ကျင်းတု ကျဆုံးခြင်း
Vol. 45 Ch. 666
ဤနေရာသည် ဂျပန်နိုင်ငံအနီးရှိ ပင်လယ်ကမ်းစပ်တစ်ခု ဖြစ်သည်။ ပရမ်းပတာအခြေအနေများ စတင်ခဲ့သည့်အချိန်မှစ၍ တစ်ချိန်က စည်ကားခဲ့သော ပင်လယ်ပြင်သည်လည်း တိတ်ဆိတ်သွားခဲ့သည်။
ထို့အပြင် ဤဒေသသည် မူလကတည်းက သင်္ဘောသွားလာသည့် လမ်းကြောင်းအားလုံးနှင့် ဝေးကွာပြီး လူသူကင်းမဲ့သော ပင်လယ်ကမ်းစပ်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ရံဖန်ရံခါ ပျံသန်းသွားသော ပင်လယ်ငှက်များမှလွဲ၍ ဤနေရာတွင် သက်ရှိလက္ခဏာ မရှိသလောက်ဖြစ်နေသည်။
ရုတ်တရက်ဆိုသလို...
ယခင်က သက်မဲ့နေခဲ့သော ပင်လယ်သည် ပြင်းထန်စွာ ဆူပွက်လာသည်။
...
မရေမတွက်နိုင်သော ရေပူဖောင်းများသည် တုန်ခါကာ အထက်သို့တက်လာပြီးနောက် ရေမျက်နှာပြင်တွင် ကျောချမ်းဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထို့နောက် ပင်လယ်ပြင်တစ်ခုလုံး စတင်လည်ပတ်လာသည်။ လည်ပတ်မှုသည် ဖြည်းညင်းစွာ စတင်ပြီးနောက် တဖြည်းဖြည်း အရှိန်မြင့်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဒေသတစ်ခုလုံးသည် ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။
အကယ်၍ အပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ဝဲဂယက်၏ အလယ်ဗဟိုမှာ အမှောင်ကျနေကာ နက်ရှိုင်းနေသည်ကို တွေ့ရမည်ဖြစ်ပြီး ပင်လယ်ကြီးသည် မျက်လုံးတစ်လုံး ဖွင့်လိုက်သည့်ပမာ ကြည့်ရသူများကို ကျောချမ်းစေသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ဤဝဲဂယက်မှ စတင်ပျံ့နှံ့လာပြီး မိုင်တစ်ထောင်အတွင်းရှိ စိတ်စွမ်းအင်ရှိသော ရေနေမျိုးနွယ်ဝင်များအားလုံးသည် ၎င်းတို့၏ဘုရင် ပြန်လည်ရောက်ရှိလာခြင်းကို ကြိုဆိုနေသည့်ပမာ ကြည်ညိုလေးစားစွာဖြင့် တုန်ခါနေကြသည်။
ရုတ်တရက်ပင်...
ဝဲဂယက်အောက်မှ ကြီးမားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီး ထိုပုံရိပ်သည် အလွန်ကြီးမားသောကြောင့် ထိုဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လျင်မြန်စွာ အပေါ်သို့ ပျံတက်လာသည်။
ဘုန်း!
ရေများလည်း ကွဲထွက်သွားသည်။
ဧရာမ ဝေလငါးကြီးတစ်ကောင်သည် ရေထဲမှ ပေါ်ထွက်လာပြီးနောက် သူ၏ အဟောင်းသားဖြစ်နေသော ပါးစပ်ကို ဖွင့်ကာ ကောင်းကင်ယံကို တုန်ခါစေသည့် နားကွဲလုမတတ် အသံတစ်သံကို ထုတ်လွှတ်လိုက်သည်။
ထိုသည်မှာ ဝေလငါး၏ တေးသံဖြစ်သည်။
ပုံမှန်အားဖြင့် ရေထဲတွင်သာ ကြားရနိုင်သော ဤအသံသည် ယခုအခါ ဘုရင်ပြန်လာခြင်းကို ကြွေးကြော်နေသကဲ့သို့ ကောင်းကင်ကိုတောင် တုန်ခါစေခဲ့သည်။
ထို့နောက် ဧရာမဝေလငါးကြီး၏ ဦးခေါင်းကို တောက်ပသော အလင်းရောင်တစ်ခုမှ ဖုံးလွှမ်းသွားပြီး တော်ဝင်သရဖူဆောင်းကာ ဝတ်ရုံရှည်ဝတ်ဆင်လျပ် သုံးခွလှံကိုင်ဆောင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခန့်ညားသော အရှိန်အဝါဖြင့် ထွက်ပေါ်လာသည်။
"ဟားဟား ငါ အဝေးရောက်နေတာ အတော်ကြာပြီပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ ပင်လယ်နတ်ဘုရားဖြစ်တဲ့ ငါ ပြန်ရောက်လာပြီကွ"
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားသည် မောက်မာစွာ ရယ်မောလိုက်သည်။
သူ ခဏတာ ရယ်မောပြီးနောက် အဝေးသို့ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။
"ဟား ကြည့်စမ်းပါဦး၊ လူသားတွေက အခုဆို အတော်လေး ၀ဖြိုးနေပါလား၊ သွားကြစို့"
သူ၏ အမိန့်ပေးသံနှင့်အတူ ပင်လယ်ရေမျက်နှာပြင်သည် မြင့်တက်လာပြီး ဧရာမဝေလငါးကြီးသည် ပင်လယ်နတ်ဘုရားကို သယ်ဆောင်ကာ အဝေးရှိ ဂျပန်နိုင်ငံဆီသို့ ဦးတည်သွားလိုက်သောကြောင့် မိုးထိုးနေသည့် လှိုင်းလုံးကြီးတစ်လုံးအလားထင်ရသည်။
ယနေ့ ဂျပန်နိုင်ငံသည် အမူမဲ့အမှတ်မဲ့ ပျော်ရွှင်နေမိသည်။
ပရမ်းပတာအခြေအနေများ စတင်ခဲ့သော်လည်း ပင်လယ်ထဲတွင် သီးသန့်တည်ရှိနေသော ဤကျွန်းနိုင်ငံသည် အပျက်အစီး အနည်းဆုံး ခံစားခဲ့ရသည်။
အဓိကကုန်းမြေကြီးရှိ သိပ်စွမ်းအားမကြီးသော နတ်ဘုရားများနှင့် နတ်ဆိုးအနည်းငယ်မှလွဲ၍ မည်သည့် ပုံမှန်မဟုတ်သော အခြေအနေမျှ မကြုံတွေ့ခဲ့ရပေ။
ဤအချက်ကြောင့် ဂျပန်နိုင်ငံမှ လူများသည် အလွန်ပင်ဝမ်းမြောက်နေကြပြီး ၎င်းတို့မြေသည် အမှန်စင်စစ် နေထွက်ရာ အရပ်ဖြစ်ပြီး ထျန်းကျောက်နတ်ဘုရားမ၏ အကာအကွယ်ပေးခြင်းကိုခံရသည်ဟု ပို၍ပို၍ယုံကြည်လာသည်။ အခြားနေရာများ မည်မျှပင် ပရမ်းပတာဖြစ်နေပါစေ ဤမြေသည် ထိခိုက်မှုမရှိဘဲ ကျန်ရစ်မည်ဟု ထင်နေကြသည်။
အချိန်ကြာလာသည်နှင့်အမျှ အခြားနိုင်ငံများ ဒုက္ခကြုံတွေ့နေရချိန် ဂျပန်နိုင်ငံမှ လူများ၏ နှလုံးသားထဲတွင်တော့ ဘယ်သောအခါမျှ မငြိမ်းသတ်နိုင်သော မျှော်လင့်ချက်များ တစ်ဖန်ပြန်လည်တောက်လောင်လာသည်။
အကယ်၍ အခြားနိုင်ငံများသည် ဤနတ်ဘုရားများနှင့် နတ်ဆိုးများ၏ ပရမ်းပတာအခြေအနေကြောင့် အင်အားချည့်နဲ့သွားပါက ၎င်းတို့ ဂျပန်နိုင်ငံသည် ကမ္ဘာကြီးကို လွယ်လွယ်ကူကူ စိုးမိုးနိုင်မည် မဟုတ်ပါလား
ဤအတွေးကြောင့် ဂျပန်နိုင်ငံမှ လူများသည် ပြင်ပကမ္ဘာ၏ ကံဆိုးမိုးမှောင်ကျမှုများသည် မိမိနှင့်မဆိုင်သည့်အလား သူတစ်ပါးဒုက္ခပိုတွေ့လျှင် ဝမ်းသာလာကာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။
ထို့အပြင် ဤသို့သော ခံယူချက်မှာ သာမာန်လူများ၏ အတွေးများထဲကိုတောင် ပျံ့နှံ့သွားခဲ့သည်။ စာနာတက်ကြသော လူအနည်းငယ်သည် စိုးရိမ်ပူပန်ကြသည်မှလွဲပါက သာမန်ပြည်သူများပင်လျှင် ဂျပန်နိုင်ငံသည် အဆုံးတွင် ကမ္ဘာကြီးကို အုပ်စိုးနိုင်မည်ဟု ယုံကြည်လာကြသည်။
ထို့ကြောင့် ဂျပန် နိုင်ငံတစ်ခုလုံးသည် အမူမဲ့အမှတ်မဲ့ ပျော်ရွှင်မှုထဲသို့ ရူးသွပ်စွာ ကျဆင်းသွားပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်မှုများကိုပင် မိမိသဘောအလျောက် ဖြတ်တောက်ခဲ့ကြသည်။
တိုကျိုတွင်...
တကဲအုချီ ခီရိုခိုသည် သူမ၏လက်ထဲတွင် အလင်းစီးဆင်းဓားအား ကိုင်ဆောင်လျက် ဖြည်းညင်းစွာ သုတ်သင်သတ်ဖြတ်နေသည်။ သူမ၏ အမူအရာသည် အလွန်တည်ကြည်နေသဖြင့် အခန်းထဲတွင် ဒူးထောက်နေကြသော ခေါင်းဆောင်များမှာ အသက်ကိုပင် ကျယ်လောင်စွာ ရှူဝံ့ခြင်းမရှိပေ။
အချိန်အတော်ကြာပြီးနောက်...
တကဲအုချီ ခီရိုခိုသည် ဓားကို ဖြည်းညင်းစွာ ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး အေးစက်သော လေသံဖြင့် မေးလိုက်သည်။
"ငါခိုင်းထားတဲ့ကိစ္စ လုပ်ပြီးပြီလား"
"ဟုတ်ကဲ့၊ ခီရိုခို-ဆာမရဲ့ အမိန့်အတိုင်း ကျွန်တော်တို့ ချက်ချင်း ပြင်ဆင်မှုတွေ စတင်ထားတော့ အခုဆိုရင် ကျွမ်းကျင်တဲ့လူတွေ အများကြီးကို စုစည်းထားပြီးပါပြီ၊ သူတို့အားလုံး နေ့စဉ် တင်းကျပ်တဲ့ လေ့ကျင့်မှုတွေ ခံယူနေပါတယ်"
တကဲအုချီလည်း ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူး"
ထိုအခိုက်တွင် ရှေ့ဆုံး၌ ဒူးထောက်နေသော အဆင့်အမြင့်ဆုံး ခေါင်းဆောင်ကြီးများသည် ရိုသေစွာ မေးမြန်းလိုက်သည်။
“ခီရိုခို-ဆာမ... ဘာကြောင့် အဲ့လူတွေကို လေ့ကျင့်ခိုင်းရတာလဲဆိုတာ ကျွန်တော်သိခွင့်ရှိမလား"
တကဲအုချီ ခီရိုခိုသည် စကားတစ်ခွန်းမှပြန်မပြောဘဲ ဖြည်းညင်းစွာ ထရပ်ကာ အခန်းထဲရှိ လူများအား ဝှေ့ကြည့်လိုက်သည်။
ယနေ့တွင် သူမသည် ဂျပန်နိုင်ငံ၏ ရိုးရာဓားသမားဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးရှိခါးပတ်မှာ တင်းကြပ်စွာပတ်ထားသောကြောင့် အသက်ရှူမှားလောက်အောင် လှပသော ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေကာ စကတ်အနားစအောက်တွင်လည်း သွယ်လျလှပသော ခြေတံတစ်စုံကို လှစ်ဟပြနေသည်။
ထိုသို့သော ဝတ်စားဆင်ယင်မှုသည် သူမကို တစ်ချိန်တည်းပင် ဩဇာအာဏာရှိပုံပေါ်ပြီး စွဲဆောင်မှုရှိစေသည်။
သို့သော် မည်သူမျှ သူမကို မော့ကြည့်မဝံ့ကြပေ။
အကြောင်းမှာ ဤခေါင်းဆောင်ကြီးများ အားလုံးသည် တိုကျို၏ မြေအောက်လောကဘုရင်မ အမုန်းဆုံးအရာမှာ သူမအား စိုက်ကြည့်ခြင်းဖြစ်သည်ကို နားလည်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်သာ ဤစည်းကမ်းကို ချိုးဖောက်ခဲ့ပါပ အကျိုးဆက်သည် အလွန်ဆိုးရွားပေလိမ့်မည်။
ထိုအခိုက်တွင် တကဲအုချီ ခီရိုခို၏ လက်သည် သူမခါးရှိ အလင်းစီးဆင်းဓားကို ထိလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
"တရုတ်ပြည်မှာ ပရမ်းပတာဖြစ်နေတယ်၊ ငါ အဲ့လူတွေကို ဦးဆောင်ပြီး သွားကူညီချင်လို့လေ"
သူမစကားကြောင့် အခန်းထဲရှိ ခေါင်းဆောင်ကြီးများ အနည်းငယ် ကြောင်အသွားကြသည်။ ၎င်းတို့ထဲမှ အသက်အကြီးဆုံးသူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။
"ခီရိုခို-ဆာမ တရုတ်ပြည်က ပရမ်းပတာအခြေအနေက အခု အရမ်းကိုဆိုးရွားနေပါတယ်၊ ပြီးတော့ အကယ်၍ အရှင်မ သွားမယ်ဆိုရင် အန္တရာယ်ပေါင်းများစွာနဲ့ သေချာပေါက် ရင်ဆိုင်ရမှာပါ၊ ဒါကြောင့် ကျွန်တော်…"
ထိုအကြီးအကဲသည် ဆက်မပြောဝံ့တော့ပေ။ အဘယ့်ကြောင့်ဆို တကဲအုချီက သူ့အား အေးစက်စွာ ကြည့်နေသောကြောင့် ဖြစ်သည်။ ခဏအကြာတွင် ခီရိုခိုသည် အေးစက်စွာ ပြောလိုက်သည်။
"ငါ့စိတ်ကိုဆုံးဖြတ်ပြီးပြီ၊ ပြောင်းမှာမဟုတ်ဘူး၊ ရက်အနည်းငယ်အတွင်း ငါတို့ ထွက်ခွာမယ်"
ထိုသို့ပြောပြီးနောက် သူမလည်း လှည့်ထွက်သွားကာ ခေါင်းဆောင်ကြီးများမှာ စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လျက် ကျန်ရစ်ခဲ့ကြသည်။
"ခီရိုခို ဆာမက အဲ့နတ်ဘုရားနဲ့တူတဲ့လူကြောင့် သွားချင်တာလား"
တစ်စုံတစ်ယောက်သည် ခါးသီးစွာ ရေရွတ်လိုက်သည်။
ထိုနတ်ဘုရားနှင့်တူသော လူသားအကြောင်းကို ပြောမိသည်နှင့် အခန်းထဲရှိ ဖိနှိပ်ထားသော အငွေ့အသက်သည် ပိုလို့ပင်ပြင်းထန်လာသည်။ မြေအောက်လောကဘုရင်မ တကဲအုချီခီရိုခိုသည် သာမာန်လက်နက်များကဲ့သို့ အန္တရာယ်ကိုဖော်ပြနိုင်သည်ဆိုလျှင် ထိုရွှယ်အန်းဆိုသူသည် ၎င်းတို့၏ အမြင်တွင် နျူကလီးယားလက်နက်ကြီးသဖွယ်ဖြစ်သည်။
"ဒါပေမဲ့ အဲ့လူ ပျောက်နေတာ ခြောက်လကျော်ပြီလို့ ငါကြားတယ်၊ ပြီးတော့ သူသေသွားပြီဆိုတဲ့ ကောလာဟလတွေတောင် ရှိတယ်လေ"
"ရှူး... အဲ့စကား ခီရိုခိုဆာမမကြားစေနဲ့၊ မဟုတ်ရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး"
ထို့နောက် တစ်စုံတစ်ယောက်သည် သက်ပြင်းချကာ ပြောလာသည်။
"ဒါကြောင့်ပဲ ခီရိုခိုဆာမက တရုတ်ပြည်ကို သွားဖို့ ပိုသေချာသွားတာဖြစ်နိုင်တယ်"
အခြားလူများလည်း သက်ပြင်းချလိုက်မိသည်။
ထိုစဉ် တကဲအုချီခီရိုခိုသည်တော့ သူမ၏ ကိုယ်ပိုင်အခန်းသို့ ပြန်ရောက်သွားပြီဖြစ်သည်။
"ခီရိုခို၊ နင် သေချာစဉ်းစားပြီးပြီလား၊ တကယ်သွားတော့မှာလား"
တကဲအုချီ၏ အမေဖြစ်သူက မေးလာသည်။
တကဲအုချီ ခီရိုခိုလည်း ခေါင်းညိတ်ပြလိုက်ကာ တည်ငြိမ်စွာပြန်ပြောသည်။
"သခင် ပျောက်နေတော့ သခင်မရဲ့ လုံခြုံရေးအတွက် ကျွန်မ စိုးရိမ်တယ်၊ ကျွန်မသွားလို့ သခင်မ လုံခြုံတယ်ဆိုရင်တောင် တန်ပါတယ်"
"ကောင်းပြီ"
တကဲအုချီ ခီရိုခို၏ မိခင်သည် ခေါင်းညိတ်လိုက်သည်။
"အမေ သမီးအတွက် အရာအားလုံး ပြင်ဆင်ပြီးပြီ၊ ဘယ်အချိန်မဆို ထွက်သွားလို့ရတယ်"
"ကျေးဇူးတင်ပါတယ် အမေ"
မိခင်နှင့်သမီးသည် အခန်းထဲတွင် စကား ဆက်ပြောနေကြသည်။
ရုတ်တရက်ဆိုသလို...
တကဲအုချီ ခီရိုခိုသည် အပြင်ဘက်မှ ဆူညံစွာ ငိုယိုသံများကို ကြားလိုက်ရသည်။
ထိုအသံများသည် ကမ္ဘာပျက်သည်အား မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရသည့်ပမာ အဆုံးမဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။ တကဲအုချီ ခီရိုခိုလည်း ထိတ်လန့်သွားပြီးနောက် ပြတင်းပေါက်ဆီသို့ အမြန်ပြေးသွားကာ လိုက်ကာများကို ဆွဲဖွင့်လိုက်ချိန် သူမလည်း မှင်တက်သွားသည်။
သူမသည် တိုကျိုပင်လယ်အော်မှ ကျင်းတုသို့ ဦးတည်တက်လာသော ဧရာမလှိုင်းလုံးကြီးတစ်လုံးကို မြင်လိုက်ရသည်။ ထိုလှိုင်းလုံး၏ ထိပ်တွင် ကြီးမားသော ဝေလငါးကြီးတစ်ကောင်လည်း ရှိနေသည်။
အဝေးမှပင် ကမ္ဘာမြေကြီးကို တုန်ခါစေသော အရှိန်အဝါကိုခံစားနိုင်ကာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ထို့အပြင် တကဲအုချီ ခီရိုခိုသည် အလွန်ကျွမ်းကျင်သော သိုင်းပညာရှင်ဖြစ်သောကြောင့် ဝေလငါးကြီး၏ခေါင်းပေါ်တွင် သုံးခွလှံကို ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးရပ်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။
တကဲအုချီ ခီရိုခိုလည်း လူများကြား ပျံ့နှံ့နေသော ဒဏ္ဍာရီတစ်ခုကို ပြန်လည်အမှတ်ရပြီး တုန်ယင်နေသော အသံဖြင့် ရေရွတ်မိလိုက်သည်။
"ဒါ ပင်လယ်နတ်ဘုရားပဲ"