ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၂
Vol. 23 Ch. 309
ချန်ကျဲ့သည် အနည်းငယ် အံ့အားသင့်သွားသော်ငြား ပြုံးရယ်လျက် ပြန်ပြောခဲ့သည်။
“ဟုတ်ကဲ့ပါ ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်”
သို့သော် ချန်ကျဲ့သည် ၎င်းကို အလေးအနက်မထားပါချေ။ သခင်မသည် နောင်ပြောင်ကျီစယ်နေရုံသာ ဖြစ်လိမ့်မည်။ သူ့ကို တကယ်ကြီး လာမရှာလောက်ပါချေ။
ထို့နောက် ချန်ကျဲ့သည် ဆရာတော်ကျီရှန်းကို ဂါရဝပြုသည်။
“အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက် ဆရာတော်ကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခု ဒီလူကို သယ်သွားလိုက်ပါတော့မယ်”
ဆရာတော်ကျီရှန်းမှ ပြန်ပြောသည်။
“ပြဿနာမရှိပါဘူး။ မင်းအဆင်ပြေသလိုလုပ်ပါ”
ချန်ကျဲ့သည် ကျန်းချွမ်၏အလောင်းကို သယ်ထုတ်နေသည့် ဖန့်ဖူတို့ကို သွားကူညီလိုက်သည်။ ချန်ကျဲ့ ထွက်ခွာသွားသည့် ပုံရိပ်ကို စောင့်ကြည့်နေသည့် ဟွမ်ဝမ်အာ၏ မျက်လုံးများတွင် အလင်းလှိုင်းလေးများ တဖျပ်ဖျပ်တောက်ပနေခဲ့သည်။
…
“ဦးလေးဖူ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကျန်တဲ့ကိစ္စတွေကို ကူညီရှင်းပေးပါဦး။ ကျွန်တော် မွေးစားအဖေဆီ ကျန်းချွမ်ရဲ့အလောင်းကို သယ်သွားလိုက်ဦးမယ်”
ထိုအခါ ဖန့်ဖူမှ ပြောသည်။
“ကောင်းပြီ။ ဒါပေမဲ့ ကျိုစစ် မင်း ခန်းမအရှင်သခင်နဲ့ စကားပြောတဲ့အခါ အာ.. နည်းနည်းလိမ္မာပါးနပ်ပါစေ။ ခန်းမအရှင်သခင်က သခင်၂ကို ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်လာခဲ့တာ၊ ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်း လက်ခံလိုက်ဖို့ဆိုတာ ခန်းမအရှင်သခင်အတွက် အရမ်းများလွန်းနေမှာ စိုးမိတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ဦးလေးဖူ”
ဖန့်ဖူမှ ပြောသည်။
“အမ်း ဒါဆိုလည်း သွားတော့။ ကျန်တာ ငါ့တာဝန်ထားလိုက်ပါ”
ချန်ကျဲ့မှ ပြောသည်။
“ကျေးဇူးတင်ပါတယ် ဦးလေးဖူ”
ထို့နောက် ချန်ကျဲ့သည် လင်းယုန်အစောင့်အရှောက်၁၂ဦးနှင့်အတူ ကျန်းချွမ်၏အလောင်းကို သယ်၍ မျန့်ရွှေစီရင်စုသို့ အမြန်ပြန်ခဲ့ကြသည်။ မျန့်ရွှေ၏ မြို့တံခါးများသည် ပိတ်သွားခဲ့ပြီဖြစ်သော်ငြား ၎င်းသည် သာမန်ပြည်သူများအတွက်သာ ရည်ရွယ်ခြင်းဖြစ်သည်။ ချန်ကျဲ့တို့ကဲ့သို့ ကုန်သည်အဖွဲ့တစ်ခုအတွင်းမှ အင်အားအာဏာရှိသူများသည် အနောက်တံခါးကို အမြဲရှာဖွေနိုင်ပေသည်။
လောကကြီးသည် ဤသို့လည်ပတ်နေခြင်းဖြစ်၏။ သာမန်လူများအတွက် စည်းမျဉ်းများစွာကို သတ်မှတ်ထားပြီး အထက်တန်းလွှာများအတွက်မူ သူတို့၏ကိုယ်ပိုင် သီးခြားစည်းမျဉ်းများ တည်ရှိလေသည်။
ချန်ကျဲ့နှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် ဟွမ်ဝမ်အာသည် စိုးရိမ်ထိတ်လန့်နေကြသည့် သီလရှင်များကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“ဆရာတော်”
“အာ?”
ဆရာတော်ကျီရှန်းသည် သူမကို ပြန်လှည့်ကြည့်၏။
“ဒီနေ့ ဘာကိစ္စမှမဖြစ်ခဲ့ဘူးလို့ ထားလိုက်ရအောင်။ ခေါင်းဆောင်နန်ကို ဒီနေ့ကိစ္စအကြောင်း တင်ပြဖို့မလိုဘူး”
ထိုအခါ ဆရာတော်ကျီရှန်းမှ ပြောသည်။
“ဒီလိုက မသင့်တော်လှပါဘူး”
“အဆင်ပြေပါတယ်၊ ကျွန်မလည်း မထိခိုက်မိဘူးလေ။ ပြီးတော့ သူသိသွားရင် ကျွန်မတို့အားလုံး အပြစ်ပေးခံနေရဦးမှာ”
ထိုအခါ ဆရာတော်ကျီရှန်းမှ ပြောသည်။
“ကောင်းပြီ။ သခင်မ ပြောတဲ့အတိုင်း လိုက်နာပါ့မယ်”
ဟွမ်ဝမ်အာသည် ခပ်သာသာ ခေါင်းညိတ်လိုက်ပြီး သူမ၏သီးသန့်အခန်းသို့ ပြန်ဝင်သွားခဲ့သည်– အခန်း ၁
ထိုအခန်းသည် သူမအတွက် အထူးတလည်ပြင်ဆင်ပေးထားသော အခန်းဖြစ်သည်။ သူမသည် ဤနေရာတွင် အစဉ်အမြဲနေထိုင်ခြင်း မဟုတ်သည့်တိုင် သူမ၏အခန်းထဲသို့ မည်သူမျှ မဝင်ရဲပေ။
အခန်းထဲတွင် အစိမ်းရောင်မီးအိမ်တစ်လုံးနှင့် ဗုဒ္ဓကျမ်းစာလိပ်တစ်ဝက်ရှိသည်။
ဟွမ်ဝမ်အာသည် အခန်းထဲတွင် ထိုင်နေပြီး အစေခံမိန်းကလေးသည် သီလရှင်ဝတ်ရုံ အသစ်တစ်စုံကို ယူလာပေးသည်။
“သခင်မ အဝတ်လဲလိုက်ပါ”
“အင်း”
အဝတ်လဲပြီးနောက် ဟွမ်ဝမ်အာမှ ပြောသည်။
“ဒီသွေးစွန်းနေတဲ့ အဝတ်တွေကို မလွှင့်ပစ်လိုက်နဲ့။ အဝတ်သေတ္တာအောက်ခြေမှာ ထည့်ထားလိုက်”
“သခင်မ ဘာလို့ သွေးစွန်းနေတဲ့အဝတ်တွေကို သိမ်းထားမှာလဲ”
“အမှတ်တရသိမ်းထားမလို့၊ ငါအသက်ရှင်ခဲ့တဲ့အကြောင်း သက်သေပြဖို့!”
အစေခံမိန်းကလေးသည် နားမလည်ပေ။ အဝတ်ကိုသာ သိမ်းယူသွားလိုက်သည်။
ထို့နောက် အစေခံမိန်းကလေးသည် ရေနှင့် ရေနွေးပုဝါတစ်ထည် ယူလာပေးသည်။
“သခင်မရဲ့ မျက်နှာကို သန့်ရှင်းသင့်တယ်”
“အင်း”
ဟွမ်ဝမ်အာသည် ပုဝါကို ယူလိုက်ပြီး မှန်ထဲမှကြည့်၍ မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။ သူမ၏ လက်ရာမြောက်ကာ ပြိုင်ဘက်ကင်း လှပသည့် အလှတရားကို ကြည့်၍ ရုတ်တရက် ရယ်မောလေသည်။ ထို့နောက် ပြောသည်။
“သုကျွမ်း”
“အမ်?”
အစေခံမိန်းကလေးသုကျွမ်းသည် ဟွမ်ဝမ်အာကို ကြည့်၏။ ဟွမ်ဝမ်အာမှ ပြောသည်။
“ငါ့ကိုပြောစမ်း သုကျွမ်း။ ငါလို လှပတဲ့ အမျိုးသမီးတစ်ယောက်က ဒီတိုင်းသေသွားရမှာ နှမြောဖို့ကောင်းတယ် မထင်ဘူးလား”
သုကျွမ်းသည် အနည်းငယ် တွန့်ဆုတ်တွေဝေလျက် ပြောသည်။
“သခင်မက အခု လုံးဝ အကောင်းအတိုင်းရှိနေတာပဲကို ဘာလို့ သေမယ့်အကြောင်း ပြောရတာလဲ”
ဟွမ်ဝမ်အာသည် သုကျွမ်းကို မော့ကြည့်လိုက်ပြီး မေးသည်။
“မင်းရဲ့ဘဝမှာ မင်းအတွက် မဟုတ်တဲ့ အရာတစ်ခုကို လုပ်ခဲ့ဖူးလား”
သုကျွမ်း ခေါင်းခါသည်။
ဟွမ်ဝမ်အာမှ ပြောသည်။
“အမှန်အတိုင်းပြောရရင် မင်းစဉ်းစားကြည့် အမျိုးသမီးတွေရဲ့ဘဝက အရမ်းသနားဖို့ကောင်းတယ်။ အသက်ငယ်စဉ်ကတည်းက မိဘတွေက သားယောက်ျားလေးတွေကို ပိုချစ်မြတ်နိုးကြတယ်။ လက်ထပ်ထိမ်းမြားသွားတဲ့ သမီးမိန်းကလေးက အိမ်ကနေ ယိုဖိတ်သွားတဲ့ ရေပဲလို့ သင်ကြားခဲ့ကြတယ်။ ကောင်းမွန်တဲ့အရာတွေအားလုံးက သားယောက်ျားလေးတွေအတွက်ပဲ”
“ကြီးပြင်းလာတဲ့အခါကျ မိဘတွေက အာဏာရှိသူတွေရဲ့ အလေးပေးမှုကို ရယူဖို့အတွက်၊ မိသားစုရဲ့ အနာဂတ်အတွက် သမီးမိန်းကလေးတွေကို ကစားစရာတစ်ခုလိုမျိုး လူအိုကြီးတချို့ဆီ ပေးပစ်လိုက်ကြတယ်”
“ပြီးတော့လည်း အဲဒီလူအိုကြီးက အသုံးမကျဘူး…”
ထိုအချိန်၌ သုကျွမ်းသည် သူမ၏သွေးများ အေးစက်သွားသည်ဟု ခံစားလိုက်ရသည်။ သူမသည် နားများကို အမြန်အုပ်လိုက်ပြီး ပြော၏။
“သခင်မ ရပ်လိုက်ပါတော့။ ကျွန်မ ဆက်နားမထောင်ရဲတော့ဘူး”
ဟွမ်ဝမ်အာသည် သုကျွမ်းကို ကြည့်၍ ခေါင်းခါရမ်းလိုက်သည်။
“ဒါပေမဲ့ မင်းကြားခဲ့ပြီးပြီလေ”
သုကျွမ်းမှ ပြောသည်။
“သခင်မက ကျွန်မကို အတင်းအကျပ် နားထောင်ခိုင်းခဲ့တာပါ”
ဟွမ်ဝမ်အာမှ ပြောသည်။
“ဒါဆို လူထောင်သောင်းချီရဲ့ ရိုသေလေးစားခြင်းခံရတဲ့ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်က ယောက်ျားအလုပ်ကို မလုပ်ဆောင်နိုင်တဲ့ မိန်းမစိုးတစ်ယောက်ဆိုတာကို မင်းလည်း သိတယ်ပေါ့?”
“အာ သခင်မ!”
သုကျွမ်းမှာ ကြောက်ရွံ့လွန်းသောကြောင့် ကြမ်းပြင်တွင် ဒူးထောက်ချလေသည်။
ဟွမ်ဝမ်အာမှ ပြောသည်။
“ထားပါတော့၊ အဲဒီအကြောင်း ဆက်မပြောတော့ဘူး…”
ဟွမ်ဝမ်အာသည် လက်ဝှေ့ယမ်းလျက် သုကျွမ်းကို သွားခွင့်ပြုလိုက်သည်။ ထို့နောက် စားပွဲထက်ရှိ ကျမ်းစာကို ကြည့်လိုက်သည်။
“တပ်မက်ခြင်းတဏှာဟာ အပြစ်အားလုံး၏ အချုပ်ဖြစ်တယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ပါဝင်နေပြီး အမျိုးသားနှင့် အမျိုးသမီးကြား ချစ်ခြင်းမေတ္တာကြား မွေ့လျော်ခြင်းသည် အဝီစိငရဲသို့ လားရာဖြစ်သည်…”
ဟွမ်ဝမ်အာသည် ဗုဒ္ဓကျမ်းစာကို ကြည့်၍ အချိန်ခဏမျှ အတွေးထဲ နစ်မျောသွားခဲ့သည်။
“အမျိုးသားနှင့် အမျိုးသမီးကြား ချစ်ခြင်းမေတ္တာကြား မွေ့လျော်ခြင်းသည် အဝီစိငရဲသို့ လားရာဖြစ်သည်တဲ့လား”
ဟွမ်ဝမ်အာသည် မိန်းမောတွေဝေစွာဖြင့် ခပ်ဖျော့ဖျော့ရယ်မောသည်။ မမျှော်လင့်စွာဖြင့် သူမ၏ မျက်နှာအမူအရာမှာ တောင့်တမှုတစ်မျိုး ထင်ဟပ်နေခဲ့သည်…
၎င်းမျက်နှာအမူအရာမှာ အမျိုးသားနှင့် အမျိုးသမီးကြား ချစ်ခြင်းမေတ္တာအတွက်လော အဝီစိငရဲအတွက်လော မသဲကွဲပါချေ။
…
ဟူး ဟူး ဟူး…
မှောင်မဲနေသည့် တောအုပ်ထဲ၌ အိမ်တော်ထိန်းဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးသည် အသက်ကို ခက်ခက်ခဲခဲရှူလျက် ပြေးနေသည်။ ထိုလူကြီးသည် နောက်မှ လိုက်မီလာသူများ ရှိ၊မရှိကို နောက်ပြန်လှည့်ကြည့်သည်။ တစ်ယောက်မှ မတွေ့သောအခါမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
လူကြီးသည် အရှိန်လျှော့လိုက်ပြီးနောက် သစ်ပင်တစ်ပင်ကို မှီထိုင်၍ အသက်ပြင်းပြင်းရှူသွင်းသည်။
ဟူး ဟူး…
ခေါင်းငုံ့လိုက်သည်တွင် ချွေးများသည် မျက်ခုံးထောင့်မှ စီးကျလာသည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်နေ၏။ နောက်ဆုံးတွင်တော့ သူ၏တာဝန် ပြီးဆုံးသွားခဲ့လေပြီ။
ဟူး ဟူး ဟူး….
နောက်ဆုံးတွင်တော့ နေ့အလင်းရောင်ကို မြင်တွေ့နိုင်ပြီဖြစ်ပြီး သာမန်လူအဖြစ် နေထိုင်နိုင်လေပြီ။
တစ်နေ့နေ့တွင် သူသည် ကျေးလက်ဒေသတွင် အပြာရောင်အုတ်များဖြင့် အိမ်လေးတစ်အိမ်ကို ဆောက်လုပ်ပြီး အသီးအရွက်စိုက်ပျိုးမြေကွက်လေး ထားရှိကာ အသီးအရွက်များကို စိုက်ပျိုးမည်။ သူ၏ဇနီးသည်နှင့်အတူ ကလေးများကို ပြုစုပျိုးထောင်မည်။ ပြိုင်ဆိုင်လုယက်မှုများ မရှိဘဲ ပူပင်ကြောင့်ကြမဲ့စွာ နေထိုင်မည်။ ဤသို့ စိုးရိမ်ထိတ်လန့်နေရသော ဘဝသို့ ဘယ်တော့မှ ပြန်သွားလိမ့်မည် မဟုတ်ပေ။
လှပသော အနာဂတ်အကြောင်း တွေးလိုက်သည်တွင် အိမ်တော်ထိန်း၏ မျက်နှာထက်တွင် တောင့်တမှုများ ပြည့်နှက်လာခဲ့သည်။
သို့သော် နောက်တဒင်္ဂတွင် သူ ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ရှေ့ ခြေသုံးလှမ်းအကွာတွင် ပေါ်ထွက်လာသည့် လူတစ်ယောက်ကြောင့် ထိတ်လန့်သွားရတော့သည်။
အိမ်တော်ထိန်းသည် ကြောက်ရွံ့မှုကြောင့် နောက်သို့ခုန်မိသွားရသည်အထိပင်။ သို့သော် ရောက်လာသူ၏ မျက်နှာကို မြင်သောအခါ သူ ရပ်သွား၏။
“ဖချိုက်လား”
ဖချိုက်သည် လက်ထဲတွင် ဓားကိုင်ဆောင်ထား၏။ ဖချိုက်မှ အိမ်တော်ထိန်းကို မေးသည်။
“ခင်ဗျား ဘာတွေတွေးပြီး အဲဒီလောက်တောင် ပျော်ပျော်ရွှင်ရွှင် ပြုံးနေတာလဲ”
အိမ်တော်ထိန်းမှ ပြောသည်။
“ဟားဟား ဘာရယ်မဟုတ်ပါဘူး။ ဒါနဲ့ သခင်က ကျွန်တော့်ကို တစ်ခုခု ညွှန်ကြားလိုက်သေးလား”
ဖချိုက်မှ ပြောသည်။
“အင်း”
“ကျွန်တော့်အတွက် တာဝန်အသစ်ပေးလိုက်တာလား”
ဖချိုက်မှ ပြောသည်။
“သခင်က ပြောတယ်။ ခင်ဗျားက တာဝန်ကို ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်တဲ့။ ဒါပေမဲ့ သခင်က ခင်ဗျား စကားတွေ အများကြီးပြောမှာကို စိုးရိမ်နေတယ်”