ကောင်းကင်ဖီဆန်ဓားဖြင့် ပင်လယ်ကိုပိုင်းကာ ဝေလငါးအား သတ်ဖြတ်ခြင်း
Vol. 45 Ch. 668
တကဲအုချီ ခီရိုခိုသည် ပင်လယ်ရေအနည်းငယ်မွှန်ပြီးနောက် နောက်ဆုံးလူတစ်ဦးကို အဆောက်အအုံထိပ်သို့ အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။
ထိုအချိန်တွင် ခေါင်းဆောင်များအားလုံးသည် စိုရွှဲနေသော ကြက်ပေါက်စများပမာ ဖြစ်နေကြပြီး တိုကျိုမြို့ကြီး ပင်လယ်ပြင်ကျယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ကာ အမိုးပေါ်တွင် တုန်ယင်စွာ ရပ်နေကြသည်။
အချို့မှာ ကျယ်လောင်စွာ ငိုကြွေးနေကြပြီး ကျန်သူများမှာမူ မည်းမှောင်နေသော မျက်နှာထားများဖြင့် ရှိနေကြသည်။
တကဲအုချီ ခီရိုခိုမျက်မှောင်ကြုတ်လိုက်သည်။
"တိတ်ကြစမ်း"
ငိုရှိုက်သံများ ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။
တကဲအုချီ ခီရိုခိုက အေးစက်စွာ ပြောလိုက်သည်။
"မင်းတို့အားလုံးက ဂျပန်နိုင်ငံရဲ့ လေးစားခံရတဲ့ ဆာမူရိုင်းတွေပဲ၊ ဒီလို နှာရည်ထွက်တဲ့အထိ ငိုယိုနေတာက ဘာအကျိုးရှိလို့လဲ"
"ဒါပေမဲ့ ခီရိုခိုဆာမ..."
"ဒါပေမဲ့ဆိုတာ မရှိဘူး"
တကဲအုချီ ခီရိုခိုသည် သူမ၏ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်ပြီး ပင်လာ်ဘက်သို့ ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါးတွေရဲ့ ဗိုက်ထဲမှာ အဆုံးသတ်မခံချင်ရင်တော့ မင်းတို့ဓားတွေကို ကောက်ကိုင်ပြီး အခုချက်ချင်း တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားတာ ပိုကောင်းမယ်"
သူမ၏စကားဆုံးသည်နှင့်တစ်ပြိုင်နက် ထူးဆန်းသော ငါးကြီးတစ်ကောင်သည် နောက်ကျိနေသော ရေထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး လူအုပ်စုထံသို့ ပြေးဝင်တိုက်ခိုက်သည်။
ရေနှင့် အနီးဆုံးရှိလူများသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြချိန် တကဲအုချီ ခီရိုခိုသည် သူမ၏ ဓားနှင့်အတူ ရောက်လာသည်။
'ဖက်' ဟူသောအသံနှင့်အတူ ထူးဆန်းသော ငါးသည် ဓားအလင်းတန်းကြောင့် နှစ်ပိုင်းပြတ်သွားသည်။
ငါး၏ ကိုယ်တစ်ပိုင်းစီသည် အမိုးပေါ်သို့ ကျသွားပြီး ခဏကြာ လူးလွန့်ပြီးနောက်မှ သေဆုံးသွားသည်။
ဤမြင်ကွင်းသည် လူတိုင်းကို ကြောက်ရွံ့သွားစေပြီး တစ်ကိုယ်လုံး တုန်တက်သွားသည်။
"ခီရိုခိုဆာမ ဒါတွေက ဘာတွေလဲ"
တကဲအုချီ ခီရိုခို၏ မျက်နှာသည် ရေကဲ့သို့ ငြိမ်သက်နေသည်။
"ကျွန်မထင်တာ မမှားဘူးဆိုရင် ဒါတွေက ပင်လယ်နက်ထဲမှာ ဘယ်လောက်ကြာကြာ ပုန်းအောင်းနေလဲ မသိတဲ့ ပင်လယ်နတ်ဆိုးတွေနဲ့ ငါး၀ိဉာဥ်တွေပဲ"
ထိုသို့ပြောကာ တကဲအုချီ ခီရိုခိုသည် အဝေးရှိ ဝေလငါးကြီး၏ခေါင်းပေါ်တွင်ရပ်နေသော ပင်လယ်နတ်ဘုရားဘက်သို့ အကြည့်လွှဲလိုက်သည်။
"ပြီးတော့ ဒါတွေအားလုံးက အဲ့ပင်လယ်နတ်ဘုရားရဲ့ လက်ချက်ပဲ"
တကဲအုချီ ခီရိုခို၏ စကားကိုကြားပြီးနောက် မည်သူမျှ အခြေအနေကို ပေါ့ပေါ့ဆဆ သဘောမထားဝံ့တော့ပေ။ ၎င်းတို့အားလုံး အတူတကွစုဝေးကာ ခုခံရန် ဓားများကို ဆွဲထုတ်လိုက်ကြသည်။
သို့သော် တကဲအုချီ ခီရိုခို၏ စိတ်ထင့်နေမှုမှာ ပိုလို့ပင် ပြင်းထန်လာသည်။ သူမ အာရုံအရ ပတ်ဝန်းကျင်ရေပြင်ထဲရှိ အစွမ်းထက်သော တည်ရှိမှုများသည် ပိုလို့ပင်များပြားလာပြီး ထူထပ်လာနေသည်။ ဤသည်မှာ မိတ်ဆွေဖွဲ့ရန် လာခြင်း မဟုတ်သည်မှာ ထင်ရှားသည်။
ထိုစဉ်မှာပင် မနီးမဝေးမှ အော်ဟစ်သံများစွာ ထွက်ပေါ်လာသည်။
တကဲအုချီ ခီရိုခိုလည်း မော့ကြည့်လိုက်သည်။ အနီးအနားရှိ အဆောက်အအုံတစ်ခု၏ အမိုးပေါ်တွင် အသက်ရှင်ကျန်ရစ်သူ တစ်ဒါဇင်ခန့် ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ထိုလူများသည် အစပိုင်းတွင် အတူတူစုဝေးကာ ၎င်းတို့၏အခြေအနေကို ဆွေးနွေးလျက် တုန်ယင်နေကြသည်။
ရုတ်တရက် ဧရာမရေဘဝဲလက်တံကြီးတစ်ခု ထွက်လာပြီး အစွန်အဖျားရှိ လူအချို့ကို ချက်ချင်းပင် ရေထဲသို့ ဆွဲချသွားသည်။ ခဏအကြာတွင် လှုပ်ခတ်နေသော ရေပြင်သည် ငြိမ်သက်သွားသော်လည်း သွေးရောင်များ ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားသည်။
တကဲအုချီ ခီရိုခို၏ မသိုးမသန့်ဖြစ်မှုသည် ပိုလို့ပင် ပြင်းထန်လာသည်။
ရုတ်တရက်ပင်...
ရေမျက်နှာပြင်အထက်တွင် ငါးဆူးတောင်များစွာ ထွက်ပေါ်လာသည်။
"ငါးမန်းတွေပဲ"
တစ်စုံတစ်ယောက်သညခ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။
တကဲအုချီ ခီရိုခိုသည် သူမ၏ စိတ်ထင့်မှုမှာ မည်သည့်နေရာမှ လာသည်ကို နားလည်သွားသည်။
သူမခံစားနေရသည့် အားကောင်းသော တည်ရှိမှုများသည် ထိုငါးမန်းများ၏ တည်ရှိမှုများပင် ဖြစ်သည်။
ထို့ပြင် ဤငါးမန်းများသည် သွေးနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်မှာ ထင်ရှားသည်။
ထိုအချိန်တွင် အနီးအနားရှိ အဆောက်အအုံသည် ပြင်းထန်စွာ တုန်ခါလာသည်။
လူအချို့သည် တည့်မတ်စွာ မရပ်နိုင်တော့ဘဲ ရေထဲသို့ ပြုတ်ကျသွားကာ ရေမျက်နှာပြင်သည် ပြင်းထန်သော ပြုတ်ကျလာမှုများကြောင်း လှိုင်းထသွားသည်။ မရေမတွက်နိုင်သော ငါးမန်းများ အုံလိုက်ကျင်းလိုက်လည်း ရောက်ရှိလာပြီး ပြုတ်ကျသွားသူများကို အရူးအမူး ဆုတ်ဖြဲကြသည်။
လူသားများ၏ အော်ဟစ်သံများသည် စက္ကန့်အနည်းငယ်သာ ကြာမြင့်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။
၎င်းတို့အားလုံး ငါးစာဖြစ်သွားသည်မှာ ထင်ရှားသည်။
ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများသည် အတူတကွစုဝေးကာ အော်ဟစ်ငိုကြွေးကြတော့သည်။
ထိုအချိန်မှာပင် တကဲအုချီ ခီရိုခိုသည် ရေအောက်မှ အဆောက်အအုံကို တုန်ခါစေသူများမှာ ထိုငါးမန်းကြီးများ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။
သို့သော် ဤငါးမန်းများ၏ အကြေးခွံသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး ၎င်းတို့၏ အရွယ်အစားများမှာလည်း သိသိသာသာ ကြီးမားလာသည်။
ငါးမန်းအချို့သည် တကဲအုချီ ခီရိုခို၏ အကြည့်ကို သတိပြုမိသောအခါ ရေထဲမှ ထွက်လာပြီး တကဲအုချီ ခီရိုခိုကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကြသည်။
တကဲအုချီ ခီရိုခို၏ နှလုံးသားထဲတွင်လည်း အေးစက်မှုကို ခံစားလိုက်ရသည်။ အဘယ့်ကြောင့်ဆို ထိုငါးမန်းများ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုသော အရိပ်အငွေ့များ ပါဝင်နေသောကြောင့် ဖြစ်သည်။
၎င်းတို့သည် 'စိတ်မပူနဲ့၊ မကြာခင် မင်းအလှည့်လည်း ရောက်လာမှာ' ဟု ပြောနေသလိုပင်။
ထိုအချိန်မှာပင် ငါးမန်းအချို့၏ ကိုက်ဖြတ်လှုပ်ခါမှုအောက်တွင် အဆောက်အအုံလည်း တောင့်မခံနိုင်တော့ပဲ အသံများ ထွက်ပေါ်လာပြီး တဖြည်းဖြည်း ပြိုကျလာသည်။
အပေါ်ဘက်ရှိ အသက်ရှင်ကျန်ရစ်သူများလည်း မျှော်လင့်ချက်မဲ့စွာ အော်ဟစ်ကြသည်။
တကဲအုချီ ခီရိုခိုသည် အံကြိတ်ကာ ရုတ်တရက် မာန်မဲလိုက်ပြီး သူမ၏ အလင်းစီးဆင်းဓားသည် တောက်ပသော ဓားအလင်းတန်းများ ထုတ်လွှတ်လိုက်သည်။
ဒုတ်၊ ဒုတ်၊ ဒုတ်
အသံများနှင့်အတူ ငါးမန်းတစ်ဒါဇင်ခန့်၏ အလောင်းများမှာ ရေပေါ်သို့ ပေါ်လာသည်။
ဤသည်မှာ ငါးမန်းအုပ်စုကို ဒေါသထွက်စေပြီး ၎င်းတို့သည် တကဲအုချီ ခီရိုခိုအား ပြေးဝင်တိုက်ခိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ခေါင်းဆောင်များအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"ခီရိုခိုဆာမ..."
သို့သော် တကဲအုချီခီရိုခိုသည် ယခင်ကဓားချက်များစွာကို ထုတ်လွှတ်ပြီးသောကြောင့် သူမ၏ မျက်နှာသည် ဖြူဖျော့သွားကာ ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာများသည် ရှင်းလင်းစွာ ပေါ်ထွက်လာသည်။
သို့သော်လည်း သူမဆီလာနေကြသော ငါးမန်းအုပ်စုကို ရင်ဆိုင်ရာတွင် သူမသာ ဓားမမြှောက်နိုင်ပါက ၎င်းတို့အားလုံး သေခြင်းတရားကိုသာ စောင့်ကြိုရတော့မည်ဖြစ်သည်။
ထို့ကြောင့် သူမသည် လျှာဖျားကို ပြင်းထန်စွာကိုက်လိုက်ပြီး ဓားပေါ်သို့ 'ဖီ'ကနဲ သွေးများ ပတ်ထုတ်လိုက်သည်။ သူမ၏မျက်နှာအမူအရာမှာ ပိုလို့ပင် နွမ်းနယ်သွားသော်လည်း သူမ၏ ဓားသည် တောက်ပလာသည်။
ထို့နောက် သူမသည် ဓားကို ပြင်းထန်စွာ လွှဲယမ်းလိုက်သည်။
ဤဓားချက်သည် ယခင်ဓားချက်များထက် များစွာ အားကောင်းလှသည်။တစ်ချက်တည်းဖြင့် သူမသည် ငါးမန်းအုပ်စုအများအပြားကို သုတ်သင်ရှင်းလင်းလိုက်သည်။ ကျန်ရှိသော ငါးမန်းများသည် အနည်းငယ် ကြောက်ရွံ့သွားကြပြီး ရှေ့ဆက်တိုးရန် တွန့်ဆုတ်နေကြသည်။
သို့သော် တကဲအုချီ ခီရိုခိုလည်း အသက်ကိုပင် ၀အောင်မရှူနိုင်မီ… ခန့်ညားထည်ဝါမှုနှင့်အတူ လှောင်ပြောင်သရော်ဟန် အနည်းငယ်ပါဝင်နေသော အသံတစ်ခုသည် အထက်မှ ထွက်ပေါ်လာသည်။
"ငါ့ရဲ့ လက်အောက်ငယ်သားတွေကို ဒီလောက်အများကြီး သတ်ဖြတ်ရဲတယ်၊ သေမျိုးမိန်းကလေး... ငါ မင်းကို ဘယ်လို အပြစ်ပေးသင့်တယ်လို့ ထင်လဲ"
လူတိုင်း ချက်ချင်း တောင့်တင်းသွားပြီး ဖြည်းညှင်းစွာ မော့ကြည့်လိုက်ကြသည်။
ဝေလငါးကြီးသည် မည်သည့်အချိန်ကမှန်းမသိ ကောင်းကင်ယံသို့ ရောက်ရှိနေပြီး ရေထဲတွင် ကူးခတ်နေသည့်ပမာ ပေါ့ပါးစွာ ပျံသန်းနေသည်။
ထိုနေရာတွင် ပင်လယ်နတ်ဘုရားသည် ဝေလငါး၏ခေါင်းပေါ်မှနေ၍ ၎င်းတို့ကို အပေါ်စီးမှ ကြည့်နေသည်။
တကဲအုချီ ခီရိုခို၏ မျက်နှာသည် ပိုလို့ပင် အရုပ်ဆိုးလာသော်လည်း သူမသည် အလင်းစီးဆင်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။
"ဟမ့်..."
ပင်လယ်နတ်ဘုရားသည် မထီမဲ့မြင်အသံပြုကာ ညင်သာစွာ လက်ယပ်ခေါ်လိုက်ချိန် တကဲအုချီ ခီရိုခို၏ အလင်းစီးဆင်းဓားသည် သူမ၏ လက်ထဲမှ လွတ်ထွက်သွားပြီး ပင်လယ်နတ်ဘုရား၏ လက်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
"ဒီဓားက တော်တော်ကောင်းတာပဲ၊ အနည်းဆုံးတော့ ရွှေအဆင့်အင်မော်တယ်တစ်၀က်အဆင့်က ကိုယ်တိုင်သွန်းလုပ်ခဲ့တာ ဖြစ်ရမယ်"
ပင်လယ်နတ်ဘုရားသည် ခဏမျှ စစ်ဆေးကြည့်ပြီးနောက် တကဲအုချီ ခီရိုခိုဘက်သို့ ကြည့်ကာ လှောင်ပြောင်လိုက်သည်။
"ဘယ်လောက်တောင် နှမျောစရာကောင်းလိုက်လဲ၊ မင်းရဲ့ ဓားသိုင်းပညာက အရမ်းအားနည်းလွန်းတယ်"
တကဲအုချီ ခီရိုခို၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
"ကျွန်မဓားကို ပြန်ပေးပါ၊ အဲ့ဒါက ကျွန်မရဲ့ဆရာသခင်က ချီးမြှင့်ထားတာ"
"မင်းရဲ့ဆရာသခင်၊ ဟားဟား၊ ဟင့်အင်း... အခုကစပြီး ငါက မင်းရဲ့ သခင်ပဲကွ"
ပင်လယ်နတ်ဘုရားသည် ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။
သူ၏ လက်ကို ဆန့်တန်းလိုက်သည်နှင့် တကဲအုလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်မရတော့ဘဲ လေထဲသို့ မြောက်တက်သွားသည်ကို သတိပြုမိလိုက်သည်။
"ခီရိုခိုဆာမ”
ခေါင်းဆောင်များ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။ တကဲအုချီ ခီရိုခိုလည်း အလွန်ရှက်မိကာ ဒေါသလည်းတွဲလျက်ထွက်နေပြီး ၎င်းချုပ်နှောင်ထားရာမှ လွတ်မြောက်ရန် အရူးအမူး ရုန်းကန်လာသည်။
"အသုံးမဝင်ဘူး၊ ငါ့ကို ဆန့်ကျင်တဲ့ ဘယ်လိုခုခံမှုမျိုးမဆို အချည်းနှီးပဲ"
ပင်လယ်နတ်ဘုရားသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ပေါ့ပေါ့ပါးပါး လက်ညှိုးညွှန်လိုက်ရာ တကဲအုချီ ခီရိုခို၏ခန္ဓာကိုယ်တစ်ခုလုံးလည်း လုံးဝ တောင့်တင်းသွားပြီး မျက်တောင်တစ်ချက်ပင် မခတ်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင် တကဲအုချီ ခီရိုခိုသည် မျှော်လင့်ချက်မဲ့ခြင်းထဲသို့ အမှန်စင်စစ်ပင် ကျရောက်သွားတော့သည်။
သူမ ကောင်းကင်ထက်သို့ အခေါ်ခံရတော့မည့်အချိန်မှာပင်...
အဝေးမှ တည်ငြိမ်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ငါ့လက်ဝယ်မှာ ကောင်းကင်ဘုံဖီဆန် ဓားရှိတယ်..."
ထိုအသံနှင့်အတူ အလင်းတန်းတစ်ခုသည် ကောင်းကင်ကို ဖြတ်ကာ ပျံသန်းလာပြီး...
ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲနိုင်စွမ်းရှိသော ဓားအလင်းတန်းတစ်ခုသည် ဝေလငါးကြီးနှင့် ပင်လယ်နတ်ဘုရားတည့်တည့်ကို ဟိန်းဟောက်သံနှင့်အတူ ကျရောက်လာသည်။
ထို့နောက် အသံသည် ဆက်လက်ထွက်ပေါ်လာသည်။
"ပင်လယ်ကိုခွဲပြီး ဝေလငါးကို ချေမှုန်း..."
တစ်ချိန်တည်းမှာပင် ဓားအလင်းတန်း ကျရောက်လာသည်နှင့် သွေးများလည်း လွှင့်စင်သွားတော့သည်။