ချန်ကျဲ့ : သခင်မ၊ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး_၅
Vol. 23 Ch. 312
ဖချိုက် အခန်းထဲသို့ဝင်ပြီးနောက် ပြောသည်။
“သခင် တာဝန်ပြီးဆုံးပါပြီ”
ထိုအခါ ဖုန်းရွှမ်သည် ပို၍ပင် စိတ်အခြေအနေကောင်းမွန်သွားတော့၏။ လျော့ရဲနိုင်သည့် အစွန်အဖျားများကို သေသေသပ်သပ် ချည်နှောင်ပြီးလေပြီ။ ယခုတွင် မည်သူစုံစမ်းစစ်ဆေးသည်ဖြစ်စေ ညီငယ်၂မှ အပြစ်ကျူးလွန်ခဲ့ပြီး ညီငယ်၅မှ အမှုဖြေရှင်းခဲ့သည်ဟုသာ ရှာဖွေတွေ့ရှိနိုင်ကြလိမ့်မည်။ သူကိုယ်တိုင်နှင့် ဘာမျှမသက်ဆိုင်ပေ။
ထိုသို့အတွေးဖြင့် ဖုန်းရွှမ်သည် အလွန်ရွှင်ပျလာခဲ့သည်။ တစ်ပါးသူ၏လက်ဖြင့် လက်စားချေခြင်း၊ လှည့်စားခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်းအမှုတို့ကို အမှန်တကယ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
“ကောင်းပြီ မင်းသွားနိုင်ပြီ”
ဖုန်းရွှမ်သည် ပျော်ရွှင်မှုကို ထိန်းချုပ်၍ ဖချိုက်ကို ထွက်သွားစေလိုက်သည်။ ထို့နောက် ခြုံစောင်ထဲ ခေါင်းမြှုပ်၍ အားရပါးရ ကျယ်လောင်စွာ အော်ဟစ်ရယ်မောတော့သည်။
ငါ အောင်မြင်သွားပြီ။ ငါ နောက်ဆုံးတော့ အောင်မြင်သွားပြီ– ငါ အနိုင်ရတုန်းပဲကွ ဟားဟားဟား… ငါအနိုင်ရတာ!
ဖုန်းရွှမ် ပျော်ရွှင်စွာ ရယ်မောသည်။
ဖုန်းရွှမ်အိမ်၏ အပြင်ဘက် ဉယျာဉ်နံရံထိပ်၌
“ဟေး”
စစ်ရှီးသည် သေရည်သောက်ရင်း ဥယျာဉ်နံရံထိပ်တွင် ဓားတစ်လက်ဖြင့် ရပ်နေသည့် ဖချိုက်ကို ကြည့်နေသည်။
“ဘာလဲ”
“သောက်ကြမယ်”
“ဆင်းလာခဲ့”
စစ်ရှီး လက်ဟန်ပြလိုက်ရာ ဖချိုက် ခုန်ချလိုက်သည်။ စစ်ရှီး ဖချိုက်ကို သေရည်တစ်အိုး ပေးလိုက်သည်။
ဖချိုက် သေရည်တစ်ငုံသောက်လိုက်ပြီး ပြောသည်။
“မင်း စိတ်အခြေအနေမကောင်းဘူးလား”
“အရမ်းကြီးမဆိုးပါဘူး။ နည်းနည်း စိတ်မကောင်းဖြစ်နေရုံပါပဲ”
စစ်ရှီး သေရည်တစ်ငုံသောက်လိုက်သည်။ ဖချိုက်လည်း သူ့ကို အဖော်ပြုသောက်ပေးရင်း မေးသည်။
“ဘာလို့ စိတ်မကောင်းဖြစ်တာလဲ”
“လောင်ကျိုး… လောင်ကျိုးက ဒီရွှံ့နွံတောထဲကနေ ဖယ်ခွာသွားသင့်တာ။ သူ ငါ့အတွက် ကျန်းချွမ်ဆီမှာ သူလျှိုသွားလုပ်ပေးတုန်းက သူ့ဇနီးက ပဲနီလေးကို မွေးခါစပဲ ရှိသေးတာ”
“သူ ၅နှစ်လုံးလုံး သူ့အိမ်ကို ဖြတ်သွားရပေမဲ့ တစ်ခါမှ မဝင်ရဲခဲ့ဘူး။ တစ်ခါတုန်းက လမ်းပေါ်မှာ ပဲနီလေးနဲ့ တွေ့တော့ ပဲနီလေးက လောင်ကျိုးကို ရပ်ကြည့်နေတာ။ ကြည့်ရတာ ဒီဦးလေးကြီးက ရင်းနှီးနေသလိုပဲလို့ တွေးနေတာဖြစ်လောက်မယ်၊ ပဲနီလေးက လောင်ကျိုးအနားကပ်လာပြီး မေးတယ်လေ ‘ဦးလေး ဦးလေးက လူလာရှာတာလား’တဲ့”
“လောင်ကျိုးမှာ မဖြေရဲလို့ ဒီတိုင်း ဖြတ်သွားတာပါလို့ ပြောခဲ့ရတယ်”
“အဲဒီတုန်းက ပဲနီလေးက အရမ်းစိတ်ပျက်သွားတဲ့ပုံနဲ့ လောင်ကျိုးကို ပြောခဲ့တယ်တဲ့ ‘သားက ဦးလေး လူလာရှာတယ်ထင်နေတာ။ တစ်နေ့နေ့ကျ ဖေဖေက သားတို့ကို လာရှာမယ်လို့ မေမေက ပြောထားလို့ ဦးလေးကို သားရဲ့ဖေဖေလို့ ထင်လိုက်တာ၊ သားကို လာရှာတာလို့ ထင်လိုက်တာ'တဲ့”
စစ်ရှီးမှ ခါးသီးစွာ ပြောသည်။
“လောင်ကျိုး ငါ့ကို ဒီအကြောင်းပြောပြတုန်းက သူ မျက်ရည်ကျနေခဲ့တာ။ ငါသူ့ရဲ့ စိတ်ပျက်အားငယ်မှုတွေ၊ နာကျင်မှုတွေကို ခံစားမိတယ်။ သူ့သားက သူ့မျက်စိရှေ့မှာ ရှိနေတာကို အသိအမှတ်မပြုနိုင်တဲ့အပြင် စကားတောင် များများမပြောရဲဘူး။ ဒါက ဘယ်လိုနာကျင်မှုမျိုးလဲ”
“မင်း ဒီခံစားချက်ကို နားလည်ရဲ့လား”
စစ်ရှီးသည် မျက်နှာအမူအရာကင်းမဲ့နေသည့် ဖချိုက်ကို ကြည့်လိုက်ပြီး သေရည်တစ်ငုံ ထပ်သောက်လိုက်သည်။
“မင်းနားမလည်နိုင်ဘူး။ မင်းက နှလုံးသားမရှိတဲ့ သစ်သားတုံးကြီးပဲ”
ဖချိုက်သည် မျက်နှာအမူအရာကင်းမဲ့နေဆဲပင်။
စစ်ရှီးမှ ဆက်ပြောသည်။
“ငါ လောင်ကျိုးကို နောက်ဆုံးအကြိမ်တွေ့တုန်းက သူပြောခဲ့တာ သူနောက်ဆုံးတော့ အခြေချနိုင်တော့မယ်တဲ့။ ဒီတာဝန်ပြီးဆုံးတာနဲ့ သူ့မိသားစုနဲ့အတူ ကျေးလက်ဒေသမှာ ပြောင်းရွှေ့နေမယ်။ အုပ်ကြွပ်မိုးအိမ်လေးဆောက်ပြီး အသီးအရွက်စိုက်ခင်းလေး စိုက်ပြီး ခြံတံတိုင်းနားမှာ သစ်သီးပင်တွေ စိုက်မယ်။ နွေရာသီမှာ အကိုင်းအခက်နဲ့ အရွက်တွေ စိမ်းလန်းသန်စွမ်းတဲ့အခါ ကြိမ်ကုလားထိုင်နှစ်ခုံထားမယ်- တစ်ခုံက အသေး၊ တစ်ခုံက အကြီး– အဲဒီမှာ သူ့သားလေးနဲ့အတူ လှဲပြီး သားကို ပုံပြင်တွေ ပြောပြမယ်တဲ့လေ။ အဲဒီလိုဘဝမျိုးက ဘယ်လောက်တောင် လှပနေလိမ့်မလဲ”
“ငါသူ့ကို ငါမင်းဆီ သစ်သီးတွေ လာတောင်းမှာမို့လို့ မင်းကပ်စေးမနဲတာ ကောင်းလိမ့်မယ်လို့တောင် ပြောခဲ့သေးတာ!”
“ဒါပေမဲ့ တာဝန်က ပြီးဆုံးသွားပြီလေ။ ဘာလို့ သူ့ကိုသတ်ရတာလဲ။ ဘာလို့လဲ။ ငါနားမလည်ဘူး ငါဘယ်လိုမှ နားမလည်ဘူး!”
“သူက လျှို့ဝှက်ချက်တွေ အများကြီးကို သိထားတယ်”
နောက်ဆုံးတော့ ဖချိုက် စကားပြောလာသည်။
“ဒါပေမဲ့ သူက ကျေးလက်ဘက်ကိုသွားပြီး အငြိမ်းစားယူနေဖို့ အသင့်ဖြစ်နေပြီလေ။ သူ ပုန်းနေလို့ရတယ်”
“သူ့ကို ရှာတွေ့သွားနိုင်ခြေရှိသေးတယ်။ ဖြစ်နိုင်ခြေမှန်သမျှကို ဖယ်ထုတ်ပစ်ရမယ်”
ဖချိုက်သည် အသက်တစ်ချောင်းမှာ သူ့အတွက် ဘာမှမဟုတ်သည့်အလား အရေးမထားဟန် ပြောသည်။
ထိုအခါ စစ်ရှီးသည် ဖချိုက်ကိုကြည့်လိုက်ပြီး ပြောသည်။
“ဒါဆို မင်းနဲ့ငါလည်း လျှို့ဝှက်ချက်တွေ အများကြီးကို သိထားတာပဲလေ။ ငါတို့ရော သေသင့်တာပဲလား”
ဖချိုက် စစ်ရှီးကို ကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင် အံ့ဩမှုတစ်စ ဖြတ်ပြေးသွား၏။ သို့သော် အလွန်လျင်မြန်စွာပင် မျက်နှာအမူအရာကင်းမဲ့သွားပြန်သည်။
“လိုအပ်ခဲ့ရင်တော့ သေရမှာပေါ့!”
ဟင်?
စစ်ရှီး ဖချိုက်ကို ကြည့်လိုက်သည်။
“အဲဒီတော့ လူတစ်ယောက်အတွက်နဲ့ တခြားလူတွေအားလုံးကို စွန့်လွှတ်အနစ်နာခံခိုင်းလို့ ရတယ်ပေါ့ ဟုတ်လား”
ဖချိုက် စစ်ရှီးကို ကြည့်နေခဲ့သည်။ ထို့နောက် ပြောသည်။
“စစ်ရှီး ငါတို့နှစ်ယောက်စလုံးကို သခင်က ဒုက္ခသည်စခန်းကနေ ခေါ်လာပေးခဲ့တယ်ဆိုတာကို သတိရပါ။ သခင်သာ မရှိခဲ့ရင် ငါတို့သေသွားခဲ့တာကြာပြီ။ ငါတို့ ဒီနေ့အသက်ရှင်နေနိုင်တာက သခင့်ရဲ့ ပြုစုပျိုးထောင်ပေးမှုကြောင့်ပဲ။ အဲဒါကြောင့် ငါတို့ သခင့်အတွက် အသက်ပေးဖို့ အသင့်ဖြစ်နေရမယ်”
စစ်ရှီးမှ ပြန်ပြောသည်။
“ကျန်းချွမ်ကိုလည်း ခန်းမအရှင်သခင် ဒုက္ခသည်စခန်းကနေ ခေါ်လာပေးခဲ့တဲ့သူပဲ။ သူကရော ဘာလို့ ခန်းမအရှင်သခင်ရဲ့အမိန့်ကို မနာခံဘဲ နေပါ့မလဲ”
ဖချိုက်မှ ပြောသည်။
“သူ မလုပ်ခဲ့ပါဘူး။ ကျန်းချွမ်က ဒီတစ်လျှောက်လုံးမှာ သံသတ္တုတွေ မှောင်ခိုရောင်းချရုံပဲ ရှိခဲ့တာ၊ ခန်းမအရှင်သခင်အပေါ် တစ်ခါမှ အမှားမလုပ်ခဲ့ဖူးဘူး။ ပြီးတော့ သူ သံသတ္တုမှောင်ခိုရောင်းချတဲ့ အတိုင်းအတာကလည်း ခန်းမအရှင်သခင်ရဲ့ အလေးပေးမှုကို ရဖို့အတွက် မတည်ငွေအဖြစ် အသုံးပြုခဲ့ရုံလောက်ပဲ”
“သခင်ကလည်း ခန်းမအရှင်သခင်ပေါ် ဘယ်တုန်းကမှ မတရားမဆက်ဆံခဲ့ဖူးဘူး! သခင်က ခန်းမအရှင်သခင်ကို အထက်လူကြီးတစ်ယောက်၊ အဖေတစ်ယောက်အဖြစ် အမြဲ ဆက်ဆံခဲ့တာပဲ”
စစ်ရှီး ဖချိုက်ကို ကြည့်လိုက်သည်။
“မင်းက အသက်တစ်ရှိုက်တည်းနဲ့ စကားတွေအများကြီး ဆက်တိုက်ပြောနိုင်တာပဲ ဟားဟားဟား…”
ဖချိုက် စစ်ရှီးကို ကြည့်လိုက်ပြီး ပြောသည်။
“စိတ်ဝင်စားဖို့မကောင်းဘူး–”
စစ်ရှီးသည် ကောင်းကင်ထက်ရှိ ကြယ်နှင့် လတို့ကို ကြည့်နေသည်။
“အထက်လူကြီးလို အဖေလို အထက်လူကြီးလို အဖေလို…”
ထို့နောက် စစ်ရှီးသည် သေရည်အိုးကို ပိုက်ကာ ဖုန်းရွှမ်အိမ်တော် ခြင်္သေ့ကျောက်ရုပ်ကြီးကို မှီ၍ အိပ်ပျော်သွားတော့သည်။
စစ်ရှီး အိပ်ပျော်သွားသောအခါ ဖချိုက်သည် စစ်ရှီးကို သယ်ရန် လက်ဆန့်ထုတ်လိုက်သည်။
“မသောက်နိုင်ဘဲနဲ့ အတင်းသောက်ချင်နေသေးတယ်”
…
အဟွတ် အဟွတ် အဟွတ်…
“ခန်းမအရှင်သခင် ထပ်သောက်လို့ မဖြစ်တော့ပါဘူး တော်လိုက်ပါတော့”
ဖန်းရှစ်ကျုံးသည် ခြံဝင်းထဲတွင် သေရည်တစ်ပုလင်းကိုင်၍ ကျန်းချွမ်ကို ကြည့်နေသည်။ သူသည် သေရည်အမြောက်အများ သောက်သုံးထား၏။
ဖန့်ဖူသည် အပြင်မှ ပြန်ရောက်လာသည်နှင့် ချက်ချင်း ဖန်းရှစ်ကျုံး၏လက်ထဲမှ သေရည်အိုးကို လုယူရန် ကြိုးပမ်း၏။
သို့သော် ဖန်းရှစ်ကျုံးသည် သေရည်အိုးကို လက်မလွှတ်ပေ။
ဖန့်ဖူလည်း ကူကယ်ရာမဲ့စွာဖြင့် ဘေးဖယ်ရပ်လိုက်ရသည်။ ဖန်းရှစ်ကျုံးမှ ပြောသည်။
“အားဖူ ငါတို့ ဒီကောင်လေးကို ပထမဆုံးအကြိမ်တွေ့တဲ့အချိန်ကို မှတ်မိသေးလား”
ဖန့်ဖူ တန့်သွားပြီး ဖန်းရှစ်ကျုံးကို ကြည့်လိုက်သည်။ ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။
“ဒီကလေးက အသားပေါက်စီတစ်လုံးအတွက် လေလွင့်ခွေးတစ်ကောင်နဲ့ တိုက်ခိုက်နေခဲ့တာ”
“ဟုတ်ပါတယ်။ အဲဒီတုန်းက သူက အရမ်းအရိုင်းဆန်ခဲ့တာ။ ကျွန်တော်တို့ သူ့အနားကပ်လာတာ မြင်တော့ ကျွန်တော်တို့ကိုလည်း သူ့ပေါက်စီကို လုဖို့ သူ့အနားလာတယ်လို့ ထင်သွားသေးတာလေ ဟူး… မျက်တောင်တစ်ခတ်အတွင်း ဆယ်စုနှစ်တစ်ခုကျော် ကုန်သွားခဲ့ပြီပဲ”
ဖန့်ဖူမှ ပြောသည်။
“ဒီကလေးက ဉာဏ်ကောင်းတယ်။ အဲဒီတုန်းက ဖုန်းရွှမ်က သိုင်းပညာကို စပြီးသင်ယူနေပြီ။ အဲဒါနဲ့ သူလည်း သင်ချင်တယ်လို့ ဆူပူတောင်းဆိုခဲ့ပြီး အရမ်း ကြိုးစားလေ့ကျင့်ခဲ့တာ။ ဖုန်းရွှမ် ၅နာရီလေ့ကျင့်ရင် သူက ၆နာရီလေ့ကျင့်တယ်။ ဖုန်းရွှမ် ၆နာရီလေ့ကျင့်ရင် သူက ၇နာရီလေ့ကျင့်တယ်။ တစ်ခါတလေဆို အိပ်ဖို့ မေ့တဲ့အထိပဲ”
ဖန့်ဖူမှ ပြောသည်။
“ဟုတ်ပါတယ်။ အဲဒီတုန်းက သခင်၂က သူ့ကိုယ်သူ အရမ်းတွန်းအားပေးခဲ့တာ အမှန်ပါပဲ”