← Chapters

အင်တာဗျူး

Vol. 45 Ch. 667

အင်တာဗျူး

Vol. 45 Ch. 667

သူမ၏စကားကို သက်သေပြသည့်အလား ပင်လယ်နတ်ဘုရားသည် ဝေလငါးကြီး၏ခေါင်းပေါ်တွင် ရပ်နေကာ စည်ကားနေသော တိုကျိုမြို့ကြီးကို မထီမဲ့မြင်အပြုံးဖြင့် အပေါ်စီးမှ ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ လှောင်ပြောင်သရော်သံသည် မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။

"နှစ်ထောင်ပေါင်းများစွာ ကြာသွားခဲ့ပြီ၊ မင်းတို့ လူသားမျိုးနွယ်ရဲ့ မြို့ပြတွေက ပိုပိုပြီးတော့ ခမ်းနားလာပါလား၊ ဒါပေမဲ့ မြို့တွေက ပိုပြီးသေသပ်လှပလေလေ ငါ့ရဲ့ ဖျက်ဆီးလိုစိတ်ကို ပိုပြီး နှိုးဆွပေးလေလေပဲ၊ ဟားဟား လာစမ်း... ပင်လယ်နတ်ဘုရားရဲ့ အမျက်ဒေါသကို ခံယူကြ"

ထိုသို့ပြောပြီးနောက် ပင်လယ်နတ်ဘုရားသည် သူ၏ သုံးခွလှံကို ရှေ့သို့ ထိုးလိုက်သည်။

ပင်လယ်ရေထုအမြောက်အများသည် လေထဲသို့ မြင့်တက်လာပြီး အလွှာလိုက် အလွှာလိုက် လှိုင်းလုံးကြီးများမှာ တိုကျိုမြို့ဆီသို့ ရိုက်ခတ်လာသည်။

ဤသို့ ကြောက်မက်ဖွယ်ကောင်းသော သဘာဝစွမ်းအားကြီးနှင့် ရင်ဆိုင်ရချိန်တွင်...

လူသားများ ဂုဏ်ယူဝံ့ကြွားခဲ့ကြသည့် ကွန်ကရစ်နှင့် သံမဏိတို့မှာ အရာမထင်တော့ပေ။ လှိုင်းလုံးများသည် မြို့၏အစိတ်အပိုင်း အများအပြားကို ချက်ချင်းပင် ဖြိုချဖျက်ဆီးလိုက်သည်။

တစ်ခဏအတွင်းမှာပင် တစ်ချိန်က ဖွံ့ဖြိုးစည်ကားခဲ့သော တိုကျိုမြို့သည် မရေမတွက်နိုင်သော သေဆုံး၊ဒဏ်ရာရမှုများ ကြုံတွေ့ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် ရှန်းကျန်းဆိပ်ကမ်း၌...

လူဦးရေ တဖြည်းဖြည်း တိုးပွားလာသည်နှင့်အမျှ မြို့သည် တစ်ဖန်ပြန်လည် စည်ကားလာခဲ့သည်။

သို့သော် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ရှိရှိသမျှလူတိုင်းသည် မြို့လယ်ရှိ ဟိုတယ်တစ်ခုကို တမင်တကာပင် ရှောင်ဖယ်နေကြသည်။

အဘယ့်ကြောင့်ဆို ထိုဟိုတယ်တွင် တည်းခိုနေသူမှာ ဤအခြေအနေကို တစ်ယောက်တည်းဖြင့် ပြောင်းပြန်လှန်ကာ မြို့ကို ကယ်တင်ခဲ့သည့် ၎င်းတို့ လေးစားကြည်ညိုရသည့် ဆရာရွှယ်ဖြစ်သောကြောင့်ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို မည်သူမှ အနှောင့်အယှက်မပေးဝံ့ကြပေ။

သို့သော် ယနေ့တွင်...

တိတ်ဆိတ်မှုအား စစ်သုံးရဟတ်ယာဉ်တစ်စီး၏ ဆိုက်ရောက်လာမှုသည် ဖြိုခွင်းလိုက်သည်။

၎င်းသည် ဟိုတယ်၏ ရဟတ်ယာဉ်ဆင်းသက်ကွင်းပေါ်သို့ ဆင်းသက်ပြီးနောက်… ကင်မရာကြီးများ သယ်ဆောင်လာသော လူအချို့သည် ဦးစွာခုန်ဆင်းလာကြသည်။ ထို့နောက် ရုံးဝတ်စုံနှင့် အမျိုးသမီးတစ်ဦးလည်း ဆင်းသက်လာသည်။

စုန့်ယိသည် သူမထံ တိုးကပ်သွားပြီး မေးလိုက်သည်။

"မင်းက မစ္စချန်ရှောင်ယိလား"

ချန်ရှောင်ယိသည် ရဟတ်ယာဉ်လေအရှိန်ကြောင့် ဖရိုဖရဲဖြစ်သွားသော သူမ၏ဆံပင်ကို သပ်ရပ်အောင် ပြန်လုပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ကဲ့ရှင့်၊ တွေ့ရတာ ဝမ်းသာပါတယ် ဆရာစုန်"

စုန်ယိ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်ခဲ့ပါ၊ ဆရာရွှယ် အထဲမှာ စောင့်နေပါတယ်"

သူသည် ရှေ့မှဦးဆောင်၍ အတွင်းသို့ လျှောက်သွားခဲ့သည်။

ချန်ရှောင်ယိသည် သူမ၏ စိတ်လှုပ်ရှားနေသော နှလုံးသားကို တည်ငြိမ်အောင် ထိန်းကာ နောက်မှလိုက်လာခဲ့သည်။ သူမ ဧည့်ခန်းသို့ရောက်သောအခါ ဆိုဖာပေါ်တွင် ထိုင်နေသော ရွှယ်အန်းနှင့် အန်းယန်ကို တွေ့လိုက်ရသည်။ ထိုအခါမှ ချန်ရှောင်ယိလည်း နောက်ဆုံးတော့ စိတ်အေးသွားသည်။

သူမ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ရွှယ်အန်းနှင့် လူကိုယ်တိုင် တွေ့ခွင့်မရမည်ကို စိုးရိမ်နေမိသည်။

သူမ မလာမီ သူမ၏ အထက်လူကြီးများ ရှင်းလင်းစွာ မှာကြားထားသည်မှာ သူမသည် ရွှယ်အန်းနှင့် ယခင်က သိကျွမ်းဖူးသောကြောင့် ဤအရေးကြီးသော အင်တာဗျူးအတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် ဤတာဝန်ကို အောင်မြင်ရန် မဖြစ်မနေ လိုအပ်သည်။

ဤသည်မှာ ချန်ရှောင်ယီအတွက် ကြီးမားသော ဖိအားတစ်ခု ဖြစ်ခဲ့သည်။

သူမ ရွှယ်အန်းနှင့် သိကျွမ်းခဲ့ဖူးသည်မှာမှန်ပေသည်။

သို့သော် ထိုအချိန်က စီရင်စုမြို့တော်တွင် ရုပ်ရှင်တစ်ခုအတွက် အင်တာဗျူးလုပ်ရင်း သူနှင့် တွေ့ခွင့်ရခဲ့ခြင်းသာ ဖြစ်သည်။

ရွှယ်အန်း၏ စွမ်းအားများ ကြီးမားလာပြီး သူ၏ စွမ်းဆောင်မှုများ ပိုမိုထင်ရှားလာသည်နှင့်အမျှ ချန်ရှောင်ယီသည် ဤသို့ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးမှာ သူမကို မှတ်မိနေဦးမည်ဟု မမျှော်လင့်ဝံ့ချေ။

သို့သော် အံ့ဩစွာပင် အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။ ထိုအချိန်တွင် ရွှယ်အန်းသည် မတ်တပ်ထရပ်လာပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

"မတွေ့ရတာကြာပြီနော်၊ သတင်းထောက်ချန်"

သူနှုတ်ဆက်လာသည်ကို မြင်လိုက်ရသောအခါ ချန်ရှောင်ယိလည်း အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ဆရာရွှယ် ကျွန်မကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားဘူး"

"မှတ်မိတာပေါ့၊ ခင်ဗျားက အပတ်စဉ်အနုပညာသတင်းဂျာနယ်ရဲ့ နာမည်ကြီး သတင်းထောက်တစ်ယောက်လေ၊ အဲဒီတုန်းက ကျွန်တော့်ရုပ်ရှင်အတွက် ရုပ်ရှင်ဝေဖန်ချက်တောင် ရေးပေးခဲ့သေးတာပဲ"

ရွှယ်အန်း ပြုံးလျက်ပြောလိုက်သည်။

အတိတ်အကြောင်းများ ပြန်ပြောခြင်းသည် ပတ်ဝန်းကျင်လေထုကို ပေါ့ပါးသွားစေပြီး ချန်ရှောင်ယိလည်း တောင့်တင်းမနေတော့ဘဲ ရယ်မောကာ ပြောလိုက်သည်။

"ဆရာရွှယ်တောင် တစ်ချိန်က ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်ဆိုတာသာ လူတွေသိရင် ဘယ်လောက်တောင် အံ့ဩသွားကြမလဲ မသိဘူးနော်"

အနောက်မှလိုက်ပါလာသော ဓာတ်ပုံဆရာများလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသော အနည်းငယ် တုန်လှုပ်သွားကြသည်။ မကြာသေးမီကမှ မြို့တော်ရုပ်မြင်သံကြားဌာနသို့ ရောက်ရှိလာသော ချန်ရှောင်ယိသည် ဤမျှလေးစားကြည်ညိုဖွယ်ရာ ပုဂ္ဂိုလ်ကြီးနှင့် ရင်းနှီးနေကြလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြချေ။

မစ္စချန်၏ အနာဂတ်မှာ အတိုင်းအဆမဲ့ပင် ဖြစ်ပုံရသည်။

ဓာတ်ပုံဆရာများသည် စိတ်ထဲတွင် တွက်ချက်နေသော်လည်း ၎င်းတို့၏ အလုပ်ကိုမူ မထိခိုက်စေဘဲ အရာအားလုံးကို အဆက်မပြတ် မှတ်တမ်းတင်နေခဲ့သည်။

အဘယ်ကြောင့်ဆို ရုံးချုပ်သည် ဤ အင်တာဗျူးမှာ အလွန်အရေးကြီးသောကြောင့် မည်သည့်အမှားအယွင်းကိုမှ လက်ခံမည်မဟုတ်ဟု အမိန့်ပေးထားသောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ချန်ရှောင်ယိသည် အင်တာဗျူးကို စနစ်တကျ စတင်လိုက်သည်။

"ဆရာရွှယ်... လက်ရှိ ကမ္ဘာကြီးတစ်ခုလုံးက နတ်ဆိုးတွေကြောင့် ကသောင်းကနင်းဖြစ်နေတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လို သဘောထားမျိုး ရှိပါသလဲ"

ရွှယ်အန်းသည် အစပိုင်းတွင် အနည်းငယ် တောင့်တင်းနေသော်လည်း တဖြည်းဖြည်း ပေါ့ပါးလာသော ချန်ရှောင်ယီကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မနေ့က ကျွန်တော် အသုံးပြုခဲ့တဲ့ ဓားကပဲ ကျွန်တော့်ရဲ့ သဘောထားကို ကိုယ်စားပြုပါတယ်"

ထိုစကားကိုကြားသောအခါ ချန်ရှောင်ယိမှာ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်လှုပ်ရှားစွာမေးလိုက်သည်။

"ဒါဆို ဆရာရွှယ်ရဲ့ နောက်ထပ်အစီအစဉ်က ဘာလဲရှင့်"

အထက်မှ ညွှန်ကြားချက်များမှာ ရှင်းလင်းသည်။ ဤအင်တာဗျူးအတွက် ရည်ရွယ်ချက် နှစ်ခုသညရှိသည်။

ပထမတစ်ခုမှာ ရွှယ်အန်း၏ ပေါ်ထွက်လာမှုသည် တရုတ်ပြည်သူများအတွက် ဂုဏ်ယူမှုနှင့် စိတ်သက်သာရာရမှုကို ဆောင်ကြဉ်းပေးခဲ့ပြီး ထိုသို့သော စံပြဖြစ်ရပ်ကို ကောင်းစွာ အင်တာဗျူးလုပ်ကာ ရနိုင်သမျှသော အရင်းအမြစ်များဖြင့် မြှင့်တင်ရန်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လူသားများအား စိတ်ဓာတ်မြှင့်တင်ရန်အတွက် ရွှယ်အန်းထက် ပို၍သင့်တော်သူ မရှိတော့ပေ။

သို့သော် ဒုတိယအချက်မှာ ပို၍ပင် အရေးကြီးလျသည်။

ဤသို့တရားဝင်မဆန်သော အင်တာဗျူးမှတစ်ဆင့် ရွှယ်အန်း၏ နောက်ခြေလှမ်းနှင့် သူဘာလိုချင်သည်ကို သိရှိရန်ဖြစ်သည်။

ထို့အပြင် သူ မည်သို့တောင်းဆိုပါစေ တရုတ်အစိုးရသည် ခြွင်းချက်မရှိ သဘောတူလိမ့်မည်။

ဤသည်မှာ အထက်အရာရှိကြီးများ တညီတညွတ်တည်း မဆိုင်းမတွ သဘောတူညီခဲ့ကြသည့် အရာဖြစ်သည်။

ဤအရေးကြီးသော တာဝန်နှစ်ခုကို ထမ်းဆောင်လာရသော ချန်ရှောင်ယိသည် ရွှယ်အန်းထံမှ တိကျသောအဖြေတစ်ခုကို ရလိုသည်မှာ သဘာဝကျသည်။

ရွှယ်အန်းလည်း ဤအချက်ကို ကောင်းစွာ သိသည်။

သို့သော် သူသည် နိုင်ငံအသီးသီး၏ အစိုးရများနှင့် အလွန်အမင်း နီးကပ်စွာ မဆက်ဆံလိုပေ။

အဘယ့်ကြောင့်ဆို သူ့တွင် လိုချင်တာမရှိသောကြောင့် ဖြစ်သည်။

သူ၏ လက်ရှိစွမ်းအားသည် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံကိုမဆို အလွယ်တကူ ဖြုတ်ချနိုင်သည်။

သာမန်လူများ စိတ်ကူးပင်မယဉ်နိုင်သော အာဏာနှင့် ကြွယ်ဝချမ်းသာမှုကိုလည်း ပိုင်ဆိုင်နိုင်သည်။

သူသည် အရာအားလုံးကို ဖြုတ်ချကာ ဤကမ္ဘာ၏အရှင်သခင်ပင် ဖြစ်လာနိုင်သည်။

သို့သော် သူသည် ထိုအရာများကို လုံးဝ စိတ်မဝင်စားခဲ့ပေ။

"အစီအစဉ်လား၊ ဒီနတ်ဆိုးတွေ အရမ်းအားနည်းနေမှာ စိုးရိမ်မိတယ်လို့ ကျွန်တော်ပြောရင် ခင်ဗျား ယုံလား"

ရွှယ်အန်း တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ချန်ရှောင်ယိလည်း မှင်သက်သွားသည်။

ရွှယ်အန်းထံမှ ထိုသို့ စကားမျိုး ထွက်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။

သို့သော် တစ်ဖန်ပြန်စဉ်းစားကြည့် သောအခါ ထိုသည်မှာ အနည်းငယ် ကျိုးကြောင်းဆီလျော်သလိုလည်း ရှိသည်။

ဖြစ်နိုင်တာက ဒါ အင်အားကြီးသူတွေ နှစ်သက်တဲ့အရာများလား?

ချန်ရှောင်ယိ စဉ်းစားမရ ဖြစ်နေစဉ်...

ရွှယ်အန်း၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာပြီး ပြတင်းပေါက်အပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

ချန်ရှောင်ယိလည်း အနည်းငယ် အံ့အားသင့်သွားကာ ရွှယ်အန်း၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည်။ ဟိုတယ်အခန်း၏ ရှုခင်းမှာ အလွန်ကောင်းမွန်ပြီး ပင်လယ်သည် ပြတင်းပေါက်နှင့် မနီးမဝေးတွင်ရှိနေကာ အချိန်အတော်ကြာ ကြည့်နေသည့်တိုင် သူမ ဘာကိုမှ မမြင်ရပေ။

"ဆရာရွှယ်.. တစ်ခုခုဖြစ်လို့လား"

ချန်ရှောင်ယိသည် နားမလည်စွာ မေးလိုက်မိသည်။

ထိုအခါ ရွှယ်အန်းသည် ချန်ရှောင်ယိဘက်သို့ ခေါင်းပြန်လှည့်လာပြီး သူ၏ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

"သတင်းထောက်ချန်၊ ကျွန်တော် နတ်ဆိုးတွေကို ဘယ်လိုသတ်ဖြတ်မလဲဆိုတာ လိုက်ကြည့်ချင်စိတ်ရော ရှိလား"

ချန်ရှောင်ယိ အနည်းငယ်ကြောင်သွားပြီးနောက် အမူမဲ့အမှတ်မဲ့ ခေါင်းညိတ်မိသွားသည်။

ရုတ်တရက် သူမ တစ်စုံတစ်ခုကို သတိရသွားသည့်ပမာ သူမ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာသည်။

"ဆရာရွှယ်.. နောက်ထပ် နတ်ဘုရား ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်များ ဆင်းသက်လာလို့လား"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟုတ်တယ်၊ ကြညမ့ချင်ရင် ကျွန်တော့်နောက် လိုက်ခဲ့ပါ၊ ဒါပေမဲ့ မြန်မြန်လုပ်ဖို့တော့လိုမယ်၊ ခင်ဗျားတို့ အရမ်းနောက်ကျကျန်ခဲ့ရင်တော့ စောင့်နိုင်မယ်လို့ အာမမခံဘူး"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အန်းယန်ကိုခေါ်ကာ မတ်တပ်ထရပ်ပြီး အပြင်သို့ ထွက်သွားသည်။

ချန်ရှောင်ယိသည် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အံကြိတ်ကာ ကင်မရာများဘက်သို့ လှည့်ကြည့်လိုက်သည်။

"သွားကြမယ်၊ ဒီတစ်ခေါက် ဆရာရွှယ် နတ်ဆိုးတွေကို သတ်ဖြတ်တာကို အောင်အောင်မြင်မြင် ထုတ်လွှင့်နိုင်ရင် ငါတို့ အကြီးကြီး စွမ်းဆောင်နိုင်တာပဲ"

ချန်ရှောင်ယိက ပြတ်သားစွာ ပြောလိုက်သည်။

"နားလည်ပါပြီ"

ထိုလူများလည်း ဤကိစ္စ၏အရေးပါပုံကို သိကြပြီး ချန်ရှောင်ယိ စကားကို သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် အဖွဲ့သည် ရဟတ်ယာဉ်ပေါ်သို့ တက်သွားကြသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် အန်းယန်အား ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီးဖြစ်သည်။

၎င်းတို့နှစ်ဦး ရှေ့မှပျံသန်းနေပြီး ရဟတ်ယာဉ်သည် နောက်မှကပ်လိုက်ကာ ဂျပန်နိုင်ငံဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြတော့သည်။

All Chapters