ကမ္ဘာတစ်ခုလုံးအား တိုက်ရိုက်ထုတ်လွှင့်ခြင်း
Vol. 45 Ch. 669
ချလွင်...
ကျယ်လောင်သော သတ္တုချင်း ရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာသည်။
ပင်လယ်နတ်ဘုရားသည် အချိန်မီလေးမှာပင် သူ၏သုံးခွလှံကို မြှောက်ကာ ထိုဓားချက်ကို မနည်းခုခံလိုက်ရသည်။
သို့သော် သူသည် ဓားအလင်းကို ခုခံနိုင်ခဲ့သော်လည်း ဓား၏စွမ်းအားကြောင့် မီတာပေါင်းများစွာ လွင့်စင်သွားသည်။ ထိုမျှသာမက ပင်လယ်နတ်ဘုရား၏ လက်ထဲမှ သုံးခွလှံသည် မြည်သံတစ်ခုနှင့်အတူ နှစ်ပိုင်းကျိုးသွားသည်။
သို့သော် သူသည် အနည်းဆုံးတော့ သူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။ သို့သော် သူစီးနင်းလာသော ဝေလငါးကြီးမှာမူ ထိုကဲ့သို့ ကံမကောင်းခဲ့ပေ။
ဝေလငါးကြီး၏ နဖူးထက်တွင် သွေးကြောင်းတစ်ခု ထွက်ပေါ်လာပြီးနောက် ၎င်း၏အမြီးတိုင်အောင် ပိုင်းဖြတ်သွားသည်။
ဘုန်း
အသံတစ်ချက်မြည်ပြီးနောက် ဝေလငါးကြီးလည်း နှစ်ခြမ်းကွဲသွားတော့သည်။
သွေးများနှင့် အသားများသည် ပင်လယ်ထဲသို့ ထိုးကျသွားသောကြောင့် လှိုင်းလုံးများ ဖြစ်ပေါ်စေသည်။
ဤအရာအားလုံးသည် အသက်ရှူချိန်အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။
ခဏအတွင်းပင် ၎င်း၏စွမ်းအားကို ပြသနေခဲ့သော ပင်လယ်နတ်ဘုရားသည် တွန်းလှန်ခံလိုက်ရသည့်အပြင် ဝေလငါးကြီးမှာလည်း အသတ်ခံလိုက်ရသည်။
လူတိုင်း ခေါင်းမော့ကာ ကောင်းကင်ယံတွင် ရပ်နေသော ထိုလူကို ကြောင်ငေးကြည့်နေကြသည်။
တကဲအုချီ ခီရိုခိုသည် မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း သူမ၏အကြည့်သည် ရွှယ်အန်းကိုသာ မှင်သက်တိတ်ဆိတ်စွာ စူးစိုက်ကြည့်နေပြီး သူမ၏မျက်လုံးများကိုပင် မယုံနိုင်ဖြစ်နေသည်။
စက္ကန့်အနည်းငယ်ကြာမှ သူမ ညင်သာစွာ ဒူးထောက်လိုက်သည်။
"ဆရာ ပြန်လာပြီပဲ"
သူမ ဒူးထောက်သည်ကိုမြင်သောအခါ တိုကျိုခေါင်းဆောင်များလည်း တုန်လှုပ်သွားပြီး အလားတူပင် မြေပြင်ပေါ်တွင် ဝပ်တွားဦးချကာ ရွှယ်အန်းကို မော့ကြည့်ရန်ပင် မဝံ့ရဲကြပေ။
ဤနတ်ဘုရားတစ်ပါးနှင့်တူသော လူသည် ပြန်လည်ရောက်ရှိလာပြီး သူပေါ်လာသည်နှင့် တိုကျိုတစ်မြို့လုံးကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သော ဝေလငါးကြီးကို သုတ်သင်ခဲ့သည်။
ဤကိစ္စကြောင့် ခေါင်းဆောင်များ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကိုပါ စွန်းထင်စေသည်။
ရွှယ်အန်းလည်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်
"အားလုံး ထကြပါ"
ထိုအခါမှသာ ထိုလူများသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်ကြသည်။ တစ်ချိန်တည်းမှာပင် နောက်မှကပ်လိုက်ပါလာသော ရဟတ်ယာဉ်ပေါ်ရှိ ချန်ရှောင်ယိ၏မျက်နှာသည် အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေပြီး ခဏအကြာမှ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
"ခုနက မြင်ကွင်းကို ကင်မရာနဲ့ မှတ်တမ်းတင်လိုက်နိုင်ရဲ့လား"
ကင်မရာမန်းများ ခေါင်းညိတ်လိုက်ကြသည်။
"အစ်မချန်၊ အားလုံး မှတ်တမ်းတင်ပြီးပါပြီ၊ ပြီးတော့ ဆက်သွယ်ရေးဂြိုဟ်တုနဲ့လည်း အဆက်အသွယ်ရနေပါပြီ၊ အထက်က တုံ့ပြန်ချက်ကတော့ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မယ်လို့ ပြောပါတယ်"
ချန်ရှောင်ယိလည်း ခေါင်းညိတ်လိုက်ပြီး အဝေးသို့ လှမ်းကြည့်ကာ သူမ၏အကြည့်များ တောက်ပလာသည်။
ရွှယ်အန်းသည် ဤမျှလောက် ဩဇာအာဏာကြီးမားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူသည် အရှေ့ပင်လယ်ကို ဖြတ်ကျော်ပြီးနောက် ဓားတစ်ချက်တည်းဖြင့် ဝေလငါးကြီးကို ခုတ်ပိုင်းလိုက်သည်။
ထိုအချိန်တွင် ဆက်သွယ်ရေးသတင်းထောက်တစ်ဦးသည် လေးနက်စွာ ပြောလိုက်သည်။
"အစ်မချန် ရုံးချုပ်က ပြောလာပါတယ်၊ တိုက်ရိုက်ထုတ်လွှင့်မှု စတင်နိုင်ပြီတဲ့"
ချန်ရှောင်ယိ ခေါင်းညိတ်ကာ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
"အရင်ဆုံး ငါတို့ခုနက ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို ပို့လိုက်၊ ပြီးရင် တိုက်ရိုက်ထုတ်လွှင့်မှု စလိုက်တော့"
"ဟုတ်ကဲ့"
တစ်ချိန်တည်းမှာပင်...
ဟွာရှနိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးတွင် ကျုံးတူးမြို့တော်တွင်သာမက နတ်ဘုရားများနှင့် နတ်ဆိုးများလက်သို့ ကျရောက်သွားပြီး အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာရှိတော့သော မြို့ငယ်လေးများတွင်ဖြစ်စေ၊ အပြင်ဘက်တွင်ဖြစ်စေ၊ အတွင်းဘက်တွင်ဖြစ်စေ တီဗီများ သို့မဟုတ် အင်တာနက်ချိတ်ဆက်မှုများ ရှိနေသည့်အရာများတွင် တူညီသောမြင်ကွင်းတစ်ခု ပေါ်လာသည်။
လူတိုင်း ဘာဖြစ်သွားသည်ကို မသိလိုက်ဘဲ မှင်သက်နေကြကာ စူးစိုက်ကြည့်ရှုနေကြသည်။
အစပိုင်းတွင် ရုပ်ပုံသည် တုန်ခါနေသော်လည်း တဖြည်းဖြည်း ကြည်လင်လာသည်။
ထိုအခါမှသာ လူများသည် ရှင်းလင်းစွာ မြင်နိုင်တော့သည်။ ဖန်သားပြင်ထဲတွင် ဧရာမဝေလငါးကြီးတစ်ကောင်မှာ ကောင်းကင်ယံ၌ ပျံဝဲနေပြီး ၎င်း၏ခေါင်းပေါ်တွင် လူတစ်ဦး ရပ်နေသည်။
သို့သော် ထို့နောက် အလင်းတန်းတစ်ခုမှာ ကောင်းကင်ကို ဖြတ်တောက်လျက် လင်းလက်သွားပြီး အလွန်အမင်း အားကောင်းသော ဓားအလင်းတန်းတစ်ခုသည် ဝေလငါးကြီးကို ခုတ်ပိုင်းသွားကာ အပေါ်မှလူကို အဝေးသို့ လွင့်စင်သွားစေသည်။
ငါ့လက်ထဲမှာ ကောင်းကင်ဖီဆန် ဓားရှိတယ်၊ ပင်လယ်ကိုခွဲပြီး ဝေလငါးကို ချေမှုန်း...
ဤစကားများသည် ကြည့်ရှုသူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။
ထို့နောက် ကင်မရာသည် ရေလွှမ်းမိုးနေသော တိုကျိုမြို့ဘက်သို့ ရွှေ့သွားသည်။
"တိုကျိုပဲ"
မျက်စိလျှင်သော ကြည့်ရှုသူတစ်ဦးသည် ချက်ချင်း မှတ်မိလိုက်သည်။
အဘယ့်ကြောင့်ဆို ရေထဲမှ တစ်ဝက်တစ်ပျက် ထိုးထွက်နေသော တိုကျိုမျှော်စင်၏ ထိပ်ဖျားသည် အလွန်ပင် ထင်ရှားသောကြောင့် ဖြစ်သည်။
"ဘာဖြစ်နေတာလဲ"
လူတိုင်း အနည်းငယ် ရှုပ်ထွေးသွားကြသည်။
ထိုအချိန်တွင် ချန်ရှောင်ယိ၏ အသံသည် ဖန်သားပြင်ထဲမှ ထွက်လာသည်။
"ဒီနေရာက တိုကျိုမြို့ဖြစ်ပါတယ်၊ ကျွန်မတို့ ခုလေးတင်ပဲ ဆရာရွှယ်နောက်ကို လိုက်လာခဲ့တာပါ၊ သူက နတ်ဘုရားတွေကို သုတ်သင်ပြီး နတ်ဆိုးတွေ ရှင်းလင်းတာကို တိုက်ရိုက်ထုတ်လွှင့်ခွင့် ပေးထားပါတယ်"
ထိုစကားကိုကြားလိုပ်သည်နှင့် ဖန်သားပြင်ရှေ့ရှိ ကြည့်ရှုသူအားလုံး မှင်သက်သွားကြသည်။
တီဗီမကြည့်နေပြသော ကြည့်ရှုသူအများအပြားလည်း သတင်းရရှိသွားကြပြီး ကားမောင်းနေသည်ဖြစ်စေ၊ အခြားအလုပ်လုပ်နေသည်ဖြစ်စေ ၎င်းတို့အားလုံး ချက်ချင်းပင် ရပ်တန့်လိုက်ပြီး တီဗီတစ်လုံးကို ရှာဖွေကြည့်ရှုကြသည်။
ဟွာရှားတစ်နိုင်ငံလုံး ရပ်တန့်သွားပြီး လူတိုင်း မျက်တောင်မခတ်ဘဲ ဖန်သားပြင်ကို စိုက်ကြည့်နေကြသည်။
အခြားနိုင်ငံများလည်း သတင်းအချက်အလက်ရရှိပြီး ချက်ချင်းပင် ထုတ်လွှင့်ပြသသည်။
ကမ္ဘာတစ်ဝန်းလုံးကို လွှမ်းခြုံထားသော ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုသည် စတင်ခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ကောင်းကင်ယံ၌ ပင်လယ်နတ်ဘုရားသည် အဝေးတွင်ရပ်ကာ လက်နောက်ပစ်လျက်ရပ်နေသော ရွှယ်အန်းကို စူးစိုက်ကြည့်နေပြီး သူ၏မျက်နှာသည် အလွန်လေးနက်နေသည်။
နောက်ဆုံးဓားချက်သည် အခြားသူများထက် သူ့အပေါ်ကို ပိုလို့ပင် ခြိမ်းခြောက်နိုင်ခဲ့သည်။
ထိုဓားချက်ကို ရင်ဆိုင်ရာတွင် ပင်လယ်နတ်ဘုရားသည် မျှော်လင့်ချက်မဲ့ခြင်းကိုပင် ခံစားခဲ့ရပြီး အဆုံးတွင် မနည်းခုခံနိုင်ခဲ့သော်လည်း သူ၏ကျော်ကြားသော နတ်ဘုရားလက်နက်ဖြစ်သည့် သုံးခွလှံသည် နှစ်ပိုင်းကျိုးသွားခဲ့သည်။
ဒိဓားသိုင်းကျင့်ကြံသူက ဘယ်လောက်တောင် အားကောင်းလိုက်လဲ...
"ဓားကျင့်ကြံသူ၊ မင်းက ဘာကြောင့် ငါ့ ပင်လယ်မျိုးနွယ်ကို ဆန့်ကျင်ရတာလဲ၊ ပြီးတော့ ဘာလို့ ငါ့ရဲ့ စီးတော်ယာဉ်ကို သတ်ပြီး ငါ့လက်နက်ကို ဖျက်ဆီးရတာလဲ"
ပင်လယ်နတ်ဘုရားသည် လေးနက်သောအသံဖြင့် မေးလိုက်သည်။
သို့သော် ရွှယ်အန်းသည် သူ၏စကားကို ဂရုမစိုက်ပေ။ ထိုအစား သူသည် ခေါင်းလှည့်ကာ ခုလေးတင် ပျံသန်းရောက်ရှိလာသော အန်းယန်ကို ပြုံးပြလိုက်သည်။
"ယန်အာ၊ မင်း ချီးကုံးခက်ရင်းခွကို မြင်ဖူးလား?"
အန်းယန် အံ့အားသင့်သွားပြီး ခေါင်းခါလိုက်သည်။
"မမြင်ဖူးဘူး၊ အဲဒါ ဘာကြီးလဲဟင်"
ရွှယ်အန်းသည် အနည်းငယ် မဲ့ပြုံးပြုံးလိုက်သည်။
"အရင်တုန်းက တောရွာတွေမှာ ရှိတယ်၊ နာမည်အတိုင်းပဲ ချီးကုံးဖို့ သုံးတဲ့ ခက်ရင်းပေါ့"
ထို့နောက် ပင်လယ်နတ်ဘုရား၏ လက်ထဲမှ နှစ်ပိုင်းကျိုးနေသော သုံးခွလှံကို ညွှန်ပြကာ ပြောလိုက်သည်။
"မင်း မမြင်ဖူးရင် ဒီပစ္စည်းကိုသာ ကြည့်လိုက်၊ ချီးကုံးခက်ရင်းနဲ့ တစ်ပုံစံတည်းပဲ၊ ကိုယ်နည်းနည်း သံသယဝင်မိတယ်.."
ရွှယ်အန်းသည် ပင်လယ်နတ်ဘုရားကို ကြည့်ကာ အေးစက်စွာ မဲ့ပြုံးပြုံးလိုက်သည်။
"ကိုယ် သံသယ၀င်မိတာက သူ ဒီပစ္စည်းကို ဟွာရှက ရွာတစ်ရွာရွာကနေ ခိုးလာတာပဲ ဖြစ်ရမယ်"
ထိုစကားကိုကြားသောအခါ အန်းယန်သည် သူမ၏ပါးစပ်ကို အုပ်လျက် ရယ်ချင်စိတ်ကြောင့် သူမ မျက်လုံးများ မှေးစင်းသွားသည်။
သူမ၏ခင်ပွန်းသည် သူ့စကားများဖြင့် အခြားသူများကို ဒေါသထွက်အောင် လုပ်တတ်သည်ကို သူမ အသိဆုံးပင်ဖြစ်သည်။
တီဗီရှေ့တွင် ကြည့်ရှုနေကြသော လူအားလုံးလည်း ကျယ်လောင်စွာ ရယ်မောကြတော့သည်။
ရွှယ်အန်း၏ စကားများမှာ အထူးတလည် ရယ်စရာကောင်းနေ၍တော့ မဟုတ်ပေ။
သို့သော် ၎င်းတို့သည် ဤရယ်မောခြင်းဖြင့် နတ်ဆိုးများ၏ ဖိနှိပ်မှုအောက်တွင် အချိန်အတော်ကြာ စုပုံနေခဲ့သော နာကြည်းမှုများကို ဖြေဖျောက်လိုသောကြောင့် ဖြစ်သည်။
ပင်လယ်နတ်ဘုရား၏ မျက်နှာသည် အလွန်တရာအကြည်းတန်သွားသည်။
ချီးကုံးခက်ရင်းဆိုတာကို သူ မသိသော်လည်း ငတုံး တစ်ယောက်ပင်လျှင် ရွှယ်အန်း သူ့ကို လှောင်ပြောင်နေမှန်း သိနိုင်သည်။
"ဓားကျင့်ကြံသူ၊ မင်းက အားကောင်းပေမယ့် ငါ့လို အဆင့်မြင့်နတ်ဘုရားတစ်ပါးကို မလေးမစားလုပ်တာ နည်းနည်း မမောက်မာလွန်းဘူးလား"
ရွှယ်အန်းသည် ထိုစကားကိုကြားသော် ခပ်ဖွဖွရယ်မောကာ ခေါင်းခါလိုက်သည်။
"မင်းတို့ နတ်ဘုရားတွေကလေ..."
"သေမျိုးတွေကို ရင်ဆိုင်တဲ့အခါကျရင်တော့ ကမ္ဘာကြီးမှာ အရာအားလုံးက အင်အားကိုပဲ အလေးထားတယ်၊ သေမျိုးတွေက အားနည်းလို့ မွေးရာပါနိမ့်ကျပြီး မင်းတို့ကတော့ မွေးရာပါ မြင့်မြတ်တယ်လို့ အကျယ်ကြီး အော်ပြောကြတယ်"
"ဒါပေမဲ့ တကယ်တမ်း ကိုယ့်ထက် အားကြီးတဲ့သူနဲ့ တွေ့တဲ့အခါကျတော့ မျက်နှာတစ်မျိုးနဲ့ ငါက မောက်မာလွန်းနေတယ်လို့တောင် မေးခွန်းပြန်ထုတ်နေတာလား"
ရွှယ်အန်း၏ နှုတ်ခမ်းများသည် ကွေးတက်သွားပြီး အေးစက်သော မဲ့ပြုံးတစ်ခု ပေါ်လာသည်။
"အခု ငါမင်းကို ပြောလိုက်မယ်၊ ငါက မွေးကတည်းက ဒီလိုပဲ မောက်မာတက်တာ"
ထို့နောက် ရွှယ်အန်းသည် ချန်ရှောင်ယိရှိရာ ရဟတ်ယာဉ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ထုတ်လွှင့်နေတုန်းပဲလား"
ချန်ရှောင်ယိလည်း အားရပါးရ ခေါင်းညိတ်ပြလိုက်သည်။
ရွှယ်အန်း ပြုံးလိုက်သည်။
"ကောင်းပြီ၊ ဒီနေ့ ဟွာရှပြည်သူအားလုံးရဲ့ရှေ့မှာ ငါ နတ်ဘုရားတစ်ပါးကို သတ်ပြမယ်"
ပင်လယ်နတ်ဘုရား၏ မျက်နှာသည် ရုတ်တရက် ပြာနှမ်းသွားပြီး သူ၏မျက်လုံးများထဲတွင် အလွန်အေးစက်သော သတ်ဖြတ်လိုစိတ်များ တောက်ပနေသည်။
"ဓားကျင့်ကြံသူ၊ ငါက မင်းကို တကယ်ကြောက်နေတယ်လို့တော့ မထင်နဲ့၊ ငါ..."
သူစကားမဆုံးမီမှာပင် ရှေးအန်း၏ ပုံရိပ်သည် သူ၏ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရက်စက်စွာ ပြုံးကာ ပြောလိုက်သည်။
"ဘာကို ငါ လဲ၊ အခုချိန် လက်သီးနဲ့ပဲ စကားပြောကြတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်းသည် ရှေ့သို့ လက်သီးတစ်ချက် ထိုးလိုက်သည်။
ပင်လယ်နတ်ဘုရားက အော်ဟစ်လိုက်သော်လည်း ခုခံရန် အခွင့်အရေး တစ်စုံတစ်ရာမရဘဲ ကောင်းကင်သို့ ဒုံးပျံတစ်စင်းအလား တန်းတန်းမတ်မတ် လွင့်စင်သွားတော့သည်။