← Chapters

ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၄

Vol. 23 Ch. 311

ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၄

Vol. 23 Ch. 311

တတိယသခင်မလေးဟွား၏ အလုပ်သမားများသည် မီးဖိုချောင်ထဲတွင် ယောက်ယက်ခတ် အလုပ်များနေကြသည်။

ထို့ပြင် ဟင်းပွဲများ တည်ခင်းရန်အတွက် အထူးတာဝန်ယူထားရသည် အလုပ်သမားနှစ်ဦးလည်း ရှိသည်။

အချိန်တိုအတွင်း၌ ရိုးရှင်းသော ညစာစားပွဲသည် အမျိုးမျိုးသော အရည်အသွေးမြင့်ဟင်းလျာများဖြင့် ပြည့်နှက်သွားတော့သည်။

ညစာထမင်းဝိုင်း၏ ချဲ့ကားနေမှုကို မြင်သောအခါ ဝူကျုံးမှ ပြောသည်။

“‌ဒီလောက်ဆို တော်ပြီ ယွင်ကျင်း၊ တော်ပြီ။ ငါလည်း ထပ်မစားနိုင်တော့ဘူး။ ထပ်မချက်နဲ့တော့”

ထိုအခါ ဝူကျုံး၏ဘေးမှ တတိယသခင်မလေးဟွားမှ ပြောသည်။

“ဦးလေးက ‌ကျွန်မတို့ဆီ‌ နေ့တိုင်းလာနိုင်တာလည်း မဟုတ်တာကို ဘယ်လိုလုပ်ပြီး ကောင်းကောင်းမဧည့်ခံဘဲ ထားနိုင်ပါ့မလဲ။ ဦးလေး စိတ်ချပါ။ ယွင်ကျင်းနဲ့ သူ့ခင်ပွန်းတို့က ဒီ‌ရက်တွေမှာ ကောင်းကောင်းနေထိုင်ဖြတ်သန်းနေရပါတယ်။ ဦးလေး များများစားပေးရင် သူတို့လည်း ဝမ်းသာတာပေါ့။ ပုံမှန်ဆို သူတို့က ဦးလေးအပေါ် သိတတ်လိမ္မာမှုကို ပြသချင်ပေမဲ့ အခွင့်အရေးမရဘူးလေ ဟုတ်တယ်မလား”

စူးယွင်ကျင်းမှလည်း ပြောသည်။

“ဟုတ်တယ် ဦးလေးကျုံး၊ ရှန်းထောင်ရွာမှာတုန်းက ဦးလေးကျုံးနဲ့ အဒေါ်ပိုင်တို့က ကျွန်မကို စောင့်ရှောက်ပေးခဲ့ကြတာ။ အခု ဦးလေးကျုံး မြို့ကိုရောက်လာမှတော့ ကျွန်မတို့က ဘယ်လိုလုပ်ပြီး ဧည့်ဝတ်မကျေပွန်လို့ ဖြစ်မှာလဲ”

“ကျိုစစ်ကလည်း ကိစ္စတစ်ခုခုရှိလို့ ကြန့်ကြာနေရုံပါပဲ။ တကယ်တော့ ဒီစားပွဲကို သူ ဦးစီးဦးဆောင်လုပ်သင့်တာပါ။ အဲဒီအတွက်လည်း ကျွန်မ သူ့အစား တောင်းပန်ပါတယ်”

စူးယွင်ကျင်း သူမ၏ သေရည်ခွက်ကို မြှောက်လိုက်သည်။

ဝူကျုံးမှ ပြောသည်။

“ယွင်ကျင်း၊ မင်းတို့ဇနီးမောင်နှံမှာ စိတ်ကောင်းစေတနာရှိတာကို ငါခံစားနိုင်ပါတယ်။ အခု ကျိုစစ်က ကျားဖြူခန်းမတစ်ခုလုံးရဲ့ ကိစ္စအဝဝကို တာဝန်ယူထားရတာဆိုတော့ အရမ်းအလုပ်များနေတာပါ။ ငါတို့အားလုံး အဲဒါကို နားလည်ပါတယ်။ အပြစ်မတင်ပါဘူး။ ငါိတို့ကြားမှာ အဲဒီလိုယဉ်ကျေးမှုစည်းမျဉ်းတွေ ပြောနေဖို့လည်း မလိုအပ်ပါဘူး။ ပြီးတော့ မင်း ‌သေရည်သောက်ဖို့ မလိုပါဘူး”

ယွင်ကျင်းမှ ပြောသည်။

“ဒီသေရည်တစ်ခွက်က ကျွန်မရဲ့ခင်ပွန်းအစား သောက်တာပါ။ အဆင်ပြေပါတယ်။ လာ ဦးလေး၊ ကျွန်မ ဦးလေးကို တစ်ခွက်ဂါရဝပြုပါတယ်”

ဝူကျုံးမှာ အနည်းငယ် အခက်တွေ့ဟန်ဖြစ်နေသော်ငြား စူးယွင်ကျင်းသည် အလျှော့မပေးပေ။

အချိန်တစ်ခုမျှ သူတို့နှစ်ဦးမှာ မဆုတ်သာမတိုးသာဖြင့် ချောင်ပိတ်မိနေလေသည်။

ထိုစဉ် အပြင်ဘက်မှ မြင်းခွာသံများကို ကြားလိုက်ရသည်။

ထို့နောက် မြင်းခွာသံရပ်တန့်သွားပြီး ချန်ကျဲ့ မြင်းပေါ်မှ ဆင်းလာသည်။ တတိယသခင်မလေးဟွား၏ လက်အောက်ငယ်သားများသည် သွက်သွက်လက်လက်ရှိ၏။ ချန်ကျဲ့ ဝင်လာသည်နှင့် မြင်းဇက်ကြိုးကို သွားဆွဲပေးသည်။

သေရည်ခွက်ကိုင်ထားသည့် စူးယွင်ကျင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် စူးယွင်ကျင်းမှာ သူ့အစား တောင်းပန်သည့်အနေဖြင့် သေရည်သောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။

လူတစ်ယောက်ကို ထမင်းစားဖိတ်ထားပြီး စကားတစ်ခွန်းမဆိုလိုက်ရဘဲ အဆုံးသတ်သွားခြင်းအတွက် သေချာပေါက် တောင်းပန်ရန် လိုအပ်ပေသည်။

ချန်ကျဲ့ အမြန်လျှောက်သွားလိုက်ပြီး စူးယွင်ကျင်း၏လက်ကို အုပ်ကိုင်လိုက်ကာ သေရည်ခွက်ကို ဆွဲယူလိုက်ပြီး ပြောသည်။

“ဦးလေးကျုံး ကျွန်တော်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော် သေရည်သုံးခွက်သောက်လိုက်ပါ့မယ်”

စကားဆုံးသည်နှင့် ချန်ကျဲ့သည် သေရည်သုံးခွက်ကို လျင်မြန်စွာ သောက်သုံးလိုက်သည်။

ဝူကျုံးမှ ပြောသည်။

“ဘာလို့ အဲဒီလောက် အလျင်စလိုသောက်ရတာလဲ။ မင်းမှာ ကျားဖြူခန်းမတစ်ခုလုံးရဲ့ တာဝန်တွေကို မကြာသေးခင်ကမှ လွှဲပြောင်းယူထားရတာကြောင့် နှောင့်နှေးမှုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိတယ်ဆိုတာ ငါသိပါတယ်။ ငါ အမုန်းမထားပါဘူးကွာ။ မင်းတို့နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် တောင်းပန်နေကြတာ ငါက ဘယ်လိုလူဖြစ်သွားမလဲ”

ချန်ကျဲ့မှ ပြောသည်။

“တကယ့်ကို ကျွန်တော့်အမှားပါဗျာ။ ‌ကောင်းပြီ ကျွန်တော်တို့ ဒီအကြောင်း ဆက်မပြောတော့ဘူး။ သောက်ကြရအောင်”

ရှူး ရှူး~

ချန်ကျဲ့ ဝူဟုန်၏ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဝူဟုန်သည် ချန်ကျဲ့အနီးကပ်၍ အနံ့ခံရင်း ပြောလာသည်။

“မင်း လူသတ်ခဲ့တာလား”

“ဟား သစ္စာဖောက်တစ်ယောက်ကို ဖြေရှင်းခဲ့တာပါ”

ချန်ကျဲ့ သေရည်ခွက်ကို မြှောက်၍ ဝူကျုံးနှင့် ခွက်ချင်းတိုက်လိုက်သည်။

ဝူဟုန်လည်း ခွက်ဝင်တိုက်လိုက်ပြီး ပြောသည်။

“မင်းတို့ငါးဖမ်းကုန်သည်အဖွဲ့က ခု‌တလော အတော်လေး‌ မွှေနှောက်နေတယ်နော်။ အခုလောက်ဆို မင်းရဲ့လက်ထဲမှာ သေသွားတဲ့ သူဖုန်းစားဂိုဏ်းသားတွေ ၄၀၊၅၀လောက် ရှိပြီမဟုတ်လား”

ချန်ကျဲ့သည် ဝူဟုန်နှင့် အခြားသူများကို အဖော်ပြုပေးချိန်တွင် မျက်နှာထက်တွင် အပြုံးကို ထိန်းသိမ်းထား၏။ ချန်ကျဲ့ ပြန်ပြောသည်။

“ဒီနေ့ကိစ္စက သူဖုန်းစားဂိုဏ်းနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ယောက်က မိန်ဂိုဏ်းသူပုန်တွေနဲ့ ပူးပေါင်းနေတယ်လို့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က အမိန့်ရှိလာတယ်။ အဲဒီလူက တော်ဝင်တရားရုံးတော်ရဲ့ လက်အောက်က သံထည်တွေကို မှောင်ခိုရောင်းချပြီး ပုန်ကန်မှုကျူးလွန်ဖို့ ကြံစည်နေတယ်တဲ့”

“ဟမ် အဲဒီလောက်အထိ ရဲတင်းပြီး အဆင်အခြင်မဲ့တဲ့သူ ရှိသေးတာလား”

“ရှိတယ်”

ချန်ကျဲ့မှ အခိုင်အမာပြောဆိုရာ ဝူဟုန်မှ မေးမြန်းသည်။

“မင်းတို့ကျားဖြူခန်းမရဲ့လူလား”

ချန်ကျဲ့ လှောင်ပြုံးလိုက်ပြီး ပြန်ပြောသည်။

“ဟုတ်ပါတယ်။ ဒါပေမဲ့ သေချာပေါက် ကျားဖြူခန်းမတစ်ခုတည်းကတော့ မဖြစ်နိုင်ဘူး”

ဝူဟုန် မျက်လုံးမှေးကျဉ်းလိုက်၏။

အိမ်မှာ ‌ပိုးဟပ်တွေ့တဲ့အခါ ဘယ်တုန်းကများ တစ်ကောင်တည်းရှိနေတာ ဖြစ်ဖူးလို့လဲ။

ဝူဟုန်၏ မျက်နှာအမူအရာသည် မည်းမှောင်သွား၏။ ထို့နောက် မေးသည်။

“ဟမ့် သံသတ္တုတွင်းလုပ်ငန်းက အစကတည်းက ကုန်သည်အဖွဲ့တွေကို မအပ်နှံခဲ့သင့်တာပဲ။ သံသတ္တုက တိုင်းပြည်ရဲ့အသက်သွေးကြောပဲ။ ပေါ့ပြက်ပြက် မကိုင်တွယ်သင့်ဘူး”

ချန်ကျဲ့ ဝူဟုန်ကို ကြည့်လိုက်ပြီး ပြောသည်။

“ဒါဆို အစိုးရက စီမံခန့်ခွဲရင်ရော ဘာပြဿနာမှ မရှိနိုင်တော့ဘူးလား”

“မင်း ဘာအဓိပ္ပာယ်လဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော့်မှာ အပြစ်ပြုလိုစိတ် မရှိပါဘူး။ ဒါပေမဲ့ အစ်ကိုဝူက မျန့်ရွှေရဲ့သံသတ္တုတွင်းအားလုံးကို ကုန်သည်အဖွဲ့တွေက တာဝန်ယူထားတာလို့ ပြောလိုက်တာလား”

ဝူဟုန် : …

ထိုစဉ် ဦးလေးကျုံးမှ ကြားဝင်ပြောသည်။

“မင်းတို့ ဘာတွေပြောနေကြတာလဲ။ လာ သောက်ကြ၊ ဒီနေ့တော့ စိတ်မချမ်းမြေ့စရာအကြောင်းတွေ မပြောကြနဲ့တော့”

ချန်ကျဲ့နှင့် ဝူဟုန်သည် အပြန်အလှန်ကြည့်လိုက်ကြပြီးနောက် သေရည်ခွက်ကို ပင့်မြှောက်လိုက်ကြသည်။

“ကမ်းပေ့!”

…

ထိုစဉ် ဖုန်းရွှမ်၏နေအိမ်၌

ဖချိုက်သည် လက်တွင် ဓားကိုင်ဆွဲလျက် အပြင်မှ ပြန်လာသည်။ ထို့နောက် ဖုန်းရွှမ်‌အိမ်တော်၏အပြင်တွင် သေရည်ထိုင်သောက်နေသည့် စစ်ရှီး၏ ခေါ်ယူနှုတ်ဆက်ခံလိုက်ရ၏။

ဖချိုက်သည် အနည်းငယ် တွေဝေနေပြီးနောက် စစ်ရှီးကိုကြည့်၍ ပြောသည်။

“ငါ့ကိုစောင့်နေတာလား”

စစ်ရှီးသည် ဖချိုက်ကို တစ်ချက်မျက်လုံးလှန်ကြည့်၍ သေရည်တစ်အိုးကို ပစ်ပေးသည်။ ဖချိုက်သည် သေရည်အိုးကို ဖမ်းယူလိုက်သော်ငြား မသောက်ဘဲ ဘေးချလိုက်သည်။

“မသောက်ဘူးလား”

“တာဝန်မပြီးသေးရင် မသောက်ဘူး”

စစ်ရှီးမှ ပြောသည်။

“ဒါပေမဲ့ မင်း သူ့ကို သတ်ခဲ့ပြီးပြီလေ မဟုတ်ဘူးလား”

ဖချိုက်မှ ပြောသည်။

“သခင့်ကို ပြန်ပြီး မတင်ပြရသေးရင် တာဝန်မပြီးဆုံးသေးဘူး”

စစ်ရှီးမှ ဖချိုက်ကိုကြည့်လျက် မေးသည်။

“မင်း အမြဲတမ်း ဒီလိုလုပ်နေမှ ဖြစ်မှာလား။ နည်းနည်းလောက် ပြောင်းလဲလိုက်လို့ မရဘူးလား”

ဖချိုက်မှ ပြောသည်။

“တောင်းပန်တယ်”

စစ်ရှီးမှ ပြောသည်။

“မင်း မသောက်ဘူးဆိုလည်း ငါနဲ့ စကားပြောပေးမယ်မလား”

ဖချိုက်မှ ပြန်ပြောသည်။

“တာဝန်မပြီး‌ဆုံးခင်မှာ ကျိုးကြောင်းမဆီလျော်တဲ့သူတွေနဲ့ စကားမပြောဘူး”

စကားဆုံးသည်နှင့် ဖချိုက်သည် သေရည်အိုးကို စစ်ရှီးသို့ ပြန်ပစ်ပေးလိုက်သည်။

စစ်ရှီးလည်း ဖမ်းယူလိုက်ပြီး ဘေးချထားလိုက်သည်။ သူ၏မျက်နှာထက်တွင် ခပ်ထေ့ထေ့အပြုံးတစ်ခု ထင်ဟပ်နေလျက် ခေါင်းခါရမ်း၏။

“ကျန်းချွမ် သေပြီ”

စစ်ရှီး အော်ပြောလိုက်သည်။

ဖချိုက်မှ ပြောသည်။

“အွန်း”

“အခု ကျန်းချွမ်သေသွားပြီ‌ဆိုတော့ ခြိမ်းခြောက်မှုဖြစ်လောက်မယ့်အရာ ဘာမှမရှိတော့ဘူး”

“အွန်း”

“ဒါပေမဲ့ မင်း သူ့ကို သတ်လိုက်တုန်းပဲ”

“အင်း”

“မင်းငါ့ကို အဲ့စကားနှစ်လုံးထက် ပိုမပြောတတ်ဘူးလား”

စစ်ရှီး အော်ပြောလိုက်သည်။

“သွားပြီ”

ထိုသို့ပြောခဲ့ပြီး ဖချိုက်သည် ဖုန်းရွှမ်၏အိမ်တော်ထဲသို့ ဝင်သွားခဲ့သည်။ စစ်ရှီးသည် လမင်းကြီးကို မော့ကြည့်ရင်း မိမိကိုယ်ကိုယ် ရယ်မောနေမိ၏။

“ငါက အရေးမပါတဲ့လူတစ်ယောက်ပဲလေ၊ သူက ဘာလို့ ဂရုစိုက်နေမှာလဲ”

ဖချိုက်သည် အိမ်တော်ထဲ ဝင်ခဲ့ပြီးနောက် ဖုန်းရွှမ်၏ အိပ်ဆောင်အခန်းတံခါးဝသို့ သွား၍ တံခါးခေါက်သည်။

“ဝင်ခဲ့”

ဖုန်းရွှမ်သည် ကျန်းချွမ်၏ သေခြင်းရှင်ခြင်းသတင်းကို ကြားသိပြီးဖြစ်သောကြောင့် သူ၏စိတ်အခြေအနေသည် အလွန်တရာ ကောင်းမွန်နေသည်။ အရာအားလုံးသည် သူ၏အစီအစဉ်အတိုင်း ဖြစ်နေပါ၏။

ယခု၌ ကျန်းချွမ် သေဆုံးသွားပြီးဖြစ်ရာ သူ့တွင် ပြိုင်ပွဲဝင်တစ်ယောက် လျော့နည်းသွားပြီ ဖြစ်သည်။

အဲဒီအကြောင်းအရင်းက ပျော်ရွှင်ဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား။

သူ၏စိတ်အခြေအနေမှာ အလွန်သာယာနေသည်။

တံခါးခေါက်သံကြားသောအခါ ဖုန်းရွှမ် ဝင်ခွင့်ပြုလိုက်သည်။

All Chapters