင်းသည် ချက်ချင်း ကန့်ကွက်လိုက်သည်။
သူသည် တခြားနေရာတွင် ဒုတိယဟု ဝန်ခံနိုင်သော်လည်း ဒီနေရာတွင်တော့ မဟုတ်ပေ။
“ အတိတ်က အတိတ်ပဲ၊ နောက်တစ်ကြိမ်က နောက်တစ်ကြိမ်။ ငါတို့ အဲ့တာကို ရောထွေးလို့ မရဘူး “
“ ဟုန်းအဘိုးကြီး မင်းအဲ့လိုတော့ ပြောလို့မရဘူးလေ။ ပထမဆိုတာတော့ ရှိရမယ်။ အရင်ရောက် အရင်ယူလေ၊ ဟုတ်တယ်မလား “
“ တကယ်လို့ အဲ့လိုပြောကြေးသာဆို ငါမင်းနဲ့ စကားကောင်းကောင်း ပြောရလိမ့်မယ်။ ယဲ့လူကြီးမင်းက မင်းကို အရင်သိတာလား။ ဒါမှမဟုတ် ငါ့ကို အရင်သိတာလား “
“ အဲ့လိုပြောတာက အဓိပ္ပာယ်မရှိဘူး။ တကယ်လို့ မင်းသာ အဲ့လိုပြောလိုက်ရင် ယဲ့လူကြီးမင်းက ဒီအဘိုးကြီးရဲ့ အသက်ကိုတောင် ကယ်ခဲ့တယ်ကွ “
“ ယဲ့လူကြီးမင်းက ငါတို့ဟုန်းမိသားစုကို မျက်နှာသာပေးခဲ့တယ် “
“ မင်းက အကျိုးအကြောင်း မညီညွတ်ဘူး “
“ မင်းက အမှန်နဲ့ အမှားကို ရောထွေးနေတာပဲ “
“ တကယ်လို့ မင်းငါ့ကို ဆက်နှောင့်ယှက်နေရင် ငါယဥ်ကျေးနေမှာ မဟုတ်တော့ဘူး “
“ မင်းက ချချင်နေတာလား။ လာလေ၊ ဘယ်သူက ဘယ်သူ့ကိုကြောက်နေတာလဲ “
“ မင်းကငါနဲ့ လာပြိုင်နေတာလား၊ ဟုတ်လား “
အဆုံးတွင် ယဲ့ဖန်၏ ဖြန်ဖြေမှုအောက်တွင် နှစ်ပေါင်းတစ်ရာကျော်ကြာ အတူတူရှိနေခဲ့သော လူအိုကြီးနှစ်ယောက်သည် လူမြင်ကွင်းတွင် ရန်မဖြစ်တော့ပေ။
သို့သော် ထိုသည်က လေဆိပ်စောင့်ဆိုင်းခန်းထဲရှိ လူများကို ကြောင်တောင်တောင်ဖြစ်သွားစေသည်။
ဟုန်းရှောင်ထျန်းနဲ့ ရှောင်ချန်းချင်းလို လောင်းကစားမြို့ရှိ အကြီးဆုံးမိသားစုကြီးနှစ်ခုမှ ခေါင်းဆောင်တွေက ဒီလူငယ်လေးနဲ့ အတူ ထမင်းစားမယ့် အခွင့်အရေးကို လုယူဖို့အတွက် လူမြင်ကွင်းမှာတင် ရန်ဖြစ်လုနီးပါး ဖြစ်သွားတာလား။
အကယ်၍ သူတို့၏ မျက်လုံးများနှင့်သာ ကိုယ်တိုင် မမြင်လိုက်ရပါက သူတို့ကို သေသည်အထိ ရိုက်နှက်မည်ဆိုလျှင်တောင် ယုံကြည်လိမ့်မည် မဟုတ်ပေ။
ဒါကြီးက ဟာသမဆန်လွန်းဘူးလား။
ဒီလူက ဘယ်သူလဲ။
သူနဲ့အတူ ထမင်းစားတာက ဒီလိုအကောင်ကြီးနှစ်ကောင်ကိုတောင် အတော်လေးဂုဏ်ယူစရာတစ်ခုလို့ မြင်ပြီး တိုက်ခိုက်ဖို့ထိ ဖြစ်အောင် တကယ်ကြီး လုပ်နိုင်ခဲ့တာပဲ။
ဒါကြီးက အတော်လေးကို မယုံကြည်နိုင်စရာ မကောင်းလွန်းဘူးလား။
ဟုန်းရှောင်ထျန်းနှင့် ရှောင်ချန်းချင်းထက် သူတို့ကို ပို၍ အံ့သြသွားစေသောအရာသည် လောင်းကစားပြိုင်ပွဲ၏ သုံးနှစ်ဆက်ချန်ပီယံ၊ ဟုန်းကျားကျွန်း အပါအဝင် ကျန်လူများသည် ယဲ့ဖန်ကို စကားပြောခွင့်မရှိခြင်း ဖြစ်သည်။
ဤသည်ကား ထိုလူငယ်လေး၏ သရုပ်မှန်သည် ဘယ်လောက်တောင် ကြီးမြတ်သည်ဆိုတာကို တိုက်ရိုက်ပြနေသည်။
ထိုသည်မှာ တကယ်ကိုပင် အလွန်အံသြစရာကောင်းလှသည်။
အပိုင်း ( ၁၀၃၆ )
အဲ့လူက ဒီကိုရောက်ခဲ့ဖူးတယ်
အရင်က ချန်းဖေးအယ်ရှေ့တွင် မိမိုက်ချင်ယောင်ဆောင်ခဲ့သော ယောကျာ်းများသည် အရှက်ရသွားသလို ခံစားနေရကြသည်။
ထိုလူတွေနှင့် ယှဥ်ပါက သူတို့၏ ဟန်လုပ်နေသောနည်းလမ်းများသည် နိမ့်ကျလွန်းလှသည်။
ယခင်က ယဲ့ဖန်ကို မထီမဲ့မြင်ပြုခဲ့သော အမျိုးသမီးများသည် သူ့ရှေ့တွင် ပရောပရည် ပြုမူနေကာ ထိုခြေရာဖျောက်ထားသော အကောင်ကြီး၏ အာရုံကို ဆွဲဆောင်ရန် ကြိုးစားနေကြသည်။
ထိုအချိန်မှာပင် လေယာဥ်တက်ရန် ကြော်ငြာချက်သည် ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ဖန်သည် ဟုန်းရှောင်ထျန်းနှင့် ကျန်လူများကို လက်ပြနှုတ်ဆက်လိုက်ကာ လျုံဖုန်းဟိုင်ကို မျက်စိမှိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်သည် မနေ့ညက စကားအတော်ပြောခဲ့ကြသည်။
အဓိကအကြောင်းအရာသည် နောက်စစ်ဆင်ရေးအတွက် ပြင်ဆင်ရန်ဖြစ်သည်။
သူသည် လုံခြုံရေးအဖွဲ့ကို တိုက်ရိုက်လွှဲပြောင်းကာ ယန်းချန်မြို့သို့ ကြိုတင်ဝင်ရောက်၍ အမိန့်များကိုစောင့်ရန်ဖြစ်သည်။
သူသည် လျုံဖုန်းဟိုင်၏ အရည်အချင်းကို ယုံကြည်သည်။
သွမ့်ရှစ်ကျင်း၏ အကူအညီဖြင့် သူသည် ယန်းချန်မြို့မှ ကိစ္စများကို လွှတ်ထားနိုင်သည်။
လောင်းကစားမြို့မှ သူဌေးတစ်စုသည် ယဲ့ဖန်၏ နောက်ကျောကို လက်ဝှေ့ယမ်းပြနေကြသည်။
ယဲ့ဖန် သူတို့၏ မြင်ကွင်းမှ ပျောက်သွားပြီးမှသာလျှင် သူတို့သည် ထွက်သွားကြသည်။
အဲ့လူက လောင်းကစားမြို့ကို ရောက်လာခဲ့ဖူးတယ်။
မုန်တိုင်းတစ်ခု အစပျိုးခဲ့ပြီးနောက် သူသည် အေးအေးလူလူဖြင့်ထွက်သွားခဲ့သည်။
သို့သော် သူသည် လောင်းကစားမြို့တွင် ဖျောက်ဖျက်၍မရသော မှတ်တမ်းတစ်ခုကို ချန်ထားခဲ့သည်။
……………………..
ဤတစ်ကြိမ် လောင်းကစားမြို့တွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် အတော်ပင် ကျော်ကြားခဲ့သည်။
ယန်းချန်မြို့ကို ပြန်သောအခါ သူတို့သည် သိုသိုသိပ်သိပ် နေချင်ခဲ့သည်။
ထို့ကြောင့် သူတို့သည် ရိုးရိုးတန်းတန်းလက်မှတ်သာ ဖြတ်ခဲ့ကြသည်။
သို့သော် ဟုန်းရှောင်ထျန်းနှင့် သူ့လူမိုက်များ၏ အပြုအမူများကြောင့် သူတို့သည် လေယာဉ် တစ်စင်းလုံး၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
“ ဟယ်လို၊ ယဲ့လူကြီးမင်း။ ငါက လုကျယ်ခိုင်ပါ၊ နန့်ဘန်း ကုန်သွယ်ရေးရဲ့ အထွေထွေမန်နေဂျာပါ။ မင်းရဲ့ဘေးမှာ ထိုင်ရတာက ငါ့အတွက် ဂုဏ်ယူစရာပါပဲ … “
ယဲ့ဖန်ဘေးတွင် ထိုင်နေသာလူသည် သူ့လက်ကို ဆန့်ထုတ်ကာ ယဲ့ဖန်နှင့် ရင်းနှီးဖို့ ကြိုးစားနေသည်။
သို့သော် ယဲ့ဖန်သည် သူ့မျက်နှာပေါ်တွင် ဦးထုပ်ကို တင်လိုက်သည်။
သူသည် စကားမပြောချင်ပေ။
ထိုလူသည် လုံးဝစိတ်မဆိုးသွားချေ။
သူသည် ဆက်လက်၍ အချိန်အတော်ကြာ စကားပြောနေသည်။
“ ကျွန်တော်တို့ရဲ့ နန့်ဘန်း ကုန်သွယ်ရေးက အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီဖြစ်ပေမဲ့လည်း လုပ်ငန်းမော်ဒယ်က အတော်ခေတ်မှီပြီး ငွေကြေးလည်ပတ်မှုကလည်း ကောင်းတယ် “
“ အကယ်၍ ကျွန်တော်သာ ယဲ့လူကြီးမင်းနဲ့ အတူ အလုပ်လုပ်နိုင်လောက်အောင် ကံကောင်းခဲ့ရင် ကျွန်တော်တို့က နှစ်ဖက်လုံးပျော်ရွှင်ရမဲ့ အခြေအနေကို သေချာပေါက်ရမယ်ဆိုတာ ယုံကြည်တယ် “
သူစကားပြောနေတုန်းမှာပဲ ရွှေဆွဲကြိုးအကြိးကြီး ဝတ်ထားသော လူတစ်ယောကသည် လမ်းလျှောက်လာသည်။
“ မိတ်ဆွေ၊ ငါတို့ နေရာလဲလို့ရမလား။ ငါမင်းကို လျော်ကြေးအနေနဲ့ ယွမ်၁သိန်း ပေးနိုင်တယ် “
ထိုလူပြန်မဖြေနိုင်ခင်မှာပဲ ကျက်သရေရှိစွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် လမ်းလျှောက်လာသည်။
“ ကျွန်မ ရှင့်ကိုဒီနေရာ အတွက် ယွမ်၅သိန်းပေးမယ် “
ပြောနေရင်း သူမသည် ယဲ့ဖန်ကို မျက်စိပင် မှိတ်ပြလိုက်သေးသည်။
သူသည် မျက်လုံးများမှိတ်ကာ အနားယူနေသောကြောင့် ထိုကလူကျီစယ်သောအကြည့်သည် မျက်ကန်းတစ်ယောက်ဆီကို ပစ်ထုတ်လိုက်လိုက်သမျိုးဖြစ်သွားသည်မှာ သနားစရာကောင်းလှသည်။
ထိုလူနှစ်ယောက်သည် ဦးဆောင်၍ စကားပြောနေကာ မြောက်များစွာသောလူများသည်လည်း ဒီနေရာကိုဝယ်ရန် အပြေးအလွှားရောက်လာကြသည်။
“ ငါ ၇သိန်းပေးတယ် “
“ ၈သိန်း “
“ ငါ ၁သန်းပေးမယ် “
ယွမ်ရာဂဏန်းသာတန်သော ထိုထိုင်ခုံသည် ချက်ချင်းပင် အဆ၁၀၀၀ကျော် တန်ဖိုးရှိလာသည်။
ထိုလူအားလုံးသည် ယဲ့ဖန်၏ဘေးနားတွင် ထိုင်ချင်ကြကာ သူ့ကို ကပ်တွယ်ဖို့ အခွင့်အရေးယူနိုင်မလားဆိုတာ သိချင်နေကြသည်။
ဒီလိုအနေအထားမျိုး အကောင်ကြီးတစ်ယောက်၏နောက်သို့ လိုက်နေသရွေ့ သူတို့သည် ဟင်းရည်အချို့သောက်ရမည်ဆိုလျှင်တောင် ဤသည်ကား သူတို့တစ်ဘဝလုံး အောင်မြင်မှုများ၊ ကြွယ်ဝချမ်းသာမှုများဖြင့် နေသွားနိုင်မည်ဖြစ်သည်။
ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ချန်းဖေးအယ်သည် ချက်ချင်းပင် သူမ၏ပါးစပ်ကို အုပ်ကာ ရယ်မောနေသည်။
ဒီလူအနားမှာထိုင်ရတာက အဲ့လောက်တောင် ဂုဏ်ယူစရာကောင်းနေတာလား။
ထိုလူများသည် သူ့ဘေးနားတွင် ထိုင်ရဖို့ တကယ်ပင် ယွမ်၁သန်းသုံးဖို့ ဆန္ဒရှိနေကြသည်။
သူတို့ကဘာလို့ငါ့ကို လာမမေးကြတာလဲ။
သူမသည် သူမ၏ နေရာကို အရမ်းရောင်းချင်နေသည်။
သူတို့သည် ဆူဆူညံညံလုပ်နေချိန်တွင် ယူနီဖောင်းဝတ်ထားသော သက်လတ်ပိုင်းယောကျာ်းတစ်ယောက်သည် သူတို့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူ၏နောက်တွင် အရပ် မြင့်မြင့်လေယာဉ်မယ်တစ်ချို့ လိုက်ပါလာသည်။
“ ဟယ်လို၊ ယဲ့လူကြီးမင်း။ ငါကဒီလေယာဉ်ရဲ့ ကပ္ပတိန်၊ ဝမ်းခိုင်ရွှမ်ပါ။ လူကြီးမင်းကို ဝန်ဆောင်မှုပေးရတာ ငါ့အတွက် ဂုဏ်ယူစရာပါ “
ထိုလူသည် ယဲ့ဖန်ကို တလေးတစားဖြင့် ဦးညွတ်အရိုအသေပြုလိုက်သည်။
ယဲ့ဖန်သည် ကူရာကယ်ရာမဲ့နေသည်။
သူသည် ဦးထုပ်ကို ချွတ်လိုက်ကာ ကပ္ပတိန်ကို ခေါင်းညိတ်ပြလိုက်သည်။
“ ဘာကိစ္စရှိလို့လဲ။ “
ကပ္ပတိန်သည် အလျင်အမြန်ပြန်ပြောလိုက်သည်။
“ လူကြီးမင်းလို လူတစ်ယောက်က ဘယ်လိုလုပ် ရိုးရိုးတန်းမှာ ထိုင်နေရတာလဲ။ ကျေးဇူးပြုပြီး ပထမတန်းစား အခန်းဆီ ပြောင်းလိုက်ပါ။ ကျွန်တော်တို့က လူကြီးမင်းနဲ့ ဒီကအမျိုးသမီးအတွက် နေရာနှစ်ခု ပြင်ဆင်ပေးထားပါတယ် “
ယဲ့ဖန်သည် အစကငြင်းချင်ခဲ့သည်။
သို့သော် သူ့အနားတွင် ထိုင်ခွင့်ရဖို့ တိုက်ခိုက်နေသောလူများကို တွေ့သောအခါ သူသည် ခေါင်းညိတ်လက်ခံလိုက်သည်။
“ ကောင်းပြီလေ “
ပြီးသည်နှင့် သူ ချက်ချင်းထရပ်ကာ ချန်းဖေးအယ်နှင့်အတူ ကပ္ပတိန်နောက်သို့လိုက်ကာ ပထမတန်းစားအခန်းသို့ သွားတော့သည်။
ထိုင်ခုံနေရာအတွက် ဈေးပြိုင်နေကြသော လူတစ်စုသည် သူ့နောက်ကျောကို နောင်တများဖြင့် ကြည့်နေကြသည်။
အကောင်ကြီးတစ်ယောက်နှင့် ရင်းနှီးနိုင်မည့် အခွင့်အရေးသည် လွဲချော်သွားပြီဖြစ်သည်။
ယဲ့ဖန်ဘေးတွင်ထိုင်နေသာလူသည်လည်း နောင်တများဖြင့်ပြည့်နှက်နေသည်။
သူသည် ဘယ်သူက ပိုမြင့်သောဈေးကိုပေးမလဲဆိုတာကို သိချင်၍စောင့်ဆိုင်းနေခဲ့သည်။
အကယ်၍ အစောထဲကသာ သူသိပါက ၁သန်းပေးသောလူဆီသို့ ရောင်းလိုက်မည်ဖြစ်သည်။
ဒီအချိန်တွင်တော့ ကြက်မလည်းပျံသွားသလို ဥတွေလည်းကွဲသွားသည်။
..........................................
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် ကပ္ပတိန်နောက်လိုက်၍ ပထမတန်းစားအခန်းဆီသို့ ရောက်ရှိသွားချိန်တွင် အထဲမှ ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။
“ ငါက ဘာလို့ရိုးရိုးတန်းကို ပြောင်းသင့်တာလဲ။ ငါလဲမှာ မဟုတ်ဘူး။ မင်းတို့က ငါ့ကိုဘာလုပ်ပေးနိုင်မှာမို့လို့လဲ။ “
“ ကျွန်တော် တကယ်ကို တောင်းပန်ပါတယ်၊ ဆရာ။ ကျွန်တော်တို့ ခင်ဗျားကို လျော်ကြေးအဖြစ် ယွမ်၁သိန်းပေးနိုင်ပါတယ် “
“ ယွမ်၁သိန်း။ ငါက ငွေမရှိတဲ့ပုံ ပေါက်နေလို့လား။ မင်းတို့က ဘယ်သူ့ကို အထင်သေးရဲတာလဲကွ။ “
“ ဆရာ၊ စိတ်မဆိုးပါနဲ့။ အကောင်ကြီးတစ်ယောက်က ပထမတန်းမှာ လာအနားယူဖို့ပါ။ ချွင်းချက်ထားပေးနိုင်ဖို့ မျှော်လင့်မိပါတယ် “
“ ဘယ်အကောင်ကြီးလဲ။ သူ့ကိုလာပြီး လူကိုယ်တိုင် ပြောခိုင်းလိုက် … “
ထိုလူ၏အသံသည် အလွန်ကျယ်ပြီး စူးရှနေကာ ဒေါသံမောသံပါနေသည်။
ယဲ့ဖန်နှင့် ချန်းဖေးအယ်သည် မဝင်သေးပေ။
သူတို့သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြသည်။
ထိုအသံကို အနည်းငယ် ရင်းနှီးနေကြသည်။