အရင် အလင်းနတ်ဘုရားရဲ့ အကြွေးတောင် မကျေသေးဘူး၊ မင်းက ရောက်လာပြန်ပြီလား
Vol. 45 Ch. 674
ထိုစကားကို ကြားသောအခါ လူတိုင်း မှင်သက်သွားကြပြီးနောက် အတူတကွ မော့ကြည့်လိုက်ကြသည်။
အမှန်ပင်...
အဝေးတစ်နေရာတွင် ကြီးမားသော သစ်ပင်ကြီးတစ်ပင်သည် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိချေ။
မြေပြင်ပေါ်ရှိ နွယ်ပင်များသည် ထိုသစ်ပင်ကြီး၏ အောက်ခြေမှ သွယ်တန်းထွက်လာခြင်း ဖြစ်သည်။
သစ်ပင်၏ထိပ်ဖျားအထက်တွင် မျက်နှာပုံရိပ်မထင်ရှားသော အမျိုးသမီးတစ်ဦးပါသည့် ရောင်ခြည်တစ်ခု ဝေဝေဝါးဝါးထင်နေသည်။
"နတ်သူငယ်မျိုးနွယ်ရဲ့ မယ်တော်နတ်ဘုရားမ ခလိုရစ်ပဲ"
အန်နာစတေးရှားဝမ်းမြောက်စွာဖြင့် ကြွေးကြော်လိုက်သည်။
...
ခလိုရစ်လူတိုင်းကို အနည်းငယ် ဦးညွှတ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မတို့ နည်းနည်း နောက်ကျသွားတယ်"
သူမ၏စကားအဆုံးတွင် ညအမှောင် အနတ်သူငယ်များစွာသည် ရှေးဟောင်းသစ်ပင်ကြီးပေါ်မှ ခုန်ချလာကြသည်။
၎င်းတို့ကို ဦးဆောင်လာသူမှာ အကြီးအကဲ လူနာဖြစ်သည်။
ထိုညအမှောင် နတ်သူငယ်များ ပေါ်ထွက်လာခြင်းသည် တိုက်ပွဲ၏ အခြေအနေကို ချက်ချင်း ပြောင်းပြန်လှန်ပစ်လိုက်သည်။
အလင်းယုံကြည်သူ အရေအတွက်မှာ များပြားသော်လည်း ညအမှောင် နတ်သူကငယ်များ၏ မြှားမိုးများနှင့် မယ်တော် နတ်ဘုရားမ၏ နွယ်ပင်များရိုက်ချက်အောက်တွင် လျင်မြန်စွာပင် ချေမှုန်းခံလိုက်ရသည်။
လူတိုင်းပူးပေါင်းတိုက်ခိုက်ကြသည်။
အန်နာစတေးရှားသည် မယ်တော် နတ်ဘုရားမနှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးသဖြင့် ရှေ့သို့တက်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျွန်မတို့ အမှောင်ကောင်စီကို အကူအညီပေးတဲ့အတွက် ညအမှောင် နတ်သူငယ်တွေကို ကျေးဇူးတင်ပါတယ်"
ခလိုရစ်လည်း ခါးသီးစွာ ပြုံးလိုက်သည်။
"စုန်းမလေးက အားနာစရာတွေ ပြောနေပါပြီ၊ အလင်းစွမ်းအားတွေ လွှမ်းမိုးနေတဲ့အချိန်မှာ ကျွန်မတို့အားလုံးက တစ်ဦးကိုတစ်ဦး မှီခိုနေရတာမို့ ကူညီတာက သဘာဝကျပါတယ်"
အမှန်တွင် ခလိုရစ်ယခုမှ ရောက်လာနိုင်သည့် အကြောင်းရင်းမှာ နေရာအနှံ့ရှိ အလင်းယုံကြည်များ၏ နှောင့်ယှက်မှုကို ခံရသောကြောင့် ဖြစ်သည်။
အမှောင်ရှေးဟောင်းရဲတိုက်ကို ဝိုင်းရံထားသလောက် ဆိုးရွားခြင်းမရှိသော်လည်း ညအမှောင် နတ်သူငယ်များသည်လည်း ရုတ်တရက် တိုက်ခိုက်မှုအောက်တွင် ထိခိုက်ဆုံးရှုံးမှုများစွာ ပေးဆပ်ခဲ့ရသည်။
အဆုံးတွင် ခလိုရစ်၏ ဒေါသတကြီးပေါက်ကွဲမှုအပြီးတွင်မှ ဝိုင်းရံထားသော အလင်းနောက်လိုက်များကို ရှင်းလင်းနိုင်ခဲ့သည်။
သို့သော်လည်း ထိုလူများပြသခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းရည်သည် ခလိုရစ်ကို အမှန်ပင် တုန်လှုပ်စေခဲ့သည်။
ထို့နောက်တွင် အမှောင်ရှေးဟောင်းရဲတိုက်သည် ဝိုင်းရံခံထားရပြီး ကြာကြာ ခုခံနိုင်တော့မည်မဟုတ်ဟု ပြင်ပလောကမှ ကောလာဟလများကို သူမ ကြားလိုက်ရသည်။
ထိုသတင်းမှာ ခလိုရစ်မျက်နှာကိုဖြူရော်သွားစေသည်။
သူမသည် အပြန်အလှန်မှီခိုခြင်း၏ သဘောတရားကို ရှင်းလင်းစွာ နားလည်သောကြောင့် ချက်ချင်းပင် လူများစုရုံးကာ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့ပြီး အချိန်မီရောက်ရှိလာခြင်းဖြစ်သည်။
သို့သော် နှစ်ဖက်စလုံး ဆွေးနွေးနေစဉ်မှာပင်...
အဝေးရှိ ကောင်းကင်ယံတွင် မြင့်မြတ်သောအလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။
ဓမ္မတေးသီဆိုသံများနှင့်အတူ ကြီးမားလှသော အလင်း၏ ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ယံတွင် တဖြည်းဖြည်း ပုံပေါ်လာသည်။
Metatron သည် အားလုံးကို အထက်မှကြည့်ကာ စိတ်ဝင်တစား ပြောလိုက်သည်။
"ကျစ်ကျစ် ဒီလိုတောမှာ နတ်သူငယ် မယ်တော် နတ်ဘုရားမတစ်ပါး ထပ်ပေါ်လာတာပဲ၊ ဟမ့် ရှေးဟောင်း နတ်ဘုရားကနေ ပြောင်းလဲလာတဲ့ပုံပဲ၊ တော်တော် စိတ်ဝင်စားဖို့ကောင်းသား"
ထိုစကားကို ကြားသောအခါ ခလိုရစ်နှင့် အမှောင်ကောင်စီမှ လူများအားလုံး၏ မျက်နှာထားများ တင်းမာသွားကြသည်။
"ဒီအလင်းရဲ့ ကောင်းကင်တမန်က အရမ်းကို အစွမ်းထက်တယ်၊ ငါတို့ထဲက ဘယ်သူမှ သူ့ကိုမယှဉ်နိုင်ဘူး၊ အခုလုပ်နိုင်တာက ဒီနေရာကနေ မြန်မြန်ထွက်သွားပြီး တတ်နိုင်သလောက် ဝေးဝေးသွားဖို့ပဲ"
ခလိုရစ်သည် တည်ငြိမ်စွာပြောသည်။
အန်နာစတေးရှား၊ တိုင်တန်နှင့် အခြားသူများအားလုံးသည် ထိုစကားကိုကြားသောအခါ ပြုံးလိုက်ကြသည်။
"မယ်တော် နတ်ဘုရားမ၊ မိုင်ထောင်ချီပြီး အကူအညီပေးတာကို ကျွန်မတို့ နှလုံးသားထဲမှာ အမှတ်ရနေမှာပါ၊ ဒါပေမဲ့ အခုတော့ ရှင် မြန်မြန်ထွက်သွားတာ ပိုကောင်းပါမယ်၊ ကျွန်မတို့ကတော့ ဘယ်ကိုမှ သွားမှာမဟုတ်ဘူး"
မုန့်ရွှယ်က ပြောလိုက်သည်။
"ဘာလို့လဲ၊ အသက်စွန့်ပြီး တိုက်ခိုက်နေရုံနဲ့ ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ ရွှယ်အန်း ပြန်လာတဲ့အထိ စောင့်တာက ပိုကောင်းတယ်လေ"
ခလိုရစ်သည် ၎င်းတို့ အသေခံတိုက်ပွဲဝင်ရန် ပြင်ဆင်နေသည်ဟု ထင်ကာ အမြန် ဖျောင်းဖျလိုက်သည်။
"မင်း နားမလည်ပါဘူး"
ခါရာဆက်သည် အဝေးရှိ အမှောင် ရှေးဟောင်းရဲတိုက်ကို ညွှန်ပြရင်း ပြောလိုက်သည်။
"အထဲမှာ အမှောင်လောကရဲ့ အနာဂတ်အရှင်သခင် ရှိနေတယ်၊ သူ့အတွက် ငါတို့ ထွက်သွားလို့မရဘူးလေ၊ အဆုံးထိကို တိုက်ပွဲဝင်ကို၀င်ရမယ်"
ထိုအချိန်တွင် Metatron သည် စောင့်ဆိုင်းရန် စိတ်ရှည်တော့ပုံမရသည်။
"သွား၊ အရာအားလုံးကို ချေမှုန်းပစ်လိုက်"
သူ့နောက်တွင် မရေမတွက်နိုင်သော ကောင်းကင်တမန်များ ထွက်လာသည်။
ထိုကောင်းကင်တမန်များတွင် အလွန်ရှေးကျသော တောင်ပံတစ်စုံရှိပြီး ၎င်းတို့ပိုင်ဆိုင်သည့် အလင်းစွမ်းအားမှာ ထိုယုံကြည်သူများနှင့် လုံးဝမယှဉ်သာပေ။
Metatron ၏ အမိန့်တစ်ခွန်းနှင့်အတူ ရိုးရှင်းစွာ တန်ဆာဆင်ထားသော ထိုကောင်းကင်တမန်များသည် တိုက်လေယာဉ်အုပ်စုကြီးပမာ အောက်သို့ထိုးဆင်းလာပြီး လူတိုင်းဆီသို့ တဟုန်ထိုး ဝင်ရောက်လာကြသည်။
"မယ်တော်နတ်ဘုရား... ပြေးပါတော့"
အန်နာစတေးရှားက အော်ပြောလိုက်ကာ အမှောင်တားမြစ်ကျိန်စာတစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဘုန်း
ထိုတားမြစ်ကျိန်စာသည် ကောင်းကင်တမန် ဒါဇင်ပေါင်းများစွာကို လွင့်စဉ်သွားစေသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် လစ်ဟာသွားသောနေရာကို ချက်ချင်း ပြန်လည်ဖြည့်တင်းခြင်း ခံလိုက်ရသည်။
အရပ်မျက်နှာပေါင်းစုံမှ မရေမတွက်နိုင်သော ကောင်းကင်တမန်များသည် လူတိုင်းကို ဝန်းရံထားလိုက်သည်။
လူတိုင်းသည် ရန်သူကို သတ်ဖြတ်ရန် မိမိတို့၏ အပြင်းထန်ဆုံး ပညာရပ်များကို ထုတ်သုံးခဲ့ကြသော်လည်း ရန်သူများမှာ သတ်မကုန်နိုင်အောင် များပြားလှသည်။
"မယ်တော်နတ်ဘုရား၊ ဘယ်လိုလုပ်ရမလဲ"
အကြီးအကဲ လူနာသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာအနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်လျက် မေးလိုက်မိသည်။
ခလိုရစ်၏ အကြည့်များတွင် အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။
"ငါတို့ ထွက်သွားလို့မဖြစ်ဘူး၊ ငါတို့သာ သွားရင် ဒီလူတွေ သေချာပေါက် သေလိမ့်မယ်၊ ပြီးတော့ ဒီအလင်းရဲ့ ကောင်းကင်တမန်တွေက သူတို့ရဲ့မြှားဦးကို ငါတို့ဘက်လှည့်လာရင် ငါတို့လည်း မြေမြှုပ်စရာနေရာတောင် ရှိမှာမဟုတ်ဘူး"
"ဒါကြောင့် တိုက်ကြစို့၊ အတူတူ ရန်သူတွေကို သတ်ကြမယ်"
ခလိုရစ်ပြောလျက် သစ်နွယ်များကို ကြာပွတ်ကဲ့သို့ အသုံးပြုကာ ချီတပ်လာသော ကောင်းကင်တမန်တပ်ဖွဲ့ကို ရိုက်ချလိုက်သည်။
အကြီးအကဲ လူနာလည်း နတ်သူငယ်များ ကို တစ်ပြိုင်နက်တည်း မြားများပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။
Metatron သည် ထိုမြင်ကွင်းကို ကြည့်ကာ တဟားဟား ရယ်မောလိုက်ငည်။
"မင်းတို့မှာ ဒီလောက်ပဲ အင်အားရှိတာလား၊ ဒါဆိုရင် ဒီနေ့ ငါမင်းတို့အတွက် ဟင်းခတ်အမွှေးအကြိုင် နည်းနည်းထည့်ပေးလိုက်မယ်"
ထိုသို့ပြောပြီးနောက် မြင့်မြတ်သောအလင်းရောင်များ လင်းလက်သွားပြီး မကြာခင်ကမှ မြားထိသေဆုံးသွားသောသူများသာမက အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသော ကောင်းကင်တမန်များသည် ထိုအလင်းရောင်အောက်တွင် ခန္ဓာကိုယ်များကို ပြန်လည်ဖွဲ့စည်းပြီး ကောင်းကင်သို့ တစ်ဖန်ပြန်တက်သွားကြသည်။
"ဆက်သတ်ကြ၊ မင်းတို့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ချင်သေးတယ်"
Metatron က အောင်နိုင်သူတစ်ယောက်ပမယ ရယ်မောလိုက်သည်။
လူတိုင်း စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
မိမိတို့ အားကုန်သုံး၍ သတ်ခဲ့သော ရန်သူသည် မျက်စိတစ်မှိတ်အတွင်း ပြန်လည်ရှင်သန်လာသည်ကို မြင်ရခြင်းထက် ပို၍ စိတ်ဓာတ်ကျစရာ မရှိတော့ပေ။
ထို့အပြင် အမှောင်ကောင်စီဝင်များသည် မူလကတည်းက ပြင်းထန်စွာ ဒဏ်ရာရထားပြီး ယခု တိုက်ပွဲဝင်ပြီးနောက် ၄တို့၏ဒဏ်ရာများမှာ ပိုလို့ပင် ဆိုးရွားလာခဲ့သည်။
ထို့ကြောင့် ဤကောင်းကင်တမန်တပ်ဖွဲ့၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့သည် တဖြည်းဖြည်း နောက်သို့ ဆုတ်ခွာလာရသည်။
ဘန်း
အလင်းရောင်ဖြင့် နောက်တစ်ကြိမ် ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရသည်။
အန်နာစတေးရှားလည်း လေးနက်စွာ ပြောလိုက်သည်။
"မိတ်ဆွေတို့၊ ကျွန်မ မခံနိုင်တော့ဘူး၊ အချိန်ကျပြီ"
ထိုသို့ပြောပြီးနောက် သူမ၏ မျက်လုံးထဲမှ အမှောင်စွမ်းအင်များ အလွန်အမင်း တိုးပွားလာသည်။
ခါရာဆက်သည် တုန်လှုပ်စွာ အော်လိုက်သည်။
"တက်စီယာ"
အန်နာစတေးရှားသည် သူ့ဘက်ကိုလှည့်ကာ ပြုံးပြလိုက်သည်။
"ခါရာဆက်ခဏနေရင် ပြန်တွေ့ကြမယ်နော်"
ခါရာဆက်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး ခေါင်းညိတ်လိုက်သည်။
"ကိုယ့်ကိုစောင့်၊ ကိုယ်တို့ အတူတူသွားမယ်"
ထိုသို့ပြောပြီးနောက် သူ့ထံမှလည်း ပြင်းထန်သော သေခြင်းတရားစွမ်းအင်များ ထွက်ပေါ်လာသည်။
စုန်းမနှင့် တိုင်တန်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ ၎င်းတို့၏မျက်လုံးများတွင် အသေခံရန် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
အမှောင်ကောင်စီမှ လူများ အမှောင် ရှေးဟောင်းရဲတိုက်၏ အကာအကွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် မိမိကိုယ်ကို စတေးရန် ပြင်ဆင်နေချိန်မှာပင်...
ရုတ်တရက်ဆိုသလို...
ထိုအဆုံးမဲ့ ကောင်းကင်တမန်တပ်ဖွဲ့သည် မီးရှူးမီးပန်းများကဲ့သို့ တစ်ကောင်ပြီးတစ်ကောင် ပေါက်ကွဲသွားသည်။
အစပိုင်းတွင် တစ်ကောင်ချင်းစီ ပေါက်ကွဲသွားသော်လည်း မကြာမီမှာပင် အစုလိုက်အပြုံလိုက် ပေါက်ကွဲတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
အထက်မှနေ၍ တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သော အန်နာစတေးရှားပင် အံ့အားသင့်သွားသည်။
ထိုအချိန်မှာပင် အလင်းတန်းနှစ်ခု ကောင်းကင်ယံကို ဖြတ်ပျံသွားပြီးနောက် ပြင်းထန်သော ဒေါသများပြည့်နေသည့် အသံတစ်ခုသည် တိုက်ပွဲမြေပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
"ကောင်းတယ်၊ မင်းတို့က မုန့်ရွှယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်သွားအောင် လုပ်ရဲတယ်ပေါ့၊ မင်းတို့တော့ သေချာပေါက် သေပြီပဲ"
ထိုအသံကို ကြားသောအခါ အမှောင်ကောင်စီဝင်များဖြစ်စေ၊ နတ်သူငယ်မျိုးနွယ်များဖြစ်စေ လူတိုင်း မှင်သက်သွားကြပြီး အတူတကွ မော့ကြည့်လိုက်ကြသည်။
အမှန်ပင်...
လေထုထဲတွင် ရပ်နေကြသူများမှာ ရွှယ်အန်းနှင့် အန်းယန်တို့မှလွဲ၍ အခြားသူများမဟုတ်ပေ။
"မစ္စတာရွှယ်"
ခလိုရစ်သည် လျင်မြန်စွာ နှုတ်ဆက်လိုက်သည်။
အမှောင်ကောင်စီမှ လူများလည်း သတိပြန်ဝင်လာပြီး လေးစားစွာဖြင့် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
ရွှယ်အန်းက ပေါ့ပါးစွာသာ ခေါင်းညိတ်လိုက်သော်လည်း သူ၏မျက်လုံးများမှာမူ ပါးလွှာသော အကာအကွယ်စွမ်းအားများဖြင့် ဖုံးလွှမ်းနေသော အမှောင်ရှေးဟောင်းရဲတိုက်ပေါ်ကိုသာ စူးစိုက်ကြည့်နေသည်။
"မင်း ဘယ်သူလဲ"
Metatronသည် ဒေါသထွက်စွာ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ရွှယ်အန်းသည် သူ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များက မထီမဲ့မြင်ပြုံးသည့် အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားသည်။
"အရင် အလင်းဘုရားနဲ့ ရှင်းရမယ့် အကြွေးကိုတောင် ငါမရှင်းရသေးဘူး၊ အခု မင်းက ရောက်လာပြန်ပြီပေါ့လေ"