← Chapters

စော်ကားမှု

Vol. 150 Ch. 2132

စော်ကားမှု

Vol. 150 Ch. 2132

ရီဖူရှင်းက တည်းခိုဆောင်၏ ခြံဝန်းအတွင်း တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူက အဝေးသို့ ငေးကြည့်နေပြီး အတော်လေး သက်သောင့်သက်သာ ရှိနေပုံပေါ်သည်။

ပိုင်ကျယ်က သူထံ ​လျှောက်လာရင်း အမြီးကို ယမ်းနေခဲ့သည်။ ရီဖူရှင်းက ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး သားရဲ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ပိုင်ကျယ်နတ်ဆိုးသားရဲက ၎င်းကို မြိုချပြီးပြီးချင်း ပြင်းထန်လှသော စွမ်းအားများ သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပေသည်။ ရှန့်ထိုနတ်ဆိုးသားရဲ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီ၌ တောက်ပသော မဟာလမ်းစဥ် အလင်းများဖြင့် လင်းလက်နေခဲ့သည်။ သူက ရီဖူရှင်းအား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ သူ၏ ဝမ်းဗိုက်ထဲမှ တိုးတိမ်၍ နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။ "ကျေးဇူးတင်ပါတယ် စီနီယာ။"

"အရင်ဆုံး အောင်မြင်အောင် အဆင့်တက်ဖို့ လုပ်လိုက်။" ရီဖူရှင်းက သူ့ကို ပြောလိုက်သည်။ ပိုင်ကျယ်က ထိုင်ချလိုက်ပြီး စတင်ကျင့်ကြံလေသည်။ ထင်ထားသလိုပင် မကြာခင်၌ သူ့ခန္ဓာကိုယ်မှ တောက်ပသော မဟာလမ်းစဥ် အလင်းများ တောက်ပလာခဲ့သည်။ သူ့အနောက်တွင် ကြီးမားသော နတ်ဆိုးအရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သူက ပို၍ မြင့်သောအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။

တည်းခိုဆောင်အတွင်းမှ လူတိုင်းက အပြောင်းအလဲကို ခံစားမိလိုက်ကြသည်။ နဝမတည်းဆိုဆောင်က ကျော်ကြားသော နေရာဖြစ်သော်လည်း အလွန် ကျယ်ဝန်းခြင်း မရှိပေ။ ထိုမျှ မြင့်မားသော ကျင့်ကြံဆင့်နှင့် တန်ခိုးရှင်များအတွက် တည်းခိုဆောင်အတွင်းမှ ကိစ္စများက သူတို့ စူးစမ်းမှုအောက်မှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ရီဖူရှင်းသည် အစကတည်းက လျှို့ဝှက်ရန် ကြိုးစားခဲ့ခြင်း မရှိချေ။ သူက အဖြစ်အပျက်များအား လူတိုင်း သိရှိမြင်တွေ့စေရန် ရည်ရွယ်ထားခဲ့သည်။

မကြာခင်မှာပင် ပိုင်ကျယ်က အောင်မြင်စွာ အဆင့်တက်သွားနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ပြင်းထန်စွာ လှုပ်ရှားနေခဲ့သည်။ ရီဖူရှင်းက နောက်ထပ် ဆေးတစ်လုံးကို ထုတ်ယူကာ သားရဲ၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ပိုင်ကျယ် နတ်ဆိုးသားရဲက မျက်လုံးများကို ဖွင့်ကာ ရီဖူရှင်းထံ ကျေးဇူးတင်သော အကြည့်တို့နှင့် ကြည့်လိုက်ပြန်သည်။ ထို့နောက် သူက အခြေခိုင်လာစေရန် ဆက်လက်၍ ကျင့်ကြံနေခဲ့သည်။ ၎င်းသည် အသက်ဓာတ် မဟာလမ်းစဥ်ဆေးလုံး ဖြစ်သည့်အတွက် မည်သည့် ဘေးထွက်ဆိုးကျိုးမှ ရှိလိမ့်မည်မဟုတ်ပေ။

"ရှန့်ထိုအဆင့်ပဲ ရှိတဲ့ နတ်ဆိုးသားရဲကို မဟာလမ်းစဥ်ဆေးလုံးပေးတယ်လား။" တည်းခိုဆောင်အတွင်းမှ လူများက ပြောစရာစကား ပျောက်ဆုံးသွားကြသည်။ ထိုဆေးလုံးများက ရန်ဟောင်အဆင့်များ ဖြစ်သည်မှာ ရှင်းလင်းသော်လည်း ရီဖူရှင်းသည် ထိုသို့သော အဖိုးတန်သည့် အရာကို ၎င်းတို့အား စုပ်ယူနိုင်မည်မဟုတ်သော ရှန့်ထိုအဆင့် နတ်ဆိုးသားရဲပေါ်၌ ဖြုန်းတီးပစ်လိုက်ပေသည်။

'ဒါ တမင်သက်သက် လုပ်ပြတာပဲ။' ဟု အခြား ရန်ဟောင်များက တွေးလိုက်ကြသည်။ ရီဖူရှင်းက ထိုမျှ တန်ဖိုးရှိသော ဆေးအား မည်သည့်အတွက် သူတို့ကို မပေးလိုက်ရသနည်း။

သူက ထိုသို့သော ဆေးမျိုးကို သူ၏ သားရဲအား သာမန်အတိုင်း ကျွေးမွေးလိုက်လေရ သူ့ထံ၌ ဆေးလုံး အရေအတွက် များစွာ ရှိရပေမည်။

အာခီမီဆရာသခင်များက ဆေးလုံးနှင့် ပတ်သတ်၍ အမြဲ ရက်ရောမှု ရှိကြပေသည်။

ထို့အပြင် ရီဖူရှင်းက တသီးတခြားနှင့် ချဥ်းကပ်ရန် မလွယ်ကူပေ။ သူက သူနှင့် ရင်းနှီးရန် ကြိုးစားသော မည်သူ့ကိုမဆို ဂရုမစိုက်ချေ။ တည်းခိုဆောင်၌ ရှိနေသူအားလုံးက သူတို့နှင့် သက်ဆိုင်ရာနေရာများတွင် ကျော်ကြားသူများ ဖြစ်ကြသော်လည်း ဤအာခီမီဆရာသခင်က သူတို့နှင့် ရင်းနှီးရန် စိတ်ဝင်စားခြင်း မရှိပေ။

ဤတစ်ကြိမ်၌ လူတစ်စုက တည်းခိုဆောင်သို့ ဦးတည်လာကြသော်လည်း သူတို့က တည်းခိုရန် လာရောက်ခြင်း မဟုတ်ချေ။သူတို့က ရောက်လာသည်နှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သူက ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်သည်။ "အာခီမီဆရာသခင်က ဒီတည်းခိုဆောင်မှာ နေတယ်လို့ ကြားမိတယ်။ သူ ဒီမှာ ရှိလား မေးလို့ရမလား။"

သူက စော်ကားခြင်းဟု သတ်မှတ်ခံရမည်စိုးသောကြောင့် တည်းခိုဆောင်၏ အခြေအနေအား ဆန်းစစ်ရန် နတ်အာရုံကို အသုံးမပြုခဲ့ပေ။

လူတိုင်းက သူ့အသံကို ကြားလိုက်ရပြီး အပြင်သို့ ကြည့်လိုက်ကြသည်။ သူတို့သည် ချက်ချင်းပင် ထိုလူများက မည်သူဖြစ်ကြောင်း သတိပြုမိလိုက်သည်။

"သူတို့ ဒီလောက်မြန်မြန်လာခဲ့တာပဲ။" တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။

"သူက ဒီလောက် မြန်မြန်ကြီး ထျန်းယိအိမ်တော်ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မယ်လို့ မထင်ခဲ့ဘူး။"

သူတို့ထဲမှ မည်သူကမှ စကားမဆိုကြပေ။ သူတို့သည် ရီဖူရှင်းအား တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။ ရီဖူရှင်းက ယခင် တည်းခိုဆောင်အတွင်းရှိ အခြားဧည့်သည်များနှင့် ရင်းနှီးရန် ဂရုမစိုက်ခဲ့ပေ။ သူက ထျန်းယိအိမ်တော်မှ ဤလူများကို မတူကွဲပြားစွာ ဆက်ဆံလိမ့်မည်လား။

တိတ်ဆိတ်ခြင်းက ကြီးစိုးသွားသည်။ ရီဖူရှင်းက မတုံ့ပြန်ခဲ့ပေ။ ထို့အစား သူသည် သူတို့က သူ့ကို စကားပြောနေသည်အား မသိသကဲ့သို့ စိတ်အေးလက်အေး အမူအရာမျိုးနှင့် ပိုင်ကျယ်၏ အဖြူရောင်အမွေးများကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်

"ကျုပ်က ထျန်းယိအိမ်တော်က ထန်ချန်းပါ။ ကျုပ်တို့က ဆရာသခင်ကို ထျန်းယိအိမ်တော်ဆီ ဖိတ်ခေါ်ချင်ပါတယ်။" အဖွဲ့​ခေါင်းဆောင်က ထပ်ပြောလိုက်သည်။ သူက ရီဖူရှင်း ရှိနေသည့်နေရာကို သိနေသလို နတ်ဆိုးချီများ ရှိနေရာဘက်သို့ မော့ကြည့်လိုက်သည်။

"ထန်ချန်း။"

လူအများက အံ့အားသင့်စွာဖြင့် သူတို့၏ မျက်လုံးများကို ကျဥ်း​မြောင်းလိုက်သည်။ ထျန်းယိအိမ်တော်က အဆောတလျင် လုပ်ဆောင်ခဲ့ရုံမျှမက ဖိတ်ကြားချက်ကို အလွန် အရေးထား ဆောင်ရွက်ခဲ့သည်။ ထန်ချန်းသည် ထျန်းယိအိမ်တော်မှ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက ဆရာသခင်ထျန်းပေါင်၏ တပည့်တစ်​ယောက် ဖြစ်ပြီး ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း နှစ်ခုလုံးတွင် ထူးချွန်ပေသည်။ ထျန်းယိအိမ်တော်က ဖိတ်ကြားချက် ပေးပို့ရန် ထန်ချန်းကို လွှတ်ခြင်းဖြင့် လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်အပေါ် မြင့်မားစွာတွေးထားကြောင်း သိသာစေသည်။

"ကျုပ် မအားဘူး။" ရီဖူရှင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူ၏ အက်ရှသော အသံက သူ့ငြင်းပယ်ချက်ကို ပို၍ လေးစားမှုမရှိအောင် ပြုလုပ်နေသည်။ ထိုသည်မှာ ထျန်းယိအိမ်တော်က သူ့အတွက် မည်သို့မှ မဟုတ်သကဲ့သို့ပင် ထင်မှတ်ရစေသည်။

ရီဖူရှင်း၏ တုံ့ပြန်မှုက သူသည် မောက်မာပြီး လက်ပေါက်ကပ်သူတစ်ဦးဖြစ်ကြောင်း သိသာစေသည်။ မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက စိတ်ထဲ၌ အလွန် ကျေနပ်အားရသလို ခံစားရပေသည်။ သူက ရှေးဟောင်းတော်ဝင် သွမ့်မိသားစု၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အဆုံးမှာတော့ သွမ့်မိသားစုမှာ မဟာနတ်ဘုရားများကုန်းမြေ၌ အုပ်ချုပ်မင်းမူနေသော အဓိကအင်အားစုကြီး ဖြစ်​လေသည်။ ရီ​ဖူရှင်းက ထိုမျှအချိန်တိုအတွင်း ထျန်းယိအိမ်တော်ကို သတိပြုမိစေရန် လုပ်ဆောင်နိုင်ခဲ့သည်ကို ကျေနပ်နေသည်။ ဆိုလိုသည်မှာ သူက ရည်မှန်းချက်နှင့် တစ်ဆင့်နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်း၏ အဖြေကို ကြားသောအခါ ထန်ချန်း မျက်ခုံးများက တင်းကျပ်စွာ စုကျုံ့သွားခဲ့သည်။ ထျန်းယိအိမ်တော်က ကိုးလမ်းအတွင်းရှိ ထိပ်သီးအဖွဲ့အစည်းဖြစ်ပြီး အမြဲတစေ လူတိုင်း၏ လေးစားမှုကို ခံရပေသည်။ ထန်ချန်းက ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ဖိတ်ကြားချက်ပေးပို့ခြင်းမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော သူက အာခီမီဆရာသခင် ဖြစ်နေသောကြောင့် ယဥ်ကျေးမှုအရ လာရောက်ခြင်း ဖြစ်သည်။

သို့သော် ယဥ်ကျေးခြင်းနှင့် လေးစားမှုက အပြန်အလှန် ထပ်တူကျမနေပေ။ သူ့ကိုယ်သူ မအားဟု ပြောနေသည့်လူက မည်သည်မှ လုပ်စရာမရှိဘဲ အေးအေးလူလူ ထိုင်နေကာ သူ၏ နတ်ဆိုးသားရဲအား အစာကျွေးနေခဲ့သည်။ သိသိသာသာပင် ၎င်းက ညံ့ဖျင်းလှသည့် ဆင်ခြေတစ်ခုသာ ဖြစ်ပေသည်။

"ကျုပ်ရဲ့ ဆရာက ခင်ဗျားကို လူကိုယ်တိုင် တွေ့ချင်နေတာ။ ဒါကြောင့် ကျုပ်တို့ကို မျက်နှာသာပေးတဲ့အနေနဲ့ လိုက်လာပေးမယ်ဆို ကျေးဇူးတင်မိမှာပါ။" ထန်ချန်းက ဒေါသထွက်နေသော်လည်း စိတ်ထိန်းကာ နောက်ထပ် တောင်းဆိုမှုပြုလိုက်သည်။

ရီ​ဖူရှင်းက ထိုင်ခုံ၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး မည်သို့မှ မဖြစ်သလို ပြုမူနေသည်။ သူက အဝေးကို ငေးကြည့်ကာ သာမန်အတိုင်း ပြောလိုက်၏။ "မင်းဆရာက ကျုပ်ကို တွေ့ချင်တာဆိုရင် သူ ကိုယ်တိုင် မလာသင့်ဘူးလား။ ဘာလို့ ကျုပ်က သူ့ဆီ သွားရမှာလဲ။ အဲဒီလိုပဲ ကျုပ်က ဘာလို့ မင်းရဲ့ ဖိတ်ကြားချက်ကို လက်ခံသင့်တာလဲ။"

ရီဖူရှင်း၏ စော်ကားမော်ကားနိုင်သော တုံ့ပြန်မှုက တည်းခိုဆောင်အတွင်းရှိ တန်ခိုးရှင်တိုင်းကို ထိတ်လန့် တုန်လှုပ်သွားစေသည်။

ထန်ချန်း၏ ဆရာက မည်သူနည်း။

ဆရာသခင်ထျန်းပေါင်က ကိုးလမ်းတွင် အကောင်းဆုံး အာခီမီဆရာသခင်ဖြစ်ကာ ထျန်းယိအိမ်တော်၌ မြင့်မားသော အဆင့်အတန်း ရှိသည်။ လူတိုင်းသိသလောက် မဟာနတ်ဘုရားများမြို့တွင် ရှေးဟောင်းတော်ဝင်မိသားစု၏ အကြီးအကဲ ဆရာသခင်မှလွဲလျှင် ဆရာသခင်ထျန်းပေါင်ထက် ဆေးဖော်စပ်ခြင်း၌ သာလွန်သည့် အခြားသူမရှိပေ။

ယခု ဤလျှို့ဝှက်ဆန်းကြယ်သူက ဆရာသခင် ထျန်းပေါင်အား ကိုယ်တိုင် လာရောက်တွေ့ဆုံရန် ပြောနေသည်။

ရီဖူရှင်းပြောသည်မှာ ကျိုးကြောင်း ဆီလျော်ပြီး နည်းလမ်းတကျ ပြောရလျှင် ဆရာသခင်ထျန်းပေါင်က ရီ​ဖူရှင်းနှင့် တွေ့လိုပါက ကိုယ်တိုင် လာသင့်သော်လည်း သူတို့၏ အဆင့်အတန်း ကွာဟချက်ကိုလည်း ထည့်သွင်း စဥ်းစားသင့်ပေသည်။ ဆရာသခင်ထျန်းပေါင်ကဲ့သို့ လူမျိုးကို မည်သူမဆို တွေ့ရန် မဖြစ်နိုင်ပေ။

ဖိတ်ကြားချက် လက်ခံရရှိခြင်းကပင် ဂုဏ်ယူဖွယ် ဖြစ်နေပြီ ဖြစ်၏။

ရီဖူရှင်း၏ တုံ့ပြန်မှုက ထျန်းယိအိမ်တော်အား ခံရခက်စေမှာ သေချာပေသည်။

ထင်ထားသလိုပင် ထန်ချန်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူက လုံလောက်အောင် ယဥ်ကျေး၍ လေးစားမှု ပြသပြီးပြီဟု ယုံကြည်ထားသော်လည်း ဤမာနကြီးသော အာခီမီဆရာသခင်က ဆရာသခင်ထျန်းပေါင်အား အမိန့်ပေးရဲပေသည်။ မည်မျှ မထီလေးစားနိုင်လိုက်သနည်း။

"ကိုးလမ်းမှာ ဘယ်သူကမှ ကျုပ်ဆရာကို လာဖို့ မပြောရဲဘူး။ ခင်ဗျားက ပထမဆုံးပဲ။" ထန်ချန်း၏ လေသံက ပြောင်းလဲသွားသည်။

ရီ​ဖူရှင်းက စိတ်အနှောက်အယှက်ဖြစ်ခြင်း မရှိသလို ကြောက်ရွံ့ပုံလည်း မပေါ်ပေ။ ပိုင်ကျယ်က သူ၏ ကျင့်ကြံခြင်းပြီးဆုံးသွားသောအခါ ရီဖူရှင်းအား မှီလိုက်သည်။ ရီဖူရှင်းက ပိုင်ကျယ်၏ အဖြူရောင်အမွေးများကို ပွတ်သပ်ပေးနေပြီး မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ သူသည် ထန်ချန်း၏ သဘောထားနှင့် သူ့အား နှိမ့်ချနေသော ဖိတ်ကြားမှုအား သဘောမကျချေ။ သူတို့က သူ့အပေါ် လုံလောက်အောင် သဘောထားကြီးပေးထားသလို ပြုမူနေခဲ့သည်။ သူသည် ထျန်းယိအိမ်တော်ကို စိတ်ဝင်စားလျှင်ပင် ဖိတ်ကြားချက်အား လက်ခံမည် မဟုတ်ပေ။

ရီဖူရှင်းထံမှ လျစ်လျူရှုမှုအား ထပ်မံရရှိလိုက်ပြီးနောက် ထန်ချန်း၏ မျက်လုံးများက အေးစက်လာသည်။ သို့ဆိုလျှင်ပင် သူက နဝမတည်းခိုဆောင်၏ စည်းမျဥ်းများကို ချိုးဖောက်ရဲခြင်း မရှိပေ။ သူက ရီဖူရှင်းအား အဓိပ္ပါယ်အပြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျား ဒီမှာ နေရတာ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။"

သူက နောက်ဆုံး မှတ်ချက်ပြုပြီးနောက် သူ့လူများနှင့်အတူ ထွက်ခွာသွား​လေသည်။

ထန်ချန်း ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က ရီဖူရှင်းကို ပြောလိုက်သည်။ "ဆရာသခင် ထျန်းယိအိမ်တော်က ကိုးလမ်းမှာ အစွမ်းထက်ဆုံး အင်အားစုတစ်ခုပဲ။ ထန်ချန်းရဲ့ ဆရာကို ဆရာသခင်ထျန်းပေါင်လို့ခေါ်ပြီး အဆင့်ကိုး မဟာလမ်းစဥ်ဆေးလုံးကို ​ပြုလုပ်နိုင်တဲ့ အဆင့်မြင့် အာခီမီဆရာသခင် တစ်ယောက်ပဲ။ အခု ခင်ဗျားက သူတို့ကို ဆန့်ကျင်မိသွားတယ်။ တည်းခိုဆောင်မှာ နေရင် လုံခြုံပေမယ့် အပြင်ကို သွားတဲ့အခါ ဂရုစိုက်သင့်တယ်။"

"အဲဒါမှန်တယ်။ ကိုးလမ်းမှာ လူကောင်းလူဆိုး အကုန် ရောနေကြတယ်။ ဒီနေရာရဲ့ အခြေအနေတွေက အတော်လေး ရှုပ်ထွေးတယ်။" အခြားတစ်ယောက်ကပါ ပြောလိုက်သည်။ ရီဖူရှင်းသည် သူတို့၏ မည်သည့်စကားကိုမှ မကြားသကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေဆဲ ဖြစ်သည်။ လူအများသည် သူတို့၏ ခင်မင်ရင်းနှီးစွာ သတိပေးမှုက လက်ခံရရှိသလား မသိကြပေ။

ရီဖူရှင်း၏ တုံ့ပြန်မှုက တည်းခိုဆောင်ထဲမှ လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ ထိုလျှို့ဝှက်ဆန်းကြယ်သူက ခေါင်းမာလှပြီး ကျွဲပါးစောင်းတီးကဲ့သို့ပင် ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင် ရီဖူရှင်းက မတ်တပ်ရပ်ကာ ပိုင်ကျယ်နတ်ဆိုးသားရဲအား ပြောလိုက်သည်။ "ငါတို့ ရောက်ကတည်းက အပြင်မထွက်ရသေးဘူး။ ဆေးဖော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေ ရှာတွေ့နိုင်မလားလို့ ကံသွားစမ်းကြည့်ရအောင်။"

ထို့နောက် သူက ပိုင်ကျယ်၏ ကျောပေါ်တွင် ထိုင်ကာ ခြံဝန်းကို ဖြတ်သန်း၍ တည်းခိုဆောင်မှ ထွက်ခွာသွားပါသည်။ တန်ခိုးရှင်များ၏ မျက်နှာထက်တွင် ဇဝေဇဝါနှင့် အံ့အားသင့်သော အကြည့်တို့ ဖြစ်ပေါ်လာသည်။

သူတို့က သူ့ကို ဂရုတစိုက် နေရန် သတိပေးခဲ့သော်လည်း သူက သူတို့အားလုံးကို အလေးအနက် မမှတ်ယူခဲ့ပေ။ ထို့အစား သူက နတ်ဆိုးသားရဲကို စီးကာ တည်းခိုဆောင်အပြင် ထွက်သွားခဲ့သည်။

'မည်မျှရဲရင့်လိုက်သည့်လူနည်း' ဟုအခြားရန်ဟောင်များက တွေးလိုက်ကြသည်။ ရီဖူရှင်းက ထျန်းယိအိမ်တော်ကို ဆန့်ကျင်ခဲ့ပြီး ယခုလေးတင် ထန်ချန်းထံမှ သတိပေးမှုကို လက်ခံရရှိခဲ့သော်လည်း သူသည် တည်းခိုဆောင်ထဲမှ ထွက်ခွာသွားရဲသေးသည်။ မည်မျှ မောက်မာလှသော အာခီမီဆရာသခင်နည်း။ သူက ထျန်းယိအိမ်တော်ကို လုံးဝ ဂရုမစိုက်သည်လား။ သို့မဟုတ်လျှင် ထျန်းယိအိမ်တော်က သူ့အား ဆန့်ကျင်လိမ့်မည် မဟုတ်ဟု ယုံကြည်နေသ​ည်လား။

"တစ်ချက်လောက် သွားကြည့်ရအောင်။" ရန်​ဟောင်များက ပြောလိုက်ကြသည်။ သူတို့က ရီဖူရှင်း၏ နောက်မှ လိုက်ပါလာရင်း တည်းခိုဆောင်အပြင်ဘက် ထွက်လာကြသည်။

ရီဖူရှင်းက လမ်းပေါ်တွင် သွားနေခဲ့ပြီး အလွန် လွတ်လပ်ပေါ့ပါးနေပုံရသည်။ သူ၏ မျက်နှာဖုံးကို ကြည့်ပြီး ဆုံးဖြတ်ရလျှင် သူက လူတိုင်းပြောနေကြသည့် အာခီမီဆရာသခင်အသစ် ဖြစ်ကြောင်း လမ်းပေါ်မှ လူအချို့က သတိပြုမိကြပေသည်

ထိုစဥ်တွင် ထန်ချန်း၏ နတ်အာရုံက ထိုနေရာတစ်ဝိုက်ကို လေ့လာအကဲဖြတ်နေဆဲ ဖြစ်သည်။ ရီဖူရှင်းက ထန်ချန်းနှင့် သူ့လူများ အဝေးသို့ မရောက်ခင် တည်းခိုဆောင်မှ ထွက်လာခဲ့လေသည်။

***

အင်္ဂလိပ်ဘာသာပြန်သူ၏ မှတ်စု။ ။ မူလစာရေးသူသည် အစပိုင်းတွင် 'ထျန်းရှင်းအိမ်တော်' ဟု သုံးထားခဲ့သော်လည်း နောက်ပိုင်းတွင် 'ထျန်းယိအိမ်တော်' ဟု ပြောင်းလဲထားသည်။ ထို့ကြောင့် ဘာသာပြန်ရာ၌ ရှေ့နောက် ကိုက်ညီမှုရှိစေရန် 'ထျန်းယိအိမ်တော်' ဟုသာ အသုံးပြုမည် ဖြစ်သည်။

***

All Chapters