ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၃
Vol. 23 Ch. 310
“နှုတ်မလုံမှာ စိုးရိမ်တာလား”
အိမ်တော်ထိန်းမှ ရေရွတ်သည်။ ထို့နောက် ဖချိုက်ကို ချက်ချင်း ခေါင်းမော့ကြည့်၏။
“သခင်က ကျွန်တော့်ကို သတ်ချင်…”
ဝှစ်!
ဓားသွားတစ်ချက်အဝှေ့တွင် ဖချိုက်သည် အိမ်တော်ထိန်း၏ဘေးမှ ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် ဓားကို ဓားအိမ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ထည့်သည်။
ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ မျက်လုံးများတွင် တဖြည်းဖြည်း အလင်းရောင် မှိန်ပျောက်သွားသည့် အိမ်တော်ထိန်းကို ထားရစ်ခဲ့ပြီး နေရာမှ ထွက်ခွာသွား၏။ အိမ်တော်ထိန်းသည် လည်မျိုလှီးဖြတ်ခံလိုက်ရပြီး သွေးများ သွင်သွင်စီးကျနေလျက် မြေပြင်ပေါ် ပြိုလဲကျသွားခဲ့သည်။ အိမ်တော်ထိန်းမှာ သေဆုံးသွားပြီဖြစ်၏။
…
“မြို့တံခါးဖွင့်ကြ!”
ချန်ကျဲ့တို့ မြို့ဂိတ်တံခါးသို့ ရောက်သောအခါ လင်းယုန်အစောင့်အရှောက်မှ အော်ပြောသည်။
ထိုအခါ စောင့်ကြည့်မျှော်စင်မှ အစောင့်ရဲမက်သည် ခေါင်းပြူထွက်လာ၏။
“ဘယ်သူလဲ”
“ငါးဖမ်းကုန်သည်အဖွဲ့က ကိစ္စရှိလို့”
လင်းယုန်အစောင့်အရှောက်မှ ပြန်ပြောသည်။ ထိုအခါ အစောင့်ရဲမက်မှ ပြော၏။
“ခဏစောင့်ပါ”
မကြာမီတွင် မြို့တံခါးသည် လူတစ်ယောက်၊ မြင်းတစ်ကိုယ်စာ သွားနိုင်ရုံမျှသော အရွယ်အစားခန့် ပွင့်ဟလာသည်။ မြို့တံခါးကို အပြည့်အဝဖွင့်ပေးခြင်းငှာ ခွင့်မပြုထားပေ။ အစောင့်ရဲမက်များသည် အနည်းငယ်မျှသာလျှင် ဖွင့်ပေးရဲ၏။
ချန်ကျဲ့တို့သည် တစ်ဦးချင်းစီ ဖြတ်သန်းသွားကြပြီးနောက် လင်းယုန်အစောင့်အရှောက်သည် မြို့တံခါးစောင့်ရဲမက်ကို ငွေနှစ်စ ပစ်ပေးလိုက်သည်။
ငွေမပေးဘဲနဲ့တော့ ဘယ်သူက ကူညီပါ့မလဲ။
ချန်ကျဲ့တို့အုပ်စုသည် မြို့ထဲသို့ဝင်ပြီးနောက် အချိန်မနှောင့်နှေးစေဘဲ ကျားဖြူခန်းမသို့ ချက်ချင်း ဦးတည်သွားကြသည်။
သူတို့ရောက်သောအခါ ကျိုးချူမှ အပြင်ထွက်လာပြီး ကြိုဆိုသည်။
“ကျန်းချွမ်ကို ဖမ်းမိခဲ့ပြီလား”
ချန်ကျဲ့ အိတ်တစ်လုံးကို ညွှန်ပြလိုက်သည်။ ကျိုးချူ အနားကပ်သွားကြည့်ရာ သွေးနံ့ရသဖြင့် အိတ်ကိုဖွင့်ကြည့်လိုက်ရာ ရုတ်ချည်း အံ့ဩထိတ်လန့်သွားခဲ့သည်။
“သေပြီလား”
ချန်ကျဲ့မှ ပြောသည်။
“အင်း မွေးစားအဖေ ဘယ်မှာလဲ”
ထိုစဉ် တံခါးပွင့်သွားပြီး ဖန်းရှစ်ကျုံး ရောက်လာသည်။ ဖန်းရှစ်ကျုံးမှ ချန်ကျဲ့ကိုကြည့်၍ ပြောသည်။
“အင်း လူကို အဲဒီမှာပဲ ထားခဲ့လိုက်။ မင်းတို့နှစ်ယောက် ပြန်သွားပြီး အနားယူကြတော့။ ကျန်တဲ့ကိစ္စတွေက မနက်ဖြန်အထိ စောင့်ဆိုင်းလို့ရတယ်”
ထိုအခါ ချန်ကျဲ့နှင့် ကျိုးချူတို့သည် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီးနောက် ပြောသည်။
“မွေးစားအဖေ ကျွန်တော်တို့ မွေးစားအဖေနဲ့ အတူနေပေးပါရစေ”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“ငါအဆင်ပြေတယ်။ မင်းတို့နှစ်ယောက် ပြန်လိုက်ကြပါ”
ဖန်းရှစ်ကျုံးကို ဖျောင်းဖျမရလေရာ သူတို့မှာ အရိုအသေပေး၍ ထွက်ခွာရန်သာ တတ်နိုင်ပေသည်။
“ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ်”
ထိုသို့ပြောပြီးနောက် သူတို့ ထွက်လာခဲ့ကြသည်။
သူတို့နှစ်ဦး ထွက်ခွာသွားသည်နှင့် ဖန်းရှစ်ကျုံးသည် အိတ်ထဲမှ အလောင်းကို ကြည့်လိုက်သည်။ မျက်လုံးမှိတ်လိုက်ချိန်တွင် မျက်ရည်နှစ်စက် ပါးပြင်ပေါ်သို့ စီးကျသွား၏။
ထို့နောက် တရားမှတ်နေသည့်အလား ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။
အနီးရှိ အစေခံများသည် ချဉ်းကပ်သွားလိုသော်ငြား မချဉ်းကပ်ရဲကြပေ။
ဖန်းရှစ်ကျုံးသည် ထိုသို့ တစ်ညလုံး ရပ်နေခဲ့သည်။
…
ထိုအချိန် ချန်ကျဲ့နှင့် ကျိုးချူတို့ ကျားဖြူခန်းမမှ ထွက်ခွာလာစဉ် ကျိုးချူမှ ပြောသည်။
“ဘာတွေဖြစ်ခဲ့တာလဲ။ မင်း ကျန်းချွမ်ကို သတ်ခဲ့တာလား”
ချန်ကျဲ့လည်း အမှန်တရားကို ဖုံးကွယ်မထားဘဲ ယနေ့ညတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအားလုံးကို ပြောပြလိုက်သည်။
“ဘာ ခေါင်းဆောင်နန်ရဲ့ဇနီးလား!”
“ခေါင်းဆောင်နန်၏ဇနီး”ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ကျိုးချူမှာ ထခုန်မိမတတ် ဖြစ်သွားတော့သည်။ အချိန်အတော်ကြာပြီးနောက်မှ ကျိုးချူသည် ဆက်ပြောလာသည်။
“ကျိုစစ် မင်း ဒီတစ်ကြိမ်တော့ အသက်တစ်ချောင်းကို သေချာကယ်တင်ခဲ့တာပဲ။ အကယ်၍များ ခေါင်းဆောင်နန်ရဲ့ဇနီးက မင်းရဲ့လှံရှည်ထိပ်ဖျားမှာ သေဆုံးသွားခဲ့ရင် မင်းရဲ့အသက်လေးကတော့ ကပ်ဘေးသင့်ပြီပဲ”
ချန်ကျဲ့မှ ပြောသည်။
“ငါ အဲဒီတုန်းက ၇၀ရာခိုင်နှုန်း သေချာခဲ့တယ်”
“၇၀ရာခိုင်နှုန်း? ဟား မင်းက တကယ်ရဲရင့်တာပဲ။ တခြားသူသာဆို ၈၀ရာခိုင်နှုန်း၊ မဟုတ်ဘူး တစ်ရာရာခိုင်နှုန်း သေချာနေရင်တောင် လှုပ်ရဲမှာ မဟုတ်ဘူး။ သခင်မဟွမ်က ခေါင်းဆောင်နန်အတွက် ဘယ်လိုလူမျိုးလဲဆိုတာ မင်းမသိဘူးလား”
“ဘာလဲ”
“သူ့လက်ဖဝါးထဲက ရတနာ၊ သူ့ရဲ့အသည်းအသက်ပဲ။ အဲဒါက ချဲ့ကားပြောတာ မဟုတ်ဘူးနော်”
“မျန့်ရွှေစီရင်စုမြို့မှာ အချမ်းသာဆုံးက ဘယ်သူလဲသိလား”
“အချမ်းသာဆုံးလား?”
ချန်ကျဲ့ အချိန်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။
“ရတနာတိုက်!”
“အဲဒါက ဘယ်သူပိုင်တဲ့လုပ်ငန်းလဲ”
ချန်ကျဲ့ ပြောလိုက်သည်။
“ငါမသိဘူး”
“ဟွမ်မိသားစုရဲ့လုပ်ငန်းကွ!”
“ခေါင်းဆောင်နန် သခင်မမိသားစုရဲ့ လုပ်ငန်းလား”
“အမှန်ပဲ”
“ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ သီးသန့်ဆားကုန်သွယ်မှုကို ဘယ်သူဦးစီးလဲ သိလား”
“ဟွမ်မိသားစုဝင် တစ်ယောက်ယောက်လား”
“ဟွမ်ယို့ရန်၊ သခင်မဟွမ်ရဲ့အစ်ကို”
“ပြီးတော့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ငွေချေးလုပ်ငန်း၊ တောင်မြို့က အထည်အလိပ်ဆိုင်၊ မြောက်မြို့က တည်းခိုအိမ်တွေ၊ အနောက်မြို့က ငွေထည်ဆိုင်တွေ၊ အရှေ့မြို့က လက်ဖက်ရည်ဆိုင်တွေ.. အဲဒါတွေအားလုံးက ဟွမ်မိသားစုရဲ့ လုပ်ငန်းတွေပဲ။ အဲဒီလုပ်ငန်းတွေအားလုံးကို ငါတို့ရဲ့ကုန်သည်အဖွဲ့ခေါင်းဆောင် နန်ပါးထျန်းက ကျောထောက်နောက်ခံအဖြစ် ပံ့ပိုးပေးထားတာ”
“ဟွမ်မိသားစုက မျန့်ရွှေစီရင်စုမြို့မှာ မထင်ရှားတဲ့ မိသားစုအသေးလေးဖြစ်ခဲ့တယ်ဆိုတာ မင်းသိလား။ ဟွမ်မိသားစုရဲ့ အိမ်ထောင်ဦးစီး၊ သခင်မဟွမ်ရဲ့အဖေ ဟွမ်ရှန့်ရွှမ်းက အရင်က လက်ဖက်ရည်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ခဲ့ပြီး သူတို့မိသားစုကလည်း လုံလုံလောက်လောက်နဲ့ သက်သောင့်သက်သာ နေထိုင်နိုင်ခဲ့တယ်။ အစားအသောက်နဲ့ အဝတ်အထည် ချို့တဲ့တယ်ဆိုတာလည်း မရှိခဲ့ဘူး”
“ဒါပေမဲ့ ခေါင်းဆောင်နန်နဲ့ သခင်မဟွမ်တို့ လက်ထပ်ပြီးနောက်မှာ ခေါင်းဆောင်နန်က ဟွမ်မိသားစုကို ရတနာတိုက်တစ်ခု လက်ဆောင်ပေးခဲ့ပြီး နောက်တော့ ဟွမ်မိသားစုဝင်တွေကို တိုးတက်စေခဲ့တယ်”
“ငါးဖမ်းကုန်သည်အဖွဲ့မှာဆို ဟွမ်မိသားစုကို ပထမတန်းစားမိသားစုလို့ သတ်မှတ်ရင် ဘယ်သူမှ ကိုယ့်ကိုယ်ကိုယ် ဒုတိယပါလို့ မသတ်မှတ်ရဲဘူး! အဲဒါကလည်း ခေါင်းဆောင်နန်ရဲ့ သခင်မအပေါ် တန်ဖိုးထားမှုကို ပြသနေတာပဲ”
“မဟုတ်ရင် ဟွမ်မိသားစုက လူတစ်ယောက်ရဲ့အောင်မြင်မှုအပေါ် မှီခိုရုံနဲ့ ဘယ်လိုလုပ်ပြီး ဒီလောက်အမြင့်အထိ တက်လှမ်းနိုင်ခဲ့ပါ့မလဲ”
“ပြီးတော့ ခေါင်းဆောင်နန်ရဲ့ သခင်မအပေါ် ကာကွယ်ပေးမှုက အကျိုးသင့်အကြောင်းသင့် မဟုတ်ဘူး။ တစ်ခေါက်တုန်းက တောင်မြို့က ဂိုဏ်းငယ်တစ်ခုရဲ့ ဂိုဏ်းခေါင်းဆောင်က သခင်မကို မတော်တဆ အပြစ်ပြုမိခဲ့တယ်။ နည်းနည်းလွန်ကြူးတဲ့ ကရော်ကမည်စကားတချို့ ပြောခဲ့ရုံပေမဲ့ ညတွင်းချင်းပဲ အမြစ်ဖြတ်ချေမှုန်းခံလိုက်ရတယ်။ လူ၃၇ယောက်မှာ တစ်ယောက်မှ အသက်ရှင်မကျန်ရစ်ခဲ့ဘူး။ မြေကြီးထဲက တီကောင်တောင်မှ တူးထုတ်ပြီး နှစ်ပိုင်းခုတ်ခံရတယ်”
ကျိုးချူသည် ကြောက်ရွံ့ဟန်စွက်လျက် ပြောပြသည်။ ထို့နောက် ချန်ကျဲ့မှ ပြန်ပြောသည်။
“မင်းပြောသလိုဆို သခင်မဟွမ်က တကယ် အန္တရာယ်များတာပဲ”
“အန္တရာယ်များတယ်? မင်းဒီနေ့ လက်မဝက်လောက်ပဲ လွဲချော်သွားပြီး သခင်မရဲ့မျက်နှာကို နည်းနည်းလောက်ပဲ ခြစ်မိသွားခဲ့ရင် မင်း အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်တော့ဘူး။ ငါ့သူငယ်ချင်းလေး မင်းတော့ အခုနေ ကြိုးတစ်ချောင်းနဲ့ တွဲလောင်းချိတ်ခံထားရလောက်ပြီ”
ထိုအခါ ချန်ကျဲ့ ပြောလိုက်သည်။
“အဲဒါက အတော်လေး စွန့်စားရာကျခဲ့ပါတယ်။ ဒါပေမဲ့ အခု အကုန်ပြီးသွားပြီလေ။ ငါလည်း အနာဂတ်မှာ ခေါင်းဆောင်နန်ရဲ့ဇနီးနဲ့ ပတ်သက်စရာ ဘာမှမရှိလောက်တော့ဘူး”
ထိုအခါ ကျိုးချူမှ ပြောသည်။
“မင်း အဲဒါကို အရမ်းကြီး သေချာမနေနဲ့ဦး။ တချို့ကိစ္စတွေက လုံးဝ မမျှော်လင့်ထားတာတွေ ဖြစ်လာတတ်တယ်”
ထို့နောက် ကျိုးချူမှ ဆက်ပြောသည်။
“အချိန်နောက်ကျနေပြီ။ ငါမင်းကို ဆက်ဆွဲမထားတော့ဘူး။ ငါလည်း ပြန်တော့မယ်”
“ဟုတ်သား မင်း အိမ်မြန်မြန်ပြန်သင့်တယ်။ မင်းရဲ့ဇနီးက စကားပါးထားတယ်။ သူ မင်းရဲ့မိတ်ဆွေဝူဟုန်နဲ့ ဦးလေးကျုံးတို့ကို အိမ်ကို ဖိတ်ထားတယ်။ အဲဒါကြောင့် မင်းအလုပ်ပြီးတာနဲ့ အိမ်ကို အမြန်ပြန်လာပါတဲ့”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“သေစမ်း မင်းဘာလို့ စောစောမပြောရတာလဲ။ ငါ ဦးလေးကျုံးနဲ့ ထမင်းတစ်နပ်လောက် အတူစားမယ်လို့ ကတိပေးထားခဲ့တာ။ မင်းနဲ့ မပြောတော့ဘူး။ ငါသွားပြီ”
ကျိုးချူမှ ပြောသည်။
“မင်းလည်း မေးမှ မမေးဘဲ”
သို့သော် ချန်ကျဲ့သည် မြင်းပေါ်ခုန်တက်၍ အိမ်သို့ အမြန်ဦးတည်သွားပြီဖြစ်သည်။
…
ထိုအချိန်၌ ချန်ကျဲ့၏ခြံဝင်းမှာ ဝင်ထွက်သွားလာသူများဖြင့် စည်ကားနေသည်။ ရံဖန်ရံခါတွင် ကလေးများ၏ ရယ်မောသံများကိုလည်း ကြားရ၏။
ချန်ကျဲ့တို့ခြံဝင်းအတွင်းရှိ စားပွဲတွင် ဝူကျုံးနှင့် ဝူဟုန်တို့ ထိုင်နေကြပြီး စူးယွင်ကျင်းနှင့် တတိယသခင်မလေးဟွားသည် သူတို့ကို အဖော်ပြုနေသည်။ မီးဖိုချောင်ထဲတွင်မူ တတိယသခင်မလေးဟွား၏ အလုပ်သမားများက လှုပ်လှုပ်ရှားရှား အလုပ်ရှုပ်နေကြပေသည်။